CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇
အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး(GMS)ကို နိုဝင်ဘာ ၆-၇ ရက်များက တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပခဲ့ရာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဆွေးနွေးလျက်ရှိနေသည်။
နစကဥက္ကဋ္ဌသည် နိုဝင်ဘာ ၇ ရက်နေ့မှာ အစည်းအဝေး တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့သည်။
ထိုအစည်းအဝေးသို့ တရုတ်ဝန်ကြီးချုပ် လီချန်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်စ်၊ လာအိုဝန်ကြီးချုပ် ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်၊ ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မာဆာဆုဂု အာဆာကာဝါ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီး များ တက်ရောက်ခဲ့ကြသည်။
အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို အပိုင်း ၂ ပိုင်းဖြင့် ကျင်းပခဲ့ကြောင်း၊ “နိုင်ငံ့ခေါင်း ဆောင်များ သီးသန့်အစည်းအဝေး” နှင့် “မျက်နှာစုံညီ အစည်းအဝေး” ဟူ၍ အပိုင်းနှစ်ပိုင်းခွဲကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့က ရောက်ရှိခဲ့ပြီး တရုတ်လုပ်ငန်းရှင်များ၊ တရုတ်ဝန်ကြီးချုပ် လီချန်၊ လာအိုဝန်ကြီးချုပ် ဆုံဆိုင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်စ်တို့နှင့် တွေ့ဆုံကာ မြန်မာ့အရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။