CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉

စစ်ပွဲများနှင့်ပတ်သက်၍ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရာမှ ရလာမည့် သဘောတူညီချက်များကို ဥပဒေ ကြောင်းအရ အာမခံချက်ရရှိစေရန် ဖွဲ့စည်းပုံ၌ ထည့်သွင်း ပြဋ္ဌာန်းရမည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

သိမ်းပိုက်ထားနိုင်သည့် နယ်မြေများကြောင့် တွေ့ဆုံဆွေးနွေးမှု လုပ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များမှ အသာစီးရနေသော်လည်း နစကဘက်မှ အလုံးစုံလိုက်လျောပေးမှာ မဟုတ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ် သူများက ထောက်ပြကြသည်။

ထိုအခင်းအကျင်းတွင် အလုံးစုံပျက်သုန်းမှု မဖြစ်စေရေး တရုတ်မှ ကြားဝင်ထိန်းသိမ်း ပေးနိုင်ကြောင်း၊ သို့သော် အဆုံးအဖြတ်သည် ကာယကံရှင်များ အပေါ်တွင်သာ မူတည်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်၊ တပ်မတော်၊ နိုင်ငံ‌ရေးပါတီများ တွေ့ဆုံ ဆွေးနွေးကြစဉ်

၎င်းက “စစ်ရေးရလဒ်တွေက နိုင်ငံရေးရလဒ်ကို တရားဝင် ပြောင်းဖို့လိုတာပေါ့။ စစ်ရေးရလဒ်တွေရှိလို့ နိုင်ငံရေး ရလဒ်တွေ အာမခံရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ စစ်ရေးရလဒ်က သူသာတဲ့အချိန်မှာ သူယူတယ်၊ ကိုယ်သာတဲ့ အချိန်မှာ ကိုယ်ယူတယ်။ ဒါပေမယ့် နိုင်ငံရေး ရလဒ်လို အာမခံချက်တွေကြတော့ တစ်မျိုးသားလုံးရဲ့ အာမခံချက် တွေကြတော့ နိုင်ငံရေးဆွေးနွေးပွဲ သဘောတူချက်ကပဲ အာမခံနိုင်မယ်လို့ ယူဆပါတယ်။ အဲဒီလို သဘောတူချက် အာမခံတဲ့ဟာကိုလည်း နိုင်ငံတော်ရဲ့ အမြင့်ဆုံး ဖွဲ့စည်းပုံဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းမှသာလျှင် စစ်ရေး အောင်ပွဲတွေဟာ နိုင်ငံရေးအောင်ပွဲ ဖြစ်လာမယ်။ နိုင်ငံရေးအောင်ပွဲတွေက ဥပဒေအကြောင်းအရ အာမခံချက် ရလာမယ်။ အဲဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲတဲ့နေရာမှာ ထည့်သွင်းရမှာတွေ ဖြစ်လာတယ်။ အဲဒီ ကိစ္စ နောက်ဆက်တွဲတွေကတော့ ဆွေးနွေးအဖြေရှာခြင်းနဲ့ပဲ နိုင်ငံရေး အခွင့်အလမ်းတွေကို အာမခံချက် ရှာဖွေ နိုင်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်က မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် MNDAA တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နောက်ဆက်တွဲအနေဖြင့် TNLA၊ AA တို့နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးရန် ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်မှုများရှိသည်။

ထိုအခြေအနေ မရောက်ခင်အထိ AA အနေဖြင့် အရေးပါသည့် စစ်ဌာနချုပ်များကို ထိန်းသိမ်းနိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ MNDAA အဖွဲ့ကို တွေ့ရစဉ်

လက်ရှိ တော်လှန်ရေးတွင် သွေးကြွေးမှာ ဆွေးနွေးစရာမရှိဟု ပြောဆိုနေကြသော်လည်း တော်လှန်ရေးနှင့် နိုင်ငံရေး၏ အဆုံးသတ်မှာ တွေ့ဆုံဆွေးနွေးသည့် စားပွဲဝိုင်းသို့ ပြန်သွားကြရကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အခုကတော့ တော်လှန်ရေးမှာ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ အဲဒီလိုမျိုး ပြောကြတယ်ဆိုပေမယ့် နိုင်ငံရေးရဲ့ နောက်ဆုံး အဆုံးသတ်ကတော့ တော်လှန်ရေးရဲ့ အဆုံးသတ်ကတော့ စားပွဲဝိုင်းပေါ်ပဲ ပြန်သွားကြ ရတာပဲ။ အဲဒီတော့ ဒီပြည်ထောင်စုမှာရှိတဲ့ လူမျိုးတွေ၊ တော်လှန်နေတဲ့ အစုအဖွဲ့တွေ၊ အဲဒီအစုအဖွဲ့တွေ တစ်ဦးနဲ့ တစ်ဦး မတူသလို တော်လှန်နေတဲ့ တိုင်းရင်းသားလူမျိုးတွေလည်း မတူကြဘူး။ အဲဒါကိုလည်း ခေတ်အဆက်ဆက် အုပ်ချုပ်နေတဲ့ အုပ်ချုပ်သူတွေက သိတဲ့အတွက် အဲဒီလိုခွဲခြားထားတာလေ မတူရအောင်။ အခုအခါမှာတော့ ကိုယ် ဘာလိုအပ်လဲ၊ ကိုယ်တို့ရဲ့ လိုအပ်ချက်က ဘာလဲဆိုတဲ့ဟာမျိုးနဲ့ တိုင်းရင်းသားတွေကတော့ အသီးသီး အာဏာက တော့ လက်နက်ကိုင်ပြီး တော်လှန်ကြတဲ့အခါ ကိုယ့်ကိုယ်တာလည်း ပြည့်မီတဲ့လူလည်း ပြည့်မီသွားကြတယ်။ ကိုယ်လိုတဲ့နေရာ၊ ကိုယ်လိုတဲ့အင်အား၊ ကိုယ်နယ်မြေကို အုပ်ချုပ်နိုင်တဲ့ de facto power ရလာတဲ့ အခါမှာ နိုင်ငံရေး ဆွေးနွေးပွဲဆိုတဲ့ဟာမျိုး ဖြစ်လာနိုင်တယ်။ ဘာလို့ဆို ရေရှည်အတွက် ကိုယ့်ဒေသကိုယ် ထူထောင်မယ် ဆိုပေမယ့် ပြည်ထောင်စု အစိုးရဆိုတာ ရှိနေတာကြောင့် သူတို့တွေက ပြည်တွင်းရေး ဖြစ်တယ်ဆိုပြီး လက်နက်ကြီးနဲ့ ပစ်တာတို့၊ လေယာဉ်နဲ့ လာကြဲတာတို့၊ အဲဒီဟာတွေကို အာမခံနိုင်ဖို့ အတွက်ဆိုရင် သဘောတူညီ ချက်တွေ ရယူဖို့လိုတယ်”ဟု ပြောသည်။
တရုတ်သည် ဒီဇင်ဘာ ၁ ရက်က AA နှင့်တွေ့ဆုံခဲ့ပြီး ၃ ရက်နေ့တွင် UWSA တို့နှင့်လည်းကောင်း၊ ၅ ရက်နေ့တွင် TNLA တို့နှင့်လည်းကောင်း၊ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် KIA တို့ဖြင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် MNDAA နှင့် မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင် သည့်အဖွဲ့တို့ဖြင့် တွေ့ဆုံခဲ့ကြသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများအတွင်း တပ်မတော်အနေဖြင့် အားရစရာမရှိကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်သူများက ထောက်ပြကြသည်။