- By CNI
- Category: နိုင်ငံရေး
- Hits: 659
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဖေဖော်ဝါရီ ၂၆ ရက်က ၎င်း၏ ပထမဆုံးအကြိမ် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ဖက်ဒရယ်အေဂျင်စီများအနေဖြင့် ဝန်ထမ်းအင်အား အများအပြား ကို လျှော့ချကြရန် အမိန့်ပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် ထိုအစည်းအဝေးတွင် ၎င်း၏ မဟာမိတ်ဖြစ်သည့် အီလွန်မာ့စ် (Elon Musk) ကို ပွဲထုတ်ခဲ့သည်။
ထို့နောက် အီလွန်မာ့စ်သည် ထိုအစည်းအဝေးတွင် ဘတ်ဂျက်လျှော့ချမည့် ၎င်း၏ ရည်မှန်းချက်များကို ဆွေးနွေးခဲ့သည်။
ထရမ့်၏ ညွှန်ကြားချက် အသစ်အရ အစိုးရအေဂျင်စီများ အနေဖြင့် ဝန်ထမ်းအင်အား လျှော့ချမည့် အစီအစဉ်များ ကို မတ်လ ၁၃ ရက်တွင် တင်သွင်းကြရန် ဖော်ပြထားသည်။
အစိုးရအေဂျင်စီများသည် ယခင်ကတည်းက အီလွန်မာ့စ် ဦးဆောင်သည့် အစိုးရအကျိုးဆောင်ဌာန (DOGE) ၏ အစီအစီဖြင့် ဝန်ထမ်းများလျှော့ချခြင်း၊ အစီအစဉ်များကို ဖျက်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ထရမ့်အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်
ယခုညွှန်ကြားချက် အသစ်အရ အမေရိကန်အစိုးရ၏ ဝန်ထမ်းအင်အားကို အများအပြား လျှော့ချနေသည့် ထရမ့်နှင့် မာ့စ်တို့၏ အားထုတ်ကြိုးပမ်းမှုများသည် ပိုမိုအားမာန်ပါလာသော အရိပ်အခြေကို ပြသရာရောက်ခဲ့ သည်။
အစိုးရအဖွဲ့ အစည်းအဝေးတွင် ထရမ့်က သဘောဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ၏ အုပ်ချုပ်ရေးမှူး လီ ဇယ်လ်ဒင် (Lee Zeldin) ကို ၎င်းအေဂျင်စီတွင်ရှိသည့် ဝန်ထမ်း စုစုပေါင်း ၁၅,၀၀၀ အနက် ၆၅ ရာခိုင်နှုန်းအထိ လျှော့ချရန် ပြောကြားခဲ့သည်။
ထရမ့်သည် ထိုအစည်းအဝေးတွင် အီလွန်မာ့စ်ကို အလွန်ထောက်ခံသည့် လက္ခဏာကိုပြသခဲ့ပြီး အစိုးရအဖွဲ့ထဲမှ အချို့အကြီးအကဲများသည် မာ့စ်၏ အစီအစဉ်အချို့အား သဘောမတူကြောင်း ပြောကြားခဲ့ဖူးသူများဖြစ်သည်။
မာ့စ်သည် အစိုးရအဆင့်ရှိသည့် အရာရှိတစ်ဦး မဟုတ်သော်လည်း DOGE ၏ အကြီးအကဲ တစ်ဦးအဖြစ် အစိုးရ အဖွဲ့ အစည်းအဝေးကို တက်ရောက်လာခဲ့ခြင်းဖြစ်သည်။
Tesla နှင့် SpaceX စီအီးအိုဖြစ်သည့် မာ့စ်ကမူ ၂၀၂၅ ခုနှစ်အတွင်း အစိုးရ အသုံးစရိတ်ကို ဒေါ်လာ ၆ ဒသမ ၇ ထရီလျံထဲမှ ၁ ထရီလျံ လျှော့ချသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ဘတ်ဂျက် အများအပြား လျှော့ချခြင်းသည် အမေရိကန်အစိုးရ၏ အရေးကြီးသည့် အချို့ အစီအစဉ် များကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 715
CNI International News
ဘေကျင်း၊ ဖေဖော်ဝါရီ ၂၈
ထိုင်ဝမ်ကမ်းလွန်တွင် ပြုလုပ်သည့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုများသည် လုပ်ရိုးလုပ်စဉ် အရသာဖြစ်ပြီး ထိုင်ဝမ်အနေဖြင့် စောဒကမတက်သင့်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
တရုတ်၏ စစ်ရေးလေ့ကျင့်မှုများတွင် ကျည်အစစ်များ အသုံးမပြုခဲ့သော်လည်း တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေကြောင်း ထိုင်ဝမ်က ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက် ထွက်လာပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက စောဒကမတက်သင့်ကြောင်း ထိုင်ဝမ်ကို ပြန်လည် တုန့်ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်စစ်တပ်သည် ထိုင်ဝမ်ရေလက်ကြား၏ အနောက်တောင်ဘက် ထိုင်ဝမ်၏ ကောင်းရှောင် (Kaohsiung) နှင့် ပင်တန် (Pingtung) ကျွန်းများ၏ ကမ်းလွန်ရေပြင်တွင် လက်နက်များ ပစ်ခတ်သည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။
ထိုစစ်ရေး လေ့ကျင့်မှုများသည် အလွန်အန္တရာယ်များပြီး ရန်လိုသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်းနှင့် ကုန်တင် သင်္ဘောများ၊ ခရီးသည်တင် လေယာဉ်များကို ခြိမ်းခြောက်နေကြောင်း၊ တရုတ်သည် ထိုစစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ပြီး ကြိုတင်အသိပေးချက်များ ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ထိုင်ဝမ်အစိုးရက ပြောသည်။

ထိုင်ဝမ်နဲ့ တရုတ်အလံကို တွေ့ရစဉ်
ထိုင်ဝမ်သည် အခြားနိုင်ငံများ၏ အာရုံစိုက်မှုကို ရယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝူချင် (Wu Qian)က ဘေကျင်းမြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“ထိုင်ဝမ်အာဏာပိုင်တွေရဲ့ မှတ်ချက်စကားတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ လုပ်ရိုး လုပ်စဉ် စစ်ရေးလေ့ကျင့်မှုတွေကို ချဲ့ကားပြောဆိုနေတာ ဖြစ်တယ်။ ထိုင်ဝမ်အနေနဲ့ အများရဲ့ အာရုံစိုက်တာကို ခံချင်တဲ့အတွက် အခုလိုမျိုး လှည့်ကွက်တွေကို ရပ်တန်းကရပ်ဖို့ လိုပါတယ်” ဟု ဝူက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက် နံနက် အစောပိုင်းက ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီး ဝန်းကျင်၌ တရုတ်စစ်လေယာဉ် ၄၅ စင်းနှင့် ရေတပ်သင်္ဘော ၁၄ စင်းတို့ကို ထောက်လှမ်းတွေ့ရှိကြောင်း ဖော်ပြခဲ့သည်။
ထိုသင်္ဘောများထဲမှ သင်္ဘော ၇ စင်းသည် တရုတ်ဘက်က စစ်ရေးလေ့ကျင့်သည့်ဇုန်ဟု ကြေညာခဲ့သည့် ရေပြင် အတွင်း ဝင်ရောက်ခဲ့သည်။ ထိုရေပြင်သည် ထိုင်ဝမ်ကမ်းလွန်နှင့် ရေမိုင် ၄၀ သာ ကွာဝေးသည်။
တရုတ်စစ်တပ်သည် အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း ကျည်အစစ်များကို အသုံးပြုခဲ့ခြင်း မရှိခဲ့သော်လည်း စစ်ရေးအရ တင်းမာမှုများကို မြင့်တက်စေခဲ့သည်ဟု အမည်မဖော်လိုသည့် ထိုင်ဝမ် အရာရှိနှစ်ဦးက ပြောကြားခဲ့ သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 756
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈
ထိုင်းအတိုက်အခံများက လွှတ်တော်တွင် မိမိအား အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့မှုကို ချေဖျက်ပြီး အနိုင်ယူရန် အဆင်သင့်ဟု ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ပြောကြားခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်တွင် ပေတုန်တန်သည် လွှတ်တော်သို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး ၎င်း၏ အစိုးရအဖွဲ့ အား အယုံအကြည်မရှိအဆို စကားစစ်ထိုးပွဲတွင် အတိုက်အခံများ၏ စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။
အတိုက်အခံများက ပေတုန်တန်ကို ခေါင်းဆောင်မှုပိုင်း အားနည်းမှုများရှိခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ပေတုန်တန်ကမူ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစပြီး ပထမဆုံးအကြိမ် လွှတ်တော်တွင် အတိုက်အခံများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။
ထိုကြားနာစစ်ဆေးမှုသည် အယုံအကြည်မရှိအဆို စကား စစ်ထိုးပွဲအတွက် အကြိုလေ့ကျင့် ပြင်ဆင်မှုအဖြစ် ရှုမြင်ခံခဲ့ရသည်။
ပေတုန်တန်သည် အတိုက်အခံများ၏ အဆိုပြုချက်များကို တုန့်ပြန်ဖြေရှင်းရန် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် လွှတ်တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သူသည် နံနက် ၁၀ နာရီတွင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ဌာနချုပ်တွင် ရဲတပ်ဖွဲ့ကော်မရှင် အစည်းအဝေးအား သဘာပတိအဖြစ် ဦးဆောင်ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း လွှတ်တော်သို့ သွားရောက်ရန်အတွက် ထိုအစည်းအဝေး ကို ဖျက်သိမ်းခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
အတိုက်အခံများည် ပေတုန်တန် တစ်ဦးတည်းကိုသာ အယုံအကြည်မရှိ အဆိုတင်သွင်းရေးအတွက် စကား စစ်ထိုးပွဲ ပြုလုပ်ရန် ရွေးချယ်ခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ပေတုန်တန်က လွှတ်တော်သို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အတိုက်အခံများက ၎င်း တစ်ဦးတည်းကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းချိန်တွင် ပေတုန်တန်က “ဒါက နားလည်လို့ရပါတယ်။ အတိုက်အခံတွေဘက်က ဒီလိုလုပ်ပိုင်ခွင့် ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။
ပေတုန်တန်သည် ခေါင်းဆောင်မှုပိုင်း အားနည်းမှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများ လျော့ကျ စေခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲထားသည်။
ပေတုန်တန်ကမူ ၎င်းအပေါ် စွပ်စွဲချက်များ အားလုံးကို ဖြေရှင်းရန် အသင့်ရှိကြောင်းနှင့် အတိုက်အခံများ၏ မေးခွန်းများကို တုန့်ပြန်ဖြေကြားရန် ၎င်းအား အကူအညီပေးမည့် အဖွဲ့တစ်ခု ဖွဲ့စည်းသွားမည်ဟုလည်း အတည်ပြုပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 651
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အမေရိကန်တွင် နေထိုင်ခွင့်ပါမစ်အတွက် ဒေါ်လာ ၅ သန်း တန်ကြေးရှိသည့် Gold Card များကို ရောင်းချသွားမည်ဟု ဖေဖော်ဝါရီ ၂၅ ရက်က ကြေညာခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဗီဇာအမျိုးအစားသစ်ဖြစ်သည့် အဆိုပါ Gold Card သည် သမားရိုးကျ Green Card အမျိုးအစား၏ တန်ဖိုးကြီး ကဒ် အမျိုးအစားသစ်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထရမ့်က ပြောသည်။
ထို့ပြင် အဆိုပါ Gold Card များကို ရောင်းချခြင်းဖြင့် အမေရိကန်၏ နိုင်ငံ့လိုငွေပြမှုကို လျှော့ချနိုင်လိမ့်မည် ဟုလည်း ၎င်းက ဆိုသည်။
“Gold Card ကို ကျနော်တို့ ရောင်းတော့မှာပါ။ ခင်ဗျားမှာ Green Card ရှိတယ်ဆိုရင် ဒါကတော့ Gold Card ပါ။ ဒီကဒ်ရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၅ သန်း တန်ဖိုးရှိပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ Gold Card သည် Green Card ထက် ခံစားခွင့်ပိုမိုရရှိပြီး အမေရိကန်နိုင်ငံသားအဖြစ်ပါ လျှောက်ထားနိုင် လိမ့်မည်ဟု ဒုတိယသက်တမ်းအတွင်း သန်းနှင့်ချီသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းများကို နေရပ်သို့ ပြန်ပို့နေ သည့် ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်
“လူတွေအများကြီးက ကျနော်တို့နိုင်ငံကို လာချင်နေကြပါတယ်။ သူတို့ဟာ ဒီမှာ အလုပ်လုပ်ချင်ကြတယ်။ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ချင်ကြတယ်။ အဲဒါကြောင့် ဒီကိုလာမယ့်လူတွေက ပိုက်ဆံရှိတဲ့လူတွေ ဖြစ်လာပါလိမ့်မယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထို Gold Card များကို လာမည့် သီတင်း ၂ ပတ်အတွင်း စတင်ရောင်းချသွားမည်ဖြစ်ပြီး ကဒ်ပေါင်း သန်းချီ ရောင်းချရလိမ့်မည်ဟုလည်း ထရမ့်က ပြောသည်။
အဆိုပါ ကဒ်များကို ရုရှား၏ အထက်တန်းလွှာ ရုရှားသူဋ္ဌေးများကို ရောင်းချမည် ဟုတ်၊ မဟုတ် သတင်းထောက် များက မေးမြန်းခဲ့ချိန်တွင် ထရမ့်က သူသည် အလွန်ကောင်းမွန်သည့် ရုရှားသူဋ္ဌေးများကို သိထားကြောင်း၊ ထို့ကြောင့် ရောင်းချရန် ဖြစ်နိုင်ကြောင်း ဖြေကြားခဲ့သည်။
ထို Gold Card ရောင်းချမည့် အစီအစဉ်သည် ရွှေ့ပြောင်း စီးပွားရေးလုပ်ငန်းရှင်များကို ပေးသည့် EB-5 ဗီဇာ ပရိုဂရမ် နေရာကို အစားထိုးမည်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူမျာသည် အမေရိကန်တွင် အလုပ်အကိုင်များ ဖန်တီးရန် ငွေကြေးအများအပြား အသုံးပြုလိမ့်မည်ဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 621
CNI International News
ကင်ရှာဆာ ၊ ဖေဖော်ဝါရီ ၂၇
နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာခုံရုံး (ICC)၏ ရှေ့နေ ကာရင်မ် ခမ်း (Karim Khan) သည် ကွန်ဂိုနိုင်ငံအရှေ့ပိုင်း တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် ဖေဖော်ဝါရီ ၂၅ ရက်က ရောက်ရှိလာခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ကွန်ဂိုနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် အာဖရိက ခေါင်းဆောင်ဟောင်းများက ကြိုးပမ်းနေချိန်၌ ခမ်းက ကွန်ဂိုနိုင်ငံအတွင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ကွန်ဂိုနိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းရန် ဖွဲ့စည်းထားသည့် အဖွဲ့ဝင် ၃ ဦးပါဝင်သည်။
ထိုခေါင်းဆောင် ၃ ဦးမှာ အာဖရိက ခေါင်းဆောင်ဟောင်း ကင်ညာသမ္မတဟောင်း ကူဟူရူ ကင်ညက်တာ (Uhuru Kenyatta) ၊ အီသီယို ပီးယား ဝန်ကြီးချုပ် ဟောင်း ဟာအီလီမာရီယမ် ဒက်စလက် (Hailemariam Desalegn) နှင့် နိုက်ဂျီးရီးယား သမ္မတဟောင်း အိုလူဆီဂန် အိုဘာဆန်ဂျို (Olusegun Obasanjo) တို့ဖြစ်သည်။
အဆိုပါ ၃ ဦးကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်သူများအဖြစ် အရှေ့အာဖရိက အသိုင်းအဝိုင်း (EAC) နှင့် တောင်အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး အသိုင်းအဝိုင်း (SADC) တို့က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ ရည်ရွယ်ချက်မှာ ကွန်ဂိုတွင် ချွင်းချက်မရှိ ချက်ချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖော်ဆောင်ရန်ဖြစ်ကြောင်း EAC နှင့် SADC တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကွန်ဂိုပြည်သူများကိုတွေ့ရစဉ်
ကွန်ဂိုတွင် ယခုနှစ် ဇန်နဝါရီလမှစပြီး အကြမ်းဖက်မှုများကြောင့် လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ကွန်ဂို ဝန်ကြီးချုပ် ဂျူဒစ် ဆူမင်ဝါ တူလူကာ (Judith Suminwa Tuluka) က ပြောကြားခဲ့သည်။
“ကွန်ဂိုမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေကို ကျနော်တို့ အရမ်းစိုးရိမ်ပါတယ်။ အထူးသဖြင့် နိုင်ငံအရှေ့ပိုင်း က အခြေအနေက အဆိုးရွားဆုံး ဖြစ်နေတာကို ကျနော်တို့ သိပါတယ်” ဟု ICC ရှေ့နေ ခမ်းက ကင်ဆာရှာ (Kinshasa) မြို့တော်သို့ ရောက်ရှိချိန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် အဖွဲ့များ အားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေကို လေးစားရမည်ဟုလည်း ခမ်းက ပြောကြားခဲ့သည်။
ခမ်းသည် ကွန်ဂိုသမ္မတ ဖီးလစ် ရှီဆက်ကီဒီ (Felix Tshisekedi) ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကွန်ဂိုဆိုင်ရာ ကိုယ်စားလှယ် ဘင်တူ ခိုက်တာ (Bintou Keita) တို့အပြင် အရပ်ဖက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 854
CNI International News
ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၇
မည်သည့် စစ်ပွဲကိုမဆို ရင်ဆိုင်တိုက်ခိုက်ရန် အင်အားတောင့်တင်းပြီး ခေတ်မီသည့် စစ်တပ်ကို ထူထောင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA က ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။
ကင်မ်သည် Kang Kon စစ်အကယ်ဒမီသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကင်မ်သည် ယခုသီတင်းပတ် အတွင်းကလည်း လက်ရွေးစင် ကေဒါများကို မွမ်းမံသင်ကြားသည့် ကင်အီဆွန်း နိုင်ငံရေးတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး စစ်တပ်အနေဖြင့် သစ္စာစောင့်သိရန်နှင့် စွန့်လွှတ်အနစ်နာခံရန် တိုက်တွန်းခဲ့သည်။
ကင်မ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်တပ်၏ တပ်ရင်း၊ တပ်ဖွဲ့စခန်းများ၊ စစ်သင်တန်းများကို သွားရောက် လေ့လာခဲ့ပြီး ထိုလေ့လာရေးခရီးစဉ်များသည် ရုရှားအတွက် နောက်ထပ် စစ်ကူများ စေလွှတ်ပေးရန် ပြင်ဆင်နေ ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။
ကင်မ်သည် နောက်ဆုံးအကြိမ် စစ်သင်တန်းကျောင်းသို့ သွားရောက်ခဲ့ချိန်အတွင်း သင်တန်းကျောင်း၏ ညံ့ဖျင်း သည့် စီမံခန့်ခွဲမှု၊ ပညာရေး အဆောက်အအုံများ၏ အခြေအနေတို့ကို ဝေဖန်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ထိုအခြေအနေများသည် အာဏာရပါတီ၏ ရည်ရွယ်ချက်ဖြစ်သည့် ခေတ်မီပြီး ခေတ်ရှေ့ပြေးသည့် အင်အားကြီး စစ်တပ် ထူထောင်ရေး လမ်းစဉ်နှင့် မကိုက်ညီကြောင်း ပြောကြားခဲ့သည်ဟု KCNA မှ ဖော်ပြခဲ့သည်။
စစ်သင်တန်းကျောင်း၏ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် လက်တွေ့ကို အခြေခံသည့် ပညာရေးစနစ်ကို ပိုမိုအာရုံစိုက်ရန် ညွှန်ကြားခဲ့သည်။
ထိုသို့ လုပ်ဆောင်မှသာ သင်တန်းသားများသည် မျက်မှောက်ခေတ် စစ်ပွဲများနှင့်ပတ်သက်သည့် စစ်မှန်သော အတွေ့အကြုံများ၊ သင်ခန်းစားများကို သင်ယူနိုင်လိမ့်မည်ဟု ကင်မ်က ဆိုသည်။
ထို့ပြင် သင်တန်းသားများ အနေဖြင့် ခေတ်မီလက်နက်များနှင့် နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများကိုလည်း ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် သင်ယူကြရန် ကင်မ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား အရာရှိများကမူ မြောက်ကိုရီးယားသည် ရုရှားကို မြောက်ကိုရီးယား စစ်သားများ စေလွှတ်ပြီး စစ်ကူပေးခဲ့ခြင်း ၊ စစ်လက်နက်များ ပေးပို့ခြင်းတို့ကြောင့် မျက်မှောက်ခေတ် စစ်ပွဲနှင့်ပတ်သက်သည့် အတွေ့အကြုံများကို ရရှိနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းအစိုးရကမူ ယခုနှစ် ဇန်နဝါရီလ အစောပိုင်းမှစပြီး ရုရှားကို စစ်ကူပေးနေသည့် မြောက်ကိုရီးယား စစ်သားများအနက် ၃၀၀၀ ကျော်သည် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 763
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇
အမေရိကန်နှင့် ယူကရိန်းတို့သည် ယူကရိန်း၏ သယံဇာတများကို တူးဖော်ရေးစာချုပ်ကို ချုပ်ဆိုရန် သတ်မှတ် ချက်များကို သဘောတူညီခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယူကရိန်း-ရုရှားစစ်ပွဲကို လျှင်မြန်စွာ အဆုံသတ်ရန် ကြိုးပမ်းနေချိန်တွင် အဆိုပါသဘောတူညီမှုသည် အမေရိကန်၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းနေသည့် ယူကရိန်း၏ လုပ်ဆောင်ချက် တစ်ခုဖြစ်သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် ၂ ခုက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ထိုသဘောတူညီမှု မူကြမ်းတွင် ယူကရိန်းအတွက် အမေရိကန်၏ လုံခြုံရေးအာမခံချက်များ သို့မဟုတ် လက်နက် ဆက်လက် ထောက်ပံ့မှုများကို တိကျစွာ ဖော်ပြထားခြင်း မရှိသော်လည်း အမေရိကန်သည် ယူကရိန်းအား လွတ်လပ်၊ လုံခြုံပြီး အချုပ်အခြာအာဏာပိုင် ဖြစ်စေလိုသည့် ဆန္ဒရှိကြောင်း ဖော်ပြထားသည်ဟု ထိုအကြောင်း အရာနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အမေရိကန်နှင့် ယူကရိန်း သယံဇာတတူးဖော်ရေး စာချုပ်ချုပ်ရန် သဘောတူ
နောက်ထပ် သတင်းရင်းမြစ် တစ်ခုကလည်း အနာဂတ်တွင် အမေရိကန်က ယူကရိန်းကို လက်နက်များ ဆက်လက် ထောက်ပံ့ပေးမည့် အကြောင်းအရာကို နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy ) သည် ထိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်သို့ လာရောက်မည်ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ထရမ့်နှင့် ဇာလန်းစကီးတို့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တစ်ဦးနှင့်တစ်ဦး ဝေဖန်ပြစ်တင်သော စကားများကို ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီချက်ရသည့်သတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယူကရိန်းကို ကူညီပေးထားသည့် ဒေါ်လာ ဘီလျံချီကို ပြန်လည်ရယူလိုသော ထရမ့်က ပဋိပက္ခကို ရပ်တန့်မည့် သဘောတူညီချက်သည် ရပ်တန့်နေပါက ယူကရိန်းတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဥရောပနိုင်ငံ အချို့ကလည်း ယူကရိန်းသို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ ပေးပို့ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်မှုကို ရုရှားအစိုးရမှ လက်ခံလိမ့်မည်ဟု ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သော်လည်း ကရင်မလင်ကမူ ထရမ့်၏ ပြောကြားချက်ကို ဖေဖော်ဝါရီ ၂၅ ရက်၌ ငြင်းဆိုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 637
CNI International News
တိုင်ပေ၊ ဖေဖော်ဝါရီ ၂၆
ထိုင်ဝမ်ရေလက်ကြားအတွင်းရှိ ပန်ဂူ (Penghu) ကျွန်းစုသို့ ဆက်သွယ်ထားသည့် ရေအောက်ကေဘယ်ကြိုး ပြတ်တောက်ခဲ့ပြီးနောက် ထိုကျွန်းအနီးတွင် တွေ့ရှိခဲ့သည့် တရုတ်နှင့် အဆက်အသွယ်ရှိသော ကုန်တင်သင်္ဘော တစ်စင်းကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်ကမူ ၎င်းတို့ ကျွန်းအနီးဝန်းကျင်တွင် တရုတ်၏ လှုပ်ရှားမှုများသည် စစ်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်ပြီး သေချာရေရာမှု မရှိသည့် အညိုရောင်ဇုန် တစ်ခုကို ဖန်တီးနေကြောင်း ပြောကြားခဲ့သည်။
တရုတ်၏ လှုပ်ရှားမှုများသည် တိုက်ရိုက် ရင်ဆိုင်တွေ့ခြင်း မဟုတ်ဘဲ မိုးပျံပူဖောင်းများကို ထိုင်ဝမ်အနီးသို့ စေလွှတ်ခြင်း၊ ပင်လယ်ပြင်အတွင်းရှိ သဲများကို တူးဖော်ခြင်းကဲ့သို့ ဖိအားပေးသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်နေ ကြောင်း ထိုင်ဝမ်က ပြောသည်။
ယခုနှစ် အစောပိုင်းကလည်း တရုတ်နှင့် ဆက်နွှယ်သည့် သင်္ဘောတစ်စင်းသည် ထိုင်ဝမ်၏ ရေအောက် ကေဘယ် ဆက်ကြိုးကို ထိခိုက်စေရန် လုပ်ဆောင်ခဲ့သည်ဟု သံသယရှိခဲ့ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။
ထို့ကြောင့် ထိုင်ဝမ်နှင့် အခြားနိုင်ငံများကို ဆက်သွယ်ရာတွင် အဓိကကျသည့် ရေအောက် အင်တာနက် ဆက်သွယ်ရေး ကေဘယ်ကြိုးများအား ကာကွယ်မည့် အစီအမံများ တိုးမြှင့်လုပ်ဆောင်ရန် ထိုင်ဝမ်က ရေတပ်နှင့် အခြားသက်ဆိုင်ရာ အေဂျင်စီများကို ညွှန်ကြားခဲ့သည်။

ကုန်တင်သင်္ဘောကို ထိုင်ဝမ်က ဖမ်းနေစဉ်
တိုင်ဝမ်စစ်တပ်ကမူ တိုဂိုနိုင်ငံတွင် မှတ်ပုံတင်ထားသည့် တရုတ်သင်္ဘောသားများ လိုက်ပါလာသော Hong Tai 58 ကုန်တင်သင်္ဘောကို ဖမ်းဆီးရန် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘော ၃ စင်းကို ဖြန့်ကြက်ချခဲ့ကြောင်း ပြောကြားခဲ့ သည်။
ထိုင်ဝမ် အနောက်တောင်ဘက် ကမ်းလွန်ရေပြင်ရှိ ရေအောက်ကေဘယ်ကြိုး ပြတ်တောက်ချိန်တွင် ထိုကုန်တင် သင်္ဘောသည် ကေဘယ်ကြိုးအနီး၌ ကျောက်ချရပ်နားခဲ့သည်ကို တွေ့ရကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထိုကုန်တင်သင်္ဘောပေါ်တွင် လိုက်ပါလာသည့် သင်္ဘောသား ၈ ဦးစလုံးသည် တရုတ်နိုင်ငံသားများဖြစ်ပြီး ထိုဖြစ်စဉ်သည် တရုတ်အစိုးရ၏ လုပ်ဆောင်ချက် ဟုတ်၊မဟုတ်ကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက တရုတ်၏ ထိုင်ဝမ်ရေးရာရုံးကို ဆက်သွယ်ခဲ့သော် လည်း ထိုင်ဝမ်ရေးရာရုံးက မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 664
CNI International News
ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၆
သဘောတရားရေးရာမပါသည့် လက်နက်များသည် အသုံးမဝင်သော သံထည်ပစ္စည်းများသာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)က ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် အင်အားကြီးမားသည့် တပ်မတော်ကို ထူထောင်ရန် နှစ်ရှည်လများ ကြိုးပမ်းခဲ့ရကြောင်း၊ မိမိတို့ စစ်တပ်၏ ထိပ်သီးခေါင်းဆောင်များကို သစ္စာစောင့်သိရန် လိုအပ်ကြောင်း ကင်မ်က အလေးထားပြောဆိုခဲ့ သည်။
ကင်မ်သည် ဖေဖော်ဝါရီ ၂၅ ရက်က ကင်မ်အီဆွန်း နိုင်ငံရေးတက္ကသိုလ် (Kim Il Sung University of Politics ) သို့ သွားရောက်ချိန်တွင် ထိုကဲ့သို့ မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားကို ကူညီပြီး ယူကရိန်းကို တိုက်ခိုက်နေသည့် မြောက်ကိုရီးယား စစ်သား ၁၀,၀၀၀ ကျော်အနက် ထိခိုက် ဆုံရှုံးမှုများ များပြားနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ပြည်တွင်းနိုင်ငံရေး အခြေအနေအပေါ် မေးခွန်းများ ထုတ်လာချိန်တွင် ကင်မ်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ စစ်တပ်အရာရှိများကို တွေ့ရစဉ်
ကိုရီးယားပြည်သူ့တပ်မတော် (KPA) သည် ကမ္ဘာ့အင်အား အကြီးဆုံး စစ်တပ်ဖြစ်လာစေရန် ရည်မှန်းထားသဖြင့် နိုင်ငံရေး၊ သဘောတရားရေးရာ၊ ဘာသာရေးနှင့် စစ်တပ်၏ ကျင့်ဝတ်သိက္ခာများကို ပိုမိုဦးစားပေးသင့်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
“သဘောတရားမပါတဲ့ လက်နက်တွေဟာ သိပ်အသုံးမဝင်တဲ့ သံထည်ပစ္စည်း သာသာပါပဲ။ အဲဒါကြောင့် စစ်တပ် အနေနဲ့ နိုင်ငံရေး၊ သဘောတရားရေးရာနဲ့ ကျင့်ဝတ်စည်းကမ်းပိုင်းတွေကို ဦးစားပေးနေရာမှာ ထားရှိသင့်ပါတယ်” ဟု ကင်မ်က ပြောကြားခဲ့သည်။
ကင်မ်အီဆွန်း နိုင်ငံရေးတက္ကသိုလ်သည် မြောက်ကိုရီးယား အရာရှိများအတွက် တန်းပြည့် စစ်မှုထမ်း ၁ သန်း ကျော်ရှိသည့် စစ်တပ်၏ ဩဇာကြီးမားသော နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ရန် မွမ်းမံသင် ကြားပေးသည့် တက္ကသိုလ်ဖြစ်သည်။
ထိုတက္ကသိုလ်တွင် မွမ်းမံသင်တန်း တက်ရမည့် အရာရှိများကို မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမား ပါတီက တိုက်ရိုက်ထိန်းချုပ်ပြီး နိုင်ငံရေး သဘောတရားများ သင်ကြားနေခြင်းဖြစ်သည်။
ကင်မ်သည် ၎င်း၏ မိန့်ခွန်းထဲတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိသော် လည်း မဟာမိတ်ဟု အမည်ခံထားသည့် နိုင်ငံများသည် ဒေသတွင်း တင်းမာမှုများ မြင့်တက်စေရန် လုပ်ဆောင် နေကြောင်း သွယ်ဝိုက်ပြောဆိုခဲ့သည်။
Source: ရိုက်တာ
