- By CNI
- Category: နိုင်ငံရေး
- Hits: 690
CNI International News
အော့တဝါ၊ ဇန်နဝါရီ ၇
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒိုး (Justin Trudeau) သည် ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
သူသည် လက်ရှိအချိန်အထိ အပြီးသတ် ဆုံးဖြတ်ချက်ကို မချမှတ် ရသေးသော်လည်း ရာထူးမှ နုတ်ထွက်ချင် နေကြောင်း ထရူဒိုးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Globe and Mail သတင်းစာကို ဇန်နဝါရီ ၄ ရက်က ပြောကြားခဲ့သည်။
ထရူဒိုးသည် ကနေဒါ၏ အာဏာရပါတီဖြစ်သည့် လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်တာဝန်ကို ၉ နှစ်ကြာ ထမ်းဆောင်ပြီးနောက် ရာထူးမှ နုတ်ထွက်မည့်အကြောင်းကို ဇန်နဝါရီ ၆ ရက်တွင် ကြေညာဖွယ်ရှိသည် ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ထရူးဒိုးသည် ရာထူးမှ နုတ်ထွက်သွားမည်ဆိုပါက လစ်ဘရယ်ပါတီသည် ခေါင်းဆောင်ရှိတော့မည် မဟုတ်ဘဲ နောက်ထပ် ခေါင်းဆောင်အသစ်ကို အလျင်အမြန် ရွေးချယ်ရမည်ဖြစ်သည်။
မကြာသေးမီက ပြုလုပ်သည့် စစ်တမ်းများတွင်မူ လစ်ဘရယ်ပါတီသည် အောက်တိုဘာ လကုန်ပိုင်းတွင် ပြုလုပ် မည့် ရွေးကောက်ပွဲ၌ အတိုက်အခံ ကွန်ဆာဗေးတစ်များကို ရှုံးနိမ့်ဖွယ်ရှိကြောင်း ရလဒ်များ ထွက်ပေါ်ခဲ့သည်။

ကနေဒါဝန်ကြီးချုပ် ထရူဒိုးကို တွေ့ရစဉ်
ထရူဒိုးသည် ရာထူးမှ ထွက်ခွာမည့် အစီအစဉ်ကို မည်သည့်အချိန်တွင် ကြေညာလိမ့်မည်ဆိုခြင်းအား အသေးစိတ် မသိရသေးသော်လည်း ဖေဖော်ဝါရီ ၈ ရက်တွင် ပြုလုပ်မည့် လစ်ဘရယ် လွှတ်တော်အမတ်များ၏ အရေးပေါ် အစည်းအဝေးမတိုင်မီ နုတ်ထွက်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် လူထုစစ်တမ်းများတွင် လွှတ်တော်အတွင်း လစ်ဘရယ်များ များပြားလာမှုကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး ထိုလစ်ဘရယ်များက ထရူဒိုးကို ရာထူးမှနုတ်ထွက်ရန် လူသိရှင်ကြား တိုက်တွန်းခဲ့ သည်။
ယခုထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ဝန်ကြီးချုပ်ရုံးက တုန့်ပြန်ခဲ့ခြင်းမရှိပေ။
ထရူဒိုးသည် နောက်ထပ် လစ်ဘရယ် ခေါင်းဆောင်သစ်တစ်ဦး ရွေးချယ်ပြီးသည့် အချိန်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူရန် ရှိ/မရှိနှင့် ချက်ချင်း နုတ်ထွက်ရန် အစီအစဉ် ရှိ/မရှိကို တိကျစွာမသိရကြောင်း Globe and Mail သတင်းစာက ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 709
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၇
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra)က သူသည် ဝန်ကြီးချုပ်ရာထူးကို ထပ်မံ ရယူရန် ကြိုးပမ်းသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ်ရာထူး နေရာထက် ထိုင်းနိုင်ငံသားများ၏ စားဝတ်နေရေး ပိုမိုကောင်းမွန်စေရန်နှင့် သမီးဖြစ်သူ ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) ၏ နိုင်ငံရေးလှုပ်ရှားမှုကို ကူညီပေးသွားမည်ဖြစ်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။
သက်ဆင်သည် ဖြူးထိုင်းပါတီအောက်တွင် ချင်းရိုင် (Chiang Rai) ပြည်နယ်၊ အုပ်ချုပ်ရေးအဖွဲ့ (PAO) ဥက္ကဋ္ဌ နေရာအတွက် ယှဉ်ပြိုင်နေသည့် ဆလာကစ် တီယာပိုင်ရတ် (Salakjit Tiyapairat) အတွက် မဲဆွယ်သည့် အခမ်းအနားတစ်ခုတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေတုန်တန်ကို တွေ့ရစဉ်
နိုင်ငံ၏ ပြည်သူ့ကြွေးမြီများကို လျှော့ချရန်၊ ယခုနှစ်အတွင်း မီတာခများကို တစ်ယူနစ်လျှင် ၃ ဒသမ ၇၀ ဘတ် အထိ လျှော့ချပေးရန်လည်း သက်ဆင်က ပြောကြားခဲ့သည်။
ဖြူးထိုင်းပါတီကလည်း မြင့်တက်လာသည့် နိုင်ငံ့ကြွေးမြီပြဿနာကို ဖြေရှင်းရန်အတွက် အချိန် ၂ နှစ်ပေးရန် တောင်းဆိုထားသည်။
ထိုင်းနိုင်ငံ ရင်ဆိုင်နေရသည့် အဓိကပြဿနာမှာ ပြည်သူ့ဝန်ဆောင်မှု အပါအဝင် ကဏ္ဍအသီးသီးတွင် မိတ်ဖက် ဆက်ဆံမှုများ ထိရောက်မှုမရှိဘဲ အားနည်းနေခြင်းဖြစ်သည်ဟု ရှုမြင်ရကြောင်း သက်ဆင်က ပြောကြားခဲ့သည်။
အစိုးရအဖွဲ့သည် ရည်မှန်းချက်များ ပြည့်မြောက်စေရန်နှင့် ပြည်သူ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြင့်တက် စေရန် ထိတွေ့ဆက်ဆံမှုများပြု လုပ်နေကြောင်း သက်ဆင်က ပြောကြားခဲ့သည်။

လျှပ်စစ်မီး အညွန်းကိန်းကိုတွေ့ရစဉ်
ထို့ပြင် လျှပ်စစ်ဓာတ်အားခများအတွက် မီတာခများကို တစ်ယူနစ်လျှက် ၃ ဒသမ ၅၀ ဘန်အထိ လျှော့ချပေးရန် အစောပိုင်းက ရည်မှန်းထားသော်လည်း ၃ ဒသမ ၇၀ ဘတ်အထိ လျှော့ချပေးမည်ဟုလည်း သက်ဆင်က ကတိပြုခဲ့သည်။
မီတာခများ အပါအဝင် တိရစ္ဆာန်အစာများ၊ မြေသြဇာများနှင့် ဆေးဝါးများ၏ ဈေးနှုန်းများကို တစ်နှစ်အတွင်း လျှော့ချပေးမည်ဖြစ်ကြောင်း သက်ဆင်က ကတိပြုခဲ့သည်။
ထို့ပြင် အစိုးရ၏ ၂၀၂၅ ခုနှစ် အတွက် အဓိကဦးစားပေး လုပ်ဆောင်မည့် အချက် ၃ ချက်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အွန်လိုင်း ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးနှင့် ဈေးကွက် လက်ဝါးကြီးအုပ်မှုကို တိုက်ဖျက်ရေးတို့ ဖြစ်ကြောင်းလည်း သက်ဆင်က ပြောကြားခဲ့သည်။
ထိုပွဲကို တက်ရောက်လာသူများက သက်ဆင်အား ဝန်ကြီးချုပ်ရာထူးကို နောက်တစ်ကြိမ် ရယူရန် ရှိ/မရှိ မေးမြန်းချိန်တွင် သက်ဆင်က ၎င်းသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သဖြင့် ဝန်ကြီးချုပ်အဖြစ် နောက်တစ်ကြိမ် တာဝန်ထမ်းဆောင်တော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 551
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၆
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) သည် ဇန်နဝါရီ ၅ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းနှင့် ကြုံတွေ့နေရချိန်တွင် ဘလင်ကင်၏ ခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွင်း ဘလင်ကင်သည် တောင်ကိုရီးယား ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ဘလင်ကင်သည် ဇန်နဝါရီ ၆ ရက်တွင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုတေးယူလ် (Cho Tae-yul) နှင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။
ဘလင်ကင်သည် တောင်ကိုရီးယား ခရီးစဉ်အပြီးတွင် ဂျပန်နှင့် ပြင်သစ်တို့ကိုလည်း သွားရောက် မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဘလင်ကင်ကို တွေ့ရစဉ်
ထိုခရီးစဉ်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) စတင်ရုံးမထိုင်မီ အချိန်တွင် ဘလင်ကင်၏ နောက်ဆုံး သံတမန်ခရီးစဉ်တစ်ခု ဖြစ်လာနိုင်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
"ဘလင်ကင်နဲ့ ချိုတို့ဟာ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေး၊ တောင်ကိုရီးယား-အမေရိကန်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေး၊ မြောက်ကိုရီးယားအရေး၊ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ အကြောင်းကို ဆွေးနွေးသွားမှာပါ" ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယား ခရီးစဉ်အပြီးတွင် ဘလင်ကင်က ဂျပန်နိုင်ငံ၊ တိုကျို (Tokyo) မြို့တော်သို့ သွားရောက်ရန် စီစဉ်ထားပြီး ဂျပန်နှင့် ဆက်ဆံရေးကို ဆွေးနွေးမည်ဖြစ်သည်။
တောင်ကိုရီးယားတွင် ပြီးခဲ့သည့်လက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည့် သမ္မတယွန်းဆော့ရွဲ (Yoon Suk Yeol) သည် လက်ရှိမှာတော့ စွပ်စွဲပြစ်တင်ခံထားရပြီး သမ္မတတာဝန်မှ ဆိုင်းငံ့ခံထားရသည်။
ယွန်းသည် မကြာသေးမီ လများအတွင်း အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား ခေါင်းဆောင်များ ပြုလုပ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ဖူးသူဖြစ်သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 532
CNI International News
ကိယက်ဗ်၊ ဇန်နဝါရီ ၆
ရုရှား၏ ကာ့စ်ဒေသတွင် ရုရှားနှင့်မြောက်ကိုရီးယား စစ်သားများ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ကာ့စ်ဒေသတွင် မြောက်ကိုရီးယားစစ်သား ၁၁,၀၀၀ ခန့် ဖြန့်ကြက်ချထားကြောင်း ယူကရိန်းနှင့် အနောက်နိုင်ငံ များက ခန့်မှန်းခဲ့သည်။
ထိုဒေသကို ယူကရိန်းတပ်ဖွဲ့များက ပြီးခဲ့သည့်နှစ် ဩဂုတ်လက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရုရှား၏ နယ်မြေများကို သိမ်းယူထားခဲ့သည်။
ယူကရိန်းနယ်စပ်နှင့် သိပ်မဝေးသည့် မက်ခါနော့ဗ်ကာ ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ယူကရိန်း စစ်ဦးစီးချုပ် အိုလက်ဇန်းဒါး ဆိုစကီး (Oleksandr Syrskyi) ထံမှ သတင်းရရှိခဲ့ကြောင်း ဇာလန်းစကီးက ဗီဒီယို မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
"ရုရှားနယ်စပ်က မက်ခါနော့ဗ်ကာ ကျေးရွာအနီးမှာ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မြောက်ကိုရီးယား ခြေလျင်တပ်ရင်း တစ်ရင်းနဲ့ ရုရှားလေထီးစစ်သားတွေ သေဆုံးခဲ့ပါတယ်။ ထိခိုက်ဆုံးရှုံးမှု တော်တော်များတယ်လို့ ကြားသိရပါတယ်" ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းစစ်သားတစ်ဦးနဲ့ ဒရုန်းတစ်စင်းကို တွေ့ရစဉ်
ဇာလန်းစကီး၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက လွတ်လပ်စွာ အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။
မြောက်ကိုရီးယား စစ်သားများသည် ရုရှားတပ်ဖွဲ့များ၏ အကာအကွယ်ကို မရခဲ့ဘဲ ကာ့စ်ဒေသတွင် သေဆုံးခဲ့ သည့် မြောက်ကိုရီးယား စစ်သားများရှိခဲ့ကြောင်း ဇာလန်းစကီးက ပြီးခဲ့သည့် သီတင်းပတ်၌ ပြောကြားခဲ့သည်။
မြောက်ကိုရီးယား စစ်သားများသည် ဖမ်းဆီးခံရမည့် အရေးကို ရှောင်လွှဲရန်အတွက် ကိုယ့်တပ်ဖွဲ့ဝင်များကို ကိုယ်တိုင်ပြန်ပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်အချို့လည်း ရှိခဲ့ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။
လက်ရှိတွင် ရုရှားနှင့် ယူကရိန်း တပ်ဖွဲ့များအကြား ရှေ့တန်း စစ်မျက်နှာပြင် တစ်လျှောက် တိုက်ပွဲများ ဖြစ်ပွား နေပြီး ပိုကရော့ဗ်စ် (Pokrovsk) မြို့အနီးတွင် တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 535
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၆
အာဏာပိုင်များက ယွန်းကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုအတွက် ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းနေချိန်တွင် ဆန္ဒပြသူများက ယွန်းကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
တောင်ကိုရီးနိုင်ငံတွင် နှင်းများထူထပ် သိပ်သည်းစွာ ကျဆင်းနေပြီး ရာသီဥတု အလွန်အေးနေသည့်တိုင် ပြည်သူများသည် သမ္မတယွန်းဆော့ရွဲ( Yoon Suk Yeol) ၏ နေအိမ်အနီးတွင် တစ်ညလုံးစုရုံး ဆန္ဒပြခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီမှ စုံစမ်းစစ်ဆေးသူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဝရမ်းဖြင့် ယွန်း၏ နေအိမ်အတွင်း ဝင်ရောက်ပြီး ယွန်းကိုဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ယွန်း၏ လုံခြုံရေး အစောင့်များ၏ ဟန့်တားမှုကြောင့် အောင်မြင်ခြင်းမရှိခဲ့ပေ။
ယွန်းအား ဖမ်းဝရမ်းထုတ်သည့် သက်တမ်းကာလသည် ဇန်နဝါရီ ၆ ရက်တွင် သက်တမ်းကုန်မည်ဖြစ်ပြီး ထိုဖမ်းဝရမ်းကာလကို သက်တမ်း ထပ်တိုးနိုင်မည်ဖြစ်သည်။

နှင်းများကြား ဆန္ဒပြနေကြစဉ်
ဖမ်းဝရမ်း သက်တမ်းမကုန်မီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်များက ယွန်း၏ နေအိမ်ကို ဝင်ရောက်စီးနင်းရန် စုံစမ်းစစ်ဆေးသူများအား ထပ်မံစေလွှတ်ရန် ရှိ/မရှိကို မသိရသေးပေ။
ယွန်း၏ သမ္မတဆိုင်ရာ လုံခြုံရေးအဖွဲ့ကမူ သမ္မတနေအိမ်၏ ဂိတ်တံခါးအနီးတွင် သံဆူးကြိုးများ တပ်ဆင်ထားသည်။
ထိုလုပ်ဆောင်မှုသည် စုံစမ်းစစ်ဆေးသူများ၏ နောက်ထပ် စီးနင်းဝင်ရောက်မှုများကို တားဆီးသည့် အစီအစဉ် တစ်ခုဖြစ်သည်။
ဒီဇင်ဘာ ၃၁ ရက်က ဆိုးလ်တရားရုံးက ယွန်းကို ထိန်းသိမ်းရန် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခွင့် ဝရမ်းကိုလည်း သီးခြားထုတ်ပြန်ခဲ့သည်။
ယွန်းသည် စုံစမ်းစစ်ဆေးသူများ၏ စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်မှုကို ၃ ကြိမ်တိုင်တိုင် ငြင်းဆိုခဲ့ပြီး ၎င်း၏ ရုံးခန်းအား ဝင်ရောက်ရှာဖွေမှုကိုလည်း တားဆီးခဲ့သဖြင့် တရားရုံးက ဖမ်းဝရမ်းနှင့် ရှာဖွေခွင့် ဝရမ်းများ ထုတ်ခဲ့ခြင်းဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 650
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၄
ထရမ့်၏ နောက်တက်လာမည့် အစိုးရအဖွဲ့သည် တောင်ကိုရီးယားတွင်ရှိသည့် အမေရိကန်စစ်သားများ၏ အခန်းကဏ္ဍကို ပြန်လည်ချိန်ညှိပြီး ထိုစစ်သားများသည် မြောက်ကိုရီးယားအရေးထက် တရုတ်ကို ပိုမိုအာရုံ စိုက်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ထိပ်သီးကာကွယ်ရေး အရာရှိနေရာ ရွေးချယ်မှုသည် ထရမ့်၏ မူဝါဒအပြောင်းအလဲကို ပြသရာရောက်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထရမ့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း ကာကွယ်ရေးမဟာဗျူဟာ လက်ထောက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အဲလ်ဘရစ် ကိုလ်ဘီ (Elbridge Colby) ကို ဒီဇင်ဘာ ၂၂ ရက်က ကာကွယ်ရေးမူဝါဒ ဒုနိုင်ငံခြားရေးဝန်ကြီး ရာထူးနေရာအတွက် ရွေးချယ်ကြောင်း ကြေညာခဲ့သည်။
ထိုရာထူးနေရာသည် ပင်တဂွန်တွင် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒအတွက် တာဝန်ယူရသည့် နံပါတ် ၃ ရာထူးနေရာ ဖြစ်သည်။

ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ထရမ့်၏ Truth Social လူမှုမီဒီယာတွင်လည်း ကိုလ်ဘီသည် အမေရိကန်၏ စစ်အင်အားကို ပြန်လည်ထိန်းသိမ်း ရန်နှင့် ခွန်အားပြပြီး ငြိမ်းချမ်းရေးကို ရရှိစေသည့် မူဝါဒကို အကောင်အထည်ဖော်ရန် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံထားရသည့် ပိတ် ဟက်ဆက်(Pete Hegseth) နှင့် အနီးကပ် တာဝန်ထမ်းဆောင်လိုကြောင်း ရေးသားခဲ့ သည်။
အမေရိကန်စစ်တပ်၏ အရင်းအမြစ်များသည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ မြင့်တက်လာသည့် ဩဇာ အာဏာကို တန်ပြန်သော မဟာဗျူဟာအပေါ်၌ အခြေတည်ထားသင့်ကြောင်း ကိုလ်ဘီက ပြောကြားခဲ့သည်။
ဥရောပနှင့် အခြားဒေသများကို အာရုံစိုက်ခြင်းထက် တရုတ်ကို အာရုံပိုစိုက်သင့်ကြောင်း၊ ယူကရိန်းနှင့် အရှေ့ အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲများအား အဆုံးသတ်မည်ဆိုသည့် ထရမ့်၏ မဲဆွယ် ကတိကဝတ် များကိုလည်း သဘောတူကြောင်း ပြောကြားခဲ့သည်။
အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်၏ အစဉ်အလာရှိသည့် မဟာဗျူဟာများနှင့် အဓိကကွဲလွဲနေသည့် အချက်က ကိုလ်ဘီ၏ မူဝါဒသည် တောင်ကိုရီးယားတွင်ရှိသော အမေရိကန်စစ်သားများကို အဓိကအခန်းကဏ္ဍ၌ ထားရှိခြင်း ဖြစ်သည်။
အမေရိကန်၏ ယခင်မဟာဗျူဟာများမှာ တောင်ကိုရီးယားတွင် တပ်စွဲထားသည့် အမေရိကန်စစ်သားများသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို အဓိကဦးစားပေးပြီး တုန့်ပြန်ရန်ဖြစ်သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 592
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၄
တောင်ကိုရီးယားစုံစမ်းစစ်ဆေးသူများသည် ဇန်နဝါရီ ၃ ရက်က သမ္မတ ယွန်းဆော့ရွဲ (Yoon Suk Yeol) ၏ နေအိမ်အတွင်းသို့ ဝင်ရောက်ပြီး ဖမ်းဝရမ်းဖြင့် ဖမ်းဆီးမည့် အစီအစဉ်ကို ဆိုင်းငံ့ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
စုံစမ်းစစ်ဆေးရေး အရာရှိများသည် သမ္မတယွန်းအား အောင်မြင်ခဲ့ခြင်း မရှိသည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာ မှုနှင့်ပတ်သက်ပြီး ယွန်းအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း သမ္မတ၏ လုံခြုံရေးအစောင့်များနှင့် နာရီပေါင်း များစွာကြာ တွန်းထိုးမှုများဖြစ်ပွားခဲ့သည်။
တောင်ကိုရီးယား ရဲတပ်ဖွဲ့ဝင်များနှင့် စုံစမ်းစစ်ဆေးရေးအရာရှိ ၈၀ ခန့်က ဒီဇင်ဘာ ၃ ရက် နံနက် အစောပိုင်း ကတည်းက သမ္မတအိမ်တော်ဝင်းအတွင်း ဝင်ရောက်ခဲ့ကြသည်။
အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံး (CIO) မှ အရာရှိများနှင့် ရဲတပ်ဖွဲ့ဝင် ၈၀ ခန့်သည် ယွန်း၏ နေအိမ်အနီး မီတာ ၁၀၀ ခန့်သို့ ရောက်ရှိလာချိန်တွင် သမ္မတဝင်းအတွင်းမှ စစ်သားများနှင့် လုံခြုံရေးအစောင့်များ ပါဝင်သည့် လူအင်အား ၂၀၀ ခန့်က လူသားတံတားအဖြစ် တန်းစီပြီး လမ်းကို ပိတ်ဆို့ခဲ့ကြသည်။
စုံစမ်းစစ်ဆေးရေးအရာရှိများနှင့် သမ္မတအိမ်တော် လုံခြုံရေးများအကြား ငြင်းခုံမှုများ တွန်းတိုက်မှုများ ရှိခဲ့သည် ဟုလည်း CIO က ပြောကြားခဲ့သည်။

သမ္မတယွန်းဆော့ရွဲကို ဖမ်းဖို့လာသူတွေနဲ့လုံခြုံရေးအဖွဲ့ အငြင်းပွားနေကြစဉ်
ထို့ကြောင့် အခြေအနေများ တင်းမာလာပြီး လူအင်အားချင်း မမျှခြင်းကြောင့် စုံစမ်းစစ်ဆေးသူများက သမ္မတအား ဖမ်းဆီးမည့် အစီအစဉ်ကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း CIO က ထုတ်ပြန်ခဲ့သည်။
ယွန်းအား ဖမ်းဝရမ်း ထုတ်သည့် ကာလသည် ဇန်နဝါရီ ၆ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး ဖမ်းဝရမ်းကာလကို သက်တမ်း ထပ်တိုးနိုင်မည်ဖြစ်သည်။
ဆိုးလ်မြို့တော်ရှိ သမ္မတအိမ်တော်ဝင်း အပြင်ဘက်တွင်လည်း ယွန်းကို ဆန့်ကျင်သူများက တစ်ဖက်၊ ယွန်းကို ထောက်ခံသူများကတစ်ဖက် တန်ပြန်သပိတ်များ ပြုလုပ်ခဲ့ကြသည်။
ယွန်းသည် ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း စုံစမ်းစစ်ဆေးသူများ၏ ဆင့်ခေါ်မှုကို ၃ ကြိမ်တိုင်တိုင် ငြင်းဆိုခဲ့ကြောင်း CIO က ထုတ်ပြန်ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 625
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် နေတိုးကဲ့သို့ နိုင်ငံတကာ မဟာမိတ်အဖွဲ့များနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့ခြင်း မရှိသဖြင့် ၎င်း၏ ဒုတိယသက်တမ်းတွင် QUAD အဖွဲ့၏ အနာဂတ်အပေါ် မေးခွန်းများ ထွက်လာစေခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
သို့သော် အမေရိကန်၏ ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန်ပါတီ နှစ်ခုစလုံးသည် တရုတ်ကို တန်ပြန်ရန် QUAD အဖွဲ့၏ အရေးပါပုံကို ဆက်လက် ထိန်းသိမ်းထားလိမ့်မည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယတို့ ပါဝင်သည့် QUAD အဖွဲ့သည် လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်တွင် အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေး ကောင်းမွန်ပြေပြစ်ခဲ့သည်။
ထရမ့်၏ ဒုတိယသက်တမ်းတွင်မူ မူဝါဒ အပြောင်းအလဲများ ရှိလာနိုင်သော်လည်း QUAD မဟာမိတ်နိုင်ငံများသည် အမေရိကန်နှင့် ဆက်ဆံရေးကို ဆက်လက်ပြီး နီးကပ်စေရန် ထိန်းထားလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။
၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပွားခဲ့သည့် ဆူနာမီ ကပ်ဆိုးအပြီး၌ လူသားချင်း စာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ်များကို ကူညီထောက်ပံ့ရေးတို့အတွက် QUAD အဖွဲ့ကို ထူထောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထို့နောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) လက်ထက် ၂၀၀၇ ခုနှစ်တွင် QUAD အဖွဲ့ကို တရားဝင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဩစတြေးလျဝန်ကြီးချုပ် ကီဗင် ရုဒ် (Kevin Rudd) ၏ လက်ထက်က ဩစတြေးလျသည် QUAD အဖွဲ့ကမှ ယာယီ နုတ်ထွက်ခဲ့သည့် ၂၀၀၈ ခုနှစ်က QUAD အဖွဲ့၏ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများ ယာယီရပ်ဆိုင်းသွားခဲ့ သည်။
ထရမ့်၏ ပထမသက်တမ်းတွင် အာရှ-ပစိဖိတ်ဒေသ၌ တရုတ်၏ ဩဇာလွှမ်းမိုးမှု မြင့်တက်လာသဖြင့် တရုတ်ကို တန်ပြန်ရန် QUAD အဖွဲ့ကို ပြန်လည်စုစည်းခဲ့သည်။
အမေရိကန်နှင့် ၎င်း၏ QUAD မဟာမိတ်နိုင်ငံများက ထုတ်ပြန်သည့် ပူးတွဲ အစီရင်ခံစာတွင် ၂၀၀၄ ခုနှစ် ကတည်းက စတင်စီစဉ်ခဲ့သော QUAD အဖွဲ့၏ နှစ်ပေါင်း ၂၀ ပြည့် နှစ်ပတ်လည်ကို ပြုလုပ်ရန် စီစဉ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 663
CNI International News
မနီလာ၊ ဇန်နဝါရီ ၃
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ကမ်းလွန်ရေပြင်တွင် တရုတ်၏ ရေငုပ်သင်္ဘောဒရုန်းဟု ယူဆရသော ရေယာဉ် တစ်စင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ဖိလစ်ပိုင် ငါးဖမ်းသမား(၃)ဦးက မက်စ်ဘာတီ (Masbate )ပြည်နယ်၊ ဆန်ပါစကူယယ် (San Pascual)မြို့မှ ၉ ကီလိုမီတာ ကွာဝေးသည့် ကမ်းလွန်ရေပြင်တွင် ဒီဇင်ဘာ ၃၀ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်တွင် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးများ၊ ကျောက်တန်းများနှင့် ကျွန်းငယ်များ ပိုင်ဆိုင်မှုတို့နှင့် ပတ်သက်ပြီး လတ်တလော နှစ်များအတွင်း မကြာခဏ ထိပ်တိုက် တွေ့ဆုံမှုများရှိခဲ့သည်။
တရုတ်ကမူ တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့်အတွက် အိမ်နီးချင်း နိုင်ငံများနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။

ဖိလစ်ပိုင်က တွေ့တဲ့ ဒရုန်းကို တွေ့ရစဉ်
"HY-119"ဟူသည့် အမှတ်တံဆိပ်ပါရှိသော အဝါရောင်ဒရုန်းသည် ပင်လယ်ပြင်ပေါ်တွင် မျောပါနေသည်ကို ငါးဖမ်းသမားများက တွေ့ရှိခဲ့ပြီးနောက် ဆယ်ယူကာ အာဏာပိုင်များထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး အန်ဒရီဒီဇွန် (Andre Dizon )က ပြောကြားခဲ့သည်။
ထိုဒရုန်းသည် အရှည်နှစ်မီတာခန့်ရှိပြီး ဒလက်များပါရှိကာ တော်ပီဒို လက်နက်ပုံစံ ဖြစ်သည်ဟုဆိုသည်။
"အင်တာနက်ပေါ်မှာ တွေ့ရှိတဲ့ သုတေသန အချက်အလက်တွေအရ HY-119 ဟာ တရုတ်ရဲ့ ရေအောက် ရေကြောင်းပြစနစ်နဲ့ ဆက်သွယ်ရေးစနစ်ကို ဖော်ညွှန်းနေတယ်လို့ တွေ့ရပါတယ်"ဟု ဒီဇွန်က ဆိုသည်။
"ဒီဒရုန်းမှာတော့ ဧရိယာတိုင်တစ်တိုင်နဲ့ မြင်ကွင်းကြည့်ဖို့ အပေါက် တစ်ပေါက်ပါရှိပြီး သုတေသန မှတ်တမ်းတွေ အရ ကင်းထောက်လှမ်းဖို့ အသုံးပြုတာ ဖြစ်နိုင်ပါတယ်"ဟု ဆိုသည်။
ထိုဒရုန်းတွင် လက်နက်တပ်ဆင်ထားခြင်း မရှိသော်လည်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းကို ရှာဖွေတွေ့ရှိ မှုသည် အမျိုးသားလုံခြုံရေးကို ဂယက်ရိုက်ခတ်နိုင်သည့် အရာအဖြစ် သတ်မှတ်ထားသည်။
Source: South China Morning Post
