- By CNI
- Category: နိုင်ငံရေး
- Hits: 533
CNI International News
ဖရန့်ဖက်၊ စက်တင်ဘာ ၂၉
ဒရုန်းများ၏ ခြိမ်းခြောက်မှုအန္တရာယ် မြင့်နေပြီး ဒရုန်းအန္တရာယ် ကာကွယ်ရေး အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင် သွားမည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒား ဒိုဘရင့်(Alexander Dobrindt)က စက်တင်ဘာ ၂၇ ရက် တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဒိန်းမတ်တွင် ၎င်းတို့၏ လေပိုင်နက်အတွင်းသို့ ဒရုန်းများ ဝင်ရောက်ခဲ့သောကြောင့် လွန်ခဲ့သည့် သီတင်းပတ် အတွင်း နိုင်ငံ၏ နေရာအများအပြားတွင် အကြိမ်ပေါင်းများစွာ လေကြောင်းစနစ်များကို ပိတ်ချခဲ့ပြီးနောက် ဥရောပတာဝန်ရှိသူများက အထူးသတိထားနေကြသည်။
ဂျာမနီတွင် ဒရုန်းများကို မြင်တွေ့ရသည်ဟူသည့် သတင်းများအား အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဂျာမနီပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒား ဒိုဘရင့်ကို တွေ့ရစဉ်
"ဒရုန်းနဲ့ပတ်သက်တဲ့ အန္တရာယ်ကတော့ ကြီးတယ်လို့ ပြောနိုင်ပါတယ်။ ခြိမ်းခြောက်မှုကတော့ မသေချာပေမယ့် ဖြစ်စဉ်တစ်ခုစီတိုင်းက အရမ်းလက်တွေ့ ဆန်ပါတယ်"ဟု ဒိုဘရင့်က ဆိုသည်။
စီမံချက် တစ်စိတ်တစ်ပိုင်း အနေဖြင့် ဂျာမနီသည် လေကြောင်းလုံခြုံရေးဥပဒေကို စိစစ်တည်းဖြတ်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။
ထိုကဲ့သို့ စိစစ်တည်းဖြတ်မှုအရ ဂျာမနီစစ်တပ်က ပါဝင်လာနိုင်ပြီး ဒရုန်းများကို ပစ်ချနိုင်မည်ဖြစ်ကြောင်း ဒိုဘရင့် က ဆိုသည်။
"အစီအစဉ်ကို အဆင်သင့် ပြင်ထားပါတယ်။ အဲဒါမှသာ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံ ဒါမှမဟုတ် ပြည်သူတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 526
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၂၉
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow )က အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထိုင်းနိုင်ငံသည် ဘက်ပေါင်းစုံ ပါဝင်မှုကို ထောက်ခံကြောင်းနှင့် နယ်စပ်တင်းမာ မှုနှင့် ပတ်သက်ပြီး ကမ္ဘောဒီးယားကို ဝေဖန်ခဲ့ကြောင်း the nation မှ ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် ရက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသော သီဟဆက်က ထိုင်းနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာ လာစေရန် ကူညီပေးလိုကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံများသည် စစ်ပွဲနှင့် ရာသီဥတု ဖောက်ပြန် ပြောင်းလဲရေး အပါအဝင် ပြင်းထန် ပြဿနာများကို ရင်ဆိုင် နေရကာ ပြောင်းလဲနေသော ခေတ်နှင့်အညီ ကုလသမဂ္ဂကလည်း ပြောင်းလဲရမည်ဟု ၎င်းက ဆိုသည်။
သီဟဆက်က ထိုင်းနိုင်ငံ၏ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများကို မီးမောင်းထိုးပြခဲ့ကာ ထိုင်းနိုင်ငံ အနေဖြင့် မိုင်းညစ်ညမ်းနေရာများ၏ ၉၉ ရာခိုင်နှုန်းကို ရှင်းလင်းနေပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများကို ကူညီမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောကို တွေ့ရစဉ်
အာဆီယံသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အရေးပါသည်ဟုလည်း ၎င်းက ဆိုသည်။
ကမ္ဘောဒီးယား အရေးနှင့်ပတ်သက်ပြီး သီဟဆက်က ကမ္ဘောဒီးယားသည် ထိုင်းပြည်သူများနှင့် စစ်သားများကို ထိခိုက်စေရန် လုပ်ဆောင်နေကြောင်း စွပ်စွဲပြောကြားခဲ့သည်။
စက်တင်ဘာ ၂၃ ရက် ကတည်းက ကမ္ဘောဒီးယား စစ်သားများသည် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုပြုလုပ်ပြီး ထိုင်းနယ်မြေအတွင်းသို့ ဒရုန်းများ စေလွှတ်ခဲ့ကြောင်း၊ ထိုလုပ်ရပ်သည် မလေးရှားနိုင်ငံ ပူထရာဂျာရာတွင် နှစ်နိုင်ငံ ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေကြောင်း ၎င်းက ဆိုသည်။
အပစ်အခတ်ရပ်စဲရေးသည် မခိုင်ခံ့သော်လည်း ငြိမ်းချမ်းရေးသည် နှစ်ဖက်စလုံးမှ ကတိကဝတ်များ လိုအပ် ကြောင်း သီဟဆက်က အလေးပေး ပြောကြားခဲ့ပြီး ၁၉၉၁ ပါရီငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီးနောက် ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယား ပြန်လည်တည်ဆောက်မှုတွင် အကူအညီပေးခဲ့ကြောင်း ပြန်လည် အသိပေး ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ အချုပ်အခြာကို ခုခံကာကွယ်လျက် ငြိမ်းချမ်းရေးအတွက် ရပ်တည်သွားမည်ဖြစ်ပြီး ပြဿနာများကို ဆွေးနွေးမှုမှတဆင့် ဖြေရှင်းရန် ကမ္ဘောဒီးယားကို တိုက်တွန်း ပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံကတော့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ရွေးချယ်ပါတယ်။ ဘာလို့လဲဆိုတော့ နှစ်နိုင်ငံလုံးက ပြည်သူတွေက ငြိမ်းချမ်းရေးနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သိချင်တာက ကမ္ဘောဒီးယားက အမှန်တကယ် ငြိမ်းချမ်း ရေး လိုချင်လား မလိုချင်ဘူးလား ဆိုတာပါပဲ” ဟု သီဟဆက်က ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 589
CNI International News
ကိုင်ရို၊ စက်တင်ဘာ ၂၉
အစ္စရေးတပ်ဖွဲ့များက ဂါဇာစီးတီးမြို့ကို ထိုးစစ်ဆင်မှု ပိုမိုတိုးမြှင့် လုပ်ဆောင်နေခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ ဂါဇာအတွက် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို လက်မခံနိုင်ကြောင်း ဟားမာ့စ်အဖွဲ့က ပြောသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေး သတင်းစာ တစ်စောင်တွင် ဟားမာ့စ်အဖွဲ့သည် အစ္စရေး ဓားစာခံများအားလုံးကို လွှတ်ပေးရန် စည်းမျဉ်း များကို သဘောတူခဲ့သည်ဟု ဖော်ပြထားသည်။
အပြန်အလှန် အနေဖြင့် ဟားမာ့စ်အဖွဲ့က ပါလက်စတိုင်း အကျဉ်းသားရာချီ ပြန်လွှတ်ပေးရန်နှင့် အစ္စရေးတပ်ဖွဲ့ များ တဖြည်းဖြည်း တပ်ပြန်ဆုတ်ရန် လိုလားကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထိုအစီအစဉ်တွင် ဂါဇာ၌ ဟားမာ့စ် အုပ်ချုပ်ရေးကို အဆုံးသတ်ရန်နှင့် အစ္စရေး အနေဖြင့် ဂါဇာကို သိမ်းပိုက်ခြင်း မပြုရန် ကတိကဝတ်များလည်း ပါဝင်သည်ဟုဆိုသည်။

စစ်ပွဲအတွင်းက ပျက်စီးနေတဲ့ ဂါဇာမြို့ကို တွေ့ရစဉ်
ဟားမာ့စ် တာဝန်ရှိသူတစ်ဦးက ၎င်းတို့ထံ မည်သည့် အစီအစဉ်မှ ပေးပို့လာခြင်းမရှိကြောင်း ရိုက်တာသတင်းကို ပြောပြခဲ့သည်။
“ဂါဇာနဲ့ ပတ်သက်ပြီး သဘောတူညီချက် တစ်ရပ်လိုမျိုး ရရှိထားပါတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မပြောနိုင် သေးဘူး” ဟု ထရမ့်က စက်တင်ဘာ ၂၆ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အစ္စရေးက ထရမ့်၏ မှတ်ချက်များကို လူသိရှင်ကြား တုံ့ပြန်ထားခြင်း မရှိပေ။
ထရမ့်က ထိုအရေးကို ဆွေးနွေးရန်အတွက် စက်တင်ဘာ ၂၉ ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 507
CNI International News
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၉
ရုရှားအနေဖြင့် ဥရောပကို တိုက်ခိုက်ရန် အစီအစဉ် မရှိသော်လည်း ရန်လိုလာလျှင် ထိထိရောက်ရောက် တုံ့ပြန် သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့(Sergey Lavrov)က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
နေတိုးနိုင်ငံများနှင့် တင်းမာနေချိန်တွင် လာဗရော့က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ယခုကဲ့သို့ ပြောကြားခဲ့ ခြင်း ဖြစ်သည်။
လွန်ခဲ့သည့်လက ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးပြီးနောက် လာဗရော့က အမေရိကန်အပေါ် သဘော ထား ပိုမိုပျော့ပြောင်းလာသည်။
ရုရှားအနေဖြင့် အမေရိကန်အစိုးရနှင့် ဆွေးနွေးရန် မျှော်လင့်ချက်အချို့ ရှိနေသေးသည်ဟု ၎င်းက ပြောကြား ခဲ့သည်။

ယူကရိန်းကိုယ်စားလှယ်ကိုတွေ့ရစဉ်
နေတိုးအဖွဲ့က ပိုလန်နိုင်ငံအပေါ် ဖြတ်သန်းသည် ရုရှား၏ ဒရုန်းများကို ပစ်ချမှု အပါအဝင် လတ်တလော ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဥရောပတွင် စိုးရိမ်မှုများ မြင့်တက်နေသည်။
ရုရှားတိုက်လေယာဉ်များက ၎င်း၏ လေပိုင်နက်တွင်းသို့ ၁၂ မိနစ်ကြာ ဝင်ရောက်ခဲ့ကြောင်း အက်စ်တိုးနီးယား ကလည်း ပြောကြားခဲ့သည်။
ရုရှားက အက်စ်တိုးနီးယား လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲကြောင်း စွပ်စွဲမှုကို ငြင်းဆိုခဲ့သလို ၎င်း၏ ဒရုန်းများ သည် ပိုလန်နိုင်ငံကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။
နေတိုးက ၎င်း၏ လေပိုင်နက်ကို ထပ်မံချိုးဖောက်မှုများ မပြုလုပ်ရန် ရုရှားကို သတိပေးခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 608
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၇
ကမ္ဘာကြီးသည် လူသားမျိုးနွယ်သမိုင်းတွင် ဖျက်ဆီးမှု အန္တရာယ်အများဆုံး လက်နက်ပြိုင်ဆိုင်မှု အချိန်အခါသို့ ရောက်ရှိနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy) က စက်တင်ဘာ ၂၅ ရက်၌ ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၎င်း၏စစ်ပွဲကို ဥရောပအထိ ချဲ့ထွင်ရန် ဆန္ဒရှိနေကြောင်းနှင့် ရုရှားအား ချက်ချင်း အရေးယူရန် ဇာလန်းစကီးက နိုင်ငံတကာအသိုင်းအဝိုင်းသို့ တိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂ အပါအဝင် ဩဇာနည်းပါးသည့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ယူကရိန်း၊ ဂါဇာ၊ ဆူဒန်နှင့် အခြား နေရာများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို တားဆီးနိုင်စွမ်းမရှိဘဲ နိုင်ငံတကာဥပဒေကလည်း နိုင်ငံများအား ရှင်သန်ရပ်တည်ရေးအတွက် အကူအညီ ပေးနိုင်ခြင်းမရှိကြောင်း ဇာလန်းစကီးက ကုလသမဂ္ဂ အထွေထွေညီလာခံ ၏ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
"ဘယ်သူသေမယ်၊ ဘယ်သူရှင်မယ်ဆိုတာကို လက်နက်တွေက အဆုံးဖြတ်ပေးနေပါတယ်။ မိတ်ဆွေတွေနဲ့ လက်နက်တွေကလွဲပြီး လုံခြုံရေး အာမခံချက် ပေးနိုင်တဲ့အရာ မရှိပါဘူး" ဟု ဇာလန်းစကီးက ဆိုသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်
ဇာလန်းစကီးသည် ယူကရိန်းကို ထောက်ခံခဲ့ပြီး ရုရှားကို ဝေဖန်စကားပြောကြားခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တွေ့ဆုံခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကုလသမဂ္ဂစင်မြင့်ထက်၌ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဇာလန်းစကီးကမူ ထရမ့်နှင့် တွေ့ဆုံခဲ့သည့် အကြောင်းကို အကျယ်တဝံ့ ပြောကြားခဲ့ခြင်းမရှိဘဲ သူသည် ထရမ့်နှင့် အခြား အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များနှင့် ကောင်းမွန်စွာ တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။
"အတူတူဆိုရင် ကျနော်တို့ အများကြီး ပြောင်းလဲနိုင်ပါတယ်" ဟု ဇာလန်းစကီးက ပြောကြားခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးအနေဖြင့် ယူကရိန်းကို စစ်ပွဲ ဆက်လက် ဆင်နွှဲနေသည့် ရုရှားကို ရှုတ်ချရန် တိုက်တွန်းခဲ့ သည်။
ပူတင်အနေဖြင့် စစ်ပွဲကို အခုချက်ချင်း မရပ်တန့်ပါက သူသည် စစ်ပွဲကို ပိုမိုချဲ့ထွင်ပြီး ပိုမိုပြင်းထန်စွာ ဆက်လက် တိုက်ခိုက်လိမ့်မည်ဟုလည်း ဇာလန်းစကီးက သတိပေးခဲ့သည်။
"ယူကရိန်းကတော့ အရင်ဆုံး တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ အခုတော့ ရုရှားဒရုန်းတွေဟာ ဥရောပအနှံ့မှာ ပျံသန်းနေပါပြီ။ ရုရှားရဲ့ စစ်ဆင်ရေးတွေဟာ အခြားနိုင်ငံတွေမှာလည်းပျံ့နှံ့လာခဲ့ပါပြီ" ဟု ၎င်းက ပြောကြား ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 461
CNI International News
ဆိုးလ်၊ စက်တင်ဘာ ၂၇
မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်ထိပ်ဖူးများ တပ်ဆင်နိုင်ပြီး အမေရိကန်ကို ထိမှန်အောင်ပစ် ခတ်နိုင်သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်မှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနှင့် ၎င်း၏ အနောက်မဟာမိတ် နိုင်ငံများသည် မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းကို တားဆီးနိုင်ခဲ့ခြင်းမရှိဘဲ မြောက်ကိုရီးယားကလည်း ၎င်း၏ နျူကလီးယား လက်နက်များအား စွန့်လွှတ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
"မြောက်ကိုရီးယားက အမေရိကန်နဲ့ ဆွေးနွေးမှုတွေမှာ နျူကလီးယား လက်နက်တွေရဲ့ အရှိန်ကိုယူဖို့ ဒါမှမဟုတ် သူတို့အစိုးရ ဘေးကင်းလုံခြုံစေဖို့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို ဆက်လက် ထုတ်လုပ်နေပါတယ်" ဟု လီက ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ မြောက်ကိုရီးယားသည် ထိုဒုံးကျည်များကို အောင်မြင်စွာ မထုတ်လုပ်နိုင်သေးသော်လည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
လီသည် ဇွန်လက အာဏာရခဲ့ချိန်ကတည်းက မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးမြှင့်မည်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယား တိုက်ချင်းပစ်ဒုံးကျည်ကို တွေ့ရစဉ်
နျူကလီးယားလက်နက်များနှင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်မှု၊ တင်ပို့မှုများကို ရပ်တန့်သင့် ကြောင်းလည်း အမေရိကန်နိုင်ငံ နယူးယောက်သို့ ရောက်ရှိနေသည့် လီက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် တစ်နှစ်လျှင် နျူကလီးယားဗုံး ၁၅ လုံးမှ အလုံး ၂၀ အထိ ထုတ်လုပ်နိုင်မည့် ကုန်ကြမ်း ပစ္စည်းများကို ထုတ်လုပ်နေကြောင်း လီက ခန့်မှန်းပြောကြားခဲ့သည်။
"အဲဒီအခြေအနေကို မတားဆီးဘူးဆိုရင်တော့ တစ်နှစ်မှာ နျူကလီးယားဗုံး ထုတ်လုပ်နိုင်မယ့် အရေအတွက်ဟာ ပိုမိုများပြား လာမှာဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်တွေဟာလည်း ပိုပြီး ခေတ်မီလာပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နျူကလီးယား ဖျက်သိမ်းရေး အစီအစဉ်ကို စာရင်းထဲမှာ ထုတ်ပယ်ထားကြောင်း ပြောကြားခဲ့ပြီး မကြာသေးမီ နှစ်များအတွင်း ရုရှားနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို တိုးမြှင့်ခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 539
CNI International News
မော်စကို၊ စက်တင်ဘာ ၂၇
နေတိုးနှင့် ဥရောပသမဂ္ဂတို့သည် ယူကရိန်းကို စစ်ကြေညာရန်အတွက် ယူကရိန်းကို အသုံးချနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergei Lavrov) က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ရုရှားအပေါ် တင်းမာသည့် သဘောထားကို ပြသခဲ့ပြီးနောက် ၂ ရက်အကြာတွင် ကုလသမဂ္ဂ၌ စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ လာဗရော့ဗ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထရမ့်က ယူကရိန်း၏ စစ်ပွဲအတွက် အားထုတ်ကြိုးပမ်းမှုများကို ချီးကျူးခဲ့ပြီး နေတိုးမဟာမိတ်များ အနေဖြင့် ၎င်းတို့၏ လေပိုက်နက်အား ကျူးကျော်ဝင်ရောက်သည့် ရုရှားတိုက်လေယာဉ်များကို ပစ်ချသင့်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ကို တွေ့ရစဉ်
ပိုလန်လေပိုင်နက်အတွင်း ရုရှား၏ ဒရုန်းများကို နေတိုးတိုက်လေယာဉ်များက ပစ်ချခဲ့ပြီးနောက် သီတင်းတစ်ပတ် အကြာတွင် အက်စတိုးနီးယားနိုင်ငံမှ ၎င်း၏ လေပိုင်နက်အတွင်း ရုရှားတိုက်လေယာဉ်များ ပျံသန်းခဲ့ကြောင်း ပြောကြားခဲ့မှုနှင့်အတူ ဥရောပ၏ အရှေ့ပိုင်းစစ်နံတစ်လျှောက်၌ တင်းမာမှုများ မြင့်တက်နေသည်။
"အနောက်နိုင်ငံတွေရဲ့ ရန်စမှုကြောင့် ယူကရိန်းမှာ ပဋိပက္ခဖြစ်ပွားရတဲ့ နောက်ထပ် ရှင်းလင်းတဲ့ ဥပမာ တစ်ခု ကတော့ နေတိုးနဲ့ ဥရောပသမဂ္ဂဟာ ကျနော်တို့နိုင်ငံကို စစ်မှန်တဲ့ စစ်ပွဲ ကြေညာခဲ့ပြီး အဲဒီစစ်ပွဲမှာ တိုက်ရိုက် ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်" ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ်က ပြောကြားခဲ့သည်။
အတိတ်ကာလကလည်း လာဗရော့ဗ်သည် ထိုကဲ့သို့ စွပ်စွဲချက်များ ပြောဆိုခဲ့သော်လည်း ယခုတစ်ကြိမ်သည် ကုလသမဂ္ဂ အဆောက်အအုံအတွင်း G-20 နိုင်ငံခြားရေးဝန်ကြီးများ ရှေ့မှောက်တွင် ပြောဆိုခဲ့ခြင်းမှာ ပဋိပက္ခ၏ အရေးကြီးပုံကို မီးမောင်းထိုး ပြသရာရောက်ခဲ့သည်။

နေတိုးအတွင်းရေးမှူးနဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
လာဗရော့ဗ်သည် ထရမ့်၏ မှတ်ချက်စကားများကို ရည်ညွှန်း ပြောဆိုခဲ့ခြင်း မရှိသော်လည်း ယူကရိန်းစစ်ပွဲတွင် အနောက်နိုင်ငံများ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ရုရှား၏ သဘောထားကို ထပ်တလဲလဲပြော ကြားခဲ့ သည်။
လာဗရော့ဗ်၏ မိန့်ခွန်း ပြောကြားမှုအပြီးတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဗက်တီ ကူးပါး (Yvette Cooper) က မိန့်ခွန်းပြောကြားရာတွင် ယူကရိန်းကို ဆန့်ကျင်သည့် ရုရှား၏ အကြောင်းမဲ့ ရန်စသည့် စစ်ပွဲအား ဝေဖန်ရှုတ်ချ ခဲ့သည်။
ယူကရိန်းကို ရုရှားက ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ နယ်နိမိတ် ၂၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 426
CNI International News
နယူယောက်၊ စက်တင်ဘာ ၂၇
ပါလက်စတိုင်းများနေထိုင်သည့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသဖြစ်သည့် West Bank ဒေသကို အစ္စရေး လက်အောက်သို့ သွတ်သွင်းခွင့် ပြုမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အနောက်ဘက်ကမ်းဒေသတွင် အချုပ်အခြာအာဏာကို ချဲ့ထွင်ရန် အစ္စရေး၏ လက်ယာစွန်း နိုင်ငံရေးသမား များ၏ တိုက်တွန်းချက်များကို ငြင်းဆိုသည့် အနေဖြင့် ထရမ့်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင်နေတန်ယာဟု (Benjamin Netanyahu) သည်လည်း အနောက်ဘက်ကမ်း ဒေသကို အစ္စရေး၏ အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းမည့် အစီအစဉ်ကြောင့် အနောက်မဟာမိတ်များ၏ ဖိအားများနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထရမ့်နှင့် သီးသန့်တွေ့ဆုံခဲ့သည့် အာရပ်ခေါင်းဆောင်များကလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။
"အနောက်ဘက်ကမ်းဒေသကို အစ္စရေးလက်အောက်ကို သွတ်သွင်းဖို့ ကျနော် ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါကို ကျနော် ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါက ဖြစ်လာမှာလည်း မဟုတ်ဘူး။ ဒီလောက်ဆို တော်သင့်ပါပြီ။ အခုချိန်က ရပ်တန့်ဖို့ အချိန်ကျပါပြီ" ဟု ထရမ့်က အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များကို ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ်ကို တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုခဲ့သည့် နိုင်ငံများအနက် ပြင်သစ်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနှင့် ပေါ်တူဂီ နိုင်ငံတို့ ပါဝင်ခဲ့သည်။
ထိုနိုင်ငံများက အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဖြစ်နိုင်ခြေများကို ဆက်လက် ထိန်းသိမ်းရန် ကြိုးပမ်းနေသော်လည်း အစ္စရေးကမူ ထိုလှုပ်ရှားမှုများအား ဝေဖန်ရှုတ်ချခဲ့သည်။
နေတန်ယာဟုသည် အမေရိကန်မှ အစ္စရေးသို့ ပြန်လည် ရောက်ရှိလာမည့် အချိန်မှာသာ အနောက်ဘက်ကမ်း ဒေသနှင့်ပတ်သက်ပြီး ထရမ့်၏ မှတ်ချက်စကားများကို တုံ့ပြန်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန် ခဲ့သည်။
အစ္စရေးသည် ၁၉၆၇ ခုနှစ်က အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်ခဲ့ပြီး ထိုဒေသတွင် ဂျူးရပ်ကွက်များကို တိုးချဲ့တည်ဆောက်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 561
CNI International News
ဆိုးလ်၊ စက်တင်ဘာ ၂၆
မြောက်ကိုရီးယားတွင် ယူရေနီယံသန့်စင်သည့် စက်ရုံ ၄ ရုံရှိပြီး ထိုစက်ရုံများသည် လည်ပတ်နေကြောင်း တောင်ကိုရီးယား ထိပ်သီးအရာရှိတစ်ဦးက စက်တင်ဘာ ၂၅ ရက်၌ ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ကလည်း နျူကလီးယား လက်နက်စီမံကိန်းကို လျင်မြန်စွာတိုးချဲ့ရန် တိုက်တွန်းခဲ့သည်။
ထို့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ဆွေးနွေးပွဲ ကမ်းလှမ်းမှုများကို တုံ့ပြန်ရာတွင် နျူကလီးယား လက်နက်များအား အပေးအယူ လုပ်သွားမည် မဟုတ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
ပြုံယမ်း (Pyongyang) မြို့တော်မြောက်ဘက် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) အကွာရှိ ယုံဗြောင် (Yongbyon) နျူကလီးယားသုတေသန စင်တာတွင် စက်ရုံ ၁ ရုံရှိပြီး ကျန်နေရာများ၌ စက်ရုံ ၃ ရုံရှိသည်။
ထိုစက်ရုံများတွင် ယူရေနီယံ သန့်စင်သည့် စက်များရှိကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး ချန်းဒေါင်ယန်း (Chung Dong-young) က ပြောကြားခဲ့သည်။
ယွန်ဗြောင် စက်ရုံ ၁ ရုံမှလွဲပြီး ကျန်စက်ရုံ ၃ ရုံ၏ တည်နေရာကိုမူ ချန်းက ပြောကြားခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ထို့ပြင် မြောက်ကိုရီးယားတွင် အဆင့်မြင့် သန့်စင်ထားသည့် ယူရေနီယံ ၂၀၀၀ ကီလိုဂရမ် (ပေါင် ၄၄၀၀) ခန့် ပိုင်ဆိုင်ထားကြောင်းလည်း ချန်းက ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် စတန်းဖို့ဒ် တက္ကသိုလ် (Stanford University) ၏ ပညာရှင်များက မြောက်ကိုရီးယား၌ အဆင့် မြင့် သန့်စင်ပြီး ယူရေနီယံ ၂၅၀ ကီလိုဂရမ်မှ ၅၀၀ ကီလိုဂရမ်အထိ ရှိကြောင်း ခန့်မှန်းထုတ်ပြန်ခဲ့သည်။
သို့သော် ယခုထွက်ပေါ်လာသည့် သတင်းအရ မြောက်ကိုရီးယားတွင် အဆင့်မြင့်သန့်စင်ပြီး ယူရေနီယံ ကီလိုဂရမ် ၂၀၀၀ ရှိသည့် ခန့်မှန်းချက်သည် အတည်ပြုနိုင်ခဲ့မည်ဆိုပါက နျူကလီးယား လက်နက်များ အများအပြား ထုတ်လုပ်ရန်အတွက် လုံလောက်မှုရှိကြောင်း ချန်းက ပြောကြားခဲ့သည်။
နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ ထုတ်ပြန်ချက်တွင် နျူကလီးယား လက်နက်တစ်ခု ထုတ်လုပ် ရန်အတွက် အလွန် အဆင့်မြင့် သန့်စင်ထားသည့် ယူရေနီယံ ၄၂ ကီလိုဂရမ် လိုအပ်သဖြင့် ယူရေနီယံ ၂ဝဝဝ ကီလိုဂရမ်သည် နျူကလီးယားဗုံး ၄၇ လုံးအထိ ထုတ်လုပ်ရန် လုံလောက်မှုရှိကြောင်း ဖော်ပြခဲ့သည်။
နျူကလီးယား လက်နက်များကို အလွန်အဆင့်မြင့် သန့်စင်ထားသည့် ယူရေနီယံ သို့မဟုတ် ပလူတိုနီယံများဖြင့် ထုတ်လုပ်နိုင်ပြီး မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်က ပထမဆုံးအကြိမ် နျူကလီးယား လက်နက်စမ်းသပ်မှု ပြုလုပ်ခဲ့သည်။
Source: အေပီ
