- By CNI
- Category: နိုင်ငံရေး
- Hits: 419
CNI International News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄
ယခုနှစ်အတွင်း အက်စတိုးနီးယား၏ လေပိုင်နက်အတွင်းသို့ ရုရှားတိုက်လေယာဉ်များ ဝင်ရောက်ပျံသန်းခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး အရေးယူ လုပ်ဆောင်ပေးရန် အက်စတိုးနီးယားနိုင်ငံက နေတိုးအဖွဲ့ကို တိုက်တွန်းခဲ့ ကြောင်း DW သတင်းတွင် ဖော်ပြခဲ့သည်။
အက်စတိုးနီးယား လွှတ်တော်အမတ် မာကို မီခယ်လ်ဆင် (Marko Mihkelson) ကလည်း ရုရှားတိုက်လေယာဉ် များ၏ လေပိုင်နက်ချိုးဖောက်မှုသည် ဘောင်ကျော်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“နောက်တစ်ခါဆိုရင် ကျနော်တို့ တစ်ခုခု လုပ်သွားမှာပါ။ ကျနော် ပြောချင်တာကို သိမယ်ထင်ပါတယ်” ဟု အက်စတိုးနီးယား လွှတ်တော်၏ ပြည်ပရေးရာကော်မတီအကြီးအကဲ မီခယ်လ်ဆင်က ပြောကြားခဲ့သည်။
မီခယ်လ်ဆင်သည် ၂၀၁၅ ခုနှစ်က တူရကီ လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ရုရှားဗုံးကြဲ လေယာဉ် တစ်စင်းကို တူရကီစစ်တပ်က ပစ်ချခဲ့သည့် ဖြစ်စဉ်ကို ရည်ညွှန်းပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်က ရုရှားဗုံးကြဲ လေယာဉ်သည် တူရကီလေပိုင်နက်အတွင်း ဝင်ရောက်ပြီးနောက် ၁၇ စက္ကန့်အတွင်းမှာ ပင် ပစ်ချခံခဲ့ရသည်။

အက်စတိုးနီးယား ဥပဒေပြုအမတ်ကိုတွေ့ရစဉ်
စက်တင်ဘာ ၁၉ ရက်တွင်မူ ရုရှားတိုက်လေယာဉ်များသည် အက်စတိုးနီးယား လေပိုင်နက်အတွင်း ၁၂ မိနစ်ကြာ ပျံသန်းခဲ့ပြီး နေတိုး၏ အရှေ့ပိုင်း လုံခြုံရေးဌာနအောက်ရှိ ဖင်လန်၊ အီတလီနှင့် ဆွီဒင် တိုက်လေယာဉ်များက ထိုရုရှား တိုက်လေယာဉ်များကို မောင်းထုတ်ခဲ့ရသည်။
ထိုဖြစ်စဉ်သည် ၂၀၀၃ ခုနှစ်နောက်ပိုင်း ရုရှားက အက်စတိုးနီးယား လေပိုင်နက်ကို အဆိုးရွားဆုံး ချိုးဖောက်မှု ဖြစ်ကြောင်း မီခယ်လ်ဆင်က ပြောကြားခဲ့သည်။
အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီး ဟန်နို ပက်ဗ်ကာ (Hanno Pevkur) ကမူ အက်စတိုးနီးယား ပြည်သူများ အတွက် အန္တရာယ်ရှိလာမည်ဆိုပါက လေပိုင်နက်ကို ကျူးကျော် ဝင်ရောက်လာသည့် ရုရှားလေယာဉ်များအား ပစ်ချရန် နေတိုးပိုင်းလော့များတွင် လုပ်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။
ပိုလန်နိုင်ငံကလည်း မိမိတို့ လေပိုင်နက်ကို ချိုးဖောက်ပြီး မိမိတို့ နိုင်ငံအပေါ်တွင် ပျံသန်းသည့် အရာဝတ္ထုများကို ပစ်ချရန်အတွက် ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တာ့စ်ခ် ( Donald Tusk ) က ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 511
CNI International News
နယူးဒေလီ၊ စက်တင်ဘာ ၂၄
အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန(MHA)က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ/ကပ္ပလန်(NSCN-K) အဖွဲ့နှင့် ၎င်း၏ မဟာမိတ် အဖွဲ့အစည်းများကို တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ၅ နှစ်ပိတ်ပင်ကြောင်း စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်ဟု The New Indian Express မှ ဖော်ပြခဲ့သည်။
တရားမဝင် လှုပ်ရှားမှုများ တားဆီးရေး အက်ဥပဒေအောက်တွင် ပြဋ္ဌာန်းချက်အရ ထိုပိတ်ပင်မှုသည် စက်တင်ဘာ ၂၈ ရက်မှစတင်ပြီး အသက်ဝင်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
NSCN-K သည် ကသည်း သူပုန်များဖြစ်သည့် ULFA(I) ၊ PREPAK နှင့် PLA ကဲ့သို့ တရားမဝင် အဖွဲ့များနှင့် မိတ်ဖက် ဆက်ဆံရေးရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုအဖွဲ့သည် စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရအရာရှိများနှင့် အရပ်သားများကို ပြန်ပေးဆွဲပြီး ငွေကြေးများ တောင်းခံခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် စွပ်စွဲထားသည်။
“NSCN-K အဖွဲ့ရဲ့ တရားမဝင် လှုပ်ရှားမှုတွေထဲမှာ တရားမဝင် လက်နက်တွေနဲ့ ခဲယမ်းတွေကို ပိုင်ဆိုင်မှု၊ လက်နက်တွေနဲ့ အခြားအကူအညီတွေ ရယူဖို့ အခြားနိုင်ငံတွေမှာရှိတဲ့ အိန္ဒိယဆန့်ကျင်ရေးအဖွဲ့တွေဆီက အကူအညီတွေ ရယူမှုတွေ ပါဝင်ခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
NSCN-K သည် အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ဒေသရှိ နာဂလူမျိုးများ နေထိုင်သည့် နေရာများ ပါဝင်သော ဒေသများကို စုဖွဲ့ပြီး နာဂနိုင်ငံထူထောင်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၈ ရက်မှ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်ကြား NSCN-K ၏ ကေဒါများကို တိုင်ကြားသည့် အမှုပေါင်း ၇၁ မှုရှိခဲ့ပြီး ၎င်းတို့အနက် ၅၆ မှုကို စွဲချက်တင်ခဲ့ကာ ၃၅ မှုကို တရားစီရင်နိုင်ခဲ့ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် NSCN-K ၏ ကေဒါ ၈၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၆၉ ဦးသည် လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း ၎င်းတို့ နှင့်အတူ လက်နက် ၆၉ လက်၊ ကျည်ကဒ် ၅၂ ခု၊ ကျည်ဆန် ၉၃၁ တောင့်၊ လက်ပစ်ဗုံး ၁၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း ၁၅၀ ခုနှင့် အခြား လက်လုပ်မိုင်းများကို သိမ်းဆည်း ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုကာလအတွင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့များ၏ စစ်ဆင်ရေးကြောင့် NSCN-K ၏ မြေအောက်ကေဒါ ၁၃ ဦး သေဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: The New Indian Express
- By CNI
- Category: နိုင်ငံရေး
- Hits: 491
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၄
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ၏ အစည်းအဝေး၌ ပြင်သစ်နိုင်ငံမှ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေး အဆိုပြုချက်ကို ထောက်ခံမှု များ မြင့်တက်နေမှုနှင့်အတူ အခြားနိုင်ငံများကလည်း အစ္စရေးနှင့် အမေရိကန်ကို ဖီဆန်ပြီး ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုရန် စီစဉ်ထားကြသည်။
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) က ကြေညာခဲ့ပြီးနောက် အစည်းအဝေး တက်ရောက်လာသည့် နိုင်ငံ ခေါင်းဆောင် ၁၄၀ ကျော်က လက်ခုပ်တီးပြီး အားပေးခဲ့ကြသည်။
ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ် ရီယက် မန်ဆော (Riyad Mansour) အပါအဝင် ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့သည် ပြင်သစ်၏ ကြေညာချက် ထွက်ပေါ်ချိန်တွင် မတ်တပ်ရပ်ပြီး လက်ခုပ်တီးခဲ့ကြသည်။

ကုလညီလာခံမှာ ပါလက်စတိုင်းသမ္မတ ဗွီဒီယိုကတဆင့် မိန့်ခွန်းပြောနေစဉ်
“အရှေ့အလယ်ပိုင်း ဒေသအပေါ်ထားရှိတဲ့ ကျနော့်နိုင်ငံရဲ့ သမိုင်းဝင် သန္နိဋ္ဌာန်အတွက်၊ အစ္စရေးနဲ့ ပါလက်စတိုင်း ကြား ငြိမ်းချမ်းရေး ရဖို့အတွက် ပြင်သစ်နိုင်ငံက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့အကြောင်း ကြေညာလိုက်ခြင်း ဖြစ်ပါတယ်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။
ထို့ပြင် ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနှင့် ပေါ်တူဂီတို့က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုခဲ့ပြီး နောက် တစ်ရက်အကြာတွင် အန်ဒိုရာ၊ ဘယ်ဂျီယံ၊ လူဇင်ဘတ်၊ မော်လ်တာနှင့် မိုနာကိုတို့က ပါကလစ်တိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။
ထိုအစည်းအဝေးကို ဂျာမနီ၊ အီတလီနှင့် ဂျပန်တို့ တက်ရောက်ခဲ့သော်လည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် မပြုခဲ့ပေ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ကမူ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းသည် အခွင့်အရေးတစ်ခုဖြစ်ပြီး ဆုလာဘ်တစ်ခု မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်၏ ဗီဇာရုပ်သိမ်းခံရမှုကြောင့် ကုလသမဂ္ဂအထွေထွေညီလာခံကို လူကိုယ်တိုင် လာရောက်နိုင်ခဲ့ခြင်း မရှိသည့် ပါလက်စတိုင်းသမ္မတ မာမွတ် အာဘက်စ် (Mahmoud Abbas) ကမူ ဗွီဒီယို ဆက်သွယ်မှုဖြင့် အစည်းအဝေး တက်ရောက်ခဲ့ပြီး ဟားမာ့စ်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကို ဝေဖန်ရှုတ်ချခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 460
CNI International News
ဒီမာပူရ၊ စက်တင်ဘာ ၂၃
အသစ်ဖွဲ့စည်းထားသည့် နာဂနိုင်ငံရေးအဖွဲ့ဖြစ်သည့် နာဂအမျိုးသားကောင်စီအစိုးရ- နာဂပြည်ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ (GNNC-DSRN) သည် ၎င်းတို့ အဖွဲ့ဖွဲ့စည်းမှုအတွက် ပွဲဦးထွက် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုအဖွဲ့က နာဂလူမျိုးများ၏ အကျိုးစီးပွား များအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစိုးရတစ်ရပ်ကို ထူထောင်ရန် လိုအပ်သည်ဟု ခံစားခဲ့ရကြောင်း၊ ထိုအစိုးရသည် လူထုအတွက် အလုပ်လုပ်ပေးပြီး လူထုအတွက် စစ်မှန်စွာ ရပ်တည်ပေးမည့် အစိုးရဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီအစိုးရအဖွဲ့ရဲ့ ရည်ရွယ်ချက်က နာဂလူမျိုးအားလုံးအတွက် ဘက်လိုက်မှုမရှိ၊ ဦးစားပေးမှုမရှိတဲ့ သာတူညီမျှ အခွင့်အလမ်းကို ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက မတူညီတဲ့ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေ ဟာ အမျိုးသားရေးကို အကြောင်းပြပြီး ဖွဲ့စည်းခဲ့ကြပေမယ့် ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး အဂတိလိုက်စားမှု တွေနဲ့ ပြည့်နေခဲ့ပါတယ်။ သူတို့တွေထဲက ဘယ်အဖွဲ့ကမှ နာဂလူမျိုးတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် မရပ် တည်ခဲ့ကြပါဘူး” ဟု GNNC-DSRN က ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ဘဏ္ဍာငွေများကို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစွာ အသုံးပြုသည့် အစိုးရသည် ပြည်သူများအတွက် တိုက်ရိုက် အကျိုးရှိစေသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား လုပ်ဆောင်ပြီး အလုပ်လက်မဲ့ ဖြစ်နေသည့် ပညာတတ်လူငယ်များကို နေရာပေးကာ ပြည်သူအားလုံးကို သာတူညီမျှ ဆက်ဆံသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နာဂအလံကို တွေ့ရစဉ်
“လူငယ်တွေနဲ့ အလုပ်လက်မဲ့ ပညာတတ် နာဂလူမျိုးတွေကို အထူးတိုက်တွန်းချင်တာကတော့ ကျနော်တို့ နယ်မြေရဲ့ အနာဂတ်ဟာ ခင်ဗျားတို့ လက်ထဲမှာ ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ကျနော်တို့ ဒီနေ့မှာ အရေးတယူ လုပ်ဆောင်ခြင်း မရှိရင် နာဂပြည်ဟာ အဂတိလိုက်စားမှုတွေ၊ ဘက်လိုက်မှုတွေနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ် မှုတွေနဲ့ ဆက်ပြီး ကြုံတွေ့ခံစားရပါလိမ့်မယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“နာဂပြည်မှာ အဂတိလိုက်စားမှု ကင်းစင်ရေး၊ တရားမျှတမှုနဲ့ သာတူညီမျှမှု ထူထောင်ရေးတို့အတွက် ဘုရား သခင်က ကျနော်တို့ကို ဒီအခွင့်အလမ်းနဲ့ ဒီတာဝန်ကို ပေးခဲ့တာ ဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ အသိဉာဏ်ပညာ တွေနဲ့အတူ ကျနော်တို့ဟာ နာဂပြည်ကို ပိုမိုကောင်းမွန်တဲ့ ဒေသအဖြစ် ပုံဖော်နိုင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မိမိတို့ အစိုးရအဖွဲ့၏ လိုဂိုဖြစ်သည့် ကြယ်ပွင့်နှင့် လက်ဝါးကပ်တိုင်သည် နာဂလူမျိုးများ ရရှိထားသည့် ကောင်းချီး မင်္ဂလာကို ကိုယ်စားပြုကြောင်း၊ မျှော်လင့်ချက်၊ ယုံကြည်ချက်နှင့် တရားမျှတသည့် လူ့အဖွဲ့အစည်းအတွက် ဘုရား သခင်က မိမိတို့အား ပေးထားသည့် လမ်းညွှန်ချက်ကို ကိုယ်စားပြုကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
GNNC-DSRN ကို John Chakhesang က ဥက္ကဋ္ဌ၊ Kikheto Sumi က ဒုတိယဥက္ကဋ္ဌ၊ Kelhoukuolie Angami က အတွင်းရေးမှူးချုပ်နှင့် Y Lotha က ဘဏ္ဍာရေးမှူးအဖြစ် ဦးဆောင်သွားမည်ဖြစ်သည်။
Source: Eastern Mirror
- By CNI
- Category: နိုင်ငံရေး
- Hits: 553
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၃
အမေရိကန် အပါအဝင် ဥရောပနိုင်ငံများက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကြေညာ ခံထားရသူ ရှာရား (Sharaa)သည် ဆီးရီးယားသမ္မတ အာဆတ်အစိုးရကို ဖြုတ်ချလိုက်ပြီးနောက် ဆီးရီးယားသမ္မတ တာဝန်ကို ရယူကာ ကုလ အစည်းအဝေးအား တက်ရောက်လာခဲ့သည်။
ဆီးရီးယားသမ္မတ အာမက် အယ် ရှာရားသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အစည်းအဝေးများကို တက်ရောက်ရန် နယူးယောက်သို့ ရောက်ရှိလာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထို့ကြောင့် သူသည် ၁၉၆၇ ခုနှစ်နောက်ပိုင်း ကုလအစည်းအဝေးများကို တက်ရောက်မည့် ပထမဆုံး ဆီးရီးယား သမ္မတ ဖြစ်လာခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းအေဂျင်စီက စက်တင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့ သည်။
တစ်ချိန်က အယ်ကေဒါအဖွဲ့ ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့ဖူးပြီး အမေရိကန်၏ ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ထုတ်ခြင်းခံခဲ့ရသည့် ရှာရားသည် မေလက ဆော်ဒီနိုင်ငံ၊ ရီးယာ့ဒ် (Riyadh) မြို့တော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတကာနှင့် သံတမန် ဆက်ဆံရေးများ၌ အောင်မြင်မှုများ ရရှိခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဆော်ဒီမင်းသားတို့နဲ့အတူ တွေ့ရတဲ့ ရှာရား
အမေရိကန်က ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှု အများစုကို ရုပ်သိမ်းပေးခဲ့ပြီး ထရမ့် အစိုးရအဖွဲ့ ကလည်း ဆီးရီးယားနိုင်ငံ စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်းရေးရရှိရန် ရှာရား၏ အားထုတ်ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ရှာရားသည် အကြိမ်(၈၀)မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အစည်းအဝေး ဖွင့်ပွဲဖြစ်သည့် စက်တင်ဘာ ၂၃ ရက်တွင် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဆီးရီးယားနိုင်ငံတွင် သမ္မတ အာဆတ် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုကနေတဆင့် ၂၀၁၁ ခုနှစ်၌ ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အာဏာရှင် သမ္မတ အာဆတ် အစိုးရကို ရှာရား ဦးဆောင်သည့် ညွန့်ပေါင်း သူပုန်တပ်ဖွဲ့က ဖြုတ်ချ၍ အစိုးရသစ်ကို ဖွဲ့စည်းကာ ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် အမျိုးသားညီ ညွတ်ရေးကို ကြိုးပမ်းတည်ဆောက်နေသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 475
CNI International News
ဂျာကာတာ၊ စက်တင်ဘာ ၂၃
အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်တပ်၏ အခန်းကဏ္ဍ ချဲ့ထွင်မှုကို စက်တင်ဘာ ၂၂ ရက်က နိုင်ငံ၏ အကြီးဆုံး သတင်းစာတစ်စောင်တွင် စာမျက်နှာအပြည့်ဖြင့် ကြော်ငြာထည့်သွင်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထိုကြော်ငြာထဲတွင် စစ်တပ်က စတင်ကိုင်တွယ်တော့မည့် ကာကွယ်ရေးကဏ္ဍ မဟုတ်သည့် စီမံကိန်းများ၏ အသေးစိတ် အချက်အလက်များကို ဖော်ပြထားသည်။
သမ္မတ ပရာဘိုဝို(Prabowo Subianto) လက်ထက်တွင် စစ်တပ်၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်မည့် အစီအစဉ်အား ဝေဖန်မှုများ ထွက်ပေါ်နေသည့်ကြားမှ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းစာ၌ စာမျက်နှာအပြည့်ဖြင့် ကြော်ငြာ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
ပရာဘိုဝိုသည် ပြီးခဲ့သည့်နှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခံရပြီးကတည်းက အစိုးရဝန်ထမ်း ရာထူးနေရာများ အတွက် စစ်တပ်အရာရှိများကို ခန့်အပ်ခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ်
ထို့ကြောင့် ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် စစ်တပ်က ဩဇာလွှမ်းမိုးမည့် အခြေအနေသို့ ခေတ်နောက်ပြန်ဆွဲသွားနိုင်သော အလားအလာကို ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများ က စိုးရိမ်ခဲ့ကြသည်။
“No Longer Just Military: Indonesian-style People's Defense” ဟု ခေါင်းစဉ်ပေးထားသည့် ထိုကြော်ငြာကို Kompas သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများကို ချဲ့ထွင်ပြီး ချမ်းသာကြွယ်ဝရေးနှင့် မတူညီသည့် နယ်ပယ် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးအပေါ် အခြေခံသော ပြည်သူ့ကာကွယ်ရေးပုံစံအဖြစ် အသွင်ပြောင်းလဲကြောင်း ဖော်ပြထားသည်။
ပရာဘို၀ိုသည် စာသင်ကျောင်းများတွင် အခမဲ့ နေ့လယ်စာများ ကျွေးခြင်း၊ ဆေးဝါးထုတ်လုပ်ရေး၊ စိုက်ပျိုးရေး စီမံကိန်းများနှင့် ဆီအုန်း စိုက်ခင်းများကို နိုင်ငံပိုင်သိမ်းခြင်း အစရှိသည့် လုပ်ငန်းတာဝန်များအတွက် စစ်တပ်၏ ပါဝင်မှုကို ထည့်သွင်းခဲ့သည်။

ကလေးတွေကို နေ့လယ်စာ ကျွေးရန်ပြင်ဆင်နေစဉ်
ထိုကြော်ငြာထဲတွင် အစိုးရ၏ စီမံကိန်း ၁၀ ခုအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်မည့် အကြောင်းကို ဖော်ပြထားသည်။
ထိုစီမံကိန်း ၁၀ ခုအနက် စာသင်ကျောင်းများတွင် အခမဲ့နေ့လယ်စာ ကျွေးမွေးခြင်း၊ ကျန်းမာရေးနှင့် စိုက်ပျိုး မွေးမြူရေး ကဏ္ဍများတွင် စစ်တပ်၏ တပ်ရင်းသစ် ၁၀၀ ခန့် ထူထောင်ရေးနှင့် ဆေးဝါးထုတ်လုပ်ရေးအတွက် စစ်တပ်ဓာတ်ခွဲခန်းများ ထူထောင်ရေးတို့ ပါဝင်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ထောင်နှင့်ချီသည့် ဘွဲ့ရလူငယ်များကို စစ်တပ်အသွင်ဖြင့် လေ့ကျင့်သင်ကြား ပေးခဲ့ပြီး ထိုလူငယ်များသည် နေ့လယ်စာ ကျွေးမွေးသည့် အစီအစဉ်များတွင် အကြီးအကဲများ သို့မဟုတ် အာဟာရ ပညာရှင်များ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ကြော်ငြာထဲ၌ ဖော်ပြခဲ့သည်။
ထိုကြော်ငြာ ထည့်သွင်းရသည့် အကြောင်းပြချက်အတွက် ကာကွယ်ရေးဝန်ကြီးဌာနထံမှ မှတ်ချက်တောင်းခံခဲ့ သော်လည်း ချက်ချင်းတုံ့ပြန်ခဲ့ခြင်း မရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 462
CNI International News
ပြုံယမ်း၊ စက်တင်ဘာ ၂၃
မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေး ပြောဆိုချက်များကို အမေရိကန်က ဆက်မပြောတော့ဘဲ ရပ်တန့်လိုက်မည်ဆိုပါက ဆွေးနွေးမှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားသည် ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် မိမိတို့၏ နျူကလီးယား လက်နက်များကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်းလည်း ကင်မ်က ပြောကြားခဲ့သည်။
"ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် ကျနော်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နဲ့ ရင်းနှီးခဲ့တဲ့ ဖြစ်ရပ်တွေကို မှတ်မိနေဆဲ ဖြစ်ပါတယ်" ဟု ကင်မ်က စက်တင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယား ပြည်သူ့ လွှတ်တော်၌ ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ထရမ့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း ကင်မ်နှင့် သုံးကြိမ် တွေ့ဆုံခဲ့ဖူးသည်။
ကင်မ်နှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်ကိုရီးယားအစိုးရက ထရမ့်ကို တိုက်တွန်းနေချိန်တွင် ကင်မ်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
"အမေရိကန်အနေနဲ့ ကျနော်တို့ကို နျူကလီးယား ဖျက်သိမ်းဖို့ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်တွေကို စွန့်လွှတ် ပြီး အရှိတရားကို လက်ခံမယ်ဆိုရင် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ချင်တယ်ဆိုရင် ကျနော်တို့ကလည်း အမေရိကန်နဲ့ မဆွေးနွေးစရာ ဘာအကြောင်းမှ မရှိပါဘူး" ဟု ကင်မ်က ပြောကြားခဲ့သည်။
ယခုပြောကြားချက်သည် ဇန်နဝါရီလက ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက်ပိုင်း ကင်မ်က ထရမ့် ၏ အမည်ကို ပထမဆုံးအကြိမ် တိုက်ရိုက် ထည့်သွင်း ပြောကြားခြင်းဖြစ်သည်ဟု အမေရိကန်အခြေစိုက် Stimson Center မှ မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ ရေချယ် မင်ယောင်လီ (Rachel Minyoung Lee) က ပြောကြား ခဲ့သည်။
"ဒါက ချဉ်းကပ်မှုတစ်ခု ဖြစ်ပါတယ်။ ကင်မ်က နျူကလီးယား ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ မူဝါဒ ကို ပြန်လည်ဆန်းစစ်ဖို့ ထရမ့်ကို ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ကို ဖျက်သိမ်းဖို့ မပြောတော့ဘူးဆိုရင် ကင်မ်ကလည်း ထရမ့်နဲ့ ဆွေးနွေးမယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်" ဟု ရေချယ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) ကမူ မြောက်ကိုရီးယားသည် တစ်နှစ်လျှင် နျူကလီး ယား ဗုံး ၁၅ လုံးမှ ၂၀ ကြား ထုတ်လုပ်နေကြောင်း ရိုက်တာသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြော ကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 583
CNI International News
ကာရာကက်စ်၊ စက်တင်ဘာ ၂၂
ဗင်နီဇွဲလားကမ်းလွန်ရေပြင်တွင် မူးယစ်ဆေးဝါးများ တင်ဆောင်လာသည်ဟု အမေရိကန်က စွပ်စွဲခဲ့သည့် သင်္ဘော တစ်စင်းကို အမေရိကန်စစ်သင်္ဘောက တိုက်ခိုက်နှစ်မြှုပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့နှင့် တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ရန် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolas Maduro) က ကမ်းလှမ်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်ဆီသို့ ပေးပို့ခဲ့သည့် မာဒူရို၏ ပေးစာတစ်စောင်တွင် ဗင်နီဇွဲလားသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၌ အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ဆိုသော အမေရိကန်၏ ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။
ကိုလံဘီယာတွင် ထုတ်လုပ်ခဲ့သည့် မူးယစ်ဆေးဝါးများအနက် ၅ ရာခိုင်နှုန်းခန့်သာ ဗင်နီဇွဲလားနိုင်ငံမှတဆင့် မှောင်ခိုကူးနေခြင်းဖြစ်ပြီး ၇၀ ရာခိုင်နှုန်းကို ဗင်နီဇွဲလား အာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးပြီး ဖျက်ဆီးခဲ့ ကြောင်း မာဒူရိုက ပြောသည်။
"သမ္မတကြီးခင်ဗျား။ သမိုင်းဝင်ပြီး ငြိမ်းချမ်းစွာရှိရမယ့် ကျနော်တို့ရဲ့ ဆက်ဆံရေးကို ညစ်နွမ်းစေမယ့် သတင်း အမှားတွေကို ကျနော်တို့ အတူတကွ နှိမ်နင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီကိစ္စနဲ့ အခြားပြဿနာတွေကို ခင်ဗျားရဲ့ အထူးသံတမန် ရစ်ချက် ဂရန်နယ် (Richard Grenell) နဲ့ တိုက်ရိုက် ဆွေးနွေးဖို့အတွက် လမ်းဖွင့်ထားမှာ ဖြစ်ပါတယ်" ဟု မာဒူရိုက ထရမ့်ဆီပေးပို့သည့် ပေးစာထဲတွင် ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်
ဗင်နီဇွဲလားသည် ရွှေ့ပြောင်း နေထိုင်သူများကို ပြန်လည်လက်ခံရန် ငြင်းဆိုနေသည်ဆိုသည့် စွပ်စွဲချက်များကို လည်း လျင်မြန်စွာ ဖြေရှင်းရန် ဂရန်နယ်က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မာဒူရိုက ပြောကြားခဲ့သည်။
အမေရိကန်ရှိ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံသားများကို ဗင်နီဇွဲလားသို့ တစ်ပတ်လျှင် ၂ ကြိမ် ပြန်လည်ပို့ဆောင်နေသော လေကြောင်းခရီးစဉ်များလည်း ဆက်ရှိနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
မာဒူရို၏ ပေးစာသည် စက်တင်ဘာ ၆ ရက်နေ့ ရက်စွဲတပ်ထားသဖြင့် ဗင်နီဇွဲလားကမ်းလွန်တွင် သင်္ဘောတစ်စင်း ကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အပြီး ၄ ရက်အကြာတွင် ထရမ့်ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။
ထိုတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် လူ ၁၁ ဦးသည် ဗင်နီဇွဲလား၏ Tren de Aragua လူဆိုးဂိုဏ်းဝင်များဖြစ်ပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၌ ပါဝင်ခဲ့သူများဖြစ်သည်ဟု ထရမ့်က စွပ်စွဲခဲ့သည်။
မာဒူရိုက ထရမ့်ထံ စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်ပြီး အိမ်ဖြူတော် ကမူ မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 464
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂၂
အာဖဂန်နစ္စတန်အနေဖြင့် ဘာဂရမ် လေတပ်စခန်း (Bagram air base) ကို အမေရိကန်အား ပြန်လည်ထိန်းချုပ် ခွင့် မပေးလျှင် အာဖဂန်တွင် ဆိုးရွားသည့်အရာများ ဖြစ်လာလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
"အာဖဂန်နစ္စတန် အနေနဲ့ အမေရိကန်က တည်ဆောက်ခဲ့တဲ့ ဘာဂရမ် လေတပ်စခန်းကို အမေရိကန်ကို ထိန်းချုပ် ခွင့် မပေးဘူးဆိုရင် ဆိုးရွားတဲ့ အရာတွေ ဖြစ်လာပါလိမ့်မယ်" ဟု ထရမ့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
9/11 တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့များ အသုံးပြုခဲ့သည့် ထိုလေတပ်စခန်းကို ပြန်လည် ထိန်းချုပ်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

အာဖဂန်ရှိ အမေရိကန်လေတပ်စခန်းကိုတွေ့ရစဉ်
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အာဖဂန်မှ တာဝန်ရှိသူများနှင့်လည်း ပြောဆိုခဲ့သည်ဟု ထရမ့်က ပြောသည်။
၂၀၂၁ ခုနှစ်တွင် အာဖဂန်မှ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီးနောက် တာလီဘန်အဖွဲ့သည် နိုင်ငံအတွင်းရှိ အမေရိကန်၏ စစ်စခန်းများကို လွှဲပြောင်းရယူခဲ့သည်။
လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အမေရိကန်အရာရှိများနှင့် အရာရှိဟောင်းများကလည်း ဘာဂရမ် လေတပ် စခန်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းခြင်းသည် အာဖဂန်ကို နောက်တစ်ကြိမ် ကျူးကျော်သည့်ပုံစံမျိုး ဖြစ်လာ နိုင်ကြောင်း သတိပေးခဲ့သည်။
ထိုလေတပ်စခန်းကို ပြန်လည် သိမ်းယူရေးအတွက် အမေရိကန်စစ်သားများကို စေလွှတ်သွားရန် ရှိ/မရှိကို သတင်းထောက်များက မေးမြန်းခဲ့ချိန်တွင် ထရမ့်က "ကျနော်တို့ ဒါကို မပြောသေးပါဘူး။ လက်ရှိမှာတော့ အာဖဂန်နစ္စတန်နဲ့ စကားပြောနေပါတယ်။ ကျနော်တို့က လေတပ်စခန်းကို ပြန်လိုချင်တယ်။ သူတို့က မပေး ဘူးဆိုရင်တော့ ကျနော် ဘာလုပ်မလဲဆိုတာ ခင်ဗျားတို့ သိရပါလိမ့်မယ်" ဟု ဖြေကြားခဲ့သည်။

တာလီဘန်တစ်ဦးကို တွေ့ရစဉ်
တာလီဘန်အရာရှိများကမူ ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်က စွန့်လွှတ်ခဲ့သည့် ဘာဂရမ် လေတပ်စခန်းအား အမေရိကန်က ပြန်လည်ထိန်းချုပ်ခွင့် ရယူလိုသည့် ထရမ့်၏ ပြောကြားချက်ကို ငြင်းဆိုခဲ့သည်။
"အာဖဂန်နစ္စတန်ရဲ့ ဘယ်နေရာမှာမဆို အမေရိကန်ရဲ့ စစ်အင်အားတွေ ဖြန့်ကြက်ချထားတာမျိုး မရှိစေရဘဲ နှစ်နိုင်ငံကြား အပြန်အလှန် ထိတွေ့ဆက်ဆံဖို့ လိုအပ်ပါတယ်" ဟု အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရာရှိ တစ်ဦးဖြစ်သည့် ဇာကီယာ ဂျာလယ်လ် ( Zakir Jalal) က ပြောကြားခဲ့သည်။
အမေရိကန်နှင့် အာဖဂန်နစ္စတန်သည် အပြန်အလှန် လေးစားမှုနှင့် မျှဝေမှုရှိသည့် အကျိုးစီးပွားများအပေါ် အခြေခံ ပြီး စီးပွားရေးနှင့် နိုင်ငံရေး ဆက်ဆံမှုများ လုပ်ဆောင်နိုင်ကြောင်း၊ သို့သော် အာဖဂန်တွင် အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်မှုကို ခွင့်ပြုမည် မဟုတ်ကြောင်း ဇာကီယာက ပြောကြားခဲ့သည်။
Source: ရိုက်တာ
