- By CNI
- Category: နိုင်ငံရေး
- Hits: 345
CNI International news
တိုကျို၊ ဒီဇင်ဘာ ၁၉
မြောက်ကိုရီးယားသည် ဒီဇင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော အရာဝတ္ထုတစ်ခု ကို ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ကြေညာခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။
ထိုဒုံးလက်နက်သည် ၁၂ မိနစ်ကြာ ပျံသန်းခဲ့သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။
တောင်ကိုရီးယား၏ အမျိုးသားလုံခြုံးရေးရုံးမှ လက်ထောက်အကြီးအကဲ ကင်တေးဟို (Kim Tae-hyo) ကမူ မြောက်ကိုရီးယားသည် ယခုလအတွင်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်း ပစ်လွှတ်လိမ့်မည်ဟု ယခင်ကတည်းက ပြောကြားခဲ့ပြီး ဖြစ်သည်။
အရှေ့ဘက် ဂျပန်ပင်လယ်ကို တွေ့ရစဉ်
ယခုပစ်လွှတ်မှုသည် ၂၄ နာရီအတွင်း မြောက်ကိုရီးယား၏ ဒုတိယမြောက် ဒုံးလက်နက် ပစ်လွှတ်မှု ဖြစ်သည်။
ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းကလည်း မြောက်ကိုရီးယားသည် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့သည်ဟု ဂျပန်က ပြောကြားခဲ့သည်။
ထိုဒုံးကျည်သည် အမြင့် ၅၀ ကီလိုမီတာတွင် ၄၀၀ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းခဲ့ကာ ကိုရီးယားကျွန်း ဆွယ် အရှေ့ဘက် ဂျပန်ပင်လယ် (Sea of Japan) အတွင်းသို့ ကျရောက်သွားခဲ့သည်ဟု ဆိုသည်။
၂၀၂၃ ခုနှစ်အတွင်း မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အချို့ အပါအဝင် ဒုံးကျည်အစင်း ၂၀ ခန့် ပစ်လွှတ်ခဲ့သည်။
နိုဝင်ဘာ ၂၁ ရက်ကလည်း မြောက်ကိုရီးယားသည် ၎င်း၏ ပထမဆုံး စစ်ဘက်သုံး ကင်းထောက် ဂြိုဟ်တု တစ်စင်းကို လွှတ်တင်ခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 318
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၉
၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာထားသည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Dornald Trump) က ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် မှတ်ချက် စကားတစ်ခုအဖြစ် မိန့်ခွန်း ပြောရာ တွင် ဒုတိယကမ္ဘာစစ်က နာဇီ (Nazi) တို့၏ ဆောင်ပုဒ်ကို ထည့်သွင်း ပြောကြားခဲ့သည်။
"သူတို့တွေဟာ ကျနော်တို့နိုင်ငံရဲ့ သွေးထဲကို အဆိပ်ခတ်နေပါတယ်" ဟု ထရမ့်က နာဇီတို့၏ ဆောင်ပုဒ်ထဲမှ စာသားများကို အသုံးပြုပြီး ရွှေ့ပြောင်းနေထိုင်သူများကို ရည်ညွှန်းပြောဆိုခဲ့သည်။
ထရမ့်သည် ကြိုတင်မဲများပေးနိုင်သည့် နယူးဟမ့်ပ်ရှိုင်းယား (New Hampshire) ပြည်နယ်တွင် အမှာစကား ပြောခဲ့ချိန်တွင် နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ (AdolHitler) ၏ Mein Kempf စာအုပ်ထဲမှ စကားလုံး များနှင့် ဆင်တူသည့် စကားလုံးများကို ထည့််သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန် နယ်စပ်ဒေသ လုံခြုံရေးအတွက် အိမ်ဖြူတော်နှင့် အထက်လွှတ်တော် ဆွေးနွေးညှိနှိုင်းသူများသည် ဒီဇင်ဘာ ၁၇ ရက်တွင် သဘောတူညီမှုမရဘဲ ဆွေးနွေးမှုများ ရပ်တန့်နေကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ်မာဖီကို တွေ့ရစဉ်
နယ်စပ်ဒေသလုံခြုံရေးနှင့် ပတ်သက်ပြီး သဘောတူညီချက် ရရှိခဲ့မည်ဆိုပါက ယူကရိန်းအတွက် စစ်ရေး အကူအညီများနှင့် အခြား အမျိုးသားလုံခြုံရေး လိုအပ်ချက်များအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ ဒေါ်လာ ဘီလျံနှင့်ချီသည့် ရန်ပုံငွေတောင်းဆိုမှုသည် အဆင်ချောမွေ့စွာ ရရှိနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဆွေးနွေးမှုများတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည့် ဘိုင်ဒန်အစိုးရအဖွဲ့သည် မည်သည့် သဘောတူညီမှုမှ မရရှိခဲ့သဖြင့် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်များ၏ ဖိအားများနှင့် ရင်ဆိုင်နေရသည်။
စေ့စပ်ညှိနှိုင်းသူများကမူ ထိုသဘောတူညီမှုများအတွက် တိုးတက်မှုများ ရရှိခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ခိုင်မာသည့် မူဘောင်တစ်ရပ် ထွက်ပေါ်လာခြင်း မရှိသေးပေ။
"တစ်နေ့ထက်တစ်နေ့ သဘောတူညီမှုရဖို့ နီးစပ်လာပါပြီ။ သိပ် မကြာတော့ပါဘူး" ဟု ကွန်နက်တီကတ် (Connecticut) ပြည်နယ်၏ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ်မာဖီ (Chris Murphy) က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 427
CNI International News
မော်စကို၊ ဒီဇင်ဘာ ၁၈
ရုရှားသည် နေတိုး စစ်ဘက်ဆိုင်ရာ မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ရန် စိတ်မဝင်စားကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အကယ်၍ ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုပါက နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက် လိမ့်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ ပြောကြားချက်များသည် အဓိပ္ပာယ်မရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။
ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည် ၁၉၆၂ ခုနှစ် ကျူးဘား ဒုံးကျည်အရေးအခင်း ဖြစ်ပွားပြီးကတည်းက ရုရှားနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးများ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။
နေတိုးစစ်သားကို တွေ့ရစဉ်
ထို့ပြင် ဘိုင်ဒန်ကလည်း နေတိုးနှင့် ရုရှားအကြား တိုက်ရိုက်ရင်ဆိုင် တွေ့မှုသည် တတိယကမ္ဘာစစ် ဖြစ်စေနိုင် ကြောင်း ပြီးခဲ့သည့်နှစ်က သတိပေးခဲ့သည်။
ရုရှားသမ္မတ ပူတင်ကမူ နေတိုးနိုင်ငံများနှင့် တိုက်ခိုက်ရန် စိတ်မဝင်စားကြောင်း ပြောကြားခဲ့ပြီး ဘိုင်ဒန်၏ မှတ်ချက်စကားများကို ငြင်းဆိုခဲ့သည်။
"နေတိုးနိုင်ငံတွေနဲ့ စီးပွားရေးအရရော၊ နိုင်ငံရေးအရရော၊ စစ်ရေးအရရော၊ ပထဝီနိုင်ငံရေးအရပါ တိုက်ခိုက်ဖို့ အတွက် ရုရှားက စိတ်မဝင်စားပါဘူး" ဟု ပူတင်က ပြောသည်။
အမေရိကန်က ဦးဆောင်ထားသည့် နေတိုးမဟာမိတ်အဖွဲ့သည် ဆိုဗီယက်ယူနီယံကို ဆန့်ကျင်ရန် ၁၉၄၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် မဟာမိတ်အဖွဲ့ဖြစ်သည်။
၁၉၉၁ ခုနှစ်က ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပြီးနောက်ပိုင်း နေတိုးအဖွဲ့သည် ၎င်း၏ အင်အားကို ချဲ့ထွင်လာခဲ့ခြင်း ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 341
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၈
ဝန်ကြီးချုပ်အဖြစ် ၉ နှစ်တာ တာဝန်ယူခဲ့ပြီးနောက် သြဂုတ်လအတွင်းက ရာထူးမှအနားယူသွားခဲ့သည့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) သည် ထိုင်းဘုရင်၏ အကြံပေးများက ဖွဲ့စည်းထားသည့် Privy Council ၏ နောက်ဆုံးအဖွဲ့ဝင် ဖြစ်လာခဲ့ကြောင်း တော်ဝင်အမိန့်ပြန်တမ်းတွင် ဖော်ပြခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ထိုင်းဘုရင် မဟာ ဝဇီယာလောင်ကွန်း (Maha Vajiralongkorn) သို့မဟုတ် ဒဿမမြောက် ရာမ ဘုရင် (Rama X) က ညွှန်ကြားချက်ဖြင့် ပရာယွတ်အား ကောင်စီဝင်အဖြစ် ခန့်အပ်မှုကြောင့် Privy Council အဖွဲ့ဝင်သည် ၁၉ ဦး အထိ ရှိလာခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် Privy Council အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရသူ အရေအတွက် စုစုပေါင်းသည် ၂၃ ဦးအထိ ရှိလာခဲ့သည်။
ထိုအထဲတွင် ရာထူးမှ ထွက်ခွာသွားသူများ၊ သေဆုံးသူများ၊ နုတ်ထွက်သူများ၊ တော်ဝင်မိသားစု၏ ထုတ်ပယ် ခံခဲ့သူများ ပါဝင်ခဲ့သည်။
ထိုင်းဘုရင်နဲ့ ပရာယွတ်ကို တွေ့ရစဉ်
Privy Council သည် ထိုင်းဘုရင်အား အကြံပေးရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် တာဝန်ထမ်းဆောင်ရသည့် ကောင်စီတစ်ခု ဖြစ်သည်။
ထိုကောင်စီဝင်များကို ဘုရင်က ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။ ထိုကောင်စီသည် ဥက္ကဋ္ဌတစ်ဦးနှင့် ကောင်စီဝင် အရေအတွက် ၁၈ ဦးထက်မပိုသည့် အဖွဲ့အစည်းဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
Privy Council အစည်းအဝေးခန်းမသည် ဘန်ကောက်မြို့တော်ရှိ Grand Palace နန်းတော်အနီး ဆာရန်ရွန် တော်ဝင် ဥယျာဉ် (Saranrom Royal Garden) တွင် တည်ရှိသည်။
ထိုင်းနိုင်ငံ၏ ပထမဆုံး Privy Council ကို ဥရောပရှိ ဘုရင်စနစ်ကျင့်သုံးသည့် နိုင်ငံများ၏ Privy Council များ အတိုင်း ထိုင်းဘုရင် ချူလာလောင်ကွန်း (Chulalongkorn) သို့မဟုတ် ပဉ္စမမြောက် ရာမ ဘုရင် (Rama V) က ၁၈၇၄ ခုနှစ်၊ မေလတွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ပရာယွတ်ကို တွေ့ရစဉ်
ထိုအချိန်က ထိုင်းနိုင်ငံဟု အမည်မတွင်မီ Siam ဟု အမည်တွင်သည့် နိုင်ငံဖြစ်သည်။
Privy Council ၏ တာဝန်များထဲတွင် နိုင်ငံအတွက် လိုအပ်လာသည့် အချိန်တွင် ရင်ခွင်ပိုက် အစိုးရခန့်အပ်မှု၊ ထီးနန်းဆက်ခံမှုကို အသိအမှတ်ပြု ထောက်ခံရေး လုပ်ငန်းစဉ်များ ပါဝင်သည်။
ထို့ပြင် Privy Council အဖွဲ့ဝင်များသည် ဘုရင်က သတ်မှတ်ခဲ့သည့် တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ပြီး ထိုတာဝန်နှင့် ဝတ္တရားများထဲတွင် ဘုရင် သို့မဟုတ် တော်ဝင်မိသားစုကိုယ်စား အလုပ် တာဝန်များကို ကိုယ်စား ထမ်းဆောင်မှုများလည်း ပါဝင်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 476
CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၈
ထိုင်ဝမ်နှင့် တရုတ်အကြား ပဋိပက္ခဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် ဂျပန်သည် ကြားဝင်လုပ်ဆောင်နိုင်ခြေ နည်းပါးသည်ဟု ကျွမ်းကျင်သူများက ပြောကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဂျပန်သည် မြောက်ဘက်တွင် ရုရှား၊ အနောက်ဘက်တွင် တရုတ်နှင့် မြောက်ကိုရီး ယား အစရှိသည့် နိုင်ငံများ၏ မြင့်တက်လာသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့်် ဂျပန်သည် ၎င်း၏ စစ်ရေးအင်အားကို ပိုမိုမြှင့်တင်ရန် ပြင်ဆင်လာခဲ့သည်။
မည်သို့ပင်ဆိုစေ အနာဂတ်တွင် တရုတ်နှင့် ထိုင်ဝမ်အကြား ထိုင်ဝမ်ရေလက်ကြား၌ ပဋိပက္ခဖြစ်ပွား လာခဲ့မည် ဆိုပါက ဂျပန်သည် ထိုအရေး၌ ပါဝင်နိုင်ခြေနည်းပါးသည်ဟု အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် ဂျွန် မီယာရှိုင်မာ (John Mearsheimer) က ပြောကြားခဲ့သည်။
ဂျပန်စစ်သားကိုတွေ့ရစဉ်
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) သည် မကြာသေးမီက ထိုင်ဝမ်လိုလားသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအသစ်နှစ်ဦးကို ခန့်အပ်ခဲ့သည်။
ထို့ပြင် ဂျပန်၏ ကာကွယ်ရေး အသုံးစရိတ်ကိုလည်း အဆမတန်တိုးမြှင့်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ကာကွယ်ရေး အသုံးစရိတ်ကို ယန်း ၄၃ ထရီလျံ ( ဒေါ်လာ ၂၈၆) ဘီလျံအထိ တိုးမြှင့်ခဲ့သည်။
ထိုပမာဏသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကာကွယ်ရေး အသုံးစရိတ်ထက် ၅၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ ခြင်းဖြစ်သည်။
သို့သော် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အလွန်အရေးကြီးသည့် စိတ်မှန်းဖြစ်နိုင်ခြေ ၂ ချက်ကို စဉ်းစားရမည် ဖြစ်သည်။
ပထမ ၁ ချက်မှာ ထိုင်ဝမ်သည် လွတ်လပ်ရေး ကြေညာခဲ့လျှင် တရုတ်က ထိုင်ဝမ်ကို ဝင်ရောက်ကျူးကျော်ဖွယ် ရှိသည်။
ထိုအခြေအနေမျိုးတွင် အမေရိကန်က ကြားဝင်ဖွယ်ရှိနေသည့်တိုင် ဂျပန်က တိုက်ရိုက် လုပ်ဆောင်နိုင်ခြေမှာ နည်းပါးလှသည်။
အမေရိကန်နှင့် ဂျပန်သည် ထိုင်ဝမ်ရေလက်ကြား၏ ရှိရင်းစွဲ အခြေအနေကို ဆက်လက်ထိန်းသိမ်းရန် အမြဲတမ်း ကြိုးပမ်းခဲ့သည်။
တရုတ်စစ်တပ်ကိုတွေ့ရစဉ်
အကယ်၍ ထိုင်ဝမ်ကသာ လွတ်လပ်ရေးကြေညာခဲ့မည်ဆိုပါက ထိုအခြေအနေသည် ပျက်ယွင်းသွားဖွယ်ရှိသည်။
ဒုတိယအချက်မှာ တရုတ်က ထိုင်ဝမ်ကို အကြောင်းမဲ့သက်သက် ကျူးကျော်မည့် အခြေအနေဖြစ်သည်။
ထိုအခြေအနေမျိုးတွင် အမေရိကန်နှင့် ဂျပန်၏ ကြားဝင်နိုင်သည့် အခြေအနေသည် ပိုမိုမြင့်မားနိုင်သော်လည်း အမေရိကန်အနေနှင့် ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို အသုံးပြုခွင့် ရှိ/မရှိ ဆိုသည့် အချက်အပေါ်တွင် မူတည် သည်။
ဂျပန်အနေဖြင့် ထိုအခြေအနေမျိုးတွင် အမေရိကန်အား နိုင်ငံအတွင်းရှိ စစ်စခန်းများကို အသုံးပြုခွင့် ပေးမည် ဆိုပါက တရုတ်ကလည်း ဂျပန်ရှိ ထိုစစ်စခန်းများကို တိုက်ခိုက်မည်ဖြစ်သည်။
ထို့ကြောင့် တရုတ်နှင့် ထိုင်ဝမ် ပဋိပက္ခ ဖြစ်ပွားလာမည်ဆိုပါက ဂျပန်သည် ၎င်း၏ အကျိုးစီးပွားများကို တိုက်ရိုက် ထိပါးမှုမရှိမချင်း ကြားဝင်နိုင်ခြေ နည်းပါးသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 412
CNI International News
ကိုပင်ဟေဂင်၊ ဒီဇင်ဘာ ၁၈
ဒိန်းမတ်နိုင်ငံတွင် လူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး နောက်ထပ် သံသယရှိသူ ၄ ဦးကို အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အစိုးရရှေ့နေတစ်ဦးက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
နယ်သာလန်တွင် အကြမ်းဖက်မှု သံသယဖြင့် လူ ၁ ဦးကို ဖမ်းဆီထားပြီး ဂျာမနီတွင် လူအချို့ကို ဟားမာ့စ်အဖွဲ့ဝင် များဖြစ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေချိန်တွင် ဒိန်းမတ်နိုင်ငံတွင်လည်း အကြမ်းဖက်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်ပြုလုပ်နေခြင်း ဖြစ်သည်။
ဂျာမနီအာဏာပိုင်များက ဥရောပရှိ ဂျူးအဖွဲ့အစည်းများ၊ အဆောက်အအုံများကို တိုက်ခိုက်ရန် ပြင်ဆင်နေသည် ဟု သံသယရှိသူ ၃ ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။
ဒိန်းမတ်အာဏာပိုင်များကလည်း နယ်သာလန်တွင် လူ ၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ပြောကြားခဲ့သော်လည်း ထိုသူ သည် ဂျာမနီတွင် ဟားမာ့စ်အဖွဲ့ဝင်များဟု သံသယဖြင့် ဖမ်းဆီးခံထားရသူများနှင့် ဆက်နွှယ်မှု ရှိ/မရှိ ရှင်းလင်းစွာ မသိရသေးကြောင်း ပြောကြားခဲ့သည်။
ဒိန်းမတ် ထောက်လှမ်းရေးအေဂျင်စီ PET အကြီးအကဲများကိုတွေ့ရစဉ်
ထို့အတူ ဒိန်းမတ်အာဏာပိုင်များကလည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုသည် ဟားမာ့စ်အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ/မရှိ ပြောကြားခဲ့ခြင်းမရှိပေ။ ဒိန်းမတ်တွင် လူ ၂ ဦးကို ဇန်နဝါရီ ၉ ရက်အထိ တရားခွင်အကြို ဖမ်းဆီးထိန်းသိမ်းထား ရန် အာဏာပိုင်များက အမိန့်ချမှတ်ခဲ့သည်။
ဖမ်းဆီးခံရသူနှစ်ဦးသည် အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးဖြစ် သည်ဟု ဒိန်းမတ်မီဒီယာများက ဖော်ပြခဲ့သည်။
နောက်ထပ် ဖမ်းဆီးရမိထားသူ ၃ ဦးသည် အကြမ်းဖက်မှုများ ပြုလုပ်ရန် ပူးပေါင်းကြံစည်နေသည်ဟု သံသယရှိ သူများဖြစ်ကြောင်း ဒိန်းမတ် ထောက်လှမ်းရေးအေဂျင်စီ PET က ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။
ဂျာမနီနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသူ ၃ ဦးသည် ဥရောပ၌ ဟားမာ့စ်အဖွဲ့၏ လက်နက်များကို မြေအောက်မှာ သိုလှောင်ထားသည့် ဖြစ်စဉ်နှင့်် ဆက်နွှယ်မှုရှိသော သံသယဖြင့် ထိန်းသိမ်းခံခဲ့ရသည်ဟု ဂျာမန် အစိုးရရှေ့နေ များက ပြောကြားခဲ့သည်။
အာဏာပိုင်များက ထိုလက်နက်များကို စုံစမ်းဖော်ထုတ်ပြီး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခုဖမ်းဆီး ခံထားရသူများသည် ထိုလက်နက်များကို ဂျာမနီနိုင်ငံသို့ သယ်ဆောင်ပြီး ဥရောပရှိ ဂျူး အဆောက်အအုံများအား အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ဂျာမနီအစိုးရရှေ့နေများက ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 465
CNI International News
ကာရာကက်စ်၊ ဒီဇင်ဘာ ၁၆
ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာ သမ္မတတို့သည် နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်မြေပြဿနာနှင့် ပတ်သက်ပြီး အင်အားသုံး ဖြေရှင်းခြင်းမပြုရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မကြာသေးမီက ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာနိုင်ငံအကြား ရေနံပေါကြွယ်ဝသည့် အက်စီကွီဘို (Essequibo) ဒေသ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) နှင့် ဂွိုင်ယာနာသမ္မတ အာဖန် အလီ (Irfaan Ali) တို့သည် ကာရစ်ဘီယံ ကျွန်းနိုင်ငံဖြစ်သည့် စိန့်ဗင်းဆင့်နှင့် သည်ဂရန်နာဒိုင်းစ် (Saint Vincent and the Grenadines) ကျွန်းနိုင်ငံတွင် နှစ်နာရီကြာ အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် အက်စီကွီဘိုဒေသ အငြင်းပွား မှုကို အင်အားသုံး ဖြေရှင်းခြင်းမပြုရန် သဘောတူညီခဲ့ပြီး လက်ဆွဲနှုတ်ဆက်ခဲ့သည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို နှင့် ဂွိုင်ယာနာသမ္မတ အာဖန်အလီတို့ တွေ့ဆုံပြီး လက်တွဲနှုတ်ဆက် နေကြစဉ်
ထိုပြဿနာနှင့်ပတ်သက်ပြီး မည်သည့် အခြေအနေမျိုးတွင်မဆို တစ်ဖက်နှင့်တစ်ဖက် အင်အားသုံး ဖြေရှင်းခြင်း မပြုရန် သို့မဟုတ် ခြိမ်းခြောက်ခြင်း မပြုရန်လည်း သဘောတူညီခဲ့သည်ဟု ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာအစိုးရက ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စိန့်ဗင်းဆင့်နိုင်ငံ၏ ဝန်ကြီးချုပ် ရာ့ဖ် ဂွန်ဆလက်ဗ် (Ralph Gonsalves) ကမူ ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာနိုင်ငံ၏ စာမျက်နှာ ၃ မျက်နှာပါရှိသည့် ပူးတွဲထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။
ထိုထုတ်ပြန်ချက်ထဲတွင် တင်းမာမှုများကို လျှော့ချရန် အစီအစဉ်များလည်း ပါဝင်ခဲ့သည်။
သို့သော် အက်စီကွီဘိုဒေသ ပိုင်ဆိုင်မှုပြဿနာကို ပြေလည်စေရန် သင့်တော်သည့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင် ပိုင်ခွင့်ကို ဗင်နီဇွဲလားနိုင်ငံရော၊ ဂွိုင်ယာနာနိုင်ငံကပါ သဘောတူခဲ့ခြင်း မရှိပေ။
အငြင်းပွားနေတဲ့ အက်စီကွီဘိုဒေသက ရေတံခွန်ကိုတွေ့ရစဉ်
လူထုထောက်ခံမှု ရရှိရန် ကြိုးပမ်းနေသည့် ဗင်နီဇွဲလားသမ္မတ မာဒူရိုကမူ ဂွိုင်ယာနာနှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွက် အောင်မြင်ကြောင်း X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
အက်စီကွီဘိုဒေသ ပိုင်ဆိုင်ရေးအတွက် နိုင်ငံတကာခုံရုံး (ICJ)၏ သင့်တော်သည့် တရားစီရင်ချက် လိုအပ်ကြောင်း ဂွိုင်ယာနာနိုင်ငံက ယူဆထားသော်လည်း ဗင်နီဇွဲလားနိုင်ငံကမူ ထိုယူဆချက်ကို ငြင်းဆိုခဲ့သည်။
ဂွိုင်ယာနာနိုင်ငံသည် ၎င်းနယ်နိမိတ်၏ သုံးပုံနှစ်ပုံကျော်ကြီးမားသည့် အက်စီကွီဘိုဒေသကို ရာစုနှစ်တစ်စုကျော် အုပ်ချုပ်ခဲ့သည်။
ဗင်နီဇွဲလားအစိုးရကမူ ထိုဒေသသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်က စပိန်လောက်အောက်မှ လွတ်လပ်ရေး ရပြီးကတည်းက ဗင်နီဇွဲလား၏ နယ်နိမိတ် တစ်ခုဖြစ်ကြောင်း ကြေညာထားသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 419
CNI International News
အင်ဖာ၊ ဒီဇင်ဘာ ၁၆
အိန္ဒိယနိုင်ငံ၊ မဏိပူရ (Manipur) ပြည်နယ်၏ ကမ်ဂျွန် (Kamjong) ၊ အူခရူ (Ukhrul) နှင့် တန်နူပယ် (Tengnoupal)ခရိုင်များ၏ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာသည့် မြန်မာဒုက္ခသည် အရေအတွက်သည် ဒီဇင်ဘာ ၁၄ ရက်အထိ ရရှိထားသည့် စာရင်းများအရ ၄၁၀၀ ခန့်အထိ မြင့်တက်လာခဲ့သည်ဟု ပြည်နယ်အရာရှိ များက ပြောသည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။
အမျိုးသမီးများနှင့် ကလေးသူငယ် အများစုပါဝင်သည့် မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသ ကြီး၏ နယ်စပ်ဒေသများတွင် နေထိုင်ကြသူများဖြစ်ပြီး တပ်မတော်နှင့် PDF များအကြား တိုက်ပွဲများ ဖြစ်ပွားချိန် တွင် မဏိပူရပြည်နယ်အတွင်းသို့ ထွက်ပြေးဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသားများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၏ ပထမ သီတင်းပတ်ကစပြီး မဏိပူရပြည်နယ်အတွင်းသို့ ထွက်ပြေး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်း
လက်ရှိတွင် မြန်မာဒုက္ခသည် ၄၁၀၀ ခန့်သည် မဏိပူရပြည်နယ် ကမ်ဂျွန်ခရိုင်၏ နမ်လီ (Namlee)၊ ဝမ်လီ (Wanglee)၊ ကာကာ (Kaka)၊ ခါရွန်ရမ် (Kheronram) နှင့် ဖိုင်ခေါ့ (Phaikoh) ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်လျက်ရှိသည်။
ထိုအချိန်အတောအတွင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက တိုက်ပွဲများကြောင့် မဏိပူရပြည်နယ် အတွင်းသို့ ဝင်ရောက်လာခဲ့သည့် မြန်မာနိုင်ငံသားများကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေခံ သဘောတရားများအရ ခိုလှုံခွင့်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
မည်သို့ပင်ဆိုစေ မိမိတို့၏ ဌာနေ ဒေသခံများအပေါ် အကျိုးသက်ရောက်မှု မရှိစေရန် မြန်မာဒုက္ခသည်များ၏ အချက်အလက်များကို ကောက်ယူသွားမည်ဟုလည် ၎င်းက ပြောကြားခဲ့သည်။
Source: Northeast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 246
CNI International News
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၆
ရုရှားနှင့် ယူကရိန်းအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်တိုင် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ သည် ယူကရိန်းအား EU အဖွဲ့ဝင် ဖြစ်ရေးအတွက် ဆွေးနွေးမှုများကို လမ်းဖွင့်ပေးရန် သဘောတူညီမှု ရရှိခဲ့ ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
သို့သော် ဟန်ဂေရီနိုင်ငံ၏ ကန့်ကွက်မှုကြောင့် EU သည် ယူကရိန်းအတွက် ငွေကြေး အထောက်အပံ့ ယူရို ၅၀ ဘီလျံ ကူညီပေးမည့် အစီအစဉ်အတွက် သဘောတူညီမှု ရရှိနိုင်ဖွယ် မရှိပေ။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့တွင် ပြုလုပ်သည့် EU ညီလာခံတွင် ယူကရိန်းအား ငွေကြေး အကူအညီပေးမည့် အစီအစဉ်အား ကန့်ကွက်နေသည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) အား အစည်းအဝေးခန်းမထဲမှ ထွက်ခွာခွင့် ပြုခဲ့သည်။
သို့သော် EU ခေါင်းဆောင်များသည် ရုရှားနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသည့် ဟန်ဂေရီဝန်ကြီးချုပ် အော်ဘန်၏ ဆန့်ကျင်ကန့်ကွက်မှုများကို ကျော်လွှားနိုင်ခဲ့ခြင်း မရှိပေ။
ယူကရိန်းအား ငွေကြေး အကူအညီပေးရန် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံစလုံး၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုကို လိုအပ်သဖြင့် ဟန်ဂေရီနိုင်ငံက ကန့်ကွက်မှုကြောင့် ထိုအကူအညီပေးရေး အစီအစဉ်အပေါ် သဘောတူညီမှုမရဘဲ အစည်းအဝေးကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
ဟန်ဂေရီ ဝန်ကြီးချုပ် အော်ဘန်ကို တွေ့ရစဉ်
ဟန်ဂေရီနိုင်ငံမှလွဲပြီး EU အဖွဲ့ဝင် ၂၇ နိုင်ငံတွင် ကျန် ၂၆ နိုင်ငံမှ ခေါင်းဆောင်များက ယူကရိန်းအား အကူအညီ ပေးရန် သဘောတူခဲ့ကြောင်း မိမိတို့အနေနှင့် အချိန်ရှိသေးကြောင်း၊ ယူကရိန်းသည် လာမည့် သီတင်းပတ် အနည်း ငယ်အထိ ငွေကြေးပြတ်လပ်သွားမည် မဟုတ်ကြောင်း နယ်သာလန် ဝန်ကြီးချုပ် မာ့ခ် ရူတီ (Mark Rutte) က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဟန်ဂေရီ ဝန်ကြီးချုပ် အော်ဘန်ကမူ ယူကရိန်းအနေနှင့် EU ၏ ဘတ်ဂျက်ထဲမှ များပြားသည့် ငွေပမာဏကို ရရှိခြင်း မရှိသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယူကရိန်းသည် EU အဖွဲ့ဝင် မဟုတ်သောကြောင့် ဖြစ်ကြောင်း နှင့် အခြား EU ခေါင်းဆောင်များအနေဖြင့် ယူကရိန်းကို အကူအညီပေးလိုပါက EU ဘတ်ဂျက်ထဲမှ မဟုတ်ဘဲ ကိုယ့််နည်းကိုယ်ဟန်ဖြင့် အကူအညီပေးသင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်လွှတ်တော်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)၏ ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ အကူ အညီပေးရေး အစီအစဉ်သည် ရီပတ်ဘလစ်ကန်အမတ်များ၏ ပိတ်ဆို့မှုကြောင့် နှောင့်နှေးကြန့်ကြာ နေချိန်တွင် EU ၌ ယူကရိန်းအား ငွေကြေး အကူအညီပေးရေး အစီအစဉ်သည်လည်း နှောင့်နှေးကြန့်ကြာခဲ့ခြင်းဖြစ်သည်။
Source: Japan Times