CNI International News

ဆိုးလ်၊ ဇွန်လ ၂၆

ကိုရီးယားစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ၇၄ နှစ်အကြာတွင် မြောက်ကိုရီးယားသည် နယ်စပ်စစ်မဲ့ဇုန် (DMZ) အတွင်း ခံတပ်အသစ်များ တည်ဆောက်နေပြီး တောင်ကိုရီးယားစစ်တပ်က နယ်စပ်ဒေသတွင် သတိပေးပစ်ခတ် မှုများ ပြုလုပ်ခဲ့ရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း မြောက်ကိုရီးယားသည် စစ်မဲ့ဇုန်အတွင်း တင့်ကားများကို ဟန့်တားသည့် အတားအဆီးများ တည်ဆောက်ခြင်း၊ မြေမြှုပ်မိုင်းများထောင်ခြင်း၊ စစ်ကူပို့သည့် နည်းဗျူဟာမြောက် လမ်းများ ဖောက်လုပ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

ထိုဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ချိန်တွင် တောင်ကိုရီးယား စစ်သားများက သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယား စစ်သားအချို့သည် သူတို့ထောင်ထားသည့် မြေမြှုပ်မိုင်းများ မတော်တဆ ပေါက်ကွဲမှုများကြောင့် သေဆုံးသည့် ဖြစ်စဉ်များ ရှိခဲ့သည်ဟု တောင်ကိုရီးယားအရာရှိများက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတကို တွေ့ရစဉ်

၁၉၅၃ ခုနှစ် အဆုံးသတ်ခဲ့သည့် ကိုရီးယားစစ်ပွဲအပြီးတွင် နိုင်ငံတကာ၏ ထောက်ခံမှုများဖြင့် ကိုရီးယား နှစ်နိုင်ငံ အကြား နယ်စပ်စစ်မဲ့ဇုန်ကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၂၅ ရက်သည် ကိုရီးယားစစ်ပွဲ စတင်သည့် ၇၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။

မြောက်ကိုရီးယားစစ်တပ်သည် အမေရိကန်က ထောက်ခံထားသော တောင်ကိုရီးယားနိုင်ငံအတွင်း ဝင်ရောက်ပြီး တိုက်ခိုက်ရာမှ ကိုရီးယားစစ်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုစစ်ပွဲတွင် ပါဝင်ခဲ့သည့် ကုလသမဂ္ဂ တပ်ဖွဲ့များအတွင်း နိုင်ငံပေါင်း ၂၀ ခန့် ပါဝင်ခဲ့ကာ သန်းနှင့်ချီသည့် အသက်ဆုံးရှုံးမှုများရှိခဲ့သော်လည်း ငြိမ်းချမ်းရေးစာချုပ်နှင့်မဟုတ်ဘဲ စစ်ရပ်ဆိုင်းရေး သဘောတူညီမှုသာ ရရှိခဲ့သဖြင့် ကိုရီးယားနှစ်နိုင်ငံသည် သဘောတရားအရ စစ်ပွဲဖြစ်ပွားနေသည့် အခြေအနေမှာပင် ရှိနေဆဲဖြစ် သည်။

တောင်ကိုရီးယား ပြည်သူများကို တွေ့ရစဉ်

မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်များကို ထုတ်လုပ်နေပြီး တောင်ကိုရီးယားကို အဓိကရန်သူ ဖြစ်ကြောင်း ကြေညာခဲ့မှုနှင့်အတူ မကြာသေးမီ လများအတွင်း ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။

ထို့ပြင် မကြာသေးမီက မြောက်ကိုရီးယားသည် တောင်ကိုရီးယား နိုင်ငံအတွင်းသို့ အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့သဖြင့် တောင်ကိုရီးယားကလည်း နယ်စပ်ဒေသတွင် မြောက်ကိုရီးယားကို ဆန့်ကျင်သည့် ဝါဒဖြန့်မှုများကို အသံချဲ့စက်များဖြင့် ထုတ်လွှင့်မှုကို ပြန်လည်ပြုလုပ်ခဲ့သည်။

လက်ရှိတွင် နယ်စပ်ဒေသ၌ မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်များသည် ၎င်း၏ ကိုရီးယားနှစ်နိုင်ငံ မူဝါဒကို ပြောင်းလဲမှုနှင့် ဆက်နွှယ်နေဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူအချို့က ပြောကြားခဲ့သည်။

Source: ရိုက်တာ