- By CNI
- Category: နိုင်ငံရေး
- Hits: 688
CNI International News
ကိယက်ဗ်၊ ဇူလိုင် ၂
ရုရှားသမ္မတ ပူတင်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး နောက် စစ်ပွဲသည် သုံးနှစ်ကျော် ကြာမြင့်လာချိန်တွင် ရုရှားတပ်ဖွဲ့များက ယူကရိန်း၏အရှေ့ပိုင်း လူဟန့်စ် (Luhansk) ဒေသအား အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားသည် ၂၀၁၄ ခုနှစ်က ယူကရိန်း၏ ခရိုင်မီးယားဒေသကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စတုရန်းမိုင် ၁၀,၃၀၈ မိုင် အကျယ်အဝန်းရှိ လူဟန့်စ်ဒေသသည် ရုရှားတပ်ဖွဲ့များ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည့် ပထမဆုံး ယူကရိန်းဒေသ တစ်ခု ဖြစ်လာခဲ့သည်။
ပူတင်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ယူကရိန်း၏ လူဟန့်စ်၊ ဒွန်နက်စ် (Donetsk) ၊ ခါဆန် (Kherson) နှင့် ဇာပိုရီရှား (Zaporizhzhia) ဒေသများကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီး ထိုဒေသများအား ရုရှားနိုင်ငံ၏ လက်အောက်ခံအဖြစ် သွတ်သွင်းကြောင်း ကြေညာခဲ့သည်။
ထိုကြေညာချက်ကို အနောက်ဥရောပနိုင်ငံများက တရားမဝင်ကြောင်း ဝေဖန်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအများစုက အသိအမှတ်ပြုခဲ့ခြင်းမရှိပေ။

လူဟန့်စ်ဒေသကိုတွေ့ရစဉ်
“လူဟန့်စ်ဒေသကို အပြည့်အဝ လွတ်မြောက်စေခဲ့ပါပြီ။ ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပါပြီ”ဟု လီယိုနစ် ပါဆက်ချ်နစ်က ပြောကြားခဲ့သည်။
လီယိုနစ်သည် ဆိုဗီယက် ယူကရိန်းတွင် မွေးဖွားခဲ့ပြီး လက်ရှိ လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံဟု အမည်ပေးထား သော ထိုဒေသ၏ အကြီးအကဲအဖြစ် ရုရှား၏ ခန့်အပ်ခြင်း ခံထားရသူ ဖြစ်သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် ယူကရိန်း အာဏာပိုင်များက ချက်ချင်း အတည်ပြုခဲ့ခြင်း မရှိပေ။
လူဟန့်စ်ဒေသနှင့် ပတ်သက်သည့် ရုရှား၏ ကြေညာချက်များသည် တရားမဝင်ဘဲ လူဟန့်စ်ဒေသသည် ယူကရိန်း ၏ နယ်နိမိတ်ဖြစ်ကြောင်း၊ နိုင်ငံတကာက အသိအမှတ်ပြုထားကြောင်း ယူကရိန်းအစိုးရက ပြောကြားခဲ့သည်။
ရုရှားကမူ လူဟန့်စ်၊ ဒွန်နက်စ်၊ ခါဆန်နှင့် ဇာပိုရီရှား ဒေသများသည် ရုရှား၏ နယ်နိမိတ်များ ဖြစ်လာပြီဖြစ်ပြီး ရုရှား၏ နျူကလီးယား ထီးရိပ် အကာအကွယ်အောက်တွင် ရှိနေပြီဖြစ်ကာ ယူကရိန်းကို ပြန်လည်လွှဲပြောင်း ပေးအပ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 534
CNI International News
ဘေဂျင်း၊ ဇူလိုင် ၂
အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အာဏာအလွဲသုံးစား လုပ်မှုများကို ဖော်ထုတ်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က တိုက်တွန်း ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ဇူလိုင် ၁ ရက်က ကွန်မြူနစ်ပါတီ၏ အဖွဲ့ဝင် ၂၄ ဦးပါ ပေါ်လစ်ဗျူရို၏ အစည်းအဝေးတွင် ရှီက နိုင်ငံတော်အဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ကြီးကြပ်ရာ၌ ရှင်းလင်းပြတ်သားပြီး ပွင့်လင်းမြင်သာမှုရှိစွာ ခြေရာခံနိုင်သည့် လုပ်ငန်းစဉ်တစ်ရပ် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။
“အဂတိ လိုက်စားမှုကို တိုက်ဖျက်ဖို့အတွက် အာဏာသုံးတဲ့ လုပ်ထုံးလုပ်နည်းတွေကို စည်းကမ်းတကျ လုပ်ဆောင်ရပါမယ်” ဟု ရှီကာ ကွန်မြူနစ်ပါတီ ထူထောင်သည့် ၁၀၄ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား မတိုင်မီ ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် အုပ်ချုပ်ရေးယန္တရားကို ခွင့်ပြုမိန့်၊ အာဏာထိန်းချုပ်မှု၊ ပွင့်လင်းမြင်သာမှုများဖြင့် ပေါင်းစည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှီက ပြောသည်။

တရုတ်အလံနဲ့ တရားရေးကို တွေ့ရစဉ်
အာဏာအသုံးပြုရာတွင်လည်း ပျော့ကွက်များကို ရှာဖွေရန်နှင့် ချွတ်ယွင်းချက်များ၊ အားနည်းချက်များကို ဖြေရှင်းသင့်ကြောင်း၊ အာဏာအားလုံးကို ပြည်သူက အပ်နှင်းထားသည်ဆိုသည့် အချက်ကို ပါတီဝင်များနှင့် ကေဒါများအနေဖြင့် စိတ်ထဲစွဲမှတ်ထားရန်နှင့် ပြည်သူလူထု၊ ပါတီ၊ တရားဥပဒေနှင့် စည်းကမ်းများကို လေးစား လိုက်နာကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
ထို့ပြင် ဆယ်စုနှစ်များစွာကြာ ကျင့်သုံးခဲ့သည့် ခြိုးခြံချွေတာရေး စည်းကမ်းများနှင့် ပါတီစည်းကမ်းများကို ထိန်းသိမ်းရန် လိုအပ်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။
တရုတ်၏ ခြိမ်းခြံချွေတာရေး စည်းကမ်းများကို ရှီ အာဏာရလာပြီးနောက် ၂၀၁၂ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ယခုနှစ်တွင် ပိုလျှံနေသည့် ပါတီဝင် အရေအတွက်အား လျှော့ချရန် အစီအစဉ်လည်း ပါဝင်ခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 648
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁
ထိုင်းဝန်ကြီးချုပ်တာဝန်ကနေ ဆိုင်းငံ့ခံလိုက်ရ၍ ဝန်ကြီးချုပ်အိမ်တော်ကနေ ပေတုန်တန်သည် ဇူလိုင် ၁ ရက်က ထွက်ခွာသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြခဲ့သည်။
ပေတုန်တန်ကို ထိုင်းတရားရုံးက ဝန်ကြီးချုပ် တာဝန်ကို ခုံရုံးတင် စစ်ဆေးနေစဉ်အတွင်း ရပ်နားထားရန် ဆုံးဖြတ် ခဲ့ကြောင်း ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ပေတုန်တန်သည် ဝန်ကြီးချုပ် အိမ်တော်ကနေ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အငြင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပေတုန်တန်သည် ကမ္ဘောဒီးယားဝန် ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းဆက်သွယ် ပြောကြားမှု အသံဖိုင် ပေါက်ကြားလာခဲ့ခြင်းကြောင့် ထိုင်းအမျိုးသား ရေးဝါဒီများက ရာထူးကနုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုနေကြသည်။
ထို့နောက် ပေတုန်တန်ကို ခုံရုံးတင် စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ခဲ့သည့်အတွက် ဝန်ကြီးချုပ် တာဝန်ကို ယာယီဆိုင်းငံ့ထားကြောင်း ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 472
CNI International News
ဒါရမ်ရှာလာ၊ ဇူလိုင် ၁
တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိဘက်ဒေသ၏ ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်ဖြစ်သည့် ဒလိုင်းလားမား (Dalai Lama) ဘုန်းတော်ကြီးသည် ၎င်း၏ သက်တော် ၉၀ ပြည့်နှစ်မတိုင်မီ ယခုသီတင်းပတ် အတွင်း ဗုဒ္ဓဘာသာဝင် ဘာသာရေးခေါင်းဆောင်များနှင့် ၃ ရက်ကြာ အစည်းအဝေး ပြုလုပ်သွားမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအစည်းအဝေးအတွင်း ဒလိုင်းလားမားသည် ၎င်း၏နေရာကို ဆက်ခံမည့် လားမားဘုန်းတော်ကြီးတစ်ပါးကို ကြေညာသွားရန် စီစဉ်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
တရုတ်သည် ၁၉၅၉ ခုနှစ်က တိဘက်ဒေသမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည့် ဒလိုင်းလားမားကို ခွဲထွက်ရေးဝါဒီ အဖြစ် ရှုမြင်ထားပြီး ဒလိုင်းလားမား၏ နေရာ ဆက်ခံသူကို တရုတ်အစိုးရကသာ ရွေးချယ်သွားမည်ဟု ပြောကြား ခဲ့သည်။
ဒလိုင်းလားမားကမူ ၎င်း၏နေရာကို ဆက်ခံမည့်သူသည် တရုတ်နိုင်ငံ အပြင်ဘက်တွင် မွေးဖွားသူ ဖြစ်ရမည် ဖြစ်ပြီး တရုတ်အစိုးရက ရွေးချယ်သည့် မည်သူ့ကိုမဆို ငြင်းပယ်ကြရန် ၎င်း၏ တပည့်သာဝကများကို တိုက်တွန်း ထားသည်။

ဒလိုင်းလားမားကိုတွေ့ရစဉ်
တိဘက်ဒေသ၏ ၁၄ ဦးမြောက် ဒလိုင်းလားမား ဘုန်းတော်ကြီးဖြစ်သည့် တန်ဇင် ဂီယက်ဆို (Tenzin Gyatso) သည် လာမည့် ဇူလိုင် ၆ ရက်တွင် သက်တော် ၉၀ ပြည့်မည်ဖြစ်သည်။
ဒလိုင်းလားမားက သူသည် ဝါတော်ကြီးမြင့်သည့် ဘုန်းတော်ကြီးများနှင့် အခြားကျွမ်းကျင်သူများနှင့် ဆွေးနွေး တိုင်ပင်မည်ဖြစ်ပြီး ၎င်း၏ နေရာကို ဆက်ခံမည့် ယောင်္ကျားလေး သို့မဟုတ် မိန်းကလေးတစ်ဦးကို ရွေးချယ်ရန် အချိန်ယူ ပြင်ဆင်သွားမည်ဟု ပြောကြားခဲ့သည်။
“ကိုယ်တော့်ရဲ့ ကျန်တဲ့သက်တမ်းမှာ အခြားသူတွေရဲ့ အကျိုးကိုပဲ ဆောင်ရွက်ဖို့ နစ်မြှုပ်ထားပါတယ်။ တတ်နိုင် သလောက်နဲ့ ဖြစ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ”ဟု ဒလိုင်းလားမားက ဇွန်လ ၃၀ ရက်တွင် ၎င်း၏ တပည့်သာဝကများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ယခင်ကမူ ဒလိုင်းလားမားက သူသည် တိဘက်မှ ထွက်ပြေးတိမ်းရှောင်ပြီး နေထိုင်ခဲ့ရသည့် အိန္ဒိယနိုင်ငံ ဒါရမ်ရှာလာမြို့တွင် လူဝင်စားအဖြစ် ပြန်လည်မွေးဖွားလိမ့်မည်ဟုလည်း ပြောကြားခဲ့ဖူးသည်။
သူမတိုင်မီ ယခင် ဒလိုင်းလားမား ဘုန်းတော်ကြီးသည်လည်း ကွယ်လွန်ခဲ့ပြီးနောက် သူ့ထံတွင် လူဝင်စားအဖြစ် ပြန်လည် ဝင်စားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 521
CNI International News
ဘေဂျင်း၊ ဇူလိုင် ၁
အီရန်-အစ္စရေး ပဋိပက္ခတွင် အမေရိကန်၏ ပါဝင်ပတ်သက်မှု ပိုမိုမြင့်တက်လာသည်နှင့်အမျှ တရုတ်သည် ဒေသတွင်း အငြင်းပွားမှုများ၌ အမေရိကန်၏ ကြားဝင်စွက်ဖက်မှုဝါဒကို လေ့လာနေပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှု အခြေအနေကို မခန့်မှန်းနိုင် ခြင်း သို့မဟုတ် သေချာရေရာမှု မရှိသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ချိန်တွင် အမေရိကန်သည် ကမ္ဘာ့ ဦးဆောင်သူကဏ္ဍမှ နောက်ဆုတ်သွားမည်ဆိုပါက တရုတ်အတွက် အကျိုးရှိစေလိမ့်မည်ဟု တရုတ်အရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။
သိသာထင်ရှားသော အချက်မှာ အမေရိကန်သည် အချိန်ကြာလွန်းသည့် စစ်ပွဲကို ဆင်နွှဲလိုခြင်း မရှိကြောင်း အီရန်ပဋိပက္ခက ဖော်ပြခဲ့သဖြင့် ထိုင်ဝမ်အရေး အပါအဝင် အခြားအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့၏ ချဉ်းကပ်ပုံများကို တရုတ်ခေါင်းဆောင် ပိုင်းများက တစ်စွန်းတစ်စ သိရှိခဲ့ကြသည်။

အမေရိကန်-တရုတ်ကစားကွက်ကို စောင့်ကြည့်နေစဉ်
ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်က အီရန် နျူကလီးယား စက်ရုံများကို လေကြောင်း တိုက်ခိုက်မှုသည် အောင်မြင်မှုရရှိခဲ့ပြီး အီရန်၏ နျူကလီးယား စွမ်းဆောင်ရည်များကို အလုံးစုံ ဖျက်ဆီးနိုင်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) က ပြောကြားခဲ့သည်။
ဇွန်လ ၁၃ ရက်က အစ္စရေးက အီရန်၏ စစ်ရေး ပစ်မှတ်များနှင့် နျူကလီးယား စက်ရုံများကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်၂ နိုင်ငံကြား အပြန်အလှန် လေကြောင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၂၄ ရက်တွင်မူ ထရမ့်က အစ္စရေးနှင့်အီရန်ကြား ၁၂ ရက်ကြာ တိုက်ခိုက်မှုများ အဆုံးသတ်ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်
သံတမန် နည်းလမ်းများ အပါအဝင် စစ်ရေးနှင့်မနွယ်သည့် ချဉ်းကပ် ဆောင်ရွက်မှုများကို ဦးစားပေးသော တရုတ် ကမူ အီရန်-အစ္စရေး ပဋိပက္ခတွင် အမေရိကန်၏ စစ်ရေးအရ ကြားဝင်တိုက်ခိုက်ခဲ့မှုအား ဆန့်ကျင်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်သည် အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခ အရှိန်မြင့်တက် လာမည်ဆိုပါက ၎င်း၏ ပတ်လမ်း ရပ်ဝန်းစီမံကိန်း (BRI) နှင့် တရုတ်၏ စွမ်းအင်လုံခြုံရေးကဏ္ဍကို ထိခိုက်မည့် အရေးအား စိုးရိမ်နေသည်။
တရုတ်၏ ရေနံဝယ်ယူသည့် လမ်းကြောင်း စုစုပေါင်း အနက် ၅၀ ရာခိုင်နှုန်းနီးပါးသည် ဟော်မုဇ် ရေလက်ကြားမှ တဆင့် ဝင်ရောက်နေခြင်း ဖြစ်သဖြင့် အရှေ့အလယ်ပိုင်း ပဋိပက္ခသည် တရုတ်၏ စီးပွားရေး အတွက်လည်း ခြိမ်းခြောက်မှု တစ်ခုဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 615
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁
နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းနိုင်သည့် အလားအလာ နှင့်ပတ်သက်ပြီး ထွက်ပေါ်နေသည့် ထင်ကြေးပေးမှုများကို ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ငြင်းဆိုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်း၏ ထိပ်သီး စစ်ခေါင်းဆောင်များသည် အစိုးရဆန့်ကျင်သည့် အင်အားစုများက လှုံ့ဆော်ပေးနေသော အာဏာသိမ်းရန် တောင်းဆိုချက်များကို အလေးမထားကြောင်းနှင့် အာဏာသိမ်းရန် ရည်ရွယ်ချက်မရှိကြောင်း ဖွမ်သမ်က အခိုင်အမာ ပြောဆိုခဲ့သည်။
လက်နက်ကိုင်တပ်ဖွဲ့များသည် လက်ရှိ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကို ဒီမိုကရေစီ နည်းလမ်းဖြင့် ဖြေရှင်းပြီး ထိုင်းနိုင်ငံကို ကူညီပေးရန် သန္နိဋ္ဌာန်ချထားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
“ကျနော် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့စလုံးရဲ့ အကြီးအကဲတွေနဲ့ စကားပြောဆိုခဲ့ပါတယ်။ ကြည်း၊ ရေ၊ လေနဲ့ ရဲတပ်ဖွဲ့ဟာ အာဏာသိမ်းမှာ မဟုတ်ဘဲ စုစည်း ညီညွတ်စွာနဲ့ ထိုင်းနိုင်ငံကို ကူညီပေးနေကြပါတယ်။ သူတို့က အာဏာသိမ်းချင်တဲ့ အတွေးမျိုး မရှိကြပါဘူး”ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်၊ ကာကွယ်ရေးဝန်ကြီးကို တွေ့ရစဉ်
အစိုးရဆန့်ကျင်သည့် Uniting the Power of the Land for the Defence of Thai Sovereignty အဖွဲ့၏ ဆန္ဒပြမှုများအတွင်း ထိုအဖွဲ့ ခေါင်းဆောင်များက စစ်တပ်ကို ကြားဝင်ရန် တိုက်တွန်းခဲ့ပြီးနောက် ဖွမ်သမ်၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အဖွဲ့၏ အခြေခံဥပဒေဆိုင်ရာ ဆန္ဒထုတ်ဖော်ခွင့်ကို အစိုးရက လေးစားကြောင်း၊ ကောင်းမွန်သည့် အကြံပြုချက်များကို လက်ခံမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးနှင့် တရားရေးစနစ်ကို ပျက်စီးစေမည့် အကြံပြု ချက်များသည် အသုံးဝင်လိမ့်မည် မဟုတ်ကြောင်း ၎င်းက သတိပေးခဲ့သည်။
အစိုးရအဖွဲ့သည် နိုင်ငံ့ပြဿနာများကို တရားမျှတမှုရှိပြီး အခြေခံဥပဒေနှင့်ညီသည့် လမ်းကြောင်းများမှ တဆင့် ဖြေရှင်းရန် အာရုံစိုက်ထားသည်ဟုလည်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်။
ဆန္ဒပြခေါင်းဆောင်များ အနေဖြင့် အတိတ်ကာလက ထိုင်းနိုင်ငံကို ထိခိုက်နစ်နာစေခဲ့သည့် ဖျက်လိုဖျက်ဆီး နည်းဗျူဟာများအား နောက်တစ်ကြိမ် ထပ်မံကျင့်သုံးခြင်း မပြုရန်လည်း ဖွမ်သမ်က ပြောကြားခဲ့သည်။
ဇွန်လ ၂၈ ရက်က ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် ဘန်ကောက်မြို့တော်တွင် စုရုံးခဲ့ကြပြီး ကမ္ဘောဒီးယား နှင့် နယ်စပ်ဒေသ အငြင်းပွားမှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 686
CNI International News
ဝါရှင်တန်၊ ဇွန်လ ၃၀
အစ္စရေးက အီရန်၏ နျူလကီးယားစက်ရုံများနှင့် နိုင်ငံရေးပစ်မှတ်များကို လေကြောင်း တိုက်ခိုက်ခဲ့ပြီးနောက် ၆ ရက် အကြာဖြစ်သည့် ဇွန်လ ၁၉ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထို့နောက် ဇွန်လ ၂၂ ရက်တွင် အမေရိကန်က အီရန် နျူကလီးယား စက်ရုံများကို တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၂၄ ရက်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေးနှင့်အီရန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည်။
ထိုလုပ်ဆောင်ချက်ကို ထရမ့်ဝါဒ (Trump Doctrine) ဟု လူသိများခဲ့ပြီး အမေရိကန်သည် ၎င်း၏ အကျိုးစီးပွား များကို အလျင်အမြန် အင်အားသုံး ကာကွယ်သွားမည့် အချက်ကို ပြသရာ ရောက်ခဲ့သည်။
ထိုအချိန်တွင် တရုတ်သည် နိုင်ငံတစ်နိုင်ငံတည်းက ဩဇာလွှမ်းမိုးထားသော ကမ္ဘာမျိုး မဟုတ်သည့် ဝင်ရိုးစုံကမ္ဘာ ထူထောင်ရန် မျှော်လင့်နေသည်။
သို့သော် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ လုပ်ဆောင်ချက်ကြောင့် တရုတ်၏ မျှော်လင့်ချက် အကောင်အထည်ပေါ်ရန် ခက်ခဲခဲ့ပြီး အစ္စရေးနှင့် အီရန် စစ်ဖြစ်ခဲ့သည့် ကာလအတွင်း တရုတ်သည် ကြားနေ ရပ်တည်ခဲ့ကာ ၎င်း၏ ရေနံအကျိုးစီးပွားများကိုသာ ကာကွယ်ရန် အာရုံစိုက်ခဲ့သည်။

အီရန် ရေနံကိုတွေ့ရစဉ်
တရုတ်သည် အရှေ့အလယ်ပိုင်း၊ အထူးသဖြင့် ဟော်မုဇ် ရေလက်ကြားမှတဆင့် ရေနံများကို မှီခိုအားထားနေရပြီး ပဋိပက္ခကို ငြိမ်းချမ်းစွာနှင့် သံတမန်နည်းဖြင့် ဖြေရှင်းရန် ကုလသမဂ္ဂကို တိုက်တွန်းခဲ့သည်။
ကျွမ်းကျင်သူများကမူ တရုတ်သည် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နှင့် စစ်အင်အားချင်း မယှဉ်နိုင် ကြောင်း ပြောကြားခဲ့သည်။
တရုတ်သည် အီရန်နှင့် ခိုင်မာသည့် ဆက်ဆံရေးရှိပြီး အီရန်ရေနံများကို အများအပြား ဝယ်ယူခဲ့ကာ ၂၅ နှစ်ကြာ ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ၂၀၂၁ ခုနှစ်ကတည်းက ချုပ်ဆိုခဲ့သည်။
ထို့ပြင် တရုတ်သည် အီရန်၏ ကာကွယ်ရေး အစီအစဉ်များအတွက် ဓာတုပစ္စည်းများနှင့် နည်းပညာများကို ထောက်ပံ့ပေးခဲ့သည်။
တစ်ဖက်တွင်လည်း တရုတ်သည် အရှေ့အလယ်ပိုင်း ပဋိပက္ခများတွင် စစ်ရေးအရ တိုက်ရိုက် ပါဝင် ပတ်သက်ခြင်းမရှိဘဲ အမေရိကန်နှင့် ထိပ်တိုက်မတွေ့ရန် ချဉ်းကပ်ဆောင်ရွက်ခဲ့သည်။
ထို့ကြောင့် အမေရိကန်သည် ကမ္ဘာ့ရေးရာများတွင် အင်အားအကြီးဆုံး နိုင်ငံအဖြစ် ဦးဆောင် ဖြေရှင်းခွင့်ရရှိခဲ့ပြီး ထိုအချက်က အင်အားချိန်ခွင်လျှာညှိပြီး ဝင်ရိုးစုံကမ္ဘာ ထူထောင်လိုသည့် တရုတ်၏ ရည်မှန်းချက်ကို အကောင်အထည် ပေါ်လာစေရန် ခက်ခဲစေလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 546
CNI International News
ဘဲလ်ဂရိတ်၊ ဇွန်လ ၃၀
ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ် (Belgrade) မြို့တော်တွင် သမ္မတ အလက်ဇန္ဒား ဗူစစ် (Aleksandar Vucic) ၏ အုပ်ချုပ်မှုကို အဆုံးသတ်ရန်နှင့် ရွေးကောက်ပွဲများ ဆောလျင်စွာ ကျင်းပပေးရန် ဆန္ဒပြ တောင်းဆိုနေကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆန္ဒပြသူပေါင်း ၁၄၀,၀၀၀ ခန့်ရှိခဲ့သည်။ ထိုအရေအတွက်သည် မကြာသေးမီ လများအတွင်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအနက် လူအင်အား အများဆုံး ဆန္ဒပြမှုဖြစ်ခဲ့သည်။
ထိုဆန္ဒပြပွဲကို ကျောင်းသားများ ဦးဆောင်ခဲ့ကြခြင်းဖြစ်ပြီး အစိုးရအဖွဲ့ကို ရွေးကောက်ပွဲ ကျင်းပပေးရန် ဖိအားများ ပေးခဲ့သည်။
အဆိုပါ ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများနှင့် အဓိကရုဏ်း နှိမ်နင်းရေးရဲတပ်ဖွဲ့ကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ အသံဗုံးများအသုံးပြုကာ လူစုခွဲနှိမ်နင်းခဲ့သည်။
ထိုကဲ့သို့ ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုနေခြင်းသည် ပြည်ပနိုင်ငံများက ဆားဘီးယားနိုင်ငံကို တည်ငြိမ်မှု ပျက်ယွင်းစေဖို့ သွေးထိုးလှုံ့ဆော်နေသည့် အားထုတ်ကြိုးပမ်းမှုများဖြစ်ကြောင်း သမ္မတဗူစစ်က ပြောကြားခဲ့သည်။

ဆန္ဒပြသူနဲ့ ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်ပွားနေစဉ်
“သူတို့တွေက ဆားဘီးယားကို ပြိုလဲစေချင်နေကြပါတယ်။ ဒါပေမယ့် သူတို့ မအောင်မြင်ခဲ့ပါဘူး”ဟု ဗူစစ်က ၎င်း၏ Instagram တွင် ရေးသားခဲ့သည်။
ထိုဆန္ဒပြမှုတွင် လူ ၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ ၎င်းတို့သည် အစိုးရကို ဖြုတ်ချရန် ပူးပေါင်းကြံစည်မှုဖြင့် စွပ်စွဲခံ ထားရကြောင်း ဘဲလ်ဂရိတ်မြို့ရှိ အထက်တရားရုံးက ထုတ်ပြန်ခဲ့သည်။
အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဆန္ဒပြသူများ၏ အကြမ်းဖက်မှုကို ရှုတ်ချခဲ့ပြီး တာဝန်ရှိသူများကို ဖမ်းဆီးသွားမည်ဟု ပြောကြားခဲ့သည်။
ဆားဘီးယားတွင် တက္ကသိုလ်များကို ပိတ်ပင်မှု အပါအဝင် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ လနှင့်ချီဖြစ်ပွားခဲ့သည်။
၂၀၂၇ ခုနှစ်တွင် သမ္မတသက်တမ်းပြည့်မည့် ဗူစစ်က ရွေးကောက်ပွဲကို သတ်မှတ်ထားသည့် ရက်ထက် စောပြီး ကျင်းပရန် ငြင်းဆိုခဲ့ပြီး ၎င်း၏ Progressive ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်၏ နေရာ ၂၅၀ အနက် ၁၅၆ နေရာကို ရရှိထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 483
CNI International News
ဘန်ကောက်၊ ဇွန်လ ၃၀
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများ စုရုံးခဲ့ကြပြီး ပေတုန်တန်ကို ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုများ အရှိန်မြင့်လာကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားနှင့်ထိုင်း နယ်စပ်ဒေသ အငြင်းပွားမှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra)သည် ကမ္ဘာဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်အား ဖုန်းဆက်သွယ် စကားပြောသည့် အသံဖိုင် အပြင်သို့ ပေါက်ကြားလာပြီးနောက် ပေတုန်တန်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။
ဘန်ကောက်တွင် မွန်းလွဲပိုင်း မုတ်သုန်မိုးများ ရွာသွန်းနေသည့်တိုင် ဆန္ဒပြသူ ၁၇,၀၀၀ ခန့်သည် စုရုံးခဲ့ကြကြောင်း ဘန်ကောက်ရဲဌာနက ပြောကြားခဲ့သည်။
“အွန်အင်၊ နုတ်ထွက်”ဟု ဆန္ဒပြသူများက ဟစ်ကြွေးခဲ့ကြသည်။ အွန်အင်ဆိုသည့် အမည်သည် ပေတုန်တန်၏ နာမည်ပြောင်ဖြစ်သည်။

တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ တွေ့နေတဲ့ ပေတုန်တန်ကိုတွေ့ရစဉ်
ဆန္ဒပြသူများသည် ဘန်ကောက်မြို့တော်ရှိ အောင်ပွဲ အထိမ်းအမှတ် ကျောက်တိုင် (Victory Monument) တွင် စုရုံးခဲ့ကြပြီး ထိုင်းနိုင်ငံအလံများကို ဝှေ့ယမ်း၍ ပေတုန်တန်ကို နုတ်ထွက်ရန် ဟစ်ကြွေးခဲ့ကြသည်။
“ပေတုန်တန်က ပြဿနာတစ်ခု ဖြစ်နေတာကြောင့် သူ ရာထူးက နုတ်ထွက်သင့်ပါတယ်” ဟု ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပန်သက် ပူပွန်ပန် (Parnthep Pourpongpan) က ပြောကြားခဲ့သည်။
ဇွန်လ ၂၈ ရက်က ပြုလုပ်သည့် ဆန္ဒပြမှုကို United Force of the Land အမည်ရှိ မျိုးချစ်အုပ်စုက စီစဉ်ခဲ့ခြင်း ဖြစ်ပြီး အတိတ်ကာလကလည်း ထိုအုပ်စုသည် ရှင်နာဝပ် မိသားစုဝင်များ ဦးဆောင်သည့် အစိုးရအဖွဲ့များကို ဆန့်ကျင်ဆန္ဒပြခဲ့ကြဖူးသည်။
မေလ ၂၈ ရက်က ထိုင်းနှင့် ကမ္ဘောဒီးယား စစ်သားများကြား နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် ပေတုန်တန်သည် နယ်စပ်အရေးကို ကိုင်တွယ်ဖြေရှင်းရာ၌ အားနည်းမှု ရှိနေကြောင်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပေတုန်တန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့သည့် အသံဖိုင်ပေါက်ကြားလာမှုကြောင့် လူထုကို ပိုမိုဒေါသထွက်စေခဲ့သည်။
ထိုအသံဖိုင်တွင် ပေတုန်တန်က စစ်တပ်၏ တပ်မှူးတစ်ဦးကို ၎င်း၏ ပြိုင်ဘက်တစ်ဦးအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပြီး ဟွန်ဆန်ကို ဦးလေးဟု ခေါ်ဆိုခဲ့သဖြင့် ဘန်ကောက်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ ပေတုန်တန်က လူထုကို ပြန်လည် တောင်းပန်ခဲ့ရသည်။
Source: DW
