CNI News

၂၀၂၄ ခုနှစ်၊ မေလ ၃

နစကမှ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ကို ရပ်ဆိုင်းလိုက်ရခြင်းသည့် မည်သည့်အရေးကိစ္စများကြောင့် ဖြစ်နိုင်သလဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် လူငယ်များကြား မေးခွန်းထုတ်လျက်ရှိနေသည်။

အမျိုးသားများ ပြည်ပကို တရားဝင်ထွက်ခွာပြီး အလုပ်လုပ်ကိုင်ခွင့်ကို ရပ်ဆိုင်းကြောင်း နစကမှ မီဒီယာများထံ  တရားဝင်ထုတ်ဖော် ပြောကြားခဲ့သည်။

ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် ရပ်ဆိုင်းခြင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှု၊ နယ်မြေမတည်ငြိမ်မှုများနှင့် ဆက်စပ်နိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကတော့ အကြောင်းအမျိုးမျိုးတော့ ရှိနိုင်ပါတယ်၊ ရှိနိုင်ပါတယ်ဆိုတာက လက်ရှိမှာ ကျနော်တို့က ပြောရလို့ရှိရင်တော့ စစ်မှုထမ်းဥပဒေကိုလည်း ရှောင်တဲ့လူတွေများတယ်လေ၊ နောက်မှ မင်းတို့ ပြန်အမှုထမ်း ရမယ်ဆိုတာ အပ(သာ)ထား လက်ရှိမှာတော့ လူတွေက မရှိလို့ရှိရင် ပြီးတာပဲဆိုပြီးတော့ ရှောင်တဲ့သဘော ပေါ့နော်၊ ဒုတိယတစ်ချက်က အလုပ်အကိုင် အခွင့်အလမ်းပေါ့၊ တတိယအချက်ကတော့ နယ်မြေမငြိမ်းချမ်းမှုပေါ့၊ အခုကျနော်တို့ မုံရွာ၊ ပုလဲဖက်ကလူတွေဆိုရင် တချို့တော်တော်များများ အကြောင်းအမျိုးမျိုးကြောင့် ပြောရလို့ရှိ ရင်တော့ NLD မထောက်ခံတဲ့ လူတွေပေါ့နော်၊ သူတို့ရွာမှာ အခုသူတို့ နေလို့မရတော့ဘူး။ ရွာကို ပြန်ပြီး အလည် လာမယ်၊ မန္တလေးမှာ ရွေ့နေပြီးတော့ အလည်ခဏလာမယ်ဆိုရင် တစ်သိန်းခွဲ တောင်းတယ်ပေါ့၊ မြိုင်နဲ့ ပုလဲအစပ် ပေါ့နော်၊ ဒေသန္တရ PDF တွေက တောင်းတာ၊ ရွာက PDF တွေက တောင်းတာ တစ်သိန်း၊ တစ်သိန်းခွဲတောင်းတာ၊ ပြီးလို့ရှိရင် လစဉ်အခွန်ဆောင်ရတယ်၊ တစ်လကို အနည်းဆုံး ၃ သောင်းဆောင်ရတယ်၊ ကျန်တဲ့အာမခံချက်လည်း ဘာမှမရှိဘူး။ ဒီလိုပဲ တည့်အောင်နေရတယ်ဆိုတော့ အဲဒီမှာ တော်တော်များများက မပြန်ကြဘူးပေါ့နော်၊ အဲဒီ တော့ နယ်မြေမအေးချမ်းမှု ဒီဒုက္ခတွေကြောင့်ပါတယ်၊ နောက်တစ်ခုကတော့ စစ်မှုထမ်းဥပဒေကို ရှောင်ချင်တဲ့သူ ကြောင့်ပါတယ်၊ အဓိကအချက်ကတော့ အဲဒီနှစ်ချက်၊ သုံးချက်ပါပဲ” ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်ဥပဒေအရ စစ်သင်တန်းတက်ရောက်နေကြစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အပြောင်းအလဲများကြောင့် လူငယ်အများအပြား နေရပ်စွန့်ကာ ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကိုင်ခဲ့ကြသည်။

ထို့နောက် နစကမှ ပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်သူလူထုအကြား စိုးရိမ်မှု မြင့်တက် လာပြီး တရားဝင် လမ်းကြောင်းသာမကဘဲ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိ နေသည်။

နစကမှ ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ ပြည်ပသို့ သွားရောက်မှု မြင့်တက် ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြည်ပအလုပ်လုပ်ကိုင်ခွင့် ရပ်ဆိုင်းခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါက ရုရှားမှာ ဖြစ်ပြီးပြီလေ၊ ရုရှားမှာ အဲဒီလိုပဲ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တာ အကုန်ထွက်ပြေးတာ၊ တစ်နေ့ကို လူသိန်းနဲ့ ချီထွက်ပြေးတာ သိန်းဂဏန်း ထွက်ပြေးတာ နယ်စပ်မှာ ကားတန်းကြီးတွေနဲ့ လူတန်းကြီး တွေနဲ့ အရှည်ကြီး ရုရှားအစိုးရကတော့ မင်းတို့ ပြေးစမ်း ပြေးစမ်း မနေနဲ့တော့ သွားကြ မျိုးချစ်စိတ်မရှိတဲ့ကောင် တွေလို့ ဒါပေမဲ့ နှစ်ပတ်လောက်လည်း ကြာရော လူငယ်အင်အားက ကုန်သလိုဖြစ်လည်း လာရော ဘယ်သူမှ မထွက်ရလို့ အမိန့်ထုတ်ချလိုက်တာပဲ၊ အခုလည်း ဒီလိုပဲလေ သွားကြလေ ရီတောင်ရီချင်သေးတယ်၊ ငါ့မှာပေါ့လို့ မိန်းကလေးအင်အားက ၇.၆ သန်း၊ ယောကျာ်းလေးက ၆ သန်း ၁၄ သန်းလောက်ရှိတယ် အခုလည်းကြတော့ အကုန်ထွက်ပြေးကုန်တော့ တစ်လကို ၅၀၀၀ ခေါ်တာ မပြည့်တော့ဘူး။ စစ်မှုထမ်းကို မဟုတ်တော့ဘူး။ အတင်း လိုက်ဆွဲ၊ အိမ်ပေါ်တက်ဆွဲ အဲဒီလို အဆင့်ရောက်သွားပြီ လမ်းတွေ့ဖမ်း ပေါ်တာဆွဲ အဲဒီလိုဖြစ်သွားပြီ နောက်ဆုံး လည်းကျရော ဘယ်လိုမှ မရတော့ဘူး။ မထွက်တော့နဲ့ဆိုပြီး ရုရှားလို ဖြစ်တော့တာပဲ။ ရုရှားကတော့ ယူကရိန်းနဲ့ ဖြစ်လို့ တစ်မျိုးပေါ့ကွာ၊ တို့ကြတော့ ကိုယ့်ပြည်သူပြည်သား အချင်းချင်း ပြန်တိုက်ရမယ့် စစ်ပွဲကြတော့ ဘယ်သူ က တိုက်ချင်မှာလဲ၊ သေတာများတယ်လေ” ဟု ပြောသည်။

 ပြည်သူ့စစ်မှုထမ်ဥပဒေအရ စစ်သင်တန်းတက်ရောက်နေကြစဉ်

နစကသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ဧပြီလက စတင်ကာ စစ်မှုထမ်းရန် လူအင်အား ၅၀၀၀ ကို စုဆောင်းခဲ့ရာ ၅၀၀၀ ကျော်အထိ စုဆောင်းရရှိခဲ့ပြီး စစ်သင်တန်းများ ပေးလျက်ရှိနေသည်။

ပြည်တွင်းမှာ ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံရေး သဘောထားကွဲလွဲမှု၊ အလုပ်အကိုင်ရှားပါးမှု၊ အခြေခံလုပ်ခလစာ နည်းပါးမှုများကြောင့် လူငယ်အများအပြား ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်နေ ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လူသားအရင်းအမြစ်ရှားပါးမှု ပြဿနာများ ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ထောက်ပြထားသည်။