
- By CNI
- Category: နိုင်ငံရေး
- Hits: 339
CNI International News
ဘေကျင်း၊ ဒီဇင်ဘာ ၂၇
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စစ်ဗိုလ်ချုပ်ကြီး ၂ ဦးသည် အဂတိလိုက်စားမှု စွဲချက်များ ဖြင့် လွှတ်တော်အမတ် နေရာများမှ ဖယ်ရှားခံခဲ့ရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုသည် စစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန်တွင် ဗိုလ်ချုပ်ကြီးနှစ်ဦးသည် လွှတ်တော်မှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
တရုတ်၏ အမျိုးသားပြည်သူ့လွှတ်တော်(NPC)၏ အမြဲတမ်းကော်မတီက ဒုတိယဗိုလ်ချုပ်ကြီး ယူဟိုင်တောင် ( You Haitao) နှင့် ဒုတိယရေတပ် ဗိုလ်ချုပ်ကြီး လီပန်ချန်း (Li Pengcheng) တို့ကို လွှတ်တော်မှ ဖယ်ရှားကြောင်း ဒီဇင်ဘာ ၂၅ ရက်က အတည်ပြုခဲ့သည်။
ယူသည် တရုတ်စစ်တပ်၏ ဒုတပ်မှူးဟောင်းဖြစ်ပြီး လီသည် PLA ၏ အရှေ့ပိုင်းစစ်ဌာနတွင် ရေတပ် တပ်မှူးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ယူနှင့် လီတို့သည် တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကြီးလေးစွာ ချိုးဖောက်ခဲ့သည့် သံသယဖြင့် လွှတ်တော်မှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်ကြောင်း NPC က သီးခြား အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ဒုတိယရေတပ် ဗိုလ်ချုပ်ကြီး လီပန်ချန်းကို တွေ့ရစဉ်
တရုတ်တွင် တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကြီးလေးစွာ ချိုးဖောက်မှုဆိုသည့် စကားစုသည် အဂတိလိုက်စားမှုအား သွယ်ဝိုက်ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။
PLA အတွင်း ထိပ်သီးအရာရှိများသည် အဂတိလိုက်စားမှု စွဲချက်များနှင့် ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီးနောက် ယခုဖြစ်စဉ် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။
ယူ(၆၆ နှစ်)သည် ၂၀၁၆ ခုနှစ်က တရုတ်ကြည်းတပ်၏ ဒုတပ်မှူး ဖြစ်လာခဲ့သူဖြစ်သည်။
ယခင်က သူသည် နန်ကျင်း စစ်ဒေသကြီး၏ ဒုတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၄ ခုနှစ်က ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးခံခဲ့ရသည်။
လီ(၆၁ နှစ်)သည် ယခင်က PLA ရေတပ်၏ မြောက်ပင်လယ် စစ်သင်္ဘောအုပ်စုတွင် လက်ထောက်အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရေတပ်ပစ္စည်းကိရိယာ သုတေသနဌာန၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။
တရုတ်၏ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်ဖြစ်သည့် မော်ဟွာ (Miao Hua) သည်လည်း နိုဝင်ဘာလကအတွင်းက အဂတိလိုက်စားမှု သံသယဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရသည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 478
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆
ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆာလောင်ငတ်မွတ်မှု အကျပ်အတည်းသည် မြင့်တက်လာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ကုလသမဂ္ဂကလည်း လာမည့်နှစ်တွင် လူပေါင်း ၃၀၇ သန်းခန့်သည် လူသားချင်း စာနာထောက်ထားမှု အကူအညီ များ လိုအပ်လိမ့်မည်ဖြစ်ပြီး ရန်ပုံငွေ မလုံလောက်သဖြင့် ထိုလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကိုသာ ကူညီထောက်ပံ့ ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူပေါင်း ၁၁၇ သန်းနီးပါးသည် စားနပ်ရိက္ခာ အကူအညီများ မရရှိမည့် အခြေအနေနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ကုလသမဂ္ဂသည် ၂၀၂၄ ခုနှစ် ကုန်ချိန်တွင် ကမ္ဘာတစ်ဝန်း လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန် လိုအပ်သည့် ဒေါ်လာ ၄၉ ဘီလျံ၏ ၄၆ ရာခိုင်နှုန်းသာ ရရှိလိမ့်မည်ဖြစ်ကြောင်း မှတ်တမ်းများ၌ ဖော်ပြထား သည်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီများအတွက် အလှူငွေ ထည့်ဝင်မှု လျော့နည်းလာခြင်းက ကမ္ဘာတစ်ဝန်း ဆာလောင်ငတ်မွတ်မှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။
WFP ကိုတွေ့ရစဉ်
အလှူငွေများ လျော့နည်းလာမှုသည် ဆီးရီးယားတွင် လူပေါင်း ၆ သန်းလောက်ကို ထောက်ပံ့ပေးနေရသည့် ကုလသမဂ္ဂ၏ အဓိက စားနပ်ရိက္ခာ ထောက်ပံ့သည့်အဖွဲ့ဖြစ်သော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အပေါ်ကိုလည်း ဂယက်ရိုက်ခတ်လာခဲ့သည်။
WFP သည် ရန်ပုံငွေ အခြေအနေအရ အကူအညီပေးနိုင်မည့် လူအရေအတွက်ကို ချိန်ဆခဲ့ရကြောင်း WFP ၏ အကြီးအကဲ တစ်ဦးဖြစ်သည့် ရေနီယာ ဒါဂရှ် ကာမာရာ (Rania Dagash-Kamara) က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် နိုင်ငံပေါင်း ၅၉ ခုတွင် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၈၂ သန်းခန့် သည် စားနပ်ရိက္ခာ အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုနိုင်ငံများထဲတွင် ဆူဒန်၊ မြန်မာနှင့် အာဖဂန်နစ္စတန်တို့လည်း ပါဝင်ခဲ့ကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 577
CNI International News
ဘေကျင်း၊ ဒီဇင်ဘာ ၂၆
တရုတ်သည် အငြင်းပွားနေသော တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေအတွက် အထူးကျွမ်းကျင်သူများအဖွဲ့ကို ခိုင်မာစွာဖွဲ့စည်းရန် တိုက်တွန်းခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် ကာလကြာရှည် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကိစ္စနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများ ထပ်မံပေါ်ပေါက်လာမည်ဟု ဖိလစ်ပိုင်က ခြိမ်းခြောက်နေချိန်၌ တရုတ်က ထိုကဲ့သို့ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
လာမည့်နှစ်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်အတွက် အလွန်အရေးကြီးသည့် အခွင့်အလှမ်းကို ရရှိမည့် နှစ်ဖြစ်သည်ဟု တရုတ်၏ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် သမုဒ္ဒရာဆိုင်ရာ အုပ်ချုပ်ရေး ဟွာယန်းစင်တာ (Huayang Centre for Maritime Cooperation and Ocean Governance) ၏ ဥက္ကဋ္ဌလည်းဖြစ် တောင်တရုတ်ပင်လယ်ရေးရာ အမျိုးသားအင်စတီကျုကို ထူထောင်သူလည်းဖြစ်သူ ဝူရှီကန် (Wu Shicun) က ပြောကြားခဲ့သည်။
အမေရိကန်တွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ပြန်လည် ရွေးကောက်ခံရမှုနှင့်အတူ တောင်တရုတ်ပင်လယ်၏ အနာဂတ်သည် မသေချာမှုများ ရှိနေချိန်တွင် ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်များ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ပြဿနာအတွက် တရားရေး လုပ်ထုံးလုပ်နည်းများဖြင့် စီရင်ရန် ပြင်ဆင်မည်ဟု ခြိမ်းခြောက်နေကြောင်း ဝူက ပြောသည်။
တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောကိုတွေ့ရစဉ်
"တရုတ်ရဲ့ ပင်လယ်ရေကြောင်း အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ တခြားနိုင်ငံတွေရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ တရုတ်အနေနဲ့ တရားရေးကျွမ်းကျင်သူတွေပါတဲ့ ကေဒါအဖွဲ့ကို ထူထောင်ဖို့ လိုအပ်နေပါတယ်" ဟု ၎င်းက ဆို သည်။
ထိုအဖွဲ့တွင် ပါဝင်သူများအနေဖြင့် နိုင်ငံတကာဥပဒေကို သိရှိနားလည် ထားရုံသာမက အခြားနိုင်ငံများ၏ နိုင်ငံရေး အခြေအနေများကိုသိရှိပြီး နိုင်ငံခြား ဘာသာစကားများ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ရမည်ဖြစ်ကြောင်း ဝူက ပြောကြားခဲ့သည်။
ဝူသည် ပြီးခဲ့သည့် သီတင်းပတ်က ဘေကျင်းမြို့တော်တွင် ဟွာယန်းစင်တာက ပူးတွဲကျင်းပသော နိုင်ငံတကာ အငြင်းပွားမှုဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
မကြာသေးမီ လများအတွင်း တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများနှင့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများ၊ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောများအကြားတွင် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ သည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 451
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄
၂၀၂၄ ခုနှစ်ကို ငွေကြေးဖောင်းပွမှု၊ ရွေးကောက်ပွဲများနှင့် စစ်ပွဲများက လွှမ်းမိုးထားကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်တွင် ငွေကြေးဖောင်းပွမှုများကြောင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ကို ဒုတိယ သက်တမ်း အနိုင်ရစေရန် အထောက်အကူ ဖြစ်စေခဲ့သည်။
ထို့အတူ ဗြိတိန်၊ ဘော့ဆွာနာ၊ ပေါ်တူဂီနှင့် ပနားမား နိုင်ငံများတွင်လည်း ရွေးကောက်ပွဲများနှင့် အစိုးရအဖွဲ့သစ် များသည် ငွေကြေးဖောင်းပွမှု ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထို့ပြင် ပြင်သစ်၊ ဂျာမနီ၊ ဂျပန်နှင့် အိန္ဒိယ နိုင်ငံများတွင်လည်း ရွေးကောက်ပွဲများ ပြုလုပ်ခဲ့သည်။
ရုရှားနိုင်ငံတွင်လည်း ဗလာဒီမာပူတင် (Vladimir Putin) သည် မဲရလဒ် ၈၈ ရာခိုင်နှုန်းနှင့်အတူ သမ္မတအဖြစ် နောက်တစ်ကြိမ် ရွေးကောက်ခံခဲ့ရသည်။
ထို့ပြင် ရုရှားနှင့် ယူကရိန်းစစ်ပွဲလည်း ဆက်လက် ဖြစ်ပွားခဲ့ပြီး ရုရှားတပ်ဖွဲ့များက ယူကရိန်း၏ နယ်မြေများကို အသာစီးရမှုများရှိခဲ့သည်။
စစ်သားတစ်ဦးနဲ့ တင့်ကားတစ်စီးကိုတွေ့ရစဉ်
အရှေ့အလယ်ပိုင်းတွင်လည်း အစ္စရေးနှင့် ဂါဇာစစ်ပွဲ ဆက်လက် ဖြစ်ပွားနေကာ ထိုစစ်ပွဲသည် လက်ဘနွန်နိုင်ငံ အထိ ပျံ့နှံ့သွားခဲ့သည်။
ဆီးရီးယားနိုင်ငံတွင်မူ သူပုန်များက အာဆတ်အစိုးရကို ဖြုတ်ချခဲ့သည်။
ကမ္ဘာတစ်ဝန်းက စီးပွားရေး လုပ်ငန်းများနှင့် ကုမ္ပဏီများသည် AI နည်းပညာကို မည်ကဲ့သို့ ပြောင်းလဲ အသုံးပြုရ မည်ဆိုသည့် နည်းလမ်းများကို ရှာဖွေလာခဲ့ကြသည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 524
CNI International News
ဘေကျင်း၊ ဒီဇင်ဘာ ၂၄
ပြီးခဲ့သည့်နှစ်က တရုတ်သည် အီရန်နှင့် ဆော်ဒီအာရေဗျအကြား သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိ အောင် ကြားဝင်စေ့စပ်ပေးခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင် တရုတ်၏ သံတမန်ရေးရာ အရှိန်အဝါ မြင့်တက်လာခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်၏ အကူအညီဖြင့် ဆော်ဒီနှင့် ဆက်ဆံရေး ပြေလည်ခဲ့သည့် အီရန်နိုင်ငံအတွက်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့၏ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး ဖိအားများကို ရှောင်လွှဲနိုင်မည့် နည်းလမ်း တစ်ခုကို ရရှိခဲ့သည်။
မည်သို့ပင်ဆိုစေ ဆီးရီးယားသမ္မတ ဘာရှာ အယ် အာဆက် (Bashar al-Assad) ပြုတ်ကျသွားမှု၊ ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့က အစ္စရေးကို အရေးနိမ့်နေမှုများကြောင့် အီရန်သည်လည်း ပထဝီနိုင်ငံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်လာရသည်။
တရုတ်ကမူ ဆော်ဒီအာရေဗျနှင့် အီရန်ကဲ့သို့ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ဟန်ချက်ညီသော အစီအမံများနှင့် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။
ထို့ပြင် တရုတ်၏ ပတ်လမ်း၊ ရပ်ဝန်းစီမံကိန်းသည်လည်း အီရန်၏ ပြိုင်ဘက်နိုင်ငံများ အပါအဝင် အရှေ့အလယ် ပိုင်းရှိ မိတ်ဖက် ဆက်ဆံရေးများအပေါ် အမှီပြုထားသည်။
အီရန်နဲ့အစ္စရေးကို တွေ့ရစဉ်
လက်ရှိ အခြေအနေများအရ အီရန်နိုင်ငံ ပတ်ဝန်းကျင်တွင် တင်းမာမှုများ မြင့်တက်နေသဖြင့် ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားနေသည့် အခြေအနေက တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို ခြိမ်းခြောက်လာခဲ့သည်။
ထို့ကြောင့် တရုတ်အနေဖြင့် အီရန်ကို အလွန်အကျူး မျက်နှာသာ ပေးမည်ဆိုပါက ဆော်ဒီအာရေဗျနှင့် အစ္စရေးတို့ ကဲ့သို့ အဓိက မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးကို ထိခိုက်စေမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
တရုတ်အနေဖြင့် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ထိန်းသိမ်းရန် ဒေသတွင်း ရှုပ်ထွေးသည့် အခြေအနေများတွင် အီရန်နှင့် အီရန်၏ ပြိုင်ဘက်နိုင်ငံများအား ဟန်ချက်ညီညီ ဆက်ဆံသွားရမည်ဖြစ်သည်။
လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေများအရ အရှေ့အလယ်ပိုင်းတွင် တရုတ်၏ သံတမန်ရေးရာ ဩဇာလွှမ်းမိုးမှု၏ ကျိုးပျက်လွယ်သော အခြေအနေကို မီးမောင်းထိုး ပြသရာ ရောက်နေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 644
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၄
ထိုင်းအစိုးရကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်က လွှမ်းမိုးမှုရှိနေသည်ဟုယူဆ၍ “အဖေကတွေး၊ သမီးကလုပ်” အစိုးရဟု အမည်ပြောင်ပေး ခေါ်ဝေါ်လာကြသည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံ၏ အစိုးရအိမ်တော်မှ သတင်းထောက်များသည် ပြည်သူများ၏ သဘောထားများကို အခြေခံပြီး ထိုင်းအစိုးရအဖွဲ့နှင့် ထိပ်သီးခေါင်းဆောင်များကို အမည်ပြောင်များ ပေးခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ အစဉ်အလာနှင့်အညီ အစိုးရအိမ်တော် သတင်းထောက်များသည် ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) ၏ အစိုးရအဖွဲ့ကို "အဖေ့အလိုလိုက် အကြိုက်ဆောင်နေရသည့် အစိုးရ" ဟူသည့် အမည်ပြောင်ကို ပေးခဲ့သည်။
အစိုးရအဖွဲ့အပေါ် ပေတုန်တန်၏ ဖခင်ဖြစ်သည့် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်က လွှမ်းမိုးနေသည်ဆိုသော ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ထိုကဲ့သို့ အမည်ပြောင် ပေးခံခဲ့ရခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ ပြည်သူများကို တွေ့ရစဉ်
ထိုအမည်ပြောင်ပေးမှုသည် "အဖေကတွေး၊ သမီးကလုပ်" ဆိုသည့် သက်ဆင်တို့ သားအဖကို လှောင်ပြောင်ထား သည့် ဆောင်ပုဒ်ကို လိုတိုရှင်း ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထိုဆောင်ပုဒ်သည် သက်ဆင်၏ Thai Rak Thai ပါတီ ဆောင်ပုဒ်ဖြစ်သည့် "သက်ဆင်ကတွေး၊ ပါတီကလုပ်" ဆိုသည့် ဆောင်ပုဒ်အပေါ် အခြေခံပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။
လက်ရှိတွင်လည်း သက်ဆင်သည် အာဏာရ ဖြူးထိုင်းပါတီကို နောက်ကွယ်မှ ကြိုးကိုင်နေချိန်တွင် ပါတီ ခေါင်းဆောင်များအား ၎င်း၏ နေအိမ်၌ နေ့လည်စာ ဖိတ်ကျွေးနေသဖြင့် လူထုက သက်ဆင်နှင့် ဖြူးထိုင်းပါတီ တို့ကြား ပတ်သက်မှုကို စိတ်ဝင်စားနေကြကြောင်း သတင်းထောက်များက ပြောကြားခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ် ပေတုန်တန်သည်လည်း “Paetong Phoi” ဟူသည့် အမည်ပြောင်ပေးခံခဲ့ရသည်။
“phoi” ဟူသည့် ထိုင်းစကားလုံးသည် "ဇာတ်ညွှန်း" ဟု အဓိပ္ပာယ်ရသဖြင့် “Paetong Phoi” ဟူသည့် အမည်ပြောင်သည် "ဇာတ်ညွှန်းအတိုင်း လိုက်ပါသရုပ်ဆောင်နေရသည့် ပေတုန်တန်" ဟူသည့် အဓိပ္ပာယ်မျိုး ဖြစ်သည်။
ပေတုန်တန် အစိုးရအဖွဲ့မှ အမျိုးသမီးဝန်ကြီးများကိုတွေ့ရစဉ်
အဘယ်ကြောင့်ဆိုသော် ပေတုန်တန်သည် ပြည်ပခေါင်းဆောင်များနှင့် ပြုလုပ်သည့် အစည်းအဝေးများ အပါအဝင် မိန့်ခွန်း ပြောကြားမှုများအတွက် စာသားများကိုဖတ်ရန် iPad ကို မကြာခဏ အသုံးပြုနေရခြင်းကြောင့် ထိုကဲ့သို့ အမည်ပြောင်ပေးခံခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai)သည်လည်း "စစ်ဖိနပ်များ ကြားထဲမှ ရဲဘော်ယိုင်" အဖြစ် အမည်ပြောင်ပေးခံခဲ့ရသည်။
ဖွမ်သမ်သည် ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလက ကွန်မြူနစ်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုကို ရည်ညွှန်းပြီး ထိုကဲ့သို့ အမည်ပြောင် ပေးခံခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် အစိုးရအဖွဲ့ထဲမှ အခြားဝန်ကြီးများသည်လည်း ၎င်းတို့၏ နေထိုင်ပြုမှုပုံများအပေါ် အခြေခံပြီး သက်ဆိုင်ရာ အမည်ပြောင်များ အသီးသီး ပေးအပ်ခံခဲ့ရသည်။
Source: The Nation

- By CNI
- Category: နိုင်ငံရေး
- Hits: 599
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃
ပင်လယ်နီတွင် ဒီဇင်ဘာ ၂၂ ရက်က အမေရိကန် စစ်သင်္ဘောတစ်စင်းက အမေရိကန်တိုက်လေယာဉ် တစ်စင်းကို မှားယွင်းပစ်ချခဲ့သဖြင့် တိုက်လေယာဉ်အတွင်းမှ လေယာဉ်မှူး ၂ ဦးသည် အရေးပေါ်ထိုင်ခုံဖြင့် ခုန်ထွက်ခဲ့ရ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဖြစ်စဉ်မှာ အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောဖြစ်သည့် USS Harry S. Truman သင်္ဘောပေါ်မှ ပျံသန်း ထွက်ခွာလာသည့် F/A-18 တိုက်လေယာဉ်ကို အခြားအမေရိကန် စစ်သင်္ဘောဖြစ်သည့် USS Gettysburg က မှားယွင်း ပစ်ချခဲ့မိခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။
USS Harry S. Truman လေယာဉ်တင်သင်္ဘောသည် အရှေ့အလယ်ပိုင်းဒေသသို့ ဝင်ရောက်လာသည့် အကြောင်းကို အမေရိကန်ဗဟိုစစ်ဌာနချုပ်က ဒီဇင်ဘာ ၁၅ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
F/A-18 တိုက်လေယာဉ်ကို ပစ်ချခဲ့သည့် USS Gettysburg စစ်သင်္ဘောသည် USS Harry S. Truman လေယာဉ်တင်သင်္ဘောက ဦးဆောင်သော တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုမှ ပဲ့ထိန်းစနစ် တပ်ဆင်ထားသည့် ကရူဇာစစ်သင်္ဘောဖြစ်သည်။
အမေရိကန် စစ်သင်္ဘောကို တွေ့ရစဉ်
ပစ်ချခံခဲ့ရသည့် တိုက်လေယာဉ်သည် ဗာဂျီးနီးယားပြည်နယ် Naval Air Station Oceana လေတပ်စခန်းမှ တိုက်လေယာဉ် အုပ်စု-၁၁ ၏ Red Rippers လေယာဉ်အုပ်စုအတွက် တာဝန်ပေးထားသည့် F/A-18 Super Hornet တိုက်လေယာဉ်ဖြစ်ကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
F/A-18 တိုက်လေယာဉ်၏ လေယာဉ်မှူး ၂ ဦးသည် ပစ်ချခံရချိန်တွင် အရေးပေါ် ထိုင်ခုံဖြင့် ခုန်ထွက်ပြီး အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း လေယာဉ်မှူးတစ်ဦးသည် ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့သည်ဟုဆိုသည်။
USS Gettysburg စစ်သင်္ဘောသည် F/A-18 တိုက်လေယာဉ်ကို ရန်သူ့လေယာဉ် သို့မဟုတ် ဒုံးကျည်တစ်စင်းနှင့် မှားယွင်းပြီး ပစ်ချခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။
ယခင်ကမူ အမေရိကန်စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များသည် ယီမင်နိုင်ငံရှိ ဟူရ်သီသူပုန်များ ပစ်လွှတ် သည့် ဒရုန်းများနှင့် ဒုံးကျည်များကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယခုဖြစ်စဉ်သည် ဟူရ်သီတို့၏ တိုက်ခိုက်မှု အောက်တွင်ရှိနေသည့် ပင်လယ်နီ၏ ရေလမ်းကြောင်းများသည် မည်မျှအန္တရာယ်များသည်ဆိုခြင်းကို ပြသရာရောက်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 388
CNI International News
ဘေကျင်း၊ ဒီဇင်ဘာ ၂၃
၂၀၂၄ ခုနှစ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် ဒုတိယဝန်ကြီးအဆင့်နှင့် ဒုတိယဝန်ကြီးအဆင့်အထက် ထိပ်သီးကေဒါ ၅၆ ဦးသည် စုံစမ်းစစ်ဆေး ခံခဲ့ရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ယခုနှစ်အတွင်း အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရသည့် တရုတ်ထိပ်သီး အရာရှိ အရေအတွက် သည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၂၀၂၃ ခုနှစ်က တရုတ်ထိပ်သီးအရာရှိ ၄၅ ဦးသည် တရုတ်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီဖြစ်သည့် စည်းကမ်းပိုင်းစစ်ဆေးရေး ဗဟိုကော်မတီ (CCDI) ၏ စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရသည်။
အဂတိလိုက်စားမှု စွဲချက်များတွင် အာဏာရပါတီ အတွင်းစည်းမှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနများ ပါဝင်နေပြီး လေကြောင်းနှင့် ကာကွယ်ရေးကဏ္ဍများ၌ အဂတိလိုက်စားမှုများ ပိုမိုမြင့်တက်လာကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
သို့သော် ၂၀၂၄ ခုနှစ်တွင် တရုတ်၏ ဘဏ္ဍာရေးကဏ္ဍ၌ အဂတိလိုက်စားမှုများသည် ၂၀၂၃ ခုနှစ်ကထက် လျော့နည်းသွားပြီး ပြီးခဲ့သည့်နှစ်က ဘဏ္ဍာရေးကဏ္ဍကို အာရုံစိုက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ထိုသို့ လျော့ကျခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအလံကို တွေ့ရစဉ်
တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုပါတီ သင်တန်းကျောင်းက ထုတ်ဝေသည့် Study Times ၏ လက်ထောက် အယ်ဒီတာဟောင်း တန်းယူဝမ် (Deng Yuwen) ကမူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်တွင် နောက်ထပ်အရာရှိများ ပိုမိုစစ်ဆေးခံနေရကြောင်း ပြောကြားခဲ့သည်။
"အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုက်ကွန်က ပိုပြီးကြီးလာလေလေ ရှောင်တိမ်းရမယ့် နေရာတွေက ပိုပြီး သေးလာလေလေပါပဲ။ နောက်ထပ် အရာရှိတွေ အများကြီး အဲဒီပိုက်ကွန်ထဲ မိပါလိမ့်မယ်" ဟု တန်းက ပြောကြားခဲ့သည်။
ရှီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို ၂၀၁၂ ခုနှစ် ကုန်ပိုင်းကတည်းက စတင်ခဲ့ပြီး ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။
မကြာသေးမီ လများအတွင်းကလည်း တရုတ်ကာကွယ်ရေးဝန်ကြီး ၂ ဦးသည် အဂတိလိုက်စားမှု စွဲချက်များ ကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 389
CNI International News
ဘေကျင်း၊ ဒီဇင်ဘာ ၂၃
ထိုင်ဝမ်ကို ဒေါ်လာ ၅၇၁ ဒသမ ၃ သန်း တန်ကြေးရှိသည့် စစ်ရေးအကူအညီပေးမည့် အစီအစဉ်ကို အတည်ပြု ပေးခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ လုပ်ဆောင်ချက်ကို တရုတ်က ပြင်းထန်စွာ ကန့်ကွက် ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်ဟု The Straits Times မှ ဖော်ပြခဲ့သည်။
သမ္မတဘိုင်ဒန်သည် ကာကွယ်ရေးကဏ္ဍ၏ ဥပဒေများ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှုများ၊ စစ်ပညာနှင့် စစ်သင်တန်းပေးမှုများကို ထိုင်ဝမ်အား ထောက်ပံ့ပေးရန် ဒီဇင်ဘာ ၂၀ ရက်က အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။
အမေရိကန်သည် လွန်ခဲ့သည့် ၃ လကလည်း ထိုင်ဝမ်အတွက် ဒေါ်လာ ၅၆၇ သန်း တန်ကြေးရှိသည့် စစ်ရေး အကူအညီကို အတည်ပြုပေးခဲ့ပြီး ယခုအခါတွင်လည်း နောက်တစ်ကြိမ် စစ်ရေးအကူအညီကို ထပ်မံအတည်ပြု ခဲ့ခြင်းဖြစ်သည်။
ထိုအစီအစဉ်များသည် တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်ခြင်းဖြစ် ကြောင်း၊ ထိုလုပ်ဆောင်ချက်ကို ပြင်းထန်စွာ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်၊ အမေရိကန်နဲ့ထိုင်ဝမ်ကို တွေ့ရစဉ်
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တရုတ်က အမေရိကန်ကို မကျေနပ်ကြောင်း ဖော်ပြထားသည့် ကန့်ကွက်စာ တင်ခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်း မရှိသော်လည်း ထိုင်ဝမ်ကို လက်နက်များ အများဆုံး ထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်သည်။
မကြာသေးမီ နှစ်များအတွင်းက ထိုင်ဝမ်အပေါ် စစ်ရေးနှင့်နိုင်ငံရေးဖိအားများ တိုးမြှင့်ခဲ့သည့် တရုတ်ကမူ အမေရိကန်အနေဖြင့် ထိုင်ဝမ်ကို လက်နက်များ ရောင်းချခြင်း၊ ထောက်ပံ့ခြင်းများ မပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
ထိုင်ဝမ်သည် ယခုသီတင်းပတ် အစောပိုင်းကလည်း အမေရိကန်လုပ် တိုက်ပွဲဝင် Abrams တင့်ကား ၃၈ စင်းကို လက်ခံရရှိခဲ့ကြောင်း ကြေညာခဲ့သည်။
Source: The Straits Time