- By CNI
- Category: နိုင်ငံရေး
- Hits: 341
CNI International News
ဝါရှင်တန်၊ ဧပြီ ၂၆
အမေရိကန်နိုင်ငံသား သန်း ၁၇၀ အသုံးပြုနေသည့် TikTok အက်ပလီကေးရှင်းကို ပိတ်ပင်ရန် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က လက်မှတ်ရေးထိုးခဲ့သည့်ဥပဒေကို တားဆီးရန်အတွက် တရားရေးအရ စိန်ခေါ်မှုတွင် အနိုင်ရရှိ ရန် မျှော်မှန်းထားသည်ဟု TikTok စီအီးအို ရှိုးဇီချူ(Shou Zi Chew) က ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
“သေချာတာကတော့ ကျနော်တို့ ဘယ်ကိုမှ သွားမှာမဟုတ်ပါဘူး။ အချက်အလက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ က ကျနော်တို့ဘက်မှာ ရှိနေပါတယ်။ ကျနော်တို့ နောက်တစ်ကြိမ် အနိုင်ရဖို့ မျှော်မှန်းထားပါတယ်” ဟု ရှိုးက ပြောကြားခဲ့သည်။
ဘိုင်ဒန်သည် TikTok ကို ပိုင်ဆိုင်သည့် တရုတ်အခြေစိုက် ByteDance ကုမ္ပဏီအား ရက်ပေါင်း ၂၇၀ အတွင်း TikTok ရောင်းချရန် သို့မဟုတ်ပါက ပိတ်ပင်ခံရမည်ဟု ပြဋ္ဌာန်းထားသော ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုး ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ရှိုး၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့သည့် ဥပဒေတွင် TikTok အား ရောင်းချရန် နောက်ဆုံးရက် သတ်မှတ်ချက်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အဖြစ် သတ်မှတ်ထားပြီး ထိုနေ့ရက်သည် ဘိုင်ဒန်၏ သမ္မတသက်တမ်း မကုန်မီ တစ်ရက် အလို ဖြစ်သည်။
ဘိုင်ဒန်ကို တွေ့ရစဉ်
သို့သော်လည်း ByteDance သည် TikTok ကို ရောင်းချရေးကို လုပ်ဆောင်နေသည်ဟု ယူဆရပါက ဘိုင်ဒန်သည် ထိုနောက်ဆုံးရက် သတ်မှတ်ချက်ကို နောက်ထပ် ၃ လ သက်တမ်း ထပ်တိုးမည်ဖြစ်သည်။
“TikTok ကို အပိတ် မခံရစေချင်ပါဘူး။ တရုတ်က TikTok ကို ပိုင်နေတာကြောင့် အခုလိုဖြစ်ရတာပါ”ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရင်း ဂျင်း ပီယာရီ (Karine Jean-Pierra) က ဧပြီ ၂၄ ရက်တွင် ပြောကြား ခဲ့သည်။
၂၀၂၀ ပြည့်နှစ်က ထရမ့် (Trump) သည် TikTok နှင့် တရုတ်၏ Tencent ကုမ္ပဏီက ပိုင်ဆိုင်သည့် WeChat အက်ပလီကေးရှင်းတို့ကို အမေရိကန်တွင် ပိတ်ပင်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်း၏ ကြိုးပမ်းမှုများကို တရားရုံးများက လက်မခံဘဲ ငြင်းပယ်ခဲ့သည်။
TikTok ကို အမေရိကန်ပိတ်ရန်လုပ်နေစဉ်
TikTok ကို ရောင်းချမှုနှင့်ပတ်သက်ပြီး တရုတ်နှင့်အမေရိကန်အစိုးရ အေဂျင်စီများက အတည်ပြုခဲ့မည်ဆိုလျှင် TikTok အား ဝယ်ယူနိုင်လောက်သည်အထိ ငွေကြေးအရင်းအမြစ် ရှိသူများ ရှိ/မရှိကို ကျွမ်းကျင်သူများက မေးခွန်း ထုတ်နေကြသည်။
တရုတ်သည် TikTok ကို အသုံးပြုသည့် အမေရိကန်နိုင်ငံသားများ၏ အချက်အလက်များအား ရရှိနိုင်သည့် အချက်ကို အမေရိကန် လွှတ်တော်အမတ်များအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့ပြီးနောက် TikTok ကို တားမြစ် ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 711
CNI International News
ဘေကျင်း၊ ဧပြီ ၂၆
တရုတ်ကွန်မြူနစ်ပါတီသည် နည်းပညာများကို အသုံးပြုပြီး တရုတ်ပြည်သူ တစ်ဦးချင်းစီ၏ လှုပ်ရှားမှုအား အနီးကပ်စောင့်ကြည့်နေသည်ဟု Greek City Times သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
၂၀၂၂ ခုနှစ်က ရိုက်တာသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် တရုတ်သည် ၎င်းပြည်သူများအား အနီးကပ် စောင့်ကြည့်ရန် ဆော့ဖ်ဝဲများ၊ စောင့်ကြည့် ပစ္စည်းကိရိယာများနှင့် ကင်မရာများ၌ AI နည်းပညာကို ထည့်သွင်း ခဲ့သည်ဟု ဖော်ပြထားသည်။
Covid-19 ကပ်ရောဂါ ကာလအတွင်းကလည်း တရုတ်အာဏာပိုင်များသည် ကပ်ရောဂါ အခြေအနေ၊ ရောဂါ ကူးစက်မှုနှင့် ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် ပြည်သူများ၏ သဘောထားနှင့် ပတ်သက်ပြီး သတင်း အချက်အလက်များကို တင်းကျပ်စွာ ထိန်းချုပ်ခဲ့သည်။
တရုတ်နိုင်ငံအတွင်း သတင်းအချက်အလက်နှင့် သဘောထား အမြင်များကို စီမံထိန်းချုပ်မှုသည် ပုံမှန် ဖြစ်လာခဲ့ သော်လည်း ဗဟိုအာရှ အပါအဝင် အခြားနိုင်ငံများတွင်လည်း ထိုကဲ့သို့ လုပ်ဆောင်လာခြင်းသည် တရုတ်၏ ဩဇာ လွှမ်းမိုးရေး စီမံကိန်းများ၏ ကြိုးပမ်းအားထုတ်မှုကို ဖော်ပြရာရောက်နေသည်။
ကာဂျစ္စတန်နိုင်ငံသားတွေ တရုတ်ကို ဆန့်ကျင်နေကြစဉ်
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂ ရက်က Jamestown ဖောင်ဒေးရှင်းအတွက် သုတေသီတစ်ဦးဖြစ်သူ နီဗာ ယူ (Niva Yau) ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် တရုတ်၏ ပြည်သူ့စိတ်သဘောထား စီမံထိန်းချုပ်ရေး အစီအစဉ်သည် ပြည်တွင်းမှာ သာမကဘဲ ပြည်ပနိုင်ငံများကိုပါ ကျော်လွန်လုပ်ဆောင်လာပြီး အတိုက်အခံများကို ဖိနှိပ်ရန် ကြိုးပမ်းလာခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထိုနိုင်ငံများထဲတွင် တရုတ်၏ အကျိုးစီးပွားများ၊ အထူးသဖြင့် နယ်မြေလွှဲပြောင်းမှုနှင့် ရှင်ကျန်း (Xinjiang) ဒေသ ရှိ ဝီဂါ (Uyghurs) မွတ်ဆလင်များကို ဆက်ဆံမှုများ၌ တရုတ်ကို စဉ်ဆက်မပြတ် ထောက်ခံပေးခဲ့သည့် ကာဂျစ္စတန်လည်း ပါဝင်ခဲ့သည်။
တရုတ်သည် ကာဂျစ္စတန်နှင့် အခြားနေရာများတွင် အာဏာရ အခွင့်ထူးခံ လူနည်းစုကို မက်လုံးများပေးပြီး တရုတ်၏ အကျိုးစီးပွားသာမက ထိုနိုင်ငံများ၏ အကျိုးစီးပွားများကို ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။
ကာဂျစ္စတန်နိုင်ငံကိုတွေ့ရစဉ်
အဘယ်ကြောင့်ဆိုသော် တရုတ်သည် ကာဂျစ္စတန်နိုင်ငံရှိ ဝေဖန်ရေးသမားများ၏ အသံကို ထိန်းချုပ်ရန်နှင့် တရုတ်ကို ထောက်ခံမှုများ ရှိစေရန် စီမံဆောင်ရွက်နေခြင်းဖြစ်သည်။
ကာဂျစ္စတန်နိုင်ငံတွင်လည်း ကာဂျစ္စတန်၏ ၁၂၅၀ စတုရန်း ကီလိုမီတာ အကျယ်ရှိ နယ်မြေကို တရုတ်အား လွှဲပြောင်းပေးရန် သဘောတူညီချက်နှင့် ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုများနှင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
သို့သော်လည်း ကာဂျစ္စတန်အစိုးရသည် တရုတ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့် ပတ်သက်သော သတင်းများ ကို ဖော်ပြခြင်းမပြုရန် နိုင်ငံပိုင် မီဒီယာများအား ညွှန်ကြားခဲ့သည်ဟု လွတ်လပ်ပြီး အမှီအခိုကင်းသည့် သတင်းထောက်များက ပြောကြားခဲ့သည်။
Source: Greek City Times
- By CNI
- Category: နိုင်ငံရေး
- Hits: 272
CNI International News
ဘန်ကောက်၊ ဧပြီ ၂၅
မြန်မာနိုင်ငံရှိ မြဝတီမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား စစ်ရေးအရ မတိုးသာမဆုတ်သာ အခြေအနေကြောင့် တပ်မတော် အပါအဝင် စစ်ဘက်ဆိုင်ရာ အဖွဲ့ အားလုံးကို စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ဖိအားများ သက်ရောက်စေခဲ့သည်ဟု ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် ဖြူအန်ကတ်ကော (Sihasak Phuangketkeow) က ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
မြဝတီမြို့သည် ထိုင်းနိုင်ငံနယ်စပ်ရှိ မြန်မာနိုင်ငံ၏ မဟာဗျူဟာကျသည့် ထိုင်း-မြန်မာ နယ်စပ်ကုန် သွယ်ရေး မြို့ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းက မြန်မာနိုင်ငံမြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့(TNLA-AA-MNDAA)အကြား အပစ်အခတ်ရပ်စဲစေရန် ဆွေးနွေးညှိနှိုင်းမှုများအတွက် တရုတ်က ကြားဝင် စေ့စပ်ပေးခဲ့သည့် ဖြစ်စဉ်ကို စီဟာဆတ်က နှိုင်းယှဉ်ပြောကြားခဲ့သည်။
“မတိုးသာ မဆုတ်သာ အခြေအနေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ဖို့ စဉ်းစားရမယ့် ဖိအားတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေမှာ တရုတ်က ဘယ်လို လုပ်ဆောင်ပေးခဲ့လဲဆိုတာကို စဉ်းစားရမှာပါ” ဟု စီဟာဆတ်က Thai PBS World နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် ဖြူအန်ကတ်ကောကို မြန်မာကို လူသားချင်း စာနာမှု အကူအညီပေးရေး ခရီးစဉ်မှာတွေ့ရစဉ်
TNLA ၊ MNDAA နှင့် AA တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သည်။
ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တော်တွင် တရုတ်က ကြားဝင်စေ့စပ်ပေး ခဲ့ခြင်း ဖြစ်သည်။
KNU နှင့် မဟာမိတ်အဖွဲ့များသည် သီတင်းပတ်များစွာကြာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြဝတီမြို့၏ မြန်မာ့တပ်မတော် စစ်စခန်းများကို သိမ်းယူခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်ကလည်း ထိုစခန်းများကို ပြန်လည်သိမ်းယူရန် တပ်ကူများစေလွှတ်ပြီး ကြိုးပမ်း လျက်ရှိသည်။
သို့သော် ဧပြီ ၂၂ ရက်မှစပြီး တိုက်ပွဲများ အရှိန်လျော့ကျလာခဲ့ကာ နှစ်ဖက်စလုံးသည် ဆွေးနွေးမှုများ ပြုလုပ်နေ သည့် သတင်းများလည်း ထွက်ပေါ်နေသည်။
“မတိုးသာ၊ မဆုတ်သာ အခြေအနေ ဆက်ဖြစ်နေမယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ ဒီပဋိပက္ခကို အဆုံးသတ်ပေးဖို့ ကြားဝင်စေ့စပ်ပေးတဲ့ အခန်းကဏ္ဍကနေ ဘယ်လိုပါဝင် နိုင်မလဲဆိုတာကို ကျနော်တို့ စစဉ်းစားဖို့ လိုပါတယ်”ဟု စီဟာဆတ်က ပြောကြားခဲ့သည်။
မြဝတီမြို့ကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်စဉ်
ထိုင်းနိုင်ငံသည် မြန်မာ့အရေးကို ဖြေရှင်းရန် အာဆီယံနှင့်လည်း လက်တွဲလုပ်ဆောင်နေကြောင်း မြန်မာ့တပ်မတော်နှင့် သာမက လက်နက်ကိုင်အဖွဲ့များနှင့်ပါ အဆက်အသွယ်ရှိကြောင်း စီဟာဆတ်က Thai PBS World ကို ပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံဟာ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် ပေါင်းကူးတံတားအဖြစ် ကြားဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိနေပြီး ဆွေးနွေးမှုတွေ အဆင်ပြေ ချောမွေ့အောင် ကူညီပေးသွားမှာပါ။ ဒါပေမယ့် သူတို့ဘက်ကလည်း ဆွေးနွေးဖို့ အသင့် ရှိနေရပါမယ်။ ဒါက အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာ့ပဋိပက္ခကို အဆုံးသတ်ရန် လိုအပ်ကြောင်းကို မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အဖွဲ့များအားလုံးထံ ခိုင်မာသည့် အမှာစကားပေးပို့ရန် ထိုင်းနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အဆုံးသတ်စေရန် ပိုမိုတက်ကြွပြီး ပိုမိုစည်းလုံးမှုရှိ သည့် အခန်းကဏ္ဍမှ ပါဝင်ရန်လိုကြောင်း စီဟာဆန်က ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 431
CNI International News
ဝါရှင်တန်၊ ဧပြီ ၂၅
တရုတ်သည် အမေရိကန်၏ နောက်ကျောဘက်တွင် စစ်စခန်းသစ် တည်ဆောက်၍ ခြေကုပ်ယူရန် စီစဉ်နေသည် ဟု Newsweek မှ ဖော်ပြခဲ့သည်။
အမေရိကန်၏ ဗာဂျင်းကျွန်းစု (U.S. Virgin Islands) ကမ်းရိုးတန်းမှ မိုင် ၂၂၀ အကွာအဝေးတွင် တည်ရှိသည့် ကာရစ်ဘီယံ ကျွန်းနိုင်ငံဖြစ်သော အန်တီဂွာ (Antigua) ကျွန်းကို တရုတ်က ထိန်းချုပ်ပြီး အထူးစီးပွားရေးဇုန် တစ်ခုအဖြစ် ပြောင်းလဲရန် စီစဉ်နေခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ခန့်မှန်းပြောကြားခဲ့သည်။
Newsweek မဂ္ဂဇင်းက ဆန်းစစ်လေ့လာခဲ့သည့် မှတ်တမ်းများအရ အန်တီဂွာကျွန်းပေါ်တွင် ကိုယ်ပိုင် ဓလေ့ ထုံးတမ်းများ၊ လူဝင်မှုရေးရာ လုပ်ထုံးလုပ်နည်းများ၊ သင်္ဘောဆိပ်တစ်ခုနှင့် လေကြောင်းလိုင်းများ ရှိလာမည့်အပြင် ပတ်စ်ပို့များ ထုတ်ပေးနိုင်လိမ့်မည်ဟု ဖော်ပြထားသည်။
ထိုကျွန်းပေါ်တွင် တရုတ်သည် သယ်ယူပို့ဆောင်ရေးမှအစ ဒစ်ဂျစ်တယ် ငွေကြေးများအဆုံး စီးပွားရေးလုပ်ငန်း အားလုံးကို ထူထောင်လိမ့်မည်ဟုလည်း Newsweek က ဖော်ပြခဲ့သည်။
အန်တီဂွာဝန်ကြီးချုပ် ဂက်စ်တန် ဘရောင်နီနဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
တရုတ်နိုင်ငံပိုင် ကုမ္ပဏီများနှင့် ဖက်စပ်ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများသည် အန်တီဂွာနှင့် ဘာဘူဒါ (Antigua and Barbuda) ကျွန်းစုနိုင်ငံအပြင် အမေရိကန်၏ တတိယနယ်စပ်ဟု လူသိများသည့် မဟာဗျူဟာမြောက် ဒေသရှိ အခြားကာရစ်ဘီယံ နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများကို လျင်မြန်စွာ ချဲ့ထွင်နေသည်ဟု အန်တီဂွာ ခေါင်းဆောင်များနှင့် ပြုလုပ်သည့် အင်တာဗျူးများ အပါအဝင် အစိုးရနှင့် ကော်ပိုရိတ် အချက်အလက်များကို စုံစမ်းထောက်လှမ်းပြီး Newsweek က ဖော်ပြခဲ့သည်။
တရုတ်၏ ကြီးထွားလာသည့် ဒေသတွင်း ရပ်တည်ချက်သည် ၁၉၆၀ ပြည့်နှစ်က ကျူးဘားတွင် ခြေကုပ်ယူရန် ကြိုးပမ်းခဲ့သည့် ဆိုဗီယက်ယူနီယံ၏ ကြိုးပမ်းမှုနောက်ပိုင်း အမေရိကတိုက်တွင် အမေရိကန်အတွက် အကြီးမား ဆုံး ပြည်ပခြိမ်းခြောက်မှု ဖြစ်လာရန် အလားအလာရှိနေသည်။
ထိုအခြေအနေကို အမေရိကန် စစ်တပ်က စိုးရိမ်လျက်ရှိသည်။
“တရုတ်ဟာ စစ်ရေး ရည်ရွယ်ချက်တွေအတွက် စီးပွားရေးနဲ့ သံတမန်ရေးကို ခြေကုပ်ယူလိမ့်မယ်ဆိုတာ ကျနော် တို့ သတိထားမိပါတယ်။ အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ တရုတ်ဟာ စစ်ရေးရည်မှန်းချက်တွေ အတွက် သက်ဆိုင်ရာ နိုင်ငံတွေမှာ ဆိပ်ကမ်းတွေဆောက်ပြီး စီးပွားရေး သဘောတူညီချက်တွေကို ပြုလုပ်ခဲ့ပါ တယ်။ ဒီဒေသမှာလည်း သူတို့ဟာ အဲဒီလို လုပ်လာမှာကို ကျနော်တို့က စိုးရိမ်နေပါတယ်” ဟု အမေရိကန်၏ ဖလော်ရီဒါ (Florida) အခြေစိုက် တောင်ပိုင်းစစ်ဌာနချုပ် (SOUTHCOM) ၏ ပြောရေးဆိုခွင့်ရှိသူက Newsweek ကို ပြောကြားခဲ့သည်။
အန်တီဂွာကျွန်းကို တွေ့ရစဉ်
အန်တီဂွာကျွန်းတွင် တရုတ်၏ ဒေါ်လာ ဘီလျံချီသည့် ချေးငွေများနှင့် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများက ဆိပ်ကမ်း များ၊ လေဆိပ်များ အပါအဝင် မရှိမဖြစ် အခြေခံ အဆောက်အအုံများကို တိုးချဲ့ဆောက်လုပ်နေမှုသည် တစ်ချိန်က အမေရိကန်၏ အိမ်နောက်ဖေး ကွက်လပ်ဟု လူသိများခဲ့သည့် အန်တီဂွာကျွန်းကို တရုတ်၏ အိမ်ရှေ့မျက်နှာစာ အဖြစ် ပြောင်းလဲနေခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
ထို့ပြင် အန်တီဂွာဝန်ကြီးချုပ် ဂက်စ်တန် ဘရောင်နီ (Gaston Browne) ကလည်း Newsweek မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် တရုတ်နိုင်ငံ၏ စီးပွားရေး လှုပ်ရှားမှုများနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ချီးကျူးဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။
အန်တီဂွာကျွန်းနိုင်ငံတွင် လူဦးရေ ၉၇,၀၀၀ သာနေထိုင်ပြီး အကျယ်အဝန်းမှာ ၁၇၀ စတုရန်းမီတာရှိသည်။
ထိုကျွန်း၏ အရွယ်အစားမှာ နယူးယောက် စီးတီး (New York City) မြို့၏ ကွင်းစ် (Queens) စီရင်စုနယ်နှင့် မတိမ်းမယိမ်း ဖြစ်သည်။
Source: Newsweek
- By CNI
- Category: နိုင်ငံရေး
- Hits: 434
CNI International News
နယူးဒေလီ၊ ဧပြီ ၂၅
အိန္ဒိယသည် ၈ နှစ်အတွင်း ကာကွယ်ရေးထုတ်ကုန် တင်ပို့မှုများ ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်မှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ လက်နက်ဈေးကွက်တွင် အဓိကကျသည့် အခန်းကဏ္ဍသို့ မြင့်တက်လာခဲ့သည်ဟု The Times Kuwait မှ ဖော်ပြခဲ့သည်။
ထိုတင်ပို့ရောင်းချမှုများသည် လက်ရှိတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၈၅ နိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
အိန္ဒိယသည် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေး ထုတ်ကုန်တင်ပို့မှု အများဆုံး ၂၅ နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ပြီး ထိုကာကွယ်ရေးထုတ်ကုန် တင်ပို့မှုများ၌ ကုမ္ပဏီပေါင်း ၁၀၀ ကျော်က တက်ကြွစွာ ပါဝင်ခဲ့သည်ဟု ဆိုသည်။
တောင်အာရှနိုင်ငံဖြစ်သည့် အိန္ဒိယသည် ဆူပူရှုပ်ထွေးပြီး ပြောင်းလဲမှုများနှင့်အတူ ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိသည့် ပထဝီမဟာဗျူဟာ အခင်းအကျင်းတွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်သော ကာကွယ်ရေးထုတ်ကုန်များ တင်ပို့ရောင်းချသူအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ကမ်းရိုးတန်း ကင်းထောက်လှမ်းမှု စနစ်များမှအစ ဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာများအဆုံး ကာကွယ်ရေး ထုတ်ကုန်ကဏ္ဍတွင် အိန္ဒိယ၏ အားတက်သရော ကြိုးပမ်းအားထုတ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်၌ အိန္ဒိယကို မဟာဗျူဟာကျသည့် နေရာသို့ တွန်းပို့ပေးနိုင်ခဲ့သည်။
အိန္ဒိယထုတ် ကာကွယ်ရေးထုတ်ကုန်မြင့်တက်မှုကို ညွန်းပြထားစဉ်
လက်ရှိတွင် အိန္ဒိယသည် ကမ္ဘာလုံးဆိုင်ရာ လက်နက် ကုန်သွယ်မှု၌ ယုံကြည်စိတ်ချရသည့် ထောက်ပံ့သူတစ်ဦး အဖြစ် ရပ်တည်နေပြီး ၂၀၂၃-၂၄ ခုနှစ်အတွင်း ကာကွယ်ရေးထုတ်ကုန် တင်ပို့မှုသည် ရူပီး ၂၁,၀၈၃ ကုဋေ ရှိခဲ့သည်။
ထိုပမာဏသည် ရူပီး ၁၅,၉၂၀ ကုဋေ ရှိခဲ့သည့် ၂၀၂၂-၂၃ ခုနှစ်ကထက် ပိုမိုမြင့်တက်ခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်ပြန်ခဲ့သည့် အိန္ဒိယ၏ ကာကွယ်ရေး ထုတ်လုပ်မှုနှင့် ပို့ကုန်မြှင့်တင်ရေး မူဝါဒ (DPEPP)သည် အိန္ဒိယ၏ ကာကွယ်ရေးကဏ္ဍကို သိသာစွာ မြင့်တက်စေရန် အထောက်အကူ ဖြစ်စေခဲ့သည်။
DPEPP မူဝါဒအရ အိန္ဒိယသည် ၂၀၂၅ ခုနှစ်တွင် ပို့ကုန်ကဏ္ဍ၌ ဒေါ်လာ ၅ ဘီလျံ အပါအဝင် ကာကွယ်ရေး ထုတ်ကုန်ကဏ္ဍမှာ ဝင်ငွေ အနုတ်၊အသိမ်း ဒေါ်လာ ၂၅ ဘီလျံ ရှိစေရန် ရည်မှန်းထားသည်။
အိန္ဒိယ၏ ကာကွယ်ရေး ထုတ်ကုန်ကဏ္ဍသည် မကြာသေးမီက ဒေါ်လာ ၁၂ ဘီလျံအထိ မြင့်တက်ခဲ့ကာ ၅ နှစ် အတွင်း ၂ ဆနီးပါး မြင့်တက်ခဲ့ပြီး ပြည်သူပိုင်ကဏ္ဍမှ ၈၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင် ကဏ္ဍမှ ၂၀ ရာခိုင်နှုန်း ပါဝင်ခဲ့ သည်။
Source: The Times Kuwait
- By CNI
- Category: နိုင်ငံရေး
- Hits: 835
CNI International News
ကိယက်ဗ်၊ ဧပြီ ၂၄
ယူကရိန်းအာဏာပိုင်များသည် ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း တပ်သားသစ်များကို ထပ်မံစုဆောင်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မကြာသေးမီက ယူကရိန်း၏ တပ်သားသစ်စုဆောင်းသည့် ကြိုးပမ်းအားထုတ်မှုများကို ပြည်သူလူထုက အယုံ အကြည် ကင်းမဲ့ခဲ့သဖြင့် တပ်သားသစ်များ စုဆောင်းနိုင်ရန် အခက်တွေ့ခဲ့ရပြီးနောက် ကာကွယ်ရေး အရာရှိများ နှင့် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များသည် အရပ်သားများကို စစ်ထဲဝင်ရန် နည်းမျိုးစုံဖြင့် ဆွဲဆောင်လျက်ရှိသည်။
ထိုနည်းလမ်းများထဲတွင် ရှေ့တန်း စစ်မြေပြင်နှင့်ဝေးသည့် မြို့များ၊ နယ်များတွင် စစ်ထဲဝင်ရန် မက်လုံးပေး ကမ်းလှမ်းထားသည့် ပိုစတာများ၊ ဆိုင်းဘုတ်များကို စိုက်ထူခြင်း၊ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်များတွင် တပ်သားသစ်စုဆောင်းသည့် ခေါ်စာများ ထည့်သွင်းခြင်း၊ လူမှုမီဒီယာများတွင် စစ်မှုထမ်းရန် တိုက်တွန်းခြင်းတို့ ပါဝင်သည်။
ယူကရိန်း ပြည်သူများ စစ်မှုထမ်းရန် သင်တန်းတက်နေစဉ်
ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး နာတာလီယာ ကယ်လ်မိုင်ကိုဗာ (Natalia Kalmykkova) က စစ်တပ်၏ စီမံကိန်းရေးဆွဲသူများသည် ဒီမိုကရေစီနိုင်ငံဖြစ်သည့် ယူကရိန်းတွင် ပြည်သူများအား စစ်ထဲသို့ ဝင်ရောက်ရန် ဆွဲဆောင်ရာမှာ ရွေးချယ်ခွင့် အချို့ပေးခြင်းသည် အဓိကကျသည်ဆိုသော အချက်ကို လက်ခံထားကြကြောင်း ပြောကြားခဲ့သည်။
“ကျမတို့နိုင်ငံကို ကာကွယ်ချင်တဲ့ လူတွေဟာ အခုဆိုရင် စစ်တပ်ထဲဝင်ရတာကို အသက်မွေးဝမ်းကြောင်း တစ်ခု အဖြစ် ရွေးချယ်ကြသူတွေ မဟုတ်ပါဘူး။ သူတို့ဟာ အရပ်သားတွေ ဖြစ်ပါတယ်။ အရပ်သားတွေဟာ သူတို့ ကိုယ်ပိုင် ရွေးချယ်ခွင့်ရှိပါတယ်” ဟု နာတာလီယာက ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း စစ်ပွဲ ဖြစ်ပွားလာသည်မှာ ၃ နှစ်ထဲသို့ ဝင်ရောက်လာချိန်တွင် ရုရှားနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကီလိုမီတာ ၁၀၀၀ အရှည်ရှိသော ရှေ့တန်းစစ်မျက်နှာပြင်၌ ယူကရိန်းဘက်မှ စစ်သားအင်အားများ လျော့နည်း လာမှုနှင့် ရင်ဆိုင်နေရသည်။
ယူကရိန်းက စစ်မှုထမ်းရန် စည်းရုံးနေစဉ်
ရုရှား၏ ကျူးကျော်မှု စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်း၏ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူများ သည် စစ်ထဲသို့ စုပြုံဝင်ရောက်ခဲ့သော်လည်း လက်ရှိတွင် မိမိသဘော ဆန္ဒအလျောက် စစ်မှုထမ်းသူများ မရှိသလောက် လျော့ကျခဲ့သည်။
ထို့ပြင် ထောင်နှင့်ချီသည့် ယူကရိန်းနိုင်ငံသားများသည် စစ်မှုထမ်းဥပဒေကို ရှောင်ရှားပြီး အချို့ကလည်း စစ်မှုထမ်းရမည်ကို ထိတ်လန့်သဖြင့် နိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်မှုများနှင့်အတူ တပ်သားသစ် စုဆောင်းသည့် အစီအစဉ်သည် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အစိုးရက ဝန်ခံထားသည်။
ယူကရိန်းတွင် စစ်စည်းရုံးရေး ဥပဒေသည် လာမည့် သီတင်းပတ်တွင် စတင်အကျုံးဝင် သက်ရောက်မည်ဖြစ်ပြီး စစ်မှုထမ်းဥပဒေကို ရှောင်းလွှဲမည့် သူများကို ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ကြောင်း ထိုဥပဒေမှာ ဖော်ပြထား သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 997
CNI International News
ပေကျင်း၊ ဧပြီ ၂၄
အမေရိကန်သည် ဒေသတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်စေရန် လုပ်ဆောင်နေသည်ဟု တရုတ်က စွပ်စွဲခဲ့ကြောင်း Daily Hunt သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အမေရိကန်သည် မကြာသေးမီက ဖိလစ်ပိုင်တွင် ကီလိုမီတာ ၁၆၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် လက်နက်များနှင့် အင်အားပြင်း ဒုံးပစ်လောင်ချာတစ်ခု ဖြန့်ကြက်ချထားခဲ့ပြီးနောက် ယခုလို တရုတ်က စွပ်စွဲခဲ့ခြင်း ဖြစ်သည်။
Typhon system ဟုလည်း လူသိများသည့် အမေရိကန်ကြည်းတပ်၏ တာလတ်ပစ် MRC မြေပြင်အခြေစိုက် ဒုံးကျည်စနစ်ကို အမေရိကန်က အာရှ-ပစိဖိတ်ဒေသ၏ စစ်နယ်ဝန်းတွင် ပထမဆုံးအကြိမ် ဖြန့်ကြက် ချထားခြင်းလည်း ဖြစ်သည်။
ထိုပြင် အမေရိကန်နှင့် ဖိလစ်ပိုင်အကြား နှစ်စဉ်ပြုလုပ်နေကျ Balikatan စစ်ရေးလေ့ကျင့်မှုများ အပါအဝင် အခြား စစ်ရေး လေ့ကျင့်မှုများကို ဆက်တိုက် ပြုလုပ်နေချိန်တွင် အဆိုပါ ဒုံးကျည်စနစ်ကို ဖြန့်ကြက်ချထားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ရဲ့ Typhon system စနစ် ဒုံးကျည်ကိုဖြန့်ကြက်ထားစဉ်
Typhon system သည် ကီလိုမီတာ ၃၇၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် Standard Missile 6 (SM-6) ပဲ့ထိန်းဒုံးကျည်နှင့် ကီလိုမီတာ ၁၆၀၀ အကွာအဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်သည့် Tomahawk Land Attack ခရုဇ်ဒုံးကျည်များကို ပစ်ခတ်နိုင်ကြောင်း နိုင်ငံတကာမဟာဗျူဟာလေ့လာရေးစင်တာ (CSIS) မှ ဒုံးကျည် ကာကွယ်ရေး ပရောဂျက်က ထုတ်ပြန်ခဲ့သည်။
CNN သတင်းဌာန၏ ဖော်ပြချက်အရ ထိုဒုံးကျည်စနစ် ဖြန့်ကြက်ချထားမှုသည် တရုတ်၏ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်ဟု ဆိုထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) ကမူ အမေရိကန်သည် တစ်ဖက်သတ် စစ်ရေး အသာစီးရရှိစေရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် လင်ကျန်းက ဖိလစ်ပိုင်၌ အမေရိကန်၏ ဒုံးကျည်စနစ် ဖြန့်ကြက်ချထားမှုကို တရုတ်အစိုးရမှ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြေင်း ပြောကြားခဲ့သည်။
အမေရိကန်နဲ့ တရုတ် စစ်တပ်ကိုနှိုင်းယှဉ်ထားစဉ်
“အမေရိကန်အနေနဲ့ အခြားနိုင်ငံတွေရဲ့ လုံခြုံရေး စိုးရိမ်မှုတွေကို လေးစားဖို့၊ စစ်ရေးအရ ထိပ်တိုက်တွေ့မှု ဖြစ်အောင် လှုံ့ဆော်နေတာကို ရပ်တန့်ဖို့၊ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို လျော့ပါးစေအောင် လုပ်ဆောင်နေတာကို ရပ်တန့်ဖို့နဲ့ မဟာဗျူဟာမြောက် အန္တရာယ်တွေကို လျှော့ချနိုင်မယ့် ခိုင်မာတဲ့ လုပ်ဆောင် ချက်တွေကို ဆောင်ရွက်ဖို့ မိမိတို့ တိုက်တွန်းပါတယ်”ဟု လင်က ပြေကြားခဲ့သည်။
အမေရိကန်စစ်တပ်ကမူ ဧပြီ ၁၁ ရက်က စတင်ခဲ့သည့် Salaknib စစ်ရေး လေ့ကျင့်မှုအတွက် ထိုဒုံးကျည်စနစ် ဖြန့်ကြက်ချထားမှုသည် ဒေသတွင်း စစ်ရေးစွမ်းဆောင်ရည်များအတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျွမ်းကျင်သူများကမူ ထိုဒုံးကျည်စနစ် ဖြန့်ကြက်ချထားမှုသည် အမေရိကန် အနေနှင့် တောင်တရုတ်ပင်လယ်၊ တရုတ် ပြည်မကြီးတောင်ပိုင်းနှင့် ထိုင်ဝမ်ရေလက်ကြား တစ်လျောက် တရုတ်၏ စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည့် အကွာအဝေးတွင် လက်နက်များကို ထားရှိသည့် အရိပ်လက္ခဏာတစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့သည်။
Source: Daily Hunt
- By CNI
- Category: နိုင်ငံရေး
- Hits: 1327
CNI International News
အမ်ရစ်ဆာ၊ ဧပြီ ၂၃
အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) သည် ပန်ဂျပ် (Punjab) ပြည်နယ်၊ အမ်ရစ်ဆာ (Amritsar) ခရိုင်၏ နယ်စပ်တွင် ဘိန်းဖြူထုပ်ဟု သံသယရှိသည့် အထုပ်တစ်ထုပ်ကို သယ်ဆောင်ထားသော တရုတ်လုပ်ဒရုန်း တစ်စင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု Bejing News သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
BSF ၏ ထောက်လှမ်းရေးအဖွဲ့သည် သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်နှင့်အတူ ဒရုန်းတစ်စင်း တွေ့ရှိသည့် သတင်းကို လက်ခံရရှိခဲ့ပြီးနောက် BSF တပ်ဖွဲ့ဝင်များက သံသယဖြစ်ဖွယ် နေရာကို ရှာဖွေရေးများ လုပ်ဆောင် ခဲ့သည်။
ဒေသစံတော်ချိန် မွန်းလွဲ ၄ နာရီ ၄၅ မိနစ်ခန့်တွင် BSF အဖွဲ့ဝင်များသည် ၅၀၀ ဂရမ် အလေးချိန်ရှိ ဘိန်းဖြူဟု သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်နှင့်အတူ ဒရုန်းတစ်စင်းကို အမ်ရစ်ဆာခရိုင်ရှိ နက်စ်သာ (Nestha) ကျေးရွာ၏ လယ်ကွင်းထဲတွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။
တရုတ်လုပ် ဒရုန်းတစ်စင်းကို ဘိန်းဖြူထုတ်နဲ့အတူ တွေ့ရစဉ်
ရှာဖွေတွေ့ရှိခဲ့သည့် ဒရုန်းသည် တရုတ်နိုင်ငံလုပ် DJI Mavic 3 Classic ဒရုန်းတစ်စင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိခဲ့သည်ဟု BSF က ထုတ်ပြန်ခဲ့သည်။
အဆိုပါ သံသယဖြစ်ဖွယ် အထုပ်ကို အဝါရောင်တိပ်ဖြင့် ပတ်ထားပြီး ဒရုန်းတွင် သေးငယ်သည့် အချက်ပြ မီးတစ်ခု ကိုလည်း တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ယခုအကြိမ် ဒရုန်းတွေ့ရှိမှုသည် ပန်ဂျပ်ပြည်နယ်တွင် ဒုတိယအကြိမ်မြောက် အမျိုးအစားတူ တရုတ်ဒရုန်း တစ်စင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဧပြီ ၁၇ ရက်ကလည်း BSF သည် ပန်ဂျပ်ပြည်နယ် ရဲတပ်ဖွဲ့နှင့်အတူ တန်တာရန် (Tarn Taran) မြို့တွင် တရုတ်လုပ် DJI Mavic 3 ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့သည်။
ယခုလ အစောပိုင်းကလည်း ပန်ဂျပ်ပြည်နယ်၊ အမ်ရစ်ဆာခရိုင်၏ နယ်စပ်ဒေသတွင် ဘိန်းဖြူဟု သံသယဖြစ်ဖွယ် အထုတ်တစ်ထုပ်ကို BSF က ရှာဖွေတွေ့ရှိခဲ့သည်။
Source: Bejing News
- By CNI
- Category: နိုင်ငံရေး
- Hits: 1665
CNI International News
ဝါရှင်တန်၊ ဧပြီ ၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့သည် လာမည့်ရက်ပိုင်းအတွင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ရန် ပြင်ဆင်နေသော်လည်း ၂၀၂၅ ခုနှစ်အတွက် ယူကရိန်းအား အကူအညီပေးမည့် အစီအစဉ်သည် သေချာရေရာမှု မရှိသေးကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်အောက်လွှတ်တော်သည် ကာလကြာရှည် နှောင့်နှေးကြန့်ကြာခဲ့ရသည့် ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ ယူကရိန်းအား စစ်ရေးအကူအညီပေးရေး ဥပဒေမူကြမ်းကို ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုခဲ့သည်။
ထိုစစ်ရေး အကူအညီများသည် ရုရှား၏ ပြင်းထန်သည့် တိုက်ခိုက်မှုများအောက်တွင် လက်နက်ခဲယမ်းများ ပြတ်လပ်နေသော ယူကရိန်းအတွက် မျှော်မှန်းထားသည်ထက် နောက်ကျကာ ရောက်ရှိလာမည်ဖြစ်သည်။
ထို့ပြင် အမေရိကန်သည် လာမည့်နှစ်တွင် ယူကရိန်းအား ကူညီထောက်ပံ့မှုများ ဆက်ပေးရန် ရှိ/မရှိ အာမခံချက် မရှိကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
သို့သော် လက်နက်ကြီးကျည်များ၊ ပစ်မှတ်တိကျသည့် ပဲ့ထိန်းဒုံးကျည်များနှင့် လေကြောင်းကာကွယ်ရေး စနစ်များ သည် ယူကရိန်းစစ်တပ်၏ အနေအထားကို ပြောင်းလဲစေမည်ဆိုသော အချက်ကို အရာရှိများနှင့် ကျွမ်းကျင်သူများ က လက်ခံထားကြသည်။
ဘိုင်ဒန်ကိုတွေ့ရစဉ်
"စစ်ရေးအကူအညီတွေဟာ ယူကရိန်းအတွက် လက်တွေ့အရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ခွန်အားဖြစ်စေပြီး ၂၀၂၄ ခုနှစ် တစ်နှစ်လုံးမှာ လက်နက်ခဲယမ်း မပြတ်လပ်ဘဲ တိုက်ခိုက်နိုင်မှာဖြစ်သလို ပူတင် (Putin)ရဲ့ တစ်ဖက်သတ် ထင်မြင်ချက်တွေ မှားယွင်းတယ်ဆိုတာကို ပြသရာရောက်ပါတယ်" ဟု စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလျံဘန်းစ် က ဧပြီ ၁၈ ရက်တွင် ဒဲလက်စ် (Dallas) မြို့ရှိ Bush Center Forum on Leadership ၌ ပြောကြားခဲ့သည်။
စစ်ရေး အကူအညီပေးမည့် ဥပဒေမူကြမ်းကို လက်မှတ် ရေးထိုးပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ယူကရိန်းသို့ လေကြောင်း ကာကွယ်ရေး စနစ်များနှင့် တာဝေးပစ် လက်နက်များ၊ ခဲယမ်းများ ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု ၎င်းက ဆိုသည်။
"စစ်ရေး အကူအညီတွေ ပို့ဆောင်မှုမှာ အမေရိကန်ဘက်က နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေမှာမဟုတ်ပါဘူး" ဟု ဘန်းစ်က ပြောကြားခဲ့သည်။
ယူကရိန်း-ရုရှား စစ်ပွဲ ဖြစ်ပွားလာသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာချိန်တွင် ယူကရိန်းသည် နိုင်ငံ၏ အရှေ့ပိုင်း နယ်မြေအချို့ကို ဆုံးရှုံးခဲ့ပြီး ရုရှားတပ်ဖွဲ့များသည် အနောက်နိုင်ငံများ၏ ယူကရိန်း အကူအညီများ နှောင့်နှေး ကြန့်ကြာ နေချိန်၌ မြို့များကို ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
Source: ရိုက်တာ