CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲများဖြစ်ပွားကာ စစ်စခန်းတချို့ကို KIA/PDF က သိမ်းပိုက်ခဲ့ပြီး ဒေသခံများ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်တွင် KIA/PDF ပူးပေါင်းတပ်ဖွဲ့က အင်းတော်ကြီးဒေသကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ပြီး ညောင်ပင်ကျေးရွာ၊ ချောင်းဝကျေးရွာကို သိမ်းပိုက်ထားကြောင်း သိရသည်။

ထို့နောက် နှစ်ဖက်စစ်ရေး တင်းမာနေခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်လိုသော်လည်း ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထွက်ချင်ကြတယ်၊ ဟိုပင်၊ မိုးညှင်းဖက်ကိုတွေ ထွက်ချင်ကြတယ်၊ မနေ့ကလည်း မထွက်နိုင်ကြဘူး။ လမ်းက တစ်ဝက်ပိတ်လိုက်တဲ့ အခါကြတော့ နမ့်မွန်းတောင်ထိပ်မှာ ပိတ်ထားတာ” ဟု ပြောသည်။

KIA/PDF ကို တွေ့ရစဉ်

ညောင်ပင်ကျေးရွာ တိုက်ပွဲတွင် တပ်မတော်နှင့် KIA/PDF တို့က နှစ်ဖက်ညှိနှိုင်း၍ တပ်ဖက်က ဆုတ်ပေးခဲ့ ကြောင်း၊ ၎င်းတပ်များမှာ စက်လှေဖြင့် ဆုတ်ခွာကာ လုံးတုံ၊ နမ့်မွန်းစခန်းများနှင့် ပူးပေါင်းထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ညောင်ပင်နှင့် ချောင်းဝတို့တွင် KIA/PDF များက နေရာယူထားကြောင်း၊ နမ့်မွန်းတွင်လည်း ပစ်ခတ်မှုအချို့ ရှိနေကြောင်း သိရသည်။

အင်းတော်ကြီးဒေသမှာ တိုက်ပွဲဖြစ်ပွားလာပြီး စာသင်ကျောင်းများ မဖွင့်လှစ်နိုင်သလို စပါးများလည်း စိုက်ပျိုး၍ မရသည့်အတွက် လာမည့်နှစ်မှာ စပါးဈေးတက်သွားမှာဖြစ်ကြောင်း ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ရှမ်းနီ ဘာသာစကားဖြင့် ပြောသည်။

အင်းတော်ကြီးဒေသ နန့်မွန်းမြို့ကိုတွေ့ရစဉ်

၎င်းက “ပိုခက်နေတာက ကျောင်းတွေ မဖွင့်ရတာတွေရယ်၊ လယ်လုပ်ချိန်မှာ လယ်ကောင်းကောင်းမွန်မွန် မလုပ်ရ တာရယ်၊ ဘာဖြစ်လို့လဲဆိုတော့ မိုးညှင်းနယ်ထဲမှာ အင်းတော်ကြီးက တစ်ခု အပါအဝင်ပေါ့၊ အင်းတော်ကြီးမှာ လယ်မလုပ်ရရင် နောက်နှစ်မှာ စပါးဈေးက တက်သွားတော့မှာ၊ နောက်နှစ်မှာ ပိုပြီး ခက်ခဲသွားတော့မှာ” ဟု ပြော သည်။

လက်ရှိတွင် KIA/PDF တို့က အင်းတော်ကြီး အင်းမြှီးဒေသမှ ညောင်ပင်စခန်း၊ ဝှေ့လုံစခန်း၊ ချောင်းဝစခန်းတို့ကို သိမ်းပိုက်ရရှိထားပြီး လုံးတုံ၊ နမ့်မွန်းတို့ကို ဆက်လက်ထိုးစစ်ဆင်မည့် အခြေအနေတွင် ရှိနေကြောင်း ဒေသခံများ က ပြောသည်။