
- By CNI
- Category: နိုင်ငံရေး
- Hits: 2362
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၉
ထိုင်းနိုင်ငံတွင် အထက်လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် ရွေးကောက်ခံရသည့် မွန်ကောလ် သူရဆာဂျာ (Mongkol Surasajja) နှင့် ၎င်း၏ လက်ထောက်နှစ်ဦးသည် ဇူလိုင် ၂၇ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ် မှ ဖော်ပြခဲ့သည်။
မစ္စတာ မွန်ကောလ်နှင့် ၎င်း၏ လက်ထောက်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ကရီယန်ကရိုင် ဆရီရတ် (Kriangkrai Srirak) နှင့် ဘွန်းဆောင်း နွိုင်ဆိုဖွန် (Boonsong Noisophon) တို့သည် တော်ဝင်နန်းတော်၏ ထောက်ခံချက်ကို လက်ခံခဲ့ပြီး ထိုထောက်ခံချက်သည် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအတွက် တရားဝင် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်သည်။
အထက်လွှတ်တော်များနှင့် ထိပ်သီးအရာရှိများသည် တော်ဝင်နန်းတော်၏ ထောက်ခံမှုကို ပေးအပ်ခြင်းခံရပြီး ထိုထောက်ခံချက်ကို အခမ်းအနားအား ဦးစီးကျင်းပသည့် အစိုးရအတွင်းဝန်ချုပ် နတ်ဂျာရီ အန်န်တာစစ် (Natjaree Anantasilp) က လက်ခံသူများထံ ဆောင်ကြဉ်းပေးရခြင်းဖြစ်သည်။
ထိုကျမ်းသစ္စာကျိန်ဆိုပွဲတွင် မစ္စစ် နတ်ဂျာရီက ဘူရီရမ် (Buri Ram) အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ မွန်ကောလ် ကို အထက်လွှတ်တော်ဥက္ကဋ္ဌသစ် အဖြစ်လည်းကောင်း၊ Bhumjaithai ပါတီ အကြံပေးပုဂ္ဂိုလ်ဟောင်း ဗိုလ်ချုပ်ကြီး ကရီယန်ကရိုင်ကို ဒုတိယလွှတ်တော်ဥက္ကဋ္ဌ(၁) အဖြစ်လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်
အကြီးအကဲ ဟောင်း မစ္စတာဘွန်းဆောင်းကို ဒုတိယလွှတ်တော်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တော်ဝင်နန်းတော်၏ ထောက်ခံ ချက်ကို ဖတ်ကြားခဲ့သည်။
ထို့နောက် ကျမ်းသစ္စာကျိန်ဆိုပွဲ၏ လုပ်ထုံးလုပ်နည်းများ ပြီးဆုံးသွားချိန်တွင် ရာထူးခန့်အပ်မှု လုပ်ငန်းစဉ် အဆုံးသတ်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌသစ်နှင့် လက်ထောက်များသည် ၎င်းတို့၏ တာဝန်များကို စတင်တာဝန် ထမ်းဆောင်ခဲ့သည်။
ထိုင်းအထက်လွှတ်တော်ဥက္ကဋ္ဌအသစ်ကိုတွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က မစ္စတာ မွန်ကောလ်သည် အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အထက်လွှတ်တော် အမတ်များ၏ မဲခွဲဆုံးဖြတ်မှုတွင် မဲစုစုပေါင်း ၂၀၀ ရှိသည့်အနက် ထောက်ခံမဲ ၁၅၉ မဲဖြင့် အနိုင်ရရှိခဲ့သည်။
အထက်လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်ပွဲများကို ခရိုင်အဆင့်၊ ပြည်နယ်အဆင့်နှင့် နိုင်ငံတော်အဆင့် အစရှိသည့် အဆင့် ၃ ဆင့်ခွဲကာ ရက်အနည်းငယ်ကြာ အချိန်ယူ ပြုလုပ်ခြင်းဖြစ်သည်။
Bhumjaithai ပါတီသည် အထက်လွှတ်တာ်၏ အုပ်စု ၃ စုအနက် အင်အားအကြီးဆုံး လွှတ်တော်ကိုယ်စားလှယ် အင်အားစုဖြစ်ပြီး ထိုလွှတ်တော်ကိုယ်စားလှယ်များထဲမှ အချို့သည် အာဏာရဖြူးထိုင်းပါတီ၊ အတိုက်အခံ Move Forward ပါတီတို့နှင့် အနည်းငယ် ဆက်နွှယ်မှုရှိနေသည်။
ပြီးခဲ့သည့်သီတင်းပတ်က ရွေးကောက်ပွဲရလဒ်များကို ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ထံ ပေးပို့ခဲ့ပြီး ဝန်ကြီးချုပ်က တော်ဝင်ထောက်ခံချက် ရယူရန်အတွက် ဘုရင့်ထံ တင်သွင်းခဲ့ခြင်းဖြစ်ကာ တော်ဝင် နန်းတော်က ရာထူးခန့်အပ်ကြောင်း ထောက်ခံချက်ကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 948
CNI International News
မော်စကို၊ ဇူလိုင် ၂၉
အမေရိကန်အနေဖြင့် ဂျာမနီတွင် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားမည်ဆိုပါက စစ်အေးကာလက ဒုံးကျည် အကျပ်အတည်းပုံစံမျိုး ဖြစ်လာနိုင်ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin)က သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်က ဒုံးကျည်များ ဖြန့်ကြက်ချထားမည်ဆိုပါက ရုရှားကလည်း အနောက်နိုင်ငံများကို ပစ်ခတ်ရောက်ရှိ နိုင်သည့် အလားတူ တာဝေးပစ် ဒုံးကျည်များကို ဖြန့်ကြက်ချသွားမည်ဟု ပူတင်က ပြောသည်။
ဂျာမနီတွင် ၂၀၂၆ ခုနှစ်မှစပြီး SM-6 နှင့် Tomahawk ခရုဇ်ဒုံးကျည်များ၊ အသံထက်မြန်သည့် ဟိုက်ပါဆောနစ် လက်နက်များ အပါအဝင် တာဝေးပစ် ဒုံးကျည်များကို ဖြန့်ကြက်ချထားရန် ပြင်ဆင်နေကြောင်း အမေရိကန်က ဇူလိုင် ၁၀ ရက်က ပြောကြားခဲ့သည်။
အမေရိကန်၏ ဒုံးကျည်များ ဖြန့်ကြက်ချထားမည့် အစီအစဉ်ကို တုန့်ပြန်သည့်အနေဖြင့် ပူတင်က စိန့်ပီတာစဘတ်ချ် (St Petersburg) မြို့တွင် ပြုလုပ်သည့် ရုရှား၏ ရေတပ်နေ့ အခမ်းအနားတွင် ရုရှား၊ တရုတ်၊ အယ်လ်ဂျီးရီးယားနှင့် အိန္ဒိယနိုင်ငံများမှ သင်္ဘောသားများကို မိန့်ခွန်းပြောကြားခဲ့သည်။
ထိုမိန့်ခွန်းအတွင်း ပူတင်က အမေရိကန်၏ အစီအစဉ်သည် စစ်အေးကာလက ဒုံးကျည် အကျပ်အတည်မျိုး ဖြစ်စေသည့် အန္တရာယ်ကို မြင့်တက်စေလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
ပူတင်ကို တွေ့ရစဉ်
"ကျနော်တို့ နယ်နိမိတ်ပေါ်က ပစ်မှတ်တွေဆီကို နျူကလီးယားလက်နက်တွေ တပ်ဆင်ထားနိုင်ခြေရှိတဲ့ အဲဒီ ဒုံးကျည်တွေ ပျံသန်းရောက်ရှိမယ့် ကြာမြင့်ချိန်ဟာ ၁၀ မိနစ်ပဲ ကြာပါလိမ့်မယ်။ ကျနော်တို့ကလည်း ဥရောပနဲ့ ကမ္ဘာ့အခြား နေရာဒေသတွေမှာရှိတဲ့ အမေရိကန်ရဲ့ ဂြိုဟ်တုလွှတ်တင်မှုတွေ အပါအဝင် အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေအတိုင်း ထပ်တူညီတဲ့ အစီအစဉ်တွေကို ချမှတ်လုပ်ဆောင်သွားမှာပါ"ဟု ပူတင်က သတိ ပေးခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို စစ်တပ်စေလွှတ်ပြီး တိုက်ခိုက်ခဲ့သည့် ပူတင်က ယူကရိန်းစစ်ပွဲသည် အနောက် နိုင်ငံများနှင့် ရုရှားအကြား သမိုင်းဝင်အားပြိုင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် အနောက်နိုင်ငံများက ရုရှားကို အရှက်ရစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပူတင်က ပြောကြား ခဲ့သည်။
ယူကရိန်းနှင့် အနောက်နိုင်ငံများကမူ ပူတင်သည် နယ်မြေချဲ့ထွင်သည့် ပုံစံမျိုးဖြင့် ယူကရိန်း၏ နယ်နိမိတ်များကို သိမ်းပိုက်နေကြောင်း စွပ်စွဲခဲ့ပြိး လက်ရှိတွင် ခရိုင်းမီးယား (Crimea) ကျွန်းဆွယ်နှင့် ယူကရိန်းအရှေ့ပိုင်းမှ ဒေသ ၄ ခု အပါအဝင် ယူကရိန်း၏ နယ်နိမိတ် စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့် ရုရှားအား အနိုင်ယူ တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားကမူ ထိုနယ်မြေများသည် တစ်ချိန်က ရုရှားအင်ပါယာ၏ အစိတ်အပိုင်းများဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် ရုရှား ပိုင် နယ်မြေများအဖြစ် ပြန်လည် သိမ်းယူခဲ့ခြင်းဖြစ်ကာ ယူကရိန်းကို ပြန်ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့ သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2687
CNI International News
ပြုံယမ်း၊ ဇူလိုင် ၂၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un) အမိန့်ပေးသည့်အခါ စစ်ပွဲဖြစ်လာလျှင် ရန်သူအားလုံးကို အလုံးစုံချေမှုန်းပစ်မည်ဟု ကတိပြုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ခေါင်းဆောင်ကင်မ်သည် ဇူလိုင် ၂၇ ရက်က ပြုလုပ်သည့် ၇၁ နှစ်ပြည့် ကိုရီးယားစစ်ပွဲ ယာယီစစ်ပြေငြိမ်းသည့် နှစ်ပတ်လည် အခမ်းအနားကို အောင်ပွဲခံရန် တက်ရောက်ခဲ့သည်။
ခေါင်းဆောင်ကင်မ် ပါဝင်သည့် ထိုအစည်းအဝေးတွင် မြောက်ကိုရီးယား ကြည်းတပ် ဗိုလ်မှူးကြီး ရီအွန်ယွန်(Ri Un Ryong)နှင့် ရေတပ်ဒုတိယတပ်မှူး ယူဂယွန်ဆောင်(Yu Kyong Song) အပါအဝင် အကြီးတန်းစစ်ဘက် တာဝန်ရှိသူများက အမေရိကန်နှင့် တောင်ကိုရီးယားကို ရည်ရွယ်သည့် မှတ်ချက်များကို ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနှင့် အမေရိကန်တို့သည် တင်းမာမှုများကို နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုများသည် ၂၀၁၉ ခုနှစ်ကတည်းက လျော့ကျခဲ့ပြီး သံတမန်ဆက်ဆံရေးများလည်း မရှိခဲ့ပေ။
လာမည့် အမေရိကန်ရွေးကောက်ပွဲတွင် မည်သူ ရွေးကောက်ခံရမည်ဖြစ်စေ အခြေအနေ ပြောင်းလဲသွားမည် မဟုတ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွင် မကြာသေးမီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကိုတွေ့ရစဉ်
အမေရိကန်နှင့် တောင်ကိုရီးယားသည် နျူကလီးယား စစ်ပွဲဖြစ်လာစေရန် လှုံ့ဆော်နေကြောင်း မြောက်ကိုရီးယား က စွပ်စွဲပြောကြားခဲ့ပြီး စစ်ပွဲဖြစ်လာပါက ခေါင်းဆောင်ကင်မ် အမိန့်ပေးလာသည်နှင့်တစ်ပြိုင်နက် ရန်သူများကို သာလွန်အင်အားဖြင့် တိုက်ခိုက်ချေမှုန်းသွားမည်ဟု ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန်၊ တရုတ်တို့နှင့်အတူ သုံးနှစ်ကြာ ဖြစ်ပွားသည့် ကိုရီးယားစစ်ပွဲကို အဆုံးသတ် ရန် ၁၉၅၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်တွင် ယာယီစစ်ပြေငြိမ်းရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
ထိုအချိန်က အမေရိကန်ဗိုလ်ချုပ်ကြီးများသည် တောင်ကိုရီးယားကို ကျောထောက်နောက်ခံ ပေးထားသည့် ကုလသမဂ္ဂတပ်ဖွဲ့များ၏ကိုယ်စား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
မြောက်ကိုရီးယားက ဇူလိုင် ၂၇ ရက်နေ့ကို အောင်ပွဲနေ့ဟု သတ်မှတ်ခေါ်ဆိုသော်လည်း တောင်ကိုရီးယားကမူ ယင်းနေ့တွင် အထင်ကရ အခမ်းအနားများ ပြုလုပ်ခြင်းမရှိပေ။
ကိုရီးယားစစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံး သတ်ခဲ့ခြင်း မဟုတ်ဘဲ စစ်ပွဲရပ်ဆိုင်းရန် သဘောတူညီမှု ဖြင့်သာ အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကိုရီးယား နှစ်နိုင်ငံအကြား သဘောတရားအရ စစ်ပွဲဖြစ်ပွားနေဆဲ အခြေအနေတွင်ပဲ ဆက်လည် တည်ရှိနေသည်။
Source: ရိုက်တာ

- By Nan Shwe Sin Htun
- Category: နိုင်ငံရေး
- Hits: 2844
CNI International News
ဂျရုဆလင်၊ ဇူလိုင် ၂၉
အစ္စရေးတို့ သိမ်းပိုက်ထားသော ဂိုလန်ကုန်းပြင်မြင့် (Golan Heights) ရှိ ဘောလုံးကွင်းတစ်ကွင်းကို ဇူလိုင် ၂၇ ရက်က ရော့ကတ်တစ်စင်း ထိမှန်မှုကြောင့် လူငယ် ၁၂ ဦး သေဆုံးခဲ့သည်ဟု အစ္စရေးအာဏာပိုင်များက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြထားသည်။
ထိုလေကြောင်းတိုက်ခိုက်မှုသည် အစ္စရေးနှင့် လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာ(Hezbollah)ကြား တိုက်ပွဲများ စတင်ဖြစ်ပွားချိန်ကတည်းက နိုင်ငံ၏မြောက်ပိုင်း နယ်စပ်တစ်လျှောက် အစ္စရေးကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများအတွင်း လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုကြီးဖြစ်လာခဲ့သည်။
ထို့အပြင် ကျယ်ပြန့်သော ဒေသတွင်းစစ်ပွဲတစ်ရပ် ဖြစ်လာမည့် အရေးကို စိုးရိမ်လျက်ရှိသည်။
ဂိုလန်ကုန်းပြင်မြင့်တွင် လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်အတွက် အစ္စရေးက ဟစ်ဇ်ဘိုလာအဖွဲ့ကို ပြစ်တင် ပြောကြားခဲ့သော်လည်း ဟစ်ဇ်ဘိုလာအဖွဲ့က ငြင်းဆိုခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုကို တွေ့ရစဉ်
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု(Benjamin Netanyahu)က ဟစ်ဇ်ဘိုလာအဖွဲ့အား ထိုတိုက်ခိုက် မှုအတွက် တန်ဖိုးကြီးကြီးမားမား ပြန်လည် ပေးဆပ်ရလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီယယ်ဟာဂါရီ(Daniel Hagari)က ထိုတိုက်ခိုက်မှုအား အောက်တိုဘာ ၇ ရက် ဟားမာ့စ်(Hamas)တို့၏ တိုက်ခိုက်မှု ဖြစ်စဉ်ပြီးနောက် အစ္စရေးအရပ်သား သေဆုံးမှု အများဆုံး တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် နောက်ထပ်လူ ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ဟစ်ဇ်ဘိုလာအဖွဲ့က စည်းကျော်လာပြီး ဒါကို လက်တုန့်ပြန်သွားမှာပါ”ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကာ့ဇ်(Israel Katz)က Israeli Channel 12 သတင်းကို ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာ အကြီးအကဲ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အက်ဖစ်(Mohammed Afif)က ဟစ်ဇ်ဘိုလာအဖွဲ့ အနေဖြင့် မက်ဂျ်ဒယ်ရှမ်း(Majdal Shams)မြို့ကို တိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့သည်။
ဂိုလန်ကုန်းပြင်မြင့်ရှိ ဘောလုံးကွင်း တိုက်ခိုက်ခံရစဉ်
ဟစ်ဇ်ဘိုလာအဖွဲ့သည် တိုက်ခိုက်မှု ဖြစ်စဉ်များကို ပုံမှန်အားဖြင့် ငြင်းဆိုလေ့မရှိပေ။
အမေရိကန်သို့ ရောက်ရှိနေသည့် နေတန်ယာဟုသည် မည်သည့်အချိန်တွင် အစ္စရေးသို့ ပြန်လာမည်ဆိုခြင်းကို ပြောကြားခဲ့ခြင်းမရှိဘဲ ခရီးစဉ်ကို အချိန်လျှော့ချမည်ဟု ပြောကြားခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောကြား ခဲ့သည်။
နေတန်ယာဟုသည အစ္စရေးသို့ ပြန်ရောက်ရောက်ချင်း လုံခြုံရေးအစိုးရအဖွဲ့ အစည်းအဝေး တစ်ရပ် ပြုလုပ်သွားမည်ဟု ဆိုသည်။
နေတန်ယာဟု၏ အစိုးရအဖွဲ့မှ လက်ယာစွန်းအဖွဲ့ဝင်များက ဟစ်ဇ်ဘိုလာကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်ရန် တောင်းဆိုခဲ့သည်။
မက်ဂျ်ဒယ်ရှမ်း(Majdal Shams)မြို့ကို ပစ်ခတ်ခဲ့သည့် ရော့ကတ်သည် လက်ဘနွန်တောင်ပိုင်း ချီဘား(Chebaa) ကျေးရွာ၏ မြောက်ပိုင်းမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ အကဲဖြတ် လေ့လာမှုတွင် တွေ့ရှိခဲ့သည်ဟု အစ္စရေး စစ်တပ်က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 642
CNI International News
ဘေကျင်း၊ ဇူလိုင် ၂၉
မြန်မာနှင့် တရုတ် နယ်စပ်ဒေသ၏ လုံခြုံရေးကို စိတ်ချသေချာစေရန်အတွက် မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းရန်နှင့် တိုက်ပွဲများကို ရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က ထုတ်ပြန်ခဲ့ သည်ဟု Nation Thailand မှ ဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည် ဟုလည်း မော်က ပြောကြားခဲ့သည်။
မော်သည် ဇူလိုင် ၂၅ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၏ ပဋိပက္ခအခြေအနေနှင့်ပတ်သက်ပြီး မေးခွန်းများကို ဖြေကြားချိန်၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေကို တရုတ်က အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့နဲ့ ရန်လိုမှုတွေကို အမြန်ဆုံး အဆုံးသတ်ပြီး အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့၊ တင်းမာမှုတွေကို ရှောင်ရှားဖို့ တရုတ်က တိုက်တွန်းပါတယ်။ အထူး သဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် တရုတ် နယ်စပ်ဒေသရဲ့ လုံခြုံရေးနဲ့ နယ်စပ်ဒေသမှာ နေထိုင်သူတွေကို မထိခိုက်အောင် သေချာစွာ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်" ဟု မော်က ပြောကြားခဲ့သည်။
ကိုးကန့်တပ်ဖွဲ့ MNDAA လားရှိုးမြို့ထဲကို ၀င်ရောက်လာစဉ်
ထို့ပြင် တရုတ်သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို မြှင့်တင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရှိန်အဟုန်ကို ထိန်းသိမ်းရန် မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များကို ဆက်လက်တိုက်တွန်းမည်ဟုလည်း မော်က ပြောကြားခဲ့သည်။
လက်ရှိ လားရှိုးမြို့၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ မတ်တရာတို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့် ရန် တရုတ်က TNLA နှင့် MNDAA ကို ဖိအားပေးနေကြောင်း ပြည်တွင်းနိုင်ငံရေးနှင့်စစ်ရေးအကဲခတ်များက ပြော သည်။
လားရှိုးမြို့ကို သိမ်းပိုက် MNDAA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေချိန်မှာပဲ ဇူလိုင် ၂၇ ရက်နေ့ ညပိုင်း တွင် "ဝ"တပ်ဖွဲ့ UWSA က နေပြည်တော်(မြန်မာ့တပ်မတော်)၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လာပြီး အရေးကြီး သည့် နေရာများမှာ နေရာယူ ထိန်းသိမ်းထားသည်။
Source: Nation Thailand
- By CNI
- Category: နိုင်ငံရေး
- Hits: 3507
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂၇
အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမား (Barack Obama) နှင့် ၎င်း၏ဇနီးသည် မစ်ရှဲလ် အိုဘားမား (Michelle Obama) တို့က ဒုတိယသမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris) ကို ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
အိုဘားမားတို့ ဇနီးမောင်နှံသည် ဇူလိုင် ၂၅ ရက်က ဟားရစ်နှင့် သီးသန့် ဗွီဒီယိုကောလ် ခေါ်ဆိုမှုအတွင်း ၎င်းတို့၏ ထောက်ခံကြောင်းကို ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျနော်နဲ့ မစ်ရှဲလ်တို့က သင့်ကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စေဖို့နဲ့ အိမ်ဖြူတော်ကို ရောက်ရှိစေဖို့ ထောက်ခံကြောင်းပြောရတာ ဂုဏ်ယူမိတယ်ဆိုတဲ့ အကြောင်းကို ပြောပြချင်လို့ ဖုန်းခေါ်ခဲ့တာ ဖြစ်ပါတယ်" ဟု အိုဘားမားက ဟားရစ်ကို ပြောကြားခဲ့သည်။
"ရှင့်အတွက် ကျမ ဂုဏ်ယူပါတယ်။ ဒါဟာ သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်လာမှာပါ " ဟု မစ်ရှဲလ်က ဟားရစ်ကို ပြောကြားခဲ့သည်။
ဟားရစ်ကလည်း ၎င်းအား ထောက်ခံပေးမှုနှင့် ကာလကြာရှည် တည်ရှိခဲ့သည့် ခင်မင်ရင်းနှီးမှုအတွက် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ကာမယ်လာဟားရစ် ဖုန်းပြောနေစဉ်
"နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။ အရမ်းကျေးဇူးတင်မိပါတယ်။ ကျမတို့ ပျော်ရွှင်ခဲ့ရပါတယ်" ဟု ဟားရစ်က ပြောကြားခဲ့သည်။
ထိုဗွီဒီယိုကောလ် ခေါ်ဆိုမှုသည် အမှန်တကယ် ဖြစ်ကြောင်းနှင့် သရုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ဟားရစ်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောကြားခဲ့သည်။
သမ္မတဂျိုးဘိုင်ဒန် (Joe Biden) သည် ရွေးကောက်ပွဲမှ နုတ်ထွက်သွားခဲ့ပြီးနောက် ဟားရစ်သည် ရီပတ်ဘလစ် ကန် ပြိုင်ဘက် ဒေါ်နယ်ထရမ့် (Donald Trump) ကို ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ပထမဆုံး အမေရိကန် လူမည်းသမ္မတ တစ်ဦးဖြစ်သည့် အိုဘားမားသည် သမ္မတရာထူးမှ ဆင်းသွားခဲ့သည်မှာ ဆယ်စုနှစ် တစ်စုကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် ဒီမိုကရက်တစ်ပါတီတွင် လူကြိုက်အများဆုံး ခေါင်းဆောင်များ ထဲ၌ ပါဝင်နေဆဲဖြစ်သည်။
အိုဘားမားသည် ဘိုင်ဒန်၏ မဲဆွယ်စည်းရုံးပွဲ ကာလနှင့် ရန်ပုံငွေ မြှင့်တင်ပွဲများတွင် တောက်လျှောက် ပါဝင် လာခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ဟားရစ်ကို ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 402
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၇
ထိုင်းနိုင်ငံ၏ အတိုက်အခံ ပါတီဖြစ်သည့် Move Forward ပါတီ (MFP) သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းသော ဥပဒေမူကြမ်း ၃ ခုကို လွှတ်တော်သို့ ဇူလိုင် ၂၆ ရက်တွင် တင်သွင်းခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ထိုဥပဒေမူကြမ်းများသည် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ (NCPO) အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် အမိန့်ပြန်တမ်းများနှင့် ညွှန်ကြားချက်အားလုံးကို ပယ်ဖျက်ရန် ရည်ရွယ်ကြောင်း MFP ၏ ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူ (Parit Wacharasindhu)က ပြောကြားခဲ့သည်။
NCPO သည် ၂၀၁၄ ခုနှစ်က ရွေးကောက်ခံသမ္မတ ယင်းလပ်ရှင်နာဝပ် (Yingluck Shinawatra)၏ အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ပြီး အာဏာကို ရယူခဲ့သည့် အဖွဲ့ဖြစ်သည်။
ယခုတင်သွင်းသည့် ဥပဒေမူကြမ်းများသည် အနာဂတ်တွင် စစ်တပ်က အာဏာကို လွှဲပြောင်းရယူမှုများအား တားဆီးရန်နှင့် အနှစ် ၂၀ စာ အမျိုးသား မဟာဗျူဟာ အစီအစဉ်ကို ဖျက်သိမ်းရန် ရည်ရွယ်ကြောင်း ပါရစ်က ပြောသည်။
MFP သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မိမိတို့ပါတီ၏ သဘောထားဖြင့် အောက်လွှတ်တော်သို့ တင်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအသစ်ရေးဆွဲမှုသည် အချိန် ၂ နှစ်ခန့် ကြာမြင့်နိုင်သဖြင့် အလွန်နှေးကွေးကြောင်း ပါရစ်က ပြောကြားခဲ့သည်။
MFP ၏ ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူကို တွေ့ရစဉ်
လွှတ်တော်အနေဖြင့် မိမိတို့တင်သွင်းသည့် ဥပဒေမူကြမ်းများကို အသစ်ရေးဆွဲနေသော ဖွဲ့စည်းပုံအသစ်နှင့် နှိုင်းယှဉ်ပြီး အပြန်အလှန် ဆင်ခြင်သုံးသပ်နိုင်သည်ဟုလည်း ပါရစ်က ပြောကြားခဲ့သည်။
MFP က တင်သွင်းသည့် ပထမဥပဒေမူကြမ်းမှာ NCPO ၏ အမိန့်ပြန်တမ်းများ၊ ညွှန်ကြားချက်များ အားလုံးသည် တရားဝင်မှုရှိသည်ဆိုသည့် ဥပဒေပိုဒ်ခွဲ ၂၇၉ ကို ပယ်ဖျက်ရန် အဆိုပြုထားသည်။
ဒုတိယ ဥပဒေမူကြမ်းမှာ အာဏာသိမ်းမှုကို နိုင်ငံရေးအသင်းအဖွဲ့များအားလုံးက ငြင်းပယ်ရန် တွန်းအားပေး ထားသည့် စာပိုဒ်ကို ဖွဲ့စည်းပုံ၏ အပိုဒ်ခွဲ ၁၆ တွင် ဒုတိယအပိုဒ်အဖြစ် ထည့်သွင်းရန်ဖြစ်သည်။
တတိယ ဥပဒေမူကြမ်းမှာ NCPO က ရေးဆွဲခဲ့သည့် အနှစ် ၂၀ စာ အမျိုးသားမဟာဗျူဟာ အစီအစဉ်ကို ဖျက်သိမ်းရန်ဖြစ်ကြောင်း ပါရစ်က ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1479
CNI International News
လန်ဒန်၊ ဇူလိုင် ၂၇
မြောက်ကိုရီးယားဟက်ကာများသည် မြောက်ကိုရီးယားအစိုးရ၏ နျူကလီးယား စီမံကိန်းများကို ထောက်ပံ့ပေးရန် အတွက် လျှို့ဝှက်အဆင့် စစ်ရေးလျှို့ဝှက်ချက်များအား ခိုးယူရန် ကမ္ဘာတစ်ဝန်း ဆိုက်ဘာသူလျှိုလုပ်မှု အစီအစဉ် ကို လုပ်ဆောင်နေသည်ဟု အမေရိကန်၊ ဗြိတိန်နှင့် တောင်ကိုရီးယားတို့က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြ ခဲ့သည်။
Anadriel သို့မဟုတ် APT45 ဟူသည့် အမည်များဖြင့် လူသိများသည် ဟက်ကာအဖွဲ့သည် တင့်ကားများ၊ ရေငုပ် သင်္ဘောများ၊ ရေတပ်သင်္ဘောများ၊ တိုက်လေယာဉ်များ၊ ဒုံးကျည်များနှင့် ရေဒါစနစ်များ ထုတ်လုပ်သော ကုမ္ပဏီ များ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကာကွယ်ရေးကုမ္ပဏီများ၏ ကွန်ပျူတာစနစ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ သည်ဟု လေ့လာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
ထိုလေ့လာချက်ကို အမေရိကန်၏ ထောက်လှမ်းရေးအဖွဲ့များဖြစ်သည့် ဖက်ဒရယ်ထောက်လှမ်းရေး ဗျူရို (FBI) ၊ အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) နှင့် ဆိုက်ဘာအေဂျင်စီများ၊ ဗြိတိန်အမျိုးသား ဆိုက်ဘာ လုံခြုံရေးစင်တာ (NCSC) နှင့် တောင်ကိုရီးယား၏ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIS) တို့က ပူးတွဲရေးသားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်နေစဉ်
Anadriel သည် မြောက်ကိုရီးယား သူလျှိုအေဂျင်စီ၏ လက်အောက်ခံ အဖွဲ့အဖြစ် သတ်မှတ်ခံထားရပြီး မြောက်ကိုရီးယားအစိုးရ၏ စစ်ရေးနှင့် နျူကလီးယား ရည်မှန်းချက်များကို မြှင့်တင်ရန် လုပ်ဆောင်ပေးနေကြောင်း NCSC က ပြောကြားခဲ့သည်။
"ကျနော်တို့ ဒီနေ့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာ သူလျှိုလုပ်မှု စစ်ဆင်ရေးဟာ မြောက်ကိုရီးယားအစိုးရက ထောက်ပံ့ပေးထားတဲ့ သူတွေက သူတို့ရဲ့ စစ်ရေးနဲ့ နျူကလီးယား စီမံကိန်းတွေကို အကောင်အထည်ပေါ်အောင် ဆောင်ရွက်ဖို့ ဆန္ဒရှိနေတဲ့ အတိုင်းအတာကို ပြသနေပါတယ်" ဟု NCSC ၏ လုပ်ငန်းညွှန်ကြားရေးမှူး ပေါလ် ချီချက်စတာက ပြောကြားခဲ့သည်။
ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်သည့် ကာကွယ်ရေး အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ စနစ်များအတွင်းရှိ အချက်အလက်များကို ကာကွယ်ရန် အရေးကြီးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား စစ်ရေးပြကို တွေ့ရစဉ်
Anadriel အဖွဲ့သည် လျှို့ဝှက်အဆင့် အချက်အလက်များကို ခိုးယူရန် အဖျက်ဆော့ဖ်ဝဲများ၊ လှည့်စားမှုများ အပါအဝင် ဆော့ဖ်ဝဲ အားနည်းချက်ရှိသူများကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း FBI က ထုတ်ပြန်ခဲ့သည်။
ကာကွယ်ရေး၊ လေကြောင်းနှင့် အာကာသ၊ နျူကလီးယားနှင့် အင်ဂျင်နီယာကဏ္ဍများနှင့် ဆက်နွှယ်သည့် ကုမ္ပဏီများအနေဖြင့် မြောက်ကိုရီးယားအစိုးရက ထောက်ပံ့ပေးထားသော ဆိုက်ဘာစစ်ဆင်ရေးအန္တရာယ်မှ ကာကွယ်ရန် သတိဝီရိယရှိရှိဖြင့် လုပ်ဆောင်သင့်ကြောင်း FBI က တိုက်တွန်းခဲ့သည်။
Anadriel အဖွဲ့မှ ဟက်ကာများသည် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာတိုက်ခိုက်မှုများ၊ ခြိမ်းခြောက် ငွေညှစ်မှုများမှ ရရှိသည့် ငွေများဖြင့် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားစီမံကိန်းများကို ထောက်ပံ့ပေးနေသည်ဟု ထိုလေ့လာချက်စစ်တမ်းတွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2480
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂၆
အမေရိကန်၏ အလက်စကာ (Alaska) ပြည်နယ်အနီးရှိ နိုင်ငံတကာလေပိုင်နက်အတွင်းတွင် တရုတ်ဗုံးကြဲ လေယာဉ် ၂ စင်းနှင့် ရုရှားဗုံးကြဲလေယာဉ် ၂ စင်းကို အမေရိကန်နှင့် ကနေဒါတို့က ကြားဖြတ်ဟန့်တားခဲ့ရကြောင်း အမေရိကန်၏ မြောက်အမေရိက လေကြောင်းနှင့်အာကာသ ကာကွယ်ရေးဌာနချုပ် (NORAD) မှ ပြောကြားခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဇူလိုင် ၂၄ ရက်က အမေရိကန်နှင့်ကနေဒါ စစ်လေယာဉ်များသည် ရုရှား၏ TU-95 လေယာဉ် ၂ စင်းနှင့် တရုတ်၏ PRC H-6 စစ်လေယာဉ် ၂ စင်းကို အလက်စကာ လေကြောင်းကာကွယ်ရေး အထူးသတ်မှတ်ဇုန် (ADIZ) အတွင်း ကြားဖြတ်ဟန့်တားခဲ့သည်ဟု NORAD က ထုတ်ပြန်ခဲ့သည်။
ရုရှားနှင့်တရုတ် စစ်လေယာဉ်များသည် ပစိဖိတ်သမုဒ္ဒရာ မြောက်ဘက်ခြမ်းဒေသတွင် ၅ နာရီကျော်ကြာ ပူးတွဲ လေကြောင်း ကင်းလှည့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်၌ အတည်ပြုခဲ့သည်။
ကင်းလှည့်ပျံသန်းမှု လမ်းကြောင်း၏ နေရာတစ်ခုတွင် မိမိတို့ ကင်းလှည့်လေယာဉ်များကို ပြည်ပနိုင်ငံများ၏ တိုက်လေယာဉ်များက နောက်ယောင်ခံလိုက်ပါ စောင့်ကြပ်မောင်းနှင်ခဲ့သည်ဟုလည်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
ရုရှားဗုံးကြဲလေယာဉ်ကို အမေရိကန်က ဟန့်တားနေစဉ်
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်း (Zhang Xiaogang) ကလည်း နှစ်ပတ် လည် စစ်ဘက်ဆိုင်ရာ ထိတွေ့ဆက်ဆံမှု အစီအစဉ်အရ ဘာရင်း (Bering) ပင်လယ်ပေါ်တွင် မဟာဗျူဟာ မြောက် ပူးတွဲလေကြောင်းကင်းလှည့်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရုရှားနှင့်တရုတ် စစ်လေယာဉ်များသည် အမေရိကန်နှင့်ကနေဒါ၏ လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း မရှိဘဲ၊ ခြိမ်းခြောက်မှု တစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်းမရှိကြောင်း NORAD က ထုတ်ပြန်ခဲ့သည်။
အမေရိကန်၊ တရုတ်၊ အိန္ဒိယနှင့် ဂျပန်တို့ အပါအဝင် နိုင်ငံအများအပြားသည် လေကြောင်းကာကွယ်ရေး အထူး သတ်မှတ်ဇုန် (ADIZ) များကို တစ်ဖက်သတ် ကြေညာထားသည်။
ထိုလေကြောင်း ကာကွယ်ရေး အထူးသတ်မှတ်ဇုန်များသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် လေပိုင်နက်နှင့် သဘောထားခြင်း တူညီမှုမရှိပေ။
လေကြောင်းကာကွယ်ရေး အထူးသတ်မှတ်ဇုန်များကို နိုင်ငံတကာဥပဒေဖြင့် အသိအမှတ်ပြုထားသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်တွင် ရှိမနေပေ။
အချုပ်အခြာအာဏာပိုင် လေပိုင်နက်များကိုမူ နိုင်ငံတကာဥပဒေအရ အသိအမှတ်ပြုထားသည်။
Source: အယ်လ်ဂျာဇီးယား