- By CNI
- Category: နိုင်ငံရေး
- Hits: 550
CNI International News
အစ္စလာမ်မာဘက်၊ အောက်တိုဘာ ၁၇
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား မကြာသေးမီ နှစ်များအတွင်း လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုအဖြစ် ပြီးခဲ့သည့် ရက်ပိုင်းက အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဆော်ဒီနှင့် ကာတာ အပါအဝင် ဒေသတွင်း အင်အားကြီး နိုင်ငံများ၏ မေတ္တာရပ်ခံချက်ဖြင့် အပစ်အခတ်ရပ်စဲခဲ့ ခြင်းဖြစ်ပြီး အဆိုပါ ပဋိပက္ခသည် အယ်ကေဒါနှင့် အိုင်အက်စ်အဖွဲ့ အပါအဝင် စစ်သွေးကြွအဖွဲ့များ၏ အန္တရာယ် ကြောင့် ကျိုးပျက်လွယ်သည့် ဒေသတွင်း လုံခြုံရေးအခြေအနေကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ပါကစ္စတန်ကမူ အာဖဂန်နစ္စတန်သည် လက်နက်ကိုင်အဖွဲ့များကို ခိုလှုံခွင့် ပေးထားသည်ဟု စွပ်စွဲခဲ့ပြီး ထိုစွပ်စွဲ ချက်ကို အာဖဂန် တာလီဘန်အာဏာပိုင်များက ငြင်းဆိုခဲ့သည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာ ပြန်လည်ထိန်းချုပ်ခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း၌ ပါကစ္စတန်တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာသည်။

စစ်ပွဲကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၄၈ နာရီကြာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး ထိုအပစ်အခတ်ရပ်စဲ ရေးသည် အာဖဂန်နစ္စတန်ဘက်က တောင်းဆိုမှုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဓိကနယ်စပ် ဖြတ်သန်းမှုများကိုမူ ဆက်လက် ပိတ်ထားဆဲဖြစ်သည်။
တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဇာဘီဟူလာ မူဂျာဟစ်ကမူ (Zabihullah Mujahid)က ထိုအပစ်အခတ်ရပ်စဲရေးသည် ပါကစ္စတန်ဘက်က အလေးအနက် တိုက်တွန်းခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ၎င်း၏ လူမှုမီဒီယာပို့စ်တွင် ၄၈ နာရီကြာ အပစ်အခတ်ရပ်စဲရေး ကာလကို ဖော်ပြထားခြင်း မရှိပေ။
အောက်တိုဘာ ၁၅ ရက် အစောပိုင်းကလည်း ပါကစ္စတန်က ၎င်း၏ တပ်ဖွဲ့များသည် ညအချိန် ပစ်ခတ်မှုများ အတွင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်သွေးကြွ ဒါဇင်ချီကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 576
CNI International News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆
ကမ္ဘောဒီးယားနှင့် ပြုလုပ်ရန် စီစဉ်ထားသည့် ဒေသဆိုင်ရာ နယ်စပ်ရေးရာ ကော်မတီ (RBC) အစည်းအဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ထိုင်း၏ အမှတ် ၂ စစ်ဒေသက ကြေညာခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
နယ်စပ်ဒေသတွင် လက်နက်ကြီးများ ပြန်လည် ရုပ်သိမ်းရေးနှင့် မြေမြှုပ်မိုင်းရှင်းလင်းရေး အစီအစဉ်များကို ကမ္ဘောဒီးယားဘက်မှ ရှင်းလင်းတင်ပြရန် ပျက်ကွက်မှုဖြင့် ထိုကဲ့သို့ အစည်းအဝေးအား ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။
အမှတ် ၂ စစ်ဒေသ၏ စစ်ဆင်ရေး စတင်တာက ထိုဆုံးဖြတ်ချက်ကို အောက်တိုဘာ ၁၄ ရက် ညပိုင်းတွင် ကြေညာ ခဲ့ ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်၌ ထိုင်းနှင့် အင်္ဂလိပ် ဘာသာများဖြင့် ထပ်မံကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်အချက်အရ နယ်စပ်ဒေသတွင် လက်နက်ကြီးများကို နေရာရွှေ့ပြောင်းရေး၊ မြေမြှုပ်မိုင်းများ ရှင်းလင်း ရေး၊ အချိန်ဇယားများနှင့် တည်နေရာများ သတ်မှတ်ရေးတို့နှင့် ပတ်သက်ပြီး ကမ္ဘောဒီးယား၏ အမှတ် ၄ စစ်ဒေသ မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ရာတွင် ကမ္ဘောဒီးယားဘက်မှ တိကျသည့် အစီအစဉ်များကို တင်ပြနိုင်ခဲ့ခြင်း မရှိကြောင်း ဖော်ပြခဲ့သည်။

ထိုင်းစစ်တပ်ကို တွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းနှင့် ကမ္ဘောဒီးယားကြား RBC အစည်းအဝေး ၂ ကြိမ် ပြုလုပ်ခဲ့ပြီး မှတ်တမ်းများ လဲလှယ်မှုကို ၄ ကြိမ် ပြုလုပ်ခဲ့သည်။
သို့သော် ကမ္ဘောဒီးယားသည် အထွေထွေနယ်စပ်ရေးရာကော်မတီ (GBC) သဘောတူညီချက်နှင့်အညီ နယ်စပ် ဒေသတွင် စစ်သားများကို နေရာရွှေ့ပြောင်းရေး မြေမြှုပ်မိုင်းများ ထောင်ထားသည့် နေရာများကို ဖော်ပြရေးတို့ အတွက် ရှင်းလင်းတိကျသည့် အဆိုပြုချက်အား တင်ပြခြင်း မရှိသေးကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့ သည်။
GBC သဘောတူညီချက်တွင် နှစ်နိုင်ငံကြား အပြန်အလှန် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် အတွက် RBC အဆင့် နယ်စပ်ပဋိပက္ခဖြေရှင်းရေး ကြေညာချက်ကို ထုတ်ပြန်ရန် အဆိုပြုထားသည်။
သို့သော် ကမ္ဘောဒီးယားဘက်က သတ်မှတ်ထားသည့် အစီအစဉ်ကို တင်ပြရန် ပျက်ကွက်ခဲ့သဖြင့် RBC အစည်း အဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအမှတ် ၂ စစ်ဒေသက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဘက်မှ နယ်စပ်တင်းမာမှုများကို လျှော့ချရန် ခိုင်လုံသည့် အဆိုပြုချက် မထုတ်ပြန်မီ အချိန်အထိ အစည်းအဝေးကို ရွှေ့ဆိုင်းထားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 534
CNI International News
မော်စကို၊ အောက်တိုဘာ ၁၆
BRICS အဖွဲ့ဝင်နိုင်ငံများသည် အခြားနိုင်ငံများ သို့မဟုတ် အခြားနိုင်ငံများ၏ ငွေကြေးများကို ပစ်မှတ်ထားခြင်း မရှိကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
BRICS အဖွဲ့သည် အမေရိကန်၏ ဒေါ်လာငွေကြေးကို လျော့ပါးစေရန် လုပ်ဆောင်နေသည်ဆိုသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ မှတ်ချက်စကားကို ပက်စ်ကော့ဗ်က ငြင်းဆိုသည့် အနေဖြင့် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီအဖွဲက တတိယနိုင်ငံတွေ ဒါမှမဟုတ် တတိယနိုင်ငံတွေရဲ့ ငွေကြေးတွေကို ပစ်မှတ်ထားဖို့ အစီအစဉ်တွေ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်သူတွေရဲ့ အကျိုးနဲ့ သာယာဝပြောရေး၊ တည်ငြိမ် ရေးတွေအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်တဲ့ ဘုံသဘောထားနဲ့အတူ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်” ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

BRICS အစည်းအဝေး ကျင်းပနေစဉ်
ထိုသဘောထားကို အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များနှင့် အရာရှိများ ပါဝင်သည့် BRICS အစည်းအဝေးများ တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုသဘောထားကို နားလည်ရန် အလွန်အရေးကြီးကြောင်း ၎င်းက ဆိုသည်။
အစောပိုင်းတွင် ထရမ့်ကမူ BRICS အဖွဲ့သည် ဒေါ်လာကို တိုက်ခိုက်နေကြောင်းနှင့် BRICS အဖွဲ့ဝင်နိုင်ငံများအား ကုန်သွယ်ခွန်များ တိုးမြှင့်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။
BRICS အဖွဲ့တွင် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုပီးယား၊ အင်ဒိုနီးရှား၊ အီရန် နှင့် ယူအေအီးနိုင်ငံတို့ ပါဝင်သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 527
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၁၆
ဟားမာ့စ်အဖွဲ့အနေဖြင့် ၎င်းတို့ကိုယ်တိုင် လက်နက်ဖျက်သိမ်း ရမည်ဖြစ်ကြောင်း သို့မဟုတ်ပါက ဟားမာ့စ်အဖွဲ့ ကို အင်အားသုံးပြီး လက်နက်ဖျက်သိမ်း ပစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်၏ ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေးနှင့် ဟားမာ့စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အောက်တိုဘာ ၁၃ ရက်တွင် ဟားမာ့စ်အဖွဲ့သည် ဂါဇာ၌ ဖမ်းဆီးထားသည့် အစ္စရေး ဓားစာခံများကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့သည်။
သို့သော် ဟားမာ့စ်အဖွဲ့သည် ၎င်းတို့၏ လက်နက်များကို စွန့်လွှတ်မည်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့ခြင်း မရှိသေးပေ။

ဟားမာ့စ်အဖွဲ့ဝင်ကို တွေ့ရစဉ်
“သူတို့ (ဟားမာ့စ်) တွေက လက်နက် မဖြုတ်သိမ်းဘူးဆိုရင် ကျနော်တို့က သူတို့ရဲ့ လက်နက်တွေကို ဖျက်သိမ်း ပစ်မှာပါ။ ဒါကို အမြန်ဆုံး လုပ်ဆောင်သွားမှာပါ။ အကြမ်းနည်း သုံးရင်လည်း သုံးရမှာပေါ့” ဟု ထရမ့်က အိမ်ဖြူတော်တွင် အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလီ (Javier Milei) နှင့် ပြုလုပ်သည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။
ထရမ့်က သူသည် ဟားမာ့စ်အဖွဲ့နှင့် အဆက်အသွယ်ရှိကြောင်း ဟားမာ့စ်အဖွဲ့ကလည်း လက်နက်များ ဖြုတ်သိမ်းရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျနော် ဟားမာ့စ်အဖွဲ့နဲ့ စကားပြောဖြစ်ပါတယ်။ ခင်ဗျားတို့ လက်နက်ဖြုတ်သိမ်းမှာ သေချာလားလို့ ကျနော် မေးခဲ့ပါတယ်။ သူတို့ကလည်း 'ဟုတ်ကဲ့ဆရာ ကျနော်တို့ လက်နက်ဖြုတ်သိမ်းမယ်' လို့ ပြောခဲ့ပါတယ်။ သူတို့ ကတော့ အဲဒီလိုပြောတာပါပဲ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်သည် အောက်တိုဘာ ၁၃ ရက်က အစ္စရေးနှင့် အီဂျစ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက် အမေရိကန်သို့ ပြန်လည် ရောက်ရှိလာချိန်တွင် ၎င်း၏ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်သည် သေချာရေရာမှု မရှိသည့် အနေအထား သို့ ရောက်ရှိနေသည်။

ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှု အကူအညီကိုတွေ့ရစဉ်
အစ္စရေးကလည်း အောက်တိုဘာ ၁၄ ရက်တွင် ဂါဇာသို့ အကူအညီများ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပြီး ဂါဇာနယ်စပ်ကို ဆက်ပြီး ပိတ်ထားခဲ့သည်။
ထိုအချိန်အတောအတွင်း ဟားမာ့စ် လက်နက်ကိုင်များကလည်း လူမြင်ကွင်းတွင် အမျိုးသား ၇ ဦးကို သေနတ်ဖြင့် ပစ်ပြီး စီရင်ကွပ်မျက်သည့် ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထရမ့်ကမူ ဟားမာ့စ်အဖွဲ့သည် ဂါဇာတွင် လုံခြုံရေးကို တာဝန်ယူသည့် အနေဖြင့် အခြား လက်နက်ကိုင် အဖွဲ့ဝင်များကို စီရင်ကွပ်မျက်ခြင်းဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 889
CNI International News
အစ္စလာမ်မာဘက်၊ အောက်တိုဘာ ၁၆
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နယ်စပ်ဒေသတွင် အောက်တိုဘာ ၁၅ ရက်က တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သဖြင့် ဒါဇင်နှင့်ချီသည့် အရပ်သားများနှင့်စစ်သားများ သေဆုံးခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
ပြီးခဲသည့် သီတင်းပတ်ကုန်က အာဖဂန်နှင့် ပါကစ္စတန်ကြား တိုက်ပွဲဖြစ်ပွားမှုသည် အာဖဂန်တွင် တာလီဘန်တို့ အာဏာရလာခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ပြီး နှစ်နိုင်ငံတပ်ဖွဲ့များသည် ကီလိုမီတာ ၂၆၀၀ အရှည်ရှိသည့် နယ်စပ်ဒေသတစ်လျှောက် မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။
အာဖဂန်တာလီဘန်အဖွဲ့၏ ပြောကြားချက်အရ အောက်တိုဘာ ၁၅ ရက် နံနက် အစောပိုင်းက စပင်ဘိုလ်ဒက် (Spin Boldak) ခရိုင်တွင် ပါကစ္စတန်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဒါဇင်နှင့်ချီသည့် အရပ်သားများ သေဆုံးခဲ့ကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု သိရသည်။

တာလီဘန်များကိုတွေ့ရစဉ်
ပါကစ္စတန်အစိုးရ၏ ထုတ်ပြန်ချက်တွင် အာဖဂန်တာလီဘန်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ချာမန် (Chaman) ခရိုင်တွင် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ပါကစ္စတန်၏ နယ်စပ်ခရိုင်ဖြစ်သည့် အိုရက်ခ်ဇိုင် (Orakzai ) တွင် နှစ်နိုင်ငံ စစ်သားများနှင့် စစ်သွေးကြွ များကြား တိုက်ခိုက်မှုများကြောင့် ပါကစ္စတန် အရန်တပ်ဖွဲ့မှ စစ်သား ၆ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု လုံခြုံရေးအရာရှိများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ပါကစ္စတန်စစ်သား ၁၁ ဦး သေဆုံးစေခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုပြီးနောက် ပါကစ္စတန်စစ်တပ်က စစ်ဆင်ရေး ပြုလုပ်ခဲ့ချိန်တွင် စစ်သွေးကြွ ၉ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်နိုင်ငံကို တိုက်ခိုက်နေသည့် စစ်သွေးကြွများအား နှိမ်နင်းပေးရန် ပါကစ္စတန်အစိုးရက အာဖဂန် တာလီဘန်အစိုးရကို တောင်းဆိုခဲ့ပြီးနောက် ယခင်က မဟာမိတ်များဖြစ်သည့် ပါကစ္စတန်အစိုးရနှင့် အာဖဂန် တာလီဘန်အစိုးရကြား သဘောထား ကွဲလွဲမှုများဖြစ်ပွားခဲ့ကာ ဆက်ဆံရေးတင်းမာခဲ့သည်။
ပါကစ္စတန်ကမူ စစ်သွေးကြွများသည် အာဖဂန်နစ္စတန်ကို ခြေကုပ်ယူပြီး ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်နေကြောင်း စွပ်စွဲခဲ့သည်။
အာဖဂန်တာလီဘန်တို့ကမူ ပါကစ္စတန်စစ်တပ်သည် သတင်းအမှားများဖြန့်ပြီး နယ်စပ်ဒေသတွင် တင်းမာမှုများ မြင့်တက်အောင် ရန်စခဲ့၍ အာဖဂန်ကို တိုက်ခိုက်နေသည့် အိုင်အက်စ်အဖွဲ့နှင့်ဆက်နွှယ်သော စစ်သွေးကြွများအား အကာအကွယ် ပေးထားသည်ဟု တန်ပြန်စွပ်စွဲခဲ့သည်။
Source: CNA
- By CNI
- Category: နိုင်ငံရေး
- Hits: 548
CNI International News
ဆိုးလ်၊ အောက်တိုဘာ ၁၅
မြောက်ကိုရီးယားသည် မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနားအတွင်း ပထမဆုံးအကြိမ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အသစ်တစ်စင်းကို ပြသခဲ့ပြီး၊ ထိုဒုံးကျည် ထုတ်လုပ်မှုတွင် ရုရှားထံမှ နည်းပညာအကူအညီများ လက်ခံရရှိခဲ့ဖွယ်ရှိကြောင်း တောင်ကိုရီးယားက အောက်တိုဘာ ၁၄ ရက်၌ ပြောကြားခဲ့သည်ဟု Korea Times မှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် စစ်ရေးပြ အခမ်းအနားအတွင်း Hwasong-20 ICBM ဒုံးကျည်ကို ပြသခဲ့ပြီး ထိုဒုံးကျည် သည် မြောက်ကိုရီးယား၏ အင်အားအပြင်းဆုံး မဟာဗျူဟာမြောက် နျူကလီးယား လက်နက်စနစ်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထိုဒုံးကျည် ပစ်လွှတ်ရေးအတွက် သယ်ယူပို့ဆောင်ရေး ဒုံးပစ်စင်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စမ်းသပ်ခဲ့သည့် Hwasong-19 ဒုံးကျည်၏ ဒုံးပစ်စင်နှင့် ပုံစံချင်း ကွဲလွဲနေကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်။
ထို့ကြောင့် မြောက်ကိုရီးယားသည် တာဝေးပစ်ဒုံးကျည် ထုတ်လုပ်မှုတွင် ရုရှားထံမှ အထောက်အပံ့များ ရရှိခဲ့ဖွယ် ရှိပြီး ရုရှားနှင့် စစ်ဘက် ဆက်ဆံရေးများ မြင့်တက်နေသည့် လက္ခဏာကို ပေါ်လွင်စေခဲ့ကြောင်း JCS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျင်ယောင်ဆန်း (Jin Yong-sung) က ပြောကြားခဲ့သည်။
ထိုစစ်ရေးပြ အခမ်းအနားအတွင်း မြောက်ကိုရီးယားသည် Hwasong-20 ICBM အပြင် အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ် ဒုံးကျည်များမှအစ တိုက်ခိုက်ရေး ဒရုန်းများအထိ နောက်ဆုံးပေါ် လက်နက်များကို ပြသခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည်ကိုတွေ့ရစဉ်
မြောက်ကိုရီးယားစစ်တပ်၏ လက်နက်များကို သုံးသပ်ရာတွင် ဟိုက်ပါဆိုးနစ် ဒုံးကျည်၏ ထိရောက်မှုသည် အနည်းငယ် အတိမ်းအစောင်းရှိနိုင်ပြီး ထိုဒုံးကျည်များကို ကြားဖြတ်ပစ်နိုင်လိမ့်မည်ဖြစ်ကြောင်း ဂျင်က ပြောသည်။
ထို့ပြင်မြောက်ကိုရီးယား၏ လက်နက် ထုတ်လုပ်ရေး စီမံကိန်းသည် စိုးရိမ်ရကြောင်းနှင့် တောင်ကိုရီးယားစစ်တပ် သည် မြောက်ကိုရီးယား၏ စစ်ရေးလှုပ်ရှားမှုကို တုံ့ပြန်ရန် ပြင်ဆင်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
“သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ရရှိဖို့က အရမ်းအရေးကြီးပါတယ်။ ဒီအချက်အလက်တွေရဖို့ စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တုတွေကိုရော အရပ်ဘက်သုံး ဂြိုဟ်တုတွေကိုပါ အသုံးပြုနေရပါတယ်” ဟု ဂျင်က ပြောသည်။
တောင်ကိုရီးယားသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ပထမဆုံး ကင်းထောက်ဂြိုဟ်တု တစ်လုံးကို လွှတ်တင်ခဲ့ပြီး ထိုဂြိုဟ်တုသည် လျှပ်စစ်နှင့် အလင်းစွမ်းအင် အပါအဝင် အနီအောက်ရောင်ခြည်ကို အသုံးပြုကာ ပုံရိပ်များအား ဖမ်းယူနိုင်စွမ်းရှိသည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။
Source: Korea Times
- By CNI
- Category: နိုင်ငံရေး
- Hits: 564
CNI International News
အန်တာနာနာရီဗို၊ အောက်တိုဘာ ၁၅
မာဒါဂက်စကာနိုင်ငံတွင် Gen Z လူငယ်များ ဦးဆောင်သည့် ဆန္ဒပြမှုများကြောင့် သမ္မတ အန်ဒရီ ရာဂျိုလီနာ (Andry Rajoelina) သည် နိုင်ငံအတွင်းမှ ထွက်ပြေးသွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မာဒါဂက်စကာစစ်တပ်သည် ဆန္ဒပြသူများနှင့် ပူးပေါင်းခဲ့ပြီးနောက် သမ္မတသည် အောက်တိုဘာ ၁၂ ရက်တွင် နိုင်ငံအတွင်းမှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် ဆစ်တီနီ ရန်ဒရီယာနာဆိုလိုနီယာကို (Siteny Randrianasoloniaiko) က ပြောကြားခဲ့သည်။
“သမ္မတရုံးက ဝန်ထမ်းတွေကို ဆက်သွယ်ကြည့်တော့ သမ္မတဟာ နိုင်ငံထဲက ထွက်ပြေးသွားတဲ့အကြောင်း သမ္မတရုံးဝန်ထမ်းတွေက အတည်ပြုခဲ့ပါတယ်” ဟု ဆစ်တီနီက ပြောကြားခဲ့သည်။
လက်ရှိတွင် မာဒါဂက်စကာသမ္မတ ရာဂျိုလီနာသည် မည်သည့် နေရာ၌ ရှိနေသည်ဆိုခြင်းကိုမူ မသိရသေးပေ။
စစ်တပ်၏ သတင်းရင်းမြစ် တစ်ခုကမူ ရာဂျိုလီနာသည် အောက်တိုဘာ ၁၂ ရက်က ပြင်သစ်စစ်တပ်၏ လေယာဉ် ဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

မာဒါဂက်စကာနိုင်ငံသမ္မတ အန်ဒရီ ရာဂျိုလီနာကို တွေ့ရစဉ်
ပြင်သစ်ရေဒီယိုဌာနဖြစ်သည့် RFI ကလည်း ရာဂျိုလီနာသည် ပြင်သစ်သမ္မတ မက်ခရွန် ( Emmanuel Macron) သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ကြောင်း ထုတ်လွှင့်ခဲ့သည်။
ပြင်သစ် ကိုလိုနီဟောင်းဖြစ်သည့် မာဒါဂက်စကာ၌ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြောင့် စက်တင်ဘာ ၂၅ ရက်ကတည်းက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ဆန္ဒပြမှုများသည် အရှိန်မြင့်လာကာ အဂတိလိုက်စားမှု၊ အုပ်ချုပ်ပုံညံ့ဖျင်းမှု၊ အခြေခံ ဝန်ဆောင်မှုများ ပြတ်လပ်မှုတို့ အပါအဝင် မကျေနပ်ချက်များ မြင့်တက်ခဲ့ကာ ဆူပူအုံကြွမှုများ ဖြစ်ပွားလာခဲ့သည်။
မာဒါဂက်စကာတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများသည် ပြီးခဲ့သည့်လက နီပေါ၌ ဝန်ကြီးချုပ်ကို ဖြုတ်ချခဲ့သော ဆန္ဒပြမှုနှင့် မော်ရိုကိုတွင် ဖြစ်ပွားသည့် ဆန္ဒပြမှုများနည်းတူ လူငယ်ဆန္ဒပြသူများ၏ အခန်းကဏ္ဍကို ပေါ်လွင်စေခဲ့ သည်။
ရာဂျိုလီနာသည် ၂၀၀၉ ခုနှစ်က အာဏာသိမ်းမှုတွင် အာဏာရလာခဲ့ပြီးနောက် ၎င်းအား ထောက်ခံသည့် စစ်တပ် ၏ CAPSAT တပ်ဖွဲ့၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ပြီးနောက် နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 517
CNI International News
ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၅
မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် အာဆီယံ အစည်းအဝေးအတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တက်ရောက်လိမ့်မည်ဟု CNA မှဖော်ပြခဲ့သည်။
ဇူလိုင်လအတွင်းက ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် နှစ်နိုင်ငံစစ်သားများ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် လူ ၄၀ သေဆုံးကာ လူပေါင်း ၃၀၀,၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
ထရမ့် အပါအဝင် မလေးရှားနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ထိုင်းနှင့်ကမ္ဘောဒီးယားသည် ၅ ရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုများ အဆုံးသတ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ထိုသဘော တူညီချက်ကို ချိုးဖောက်မှုများရှိကြောင်း အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
ထရမ့်သည် ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှုကို မျက်မြင်အဖြစ် တက်ရောက်ရန် မျှော်လင့်နေ ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်က ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် အောက်တိုဘာ ၁၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထရမ့်သည် ကွာလာလမ်ပူတွင် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ပြုလုပ်မည့် အာဆီယံ အစည်းအဝေးကို တက်ရောက်ရန်အတွက် မလေးရှားသို့ အောက်တိုဘာ ၂၆ ရက်တွင် ရောက်ရှိလာလိမ့်မည်ဟု ဟက်ဆန်က ပြော သည်။

ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မလေးရှားဝန်ကြီးချုပ်များကို တွေ့ရစဉ်
မလေးရှားနှင့် အမေရိကန်သည် ထိုင်းနှင့် ကမ္ဘောဒီးယားကြား ပိုမိုကျယ်ပြန့်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရေးအတွက် အဆင်ပြေ ချောမွေ့မှုရှိအောင် လုပ်ဆောင်ပေးလိုကြောင်း ဟက်ဆန်က ပြောကြားခဲ့သည်။
ထိုသဘောတူညီချက်အရ ထိုင်းနှင့် ကမ္ဘောဒီးယားသည် ၎င်းတို့၏ နယ်စပ်ဒေသများရှိ မြေမြှုပ်မိုင်းများ အားလုံးကို ဖယ်ရှားရန်နှင့် စစ်လက်နက်ယန္တရားများကို ရုပ်သိမ်းရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“နှစ်နိုင်ငံစလုံးက အဲဒီ သတ်မှတ်ချက်တွေကို အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပြီး အာဆီယံ အစည်းအဝေးမှာ ကြေညာချက်တစ်စောင် လက်မှတ်ရေးထိုး နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်” ဟု ဟက်ဆန်က ပြောကြားခဲ့သည်။
ထိုကြေညာချက်ကို ကွာလာလမ်ပူ ကြေညာချက် သို့မဟုတ် ကွာလာလမ်ပူ သဘောတူညီချက်ဟု အမည်ပေး နိုင်မည် ဖြစ်ပြီး၊ ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေး ရရှိရန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးတို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟက်ဆန်က ပြောကြားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 499
CNI International News
ဘေကျင်း၊ အောက်တိုဘာ ၁၅
အမေရိကန်နှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲကို အဆုံးထိ တိုက်ခိုက်သွားမည်ဟု တရုတ်က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump) က တရုတ်နိုင်ငံအပေါ် နောက်ထပ် ကုန်သွယ်ခွန် ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဟု ပြောကြားခဲ့ပြီးနောက် တရုတ်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
တရုတ်သည် ပြီးခဲ့သည့် သီတင်းပတ်က မြေရှားသတ္တုများ တင်ပို့ရောင်းချမှုအား တားမြစ်ကန့်သတ်သော အစီအစဉ်များ ကြေညာခဲ့မှုကို အမေရိကန်က တုံ့ပြန်သည့် အနေဖြင့် ထရမ့်က ကုန်သွယ်ခွန်များ တိုးမြှင့်မည့် အကြောင်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အမေရိကန်သည် နိုဝင်ဘာ ၁ ရက်မှစပြီး အရေးကြီးသည့် ဆော့ဖ်ဝဲများ တင်ပို့ရောင်းချမှုကို ထိန်းချုပ်မှု များ ပြုလုပ်သွားမည်ဟု ထရမ့်က ပြောကြားခဲ့သည်။

တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးပွတ်တိုက်မှုကို ပြသထားစဉ်
တောင်ကိုရီးယားတွင် ယခုနှစ်ကုန်ပိုင်း၌ ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် ( Xi Jinping ) တို့ တွေ့ဆုံဖွယ်ရှိ သည့် အစည်းအဝေး မတိုင်မီ နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
“ကုန်သွယ်ခွန် စစ်ပွဲတွေ၊ ကုန်သွယ်ရေး စစ်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်ကတော့ မပြောင်းလဲ ပါဘူး။ ခင်ဗျားတို့က တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကျနော်တို့ကလည်း အဆုံးထိ တိုက်ခိုက်သွားမှာပါ။ ခင်ဗျား တို့ဘက်က ဆွေးနွေးညှိနှိုင်း ချင်တယ်ဆိုရင်တော့ ကျနော်တို့ကလည်း ဆွေးနွေးဖို့ တံခါးကို ဖွင့်ထားပါတယ်”ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် တားမြစ်ကန့်သတ်သည့် အစီအစဉ်များနှင့် ခြိမ်းခြောက် နေမည်ဆိုပါက ဆွေးနွေးညှိနှိုင်း နိုင်မည် မဟုတ်ကြောင်း၊ ခြိမ်းခြောက်မှုသည် တရုတ်နှင့် ထိတွေ့ဆက်ဆံသည့် သင့်တော်သော နည်းလမ်း မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၂ ရက်တွင်မူ ထရမ့်က ကုန်သွယ်ခွန် တိုးမြှင့်မှုနှင့်ပတ်သက်ပြီး ၎င်း၏ ခြိမ်းခြောက်သည့် လေသံ ကို လျှော့ချပုံပေါ်ခဲ့ပြီး "အရာအားလုံး အဆင်ပြေသွားမှာပါ၊ အမေရိကန်က တရုတ်ကို ကူညီချင်ပါတယ်" ဆိုသည့် စာသားများကို လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
အောက်တိုဘာ ၁၃ ရက်က အမေရိကန်နှင့် ကုန်သွယ်ရေး အလားအလာတွင် စက်တင်ဘာလအတွက် တရားဝင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ တရုတ်၏ ပြည်ပကုန်စည်ပို့ဆောင်မှုများသည် အပြောင်းအလဲမရှိ ဆက်လက် တည်မြဲနေသည်ကို လေ့လာတွေ့ရှိခဲ့သည်။
လက်ရှိတွင် တရုတ်၏ ပို့ကုန်များသည် အမေရိကန်၌ ၃၀ ရာခိုင်နှုန်း ကုန်သွယ်ခွန် ကောက်ခံမှုနှင့် ရင်ဆိုင်နေရပြီး တရုတ်ကလည်း အမေရိကန်၏ ကုန်စည်များအပေါ် ၁၀ ရာခိုင်နှုန်း ကောက်ခံခဲ့သည်။
Source: CAN
