- By CNI
- Category: နိုင်ငံရေး
- Hits: 588
CNI International News
ဂျာကာတာ၊ စက်တင်ဘာ ၁၈
အင်ဒိုနီးရှားနိုင်ငံတွင် စစ်ဥပဒေကို ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဆန့်ကျင်ကွက်မှုများကို အခြေခံဥပဒေဆိုင်ရာ တရားရုံးက စီရင်ချက် ချမှတ်သွားမည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အဆိုပါစစ်ဥပဒေ ပြင်ဆင်မှုအရ စစ်တပ်သည် အရပ်ဘက်ရေးရာ ကိစ္စရပ်များကို ဝင်ရောက် ကိုင်တွယ်ဖြေရှင်းခွင့် ရရှိမည်ဖြစ်သဖြင့် နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ထိုဥပဒေပြင်ဆင်ရေး အဆိုပြုချက်ကို ပြည်သူလူထုအား သင့်တော်သည့် ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ မတ်လက လွှတ်တော်တွင် အတင်းအကျပ် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း တရားလိုများက တရားရုံးကို ဆန့်ကျင် ကန့်ကွက်စာ ၅ ခု တင်သွင်းခဲ့သည်။
ဤဥပဒေသည် သမ္မတ ပရာဘိုဝို (Prabowo Subianto) လက်ထက်တွင် အရပ်သားများ၏ လူနေမှုဘဝ၌ စစ်တပ်က ပါဝင်ပတ်သက်မှု ပိုမိုချဲ့ထွင်လာသည့် လုပ်ဆောင်ချက် ဖြစ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့ သည်။
ပရာဘိုဝိုသည် သမ္မတအဖြစ် ၁၁ လကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၎င်း၏ ရည်မှန်းချက်များကို အကောင် အထည်ဖော်ရန် စစ်တပ်၏ လုပ်ပိုင်ခွင့်အား တိုးမြှင့်ပေးနေသည့် လုပ်ဆောင်ချက်သည် ၁၉၆၆ ခုနှစ်မှ ၁၉၉၈ ခုနှစ် အထိရှိခဲ့သော အာဏာရှင်အုပ်ချုပ်မှုပုံစံသို့ ရောက်ရှိသွားမည်ကို လူထုက ထိတ်လန့်နေကြသည်။

အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ်
ပရာဘိုဝိုသည် လမ်းများပေါ်တွင် ဆန္ဒပြမှုများ၊ စာသင်ကျောင်းများတွင် အခမဲ့ နေ့လယ်စာကျွေးသည့် အစီအစဉ် များ၊ အစားအစာ လုံခြုံရေး၊ ဆေးဝါး ထုတ်လုပ်ရေးနှင့် ဆီအုန်း စိုက်ခင်းများကို နိုင်ငံပိုင်ကုမ္ပဏီအတွက် သိမ်းယူ ခြင်းတို့ အပါအဝင် အရပ်ဘက်ကိစ္စများအတွက် စစ်တပ်ကို တာဝန်ပေးခဲ့ပြီး အဓိက ရာထူးနေရာများကိုလည်း အငြိမ်းစား ဗိုလ်ချုပ်ကြီးများကို ခန့်အပ်ခဲ့သည်။
အင်ဒိုနီးရှားတွင် လွှတ်တော်အမတ်များ၏ ခံစားခွင့်များ၊ နိုင်ငံ့ဘဏ္ဍာများကို ရဲတပ်ဖွဲ့အတွက် ဦးစားပေး သုံးစွဲမှု များနှင့် အင်ဒိုနီးရှားနိုင်ငံကို စစ်တပ်ပုံစံသွင်းနေသည့် သဘောထားရေးရာ အယူအဆများကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် အခြေခံဥပဒေဆိုင်ရာတရားရုံးက စစ်ဥပဒေပြင်ဆင်ရေးကို စီရင်ချက်ချမည့် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုစစ်ဥပေဒ ပြင်ဆင်ရေး အဆိုပြုချက်သည် ပွင့်လင်းမြင်သာမှု အားနည်းပြီး လွှတ်တော်သည် ပြည်သူလူထုကို ကျော်ပြီး သမ္မတဘက်သို့လိုက်ကာ အဆိုပြုချက်ကို အတည်မပြုမီ ထိုအဆိုပြုချက်အား ဖျက်သိမ်းပေးရန် တရားရုံးသို့ တင်သွင်းသည့် အသနားခံစာများတွင် ဖော်ပြထားသည်။
"အဲဒီစစ်ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်က ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်နဲ့ ညီညွတ်မှု မရှိတာကြောင့် တရားရုံးအနေနဲ့ စစ်ဥပဒေကို ရုပ်သိမ်းပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်" ဟု တရားရုံးကို အသနားခံစာ တင်သွင်းသူ တစ်ဦးဖြစ်သည့် အာဒီ မန်တို အဒီပူထရာ (Ardi Manto Adiputra) က ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 632
CNI International News
ကာရာကက်စ်၊ စက်တင်ဘာ ၁၇
အမေရိကန်နှင့် ဗင်နီဇွဲလားကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များသည် နှစ်နိုင်ငံတင်းမာမှု ကြောင့် မဟုတ်ဘဲ အမေရိကန်၏ ရန်စမှုကြောင့်သာဖြစ်သည်ဟု ဗင်နီဇွဲလားသမ္မတ မာဒူရိုက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများကို နှိမ်နင်းရန်ဆိုသည့် ကြေညာချက်ဖြင့် ကာရစ်ဘီယံ ဒေသတောင်ပိုင်းတွင် အမေရိကန်၏စစ်အင်အားကို ဖြန့်ကြက်ခဲ့သည်။
ယခုလအတွင်း အမေရိကန်စစ်တပ်သည် ဗင်နီဇွဲလားနိုင်ငံမှ ထွက်ခွာလာသည့် သင်္ဘောတစ်စင်းကို တိုက်ခိုက် နှစ်မြှုပ်ပြီး လူ ၁၁ ဦးကို ချေမှုန်းခဲ့သည်။
ထရမ့်အစိုးရအဖွဲ့ကမူ ထိုသင်္ဘောသည် တရားမဝင် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မာဒူရိုကမူ အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံအပေါ် ရာဇဝတ်မှုမြောက်သော တိုက်ခိုက်မှုကို တရားမျှတ သည့် ပုံစံဖြစ်အောင် ကြိုးပမ်းနေကြောင်း ဗင်နီဇွဲလားထိပ်သီး စစ်ခေါင်းဆောင်များနှင့် အရာရှိများ တက်ရောက် ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ဒါတွေက တင်းမာမှုကြောင့် မဟုတ်ပါဘူး။ ရန်စမှုကြောင့် ဖြစ်ခဲ့ရတာပါ။ သူတို့က ကျနော်တို့ကို ရာဇဝတ်သား တွေကို ဆက်ဆံတဲ့ အချိန်မျိုး၊ နိုင်ငံရေးဖိနှိပ်မှုတွေ ပြုလုပ်တဲ့အချိန်မျိုး၊ သံတမန် ဖိအားပေးတဲ့ အချိန်မျိုးနဲ့ စစ်ရေးအရ ရန်စတဲ့ အပြုအမူတွေ ပြုလုပ်နေတဲ့ အချိန်မျိုးတွေမှာ တရားမျှတမှု ရှိသယောင်နဲ့ ပုံဖော်နေတာ ဖြစ်ပါတယ်" ဟု မာဒူရိုက ပြောကြားခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်
ထို့ပြင် ဗင်နီဇွဲလားနှင့် အမေရိကန်အစိုးရကြား ဆက်သွယ်ရေး လမ်းကြောင်းများ ထိခိုက်ခဲ့သော်လည်း အမေရိကန်မှ ဗင်နီဇွဲလားနိုင်ငံသားများကို ပြန်လည်ပို့ဆောင်ရေးအတွက် အခြေခံ ထိတွေ့ဆက်ဆံမှု ဆက်ရှိ နေဆဲဖြစ်သည်ဟု မာဒူရိုက ပြောကြားခဲ့သည်။
"အမေရိကန်အစိုးရနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေက မရှိတော့ပါဘူး။ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို အကြောင်းပြပြီး အမေရိကန်ဘက်က ဗင်နီဇွဲလားနဲ့ ဆက်ဆံရေးတွေကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုလအတွင်း ဗင်နီဇွဲလားမှ ထွက်ခွာလာသည့် သင်္ဘောတစ်စင်းကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တရားမျှတမှု ရှိကြောင်း ခိုင်လုံသည့် အချက်အလက်များကို တင်ပြရန် အမေရိကန်လွှတ်တော်က တောင်းဆိုထားသည့်တိုင် ထရမ့်အစိုးရအဖွဲ့သည် ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အချက်အလက် အနည်းငယ်သာ ထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်ခံခဲ့ရသည့် ထိုသင်္ဘောပေါ်တွင် ဗင်နီဇွဲလားနိုင်ငံ၏ Tren de Aragua ဒုစရိုက်ဂိုဏ်းဝင်များ ပါဝင်ခဲ့ သည်ဆိုသည့် အမေရိကန်၏ ပြောကြားချက်ကို ဗင်နီဇွဲလားက ငြင်းဆိုခဲ့သည်။
ထို့ပြင် အမေရိကန်သည် ၎င်းအား ရာထူးမှ ဖြုတ်ချရန် မျှော်လင့်နေသည်ဟုလည်း မာဒူရိုက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 441
CNI International News
တိုင်ပေ၊ စက်တင်ဘာ ၁၇
ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့သည် တရုတ်၏ grey-zone(မီးခိုးရောင်ဇုန်) နည်းဗျူဟာတွင် ပစ်မှတ်တစ်ခုဖြစ်သည့် ရေအောက်ဆက်သွယ်ရေး ကေဘယ်ကြိုးများ လုံခြုံရေးအတွက် ပင်လယ်ရေကြောင်း ကင်းလှည့်မှုများကို အရှိန် မြှင့် ပြုလုပ်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
grey-zone နည်းဗျူဟာဆိုသည်မှာ အင်ပြည့်အားပြည့် စစ်ပွဲဆင်နွှဲခြင်း မဟုတ်ဘဲ ပြိုင်ဘက်ကို ဆိုက်ဘာ တိုက်ခိုက်မှုများ၊ သတင်းအမှား ဖြန့်မှုများ၊ စီးပွားရေးနှင့် နိုင်ငံရေးဖိအားများ၊ လေကြောင်းနှင့် ရေကြောင်းတွင် နှောင့်ယှက်မှုများ အပါအဝင် စစ်ကစားခြင်း၊ စစ်မြှူခြင်းတို့ ပြုလုပ်သည့် ဗျူဟာတစ်ခုဖြစ်သည်။
ယခုနှစ်အတွင်း တရုတ်သင်္ဘော ကပ္ပတိန်တစ်ဦးသည် ထိုင်ဝမ်၏ ရေအောက်ဆက်သွယ်ရေး ကေဘယ်ကြိုးကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခဲ့ကြောင်း ပြစ်မှုထင်ရှားစီရင်ခံခဲ့ရသည့် သတင်းသည် နိုင်ငံတကာမီဒီယာများတွင် ခေါင်းကြီးပိုင်းသတင်းဖြစ်ခဲ့သည်။
ထို့ကြောင့် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ထိုင်ဝမ်၏ ရေအောက်ကေဘယ်ကြိုးများ လုံခြုံရေးအတွက် ကင်းလှည့်မှုများကို တိုးမြှင့်နေကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ကပ္ပတိန်တစ်ဦးဖြစ်သည့် ဂျူအန် ချောင်ချင်း (Juan Chung-ching) က ပြောကြားခဲ့သည်။

ထိုင်ဝမ်နဲ့ တရုတ် ရေတပ်လုံခြုံရေး ကင်းလှည့်မှု သရုပ်ဖော်ပြထားစဉ်
ဂျူအန်သည်လည်း ၎င်း၏ ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောနှင့်အတူ TP3 အမည်ရှိ ရေအောက် ဆက်သွယ်ရေး ကေဘယ်ကြိုး တည်ရှိနေသည့် နေရာအနီးတွင် ကင်းလှည့်လျက်ရှိသည်။
TP3 ကေဘယ်ကြိုးသည် ထိုင်ဝမ်၏ ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လိုင်းများကို ချိတ်ဆက်ထား သည့် ရေအောက်ကေဘယ်ကြိုး ၂၄ ကြိုးတွင် တစ်ခုအပါအဝင် ဖြစ်သည်။
တရုတ်၏ grey-zone နည်းဗျူဟာကို တန်ပြန်ရန် ယခုကဲ့သို့ ကင်းလှည့်သည့် မစ်ရှင်များသည် ထိုင်ဝမ်၏ ဦးစားပေးကိစ္စ တစ်ခုဖြစ်လာခဲ့သည်ဟု ဂျူအန်က ပြောကြားခဲ့သည်။
"သူတို့ရဲ့ ကျူးကျော်ဝင်ရောက်မှုတွေက ထိုင်ဝမ် လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးရွားစွာ လျော့ပါးစေခဲ့ပါတယ်။ ကျနော်တို့က ဒီနေရာမှာ ကင်းလှည့်မှုတွေကို တိုးမြှင့်ပြီး နှောင့်ယှက်ဖျက်ဆီးမှုတွေ လုပ်မယ့် သင်္ဘောတွေကို စောင့်ကြည့်နေပါတယ်" ဟု ဂျူအန်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 546
CNI International News
ဂျေရုဆလင်၊ စက်တင်ဘာ ၁၇
အစ္စရေးနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ ဖယ်ကြဉ်မှုအတွက် အထီးကျန်ဘဝကို အသင့်ပြင်ထားသည်ဟု အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အစ္စရေးသည် ပြည်တွင်း ကုန်ထုတ်စွမ်းအားကို ပိုမိုမှီခိုပြီး နိုင်ငံ့စီးပွားရေးနှင့် သဟဇာတဖြစ်အောင် လုပ်ဆောင်ရန် လိုအပ်လိမ့်မည်ဟု နေတန်ယာဟုက ပြောကြားခဲ့ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။
"ကျနော်တို့ရဲ့ လက်နက်ထုတ်လုပ်ရေး စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုပါလိမ့်မယ်။ ကျနော် တို့မှာ ရွေးချယ်စရာ မရှိပါဘူး" ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

မွတ်စလင်နိုင်ငံတစ်ခုမှ ဆွေးနွေးဖက်တစ်ဦးကိုတွေ့ရစဉ်
အစ္စရေးအား နိုင်ငံတကာမှ ဖယ်ကြဉ်ရေးအတွက် အားထုတ် ကြိုးပမ်းသူများထဲတွင် ဥရောပရှိ မွတ်ဆလင်များ လည်း ပါဝင်နေကြောင်း နေတန်ယာဟုက ဆိုသည်။
"ကျနော်တို့က အရမ်းကို စိန်ခေါ်မှု အားကောင်းတဲ့ ကမ္ဘာမှာ နေထိုင်နေတာပါ။ ဥရောပကို ရွှေ့ပြောင်းသွားခဲ့တဲ့ မွတ်ဆလင်တွေက အရမ်းများပါတယ်။ သူတို့တွေက ဂါဇာအရေးနဲ့ပတ်သက်ပြီး ဥရောပနိုင်ငံတွေရဲ့ အစိုးရတွေ အပေါ်မှာ ဖိအားတွေ ပေးနေကြပါတယ်" ဟု အစ္စရေးဝန်ကြီးချုပ်က ပြောသည်။
အစ္စရေး အတိုက်အခံခေါင်းဆောင် ယဲလာပစ် (Yair Lapid) ကမူ နေတန်ယာဟု၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ဝေဖန်ခဲ့ကာ နေတန်ယာဟုသည် အစ္စရေးနိုင်ငံ၏ သံတမန်ရေးရာ ပြဿနာများအတွက် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
"အစ္စရေးက နိုင်ငံတကာရဲ့ ဖယ်ကြဉ်ခံရမယ့် အခြေအနေထဲကို ရောက်ရှိနေပြီဆိုတဲ့ နေတန်ယာဟုရဲ့ ပြောကြားချက်က မိုက်မဲတဲ့ ပြောကြားချက် ဖြစ်ပါတယ်" ဟု လာပစ်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အစ္စရေးဝန်ကြီးချုပ်ကို တွေ့ရစဉ်
ထို့ပြင် နေတန်ယာဟုနှင့် ၎င်း၏ အစိုးရအဖွဲ့သည် အစ္စရေးကို တတိယကမ္ဘာ အဖွဲ့ဝင်နိုင်ငံ ဖြစ်စေရန် လုပ် ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေးက ကာတာနိုင်ငံ ဒိုဟာမြို့တော်ရှိ ဟားမာ့စ်အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ မှုတွင် ဟားမာ့စ်ခေါင်းဆောင်များ သေဆုံးခဲ့ခြင်းမရှိဘဲ အသက်ရှင်သန် နေဆဲဖြစ်ကြောင်း ဟားမာ့စ်အဖွဲ့က ပြောကြားခဲ့ပြီးနောက် နေတန်ယာဟုကမူ ထိုတိုက်ခိုက်မှုသည် ကျရှုံးခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
"အဲဒီတိုက်ခိုက်မှုက မအောင်မြင်ဘဲ ကျရှုံးခဲ့တယ်ဆိုတဲ့ ပြောကြားချက်ကို ကျနော် လက်မခံနိုင်ပါဘူး" ဟု နေတန်ယာဟုက အစ္စရေးသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) နှင့်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှု၏ ရည်ရွယ်ချက်မှာ အကြမ်းဖက် သမားများကို လိုက်လံချေမှုန်းမည့် သတင်းစကားကို အမှာ ပါးလိုက်ခြင်းဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 1110
CNI International News
မဲလ်ဘုန်း၊ စက်တင်ဘာ ၁၆
သြစတြေးလျနှင့် ပါပူအာနယူးဂီနီတို့သည် ယခုသီတင်းပတ်အတွင်း လက်မှတ်ရေးထိုးမည့် လုံခြုံရေး သဘောတူ စာချုပ်အသစ်အရ နှစ်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့များ ပေါင်းစည်းသွားမည်ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ် (Anthony Albanese) က စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
သြစတြေးလျအစိုးရသည် ဒေသတွင်း တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းနေချိန်တွင် ပါပူအာ နယူးဂီနီနိုင်ငံနှင့် ကာကွယ်ရေး စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
အယ်လ်ဘန်းနိစ်က ၎င်းနှင့် ပါပူအာနယူးဂီနီ ဝန်ကြီးချုပ် ဂျိမ်းစ် မာရာပီ (James Marape) တို့သည် စက်တင်ဘာ ၁၇ ရက်တွင် ကာကွယ်ရေး စာချုပ်သစ်ကို လက်မှတ်ရေးထိုးမည်ဟု ပြောကြားခဲ့သည်။
ပါပူအာနယူးဂီနီသည် သြစတြေးလျ လက်အောက်မှ လွတ်လပ်ရေးရသည့် နှစ်ပေါင်း ၅၀ ပြည့် အထိမ်းအမှတ် ဖြစ်သည့် စက်တင်ဘာ ၁၆ ရက်အပြီး တစ်ရက်အကြာတွင် ထိုစာချုပ်ကို လက်မှတ်ရေးထိုးရန် စီစဉ်ခဲ့ခြင်းဖြစ် သည်။

သြစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ်ကို တွေ့ရစဉ်
ထိုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ လန်ဒူ (Christopher Landau) သည်လည်း ပါပူအာနယူးဂီနီ၏ မြို့တော် ပို့ မိုရက်စ်ဘီ (Port Moresby) မြို့တော်သို့ ရောက်ရှိလာမည်ဖြစ်သည်။
“ဒီစာချုပ်က ကျနော်တို့ရဲ့ ကာကွယ်ရေး ဆက်ဆံမှုမှာ အရေးကြီးတဲ့ တိုးတက်မှု တစ်ခုဖြစ်ပါတယ်”ဟု အယ်လ်ဘန်းနိစ်က အနောက်သြစတြေးလျပြည်နယ်၊ ပါ့သ် (Perth) မြို့တွင် ABC ရုပ်သံကို ပြောကြားခဲ့သည်။
လူဦးရေ ၁၂ သန်းခန့် နေထိုင်သည့် ပါပူအာနယူးဂီနီသည် တောင်ပစိဖိတ်ဒေသတွင် လူဦးရေ ၂၇ သန်းခန့် နေထိုင် သော သြစတြေးလျနိုင်ငံပြီးလျှင် ဒုတိယ လူဦးရေ အသိပ်သည်းဆုံး နိုင်ငံဖြစ်သည်။
ယခုသီတင်းပတ်အတွင်း လက်မှတ်ရေးထိုးမည့် စာချုပ်အရ သြစတြေးလျနှင့် ပါပူအာနယူးဂီနီ ပြည်သူများသည် နှစ်နိုင်ငံစလုံးတွင် စစ်မှုထမ်းနိုင်မည်ဖြစ်သည်။
ထို့ပြင် သြစတြေးလျနိုင်ငံက သြစတြေးလျ စစ်တပ်အတွင်း ပါဝင်စစ်မှုထမ်းမည့် ပါပူအာနယူးဂီနီနိုင်ငံသားများကို သြစတြေးလျနိုင်ငံသား ဖြစ်ခွင့်ပြုမည်ဟု ကမ်းလှမ်းမည်ဖြစ်သည်။
လက်ရှိတွင် သြစတြေးလျနိုင်ငံသည် Five Eyes အမည်ရှိ ထောက်လှမ်းရေး မိတ်ဖက် အဖွဲ့ဝင်များဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် နယူးဇီလန်နိုင်ငံများမှ နိုင်ငံသားများကိုသာ သြစတြေးလျစစ်တပ်တွင် စစ်မှု ထမ်းခွင့် ပြုထားသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 508
CNI International News
ကင်ရှာဆာ၊ စက်တင်ဘာ ၁၆
ကွန်ဂိုနိုင်ငံ၏ အရှေ့ပိုင်းဒေသရှိ ကော်ဖီစိုက်တောင်သူများသည် စစ်ပွဲအရှိန် မြင့်တက်လာသည့် အခြေအနေကို စိုးရိမ်နေကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ကွန်ဂိုအရှေ့ပိုင်းဒေသတွင် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် အရှိန်မြင့်တက်လာသဖြင့် ထိုဒေသရှိ ကော်ဖီစိုက်ခင်းများသည် ခြောက်သွေ့ပျက်စီးသွားခဲ့သည်။
ယခုနှစ် အစပိုင်းကတည်းက ကွန်ဂို၏ မြောက်ကီဗူး (North Kivu) နှင့် တောင်ကီဗူး (South Kivu) ပြည်နယ် များကို သိမ်းပိုက်ခဲ့သည့် M-23 သူပုန်များနှင့် အစိုးရတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထိုပြည်နယ်များသည် အရည်အသွေး ကောင်းမွန်သည့် အာရေဘီးကား ကော်ဖီစေ့ (Arabica bean)များ ထွက်ရှိ မှုကြောင့် နာမည်ကြီးသည့် ပြည်နယ်များဖြစ်သည်။
နောက်ဆုံးဖြစ်ပွားခဲ့သည့် ရန်လိုတိုက်ခိုက်မှုများကြောင့် ကော်ဖီစိုက် တောင်သူများ အပါအဝင် လူပေါင်း ထောင်ချီ သေဆုံးခဲ့ပြီး လူပေါင်းသောင်းချီ အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကွန်ဂိုနိုင်ငံတွင် စိုက်ထားသော ကော်ဖီပင်ကို တွေ့ရစဉ်
ထို့ပြင် သူပုန်များသည် ကော်ဖီစေ့တင်ပို့သည့် လမ်းကြောင်းများကို ပိတ်ဆို့ခဲ့သဖြင့် ကွန်ဂိုနိုင်ငံ၏ ကော်ဖီ လုပ်ငန်းအတွက် စီးပွားရေး နာလန်ထူမှုကို ထိခိုက်စေခဲ့သည်။
ကွန်ဂိုတွင် ကော်ဖီစေ့ ထုတ်လုပ်မှုသည် ၁၉၈၀ ပြည့်နှစ်ကုန်ပိုင်း ကာလများက ၁ နှစ်လျှင် မက်ထရစ်တန်ချိန် ၁၀၀,၀၀၀ အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂ၏ အချက်အလက်များတွင် ဖော်ပြခဲ့သည်။
သို့သော် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ကာလများတွင် ကွန်ဂိုအစိုးရတပ်ဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ခိုက်မှုများကြောင့် ကော်ဖီစေ့ ထုတ်လုပ်မှုသည် သိသာစွာ ကျဆင်းသွားခဲ့သည်။
၂၀၂၃ ခုနှစ်တွင်မူ ကော်ဖီစေ့ ထုတ်လုပ်မှုသည် တစ်နှစ်အတွင်း တန်ချိန် ၆၂,၀၀၀ ကျော်အထိ အနည်းငယ် ပြန်လည် မြင့်တက်ခဲ့သည်ဟု ကုလသမဂ္ဂ၏ မှတ်တမ်းများတွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 557
CNI International News
ဆိုးလ်၊ စက်တင်ဘာ ၁၆
မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဆင့်အတန်းမှ ပြောင်းလဲနိုင်တော့မည် မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီယား အထူးတာဝန်အဖွဲ့က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထို့ပြင် မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေးအတွက် အမေရိကန်၏ မှားယွင်းသည့် ထွက်ဆိုချက်များ ကိုလည်း မြောက်ကိုရီးယား အထူးတာဝန်အဖွဲ့က ဝေဖန်ရှုတ်ချခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
“ဒီမိုကရက်တစ် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံရဲ့ အဆင့်အတန်းကို နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ အဖြစ် အခြေခံဥပဒေမှာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ ဒီအဆင့်အတန်းကို ပြောင်းလဲနိုင်တော့မှာ မဟုတ်ပါဘူး” ဟု ဗီယင်နာ (Vienna) မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား အထူးတာဝန်အဖွဲ့က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံကို တွေ့ရစဉ်
နျူကလီးယား ဖျက်သိမ်းရေးအတွက် အမေရိကန်၏ ကြိုးပမ်းမှုများသည် မြောက်ကိုရီးယား၏ ပြည်တွင်းရေးများ ကို ကြားဝင်စွက်ဖက်သည့် ရန်လိုသော လုပ်ဆောင်ချက်ဖြစ်ကြောင်း မြောက်ကိုရီးယား အထူးတာဝန်အဖွဲ့က ပြောသည်။
ထို့ပြင် အမေရိကန်၏ နျူကလီးယား ခြိမ်းခြောက်မှုများရန်မှ ကာကွယ်ရန် မိမိတို့၏ နျူကလီးယား လက်နက် များသည် မလွှဲမရှောင်သာ အသုံးပြုရမည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်ဟုလည်း မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 587
CNI International News
ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၆
နီပေါနိုင်ငံတွင် ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ (KP Sharma Oli) ကို ရာထူးမှဖြုတ်ချခဲ့သည့် ဆန္ဒပြမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော လူငယ်များက ခေါင်းဆောင်သစ်များ ရွေးချယ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုလူငယ် တက်ကြွ လှုပ်ရှားသူများအနက် ဒီဂျေ တီးခတ်သူဟောင်းဖြစ်သည့် ဆူဒန် ဂူရန် (Sudan Gurung) သည် ဆန္ဒပြမှုကို ဦးဆောင်သူများအနက် အထင်ရှားဆုံး လူငယ်တစ်ဦးဖြစ်ခဲ့သည်။
အသက် ၃၆ နှစ်အရွယ် ဂူရန်သည် Hami Nepal (We are Nepal) အမည်ရှိ ပရဟိတအဖွဲ့ကို ထူထောင်ခဲ့သူဖြစ်ပြီး ဆန္ဒပြမှုများကို လူမှုမီဒီယာများမှတဆင့် စည်းရုံးလှုံ့ဆော်ခဲ့သူဖြစ်သည်။
ဂူရန်နှင့် ၎င်း၏ Hami Nepal အဖွဲ့သည် Discord နှင့် Instagram အက်ပလီကေးရှင်းများကို အသုံးပြုပြီး ဆန္ဒပြ သူများနှင့် ချိတ်ဆက် လှုပ်ရှားခဲ့သည်။

တရား သူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီကို တွေ့ရစဉ်
၎င်းတို့ အဖွဲ့သည် VPN များအသုံးပြုပြီး ပိတ်ပင်ခံခဲ့ရသည့် လူမှုမီဒီယာများကို ဝင်ရောက်ခဲ့ကာ သောင်းနှင့်ချီသည့် လူငယ်များအား စည်းရုံးနိုင်ခဲ့သည်ဟု ဆိုသည်။
“အဖွဲ့ဝင် ၄၀၀ လောက်ရှိတဲ့ Discord group ထဲကို ဝင်ဖို့ ကျနော့်ကို invite လုပ်ခဲ့ပါတယ်။ အဲဒီ group ထဲကို ဝင်လိုက်တော့ ဆန္ဒပြမှုတွေ ဘယ်နေရာမှာ လုပ်ကြမယ့် အကြောင်းတွေကို သိရတာကြောင့် ပူးပေါင်းဝင်ရောက် ပြီး ဆန္ဒပြခဲ့တာပါ” ဟု အသက် ၁၈ နှစ်အရွယ် ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်သည့် ကာရန် ကူလန် ရိုင် (Karan Kulung Rai) က ပြောကြားခဲ့သည်။
Hami Nepal အဖွဲ့၏ Discord ပေါ်မှ လူမှုမီဒီယာပို့စ်များသည် လူငယ်များကြားတွင် လွှမ်းမိုးလာခဲ့ပြီး နိုင်ငံပိုင် ရုပ်သံကပင် ဖော်ပြခဲ့ရသည်အထိ အောင်မြင်ခဲ့သည်။
Hami Nepal အဖွဲ့၏ အမည်မဖော်လိုသည့် အဖွဲ့ဝင်များက ၎င်းတို့သည် VPN များ အသုံးပြုပြီး ချိတ်ဆက်လှုပ်ရှား ခဲ့ကြောင်း၊ ဂူရန်နှင့် အခြားခေါင်းဆောင်များသည် လာမည့်နှစ် မတ်လ ၅ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ ယာယီဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်ရေး အပါအဝင် အရေးကြီးသည့် ဆုံးဖြတ်ချက် ချမှတ်ရေး လုပ်ငန်း စဉ်များတွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နီပေါ ဆန္ဒပြ လူငယ်ခေါင်းဆောင် ဆူဒန် ဂူရန်ကို တွေ့ရစဉ်
ဂူရန်နှင့် အခြားဆန္ဒပြ ခေါင်းဆောင်များက အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် နာမည်ကြီးသည့် တရား သူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီ (Sushila Karki) ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် နီပေါသမ္မတနှင့် စစ်တပ်အကြီးအကဲကို စည်းရုံးခဲ့ကြကြောင်း Hami Nepal အဖွဲ့ဝင်များက ပြောသည်။
“လူထုရဲ့ လက်ထဲမှာ အာဏာရှိဖို့နဲ့ အဂတိလိုက်စားတဲ့ နိုင်ငံရေးသမားတွေကို တရားဥပဒေအရ စီရင်ခံရဖို့ ကျနော်တို့ သေချာလုပ်ဆောင်သွားမှာပါ” ဟု ဂူရန်က စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 931
CNI International News
ဂျေရုဆလင်၊ စက်တင်ဘာ ၁၅
အစ္စရေးစစ်သားများသည် ဆီးရီးယားနိုင်ငံ၊ အရှေ့တောင်ပိုင်း ဒါရား (Deraa) ပြည်နယ်တွင် မြေပြင်စစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုစစ်ဆင်ရေးသည် ဆီးရီးယား၏မြို့တော် ဒမတ်စကတ် (Damascus ) ကို လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေသည့် အစ္စရေး၏ မြေပြင်ကျူးကျော် ဝင်ရောက်မှုဖြစ်ခဲ့သည်။
စက်တင်ဘာ ၁၄ ရက်က အစ္စရေးစစ်သားများသည် ဆီးရီးယား၏ ဆေဆောင် (Saysoun ) နှင့် ဂျမ်လာ (Jamlah) မြို့များကို စီးနင်းရှာဖွေခဲ့ပြီး ထိုမြို့များသည် ၁၉၇၄ ခုနှစ်က အစ္စရေးနှင့် ဆီးရီးယား စစ်သားများကို ပိုင်းခြားထား သည့် အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းနှင့် အနီးကပ် နေရာတွင် တည်ရှိသည်။
စက်တင်ဘာ ၁၂ ရက်က ဆီးရီးယားယာယီသမ္မတ အာမက် အယ် ရှာရား (Ahmed al-Sharaa) သည် အစ္စရေးနှင့် ဆီးရီးယားကြား ၁၉၇၃ ခုနှစ် စစ်ပွဲအပြီး သဘောတူညီမှု ရရှိခဲ့သည့် ၁၉၄၇ ခုနှစ် သဘောတူညီချက်ကို ပြန်လည် ထူထောင်ရန် အစ္စရေးနှင့် ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီ လများအတွင်း အစ္စရေးနှင့် ဆီးရီးယားသည် တိုက်ရိုက် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး အယ်ရှာရား ကမူ အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။

အစ္စရေးစစ်တပ်ကို တွေ့ရစဉ်
ဆီးရီးယားတွင် အစ္စရေး၏ ရန်လိုသည့် လုပ်ဆောင်ချက်များကြောင့် နှစ်နိုင်ငံ ဆွေးနွေးမှုများသည် ရပ်တန့်ခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ် (Bashar al-Assad) အစိုးရအဖွဲ့ ပြုတ်ကျ ခဲ့ပြီးကတည်းက အစ္စရေးသည် ဆီးရီးယားနိုင်ငံတစ်ဝန်းရှိ စစ်ရေး အဆောက်အအုံများကို လေကြောင်း တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် အစ္စရေးသည် ၎င်းတို့ သိမ်းပိုက်ထားသည့် ဆီးရီးယား၏ ဂိုလန်ကုန်းပြင်မြင့် ( Golan Heights) ရှိ ကြားခံ ဇုန်ကို ထပ်မံ သိမ်းယူခြင်းဖြင့် ၁၉၇၄ ခုနှစ် သဘောတူညီမှုကို ချိုးဖောက်ခဲ့သည်။
လတ်တလော ကာလများအတွင်း ဆီးရီးယား၏ ဟုမ်းစ် (Homs) မြို့နှင့် လာတာကီယာ (Latakia) မြို့များတွင် အစ္စရေး၏ တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဆီးရီးယားအစိုးရက ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
