- By CNI
- Category: နိုင်ငံရေး
- Hits: 590
CNI International News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇
အိန္ဒိယနိုင်ငံ၏ မီဇိုရမ် (Mizoram) ပြည်နယ် ရဲတပ်ဖွဲ့သည် ထောက်လှမ်းရေး အေဂျင်စီတစ်ခုနှင့်အတူ ပူးပေါင်း ပြုလုပ်သည့် အကြီးစား စစ်ဆင်ရေးတစ်ခုအတွင်း ချင်းအမျိုးသားတပ်ဦး(CNF)မှ ခေါင်းဆောင်တချို့ကို လက်နက် ခဲယမ်းများနှင့် ဖမ်းဆီးရမိခဲ့သည်ဟု India Today သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင် (Mamit District) အနောက် ဖာအီလန် ရဲစခန်း (West Phaileng Police Station) ၏ တရားစီရင်ပိုင်ခွင့် အောက်တွင်ရှိသည့် ဆေသာ (Saithah) ကျေးရွာ၏ အစွန်အဖျားဒေသများတွင် များပြား သည့် လက်နက်များနှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။
ထိုစစ်ဆင်ရေးသည် မီဇိုရမ်ပြည်နယ်တွင် လက်နက်ခဲယမ်း အများဆုံး တွေ့ရှိခဲ့သည့် စစ်ဆင်ရေးများထဲ၌ တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး ဒေသတွင်း တရားမဝင် လက်နက်မှောင်ခိုကူးသူများကို သတိပေးချက်တစ်ခု ဖြစ်ခဲ့သည်။
ထိုလက်နက်ခဲယမ်းများကို ဖမ်းဆီးရမိမှုကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုအား လျော့ပါးသွားစေကြောင်းလည်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများအနက် AK-47 ရိုင်ဖယ် ၆ လက်၊ AK ကျည်ဆံ အတောင့် ၁၀၀၅၀၊ ကျည်ကဒ် ၁၃ ခုတို့ ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုလက်နက်များ သိမ်းဆည်းရမိမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ၅ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။

CNF တပ်ဖွဲ့ကို တွေ့ရစဉ်
ဖမ်းဆီးရမိသူများအနက် မြန်မာနိုင်ငံတွင် အခြေစိုက်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF) ၏ ခေါင်းဆောင်တစ်ဦးလည်း ပါဝင်ခဲ့သည်။
ထိုကဲ့သို့ လူသိများသည့် လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိမှုကြောင့် မီဇိုရမ်ပြည်နယ်တွင် သောင်းကျန်းသူ တန်ပြန်စစ်ဆင်ရေးများအတွင်း ကြီးမားသည့် အောင်မြင်မှုတစ်ခုဖြစ်သည်။
ကနဦး စုံစမ်းစစ်ဆေးမှုအရ ထိုလက်နက်ခဲယမ်းများသည် မြန်မာနိုင်ငံမှ CNF နှင့် ဘင်္ဂလားဒေ့ရှ်၏ စစ်တကောင်း တောင်ကြားလမ်းများတွင် လှုပ်ရှားနေသည့် စည်းလုံးသော ပြည်သူ့ဒီမိုကရက်တစ်တပ်ဦး (UPDF-P)တို့အကြား ရောင်းဝယ်မှုများ ပြုလုပ်ရန် စီစဉ်ထားသည့် လက်နက်ခဲယမ်းများဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ သည်။
ထိုစစ်ဆင်ရေးအရ နိုင်ငံဖြတ်ကျော် တရားမဝင် လက်နက်များ ရောင်းဝယ်မှုများသည် ဒေသတွင် တည်ငြိမ်မှုကို ဆက်လက် ခြိမ်းခြောက်နေကြောင်း ပြသရာရောက်ခဲ့သည်။
မီဇိုရမ်ရဲတပ်ဖွဲ့သည် ယခုအမှုကို အနောက်ဖာအီလန်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး နောက်ထပ် လက်နက်မှောင်ခို ကွန်ရက်ကို ဖျက်ဆီးရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
Source: India Today
- By CNI
- Category: နိုင်ငံရေး
- Hits: 1095
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၁၆
မကြာသေးမီက တရုတ်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ကို ကျားဖြန့်လုပ်ငန်းတစ်ခုဆီကနေ ကယ်တင်နိုင် ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် မြို့တစ်မြို့၏ ပြဿနာကို အလေးထား ဖြေရှင်းကြရန် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra)က ပြည်တွင်းနိုင်ငံရေး သမားများကို တိုက်တွန်းခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ကျားဖြန့်စင်တာများတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ နိုင်ငံသားပေါင်း ထောင်ချီ ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရသည့် အရေးကိစ္စနှင့်အတူ ထိုပြဿနာကို ဖြေရှင်းရာ၌ ထိုင်းအနေဖြင့် ပိုမိုထိရောက်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အခြားနိုင်ငံများက ထိုင်းအစိုးရကို ဖိအားများပေးနေသည်။

မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းရှိသည့် မြို့ကို ထိန်းချုပ်ထားသော ခေါင်းဆောင်များ အစည်းအဝေး လုပ်နေကြစဉ်
တရုတ်သရုပ်ဆောင် ဝမ်သည် ထိုင်းတွင် သရုပ်ဆောင် အလုပ်အတွက် WeChat အက်ပလီကေးရှင်းမှ အလုပ် ခေါ်စာကြောင့် ထိုင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် ဇန်နဝါရီ ၃ ရက်တွင် ပျောက်ဆုံးသွားခဲ့သည်။
ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ၎င်းအား ထိုင်း-မြန်မာနယ်စပ်မှ ပြန်လည်ကယ်တင်နိုင်ခဲ့သည်။
ထိုဖြစ်စဉ်သည် ၂၀၂၅ ခုနှစ် နှစ်စမှာပင် ထိုင်း၏ နယ်စပ်မြို့ဖြစ်သည့် မဲဆောက် (Mae Sot) မြို့အပေါ် စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။
အသက် ၃၁ နှစ်အရွယ် ဝမ်ကို မဲဆောက်မြို့နှင့် မျက်နှာချင်းဆိုင်က မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာတစ်ခုဆီကနေ ဇန်နဝါရီ ၇ ရက်တွင် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
မီဒီယာများ၏ ဖော်ပြချက်အရ ဝမ်သည် ကရင်နယ်ခြားစောင့်တပ်(BGF) ခေါ် ကရင်အမျိုးသားတပ်မတော် (KNA) ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့မှုအတွက် ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ၎င်းအား ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းရှိသည့် မြို့ကို ထိန်းချုပ်ထားသော ခေါင်းဆောင်များ အစည်းအဝေး လုပ်နေကြစဉ်
ထိုအမှုနှင့်ပတ်သက်ပြီး ထိုင်း၏ ခရီးသွားကဏ္ဍအပေါ် ဆိုးကျိုးများ သက်ရောက်မည့် အခြေအနေမှ တားဆီးရန် အတွက် အစိုးရအဖွဲ့အနေနှင့် အထူးအာရုံစိုက်ပြီး ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံဟာ ကြောက်ဖို့ကောင်းတဲ့ နေရာတစ်ခုအဖြစ် လူမှုကွန်ရက်တွေပေါ်မှာ ကောလာဟလတွေ အများကြီး ပျံ့လာခဲ့ပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ ပြင်ဆင်နေပါတယ်”ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ထို့ပြင် လူမှုမီဒီယာများပေါ်တွင် ပျံ့နေသည့် ကောလာဟလများကို အလေးထား စောင့်ကြည့်ရန်လည်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနကို ပေတုန်တန်က ညွှန်ကြားထားသည်။
ဆိုက်ဘာလုံခြုံရေးနှင့် နည်းပညာကို ဘေးကင်းလုံခြုံစွာ အသုံးပြုစေရေးအတွက် တရုတ် အပါအဝင် သက်ဆိုင်ရာ နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 657
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၁၆
တောင်ကိုရီးယား၏ စုံစမ်းစစ်ဆေးသူများသည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုကြောင့် စွပ်စွဲပြစ်တင် ခံထားရသည့် သမ္မတယွန်းဆော့ရွဲ (Yoon Suk Yeol) ကို ဇန်နဝါရီ ၁၅ ရက်က ၎င်း၏ နေအိမ်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ယွန်ဟက်သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားသမိုင်းတွင် အာဏာလက်ဝယ်ရှိနေစဉ် ဖမ်းဆီးခံရသည့် ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည့် ယွန်းကို ဆိုးလ် (Seoul) မြို့တော် တောင်ဘက် ဂွာချောင် (Gwacheon) မြို့ရှိ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေး ရေးရုံး (CIO) ၏ စုံစမ်းစစ်ဆေးသူများက စစ်ဆေးမေးမြန်းမည်ဖြစ်သည်။
မကြာသေးမီ ရက်ပိုင်းများအတွင်းက စုံစမ်းစစ်ဆေးသူများနှင့် ရဲအရာရှိများသည် ယွန်း၏ နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း သမ္မတလုံခြုံရေးအဖွဲ့များက တားဆီးပိတ်ပင်ခဲ့၍ အောင်မြင်ခဲ့ခြင်းမရှိပေ။
ဇန်နဝါရီ ၁၅ ရက်တွင်မူ အင်အား ၃၀၀၀ ကျော်ရှိသည့် ရဲတပ်ဖွဲ့ဝင်များသည် ယွန်း၏ နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးရန် ချီတက်လာသဖြင့် သွေးထွက်သံယို မဖြစ်စေရန်အတွက် စစ်ဆေးမေးမြန်းမှုခံယူရန် ယွန်းက သဘောတူခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို ဖမ်းလာသော ကားများကို တွေ့ရစဉ်
ယွန်းသည် စစ်ဆေးမေးမြန်းမှု ခံယူပြီးနောက် CIO ရုံး အနီးရှိ ယူအီဝမ် (Uiwang) မြို့ရှိ ဆိုးလ် ထိန်းသိမ်းရေး စင်တာတွင် ထိန်းသိမ်းခံရဖွယ်ရှိကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုကြောင့် ဒီဇင်ဘာ ၁၄ ရက်တွင် လွှတ်တော်၏ စွပ်စွဲပြစ်တင်ခြင်းကို ခံခဲ့ရပြီး သမ္မတတာဝန်များမှ ဆိုင်းငံ့ခံခဲ့ရသည်။
ထို့နောက် ယွန်းသည် ပုန်ကုန်မှု၊ အာဏာအလွဲသုံးမှု စွဲချက်များဖြင့် ရင်ဆိုင်နေရပြီး CIO အရာရှိများ၏ စစ်ဆေး မေးမြန်းမှုကို ခံနေရခြင်းဖြစ်သည်။
သီးခြားဖြစ်စဉ် တစ်ခုအဖြစ် အခြေခံဥပဒေဆိုင်ရာ ခုံရုံးကလည်း ယွန်း၏ စွပ်စွဲပြစ်တင်မှုကို ၆ လအတွင်း ဆုံးဖြတ်ချက် ချသွားမည်ဖြစ်ပြီး ယွန်းကို သမ္မတရာထူးမှ ဖယ်ရှားမည် သို့မဟုတ် သမ္မတအဖြစ် ဆက်လက် ထားရှိမည်ဆိုခြင်းကို စီရင်ချက်ချမည်ဖြစ်သည်။
ယွန်းအနေဖြင့် CIO ၏ စစ်ဆေးမေးမြန်းမှုများတွင် ၎င်းအား စွဲဆိုထားသည့် စွဲချက်များနှင့်ပတ်သက်ပြီး ပြစ်မှုထင်ရှားခဲ့မည်ဆိုပါက ထောင်ဒဏ် ချမှတ်ခံရဖွယ်ရှိသည်။
Source: ယွန်ဟက်
- By CNI
- Category: နိုင်ငံရေး
- Hits: 676
CNI International News
ဘေကျင်း၊ ဇန်နဝါရီ ၁၆
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မကြာသေးမီက ဂရင်းလန်းကျွန်းနှင့် ပနားမားတူးမြောင်းတို့ကို အင်အားသုံးပြီး ရယူသွားမည်ဆိုသည့် မှတ်ချက်စကားများကြောင့် ထိုင်ဝမ်ကို ပိုင်ဆိုင် ရေး တရုတ်အတွက် အခွင့်အလမ်းဖြစ်လာသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက အမေရိကန်သည် ထိုင်ဝမ်နှင့်ပတ်သက်ပြီး တရုတ်ကို ထိန်းထိန်းသိမ်း သိမ်း ဆောင်ရွက်ရန်နှင့် ထိုင်ဝမ်အပေါ် ခြိမ်းခြောက်မှုများလျှော့ချရန် တိုက်တွန်းခဲ့သည်။
သို့သော် လက်ရှိတွင် ထရမ့်က ဂရင်းလန်းကျွန်းကို အင်အားသုံး သိမ်းယူမည်ဟု အရိပ်အမြွက် ပြောကြားခဲ့မှု ကြောင့် ထိုင်ဝမ်အရေးတွင် ယခင် အမေရိကန်အစိုးရများ၏ ရပ်တည်ချက်များကို လျော့ပါးစေခဲ့သည်။
ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး စစ်ရေးအရ ထိပ်တိုက်တွေ့မည့် အခြေအနေနှင့်ပတ်သက်ပြီး ထင်ကြေးပေးမှုများ သည် မကြာမီအချိန်အတွင်း ပြောင်းလဲလာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
အချို့ကမူ ထရမ့်သည် အမေရိကန်၏ သံတမန်ဆက်ဆံရေး စံနှုန်းများကို ပြောင်းလဲပစ်နိုင်သဖြင့် ထိုအခြေအနေ သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်အတွက် အခွင့်အလမ်းများ ပေါ်ပေါက်လာစေနိုင်သည်ဟု သုံးသပ်ခဲ့ ကြသည်။

ထိုင်ဝမ်၊ တရုတ်နဲ့ ကမ္ဘာ့ကြီးကို တွေ့ရစဉ်
ရှန်ဟိုင်း (Shanghai) မြို့ရှိ ဖူဒန်တက္ကသိုလ် ( Fudan University) မှ နိုင်ငံတကာလေ့လာရေးဌာန၏ ပါမောက္ခ တစ်ဦးဖြစ်သူ ကျိုးမင်ဟောင် (Zhao Minghao) ကမူ ဂရင်းလန်းကျွန်း၊ ပနားမားတူးမြောင်း၊ ကနေဒါတို့နှင့် ပတ်သက်သည့် ထရမ့်၏ ခြိမ်းခြောက်မှုများကို အလေးအနက်ထား ဆင်ခြင်သုံးသပ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
သို့သော် ထရမ့်သည် ထိုင်ဝမ်အရေးကဲ့သို့ အတိမ်းအစောင်းမခံသည့် ပြဿနာများနှင့်ပတ်သက်ပြီး သဘောထား တင်းမာခဲ့သည့်တိုင် သူသည် သဘောတူညီချက် ရရှိအောင် လုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ကြောင်း တရုတ်နိုင်ငံရှိ လူအများစုက ယူဆထားဆဲဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဂရင်းလန်းကျွန်းနှင့် ထိုင်ဝမ်အား ချိတ်ဆက်ပုံဖော်သည့် ထင်မြင်ယူဆချက် များကို အခြေအမြစ်မရှိကြောင်း ထုတ်ပြန်ခဲ့သည်။
“ထိုင်ဝမ်အရေးက တရုတ်ရဲ့ ပြည်တွင်းရေး ဖြစ်ပါတယ်။ ထိုင်ဝမ်အရေးကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တရုတ်ပြည်သူတွေနဲ့ပဲ သက်ဆိုင်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 782
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၁၆
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က သူသည် AI နည်းပညာဖြင့် ပြုလုပ်ထား သည့် အွန်လိုင်းပေါ်(ကျားဖြန့်)မှ အလိမ်အညာတစ်ခုကို ယုံကြည်လုဆဲဆဲဖြစ်ခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
အွန်လိုင်းပေါ်မှ လိမ်ညာသူသည် AI နည်းပညာကို အသုံးပြုပြီး အာဆီယံခေါင်းဆောင် တစ်ဦးအဖြစ် ဟန်ဆောင် ကာ ၎င်းအား လိမ်ညာရန် ကြိုးပမ်းခဲ့၍ ပြည်သူများအနေဖြင့် ထိုကဲ့သို့ လိမ်ညာသည့် လှည့်ကွက်များအတွင်း ကျရောက်မသွားစေရန် ပေတုန်တန်က သတိပေးခဲ့သည်။
ကျားဖြန့် လုပ်ငန်းတစ်ခုသည် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံ၏ ခေါင်းဆောင်တစ်ဦး၏ အသံကို AI နည်းပညာဖြင့် ဖန်တီးပြီး ၎င်းအား ဖုန်းခေါ်ဆိုခဲ့ကြောင်း ပေတုန်တန်က ၂၀၂၆ ဘဏ္ဍာနှစ် အသုံးစရိတ်ဆိုင်ရာ မူဝါဒ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထိုလူလိမ်သည် ၎င်း၏ နိုင်ငံကိုယ်စား အလှူငွေများ လှူဒါန်းပေးရန် ပေတုန်တန်အား တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
လူလိမ်သည် လူမှုမီဒီယာတစ်ခုမှ အသံမက်ဆေ့ချ်ကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထိုအသံမက်ဆေ့ချ်ထဲတွင် သူ့ကိုယ်သူ အာဆီယံခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း နိုင်ငံတကာ အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့သည်ဟု ပေတုန်တန်က ပြောသည်။
ပေတုန်တန်ကလည်း အသံမက်ဆေ့ချ်တစ်ခု ပြန်လည်ပေးပို့ခဲ့ရာ လူလိမ်က နောက်ပိုင်းတွင် ၎င်းအား ထပ်ပြီး ဆက်သွယ်မည်ဟု ပြောကြားခဲ့ကြောင်း ဆိုသည်။
ထို့နောက် ည ၁၁ နာရီတွင် အဆိုပါ လူမှုဆက်သွယ်ရေး အက်ပလီကေးရှင်းမှတဆင့် လူလိမ်က ၎င်းအား ဖုန်းခေါ်ဆိုခဲ့သော်လည်း ထိုအချိန်က ပေတုန်တန်သည် အိပ်ပျော်နေသဖြင့် ဖုန်းမကိုင်မိခဲ့ကြောင်း ပြောသည်။
နောက်တစ့် နံနက်ပိုင်းတွင် ပေတုန်တန်သည် missed call ကို တွေ့ရှိခဲ့ပြီးနောက် ဖုန်းမကိုင်မိသည့်အတွက် တောင်းပန်သည့် မက်ဆေ့ချ်ကို ပေးပို့ခဲ့ကာ နောက်တစ်ကြိမ် ဖုန်းခေါ်ရန် လူလိမ်ကို မက်ဆေ့ချ်ပေးပို့ခဲ့သည်။
ထို့နောက် လူလိမ်က အလှူငွေ ထပ်မံတောင်းခံကြောင်း၊ ထိုင်းနိုင်ငံသည် ထိုပြဿနာကို ဖြေရှင်းပေးနိုင်သည့် တစ်ခုတည်းသော အာဆီယံနိုင်ငံဖြစ်သည့်အကြောင်းကို အထောက်အထားမပြဘဲ ပြောဆိုထားသည့် အသံ မက်ဆေ့ချ်ကို ထပ်မံပေးပို့ခဲ့သည်ဟု ဆိုသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ထို့နောက် ပေတုန်တန်သည် သံသယဖြစ်လာကာ ထိုအသံမက်ဆေ့ချ်များ ပေးပို့မှုကို ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီး ပရာဆတ် ချန်တာရာရွန်သွန်း (Prasert Chantararuangthong) အား စုံစမ်းစစ်ဆေးရန် တာဝန်ပေးအပ်ခဲ့သည်။
ထို့နောက် ၎င်းအား အသံမက်ဆေ့ချ် ပေးပို့သူသည် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံ၏ ခေါင်းဆောင် မဟုတ်ဘဲ အွန်လိုင်းမှ ငွေလိမ်သူ တစ်ဦးဖြစ်နေကြောင်း စုံစမ်းသိရှိခဲ့ရသည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
အလားတူ ပြည်သူများကိုလည်း ထိုကဲ့သို့ အွန်လိုင်းမှ လိမ်ညာမှုများကို သတိရှိကြရန် ပေတုန်တန်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 681
CNI International News
ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၁၅
နေတိုးအဖွဲ့ခေါင်းဆောင် မာ့ခ် ရူတီ (Mark Rutte) က အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မှန်ကန်သည့် လုပ်ဆောင်ချက်များ အများအပြားရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု DW သတင်းတွင် ဖော်ပြခဲ့သည်။
ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်သည့် ဂရင်းလန်း (Greenland)ကျွန်းကို ထရမ့်က အရယူမည့် အစီအစဉ်နှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကိုခံရချိန်တွင် ရူတီက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဥရောပနိုင်ငံများအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို မြှင့်တင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
ရူတီ၏ ပထမဆုံးအကြိမ် ဥရောပလွှတ်တော် ခရီးစဉ်တွင် ရုရှား၏ ခြိမ်းခြောက်မှုများ၊ လက်နက်ခဲယမ်းများ အကြောင်းကို ဆွေးနွေးခဲ့ကြသော်လည်း အကြီးမားဆုံး အကြောင်းအရာမှာ ဂရင်းလန်းကျွန်းကို အရယူရန် အတွက် အင်အားသုံး လုပ်ဆောင်မည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည့် ထရမ့်၏ မှတ်ချက်စကားများဖြစ်သည်။

ဂရင်းလန်းကျွန်းကို တွေ့ရစဉ်
ထရမ့်နှင့်ပတ်သက်သည့် မေးခွန်းကို ရူတီက တိုက်ရိုက် ဖြေကြားခဲ့ခြင်းမရှိဘဲ “အမေရိကန် အစိုးရအဖွဲ့သစ်ဟာ လာမယ်အပတ်မှာ စတင်ရုံးထိုင်တော့မှာပါ။ အမေရိကန်က လူတွေဆီကနေ သတင်းတွေကိုလည်း ကြားရပါ တယ်။ ဒါပေမယ့် ဒီအကြောင်းကိုတော့ နောက်တစ်ပတ်ကျော်မှ ပြောကြတာပေါ့”ဟု ပြောကြားခဲ့သည်။
“ထရမ့်ဟာ အကြိမ်ပေါင်းများစွာ မှန်ကန်ခဲ့ပါတယ်။ ကျနော်တို့ သူနဲ့ စကားပြောဖို့ လိုပါတယ်။ ဒီကိစ္စမှာ ဒိန်းမတ် ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင် (Mette Frederiksen) ရဲ့ ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံကိုလည်း ကျနော် သဘောကျပါတယ်။ သူက ဂရင်းလန်းကျွန်းနဲ့ ပတ်သက်ပြီး ထရမ့်ကို ချက်ချင်း တုန့်ပြန်တာမျိုး မလုပ်ခဲ့ပါဘူး”ဟု ရူတီက ပြောကြားခဲ့သည်။
လက်ရှိ ပိုပြီးအရေးကြီးသည့် ကိစ္စမှာ အာတိတ်ဒေသအရေး ကိစ္စဖြစ်ပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အာတိတ်ဒေသမှ ရေခဲများ အရည်ပျော်လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေနိုင် ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် နေတိုးမဟာမိတ်များ အနေဖြင့် ထိုအရေးကိစ္စကို ပိုမိုအာရုံစိုက် ဆွေးနွေးရန် လိုအပ်သည်ဟု နေတိုး အကြီးအကဲက ပြောသည်။
“ဂရင်းလန်းကျွန်းကို ဘယ်သူက ထိန်းချုပ်ထားတယ်ဆိုတာထက် အာတိတ်ရေခဲတွေ အရည်ပျော်တာက ပိုပြီး အရေးကြီးပါတယ်။ အာတိတ်ဒေသ ဘေးကင်းလုံခြုံဖို့ သေချာလုပ်ဆောင်ရမှာပါ။ ဥရောပဟာလည်း အမေရိကန် အပေါ် မှီခိုအားထားနိုင်ပါတယ်”ဟု ရူတီက ပြောသည်။
အတ္တလန္တိတ် ဖြတ်ကျော် ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူ ဘရူနို လက်တီ (Bruno Lete) ကမူ ရူတီအနေဖြင့် နေတိုးအဖွဲ့အပေါ်ထားရှိသည့် ထရမ့်၏ သဘောထားအပေါ် ဟန်ချက်ညီစွာ ထိန်းသိမ်းသင့်ကြောင်း ပြောကြားခဲ့ သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 801
CNI International News
ဘေကျင်း၊ ဇန်နဝါရီ ၁၅
တရုတ်သိပ္ပံပညာရှင်များသည် အလွန်စွမ်းအား ပြင်းထန်သည့် စွမ်းအင်လက်နက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပြီး စမ်းသပ်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုလက်နက်သည် စွမ်းအင်မြင့် မိုက်ခရိုဝေ့ဗ်(HPM) ပစ္စည်းတစ်ခုဖြစ်ကာ စမ်းသပ်ဆဲ အဆင့်တွင်ရှိကြောင်း သိရသည်။
အဆိုပါ လက်နက်သည် နျူကလီးယား ပေါက်ကွဲမှုကဲ့သို့ လျှပ်စစ်သံလိုက် ပေါက်ကွဲမှုများကို ဖန်တီးနိုင်ကြောင်း၊ ထိုပေါက်ကွဲမှုများကြောင့် ရန်သူ့ လက်နက်များအတွင်းရှိ အီလက်ထရောနစ်စနစ်များ ပျက်စီးခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်ခြင်းတို့ ဖြစ်စေနိုင်သည်။
ထိုလက်နက်သည် ပြင်းထန်သည့် လျှပ်စစ်သံလိုက် ပေါက်ကွဲမှု အကြိမ်ရေ ၅၀၀၀ ကျော်အထိ မပျက်စီးနိုင်ဘဲ စွမ်းအင် ၁ မဂ္ဂါဝပ်ကျော်ကို အသုံးပြုနိုင်သည်။
ထိုလက်နက်သည် Starlink ကဲ့သို့ ဆက်သွယ်ရေး ဂြိုဟ်တုများက အသုံးပြုသည့် Ku-band စလောင်းဖြင့် စွမ်းအင်ပေါက်ကွဲမှုများကို ထုတ်လွှတ်နိုင်သည်။
တရုတ်စစ်တပ်သည် ဂြိုဟ်တုများကို ပစ်မှတ်ထားရန်အတွက် ထိုစွမ်းအင်လက်နက်ကို တီထွင်ခဲ့ခြင်းဖြစ်သည်။

တရုတ်ထုတ်နေတဲ့ လက်နက်အသစ်ကိုတွေ့ရစဉ်
ထိုလက်နက်သည် စမ်းသပ်ဆဲ အဆင့်မှာပင် ရှိနေဆဲဖြစ်ပြီး အသုံးပြုရန် အဆင်သင့် မဖြစ်သေးပေ။
တရုတ်သိပ္ပံပညာရှင်များက အခြားအရာများကို ထိခိုက်စေခြင်းမရှိဘဲ ရန်သူများ၏ လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ် သံလိုက်လှိုင်းများကိုသာ ဖျက်ဆီးနိုင်ရည် ရည်ရွယ်ထားခြင်းဖြစ်သည်။
တရုတ်စစ်တပ်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ထိုစွမ်းအင် လက်နက်သည် ယခင် စစ်တပ်၏ လက်နက်စနစ် အဟောင်းများနှင့်မတူဘဲ တမူထူးခြားသည့် နည်းပညာကို အသုံးပြုထားခြင်း ဖြစ်သည်။
တရုတ်သိပ္ပံပညာရှင်များအနေဖြင့် ထိုလက်နက်ကို အသုံးပြုရန် အဆင်သင့် အနေအထားသို့ ရောက်ရှိစေရန် အတွက် စမ်းသပ်မှုများ ထပ်မံပြုလုပ်ရမည်ဖြစ်ပြီး နည်းပညာ အခက်အခဲများနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိနေသည်။
ထိုစွမ်းအင် လက်နက်အကြောင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက တရုတ်၏ High Power Laser and Particle Beams ဂျာနယ်တွင် မိုက်ခရိုဝေ့ဗ် နည်းပညာကျွမ်းကျင်သူ ဟူရှန်းကန်း (Hu Xianggang) က ရေးသားဖော်ပြခဲ့ သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 558
CNI International News
ဒမတ်စကတ်၊ ဇန်နဝါရီ ၁၄
ဆီးရီးယားနိုင်ငံတွင် အာဏာရှင် ဘာရှာအာဆတ် (Bashar Assad)အစိုးရ ပြုတ်ကျသွားမှုကြောင့် ဆီးရီးယားရှိ ရုရှားစစ်စခန်းများ၏ အနာဂတ်သည် မရေရာမှုများနှင့် ရင်ဆိုင်နေရကာ အာဖရိကတွင်လည်း ရုရှား၏ ဩဇာ လွှမ်းမိုးမှုကို အားနည်းသွားစေနိုင်ကြောင်း DW သတင်းတွင် ဖော်ပြခဲ့သည်။
လက်ရှိတွင် ဆီးရီးယား၏ တာတပ်စ် (Tartus) မြို့ရှိ ရုရှားရေတပ်စခန်းနှင့် Hmeimim မြို့ရှိ ရုရှားလေတပ်စခန်း တို့သည် ရုရှားနိုင်ငံအပြင်ဘက်တွင် တပ်စွဲထားသည့် တစ်ခုတည်းသော စစ်စခန်းများ ဖြစ်လာခဲ့သည်။
ထိုရေတပ်စခန်းနှင့် လေတပ်စခန်းသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတွင် ရုရှား၏ စစ်ရေးလှုပ်ရှားမှုများ အတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အာဖရိကမှာ ရုရှားအလံကို တွေ့ရစဉ်
ထို့ကြောင့် ဆီးရီးယားရှိ ထိုစစ်စခန်းများကို လက်လွှတ်လိုက်ရမည်ဆိုပါက မာလီ၊ ဖာကီနာဖာဆို၊ နိုက်ဂျာ၊ ဗဟို အာဖရိကသမ္မတနိုင်ငံနှင့် လစ်ဗျားနိုင်ငံတို့ရှိ ရုရှား၏ အာဖရိကတပ်ဖွဲ့များ (ယခင် ဝဂ်နာအုပ်စု-Wagner Group ဟု လူသိများ) အတွက် ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း ဆီနီဂေါနိုင်ငံရှိ လုံခြုံရေးကျွမ်းကျင်သူ ဘီဗာလေ အော့ခီယန် (Beverly Ochieng) က ပြောကြားခဲ့သည်။
“ဆီးရီးယားနိုင်ငံမှာ ဖြစ်ပျက်သွားတဲ့ အခြေအနေတွေကြောင့် မာလီမှာရှိတဲ့ အယ်ကေဒါအဖွဲ့ဟာ အောင်ပွဲခံနေပြီး ရုရှားနဲ့ မာလီအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို လျော့ပါးစေဖို့အတွက် အယ်ကေဒါတွေက လုပ်ဆောင် လာနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
ရုရှား၏ ကြေးစားစစ်သားများသည် ဆာဆယ်ဒေသရှိ နိုင်ငံများ (Sahel countries) ၏ စစ်အစိုးရများကို အာဏာ ဆက်တည်မြဲစေရန် ကူညီပေးခဲ့သည်။

ရုရှားရေတပ်ကို တွေ့ရစဉ်
ရုရှားသည် ထိုနိုင်ငံများရှိ ကြေးစားစစ်သားများကို ထောက်ပံ့ရန် ဆီးရီးယားရှိ စစ်စခန်းများကို အသုံးပြုခဲ့သော် လည်း လက်ရှိတွင် ဆီးရီးယားရှိ ရုရှားစစ်စခန်းများ၏ အနာဂတ်သည် မရေရာသည့် အခြေအနေနှင့် ရင်ဆိုင် နေရသည်။
ထို့ကြောင့် ဆာဟယ်ဒေသရှိ ရုရှား၏ အာဖရိကတပ်ဖွဲ့များနှင့် စစ်အစိုးရများသည် ရုရှားထံမှ အကူအညီကို ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်လာခဲ့ရသည်။
ထိုအခြေအနေမျိုးတွင် ရုရှားက ထိရောက်စွာ ကူညီပေးနိုင်ခြင်း မရှိပါက အာဖရိက၌ ရုရှား၏ ဩဇာအာဏာသည် ကျဆင်းလာဖွယ်ရှိကြောင်း အော့ခီယန်က ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 750
CNI International News
ဟောင်ကောင်၊ ဇန်နဝါရီ ၁၄
ဟောင်ကောင်ဒေသခံများသည် ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် လူကုန်ကူးပြီး အတင်း အဓမ္မ အလုပ်စေခိုင်း ခံခဲ့ရသည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဟောင်ကောင်သည် အထူးတပ်ဖွဲ့တစ်ဖွဲ့ ကို ထိုင်းနိုင်ငံသို့ စေလွှတ်ပြီး ဖြန့်ကြက်ချထားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
လုံခြုံရေးဗျူရို (SB) တပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးမှ အရာရှိများ၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများ အပါအဝင် ထိုင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး ခဲ့သည်ဟု Hong Kong Free Press က ဇန်နဝါရီ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။
ပြီခဲ့သည့် နှစ်လယ်ပိုင်းကတည်းက ဟောင်ကောင်အာဏာပိုင်များသည် အကူအညီ တောင်းခံသည့် တောင်းဆို ချက် ၂၈ ခုကို လက်ခံရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။
ထိုဖြစ်စဉ်များအနက် လူ ၁၆ ဦးသည် ဟောင်ကောင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး ကျန် ၁၂ ဦးသည် ပျောက်ဆုံးနေဆဲဖြစ်သော်လည်း ၎င်းတို့သည် ဘေးကင်းလုံခြုံပြီး မိသားစုနှင့် အဆက်အသွယ် ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဟောင်ကောင်အထူးတပ်ဖွဲ့ ထိုင်းကို ရောက်လာစဉ်
ထိုအမှုများနှင့်ပတ်သက်ပြီး ဟောင်ကောင်၏ SB အရာရှိများ ဟောင်ကောင်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်များနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများသည် ထိုင်းသို့ ဇန်နဝါရီ ၁၂ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
လူမှောင်ခို ကူးခံရသူများအနက် တစ်ဦး၏ မိသားစုကမူ ကယ်လ်ဗင် (Kelvin) အမည်ရှိ ၎င်းတို့၏ မိသားစုဝင် တစ်ဦးသည် မြန်မာနိုင်ငံ၏ စိုက်ခင်းတစ်ခုတွင် အလုပ်လုပ်ရမည်ဟု လိမ်ညာ ခေါ်ဆောင်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
မကြာသေးမီက ထိုင်း-မြန်မာ နယ်စပ်တွင် တရုတ်သရုပ်ဆောင်မင်းသား ဝမ်ရှင်း (Wang Xing) ကို ပြန်လည် ကယ်တင်နိုင်ခဲ့ပြီးနောက် ကယ်လ်ဗင်သည် ၎င်းအား ကယ်ထုတ်ပေးရန် ဟောင်ကောင်ရှိ ထိုင်းကောင်စစ်ဝန်ရုံးထံ အသနားခံလျှောက်ထားခဲ့သည်။
တရုတ်မင်းသား ဝမ်အား ကယ်တင်နိုင်ခဲ့မှုသည် တရုတ်အာဏာပိုင်များ အနေဖြင့် လူကုန်ကူးခံခဲ့ရသည့် တရုတ် နိုင်ငံသားများကို ပြန်လည် ကယ်တင်နိုင်စွမ်းရှိသည်ကို ပြသရာရောက်ကြောင်း နစ်နာသူများ၏ မိသားစုများက ယုံကြည်ထားကြသည်။
Source: Thai PBS World
