CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ ဖြစ်စဉ်အတွင်း မိမိတို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါဝင် ပတ်သက်ခြင်း မရှိကြောင်း ALP မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က CNI သတင်းဌာနသို့ ပြော သည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့က စစ်တွေအခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ်အင်အားများ၊ ALP တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာ့တပ်မတော် က သင်တန်းပေးထားသော မူဆလင်တပ်ဖွဲ့ဝင်များ ပါဝင်သော အင်အား ၁၇၀ ခန့်က ဗျိုင်းဖြူရွာကို ဝိုင်းရံ ပိတ်ဆို့ကာ ရွာသူ/ရွာသားများအား ညှဉ်းပန်းခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ ကြောင်း ဇွန်လ ၂ ရက်နေ့မှာ AA က ထုတ်ပြန်ခဲ့သည်။

ALP ရဲဘော်များအနေဖြင့် ဗဟို၏ ထိန်းချုပ်မှု‌အောက်တွင်ရှိနေပြီး အဝင်/အထွက် စာရင်းများလည်း အတိအကျ ရှိနေကြောင်း၊ ၎င်းကိစ္စအတွင်း ပါဝင်ပတ်သက်မှု မရှိကြောင်း ALP အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “ဗျိုင်းဖြူဖက်မှာ တပ်မတော်နဲ့ စစ်ဆေးရေးတွေ ဘာတွေလုပ်နေတာ ကျနော်တို့က သိတယ်။ ဒါပေမဲ့ အခုဖြစ်သွားတဲ့ ဒီလောက်အထိ သေဆုံးမှုတွေဆိုတဲ့ စာရင်းတွေက ကျနော်တို့ ပါဝင်ပတ်သက်မှု လုံးဝမရှိဘူး။ ပြီးသွားတော့ အဲဒီလောက်အထိလည်း မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ချဲ့ကားပြီးတော့ ပြောဆိုနေတဲ့ အနေအထားတွေပဲလို့ ကျနော်တော့ ပြောချင်တယ်၊ ဘာလို့ဆိုတော့ ကျနော်တို့ ရဲဘော်တွေက ဗဟိုရဲ့ ထိန်းချုပ်မှု အောက်မှာ အပြည့်အဝရှိတယ်၊ အကုန်လုံး တပ်ခွဲတွေ၊ တပ်ရင်းတွေ၊ တပ်စိတ်တွေ အကုန်လုံး လူစာရင်းတွေ ကအစ အဝင်/အထွက် စာရင်းတွေကအစ ကျနော်တို့က အတိအကျ ကိုင်တွယ်ထားတာ ဖြစ်တယ်။ အဲဒီတော့ ဒီကိစ္စမှာ ကျနော်တို့ ရဲ့ဘော်တွေ လုံးဝ ပါဝင်ပတ်သက်မှု မရှိဘူးဆိုတာတော့ ကျနော်တို့ဘက်က အခိုင်အမာ ပြောနိုင်ပါတယ်။ ဒါက နိုင်ငံရေးအရ သက်သက် အမြတ်ထုတ်တဲ့ အခြေအနေတစ်ခုလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၉  ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ လေးရက်အတွင်း ဗျိုင်းဖြူကျေးရွာ ဖြစ်စဉ်အတွင်း မတရားဖမ်းဆီး သတ်ဖြတ်ခံရသူ အရေအတွက်မှာ ၇၆ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ယနေ့ (ဇွန်လ ၄ ရက်)တွင် AA က ထပ်မံထုတ်ပြန်ခဲ့သည်။

ဗျိုင်းဖြူရွာဖြစ်စဉ်နှင့် ပတ်သက်၍ စိစစ်နေကြောင်း၊ ဘက်လိုက်မှုမရှိဘဲ စစ်ဆေးဖော်ထုတ်ရန် ဆောင်ရွက်နေ ကြောင်း ဗိုလ်မှူးခိုင်သူရိန်က CNI သတင်းဌာနသို့ ပြောသည်။

ALP တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “ဗျိုင်းဖြူရွာနဲ့ ပတ်သက်တဲ့ ကိစ္စမှာ အသေအပျောက်စာရင်း မှန်ကန်မှု ရှိ/မရှိပေါ့၊ အဲဒါကို ကျနော်တို့ ဖက်ကနေပြီးတော့ အကုန်လုံး သေချာစာရင်းပြုစု စာရင်းပြုစုနေတယ်ပေါ့နော်၊ ပြန်စိစစ်မယ်ပေါ့၊ ဒါတွေကို ကျနော်တို့ဖက်ကနေပြီးတော့ ဘက်လိုက်မှု မရှိဘဲနဲ့ သေချာစစ်ဆေး ဖော်ထုတ်သွားဖို့ ဆောင်ရွက်နေပါတယ်ဗျ။ နစ်နာသူတွေအတွက် ကျနော်တို့ဖက်က အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးဖို့တော့ အစီအစဉ်တွေရှိပါတယ်။ လောလောဆယ်ကြတော့လေ မြေပြင်အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်ရမယ့် အချက်အလက်တွေ ရှိတဲ့ အတွက်မို့လို့ ကြိုတင်ပြောဖို့တော့ အခက်အခဲရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျနော်တို့ဖက်က အမှန်တရား   အတိုင်း ဖြစ်အောင် ဆောင်ရွက်ပေးမှာပါ။ အမှန်တရားအတိုင်း တကယ်ကို အရပ်သားပြည်သူ ထိခိုက်နစ်နာမှု မှန်ကန်ခဲ့တယ်ဆိုရင် ကျနော်တို့ဖက်က ကူညီဆောင်ရွက်ပေးမယ့်အရာတွေ အကုန်လုံး လုပ်ပေးမှာပါ” ဟု ပြောသည်။

ဗျိုင်းဖြူရွာဖြစ်စဉ်တွင် စစ်ရာဇဝတ်မှု ကျူးလွန်ရန် ညွှန်ကြား အမိန့်ပေး စေခိုင်းသူနှင့် ညွှန်ကြားချက်ကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြန်မာ့တပ်မတော်၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်သူများ အားလုံးကို ပြင်းထန်စွာ လက်စားချေ တုန့်ပြန်မည်ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။