- By CNI
- Category: နိုင်ငံရေး
- Hits: 513
CNI International News
ကွာလာလမ်ပူ၊ ဇူလိုင် ၁၂
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲသည် ဦးစားပေးကိစ္စရပ် မဟုတ်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့ကြသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟက်ဆန်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအစား ငြိမ်းချမ်းရေး ကတိကဝတ်များကို စောင့်ထိန်းရန်လည်း အာဆီယံက မြန်မာ့တပ်မတော်ကို တိုက်တွန်းခဲ့သည်ဟု ၎င်းက ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရပြီး ယခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်မည့် မြန်မာ့တပ်မတော်၏ အစီအစဉ်ကို အတိုက်အခံများက ထောက်ခံကြခြင်း မရှိပေ။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန် (Mohamad Hasan) ကလည်း မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း တပ်မတော်က သဘောတူခဲ့သည့် အာဆီယံ၏ ဘုံသဘောတူညီချက်ကို လေးစားရန် အာဆီယံ အဖွဲ့ဝင် နိုင်ငံများက ဆန္ဒရှိနေကြသည်ဟု ဆိုသည်။

အာဆီယံအစည်းအဝေး တက်ရောက်သူများကို တွေ့ရစဉ်
မြန်မာ့တပ်မတော်သည် အတိုက်အခံများကို အကြမ်းဖက် သမားများအဖြစ် ရှုမြင်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် ဆန္ဒမရှိခဲ့သဖြင့် ထိုငြိမ်းချမ်းရေး အစီအစဉ်သည် ကြီးကြီးမားမား အောင်မြင်ခဲ့ခြင်းမရှိပေ။
“အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲမှာ ရွေးကောက်ပွဲ မပါပါဘူး” ဟု မိုဟာမက်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် သတင်းထောက်များနှင့် သီးသန့်တွေ့ဆုံချိန်၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် ရွေးကောက်ပွဲကို ဦးစားမပေးရန်၊ အကြမ်းဖက်မှုများ အားလုံးကို ရပ်စဲရန်ကို သာ ဦးစားပေး လုပ်ဆောင်ရန်၊ ထိုမှသာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း မိမိတို့က အကြံပြုကြောင်း မိုဟာမက်က ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ပါတီအားလုံး ပါဝင်ခြင်းမရှိသည့် ရွေးကောက်ပွဲကို အာဆီယံက လက်ခံမည် မဟုတ် ကြောင်းလည်း မိုဟာမက်က ပြောသည်။
ပေါင်းစုံပါဝင်ခြင်း မရှိသည့် ရွေးကောက်ပွဲသည် မည်သည့် ပြဿနာကိုမျှ ဖြေရှင်းနိုင်မည် မဟုတ်ဘဲ အခြေအနေ ကို ပိုပြီး ဆိုးလာနိုင်စေလိမ့်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 428
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၁၁
အမေရိကန်စစ်တပ်အနေဖြင့် တောင်ကိုရီးယားတွင် ဖြန့်ကြက်ချထားသည့် အမေရိကန်စစ်သား အင်အားကို ၆၀ ရာခိုင်နှုန်းကျော် လျှော့ချသင့်ကြောင်း အမေရိကန်အခြေစိုက် ကျွမ်းကျင်ပညာရှင်များက ဇူလိုင် ၉ ရက်၌ အဆိုပြု ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုအဆိုပြုချက်တွင် လက်ရှိ တောင်ကိုရီးယား၌ ဖြန့်ကြက်ချထားသည့် အမေရိကန်စစ်သားအင်အား ၂၈,၅၀၀ အနက် ၁၀,၀၀၀ ခန့်ကို လျှော့ချသင့်ကြောင်း၊ တောင်ကိုရီးယား၏ ကာကွယ်ရေးကဏ္ဍကို တောင်ကိုရီးယား အစိုးရက အဓိက တာဝန်ယူရန် လုပ်ဆောင်သင့်ကြောင်း ဖော်ပြထားသည်။
ပင်တဂွန်သည် တရုတ်၏ ခြိမ်းခြောက်မှုများအား ဟန့်တားရန် ဦးစားပေး လုပ်ဆောင်မည့် အနေဖြင့် ကိုရီးယား ကျွန်းဆွယ်ပေါ်ရှိ အမေရိကန်စစ်သား အင်အားကို လျှော့ချရန် စဉ်စားနေသည်ဟု ထင်ကြေးပေးမှုများ မြင့်တက် နေချိန်တွင် အဆိုပါ အဆိုပြုချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဝါရှင်တန်အခြေစိုက် Defense Priorities အမည်ရှိ ကျွမ်းကျင်ပညာရှင်အဖွဲ့၏ အဆိုပြုချက်တွင် ကိုရီးယား ကျွန်းဆွယ် အပြင်ဘက်၌ ဖြစ်ပွားနေသည့် ဒေသတွင်း လုံခြုံရေး အကျပ်အတည်များကို ဖြေရှင်းရန်အတွက် တောင်ကိုရီးယားရှိ အမေရိကန်စစ်သား အရေအတွက်အား လျှော့ချသင့်ကြောင်း ဖော်ပြထားသည်။

တောင်ကိုရီးယားရောက် အမေရိကန်စစ်သားတွေကို တွေ့ရစဉ်
ထိုအဆိုပြုချက်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth) ၏ အကြံပေးပုဂ္ဂိုလ်ဟောင်း ဒန် ကဲလ်ဒ်ဝဲလ် (Dan Caldwell) နှင့် စစ်ရေးကျွမ်းကျင်သူ ဂျန်နီဖာ ကာဗန်နက် (Jennifer Kavanagh) တို့က ရေးသားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်အနေဖြင့် တောင်ကိုရီးယားရှိ လေတပ်အင်အားကိုလည်း လျှော့ချသင့်ကြောင်း၊ တောင်ကိုရီးယားရှိ အမေရိကန် တိုက်လေယာဉ်အုပ်စု ၂ စုကို အမေရိကန်သို့ ပြန်ခေါ်ရန်၊ လေယာဉ်ပြုပြင် ထိန်းသိမ်းရေး တပ်ဖွဲ့နှင့် အခြားထောက်ပို့တပ်ဖွဲ့များမှ စစ်သားအင်အားများကိုလည်း ၃ ပုံ ၁ ပုံလျှော့ချရန် အဆိုပြုချက်တွင် ရေးသားဖော်ပြထားသည်။
ထိုအဆိုပြုချက်အရ တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ အင်အားကို ၅၀ ရာခိုင်နှုန်းကျော် လျှော့ချနိုင်မည် ဖြစ်ပြီး တိုက်လေယာဉ်အုပ်စု ၂ စုနှင့် စစ်မှုထမ်းပေါင်း ၁၀,၀၀၀ ခန့်သည် တောင်ကိုရီးယားမှ ထွက်ခွာနိုင်မည် ဖြစ်ကြောင်း အဆိုပြုချက်၌ ဖော်ပြထားသည်။
မြေပြင်စစ်မှုထမ်းများ အနေဖြင့် ထောက်ပို့နှင့် စစ်လက်နက်ပစ္စည်း ပြုပြင်ထိန်းသိမ်းရေးအတွက်သာ အဓိက တာဝန်ယူသင့်ပြီး တိုက်ခိုက်ရေး စစ်ဆင်ရေးများကို တောင်ကိုရီးယားတပ်ဖွဲ့များက အဓိက တာဝန်ယူသင့်သည် ဟုလည်း ရေးသားထားသည်။
မေလအတွင်းက The Wall Street Journal ၏ သတင်းတစ်ပုဒ်တွင်လည်း အမေရိကန်သည် တောင်ကိုရီးယားမှ အမေရိကန်စစ်သား ၄၅၀၀ ခန့်ကို ပြန်လည်ခေါ်ယူပြီး ဂူအမ် (Guam) ကျွန်း အပါအဝင် အင်ဒို-ပစိဖိတ်ဒေသရှိ အခြားနေရာများသို့ ပြောင်းရွှေ့ပြီး ဖြန့်ကြက်ချထားရန် စဉ်းစားနေကြောင်း ဖော်ပြခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 490
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၁
ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မည်ဟု ဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) က ပြောကြားလိုက်သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
နိုင်ငံရေး အကျပ်အတည်းသည် ချောင်ပိတ်မိနေသည့် အနေအထားသို့ ရောက်ရှိနေခြင်း မဟုတ်ဘဲ ပေါင်းစုံ ပါဝင်သော ဆွေးနွေးမှုများဖြင့် ဖြေရှင်းနိုင်ကြောင်း သက်ဆင်က Nation Group မီဒီယာကုမ္ပဏီ၏ ၅၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့သည်။
The Nation သတင်းစာများနှင့် ဒစ်ဂျစ်တယ် ရုပ်သံလိုင်းများကို ပိုင်ဆိုင်သည့် Nation Group ကုမ္ပဏီ၏ နှစ်ပတ် လည် ပွဲအခမ်းအနားကို ဘန်ကောက်မြို့တော်ရှိ Eastin Grand Hotel Phayathai ဟိုတယ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုအခမ်းအနားကို Nation Group ၏ အယ်ဒီတာ ၃ ဦးဖြစ်သည့် ဝီရာဆက် ပွန်ဂက်ဆွန် (Weerasak Pongaksorn) ၊ ဘက်ဘန်း ဘွန်လတ် (Bakbun Boonlert) နှင့် ဆွမ်ချိုင်း မီဆန် (Somchai Meesen) တို့က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုပွဲတွင် သက်ဆင်က ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ဆိုပါက လက်ရှိ အကျပ်အတည်းအား ကျော်လွှားနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
“မတိုးသာ မဆုတ်သာ အခြေအနေကို ရောက်နေတယ်ဆိုရင် ပိတ်ဆို့ထားတဲ့လူ တစ်ယောက်ယောက် ရှိနေလို့ပဲ ဖြစ်ရမယ်။ အဲဒီလူကို ဖယ်လိုက်ပြီဆိုရင် ပိတ်မိနေတော့မှာ မဟုတ်ပါဘူး”ဟု သက်ဆင်က ပြောကြားခဲ့သည်။

ရာထူးဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ပေတုန်တန်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံ၏ နိုင်ငံရေး အရွေ့များအရ လူအများစုသည် ဝန်ကြီးချုပ် ဖြစ်ချင်နေကြကြောင်း၊ နိုင်ငံရေးတွင် ပုံစံမျိုးစုံ ရှိပြီး ယနေ့ခေတ်တွင် တရားရေးအရ ထိုးနှက်တိုက်ခိုက်မှုပုံစံပါ ရှိလာခဲ့ကြောင်း သက်ဆင်က ပြောသည်။
သက်ဆင်သည် ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရထဲမှ ဘူဂျထိုင်းပါတီ နုတ်ထွက်သွားမှုနှင့် ပတ်သက်ပြီး ၎င်း၏ အမြင်ကို မျှဝေရာတွင် ဘူဂျထိုင်းပါတီကို ထွက်ခွာသွားရန် တောင်းဆိုခဲ့ခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနတွင်လည်း မူးယစ်ဆေးဝါး ထိန်းချုပ်မှု၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကြွေးမြီစီမံခန့်ခွဲမှု အပါအဝင် မူဝါဒပိုင်းဆိုင်ရာ အတားအဆီးများရှိနေကြောင်း သက်ဆင်က ပြောသည်။
ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရသည့် သမီးဖြစ်သူ ပေတုန်တန်(Paetongtarn Shinawatra) နှင့်စပ်လျှဉ်းပြီး တရားရုံး၏ စီရင်ချက်သည် အပြစ် ရှိ/မရှိ ဆုံးဖြတ်ခြင်းထက် လူထု၏ ဖိအားများကို လျှော့ချရန် ဖြစ်သည်ဟု ယူဆထားကြောင်း သက်ဆင်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 480
CNI International News
အစ္စတန်ဘူလ်၊ ဇူလိုင် ၁၁
အီရတ်နိုင်ငံရှိ ကာ့ဒ်သူပုန်ဖြစ်သည့် ကာ့ဒ်အလုပ်သမားပါတီ (PKK) အဖွဲ့၏ လက်နက်များ လွှဲပြောင်းအပ်နှံမှုကို လအနည်းငယ်အတွင်း အပြီးသတ် လုပ်ဆောင်သင့်ကြောင်း တူရကီ၏ အာဏာရပါတီ AK ပါတီက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
PKK အဖွဲ့၏ လက်နက်များ လွှဲပြောင်းအပ်နှံမှုတွင် တူရကီထောက်လှမ်းရေးအဖွဲ့နှင့် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့ များမှ အရာရှိများက ကြီးကြပ်သွားမည့် အစီအစဉ်ကို တူရကီ၏ ဥရောပသမဂ္ဂရေးရာဝန်ကြီး အိုမာ စီလစ် (Omer Celik) က အတည်ပြုခဲ့သည်။
“အီရတ်မှာ လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို ၃ လကနေ ၅ လအတွင်း အပြီးသတ်လုပ်ဆောင်ဖို့ လိုအပ် ပါတယ်။ အဲဒီအချိန်ထက် ကျော်လွန်သွားမယ်ဆိုရင်တော့ ရန်လိုမှုတွေ ရှိလာနိုင်ပါတယ်" ဟု စီလစ်က NTV ရုပ်သံကို ပြောကြားခဲ့သည်။
တူရကီအစိုးရနှင့် ဆယ်စုနှစ် ၄ စုကျော်ကြာ ပဋိပက္ခဖြစ်ပွားခဲ့သည့် PKK အဖွဲ့သည် မေလက ၎င်းတို့အဖွဲ့ကို ဖျက်သိမ်းပြီး လက်နက်ကိုင် ပုန်ကန်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။

တူရကီ၏ ဥရောပသမဂ္ဂရေးရာဝန်ကြီး အိုမာ စီလစ်ကို တွေ့ရစဉ်
အီရတ်နိုင်ငံ မြောက်ပိုင်း ဆူလေမာနီယာ (Sulaymaniyah) မြို့ရှိ PKK လက်နက်ကိုင်များသည် တူရကီ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဇူလိုင် ၁၁ ရက်တွင် ၎င်းတို့၏ လက်နက်များကို စတင်အပ်နှံမည်ဖြစ်သည်။
PKK အဖွဲ့သည် ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၄ ခုနှစ်မှစပြီး တူရကီ အစိုးရကို လက်နက်ကိုင် တော်လှန်မှု စတင်ခဲ့သည်။
PKK အဖွဲ့နှင့် တူရကီစစ်တပ်ကြား နှစ်ပေါင်း ၄၀ ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၀,၀၀၀ ကျော်သေဆုံးခဲ့ကာ စီးပွားရေးကို ထိခိုက်စေခဲ့သလို လူမှုရေး တင်းမာမှုများ ဖြစ်ပွားစေခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 507
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၀
ထိုင်းနိုင်ငံ၏ အကြီးဆုံးကျားဖြန့်ဂိုဏ်းထဲတွင် ပါဝင်ခဲ့သည့် ဒုစရိုက်သမား ၇၀ ကို ထောင်ဒဏ် ၂၄ နှစ်အထိ ချမှတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သန်းဆောင်ပြည်နယ် တရားရုံးသည် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်က ချမှတ်ခဲ့သည့် တရားခံ ၇၀ ဦး၏ ပြစ်ဒဏ် များကို အတည်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဇူလိုင် ၉ ရက်တွင် ကြေညာ ခဲ့သည်။
တရုတ်နှင့်ထိုင်းနိုင်ငံသားများ ပါဝင်သည့် ထိုကျားဖြန့်ဂိုဏ်းကို နာခွန်းစီသမ္မာဆက် (Nakhon Si Thammarat) ပြည်နယ်ရှိ ၄ ထပ်တိုက် အဆောက်အအုံတစ်ခုတွင် ဖမ်းဆီးရမိခဲ့သည်။
ထိုကျားဖြန့်ဂိုဏ်းသည် ထိုင်းနိုင်ငံသမိုင်းတွင် ဖမ်းဆီးရမိခဲ့သည့် အကြီးမားဆုံး ဒုစရိုက်ကွန်ရက် တစ်ခု ဖြစ်ကြောင်း DSI က ထုတ်ပြန်ခဲ့သည်။

ထိုင်း ကျားဖြန့်ဂိုဏ်းကို ဖမ်းဆီးရမိစဉ်
ရဲတပ်ဖွဲ့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး စစ်ဆင်ရေးပြုလုပ်ခဲ့ကာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် DSI ၊ ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရို၊ အလုပ်သမားရေးဌာနတို့က ချာဝမ် (Chawang ) ခရိုင်ရှိ အဆောက်အအုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
ထိုစစ်ဆင်ရေးအတွင်း တရုတ်နိုင်ငံသား ၅၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁၉ ဦး၊ စုစုပေါင်း ၇၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ကွန်ပျူတာ ၂၂၃ လုံး၊ မိုဘိုင်းဖုန်း ၁၀၀၁ လုံး၊ အိုင်ပက် ၁၄ လုံး၊ ဆင်းကဒ် ၂၉၈ ကဒ်၊ ဘဏ်အကောင့် ၈၆ ခုနှင့် တရားမဝင် တင်သွင်းထားသည့် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူများအနက် လူပေါင်း ၇၀ ကို ပြစ်မှုထင်ရှား တွေ့ရှိခဲ့ပြီး ဂိုဏ်းခေါင်းဆောင်များကို ထောင်ဒဏ် ၂၄ နှစ် စီ ချမှတ်ခဲ့ကာ ကျန်တရားခံများကို ထောင်ဒဏ် နှစ်အနည်းငယ်စီ အသီးသီး ချမှတ်ခဲ့သည်။
ထို့ပြင် တရားခံများ အနေဖြင့် ၎င်းတို့ လိမ်ညာခဲ့သည့် ငွေကြေးများကို နစ်နာသူများအား ပြန်လည်ပေးအပ်ရန် လည်း စီရင်ချက် ချမှတ်ခံခဲ့ရသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 526
CNI International News
ကွာလာလမ်ပူ၊ ဇူလိုင် ၁၀
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးသည် လက်နက်တစ်ခုအဖြစ် အသုံးချခံနေရကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က အာဆီယံ အစည်းအဝေး မတိုင်မီ ဇူလိုင် ၉ ရက်က သတိပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ကွာလာလမ်ပူ (KUALA LUMPUR) မြို့တော်တွင် ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေး၌ အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံသည့် အကြောင်းအရာကို အဓိကထား ဆွေးနွေးခဲ့သည်။
ဩဂုတ် ၁ ရက်မှစပြီး အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှု အသက်ဝင်လာမည့် နိုင်ငံ ၁၄ နိုင်ငံအနက် အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံ ပါဝင်နေသည်။

အာဆီယံအဖွဲ့ဝင်များကိုတွေ့ရစဉ်
ကမ္ဘာကြီးသည် လက်ရှိတွင် အာဏာ အတည်တကျ မဟုတ်သည့် မူဝါဒနှင့် ဖိအားပေး ထိန်းချုပ်မှု မြင့်တက် နေသော ခေတ်ထဲသို့ ရောက်ရှိနေကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ကုန်သွယ်ရေး ခြိမ်းခြောက်မှု များကို တုံ့ပြန်ရာတွင် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။
သို့သော် အန်ဝါသည် ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး အမေရိကန်ကို တိုက်ရိုက်အမည်တပ် ပြောကြားခဲ့ခြင်း မရှိ ပေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုများကို ဧပြီလ အတွင်းက ကြေညာခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှု အစီအစဉ် ကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ပေးခဲ့သည်။
ဆွေးနွေးညှိနှိုင်းမှုများဖြင့် သဘောတူညီချက်များ မရပါက ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ သတ်မှတ် ခံထားရသည့် နိုင်ငံ ၁၄ နိုင်ငံသည် ဩဂုတ် ၁ ရက်မှစပြီး ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှု အသက် ဝင်လာမည်ဖြစ်ကြောင်း ထရမ့်က ဇူလိုင် ၈ ရက်တွင် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုသည် အမေရိကန်နှင့် ကုန်သွယ်ခွန် ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း မှုများ ပြုလုပ်နေကာ ယခုနှစ်ကုန်ပိုင်း အာဆီယံ-အမေရိကန် အစည်းအဝေး ကျင်းပရန် စီစဉ်ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အာဆီယံတွင် ဗီယက်နမ် တစ်နိုင်ငံတည်းသာ အမေရိကန်နှင့် သဘောတူညီမှု ရရှိခဲ့ပြီး ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံမှုကို ၄၆ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားသည် ကုန်သွယ်ခွန် ၃၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားသည် ကုန်သွယ်ခွန် ၃၂ ရာခိုင်နှုန်း၊ မလေးရှားသည် ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့သည် ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်းစီ တိုးမြှင့်ခံရမည် ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 490
CNI International News
ကဘူးလ်၊ ဇူလိုင် ၁၀
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)က တာလီဘန်အဖွဲ့ခေါင်းဆောင် ၂ ဦးကို ဖမ်းဝရမ်း ထုတ်မှုအား တာလီဘန် အဖွဲ့က ပယ်ချခဲ့သည်ဟု Barron's သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့နောက် ICC ၏ စွပ်စွဲချက်များသည် အဓိပ္ပာယ်မရှိကြောင်း တာလီဘန်အဖွဲ့က ပြောကြားခဲ့သည်။
ICC သည် တာလီဘန်အဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင် ဟီဘာတူလာ အက်ခွန်ဇာဒါ (Hibatullah Akhundzada) နှင့် တရားသူကြီးချုပ် အဗ္ဗဒူလ်ဟာကင် ဟက်ကာနီ ( Abdul Hakim Haqqani) တို့ကို ဇူလိုင် ၈ ရက်က ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်သည်။
အက်ခွန်ဇာဒါနှင့် ဟက်ကာနီတို့သည် အမျိုးသမီးများနှင့် မိန်းကလေးများအား လိင်ကွဲပြားမှုအပေါ် အခြေခံသည့် ဖိနှိပ်မှုများ ကျူးလွန်နေကြောင်း ICC ၏ တရားသူကြီးများက စွပ်စွဲခဲ့သည်။
တာလီဘန်အဖွဲ့သည် အာဖဂန်ပြည်သူများအပေါ် စည်းကမ်းများ၊ တားမြစ်ကန့်သတ်ချက်များ ချမှတ်ခဲ့ပြီး အထူးသဖြင့် မိန်းကလေးများနှင့် အမျိုးသမီးများကို ပစ်မှတ်ထားခဲ့သလို အခြေခံလူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့်တို့ကို ပိတ်ပင်ထားကြောင်း ICC က ထုတ်ပြန်ခဲ့သည်။

ICC ရုံးကို တွေ့ရစဉ်
တာလီဘန်အဖွဲ့သည် မိန်းကလေးများနှင့် အမျိုးသမီးများကို ပညာသင်ကြားခွင့်၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ တွေးခေါ်ခွင့်တို့ကို ဆိုးရွားစွာ ပိတ်ပင်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တာလီဘန်အဖွဲ့သည် ထိုရာဇဝတ်မှုများကို ၎င်းတို့ အာဏာရလာခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှစပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်ကြား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ICC က ပြောကြားခဲ့သည်။
တာလီဘန်အဖွဲ့ကမူ ICC ၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး တာလီဘန်အစိုးရသည် ICC ကို အသိအမှတ် မပြုကြောင်း ပြောကြားခဲ့သည်။
“အခုလို အဓိပ္ပာယ်မရှိတဲ့ ကြေညာချက်တွေဟာ အစ္စလာမ်မစ် ဥပဒေအပေါ် ထားရှိတဲ့ တာလီဘန် အာဏာပိုင် တွေရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ယုံကြည်မှုကို ထိခိုက်စေမှာ မဟုတ်ပါဘူး” ဟု တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောကြားခဲ့သည်။
Source: Barron's
- By CNI
- Category: နိုင်ငံရေး
- Hits: 439
CNI International News
တိုင်ပေ၊ ဇူလိုင် ၁၀
ထိုင်ဝမ်သည် ဇူလိုင် ၉ ရက်တွင် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုများကို စတင်ပြုလုပ်ခဲ့ပြီး တရုတ်၏ ကျူးကျော် မှု မဖြစ်ပွားမီ ကြီးကြပ်ကွပ်ကဲရေးစနစ်များနှင့် အခြေခံ အဆောက်အအုံများ တိုက်ခိုက်ခံရသည့်ပုံစံဖြင့် သရုပ်ဖော် လေ့ကျင့်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် Han Kuang စစ်ရေးလေ့ကျင့်မှု၏ အစောပိုင်းအဆင့် လေ့ကျင့်မှုများတွင် ဆက်သွယ်ရေးစနစ်များ တိုက်ခိုက်ခံရသည့် အခြေအနေမျိုး၌ ထိုင်ဝမ်စစ်တပ်က ကြီးကြပ်ကွပ်ကဲရေးပုံစံကို မည်ကဲ့သို့ ပြောင်းလဲမည်ဆိုခြင်းကို အာရုံစိုက် လေ့ကျင့်သွားမည်ဖြစ်သည်။
နောက်ထပ် ၁၀ ရက်အတွင်း စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်ကျွန်းအား သိမ်းပိုက်ရန်ကြိုးပမ်းသည့် တိုက်ခိုက်မှုအား ပြန်လည်ခုခံတိုက်ခိုက်သော လေ့ကျင့်မှုများအထိ ချဲ့ထွင်သွားမည်ဖြစ်ကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။
“မကြာသေးခင် နှစ်တွေတုန်းက ယူကရိန်းမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို ကျနော်တို့ လေ့လာခဲ့ကြပါတယ်။ အဲဒါကြောင့် ထိုင်ဝမ်ဟာ တိုက်ပွဲနဲ့ ရင်ဆိုင်လာရချိန်မှာ ဘယ်လိုတုံ့ပြန် ရမလဲဆိုတာကို လက်တွေ့ကျတဲ့ နည်းလမ်းနဲ့ ပြင်ဆင်ခဲ့ပါတယ်” ဟု ထိပ်သီးကာကွယ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်ဝမ် စစ်ရေး လေ့ကျင့်နေစဉ်
တပ်မှူးများ အနေဖြင့် ၎င်းတို့၏ စစ်သားများ ရင်ဆိုင်ရနိုင်သည့် ပြဿနာများအား တွေးတောပြီး မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်ရမည်ကို ကြိုတင်ပြင်ဆင်ရမည်ဟု အမည်မဖော်လိုသော အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။
ယခုနှစ်၏ Han Kuang စစ်ရေး လေ့ကျင့်မှုများတွင် အရန်စစ်မှုထမ်း အရေအတွက် ၂၂,၀၀၀ ခန့်ဖြင့် အများဆုံး ပါဝင်ခဲ့ပြီး အမေရိကန်၏ Lockheed Martin ကုမ္ပဏီမှ ထုတ်လုပ်သည့် HIMARS(ဟိုင်မားစ်) ဒုံးကျည်စနစ်လည်း ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။
ထို့ပြင် ထိုင်ဝမ်က ပြည်တွင်းတွင် ထုတ်လုပ်ခဲ့သည့် မြေပြင်မှ ဝေဟင်ပစ် Sky Sword ဒုံးကျည်များလည်း စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်ဖြစ်ကြောင်း ကြေညာခဲ့ပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူသွား မည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ၅ နှစ်အတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်း စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ မောင်းနှင်ခြင်းတို့ ပြုလုပ်ခဲ့ကာ ထိုင်ဝမ်အပေါ် ဖိအားများ တိုးမြှင့်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 531
CNI International News
ဘန်ကောက်၊ ဇူလိုင် ၈
ထိုင်းနိုင်ငံ၏ ဒီမိုကရေစီစနစ်အရ အကြောင်းကိစ္စ တစ်ခုခုကြောင့် အစားထိုး တာဝန်ထမ်းဆောင်ရသည့် ယာယီ ဝန်ကြီးချုပ်သည် လွှတ်တော်ကို မဖျက်သိမ်းနိုင်ဘဲ ရွေးကောက်ခံထားရသော ဝန်ကြီးချုပ် တစ်ဦးတည်းကသာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ခန့်အပ်ပိုင်ခွင့် သို့မဟုတ် လွှတ်တော်ကို ဖျက်သိမ်းပိုင်ခွင့်ရှိသည်ဟု ထိုင်းနိုင်ငံတော် ကောင်စီ အတွင်းရေးမှူးချုပ် ပက်ခွန်း နီလ်ပရာပန့် (Pakorn Nilprapunt) က ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့ သည်ဟု The Naiton မှ ဖော်ပြခဲ့သည်။
ထိုအချက်သည် ဝက်စ်မင်စတာပုံစံ လွှတ်တော်စနစ် (Westminster-style parliamentary system) ကို ကျင့်သုံး သည့် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံမူဖြစ်ကြောင်း Alex Pakorn အမည်ဖြင့် ဖွင့်ထားသည့် Facebook အကောင့်တွင် ပက်ခွန်းက ရေးသားဖော်ပြခဲ့သည်။
ဝက်စ်မင်စတာပုံစံ လွှတ်တော်စနစ်ဆိုသည်မှာ နိုင်ငံ့ခေါင်းဆောင်နေရာကို ဘုရင် သို့မဟုတ် ဘုရင်မ အဖြစ် သတ်မှတ်ထားပြီး အစိုးရအဖွဲ့ ခေါင်းဆောင်နေရာကို ဝန်ကြီးချုပ်အဖြစ် သတ်မှတ်ထားကာ အုပ်ချုပ်ခွင့်အာဏာ ပေးအပ်ထားခြင်း ဖြစ်သည်။

ယာယီဝန်ကြီးချုပ်ကို တွေ့ရစဉ်
“ထိုင်းနိုင်ငံမှာ လွှတ်တော်ရဲ့ ယုံကြည်မှုနဲ့အတူ ရှင်းလင်းတိကျတဲ့ မူဝါဒအရ ဝန်ကြီးချုပ်ကို ခန့်အပ်တာ ဖြစ်ပါ တယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ် ခန့်အပ်ကြောင်းကို ဘုရင့်ကို သံတော်ဦးတင်ရပြီး လွှတ်တော်က ခန့်တဲ့ဝန်ကြီးချုပ်ကို ဘုရင်က တရားဝင် အတည်ပြုရတာ ဖြစ်ပါတယ်”ဟု ပက်ခွန်းက ရေးသားခဲ့သည်။
“အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ခန့်အပ်တဲ့ ဝန်ကြီးချုပ်ရဲ့ အမည်စာရင်းကို ဘုရင်ကပဲ အတည်ပြု ပေးရတာဖြစ်ပြီး အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်အောင် တာဝန်ထမ်းဆောင်ရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုလုပ်ငန်းစဉ်သည် စနစ်တကျရှိပြီး တဆင့်ပြီးတဆင့် လေးစားယုံကြည်မှုဖြင့် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များ ဖြစ်သည်ဟုလည်း ပက်ခွန်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ရာထူးကို ဆိုင်းငံ့ခံထားရတဲ့ ပေတုန်တန်ကို တွေ့ရစဉ်
သို့သော် ဒုတိယဝန်ကြီးချုပ်နေရာမှ ယာယီဝန်ကြီးချုပ်အဖြစ် အစားထိုး တာဝန်ထမ်းဆောင်ရသူ တစ်ဦးအနေဖြင့် အစိုးရအဖွဲ့ဝင်များကို ခန့်အပ်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း အစရှိသည့် ဝန်ကြီးချုပ် အာဏာများကို တရားဝင် ကျင့်သုံးပိုင်ခွင့် မရှိကြောင်းလည်း ၎င်းက ဆိုသည်။
အဘယ်ကြောင့်ဆိုသော် ယာယီဝန်ကြီးချုပ်သည် အထက်ဖော်ပြပါ လုပ်ငန်းစဉ်များအတိုင်း လွှတ်တော်၏ ယုံကြည်မှုဖြင့် တိုက်ရိုက် ရွေးချယ်ခြင်းမရှိဘဲ ဝန်ကြီးချုပ်ရာထူးကို ယာယီသာ ထမ်းဆောင်ရခြင်းကြောင့် ဖြစ်ကြောင်း ပက်ခွန်းက ရှင်းလင်းစွာ ရေးသားဖော်ပြခဲ့သည်။
နောက်ထပ် အရေးကြီးသည့် အချက်မှာ လွှတ်တော်က ရွေးချယ်ထားသည့် ဝန်ကြီချုပ်တစ်ဦးသည် အကြောင်း ကိစ္စ တစ်ခုခုကြောင့် ဆိုင်းငံ့ခံထားရသည့်တိုင် ဝန်ကြီးချုပ်နေရာမှ တရားဝင် ဖယ်ရှားမခံရသေးသော အချိန်တွင် ယာယီဝန်ကြီးချုပ်သည် အောက်လွှတ်တော်ကို ဖျက်သိမ်းပိုင်ခွင့် မရှိကြောင်းလည်း ပက်ခွန်းက Facebook တွင် ရေးသားခဲ့သည်။
Source: The Nation
