
- By CNI
- Category: နိုင်ငံရေး
- Hits: 516
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁
အမေရိကန်သည် ယခုနှစ်အစောပိုင်းက အိုင်အက်စ်စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ရန် ဆီးရီးယားရှိ အမေရိကန် တပ်ဖွဲ့ဝင် အင်အားကို ၂ ဆကျော် တိုးမြှင့်ခဲ့ကြောင်း ပင်တဂွန်က ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ဖော်ပြောဆို ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ တိုးမြှင့်ချထားခဲ့သည့် စစ်သားများသည် ဆီးရီးယားတွင် နောက်ထပ် လအနည်းငယ်ကြာ သို့မဟုတ် တစ်နှစ်ကျော်ကြာသည်အထိ ဆီးရီးယားတွင် ဆက်လက် တပ်စွဲထားမည်ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပတ် ရိုက်ဒါ (Pat Ryder) က ပြောသည်။
အမေရိကန်သည် လွန်ခဲ့သည့် နှစ်များအတွင်း ဆီးရီးယားတွင် စစ်သား ၉၀၀ ခန့် ဖြန့်ကြက်ချထားခဲ့ကြောင်း သို့သော် လက်ရှိအချိန်တွင် စစ်သားအင်အား ၂၀၀၀ ခန့်ရှိနေကြောင်း ရိုက်ဒါက ဆိုသည်။
ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပတ်ရိုက်ဒါကို တွေ့ရစဉ်
ဆီးရီးယားတွင် ဒီဇင်ဘာ ၈ ရက်က သမ္မတ ဘာရှာအာဆတ် (Bashar Assad) နိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့များ တပ်စွဲထားသည့် အခြေအနေနှင့်ပတ်သက်ပြီး မကြာခဏ မေးမြန်းခံခဲ့ရသည်။
သို့သော် အမေရိကန်အာဏာပိုင်များက ဆီးရီးယားတွင် အမေရိကန်စစ်သား အရေအတွက် ၉၀၀ သာရှိကြောင်း ထပ်တလဲလဲ ပြောကြားခဲ့ပြီး စစ်ကူများ စေလွှတ်ခဲ့သည့် အကြောင်းကိုမူ ယခင်က ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။
ဒီဇင်ဘာ ၁၉ ရက်က ထုတ်ဖော်ပြောဆိုခဲ့သည့် ဆီးရီးယားသို့ ထပ်မံ စေလွှတ်ခဲ့သည်ဆိုသော အမေရိကန်စစ်သား များသည် ဆီးရီးယားတွင် ယာယီသာ တပ်စွဲမည့် စစ်သားများဖြစ်ကြောင်း ရိုက်ဒါက ပြောသည်။
အမေရိကန်တပ်ဖွဲ့ကိုတွေ့ရစဉ်
သို့သော် ထိုစစ်သားများကို အာဆတ် အစိုးရအဖွဲ့ ပြုတ်မကျခင် ယခုနှစ် အစောပိုင်းကတည်းက စေလွှတ်ခဲ့ခြင်း ဖြစ်သဖြင့် ထိုသို့ စစ်သားအင်အား တိုးမြှင့်မှုသည် အာဆတ် အစိုးရပြုတ်ကျမှုနှင့် သက်ဆိုင်မှုမရှိကြောင်း ၎င်းက ဆိုသည်။
ဆီးရီးယားတွင် သူပုန်အဖွဲ့က အာဆတ် အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အာဏာလေဟာနယ် ဖြစ်ပွားနေချိန်၌ အမေရိကန်က ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ် ပစ်မှတ်များကို လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့် တင်ခဲ့သည်။
ထို့ပြင် အမေရိကန်သည် အီရတ်တွင်လည်း အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်ရန် အမေရိကန်စစ်သား ၂၅၀၀ ကို ဖြန့်ကြက်ချထားသည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 584
CNI International News
မော်စကို၊ ဒီဇင်ဘာ ၂၁
ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ယူကရိန်းစစ်ပွဲရပ်ဖို့ အရေးနှင့်ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အပေးအယူလုပ် ဆွေးနွေးရန် အသင့်ရှိကြောင်း ဒီဇင်ဘာ ၁၉ ရက် တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်နှင့် ဆွေးနွေးခဲ့မည်ဆိုပါက ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနှင့်ပတ်သက်ပြီး ရုရှားဘက်မှ အလျှော့၊ အတင်း ပြုလုပ်ပေးရန် အသင့်ရှိသည်ဟုလည်း ပူတင်က ပြောကြားခဲ့သည်။
ထို့နောက် ယူကရိန်း အာဏာပိုင်များနှင့် ဆွေးနွေးမှုများ စတင်ရန်အတွက် ကြိုတင်သတ်မှတ်ချက်များမရှိဟု ၎င်းက ဆိုသည်။
သူ့ကိုယ်သူ ပြဿနာများအား ကြားဝင်ဖြေရှင်းရာတွင် ဆရာတစ်ဆူအဖြစ် ပုံဖော်ထားသည့် ထရမ့်က ယူကရိန်း ပဋိပက္ခကို လျင်မြန်စွာ အဆုံးမည်ဟု ပြောကြားခဲ့သော်လည်း အချိန်ဇယား အတိအကျကို ထုတ်ဖော်ပြောဆို ခဲ့ခြင်းမရှိပေ။
ပူတင်သည် နှစ်စဉ်ကျင်းပနေကျ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲတွင် ရုရှားနိုင်ငံသားများနှင့် အမေးအဖြေ ပြုလုပ်ခဲ့ ချိန်၌ သူ့အနေဖြင့် နှစ်အနည်းငယ်လောက် စကားမပြောခဲ့သည့် ထရမ့်နှင့်တွေ့ဆုံရန် အသင့်ရှိကြောင်း အမေရိကန် သတင်းချန်နယ်မှ သတင်းထောက်တစ်ဦးကို ပြောကြားခဲ့သည်။
ပူတင်ကို တွေ့ရစဉ်
ပူတင် အနေဖြင့် ထရမ့်ကို အစည်းအဝေးလုပ်ရန် ကမ်းလှမ်းဖွယ် ရှိ/မရှိ မေးမြန်းခံရချိန်တွင် ပူတင်က ရုရှားသည် အားနည်းသည့် အနေအထားသို့ ရောက်ရှိနေသည်ဆိုသည့် ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။
ရုရှားသည် ၂၀၂၂ ခုနှစ်က ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်ကထက် ပိုမိုအင်အား တောင့်တင်းလာခဲ့ ကြောင်း ၎င်းက ပြောကြားခဲ့သည်။
"ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ အပေး/အယူတွေ လုပ်ဖို့အတွက် အသင့်ရှိတယ်ဆိုတာ ကျနော်တို့ အရင်ကတည်းက ပြောပြီးပါပြီ" ဟု ပူတင်က ပြောကြားခဲ့ပြီး ရုရှားတပ်များသည် ယူကရိန်းစစ်မြေပြင်တွင် အသာစီးရနေသည်ဟု ဆိုသည်။
"မကြာခင်အချိန်မှာပဲ ယူကရိန်းဘက်က တိုက်ခိုက်ပေးချင်တဲ့ ယူကရိန်းနိုင်ငံသားတွေဟာ ကုန်တော့မှာပါ။ ကျနော့်အထင်တော့ မကြာခင်မှာ ယူကရိန်းဘက်က တိုက်ခိုက်ချင်တဲ့သူတောင် ရှိလာတော့မှာ မဟုတ်ပါဘူး" ပူတင်က ပြောကြားခဲ့သည်။
ပူတင်ကို တွေ့ရစဉ်
ပြီးခဲ့သည့် လကလည်း ပူတင်က ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးရန် ပြောကြားခဲ့သော်လည်း ရုရှားတပ်များ သိမ်းပိုက်ထားသည့် နေရာများကို ပြန်ပေးမည် မဟုတ်ဘဲ ယူကရိန်းကိုလည်း နေတိုးအဖွဲ့ထဲဝင်မည့် ရည်မှန်းချက်ကို စွန့်လွှတ်ရန် ပြောကြားထားသည်။
ပူတင်က ယူကရိန်းနှင့် ဆွေးနွေးမှုများ စတင်ရန် စည်းကမ်းချက်များ သတ်မှတ်မထားကြောင်း၊ ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) အပါအဝင် အားလုံးနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
သို့သော် မည်သည့် သဘောတူညီချက်ကိုမဆို ယူကရိန်း၏ တရားဝင်မှုရှိသည့် အာဏာပိုင်များနှင့်သာ လက်မှတ် ရေးထိုးနိုင်မည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ပူတင်သည် ယူကရိန်းသမ္မတ ဇာလန်းစကီးကို တရားဝင်မှုရှိသည့် အာဏာပိုင်အဖြစ် သတ်မှတ်မထားဘဲ ယူကရိန်း လွှတ်တော်ကိုသာ တရားဝင်မှုရှိသော အာဏာပိုင်အဖြစ် ယူဆထားသည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 453
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၁
ပိုမိုတောက်ပသည့် အနာဂတ်ကို ထူထောင်ရန် ထိုင်းနိုင်ငံ၏ ခေတ်မီနည်းပညာနှင့် ပြိုင်ဘက်ကင်း ခိုင်မာ အား ကောင်းမှုတို့ကို ပေါင်းစပ်လုပ်ဆောင်ခြင်းဖြင့် ထိုင်းနိုင်ငံ၏ အနာဂတ်ကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ကတိပြုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၄ စုအတွင်း ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အကြီးစားစက်မှုလုပ်ငန်းများနှင့် ကုန်ပစ္စည်း အများအပြား ထုတ်လုပ်မှုအပေါ် အာရုံစိုက်သည့် မဟာဗျူဟာများအပေါ် မှီခိုခဲ့ကြောင်း ပေတုန်တန် က ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် ဘန်ကောက်ပို့စ် ဖိုရမ် ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
သို့သော်လည်း လက်ရှိတွင် ဂလိုဘယ်လိုက်ဇေးရှင်း အနေအထား လျင်မြန်စွာ တိုးတက်လာမှုကြောင့် ထိုမဟာဗျူဟာများသည် ယခင်ကလောက် အလုပ်မဖြစ်တော့ဘဲ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပေတုန်တန်က ပြောသည်။
"ထိုင်းနိုင်ငံက လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ ကျမတို့ဟာ ကျမတို့ရဲ့ ခိုင်တာတောင့်တင်းမှုကို ထင်ဟပ် စေနိုင်တဲ့ ပေါ်လွင်ထင်ရှားပြီး ဆန်းသစ်တီထွင်မှုရှိတဲ့ နည်းလမ်းတွေကို ဖော်ဆောင်ရပါမယ်" ဟု ၎င်းက ပြောသည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
"ကျမတို့ရဲ့ အလားအလာက တခြားသူနဲ့မတူတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် ကျမတို့နိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ တည်နေရာ၊ များပြားတဲ့ သဘာဝသယံဇာတနဲ့ ကျမတို့ ပြည်သူတွေရဲ့ဖန်တီးနိုင်စွမ်းတွေဟာ ကျမတို့ကို အခြားသူတွေနဲ့မတူဘဲ ကွဲထွက်စေခဲ့ပါတယ်" ဟု ပေတုန်တန်က ပြောသည်။
ထိုင်းနိုင်ငံတွင် အလွန်အားသာမှုရှိသည့် အချက် ၂ ချက်ရှိနေကြောင်း၊ ထိုအချက် ၂ ချက်မှာ ဒေသတွင်း အဓိက ကျသည့် တည်နေရာရှိနေမှုနှင့် သဘာဝသယံဇာတ ပေါကြွယ်ဝမှုတို့ဖြစ်ကြောင်း၊ ထိုအားသာချက်များဖြင့် ချမ်းသာကြွယ်ဝရေးကို အောင်မြင်အောင် လုပ်ဆောင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ပထဝီရှုထောင့်အရ ထိုင်းနိုင်ငံ၏ တည်နေရာသည် အရှေ့တောင်အာရှမှာ ဗဟိုချက်တွင် တည်ရှိနေသဖြင့် ထိုင်းသည် သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် အပြန်အလှန် ထိတွေ့ဆောင်ရွက်မှုတို့အတွက် ဆုံချက်တစ်ခု ဖြစ်လာခဲ့သည်။
"အမြန်ရထားလမ်းတွေ၊ လေယာဉ်ကွင်းတွေနဲ့ အအေးခန်းတွေထားပြီး ပို့ရတဲ့ ကုန်စည်ကွင်းဆက် (ဥပမာ၊ ကာကွယ်ဆေး၊ ဓာတုပစ္စည်း၊ ပင်လယ်စာ၊ အသားနှင့် နို့ထွက်ပစ္စည်းများ) တည်ဆောက်မယ့် အစီအစဉ်တွေနဲ့ အတူ ကျမတို့ဟာ နယ်စပ်ဒေသတွေအနှံ့ ကုန်စည်တွေ၊ လူတွေနဲ့ အယူအဆတွေ စီးဆင်းမှုကို တိုးမြှင့်ပေးနိုင်ပါ လိမ့်မယ်" ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် ဆက်ဆံရေးများကို ထူထောင်ရန်နှင့် ပထဝီနိုင်ငံရေး ပဋိပက္ခများ ဖြစ်ပွားနေ ချိန်တွင် ထိုင်းနိုင်ငံကို အရှေ့နှင့် အနောက်အကြား ပေါင်းကူးတံတားတစ်ခုအဖြစ် ဖော်ဆောင်သွားမည်ဟုလည်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: The Nation

- By CNI
- Category: နိုင်ငံရေး
- Hits: 424
CNI International News
နယူးဒေလီ၊ ဒီဇင်ဘာ ၂၁
မြန်မာနိုင်ငံတွင် ခိုလှုံနေထိုင်ပြီး မြန်မာပြည်တွင်းစစ်၌ ပါဝင်တိုက်ခိုက်နေသည့် အိန္ဒိယစစ်သွေးကြွအုပ်စုများသည် ယခုနှစ်အတွင်း အိန္ဒိယနယ်စပ်ကိုဖြတ်ကာ မဏိပူရ (Manipur) ပြည်နယ်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း အိန္ဒိယလုံခြုံရေးအရာရှိများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် မဏိပူရပြည်နယ်တွင် ပြိုင်ဘက် လူမျိုးစုများအကြား ၁၉ လကြာ ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထိုလူမျိုးရေးပဋိပက္ခသည် မဏိပူရပြည်နယ်ကို ကြီးစိုးထားပြီး ဟိန္ဒူအများစုဖြစ်သည့် ကသည်းလူမျိုးစုနှင့် ခရစ်ယာန် အများစုဖြစ်သော ကူကီးလူမျိုးစုများအကြား အကြမ်းဖက်မှုများ ပိုမိုမြင့်တက်ခဲ့သည်။
ထိုလူမျိုးရေးပဋိပက္ခသည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) အစိုးရအဖွဲ့ သက်တမ်း ၁၁ နှစ်အတွင်း တရားဥပဒေစိုးမိုးမှုမရှိသည့် အကြီးမားဆုံး ကျရှုံးမှုဖြစ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလက စတင်ဖြစ်ပွားခဲ့သည့် ထိုလူမျိုးရေး ပဋိပက္ခအတွင်း လူ ၂၆၀ ခန့်သေဆုံးကာ လူပေါင်း ၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
အိန္ဒိယလုံခြုံရေးရဲဘော် တစ်ဦးကိုတွေ့ရစဉ်
အိန္ဒိယ၏ ပြိုင်ဘက် လက်နက်ကိုင် အုပ်စုများသည် နယ်စပ်ကိုဖြတ်ပြီး မဏိပူရပြည်နယ်အတွင်း ဝင်ရောက် လာသဖြင့် ပဋိပက္ခသည် ပိုမိုပျံ့နှံ့လာခဲ့ကြောင်း အိန္ဒိယစစ်တပ်နှင့် ရဲအရာရှိများ၊ နိုင်ငံရေးသမားများနှင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုအိန္ဒိယစစ်သွေးကြွ အဖွဲ့များသည် ရော့ကက်လောင်ချာများ အပါအဝင် ခေတ်မီဆန်းသစ်သည် လက်နက်များ ကိုင်ဆောင်ထားပြီး နိုဝင်ဘာ ၁ လအတွင်းမှာပင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လူ ၂၀ သေဆုံးခဲ့သည်။
ထိုအခြေအနေကို တုန့်ပြန်သည့် အနေဖြင့် အိန္ဒိယအစိုးရက မဏိပူရပြည်နယ်တွင် စစ်သား ၁၀,၀၀၀ ကျော် ဖြန့်ကြက်ချထားကြောင်း ကြေညာခဲ့၍ အဆိုပါ ပြည်နယ်တွင် စစ်သားအင်အား ၆၇,၀၀၀ နီးပါးရှိလာပြီး ရဲတပ်ဖွဲ့ အင်အားလည်း ၃၀,၀၀၀ အထိ ရှိနေသည်။
ပဋိပက္ခများ အရှိန်မြင့်တက်လာမှုနှင့်အတူ ပြိုင်ဘက် အဖွဲ့များအကြား လက်နက်များ ဝယ်ယူရေးနှင့် စစ်ဆင်ရေး များ ပြုလုပ်ရန် ငွေကြေးရှာသည့် အနေဖြင့် ခြိမ်းခြောက် ငွေညှစ်မှုများ၊ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု များ အပါအဝင် ရာဇဝတ်မှုများလည်း မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 569
CNI International News
တိုကျို၊ ဒီဇင်ဘာ ၂၀
ထိုင်းနိုင်ငံ၏ အကြီးဆုံး အတိုက်အခံပါတီ ခေါင်းဆောင်ဟောင်း ပီတာလင်မ်ဂျာရွန်ရတ် (Pita Limjaroenrat) က တစ်နေ့နေ့တွင် ထိုင်းဝန်ကြီးချုပ်ရာထူး နေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
"နိုင်ငံရေး ပြန်လှုပ်ရှားနိုင်မယ့် အချိန်ကို စောင့်နေပါတယ်။ တကယ်လို့ ပါတီရဲ့ ထောက်ခံမှုနဲ့ လူထုရဲ့ ထောက်ခံမှု ကို ရမယ်ဆိုရင် ကျနော် ထိုင်းဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားသွား မှာပါ" ဟု ပီတာက ပြောကြားခဲ့သည်။
"ဒါက ကျနော့်ရဲ့ ကိုယ်ရေးကိုယ်တာ ရွေးချယ်မှု မဟုတ်ပါဘူး။ အင်စတီကျူးရှင်းနဲ့ ဆိုင်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်”ဟု ပီတာက ဒီဇင်ဘာ ၁၇ ရက်က ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်တွင် ပြုလုပ်သည့် ဟောပြောပွဲ အတွင်း သတင်းများနှင့်တွေ့ဆုံချိန် ပြောကြားခဲ့သည်။
ပီတာသည် ၂၀၂၃ ရွေးကောက်ပွဲတွင် MFP ပါတီကို ဦးဆောင်ကာ မဲအများစု အနိုင်ရရှိခဲ့သော်လည်း အထက် လွှတ်တော်ရှိ ကွန်ဆာဗေးတစ် အင်အာစု၏ တားမြစ်ပိတ်ပင်မှုကြောင့် ဝန်ကြီးချုပ် မဖြစ်ခဲ့ဘဲ MFP သည် အတိုက်အခံအဖြစ်သာ ရပ်တည်ခဲ့ရသည်။
ပီတာလင်မ်ဂျာရွန်ရတ်နဲ့ လူငယ်တွေ တွေ့ဆုံစဉ်
ဩဂုတ်လက Move Forward ပါတီ (MFP) ခေါင်းဆောင်ဟောင်း ပီတာနှင့် ပါတီအလုပ်အမှုဆောင် ၁၁ ဦးသည် နိုင်ငံရေးလှုပ်ရှားခွင့် ၁၀ နှစ်ကြာ ပိတ်ပင်ခံထားရပြီး MFP ပါတီလည်း ဖျက်သိမ်းခံခဲ့ရသည်။
MFP သည် တော်ဝင်မိသားစုအား ကာကွယ်ပေးထားသည့် တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲ မည်ဆိုသည့် မဲဆွယ် ကတိကဝတ်သည် အခြေခံဥပဒေကို ချိုးဖောက်ကြောင်း အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီကို ဖျက်သိမ်းရန် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။
သို့သော် MFP ၏ လွှတ်တော်အမတ် ၁၄၃ ဦးသည် လွှတ်တော်တွင် ၎င်းတို့၏ နေရာများကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ပြီး ပြည်သူ့ပါတီ အမည်ရှိ ပါတီသစ်တစ်ခု ပြောင်းလဲထူထောင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်ကလည်း MFP ၏ နောင်တော်ပါတီဖြစ်သည့် Future Forward ပါတီသည် (FFP) ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုဖြင့် ဖျက်သိမ်းခံခဲ့ရပြီးနောက် FFP ပါတီဝင်များသည် MFP အမည်ဖြင့် ပါတီသစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
Source: Nikkei Asia

- By CNI
- Category: နိုင်ငံရေး
- Hits: 531
CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၂၀
အနောက်မဟာမိတ်နိုင်ငံများက တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol)၏ တရုတ်နှင့် မြောက်ကိုရီးယားအပေါ် ထားရှိသည့် ပြတ်သားသော ရပ်တည်ချက်ကို ချီးကျူးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
ယွန်း၏ "ကမ္ဘာ့အချက်ချာကျသောနိုင်ငံ" မူဝါဒသည် ထိုင်ဝမ်နှင့် ယူကရိန်း အရေးကဲ့သို့သော ပြဿနာရပ်များတွင် အမေရိကန် အပါအဝင် နေတိုးအဖွဲ့နှင့်အတူ သဘောထား တစ်သားတည်း ကျလျက်ရှိသည်ဟု အနောက် မဟာမိတ်နိုင်ငံများက ချီးကျူးခဲ့ကြသည်။
သို့သော် ယွန်းသည် တောင်ကိုရီးယားနိုင်ငံ၌ပင် တင်းမာမှုများ မြင့်တက်နေသည့် အခြေအနေနှင့် ကြုံတွေ့နေ ရသည်။
အနောက်သံတမန်များသည် ယွန်း၏ နိုင်ငံခြားရေးမူဝါဒ အပေါ်ကိုသာ အာရုံစိုက်ထားသော်လည်း တောင်ကိုရီးယားနိုင်ငံအတွင်း ပြဿနာများကို လျစ်လျူရှုထားကြောင်း ကျွမ်းကျင်သူများက ပြောသည်။။
ဒီဇင်ဘာ ၃ ရက်က ယွန်းသည် အကြောင်းပြချက် ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်းမရှိဘဲ စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာခဲ့၍ တောင်ကိုရီးယားပြည်သူများက လွှတ်တော်ရှေ့တွင် ဆန္ဒပြခဲ့ကြသည်။
သမ္မတယွန်းဆော့ရွဲကို ဆန္ဒပြနေကြစဉ်
ထို့ကြောင့် တောင်ကိုရီးယား၏ ဝမ်ငွေ တန်ဖိုးလည်း ကျဆင်းသွားခဲ့သည်။
လွှတ်တော်က ယွန်းအား စွပ်စွဲပြစ်တင်ရန် မဲပေးခဲ့ပြီးနောက် ထိုအမှုကို အခြေခံဥပဒေဆိုင်ရာ တရားရုံးက ရက်ပေါင်း ၁၈၀ အတွင်း စီရင်ချက် ချမည်ဖြစ်သည်။
ထိုကာလအတွင်း ယွန်းသည် သမ္မတအဖြစ်မှ ဆိုင်းငံ့ခံခဲ့ရကာ ဝန်ကြီးချုပ် ဟန်ဒွတ်ဆူး(Han Duck-soo)က ယာယီသမ္မတအဖြစ် တာဝန်ယူထားသည်။
ယွန်း၏ နိုင်ငံရေးဆိုင်ရာ အားနည်းနေမှု အခြေအနေသည် ဒီမိုကရေစီ ကာကွယ်မည်ဟူသော ၎င်း၏ ကတိကဝတ်ကို သစ္စာဖောက်ရာ ရောက်နေကြောင်း သံတမန်ဟောင်း ဖိလစ်တာနာ(Philip Turner)က ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 580
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က လွှတ်တော်မှ ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန်ပါတီတို့၏ ဘတ်ဂျက်မူကြမ်းကို ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက ငြင်းပယ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် အမေရိကန်လွှတ်တော်သည် အစိုးရအဖွဲ့ယန္တရားများ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းသွားမည့် အရေးကို ရှောင်လွှဲနိုင်ရန် အချိန် ၂ ရက်အတွင်း လုပ်ဆောင်ရမည်ဖြစ်သည်။
ထရမ့်က မိမိစတင်ရုံးထိုင်မည့် ဇန်နဝါရီ ၂၀ ရက်မတိုင်မီ နိုင်ငံကြွေးမြီ မြင့်တက်နေမှုကို အလေးထားကြရန် လွှတ်တော်အမတ်များကို တောင်းဆိုခဲ့သည်။
ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်တွင် အပြီးသတ် အတည်ပြုရမည့် အစိုးရဘတ်ဂျက်အတွက် ဥပဒေမူကြမ်းကို ငြင်းပယ်ရန် ထရမ့်က လွှတ်တော်ရှိ ၎င်း၏ ရီပတ်ဘလစ်ကန် အမတ်များအား ဖိအားပေးခဲ့သည်။
လွှတ်တော်၏ အတည်ပြုချက် မရပါက အမေရိကန်အစိုးရသည် ဒီဇင်ဘာ ၂၁ ရက်မှစပြီး ရုံးဌာနအချို့နှင့် လုပ်ငန်းအချို့ ရပ်ဆိုင်းဖွယ်ရှိသည်။
အမေရိကန် အိမ်ဖြူတော်ကို တွေ့ရစဉ်
ထိုကဲ့သို့ အစိုးရအဖွဲ့ယန္တရား ရပ်ဆိုင်းမည်ဆိုပါက ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ် အားလပ်ရက်အထိ လေကြောင်း သွားလာရေး ခရီးစဉ်များမှအစ ရဲတပ်ဖွဲ့ကဲ့သို့ တရားဥပဒေ စိုးမိုးရေးအေဂျင်စီများ၏ လှုပ်ရှားလည်ပတ်မှုလည်း ရပ်တန့်သွားမည်ဖြစ်သည်။
လွှတ်တော်အတွင်းရှိ ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များသည် လက်ရှိ အမေရိကန် အစိုးရ၏ ဘတ်ဂျက်ကို ၂၀၂၄ ခုနှစ်၊ မေလအထိ သက်တမ်းတိုးမည့် ဥပဒေမူကြမ်းကို ဒီဇင်ဘာ ၁၇ ရက်က သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
ထရမ့်ကမူ ထိုဥပဒေမူကြမ်းကို ထောက်ခံမည့် ရီပတ်ဘလစ်ကန် အမတ်များ အနေဖြင့် ၎င်း အာဏာရလာချိန်၌ လွှတ်တော်တွင်ဆက်ရှိရန် သေချာမည် မဟုတ်ကြောင်း သတိပေးခဲ့သည်။
"ဒီဥပဒေမူကြမ်းကို မဲပေးတဲ့ ရီပတ်ဘလစ်ကန် အမတ်တိုင်းဟာ လာမယ့် လွှတ်တော်ရွေးကောက်ပွဲမှာ ပြဿနာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်" ဟု ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 484
CNI International News
ဒါကာ၊ ဒီဇင်ဘာ ၂၀
ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ သက်တမ်းရင့်နေပြီဖြစ်သည့် တိုက်လေယာဉ်အုပ်စုကို အဆင့်မြှင့်တင်ရန် စဉ်းစားနေ ပြီး တရုတ်၏ J-10C တိုက်လေယာဉ်များကို ဝယ်ယူရန် စိတ်ဝင်စားနေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
သို့သော် လေယာဉ်မျိုးဆက် ခွဲခြားသတ်မှတ်ရာတွင် 4.5 မျိုးဆက်ဖြစ်သည့် ဘက်စုံသုံး J-10C တိုက်လေယာဉ် များကို ဝယ်ယူမှုသည် ဘင်္ဂလားဒေ့ရှ် လေတပ်အတွက် ငွေကုန်ကြေးကျ များပြားနိုင်ပြီး တရုတ်နှင့် အိန္ဒိယအကြား တင်းမာမှုများ မြင့်တက်လာစေနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ဘင်္ဂလားဒေ့ရှ် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟက်ဆန် မာမွတ် ခမ်း (Hasan Mahmood Khan) သည် တရုတ်သို့ သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်လေတပ်ကို အဆင့်မြှင့်တင်ရန် စီစဉ်နေကြောင်း သတင်း ထောက်များကို ပြောကြားခဲ့ပြီးနောက် အထက်ဖော်ပြပါ ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘက်စုံသုံး တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ဝယ်ယူရန် အလွန် စိတ်ဝင်စားနေကြောင်း ခန်းက တရုတ်ခရီးစဉ်အတွင်း ပြောကြားခဲ့သည်ဟု Indian Defence Research Wing ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟက်ဆန်မာမွတ်ခမ်းကို တွေ့ရစဉ်
ထို့ပြင် ဘင်္ဂလားဒေ့ရှ် လေတပ်သည် အဆင့်မြှင့်တင် မွန်းမံရေး ပထမအဆင့် အနေဖြင့် J-10C တိုက်လေယာဉ်၏ မူကွဲဖြစ်သည့် J-10CE တိုက်လေယာဉ် ၁၆ စင်းကို ဝယ်ယူရန် စဉ်းစားနေသည်ဟုလည်း ထိုသတင်းဝက်ဘ်ဆိုက် တွင် ဖော်ပြခဲ့သည်။
ခမ်းသည် တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံး စစ်ဘက်၊ အရပ်ဘက် လေကြောင်းပြပွဲဖြစ်သည့် Zhuhai ကိုလည်း တက်ရောက်ကြည့်ရှုခဲ့သည်။
ခမ်း၏ ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် လက်ရှိ ဆက်ဆံရေးများကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
ခမ်းသည် တရုတ်နိုင်ငံပိုင် လေကြောင်းကုမ္ပဏီဖြစ်သည့် တရုတ်အမျိုးသား လေကြောင်းနည်းပညာ သွင်းကုန်၊ ပို့ကုန် ကော်ပိုရေးရှင်း (CATIC) ၏ ဌာနချုပ်သို့လည်း သွားရောက်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန်ပြီးလျှင် တရုတ်၏ လက်နက်များကို အများဆုံးဝယ်ယူသည့် နိုင်ငံဖြစ်သည်။
ပါကစ္စတန်သည် တရုတ်ထံမှ J-10C တိုက်လေယာဉ် ၁၀ စင်းကို အော်ဒါမှာယူခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်သည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 538
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၉
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (Thaksin Shinawatra) ကို အာဆီယံအရေးနှင့်ပတ်သက်ပြီး ၎င်း၏ အလွတ်သဘော အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ရန် စီစဉ်ထားပြီး ထိုအစီအစဉ်ကို မလေးရှားအစိုးရကလည်း ချီးကျူးခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သက်ဆင်ကို တရားဝင် မဟုတ်သည့် အလွတ်သဘော အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မှုသည် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ငြိမ်းချမ်းရေး အားထုတ်ကြိုးပမ်းမှုများနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများအတွက် အကျိုးရှိစေလိမ့်မည်ဟု မလေးရှားအစိုးရက ပြောသည်။
အန်ဝါက သူသည် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ နေရာကို ရရှိမည့်အချိန်၌ သက်ဆင်ကို အာဆီယံရေးရာ အလွတ်သဘော အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည်ဟု ပြောကြားထားသည်။
အန်ဝါသည် ထိုအစီအစဉ်ကို ဒီဇင်ဘာ ၁၆ ရက်က မလေးရှားနိုင်ငံ၊ ပူထရာဂျာယာ (Putrajaya) မြို့တွင် သက်ဆင်၏ သမီးဖြစ်သူ လက်ရှိထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ကြေညာခဲ့ခြင်းဖြစ်သည်။
သက်ဆင်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မလေးရှားဝန်ကြီးချုပ်န အန်ဝါနဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
"အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရရှိချိန်မှာ သက်ဆင်ကို ကျနော့်ရဲ့ အလွတ်သဘော အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်ဖို့ ကျနော် သဘောတူခဲ့ပါတယ်" ဟု အန်ဝါက ပြောကြားခဲ့သည်။
"အဲဒီအစီအစဉ်ကို သဘောတူတဲ့ အတွက်လည်း ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ သူ့လိုမျိုး တိုင်းပြုပြည်ပြုပုဂ္ဂိုလ် တစ်ဦးဆီက အတွေ့အကြုံတွေကနေ အကျိုးကျေးဇူးတွေရဖို့ ကျနော်တို့ လိုအပ်ပါတယ်" ဟု ၎င်းက ဆိုသည်။
လာအိုသည် ယခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူပြီးချိန်တွင် လာမည့်နှစ်၌ မလေးရှားက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမည်ဖြစ်သည်။
သက်ဆင်ကို အကြံပေးအဖြစ် ခန့်အပ်မှုသည် မစ္စတာအန်ဝါ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုဖြစ်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြား ခဲ့သည်။
"သက်ဆင်ဟာ ထိုင်းနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ အတွေ့အကြုံရှိပြီး နိုင်ငံအများအပြားရဲ့ အသိအမှတ်ပြုမှု ကို ရရှိခဲ့ပါတယ်။ သူဟာ အခြားနိုင်ငံတွေမှာလည်း အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်" ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်