- By CNI
- Category: နိုင်ငံရေး
- Hits: 596
CNI International News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
အိန္ဒိယနှင့် မြန်မာကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် စစ်တပ်အချင်းချင်း ဆက်ဆံရေးများကို တိုးမြှင့်ရေးတွင် နည်းလမ်းများကို ရှာဖွေရန် အိန္ဒိယကြည်းတပ်၏ စစ်ဦးစီးချုပ် Upendra Dwivedi နှင့် မြန်မာ့ တပ်မတော်၏ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးတို့ တွေ့ဆုံခဲ့ကြသည်ဟု The Tribune India သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က ဖြစ်သည်။
၎င်းတို့ နှစ်ဦးကြား ဆွေးနွေးမှုများသည် မဟာဗျူဟာမြောက် ဆက်ဆံရေးကို တိုးမြှင့်ရေး၊ ပူးတွဲစစ်ရေး လေ့ကျင့် မှုကို ချဲ့ထွင်ရေး၊ ဒေသတွင်းတွင် လက်ရှိ ပထဝီမဟာဗျူဟာ အခင်းအကျင်းကို စိစစ်သုံးသပ်ရေးတို့ကို အာရုံစိုက် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် နှစ်နိုင်ငံကြား မျှဝေထမ်းဆောင်မည့် သန္နိဋ္ဌာန်ကိုလည်း ထပ်လောင်း အတည်ပြုခဲ့ကြသည်ဟု ဆိုသည်။
“မြန်မာ့တပ်မတော်ရဲ့ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုဦးနဲ့ ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့တွေဟာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ၊ စစ်တပ်အချင်းချင်း ဆက်ဆံရေးကို ချဲ့ထွင်ဖို့နဲ့ ဒေသတွင်း လက်ရှိ ပထဝီမဟာဗျူဟာ အခင်းအကျင်းကို သုံးသပ်ဖို့ အဓိက ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အပြန်အလှန်ထားရှိတဲ့ သန္နိဋ္ဌာန်တွေကို ထပ်လောင်း အတည်ပြုခဲ့ပါတယ်”ဟု အိန္ဒိယကြည်းတပ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
စက်တင်ဘာ ၉ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်၌ ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ စစ်တပ်အရာရှိများ ဆွေးနွေးမှုများအပြီးတွင် ယခုအစည်းအဝေး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံစစ်တပ်ကြား ဘုံရည် မှန်းချက် တစ်ခုအတွက် သတင်းအချက်အလက်များ ဖလှယ်မှုကို တိုးမြှင့်ရေး၊ ကာကွယ်ရေး ဆက်ဆံမှုများကို မြှင့်တင်ရေး၊ ကာကွယ်ရေး မိတ်ဖက်ဆက်ဆံရေးကို ချဲ့ထွင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒေသတွင်း လုံခြုံရေးကို ရည်ရွယ်ပြီး အိန္ဒိယ-မြန်မာ ဆက်ဆံရေးအား ခိုင်မာစွာ မြှင့်တင်ရန် ဆက်လက်ပြီး အားထုတ်ကြိုးပမ်းသွားမည်ဟု သဘောတူခဲ့ကြသည်။
ဩဂုတ် ၂၂ ရက်ကလည်း အိန္ဒိယဗိုလ်ချုပ်ကြီး Upendra Dwivedi သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur နှင့် တွေ့ဆုံခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အိန္ဒိယစစ်ဦးစီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး မြောက်ပိုင်း၊ ချင်းပြည်နယ်)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ကချင်ပြည်နယ်)၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် (မန္တလေးတိုင်း ဒေသကြီ၊ မကွေးတိုင်းတောင်ပိုင်း)စသည့် စစ်တိုင်း ၃ တိုင်းကို ကိုင်တွယ်သော ကစထ(၁)မှူး ဖြစ်သည်။
ကစထ(၁)၏ လက်အောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး အိန္ဒိယကို တိုက်ခိုက်နေသော နာဂ၊ ကသည်း လက်နက်ကိုင်များ အခြေပြု လှုပ်ရှားနေသော နယ်မြေများဖြစ် သည်။
Source: The Tribune India
- By CNI
- Category: နိုင်ငံရေး
- Hits: 410
CNI International News
ဘေကျင်း၊ စက်တင်ဘာ ၁၂
တရုတ်သည် စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနားအတွင်း နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းများကို ထုတ်ဖော်ပြသခဲ့ရာ ထိုလက်နက်များအနက် Jinglei-1 (JL-1) အမည်ရှိ တာဝေးပစ်ဒုံးကျည်လည်း ပါဝင်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
JL-1 ဒုံးကျည်သည် နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် ဝေဟင်မှပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည် (ALBM) အမျိုးအစားဖြစ်သည်။
ထိုဒုံးကျည်ကို မြေပြင်အခြေစိုက် ပစ်လွှတ်ရသည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) များ၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရသည့် ပဲ့ထိန်းဒုံးကျည် (SLBM) များနှင့်အတူ ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ချပြခဲ့ခြင်းဖြစ် သည်။
ထို့ကြောင့် တရုတ်သည် မြေပြင်၊ ရေပြင်နှင့် ဝေဟင်တို့မှ နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံးကျည် အမျိုးအစားများကို ပြသခြင်းဖြင့် တရုတ်၏ နျူကလီးယား အဟန့်အတားကို ပိုမိုခိုင်မာ ပေါ်လွင်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
JL-1 ဒုံးကျည်သည် အသံထက်မြန်သည့် အလျှင်နှုန်းဖြင့် ကီလိုမီတာ ၈၀၀၀ (မိုင် ၅၀၀၀) အကွာအဝေးအထိ ပျံသန်းနိုင်ကာ ကြားဖြတ်ပစ်ချရန် ခက်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

JL-1 ဒုံးကျည်ကို တွေ့ရစဉ်
JL-1 ဒုံးကျည်ကို လေထဲတွင် ဆီဖြည့်နိုင်သည့် H-6N မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ဖြင့် တင်ဆောင်နိုင် သဖြင့် ထိုလေယာဉ်နှင့် စစ်ဆင်ရေး ပြုလုပ်နိုင်သည့် အကွာအဝေးကို ပိုမိုချဲ့ထွင်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
တရုတ်သည် H-6 ဗုံးကြဲလယောဉ်ကို ၂၀၁၉ ခုနှစ်က အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ခဲ့သဖြင့် ALBM အမျိုးအစား ဒုံးကျည်များကို သယ်ဆောင် နိုင်လိမ့်မည်ဖြစ်ကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာ (CSIS) ၏ နျူကလီးယားရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဂျိုးဆက် ရော့ဂျာက ပြောကြားခဲ့သည်။
"ပဋိပက္ခတစ်ခု ဖြစ်လာမယ်ဆိုရင် JL-1 ALBM ဒုံးကျည်ကို H-6N ဗုံးကြဲလေယာဉ်တွေပေါ်ကို တင်နိုင်မှာ ဖြစ်ပါ တယ်။ လေထဲ ရောက်သွားမယ်ဆိုရင်တော့ တရုတ်ဟာ ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်ဖို့ JL-1 ဒုံးကျည်နဲ့ လေကြောင်း တိုက်ခိုက်နိုင်ပါလိမ့်မယ်" ဟု ရော့ဂျာက ပြောကြားခဲ့သည်။
JL-1 ALBM ဒုံးကျည်သည် တရုတ်၏ ဗုံးကြဲလေယာဉ် တပ်ဖွဲ့များအတွက် ကာလကြာရှည် အသုံးပြုဖွယ်ရှိသည့် လက်နက် ဖြစ်လာလိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 423
CNI International News
စတော့ဟုမ်း၊ စက်တင်ဘာ ၁၂
ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ဒီမိုကရေစီစနစ်သည် ဆက်လက်ပြီး အားပျော့နေကြောင်း လေ့လာ တွေ့ရှိခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
စတော့ဟုမ်းအခြေစိုက် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ ကူညီထောက်ပံ့ရေး နိုင်ငံတကာ အင်စတီကျု (IDEA) က ထုတ်ပြန်ခဲ့သည့် "၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ အခြေအနေ" အမည်ရှိ လေ့လာချက်တွင်၂၀၂၄ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၇၃ နိုင်ငံ၏ ဒီမိုကရေစီ စွမ်းဆောင်ရည်များကို လေ့လာခဲ့သည်။
ထိုလေ့လာချက်တွင် ပါဝင်သည့် နိုင်ငံ စုစုပေါင်း၏ ထက်ဝက်ကျော်ဖြစ်သော နိုင်ငံပေါင်း ၉၄ နိုင်ငံ၌ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်ကြား အဓိကကျသည့် ဒီမိုကရေစီ ညွှန်းကိန်းများထဲမှ ညွှန်းကိန်းတစ်ခု လျော့ကျခဲ့သည်ကို တွေ့ရှိခဲ့ရ သည်။
နှိုင်းယှဉ်ချက်အရ လေ့လာမှုတွင် ပါဝင်သည့် နိုင်ငံစုစုပေါင်း၏ ၃ ပုံ ၁ ပုံခန့်သာ ဒီမိုကရေစီ စွမ်းဆောင်ရည်များ မြင့်တက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။
"လက်ရှိ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ရဲ့ အခြေအနေက စိုးရိမ်နေရပါတယ်" ဟု IDEZ အတွင်းရေးမှူးချုပ် ကီဗင် ကာဆက် ဇမ်မိုရာ (Kevin Casas-Zamora) က ပြောကြားခဲ့သည်။

သတင်းထောက် ၂ ဦးကိုတွေ့ရစဉ်
အာဖရိကနိုင်ငံများသည် ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ် ကျဆင်းမှု စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဥရောပနိုင်ငံ များက ၂၅ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ ရှိနေကြောင်း လေ့လာချက်မှာ ဖော်ပြခဲ့သည်။
အနောက်အာရှသည် ဒီမိုကရေစီ စွမ်းဆောင်ရည် အနိမ့်ကျဆုံးဒေသဖြစ်ခဲ့သည်။
ထို့ပြင် ကမ္ဘာ့တိုက်ကြီး ၇ တိုက်တွင်ရှိသည့် နိုင်ငံပေါင်း ၄၃ နိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့်များ ကျဆင်းခဲ့ပြီး ထို ၄၃ နိုင်ငံအနက် အာဖရိကနိုင်ငံ ၁၅ နိုင်ငံနှင့် ဥရောပနိုင်ငံ ၁၅ နိုင်ငံ ပါဝင်ခဲ့သည်။
"ဒီမိုကရေစီရဲ့ ကျန်းမာရေးကို ပြသတဲ့ အဓိကညွှန်းကိန်းတွေထဲက တစ်ခုဖြစ်တဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ အခုလို အခြေအနေမျိုးအထိ ဆိုးရွားနေတာကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး" ဟု ဇမ်မိုရာက ပြောကြားခဲ့သည်။
စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်၊ ဘာကီနာဖာဆို၊ မြန်မာနှင့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်ခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 514
CNI International News
ဒိုဟာ ၊ စက်တင်ဘာ ၁၂
ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်ရှိ ဟားမာ့စ်ခေါင်းဆောင်များကို အစ္စရေးက ဆက်လက် တိုက်ခိုက်လာပါက စစ်ပွဲဖြစ်လာနိုင်လားဆိုကာ နိုင်ငံတကာက လေ့လာစောင့်ကြည့်နေကြသည်။
ကာတာနိုင်ငံ ဒိုဟာမြို့တော်ရှိ အဆောက်အအုံ တစ်ခုကို စက်တင်ဘာ ၉ ရက်က အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ရာထူးနိမ့် ဟားမာ့စ်ခေါင်းဆောင် ၅ ဦးနှင့် ကာတာလုံခြုံရေး တာဝန်ရှိသူ ၁ ဦးတို့ သေဆုံး ခဲ့ကာ ကာတာက အစ္စရေး၏ ထိုလေကြောင်း တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း DW သတင်း ဝက်ဘ်ဆိုက် တွင် ဖော်ပြခဲ့သည်။
ကာတာစော်ဘွား ရှိတ် တာမင် ဘင် ဟာမက် အယ် သာနီ(Sheikh Tamim bin Hamad Al Thani)က ထိုတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး အစ္စရေးအနေဖြင့် ထိုဂယက်ရိုက်မှုများအတွက် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

ဒိုဟာမြို့ရှိ ဟားမာ့စ် ခေါင်းဆောင်တွေ နေတဲ့အဆောက်အအုံကို အစ္စရေးဗုံးကြဲလိုက်စဉ်
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု( Benjamin Netanyahu)ကမူ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ၏ တိုက်ခိုက်မှုအား ကြိုးကိုင်ခဲ့သည့် ထိပ်သီး ဟားမာ့စ် ခေါင်းဆောင် များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သဖြင့် ထိုတိုက်ခိုက်မှုသည် အပြည့်အဝ တရားမျှတမှုရှိကြောင်း ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ ထိပ်သီးဆွေးနွေးညှိနှိုင်းသူ ခါလီအယ်ဟေရာ(Khalil al-Hayya)၏ သားဖြစ်သူ ဟီမန် အယ် ဟေရာ (Himam al-Hayya) သေဆုံးခဲ့ကြောင်း ဟားမာ့စ်က အတည်ပြု ထုတ်ပြန်ထားသည်။
ခါလီအယ်ဟေရာ(Khalil al-Hayya)နှင့် ဟားမာ့စ်ခေါင်းဆောင် ခါလစ်မက်ရှယ်(Khaled Meshaal) တို့နှစ်ဦးလုံး အဆောက်အအုံထဲတွင် ရှိနေခဲ့သော်လည်း အေအက်ဖ်ပီ သတင်းဌာနက ၎င်းတို့ကို ဆက်သွယ်နိုင်ခြင်း မရှိသေး ပေ။
ထိုတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲသည် ပိုမိုပျံ့နှံ့လာနိုင်ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သော်လည်း ကာတာနှင့် အစ္စရေးကြား တိုက်ရိုက်ပဋိပက္ခကို ဖြစ်ပွားလာနိုင်ခြေ မရှိကြောင်း ကျွမ်းကျင် သူများက လေ့လာသုံးသပ်ထားသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်
ထိုလေကြောင်း တိုက်ခိုက်မှုသည် ဒေသတစ်ခုလုံးကို သတိပေးချက်ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ကျွမ်းကျင် ပညာရှင်အဖွဲ့ဖြစ်သည့် Chatham House မှ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက စီမံကိန်းညွှန်ကြားရေးမှူး ဆာနမ်ဗာကီလ်(Sanam Vakil)က ပြောကြားခဲ့သည်။
သို့သော် အမေရိကန်နှင့် ခိုင်မာသော စီးပွားရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကြောင့် ပင်လယ်ကွေ့နိုင်ငံ များ အနေဖြင့် သတိကြီးကြီး ထားနေကြောင်း ၎င်းက သုံးသပ်ထားသည်။
ကာတာက အစ္စရေးကို စစ်ရေးအရ ပြန်လည်တုံ့ပြန် သွားဖွယ် မရှိသော်လည်း စီးပွားရေးဖိအားများ လုပ်ဆောင် နိုင်ကြောင်း နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ ဥရောပကောင်စီမှ သုတေသီ ဟုချ်လိုဗက်(Hugh Lovatt) က ပြောကြား ခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 461
CNI International News
ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၂
နီပေါနိုင်ငံတွင် ယာယီဝန်ကြီးချုပ်ကို ရွေးချယ်ရေးနှင့်ပတ်သက်ပြီး နီပေါစစ်တပ်က Gen Z ဆန္ဒပြသူများနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် စီစဉ်ထားကြောင်း နီပေါစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
နီပေါတွင် လူပေါင်း ၃၀ ခန့် သေဆုံးခဲ့ပြီး ဝန်ကြီးချုပ်ကို ရာထူးမှ နုတ်ထွက်စေခဲ့သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နောက် စက်တင်ဘာ ၁၀ ရက်၌ စစ်တပ်က လုံခြုံရေး အခြေအနေအား ဝင်ရောက်ထိန်းသိမ်းခဲ့သည်။
လက်ရှိတွင် နီပေါ ယာယီအစိုးရခေါင်းဆောင် ရာထူးနေရာအတွက် တရားရေးဝန်ကြီးဟောင်း ဆူရှီလာ ကာကီ (Sushila Karki) ကို ရွေးချယ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ကာကီသည် ၂၀၁၆ ခုနှစ်က တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပြီး နီပေါနိုင်ငံ၏ ပထမဆုံး အမျိုးသမီး တရားရေးဝန်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။
“ဆူရှီလာ ကာကီက ရိုးသားပြီး ရဲရင့်တဲ့သူပါ။ သူ့ကိုရွေးချယ်တာက မှန်ကန်တဲ့ ရွေးချယ်မှုပါ။ အမှန်တရားက စကားပြောတတ်မယ်ဆိုရင် ကာကီရဲ့ အသံမျိုး ထွက်လာပါလိမ့်မယ်” ဟု နီပေါတရားရေးဝန်ကြီးဟောင်း ကာကီကို ထောက်ခံသည့် အသက် ၃၄ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။

တရားရေးဝန်ကြီးဟောင်း ဆူရှီလာ ကာကီကို တွေ့ရစဉ်
အသက် ၇၃ နှစ်အရွယ် ကာကီသည် ယာယီအစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူရန် သဘောတူထား သော်လည်း ၎င်းအား ရာထူးခန့်အပ်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ခုကို ရှာဖွေရလိမ့်မည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
သို့သော် ဆန္ဒပြသူများကြား ကာကီကို ယာယီအစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခန့်အပ်ရေးနှင့် ပတ်သက် ပြီး သဘောထား ကွဲလွဲမှုများ ရှိနေဆဲဖြစ်ကြောင်း အခြားသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ကာကီနှင့် နီပေါစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတို့က မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိပေ။
လတ်တလောတွင် နီပေါနိုင်ငံ ခတ္တမန္ဒူ (Kathmandu) မြို့တော်နှင့် အနီးပတ်ဝန်းကျင် မြို့များတွင် ဈေးဆိုင်များ၊ စာသင်ကျောင်းများနှင့် ကောလိပ်များကို ပိတ်ထားဆဲဖြစ်သော်လည်း အခြေခံ ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်နေပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 498
CNI International News
ဝါဆော၊ စက်တင်ဘာ ၁၁
ပိုလန်က ၎င်း၏ လေပိုင်နက်အတွင်း ဝင်ရောက်လာသည့် ရုရှားဒရုန်းများကို စက်တင်ဘာ ၁၀ ရက်က ပစ်ချခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ပိုလန်သည် ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ရုရှားဒရုန်းများကို ပစ်ချခဲ့သည့် ပထမဆုံး နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့သည်။
ယူကရိန်းကို တိုက်ခိုက်ခဲ့သည့် ရုရှား၏ အကြီးစား လေကြောင်းတိုက်ခိုက်မှုအတွင်း ပိုလန် လေပိုင်နက်အတွင်းသို့ အရာဝတ္ထု ၁၉ ခု ဝင်ရောက်လာသဖြင့် ခြိမ်းခြောက်မှုဟု ယူဆကာ ထိုအရာများအား ပစ်ချခဲ့ကြောင်း ပိုလန်က ပြောကြားခဲ့သည်။
ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တာ့စ် (Donald Tusk) ကလည်း နေတိုးအဖွဲ့ သဘောတူစာချုပ်၏ အပိုဒ်ခွဲ ၄ ကို အသက်သွင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

ပိုလန်တိုက်လေယာဉ် အုပ်စုကိုတွေ့ရစဉ်
ထိုအပိုဒ်ခွဲ ၄ ကို ဖွင့်လိုက်ခြင်းဖြင့် ပိုလန်သည် နေတိုးမဟာမိတ် နိုင်ငံများထံမှ ဆွေးနွေး တိုင်ပင်မှုများကို တောင်းဆိုနိုင်မည်ဖြစ်သည်။
"ကျနော်တို့က အကြီးစား ရန်လိုမှုကို ဖြေရှင်းနေရပါတယ်။ အဲဒီလို ရန်စမှုတွေကို တွန်းလှန်ဖို့ ကျနော်တို့ဘက်က အသင့်ပြင်ထားပါတယ်။ အခြေအနေက စိုးရိမ်ရပါတယ်။ ကျနော်တို့ဟာ ဖြစ်လာနိုင်ခြေရှိတဲ့ စိတ်မှန်းဖြစ်နိုင်ခြေ အားလုံးအတွက် ပြင်ဆင်ထားတယ် ဆိုတာကို ဘယ်သူကမှ သံသယဖြစ်မှာ မဟုတ်ပါဘူး" ဟု တာ့စ်က ပြောကြား ခဲ့သည်။
ရုရှားဒရုန်းများသည် ပိုလန်လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်ခဲ့သည့် စွပ်စွဲချက်များသည် အခြေအမြစ် မရှိကြောင်းနှင့် ပိုလန်သည် ၎င်းတို့ ပစ်ချခဲ့သည့် ဒရုန်းများသည် ရုရှား၏ ဒရုန်းများ ဖြစ်သည်ဆိုသည့် သက်သေ အထောက်အထားများကို ပြသခဲ့ခြင်းမရှိကြောင်း ရုရှားသံတမန်တစ်ဦး၏ ပြောကြားချက်ကို ရုရှားနိုင်ငံပိုင် RIA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ပိုလန်နိုင်ငံအလံကို တွေ့ရစဉ်
ဥရောပအရာရှိ အချို့ကမူ ထိုကဲ့သို့ လေပိုင်နက် ချိုးဖောက်မှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ပြီး ရုရှား၏ စစ်ရေးအရှိန်မြှင့်သည့် လက္ခဏာဖြစ်ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၉ ရက် ညပိုင်းက ရုရှားဒရုန်းများကို ပစ်ချခဲ့သည့် ပူးတွဲစစ်ဆင်ရေးတွင် ပိုလန်၏ F-16 တိုက်လေယာဉ်များ၊ နယ်သာလန်၏ F-15 တိုက်လေယာဉ်၊ အီတလီ၏ AWACS ထောက်လှမ်းရေး လေယာဉ်များနှင့် နေတိုးအဖွဲ့က ပူးတွဲမောင်းနှင်သည့် လေထဲတွင် ဆီဖြည့်သည့် လေယာဉ်များ ပါဝင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ကနဦး လေ့လာချက်များအရ ဥရောပလေပိုင်နက်ထဲသို့ ရုရှား၏ ဒရုန်းများ ဝင်ရောက်မှုသည် မတော်တဆ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂ ထိပ်သီးသံတမန် ကာဂျာ ကဲလက်စ်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1097
CNI International News
ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၁
နီပေါနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဆန္ဒပြမှုများ၊ ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၁၀ ရက်၌ နီပေါစစ်သားများက ခတ္တမန္ဒူ (Kathmandu) မြို့တော်၏ လမ်းများပေါ်မှာ လုံခြုံရေးယူကာ အခြေအနေကို ထိန်းသိမ်းခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
နီပေါတွင် သောင်းနှင့်ချီသည့် ဆန္ဒပြသူများက အစိုးရအဆောက်အအုံများကို ဝင်ရောက်စီးနင်းခြင်း၊ မီးရှို့ခြင်း၊ နိုင်ငံရေးသမားများကို တိုက်ခိုက်ခြင်းတို့ ဖြစ်ပွားပြီးနောက် တရားဥပဒေစိုးမိုးရေးအား ပြန်လည်ထိန်းသိမ်းရန် အတွက် ပြည်သူများအနေဖြင့် နေအိမ်အတွင်းမှသာ နေထိုင်ကြရန် စစ်တပ်က အမိန့်ထုတ်ထားသည်။
ထို့ပြင် ခတ္တမန္ဒူမြို့တော်၌ ကာဖျူးမိန့် ထုတ်ပြန်ထားသဖြင့် လမ်းပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ်များ နှင့် လူများကို စစ်ဆေးမည်ဖြစ်ကြောင်း စစ်သားများက ပြောကြားခဲ့သည်။
စက်တင်ဘာ ၉ ရက်ကလည်း စစ်တပ်သည် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ယူ သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
"ဆူပူအုံကြွမှုတွေကို အခွင့်ကောင်းယူပြီး အချို့အဖွဲ့တွေက သာမန်ပြည်သူတွေနဲ့ အစိုးရရုံး အဆောက်အအုံတွေ ကို ဖျက်ဆီးတာ၊ ပစ္စည်းတွေ ဝင်ရောက် လုယက်တာနဲ့ မီးရှို့တာတွေ ပြုလုပ်နေတဲ့ ရာဇဝတ်မှုတွေကို ရပ်တန်းက ရပ်တန့်ဖို စစ်တပ်က သတိပေးပါတယ်" ဟု နီပေါစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နီပေါတွင် ဆန္ဒပြသူများက မီးရှို့နေစဉ်
ဆူပူအုံကြွမှုများအတွင်း ပစ္စည်းများကို ဝင်ရောက် လုယက်သည့် သံသယရှိသူ ၂၇ ဦးကို ဖမ်းဆီးထားကြောင်း လည်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၉ ရက် အစောပိုင်းက ဆန္ဒပြသူများသည် အစိုးရ အဆောက်အအုံများ၊ နိုင်ငံရေးသမားများ၏ နေအိမ်များကို မီးရှို့ခဲ့ပြီးနောက် ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ (KP Sharma Oli) သည် ရာထူးမှ နုတ်ထွက် ကြောင်း ကြေညာခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၉ ရက်က ဆန္ဒပြသူများ၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ စစ်ဆေးရေး ဂိတ်စခန်းများကို စွန်ခွာထွက်ပြေးခဲ့ပြီးနောက် ခတ္တမန္ဒူမြို့တော်နှင့် အခြားမြို့များရှိ အကျဉ်းထောင် များတွင် ရာနှင့်ချီသည့် အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
နီပေါနိုင်ငံတွင် လူမှုမီဒီယာ ပလက်ဖောင်း ၂၆ မျိုးကို ပိတ်ပင်လိုက်ပြီးနောက် နိုင်ငံတစ်ဝန်းရှိ လူငယ်များ ဆန္ဒပြ ခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။
ထို့နောက် ပိတ်ပင်ထားသည့် လူမှုမီဒီယာများကို ပြန်ဖွင့်ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာခဲ့ သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 483
CNI International News
ဒိုဟာ၊ စက်တင်ဘာ ၁၁
အစ္စရေးက ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့တော်ရှိ ဟားမာ့စ်ခေါင်းဆောင်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု DW သတင်းတွင် ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ဟားမာ့စ်အဖွဲ့၏ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းသူများ အပါအဝင် ဟားမာ့စ်ထိပ်သီး ခေါင်ဆောင်များကို ပစ်မှတ်ထားကြောင်း အစ္စရေးက ပြောကြားခဲ့သည်။
ကာတာနိုင်ငံကမူ အစ္စရေး၏ တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေနှင့် ကာတာ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။
ထို့ပြင် နိုင်ငံတကာကလည်း ကာတာနိုင်ငံအတွင်းသို့ တိုက်ခိုက်ခဲ့သော အစ္စရေးကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့ ကြသည်။
အစ္စရေးသည် ဒိုဟာမြို့တော်ရှိ နိုင်ငံခြားသံရုံးများ၊ စာသင်ကျောင်းများ၊ စူပါမားကက်များနှင့် လူနေတိုက်ခန်း အိမ်ရာများတည်ရှိသည့် West Bay Lagoon ဒေသကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးအရာရှိတွေကိုတွေ့ရစဉ်
ထိုတိုက်ခိုက်မှုသည် ဟားမာ့စ်အဖွဲ့၏ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းသူများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ဟားမာ့စ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုသည် အစ္စရေးက ကာတာကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။
ဟားမာ့စ်အဖွဲ့၏ နိုင်ငံရေး ခေါင်းဆောင်များသည် ဒိုဟာမြို့တော်တွင် လွန်ခဲ့သည့် နှစ်များကတည်းက အခြေချ နေထိုင်ခဲ့ကြသည်။
အစ္စရေးအရာရှိတစ်ဦးက ထိုတိုက်ခိုက်မှုသည် ကာတာတွင် နေထိုင်သည့် ဂါဇာဒေသ အကြီးအကဲနှင့် ဟားမာ့စ် အဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအရာရှိ ခါလီ အယ်ဟေယာ (Khalil al-Hayya) အပါအဝင် ဟားမာ့စ်ခေါင်းဆောင် များကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ကမူ အစ္စရေး၏ ဂျေရုဆလင် (Jerusalem) မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကို တုံ့ပြန်သည့် အနေဖြင့် ဒိုဟာမြို့တော်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကာတာနိုင်ငံအတွင်း အစ္စရေးတိုက်ခိုက်မှုကို တွေ့ရစဉ်
စက်တင်ဘာ ၈ ရက်က အစ္စရေး၏ အရှေ့ဂျေရုဆလင်ရှိ ဘတ်စ်ကား မှတ်တိုင်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့သည် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ဒိုဟာတွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုသည် တရားမျှတမှုရှိသည်ဟု ယူဆကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။
ဟားမာ့စ်အဖွဲ့ကမူ ဒိုဟာတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ့ဝင် ၅ ဦး သေဆုံးသွား ခဲ့သော်လည်း ထိပ်သီးခေါင်းဆောင်သည် အသက်ရှင်လျက် လွတ်မြောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 638
CNI International News
နယူးဒေလီ၊ စက်တင်ဘာ ၁၁
အိန္ဒိယသည် မြန်မာနိုင်ငံရှိ အင်အားကြီးသူပုန်အဖွဲ့ KIA ၏ အကူအညီဖြင့် မြန်မာနိုင်ငံမှ မြေရှားသတ္တုနမူနာများ ကို ရရှိရန် ကြိုးပမ်းနေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ် ၄ ဦး၏ ပြောကြားချက်အား ကိုးကားပြီး ရိုက်တာမှ ဖော်ပြခဲ့ ခြင်းဖြစ်သည်။
တရုတ်က မြေရှားသတ္တုများ တင်ပို့ရောင်းချမှုများကို တင်းကျပ်စွာ ထိန်းချုပ်ခဲ့သဖြင့် အိန္ဒိယသည် မြေရှား သတ္တုများအား အခြားနေရာမှ ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
အိန္ဒိယသတ္တုတွင်းဝန်ကြီးဌာနက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ သတ္တုတွင်းများမှ နမူနာများကို စုဆောင်းရယူရန်အတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများအား တိုက်တွန်းထားကြောင်း သတင်းရင်းမြစ် ၃ ဦးက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
အိန္ဒိယနိုင်ငံပိုင် IREL ကုမ္ပဏီနှင့် ပုဂ္ဂလိကပိုင် Midwest Advanced Materials ကုမ္ပဏီတို့သည် မြေရှားသတ္တု သံလိုက်များ စီးပွားဖြစ် ထုတ်လုပ်ရေးအတွက် ပြီးခဲ့သည့်နှစ်က အစိုးရထံမှ ရန်ပုံငွေများ လက်ခံရရှိခဲ့သည်ဟု ဆိုသည်။
အိန္ဒိယအစိုးရက လျှပ်စစ်ကားများနှင့် အခြားခေတ်မီပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် သံလိုက်များ အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်မည့် မြေရှားသတ္တု နမူနာများကို ပြည်တွင်း ဓာတ်ခွဲခန်းများ၌ စမ်းသပ်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။
ဇူလိုင်လအတွင်းက အိန္ဒိယသတ္တုတွင်းဝန်ကြီးဌာနသည် နိုင်ငံပိုင် IREL ကုမ္ပဏီနှင့် ပုဂ္ဂလိကပိုင် Midwest Advanced Materials ကုမ္ပဏီတို့နှင့် အွန်လိုင်းမှ အစည်းအဝေး ပြုလုပ်ပြီး ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အိန္ဒိယအစိုးရသည် ပြည်ပမှ အစိုးရမဟုတ်သည့် အခြားအဖွဲ့အစည်း တစ်ခုနှင့် ထိတွေ့ဆက်ဆံနေ သော အချက်ကို ထင်ရှားပေါ်လွင်စေခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံက မြေရှားသတ္တုများကို ထုတ်ပိုးထားစဉ်
KIA သည် အိန္ဒိယ ကျွမ်းကျင်သူများအတွက် သတ္တုနမူနာများကို စတင် စုဆောင်းပေးနေကြောင်း KIA ၏ အရာရှိ တစ်ဦးဖြစ်သည့် စတုတ္ထမြောက် သတင်းရင်းမြစ် ၁ ဦးက ပြောကြားခဲ့သည်။
KIA သည် အိန္ဒိယသို့ မြေရှားသတ္တု အများအပြား တင်ပို့ရောင်းချရန် ဖြစ်နိုင်မည်ဆိုပါက မြေရှား နမူနာများကို လေ့လာခွင့်ပေးရန် သဘောတူခဲ့သည်ဟုလည်း အမည်မဖော်လိုသည့် KIA အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယနှင့် KIA တို့၏ ထိတွေ့ဆက်ဆံမှု အသေးစိတ်ကို ရိုက်တာသတင်းဌာနက ပထမဆုံးအကြိမ် သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက် တောင်းခံမှုကို အိန္ဒိယနိုင်ငံခြားရေးနှင့် သတ္တုတွင်းဝန်ကြီးဌာနများက တုံ့ပြန်ခဲ့ခြင်းမရှိပေ။
ထို့ပြင် KIA အဖွဲ့ကလည်း ရိုက်တာသတင်းဌာန၏ ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ် ပေးပို့မှုများကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။
ထို့အတူ IREL နှင့် Midwest ကုမ္ပဏီတို့ကလည်း မှတ်ချက်ပေးရန် တောင်းဆိုချက်များကို ဖြေကြားခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
