- By CNI
- Category: နိုင်ငံရေး
- Hits: 1344
CNI International News
နယူးဒေလီ၊ ဩဂုတ် ၈
အိန္ဒိယသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ၎င်း၏သံရုံးနှင့် ကောင်စစ်ဝန်ရုံးမှ မရှိမဖြစ်မဟုတ်သော ဝန်ထမ်း များနှင့် ၎င်းတို့၏မိသားစုဝင်များကို နိုင်ငံတွင်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း အိန္ဒိယအစိုးရ သတင်းအရင်း အမြစ်နှစ်ဦး၏ ပြောကြားချက်ကို ရိုက်တာမှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် သီတင်းပတ် ပေါင်းများစွာကြာ မငြိမ်မသက် ဖြစ်ပွားမှုကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina)သည် ရာထူးမှနုတ်ထွက်ပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ထို့နောက် အိန္ဒိယအစိုးရက သံရုံးဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆန့်ကျင်နေကြစဉ်
ဘင်္ဂလားဒေ့ရှ်တွင် ဆက်လက် ကျန်ရှိနေသည့် အိန္ဒိယသံတမန်များအားလုံးနှင့် မစ်ရှင်များသည် လုပ်ငန်းသဘော အရ မရှိမဖြစ် လိုအပ်သူများဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။
ဒါကာမြို့တော်ရှိ မဟာမင်းကြီးရုံးနှင့် သံရုံးအပြင် အိန္ဒိယသည် စစ်တကောင်း(Chittagong)၊ ရက်ဂျ်ရှာဟီ (Rajshahi)၊ ကူလ်နာ(Khulna)နှင့် ဆီးလ်ဟတ်(Sylhet)တို့တွင်လည်း လက်ထောက် မဟာမင်းကြီးရုံးများ သို့မဟုတ် ကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်ထားသည်။
Source - ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 3476
CNI International News
ဘန်ကောက်၊ ဩဂုတ် ၇
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆာဂျီယမ်ပွန်ဆာ (Maris Sagiampongsa) သည် မြန်မာ့ပဋိပက္ခကြောင့် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုများကို ဖြေရှင်းသည့် အထူးကော်မတီအား ဦးဆောင်သွားမည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် ထိုကော်မတီ၏ ပထမဆုံးပြုလုပ်မည့် အစည်းအဝေးဖြစ်သည့် ဩဂုတ် ၇ ရက်တွင် မာရစ်အား ရာထူးခန့်အပ်မှုကို ကြေညာမည်ဖြစ်သည်။
ဒုတိယဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် ပန်ပရီ ဘာဟီဒါနျူကရာ (Parnpree Badhiddha-hukara)သည် ထိုကော်မတီမှ ဧပြီလတွင် နုတ်ထွက်သွားခဲ့ပြီးကတည်းက ကော်မတီ၏ လုပ်ငန်းစဉ်များ တိုးတက်ခဲ့မှုမရှိပေ။
မကြာသေးမီက ပြုလုပ်ခဲ့သည့် အာဆီယံ နှစ်ပတ်လည် အစည်းအဝေးတွင် ထိုင်းနိုင်ငံသည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ထောက်ပံ့ပေးရန်အတွက် အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Center) ကို ဘတ်ငွေ ၉ သန်း လှူဒါန်းခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မာရစ် အနေဖြင့် ရာထူးခန့်အပ်ခံရမည်ဆိုပါက ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး၊ အထူးသဖြင့် နယ်စပ်ဒေသများတွင် နေထိုင်သည့် ဒေသခံများ၏ စားဝတ်နေရေးနှင့် လုံခြုံရေးကိစ္စများကို အလေးထား ဖြေရှင်းသွားရမည်ဖြစ်သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများကို ယာယီခိုလှုံခွင့်ပေးထားပြီး မြန်မာနိုင်ငံသို့ပြန်လိုသည့် လူများကိုလည်း နေရပ်ပြန်ရေးအတွက် အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ပေးလျက်ရှိသည်။
ထိုင်းနှင့် မြန်မာသည် နယ်စပ်ဒေသ ၂၄၀၁ ကီလိုမီတာ ထိစပ်နေပြီး လူဝင်မှုနှင့် ကုန်သွယ်ရေးအတွက် နယ်စပ်ဖြတ်ကျော်ဂိတ် ၆ ခုရှိသည်။
သို့သော် နယ်စပ်ဒေသ၏ မလုံခြုံသည့် လမ်းကြောင်းများအရ လူမှောင်ခိုကူသော နယ်စပ်လမ်းများရှိနေပြီး ထိုပြဿနာသည် ထိုင်းနိုင်ငံ၏ အဓိက စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။
Source Thai PBS World

- By CNI
- Category: နိုင်ငံရေး
- Hits: 3492
CNI International News
ကာရာကက်စ်၊ ဩဂုတ် ၇
ဗင်နီဇွဲလားနိုင်ငံတွင် ထိပ်သီးအစိုးရရှေ့နေတစ်ဦးက အတိုက်အခံ ခေါင်းဆောင်များဖြစ်သည့် အက်ဒ်မွန်ဒို ဂွန်ဇာလက် (Edmundo Gonzalez)နှင့် မာရီယာ ကော်ရီနာ မာချာဒို(Maria Corina Machado)တို့အား ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဂွန်ဇာလက်နှင့် မာချာဒိုတို့သည် ဗင်နီဇွဲလားသမ္မတ မာဒူရို(Nicolas Maduro)အား မထောက်ခံရန်နှင့် ဆန္ဒပြသူများကို ဖိနှိပ်မှုအား ရပ်တန့်ရန် စစ်တပ်ကို တိုက်တွန်းခဲ့သည့်အတွက် ထိုကဲ့သို့ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံရခြင်းဖြစ်သည်။
အစိုးရရှေ့နေချုပ် တာရက်ဝီလျှံဆပ်(Tarek William Saab)၏ ထုတ်ပြန်ချက်တွင် စုံစမ်းစစ်ဆေးမှု ပြုလုပ်မည့် အကြောင်းကို အတိုက်အခံ ခေါင်းဆောင်နှစ်ဦးထံ တိုက်ရိုက်ပေးပို့ခဲ့သည်။
ဆပ်၏ ကြေညာချက်ကို X လူမှုမီဒီယာတွင် တင်ခဲ့ပြီး ဂွန်ဇာလက်နှင့် မာချာဒိုတို့သည် ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ ရွေးကောက်ပွဲကောင်စီ၏ တရားဝင် ကြေညာချက်ကို လျစ်လျူရှုပြီး ထိုရွေးကောက်ပွဲတွင် ဂွန်ဇာလက် အနိုင်ရရှိကြောင်း မှားယွင်းစွာ ကြေညာခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ဂွန်ဇာလက်နှင့် မာချာဒိုတို့သည် ရဲတပ်ဖွဲ့နှင့် စစ်တပ်အရာရှိများကို တရားဥပဒေ လေးစားလိုက်နာခြင်း မရှိစေရန် ပွင့်ပွင့်လင်းလင်း သွေးထိုးလှုံ့ဆော်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့နဲ့ ဆန္ဒပြသူများကို တွေ့ရစဉ်
ဗင်နီဇွဲလားတွင် နိုင်ငံရေး အငြင်းပွားမှုများ ဖြစ်ပွားပါက စစ်တပ်သည် အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍက ရှိသော်လည်း ယခုဖြစ်စဉ်တွင် စစ်တပ်သည် မာဒူရိုကို ဆန့်ကျင်သည့်လက္ခဏာများ ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
ဂွန်ဇာလက်နှင့်မာချာဒိုတို့ကမူ မာဒူရိုအပေါ် သစ္စာခံနေခြင်းအား ပြန်လည်စဉ်းစားဆင်ခြင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် စစ်တပ်အရာရှိများကို တိုက်တွန်းခဲ့သည်။
“စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေနဲ့ သူတို့ရဲ့မိသားစုတွေဘက်က ရပ်တည်ကြဖို့ ကျနော်တို့ မေတ္တာရပ်ခံ ပါတယ်။ သမ္မတရွေးကောက်ပွဲမှာ ကျနော်တို့ အနိုင်ရခဲ့တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး၊ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာပါ။ အခုချိန်မှာတော့ လူထုရဲ့အသံကို လေးစားလိုက်နာဖို့ အချိန်ကျပါပြီ”ဟု ဂွန်ဇာလက်နှင့် မာချာဒို တို့က ပြောကြားခဲ့သည်။
ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အာဏာပိုင်များက မဲရလဒ် စုစုပေါင်းကို ထုတ်ပြန် ခြင်းမရှိဘဲ သမ္မတမာဒူရို အနိုင်ရကြောင်း ကြေညာခဲ့သော်လည်း အတိုက်အခံများကမူ ၎င်းတို့ဘက်မှ မဲရလဒ် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရကြောင်း ကြေညာခဲ့သည်။
Source-အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 838
CNI International News
ဘဂ္ဂဒက်၊ ဩဂုတ် ၇
အီရတ်နိုင်ငံရှိ စစ်စခန်းတစ်ခု ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး အမေရိကန်စစ်သား ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း အယ်ဂျားဇီးယားသတင်းတွင် ဖော်ပြ ထားသည်။
လွန်ခဲ့သည့် သီတင်းပတ်က ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာ(Hezbollah)အဖွဲ့များ၏ အကြီးတန်းအဖွဲ့ဝင်များ အသတ် ခံရပြီးနောက် တင်းမာမှုများ မြင့်တက်နေချိန်တွင် ယင်းကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြ ထားသည်။
ဩဂုတ် ၅ ရက်က အီရတ်အနောက်ပိုင်း အင်အယ်အက်ဆတ် လေတပ်စခန်း(Ain al-Assad)ကို Katyusha ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အီရတ်လုံခြုံရေး သတင်းအရင်းအမြစ်များက ရိုက်တာသတင်း ဌာနသို့ ပြောကြားခဲ့သည်။
အမေရိကန်စစ်သားကိုတွေ့ရစဉ်
ထိုဒုံးကျည်များသည် လေတပ်စခန်းဝင်းအတွင်း ကျရောက်ခဲ့ကြောင်း အီရတ် သတင်းအရင်းအမြစ် တစ်ခုက ပြောကြားခဲ့သော်လည်း ထိုတိုက်ခိုက်မှုသည် ဟားမာ့စ်ခေါင်းဆောင် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး အီရန်၏ လက်တုန့်ပြန်ခြင်း ဟုတ်/မဟုတ် ရှင်းလင်းစွာ မသိရသေးပေ။
ထိုတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။
ထို့ပြင် စစ်မှုထမ်းများနှင့် အရပ်သား စုစုပေါင်း ၇ ဦး ဒဏ်ရာရခဲ့သည်ဟုလည်း အမေရိကန်ကာကွယ်ရေး အရာရှိ များက ပြောကြားခဲ့သည်။
တိုက်ခိုက်မှုဖြစ်စဉ်ကို တာဝန်ရှိသူများက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden)နှင့် ဒုသမ္မတ ကာမယ်လာ ဟားရစ်(Kamela Harris) တို့ကို တင်ပြခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရမှုကိုတွေ့ရစဉ်
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထိခိုက်မှုများကို အသေးစိတ် လေ့လာစမ်းစစ်နေသည်ဟု အရာရှိများက ပြောကြား ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က အီရန်နိုင်ငံတွင် ဟားမာ့စ်ခေါင်းဆောင် အစ္စမေးဟာနီယာ(Ismail Haniyeh) လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီး ထိုတိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်ခဲ့ကြောင်း အီရန်က စွပ်စွဲခဲ့ကာ လက်တုန့်ပြန်သွား မည်ဟု ခြိမ်းခြောက်ခဲ့သည်။
သို့သော် အစ္စရေးကမူ ထိုတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိကြောင်း ထွက်ဆိုခဲ့ခြင်းမရှိပေ။
ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေးသည် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်(Beirut)မြို့တော်တွင် ဟစ်ဇ်ဘိုလာ တပ်မှူး ဖူအတ်ရှုကီယာ(Fuad Shukir)ကို ပစ်မှတ်ထား ချေမှုန်းခဲ့သဖြင့် ဒေသတွင်းတင်းမာမှု ပိုမိုမြင့်မားခဲ့သည်။
Source-အယ်ဂျားဇီးယား

- By CNI
- Category: နိုင်ငံရေး
- Hits: 990
CNI International News
ဒါကာ၊ ဩဂုတ် ၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သီတင်းပတ် ပေါင်းများစွာကြာ အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ(Sheik Hasina)သည် ရာထူးမှနုတ်ထွက်ခဲ့ပြီး ပြည်ပနိုင်ငံသို့ ထွက်ပြေးခဲ့သည့်အတွက် စစ်တပ်က ကြားဖြတ်အစိုးရတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်ဟု အယ်ဂျားဇီးယားသတင်းတွင် ဖော်ပြထား သည်။
ဘင်္ဂလားဒေ့ရှ်တွင် သီတင်းပတ် ပေါင်းများစွာကြာ ဆန္ဒပြမှုများကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး နောက်ထပ် သွေးထွက်သံယိုဖြစ်စဉ်များ ဖြစ်ပွားမှုကိုရှောင်လွှဲရန် ကြိုးပမ်းသည့်အနေဖြင့် ဩဂုတ် ၅ ရက်တွင် ဟာဆီနာသည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မည်သူက အုပ်ချုပ်မည့်အပေါ် လူအများက အာရုံစိုက်လျက်ရှိကြသည်။
ကြားဖြတ်အစိုးရတစ်ရပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက် အုပ်ချုပ်သွားမည်ဖြစ်ကာ စိတ်အေးသက်သာစွာ ထားကြရန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါကာအုဇ်ဇာမန်(Waker-Uz-Zaman)က နိုင်ငံကို ပြောကြားသည့် မိန့်ခွန်းတွင် ကြေညာခဲ့သည်။
ရှိတ်ဟာစီနာကို တွေ့ရစဉ်
လူအုပ်ကြီးသည် ကာဖျူးမိန့်ကို လျစ်လျူရှုကာ ဒါကာမြို့တော်ရှိ ဝန်ကြီးချုပ်ရုံးကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ပေါင်း၂၀ နီးပါး အုပ်ချုပ်ခဲ့သည့် ဟာဆီနာသည် ဩဂုတ် ၅ ရက်က စစ်တပ်ရဟတ်ယာဉ်ဖြင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း လက်ထောက်တစ်ဦးက အယ်ဂျားဇီးယား သတင်းကို ပြောပြခဲ့သည်။
အိန္ဒိယမီဒီယာများတွင် ဖော်ပြချက်အရ ဟာဆီနာ လိုက်ပါလာသော လေယာဉ်သည် နယူးဒေလီမြို့တော်အနီး ဟင်ဒန်လေတပ်စခန်း(Hindon Air Base) သို့ ဆင်းသက်ခဲ့သည်ဟု ဆိုသည်။
ဟာဆီနာ လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ် လေတပ်လေယာဉ်သည် အိန္ဒိယနိုင်ငံ၊ ဂါဇီယာဘတ်မြို့ရှိ စစ်စခန်း တစ်ခုတွင် ဆင်းသက်ခဲ့ကြောင်း India Today သတင်း၌ ဖော်ပြခဲ့သည်။
အာဏာပိုင်များက ဖြိုခွင်းရန် ကြိုးပမ်းသော သီတင်းပတ် ပေါင်းများစွာကြာ ဆန္ဒပြမှုများအတွင်းလူ ၃၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် ဟာဆီနာက ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
ဩဂုတ် ၄ ရက် ညအချိန်က ဖြစ်ပွားခဲ့သော ဆန္ဒပြ အဓိကရုဏ်း ဖြစ်စဉ်တစ်ခုအတွင်း လူ ၁၀၀ နီးပါး သေဆုံး ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ဆန္ဒပြသူများကိုတွေ့ရစဉ်
ဩဂုတ်၅ ရက်တွင် လူအုပ်ကြီးသည် ဝန်ကြီးချုပ်နန်းတော်ကို ဝင်ရောက်စီးနင်းခဲ့သည့်အတွက် ဟာဆီနာ၏ မိန့်ခွန်းပြောရန် ရည်ရွယ်ချက်ကို အဟန့်အတား ဖြစ်စေခဲ့သည်။
ဆန္ဒပြသူများသည် အဆောက်အအုံများကို ဝင်ရောက်စီးနင်းချိန်တွင် ဒါကာမြို့တော်၌ ဖြစ်ပွားသည့် အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း လူ ၂၀ထက်မနည်း သေဆုံးခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောသည်။
ဩဂုတ် ၅ ရက် နေ့လယ်ခင်းအချိန်တွင် ဟာဆီနာပြည်ပသို့ ထွက်ပြေးသည့်သတင်း ပျံ့နှံ့ခဲ့ပြီးနောက် အကြမ်းဖက်မှုများ ဖြစ်ပွားနေသော်လည်း လမ်းပေါ်ရှိ လူအုပ်ကြီးသည် အောင်ပွဲခံခဲ့ကြသည်။
Source- အယ်ဂျားဇီးယား

- By CNI
- Category: နိုင်ငံရေး
- Hits: 2588
CNI International News
တိုကျို၊ ဩဂုတ် ၆
ထိုင်ဝမ်ကို တရုတ်က ကျူးကျော်နိုင်ခြေရှိသည့် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ဂျပန်သည် ဆာကီရှီးမား (Sakishima) ကျွန်းပေါ်ရှိ ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်တွင် ပဋိပက္ခဖြစ်ပွားလာပါက ဂျပန်အစိုးရသည် ဆာကီရှီးမားကျွန်းပေါ်၌ နေထိုင်သည့် လူပေါင်း ၁၂၀,၀၀၀ ခန့်ကို ကျူးရှုး (Kyushu) ဒေသနှင့် အနီးနားရှိ ယာမာဂူချီ (Yamaguchi) စီရင်စုနယ်သို့ ရွှေ့ပြောင်း ပေးရန် စီစဉ်ထားသော်လည်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။
တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့တွင် တရုတ်၏ လှုပ်ရှားမှုများ မြင့်တက်နေချိန်၌ ဂျပန်က အလုံးစုံ တုန့်ပြန်ဆောင်ရွက်ရေး အခြေအနေအတွက် အစီအစဉ်များကို ရေးဆွဲခဲ့ပြီးဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အစိုးရက ပြန်လည်တည်းဖြတ်ခဲ့သည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာ၌ တရုတ်သည် ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်နိုင်ခြေရှိသည် ဆိုသည့်အချက်ကို ထည့်သွင်းဖော်ပြထားသည်။
ထိုအခြေအနေမျိုးတွင် ဆာကီရှီးမားကျွန်းစု အပါအဝင် နန်ဆိုင်း (Nansei) ဒေသရှိ ဒေသခံများကို ကာကွယ်ရန် ဂျပန်အနေဖြင့် အစီအစဉ်များ လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေး မဟာဗျူဟာတွင် ဖော်ပြခဲ့ သည်။
ဂျပန်နိုင်ငံအတွင်းက လေဆိပ်တစ်ခုကိုတွေ့ရစဉ်
ထိုအစီအစဉ်များတွင် ပုဂ္ဂလိကနှင့် အစိုးရပိုင် သယ်ယူပို့ဆောင်ရေးကဏ္ဍကို စိတ်ချသေချာစေရန်၊ လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် အခြား ပြည်သူ့အခြေခံ အဆောက်အအုံများ တည်ဆောက်ရန်၊ ကယ်ဆယ်ရေးစခန်းများ ဆောက်လုပ်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အစရှိသည့် အစီအစဉ်များ ပါဝင်သည်။
ဂျပန်အစိုးရ၏ အစီအစဉ်အရ အီရှီဂါကီ (Ishigaki) မြို့ ၊ မီယာကိုဂျီးမား (Miyakojima) မြို့၊ တာရာမာ (Tarama) ကျေးရွာ၊ တာကီတိုမီ (Yaketomi) နှင့် ယိုနာဂူနီ (Yonaguni) မြို့ အစရှိသည့် နေရာ ၅ နေရာမှ ဒေသခံများနှင့် ခရီသွားများကို ကျူးရှူးကျွန်းပေါ်ရှိ ဖူကူအိုကာ (Fukuoka) နှင့် ကာဂိုရှီးမား (Kagoshima) လေဆိပ်တို့မှတစ်ဆင့် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် စီစဉ်ထားသည်။
ထိုသို့ ရွှေ့ပြောင်းပေးရာတွင် မိုးလေဝသ အခြေအနေနှင့် ကျန်းမာရေး အခြေအနေကြောင့် လေယာဉ်မစီးနိုင် သူများအတွက် သင်္ဘောများဖြင့် နေရာရွှေ့ပြောင်းပေးရန်လည်း ဂျပန်အစိုးရက စီစဉ်ထားသည်။
ပြီးခဲ့သည့်နှစ် မတ်လနှင့် ယခုနှစ် ဇန်နဝါရီလကလည်း ဂျပန်ဗဟိုအစိုးရနှင့် အိုကီနာဝါ (Okinawa) ပြည်နယ် အစိုးရတို့သည် တိုက်ခိုက်မှုများ ဖြစ်ပွားသည့် အခြေအနေတွင် ပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်း ကယ်ဆယ်ရေးအတွက် လေ့ကျင်မှုများ ပြုလုပ်ခဲ့သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 4472
CNI International News
ပြုံယမ်း၊ ဩဂုတ် ၆
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် နယ်စပ်ဒေသရှိ တပ်ဖွဲ့များထံသို့ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်သည့် လောင်ချာအသစ် ၂၅၀ ကို လွှဲပြောင်းပေးပို့သော အခမ်းအနားကို ကြီးကြပ်လုပ်ဆောင်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဩဂုတ် ၅ ရက်က ပြုံယမ်း (Pyongyang) မြို့တော်တွင် ပြုလုပ်သည့် ထိုအခမ်းအနား၌ ဒုံးပစ်လောင်ချာများ တင်ဆောင်ထားသော ထရပ်ကားများ တန်းစီရပ်ထားပုံများ၊ စစ်သားများက ပုံစံယူ မတ်တပ်ရပ်နေသည့်ပုံများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်နေသည့် ဓာတ်ပုံများကို နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ထိုအခမ်းအနားတွင် ကင်မ်က မိန့်ခွန်းပြောကြားခဲ့ရာတွင် ထိုဒုံးပစ်လောင်ချာများသည် နောက်ဆုံးပေါ် နည်းဗျူ ဟာမြောက် တိုက်ခိုက်ရေး လက်နက်များဖြစ်ကြောင်းနှင့် သူကိုယ်တိုင် ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကို တွေ့ရစဉ်
မြောက်ကိုရီးယားသည် အမေရိကန်အထိ ရောက်ရှိနိုင်သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များကို ထုတ်လုပ်နေ ကာ အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ကျော်လွှားနိုင်စေရန် တာတိုပစ် လက်နက် အများအပြားကို ထုတ်လုပ်လျက်ရှိသည်။
ပြီးခဲ့သည့်လက စမ်းသပ်ခဲ့သည့် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်သည် အလွန်ကြီးမားသည့် လက်နက်ထိပ်ဖူး ကို သယ်ဆောင်နိုင်စွမ်း ရှိသည်ဟုလည်း မြောက်ကိုရီယားက ပြောကြားခဲ့သည်။
"တောင်ကိုရီးယားကို တိုက်ခိုက်ဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့အတွက် ဒီ ဒုံးပစ်လောင်ချာတွေကို နည်းမျိုးစုံနဲ့ အသုံးပြုလိမ့်မယ်လို့ ကျနော်တို့ ယူဆထားပါတယ်။ နယ်စပ်မှာ ဒုံးပစ်လောင်ချာတွေ ဖြန့်ကြက်ချထားတာက တောင်ကိုရီးယားနဲ့ သိပ်မဝေးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ကို ပြသရာရောက်နေပါတယ်" ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) ၏ ပြောရေးဆိုခွင့်ရှိသူ လီဆန်ဂျွန်းက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား ဒုံးပစ်လောင်ချာ ပေးအပ်ခြင်း အခမ်းအနားကျင်းပနေစဉ်
အမေရိကန်သည် နျူကလီးယားအခြေပြု စစ်ဘက်ဆိုင်ရာ အဖွဲ့တစ်ခု ဖွဲ့စည်းနေခြင်းကြောင့် မြောက်ကိုရီးယား သည် မိမိတို့ စစ်တပ်၏ စွမ်းဆောင်ရည်များကို မြှင့်တင်ရမည့် အနေအထားသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ကင်မ်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ဝေဖန်ရှုတ်ချ လေ့ရှိပြီး ထိုစစ်ရေး လေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော်ဝင်ရောက်ရန် အစမ်းလေ့ကျင့် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကမူ မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ပိတ်ဆို့မှု များကို ချိုးဖောက်ပြီး နျူကလီးယားနှင့် ဒုံးကျည် စီမံကိန်းများကို ဆက်လက် လုပ်ဆောင်နေခြင်းသည် ကိုရီးယား ကျွန်းဆွယ်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: နိုင်ငံရေး
- Hits: 1813
CNI International News
ဂျေရုဆလင်၊ ဩဂုတ် ၆
ဟစ်ဇ်ဘိုလာနှင့် ဟားမာ့စ်ခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် လက်တုန့်ပြန်သည့် အနေဖြင့် အီရန်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၏ ဖြစ်လာနိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် အစ္စရေးက ကြိုတင်ပြင်ဆင်ထားသည်။
အမေရိကန်ကမူ ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ရန် တိုက်တွန်းနေချိန်တွင် ဒေသတွင်း အစ္စရေးက ခံစစ်တပ်ကူများကို စေလွှတ်ခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
ဩဂုတ် ၄ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က အစ္စရေးသည် အီရန်၏ မိစ္ဆာဝင်ရိုးစွန်းအဖွဲ့များနှင့် စစ်မျက်နှာပေါင်းစုံ ဖွင့်ထား ကြောင်း ပြောကြားခဲ့သည်။
"ကျနော်တို့ဟာ ဘယ်အဖွဲ့ကိုမဆို ကြီးမားတဲ့ အင်အားနဲ့ တိုက်ခိုက်နေပါတယ်။ ဒါအပြင် ထိုးစစ်အတွက်ရော ခံစစ်အတွက်ပါ ဘယ်လို အခြေအနေမျိုးမှာမဆို ကြိုတင်ပြင်ဆင်ထားပါတယ်" ဟု နေတန်ယာဟုက ပြောကြား ခဲ့သည်။
အစ္စရေးနိုင်ငံအနီးသို့ လေယာဉ်တင် သင်္ဘောတစ်စီး စေလွှတ်ပြီး အရှေ့အလယ်ပိုင်းဒေသသို့ တိုက်လေယာဉ် အုပ်စုတစ်စု စေလွှတ်ထားသည့် အမေရိကန်ကလည်း ၁၀ လနီးပါး ကြာမြင့်လာပြီဖြစ်သော ဂါဇာစစ်ပွဲကို အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ အရှိန်မြှင့်တင်ရန် နေတန်ယာဟုကို တိုက်တွန်းလျက်ရှိသည်။
အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ကို တွေ့ရစဉ်
စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများကလည်း ဩဂုတ် ၄ ရက်တွင် ဗွီဒီယိုဆက်သွယ်မှုမှ တစ်ဆင့် ပြုလုပ်သည့် ဆွေးနွေးမှု၌ ဒေသတွင်းပဋိပက္ခ ပိုမိုကျယ်ပြန့်လာမည့် အရေးကို စိုးရိမ်ကြောင်း ပြောကြား ခဲ့ကြသည်ဟု အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) က အရှေ့အလယ်ပိုင်းတွင် တင်းမာမှု လျှော့ချရေးကို အရေးတကြီး လိုအပ်ကြောင်းကို G-7 နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နေတန်ယာဟုကမူ ဟားမာ့စ်အဖွဲ့၏ တောင်းဆိုမှုများ တစ်ခုပြီးတစ်ခု ပြောင်းလဲနေခြင်းသည် အပစ်အခတ်ရပ်စဲ ရေး ဆွေးနွေးမှုအတွက် ပြဿနာဖြစ်နေကြောင်း ပြောကြားခဲ့သော်လည်း အစ္စရေးသည်လည်း ၎င်း၏တောင်းဆို ချက်များကို ပြောင်းလဲနေသည်ဟု လေ့လာသူများက ဝေဖန်ခဲ့သည်။
အီရန်နှင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင်များကမူ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဟားမာ့စ်အဖွဲ့ခေါင်းဆောင်နှင့် ဟစ်ဇ်ဘိုလာတပ်မှူး လုပ်ကြံသတ်ဖြတ်ခံရမှုကို လက်တုန့်ပြန်သွားမည်ဟု သတိပေးခဲ့သည်။
အစ္စရေးအရာရှိများက ဖြစ်လာနိုင်ခြေရှိသည့် တိုက်ခိုက်မှုများသည် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့၊ ယီမင်နိုင်ငံရှိ ဟူရ်သီအဖွဲ့နှင့် အီရန်နိုင်ငံတို့ထံမှ စတင်ပေါ်ပေါက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 467
CNI International News
ဘန်ကောက်၊ ဩဂုတ် ၆
ထိုင်းနိုင်ငံ၏ အတိုက်အခံ Move Forward ပါတီ ဖျက်သိမ်းခံရမည်ဆိုပါက ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) တွင် နေရာတစ်နေရာ ရရှိရေးအတွက် ထိုင်းနိုင်ငံ၏ တတိယ အကြိမ်မြောက် အားထုတ်ကြိုးပမ်းမှုကို ထိခိုက်စေနိုင်ကြောင်း ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သတိပေးခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
Future Forward ပါတီ ခေါင်းဆောင်ဟောင်း သာနာသွန်း ဂျူအန်ရွန်ရူအန်ကစ် (Thanathorn Juangroo ngruangkit) ဦးဆောင်သည့် Progressive movement အဖွဲ့၏ အဓိကအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ချမ်နန် ချန်ရူအန် (Chamnan Chanruang) က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို သတိပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထိုင်းနိုင်ငံသည် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ အာရှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးများနှင့် တူညီသော အင်စတီကျူးရှင်းများအသင်း (AACC) ၏ ဆဋ္ဌမအကြိမ်မြောက် စာတမ်းဖတ်ပွဲကို ဘန်ကောက်မြို့ တော်တွင် လက်ခံကျင်းပ သွားမည်ဟုလည်း ချမ်နန်က ပြောကြားခဲ့သည်။
ထိုစာတမ်းဖတ်ပွဲကို နိုင်ငံ ၁၉ နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးများနှင့် တူညီသော အင်စတီကျူးရှင်း များ၏ ဥက္ကဋ္ဌများ တက်ရောက်လိမ့်မည်ဖြစ်ပြီး MFP ဖျက်သိမ်းခံရမည်ဆိုပါက ထိုနိုင်ငံများမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌများ၏ မေးခွန်းများကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက မည်ကဲ့သို့ အဖြေပေးမည်ကို သိချင်သည်ဟုလည်း ချမ်နန်က ပြောကြားခဲ့သည်။
UNHRC ကိုတွေ့ရစဉ်
ထိုင်းသည် UNHRC တွင် နေရာ တစ်နေရာရရန် ယခင်ကလည်း ကြိုးပမ်းခဲ့ဖူးသော်လည်း ၂၀၁၄ အာဏာသိမ်းမှု နှင့် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကြောင့် UNHRC တွင် နေရာရခဲ့ခြင်းမရှိပေ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် MFP အား ဖျက်သိမ်းရန် တောင်းဆိုထားသည့် ရွေးကောက်ပွဲကော်မရှင် ၏ အသနားခံစာကို ပယ်ချပြီး MFP ကို လွတ်ငြိမ်းခွင့် ပေးဖွယ်ရှိနေသည်ဟုလည်း ယုံကြည်ကြောင်း ချမ်နန်က ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် MFP အား တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်မည့် လှုပ်ရှားမှု များအား ရပ်တန့်ရန် ဇန်နဝါရီလက စီရင်ချက်ချခဲ့ပြီးနောက် MFP နှင့် MFP ခေါင်းဆောင်ဟောင်း ပီတာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) သည် တော်ဝင်အသရေဖျက်မှု ဥပဒေနှင့်ပတ်သက်သည့် ၎င်းတို့၏ လှုပ်ရှားမှုများကို ရပ်တန့်ခဲ့သည်။
အကယ်၍ တရားရုံးက MFP ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပါက MFP ပါတီဝင်များနှင့် လွှတ်တော်အမတ်များသည် ပါတီအသစ်တစ်ခုကို ထပ်မံထူထောင်လိမ့်မည်ဖြစ်ပြီး တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲရန် ဆက်လက် ကြိုးပမ်းသွားလိမ့်မည်ဟု ချမ်နန်က ပြောကြားခဲ့သည်။
Source: Thai PBS World