- By CNI
- Category: နိုင်ငံရေး
- Hits: 524
CNI International News
ကိယက်ဗ်၊ ဇန်နဝါရီ ၂၇
ယူကရိန်း၏ မဟာမိတ်နိုင်ငံများအနေဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် မူဘောင်တစ်ခု ချမှတ်လုပ်ဆောင်သင့်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုဆွေးနွေးပွဲများတွင် ယူကရိန်းနိုင်ငံ ပါဝင်မှသာ ရေရှည်တည်မြဲသည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်လိမ့် မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“ဆွေးနွေးညှိနှိုင်းမှုပုံစံတွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျနော် သေချာမပြောနိုင်ပါဘူး။ ကျနော်တို့မှာလည်း ဘုံသဘောတူတဲ့ အစီအစဉ် မရှိသေးတာကြောင့် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ် ဘာဆက်ဖြစ်လာမလဲဆိုတာ မသိသေးပါဘူး”ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ထို့ပြင် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်၊ ယူကရိန်း၊ ရုရှားနှင့် ဥရောပသမဂ္ဂတို့ အစည်းအဝေး ပြုလုပ်သင့်ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ ပူတင်ကို တွေ့ရစဉ်
ရုရှားသမ္မတ ပူတင် (Vladimir Putin) ကလည်း ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump) နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း ယခုသီတင်းပတ် အစောပိုင်းက ပြောကြားခဲ့သည်။
ထရမ့်သည် ယူကရိန်းစစ်ပွဲကို တားဆီးနိုင်ခြေရှိသည့် လိမ္မာပါးနပ်သော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
သို့သော် ကရင်မလင်နန်းတော်ကမူ ပူတင်နှင့် ထရမ့်တို့ မည်သည့်အချိန်တွင် တွေ့ဆုံမည်ဆိုခြင်းကို ထုတ်ပြန်ခဲ့ ခြင်းမရှိပေ။
ယူကရိန်းစစ်ပွဲကို အဆုံသတ်ပေးမည်ဟု ကတိပြုခဲ့သည့် ထရမ့်ကလည်း သူသည် ပူတင်နှင့်ချက်ချင်း တွေ့ဆုံရန် ဆန္ဒရှိကြောင်း ဇန်နဝါရီ ၂၃ ရက်က ကြေညာခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ထရမ့်သည် ယူကရိန်းစစ်ပွဲကို အဓိပ္ပာယ်မရှိကြောင်း ပြောကြားခဲ့ ပြီး ရုရှားအနေဖြင့် ယူကရိန်းထိုးစစ်ကို ရပ်တန့်ခြင်း မရှိပါက ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများ ချမှတ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 609
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၂၇
COVID-19 ကပ်ရောဂါသည် ဓာတ်ခွဲခန်းမှ ယိုစိမ့်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ(စီအိုင်အေ)က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
စီအိုင်အေက ၎င်းတို့၏ လေ့လာတွေ့ရှိချက်အပေါ် ယုံကြည်မှု အနည်းငယ်သာရှိကြောင်း ဝန်ခံခဲ့သည့်တိုင် ယခု ထုတ်ပြန်ချက်သည် တရုတ်ကို ရည်ရွယ်ခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ယခုလေ့လာတွေ့ရှိချက်သည့် ထောက်လှမ်းရေးသတင်း အသစ်တစ်ခု မဟုတ်သော်လည်း စီအိုင်အေ ဒါရိုက်ဟောင်း ဝီလျံ ဘန်းစ် (William Burns) နှင့် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့တို့၏ အားထုတ်ကြိုးပမ်းမှုများဖြစ်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က စီအိုင်အေ ညွှန်ကြားရေးမှူးရာထူး ခန့်အပ်ခဲ့သည့် ဂျွန် ရက်ကလစ်ဖီ (John Ratcliffe) ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ထိုလေ့လာတွေ့ရှိချက်ကို လူသိရှင်ကြား ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
COVID-19 ကပ်ရောဂါသည် သဘာဝအလျောက် ပေါ်ပေါက်လာခဲ့ခြင်းထက် ဓာတ်ခွဲခန်း မတော်တဆမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်နိုင်သည်ဟု လေ့လာချက်တွင် ဖော်ပြထားသော်လည်း ထိုအချက်ကို အတည်ပြုရန် ယုံကြည်မှုနည်းကြောင်း စီအိုင်အေက ဝန်ခံခဲ့သည်။

တရုတ်ဓာတ်ခွဲခန်းတစ်ခုကိုတွေ့ရစဉ်
စီအိုင်အေ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဝါရှင်တန်ရှိ တရုတ်သံရုံးက ချက်ချင်း မှတ်ချက်မပေးခဲ့ပေ။
တရုတ်အစိုးရကမူ COVID-19 ကပ်ရောဂါ၏ မူလဇစ်မြစ်ကို ဆုံးဖြတ်ရန် သုတေသန လုပ်ဆောင်မှုကို ထောက်ခံ ကြောင်းနှင့် ပူးပေါင်းပါဝင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ စုံစမ်းထောက်လှမ်းသည့် အားထုတ်ကြိုးပမ်းများ နှင့်အတူ အမေရိကန်အစိုးရသည် ထိုအရေးကိစ္စကို နိုင်ငံရေးသဘော သက်ဝင်စေရန် လုပ်ဆောင်နေကြောင်း တရုတ်က စွပ်စွဲခဲ့သည်။
ထို့ပြင် COVID-19 သည် ဓာတ်ခွဲခန်းမှ ယိုစိမ့်လာသည်ဆိုသည့် ပြောကြားချက်များသည် ယုံကြည်လက်ခံနိုင်စရာ မရှိကြောင်း တရုတ်က ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 794
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၅
ထိုင်း-မြန်မာ-ကမ္ဘောဒီးယား နယ်စပ်ဒေသတစ်လျှောက် ကြီးထွားလာသည့် ကျားဖြန့်လုပ်ငန်းကွန်ရက်ကို တိုက်ဖျက်ရန် ထိုင်းနှင့်တရုတ်တို့က ညှိနှိုင်းဆောင်ရွက်ရေးစင်တာများ တည်ထောင်သွားမည်ဟု CNA မှ ဖော်ပြခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် ထိုင်း၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကြားရှိ နယ်စပ်ဒေသ များသည် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ကျားဖြန့်လုပ်ငန်းများ ဖွင့်လှည်သည့် အဓိက ဆုံချက်တစ်ခု ဖြစ်လာခဲ့သည်။
ထိုကျားဖြန့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် လူပေါင်းသောင်းချီ မှောင်ခိုကူးခံခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ထိုင်းနှင့်တရုတ် ညှိနှိုင်းဆောင်ရွက်ရေးစင်တာ တစ်ခုကို ဘန်ကောက်မြို့တော်ရှိ အမျိုးသားရဲတပ်ဖွဲ့ဌာနချုပ်တွင် ဖွင့်လှစ်ခဲ့မည်ဖြစ်ပြီး တရုတ်အာဏာပိုင်များက မြန်မာနိုင်ငံ၏ မြဝတီမြို့နှင့် နယ်စပ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံ မဲဆောက်ခရိုင်တွင် နောက်ထပ်စင်တာတစ်ခု ထပ်မံထူထောင်သွားရန် စီစဉ်ထားသည်။

ထိုင်း-တရုတ် နိုင်ငံတော်အလံကိုတွေ့ရစဉ်
ဘန်ကောက်မြို့တော်တွင် ဖွင့်လှစ်မည့် စင်တာ၌ မြန်မာနိုင်ငံ၏ မြဝတီမြို့နှင့် ကမ္ဘောဒီးယားနယ်စပ် တစ်လျှောက်ရှိ ကျားဖြန့်ဂိုဏ်းများကို စုံစမ်းစစ်ဆေးရန်နှင့် တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ထိုညှိနှိုင်းဆောင်ရွက်ရေးစင်တာကို စတင်လည်ပတ် သွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့တော်တွင် ထိုင်းနှင့်တရုတ် လုံခြုံရေးအရာရှိများအကြား အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည်။
မကြာသေးမီက ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရေး လှုပ်ရှားမှုများအနက် ထိုင်းစစ်တပ်၏ ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာအာဏာပိုင်များအကြား နေပြည်တော်တွင် တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်မှုလည်း ပါဝင်ခဲ့သည်။
“ဒီကိစ္စက ထိုင်းတစ်နိုင်ငံတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ မြန်မာနဲ့ တရုတ် နိုင်ငံတွေကလည်း ကူညီရမယ့် ကိစ္စဖြစ်ပါတယ်”ဟု ထိုင်းလက်ထောက်ဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ပြောကြားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 568
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၂၅
ရုရှား-ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယားစစ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် မြောက်ကိုရီးယား သည် ရုရှားကို စစ်သားများ ထပ်မံပို့ဆောင်ပေးရန် ပြင်ဆင်နေသည်ဟု တောင်ကိုရီးယားက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား ကင်းထောက်ဂြိုဟ်တု တစ်စင်းနှင့် အမေရိကန်အထိ ပစ်ခတ်ရောက်ရှိနိုင်သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ရန် ပြင်ဆင်နေသည်ဟုလည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ထုတ်ပြန်ခဲ့သည်။
အမေရိကန်တွင် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) အာဏာပြန်ရလာမှုနှင့်အတူ အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ထိပ်သီးအဆင့် သံတမန်ဆွေးနွေးပွဲများ ဖြစ်မြောက်မည့် အလားအလာများလည်း ထွက်ပေါ်လာခဲ့သည်။
ထရမ့်သည် ပထမသက်တမ်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un ) နှင့် ၃ ကြိမ် တွေ့ဆုံခဲ့ဖူးသည်။
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို လက်နက်ကြီးများနှင့် အခြားလက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ရုရှားအား မြောက်ကိုရီးယားစစ်သား ၁၀,၀၀၀ မှ ၁၂,၀၀၀ အကြား ပို့ဆောင်ပေးခဲ့ကြောင်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ယူကရိန်းထောက်လှမ်းရေး အေဂျင်စီများက ပြောကြားခဲ့သည်။

ကင်မ်ဂျုံအန်နဲ့ ပူတင်ကို တွေ့ရစဉ်
အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားသည် ရုရှားထံမှ ခေတ်မီဆန်းသစ်သည့် လက်နက်နည်းပညာများကို ရရှိခဲ့ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က ပြောကြားခဲ့သည်။
“ရုရှား-ယူကရိန်း စစ်ပွဲအတွက် မြောက်ကိုရီးယားစစ်သားတွေ စေလွှတ်ခဲ့တာ ၄ လကျော်လာတာနဲ့အမျှ စစ်မြေပြင်မှာ မြောက်ကိုရီးယားစစ်သားတွေ ထိခိုက်သေဆုံးတာတွေ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နောက်ထပ်စစ်သားတွေကို စေလွှတ်ဖို့ ပြင်ဆင်နေပြီး နောက်ထပ် အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်”ဟု JCS က ထုတ်ပြန်ခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များနှင့်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း မြောက်ကိုရီးယားစစ်သား ၃၀၀ ခန့်သေဆုံးပြီး ၂၇၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ပြောကြား ခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ကမူ မြောက်ကိုရီးယားစစ်သား ၄၀၀၀ ခန့်သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်ကမူ ထိခိုက်၊ သေဆုံးခဲ့သည့် မြောက်ကိုရီးယား စစ်သား အရေအတွက်ကို ၁၂၀၀ ခန့်ရှိကြောင်း ခန့်မှန်းထုတ်ပြန်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 536
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၂၅
ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်းနှင့် ယူကရိန်း-ရုရှားစစ်ပွဲကို အမြန်ဆုံး ရပ်တန့်စေလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ကတည်းက သူသမ္မတ အဖြစ် စတင်တာဝန်ထမ်းဆောင်သည့် နေ့မှာပင် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ကြားဝင်ဆောင်ရွက် ပေးမည်ဟု ပြောကြားခဲ့သည်။
သို့သော် ယခုတွင်မူ ရုရှား-ယူကရိန်းစစ်ပွဲကို လနှင့်ချီ အချိန်ယူပြီး အဆုံးသတ်ရနိုင်ကြောင်း ထရမ့်၏ အကြံပေး များက ပြောကြားခဲ့သည်။
“သမ္မတပူတင်နဲ့ တွေ့ဆုံပြီး စစ်ပွဲကို အမြန်ဆုံး ရပ်တန့်စေချင်ပါတယ်”ဟု ထရမ့်က ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ် (Davos) မြို့တွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ဗွီဒီယိုဆက်သွယ်မှုမှတဆင့် ပြောကြားခဲ့သည်။
“စစ်ပွဲကို အဆုံးသတ်ဖို့အတွက် စီးပွားရေး ရှုထောင့်ကနေကြည့်တာ မဟုတ်ပါဘူး။ သန်းနဲ့ချီတဲ့ လူ့အသက်တွေ ဆုံးရှုံးရနိုင်တယ်ဆိုတဲ့ ရှုထောင့်က ကြည့်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ပွဲကို အဆုံးသတ်ဖို့ လိုအပ်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ ပူတင်ကို တွေ့ရစဉ်
“ကျနော် ကြားရတာကတော့ ပူတင်ကလည်း ကျနော်တို့ကို တွေ့ချင်နေတယ်တဲ့။ အဲဒါကြောင့် ကျနော်တို့ အမြန်ဆုံးတွေ့နိုင်မှာပါ။ ကျနော်ကတော့ ချက်ချင်းတောင် တွေ့ချင်ပါသေးတယ်။ ကျနော်တို့နှစ်ယောက် မတွေ့မချင်း စစ်မြေပြင်မှာ စစ်သားတွေ နေ့စဉ်သေဆုံးနေကြမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးကလည်း စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်ရရှိရန် အသင့်ဖြစ်နေသည်ဟု မိမိအားပြောခဲ့ကြောင်း ထရမ့်က ပြောသည်။
အမေရိကန်သည် ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်မြောက်စေရန် လုပ်ဆောင် နေကြောင်း ဒါ့ဗို့စ် အစည်းအဝေးတွင် ပြောကြားခဲ့သော်လည်း အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ယခုသီတင်းပတ် အစောပိုင်းတွင်မူ ထရမ့်က ရုရှားအနေဖြင့် ယူကရိန်းနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မပြုလုပ်ပါက ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်မည်ဖြစ်ပြီး ရုရှား၏ ပို့ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံသွား မည်ဟု ခြိမ်းခြောက်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 521
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၂၄
တောင်ကိုရီးယားနိုင်ငံ၏ စုံစမ်းစစ်ဆေးသူများက ထိန်းသိမ်းခံထားရသည့် သမ္မတယွန်းဆော့ရွဲ(Yoon Suk Yeol) ကို ပုန်ကန်မှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ လွှတ်တော်ကို တားဆီးပိတ်ပင်မှုတို့ဖြင့် တရားစွဲဆိုရန် အစိုးရရှေ့နေ များကို ဇန်နဝါရီ ၂၃ ရက်က တိုက်တွန်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ယွန်းသည် ဇန်နဝါရီ ၂၃ ရက်က အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ပြုလုပ်သည့် ကြားနာစစ်ဆေးမှုကို တက်ရောက် ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သော ၎င်း၏ ဆုံးဖြတ်ချက်အား ခုခံချေပပြောဆိုခဲ့သည်။
အတိုက်အခံများ ထိန်းချုပ်ထားသည့် လွှတ်တော်က ပြည်သူများကို အန္တရာယ်ပေးမည့် အရေးကို တားဆီးရန် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ခြင်းဖြစ်သည်ဟု ယွန်းက ပြောကြားခဲ့သည်။
သို့သော် လွှတ်တော်က ထိုစစ်အုပ်ချုပ်ရေးအမိန့်ကို မဲခွဲပြီး ပယ်ချခဲ့သဖြင့် သူသည် နာရီပိုင်းအတွင်း စစ်အုပ်ချုပ်ရေးအမိန့်အား ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။
“စစ်အုပ်ချုပ်ရေးအမိန့် ကြေညာတာက အတိုက်အခံတွေကို သတိပေးဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အတိုက်အခံတွေရဲ့ အန္တရာယ်ကို ပြည်သူတွေကို သိစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်”ဟု ယွန်းက ခုံရုံးတွင် ပြောကြားခဲ့သည်။

ယွန်းဆော့ရွဲကို ဆန့်ကျင်နေကြစဉ်
ထိုကြားနာစစ်ဆေးမှုတွင် ယွန်း၏ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်မ်ယုံဟွမ် (Kim Yong Hyun) လည်း တက်ရောက်ခဲ့သည်။ သူသည် ထိုအမိန့်ကို ရေးဆွဲခဲ့ပြီး ယွန်းကို အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိန်းသိမ်းခံထားရသည့် ကင်မ်သည် ယွန်း၏ အနီးကပ် လက်ထောက်တစ်ဦးဖြစ်ပြီး ယွန်းသည် စစ်အုပ်ချုပ်ရေး အမိန့်အတွင်း ကာဖျူးမိန့်ကို ထည့်သွင်းခြင်း မပြုရန်၊ စစ်သားများကို ကျည်အစစ်များ အသုံးမပြုစေရန် မှာကြား ခဲ့သည်ဟုလည်း ကင်မ်က ယွန်းဘက်မှ ကာကွယ်ပြောဆိုခဲ့သည်။
ကင်မ်သည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ထိန်းသိမ်း ခံရချိန်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းခဲ့သော်လည်း တာဝန်ရှိသူများက အချိန်မီ တားဆီးနိုင်ခဲ့ သည်။
ယွန်းသည် ဒီဇင်ဘာ ၁၄ ရက် ကတည်းက လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုကို ခံခဲ့ရပြီး အခြေခံဥပဒေဆိုင်ရာခုံရုံးက ၎င်းအား သမ္မတအဖြစ် ဆက်လက် ခန့်အပ်ထား သင့်/မသင့်ကို ဆုံးဖြတ်မည်ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 571
CNI International News
မနီလာ၊ ဇန်နဝါရီ ၂၄
အမေရိကန်စစ်တပ်သည် ကီလိုမီတာထောင်ချီ ပစ်ခတ်နိုင်သည့် Typhon ဒုံးကျည်စနစ်များကို နေရာရွှေ့ပြောင်း ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို Typhon ဒုံးကျည် စနစ်များကို ယခင်က ဖိလစ်ပိုင်၏ Laoag လေတပ်စခန်း၌ ထားရှိခဲ့ခြင်းဖြစ်ကာ ယခုတွင် ဖိလစ်ပိုင်၏ လူဇွန် (Luzon) ကျွန်းပေါ်ရှိ နောက်ထပ် တစ်နေရာသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ ၏ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်တွင်ရှိသည့် ထိုဒုံးပစ်လောင်ချာဖြင့် Tomahawk ခရုစ် ဒုံးကျည်များကို ပစ်ခတ်မည်ဆိုပါက တရုတ်နှင့် ရုရှားရှိ ပစ်မှတ်များကိုပါ ထိမှန်အောင် ပစ်ခတ်နိုင်မည်ဖြစ်သည်။
ထို့ပြင် SM-6 ဒုံးကျည်များကို အသုံးပြုပြီး ကီလိုမီတာ ၂၀၀ (၁၆၅ မိုင်) အကွာအဝေးအတွင်းရှိ လေကြောင်းနှင့် ရေကြောင်း ပစ်မှတ်များကိုလည်း ပစ်ခတ်နိုင်သည်။
ထိုဒုံးကျည်စနစ်ကို နေရာရွှေ့ပြောင်းခြင်းက အတွဲလိုက် ဒုံးပစ်လောင်ချာများကို နောက်ထပ် နေရာတစ်ခုသို့ မည်မျှ လျင်မြန်စွာ ရွှေ့ပြောင်းနိုင်သည်ဆိုခြင်းကို ခန့်မှန်းဆုံးဖြတ်နိုင်ကြောင်း ဖိလစ်ပိုင် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

Typhon ဒုံးကျည်စနစ်ကို တွေ့ရစဉ်
ဂြိုဟ်တုဓာတ်ပုံများအရ ဒုံးပစ်လောင်ချာများနှင့် အခြား ဆက်စပ်ပစ္စည်းများကို မကြာသေးမီက Laoag နိုင်ငံတကာလေဆိပ်ရှိ C-17 သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်သို့ ရွှေ့ပြောင်း တင်ဆောင်နေသည်ကို တွေ့ရသည်ဟု မစ်ဒယ်ဘူရီ နိုင်ငံတကာလေ့လာရေးအင်စတီကျူ (Middlebury Institute of International Studies) မှ ကျွမ်းကျင်သူ ဂျက်ဖရီ လူးဝစ် (Jeffrey Lewis) က ပြောကြားခဲ့သည်။
ထိုဒုံးကျည်စနစ်များကို ဖုံးလွှမ်းထားသည့် အဖြူရောင် မိုးကာစများကို ဖယ်ရှားထားပုံကိုလည်း ဂြိုလ်တုဓာတ်ပုံ များတွင် တွေ့ရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
Typhon ဒုံးကျည်စနစ်သည် အာရှတွင် သင်္ဘောဖျက် လက်နက်မျိုးစုံကို ဖြန့်ကြက်ချထားသည့် အမေရိကန်၏ စစ်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ထိုဒုံးကျည်စနစ်များကို ရွှေ့ပြောင်းခဲ့သည့် နေရာအတိအကျကိုမူ အမေရိကန်၏ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် (INDOPACOM) က အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 787
CNI International News
ဘေကျင်း၊ ဇန်နဝါရီ ၂၄
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)သည် ရေငုပ်သင်္ဘောမှတဆင့် လွှတ်တင်နိုင်သည့် ဒရုန်းများကို စမ်းသပ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အမေရိကန်စစ်တပ်သည် တရုတ်စစ်သင်္ဘောများကို တိုက်ခိုက်ရန် ရေငုပ်သင်္ဘောမှ လွှတ်တင်သည့် တိုက်ခိုက်ရေး ဒရုန်းများ အသုံးပြုရန် စဉ်းစားထားသော်လည်း တရုတ်က အမေရိကန်ထက် ခြေတစ်လှမ်းသာပြီး ထိုဒရုန်းများကို စမ်းသပ်မှုများပင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
အမေရိကန်စစ်တပ်သည် တရုတ်၏ ကမ်းရိုးတန်းအနီးသို့ ရေငုပ်သင်္ဘောတစ်စင်း စေလွှတ်ပြီး ဒရုန်းများကို ရေအောက်မှ လွှတ်တင်မည့် နည်းဗျူဟာကို စဉ်းစားနေသည်။
တရုတ်က ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခိုက်မည့် အချိန်မျိုးတွင် အမေရိကန်က ရေငုပ်သင်္ဘောမှတဆင့် ထိုဒရုန်းများကို အုပ်စုလိုက် လွှတ်တင်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရေတပ်စစ်သင်္ဘော အုပ်စုကို လျှပ်တပြက် တိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်သည်။
ထို့ကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် ဇုန်အနီးသို့ အမေရိကန်သင်္ဘောများ အနီးကပ် ရှိနေစရာမလိုသဖြင့် ပစ်ခတ်ခံရမည့် အန္တရာယ်ကိုလျှော့ချရန် အမေရိကန်က စီစဉ်ထားသည်။

ရေငုပ်သင်္ဘောကိုတွေ့ရစဉ်
တရုတ်၏ အနောက်မြောက် ပိုလီနည်းပညာ တက္ကသိုလ် (NWPU) နှင့် တရုတ် လေကြောင်းသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (CARDC) တို့က ရေအောက်တွင် ရှိနေသည့် ရေငုပ်သင်္ဘောမှ လွှတ်တင်နိုင်သော ကမ္ဘာ့ပထမဆုံးဒရုန်းကို တီထွင်ခဲ့ခြင်းဖြစ်သည်။
Feiyi ဟု အမည်ပေးထားသည့် ထိုဒရုန်းသည် ခေါက်သိမ်းနိုင်သော တောင်ပံများနှင့်အတူ ရေပြင်- ဝေဟင် ပျံသန်းနိုင်ကြောင်း NWPU ၏ တွဲဖက်ပါမောက္ခ တုံးချန်းယင်က ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ဝေခဲ့သည့် တရုတ်လေကြောင်းနှင့် အာကာသအဖွဲ့အစည်းက ပိုင်ဆိုင်သော Acta Aeronautica et Astronautica Sinica ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။
Feiyi ဒရုန်းများသည် ရေအောက်တွင် စွမ်းအားမြင့် တွန်းကန်အားပေး ဒုံးအင်ဂျင်ဖြင့် လှုပ်ရှားသွားလာနိုင်သလို လှိုင်းကြမ်းသည့် အခြေအနေတွင်လည်း လေပေါ်သို့ တိုးထွက်နိုင်ခြင်းရှိခဲ့ကာ တောင်ပံများကိုဖြန့်ပြီး ရေမျက်နှာ ပြင်ကို ခွဲထွက်ကာ လေထဲသို့ ပျံသန်းနိုင်ကြောင်း တုံးက ပြောသည်။
ထိုဒရုန်းသည် ပင်လယ်ရေကြောင်း ကင်းလှည့်မှု၊ ထောင်လှမ်းရေးနှင့် တိုက်ခိုက်ရေးများကဲ့သို့ စစ်ဘက်ဆိုင်ရာ နယ်ပယ်များတွင် အသာစီး ရစေလိမ့်မည်ဖြစ်ကြောင်း တုံးက ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 492
CNI International News
မင့်စ်၊ ဇန်နဝါရီ ၂၃
ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ လက်ရှိသမ္မတ လူကာရှန်ကို၏ အုပ်ချုပ်ရေး သက်တမ်း အား တိုးပေးရေးအတွက် ဟန်ပြကျင်းပခြင်းသာဖြစ်သည်ဟု အတိုက်အခံများက ပြောကြားခဲ့ကြသည်ဟု ရိုက်တာ မှ ဖော်ပြခဲ့သည်။
ဘယ်လာရုစ်နိုင်ငံတွင် ဇန်နဝါရီ ၂၆ ရက်၌ ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅ ဦးရှိသည်။
သို့သော်လည်း လွန်ခဲ့သည့် ၃၁ နှစ်အတွင်း ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ များ၌ လက်ရှိသမ္မတ လူကာရှန်ကို တစ်ဦးတည်းသာ အနိုင်ရခဲ့သည်။
၁၉၉၄ ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် လူကာရှန်ကိုသည် ယခုရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရရန် သေချာနေပြီး ပြည်ပြေးအတိုက်အခံများကမူ ထိုရွေးကောက်ပွဲသည် ဟန်ပြရွေးကောက်ပွဲသာဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။
ထို့ပြင် မဲဆန္ဒရှင်များအနေဖြင့် မည်သည့် ကိုယ်စားလှယ်လောင်းကိုမျှ မဲပေးခြင်းမပြုဘဲ သပိတ်မှောက်ရန် အတိုက်အခံများက ပြောကြားခဲ့သည်။

ဘယ်လာရုစ်မှာ ဆန္ဒပြနေကြစဉ်
အသက် ၇၀ အရွယ်ရှိ လူကာရှန်ကိုကမူ သူ့ကိုယ်သူ နိုင်ငံအတွက် အလွန်အလုပ်ရှုပ်နေသဖြင့် မဲဆွယ်စည်းရုံး မှုများပင် လုပ်နိုင်ခြင်းမရှိသူအဖြစ် ပုံဖော်ထားသည်။
“မှန်တာပြောရရင် ကျနော် မဲမဆွယ်ပါဘူး။ မဲဆွယ်ဖို့လည်း ကျနော့်မှာ အချိန်မရှိပါဘူး” ဟု လူကာရှန်ကိုက ပြီးခဲ့သည့် သီတင်းပတ်တွင် စက်ရုံလုပ်သားများကို ပြောကြားခဲ့သည်။
လူကာရှန်ကိုကမူ ၎င်းအား ဥရောပ၏ နောက်ဆုံးအာဏာရှင်ဆိုသည့် တံဆိပ်ကပ်မှုကို ငြင်းဆိုထားကာ မကြာသေးမီ လများအတွင်း ထောင်ချခံထားရသည့် အတိုက်အခံ ခေါင်းဆောင်အချို့ကို ပြန်လွှတ်ပေးခဲ့သည်။

ဘယ်လာရုစ် လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
၂၀၂၀ ပြည့်နှစ်က ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ အပြီးတွင်လည်း လူကာရှန်ကိုသည် မဲရလဒ်များကို မှားယွင်းစွာတင်ပြခဲ့ပြီး ရွေးကောက်ပွဲနိုင်ကြောင်း ကြေညာခဲ့သည်ဟု အတိုက်အခံများက ပြောကြားခဲ့ကာ နိုင်ငံအတွင်း ဆန္ဒ္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ထိုဆန္ဒပြမှုများအတွင်း လူကာရှန်ကို၏ လုံခြုံရေးတပ်ဖွဲ့များက လူပေါင်းသောင်းချီကို ဖမ်းဆီးခဲ့ကာ အတိုက်အခံ များကို ထောင်ချခဲ့သဖြင့် အချို့အတိုက်အခံ ခေါင်းဆောင်များသည် ပြည်ပသို့ ထွက်ပြေးခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။
ထို့ပြင် ဘယ်လာရုစ်တွင် နိုင်ငံရေးအကျဉ်းသား ၁၂၅၀ ခန့်ရှိသည်ဟု Viasna အမည်ရှိ လူ့အခွင့်အရေးအဖွဲ့က ပြောကြားခဲ့သော်လည်း လူကာရှန်ကိုက ငြင်းဆိုထားသည်။
Source: ရိုက်တာ
