
- By CNI
- Category: နိုင်ငံရေး
- Hits: 982
CNI International News
ဘေကျင်း၊ ဒီဇင်ဘာ ၁၇
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အီလက်ထရောနစ် စစ်ဆင်ရေးတပ်ဖွဲ့သည် အမေရိကန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုများအား တိုက်ခိုက်ရန်အတွက် ပစ်မှတ်များပါဝင်သည့် စာရင်းကို ထုတ်ပြန်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဖြစ်လာနိုင်ခြေရှိသည့် ပဋိပက္ခအတွင်း ထိုစာရင်းထဲတွင် ပါဝင်သော အမေရိကန်စစ်တပ် ရေဒါများ၊ ဆင်ဆာများ နှင့် ဆက်သွယ်ရေး စနစ်များသည် တရုတ်၏ အီလက်ထရောနစ် စစ်ဆင်ရေး လက်နက်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံရဖွယ်ရှိကြောင်း ထိုစာရင်းပြုစုမှုတွင် ပါဝင်သည့် သုတေသီတစ်ဦးက ပြောသည်။
ထိုကဲ့သို့ မကြုံစဖူး ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေးဆိုင်ရာ သိပ္ပံ၊နည်းပညာနှင့် စက်မှု အုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်သည့် Defence Industry Conversion မဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ပညာရှင်တစ်ဦးကို တွေ့ရစဉ်
စစ်ရေးနည်းပညာများ၊ လက်နက် ထုတ်လုပ်မှုများနှင့်ပတ်သက်သည့် သုတေသနတွင် အရပ်ဖက် အင်စတီကျူးရှင်းများနှင့်ကုမ္ပဏီများ ပါဝင်လာစေရန် အားပေးလှုံ့ဆော်သော ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ဒီအချက်အလက်တွေက တရုတ်ရဲ့ အနာဂတ် ရေတပ် စစ်မြေပြင်တွေမှာ အီလက်ထရောနစ် တန်ပြန်နည်းပညာ နဲ့ ဆက်စပ်တဲ့ ပစ္စည်းကိရိယာတွေ ထုတ်လုပ်ဖို့အတွက် အကိုးအကားတွေအဖြစ် အသုံးပြုနိုင်ပါတယ်" ဟု PLA ၏ 92728 Unit မှ အီလက်ထရောနစ် တန်ပြန်ဆောင်ရွက်ရေး ကျွမ်းကျင်သူ မိုကျားချင် (Mo Jiaqian) က ပြောကြား ခဲ့သည်။
မို၏ အစီရင်ခံစာတွင် အမေရိကန်ရေတပ်၏ ပူးတွဲတိုက်ပွဲဝင်စွမ်းရည် (CEC) စနစ်၏ အလုပ်လုပ်ပုံနှင့် အားသာ ချက်များကို စေ့စပ်သေချာစွာ ဖော်ပြထားသည်။
တရုတ်စစ်သားတွေကို တွေ့ရစဉ်
ထိုစနစ်သည် လေယာဉ်တင် သင်္ဘောအုပ်စု၏ လေကြောင်း ကာကွယ်ရေးနှင့် ကြိုတင် သတိပေးမှု ကွန်ရက်များ ၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
PLA အီလက်ထရောနစ် စစ်ဆင်ရေး တိုက်ခိုက်မှုများတွင် အမေရိကန်၏ Aegis သင်္ဘောများပေါ်ရှိ AN/SPY-1 ရေဒါကို အဓိကပစ်မှတ်ထားခဲ့သည်။
ထိုရေဒါကို အမေရိကန်လေကြောင်းနှင့် အာကာသကုမ္ပဏီ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အမေရိကန်စစ်တပ်တွင် အသုံးပြုလာသည်မှာ ဆယ်စုနှစ် ၄ စုကျော်လာပြီဖြစ်သည်။
PLA ၏ နောက်ထပ် အကြီးစား ပစ်မှတ်မှာ အမေရိကန်၏ E-2C Hawkeye ကြိုတင်သတိပေးချက် ထုတ်လွှင့်သည့် လေယာဉ်ဖြစ်ပြီး ထိုလေယာဉ်သည် အမေရိကန် စစ်သင်္ဘောအုပ်စု တစ်ခုလုံး၏ ညှိနှိုင်းဆောင်ရွက်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့် လေယာဉ်ဖြစ်သည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 633
CNI International News
မနီလာ၊ ဒီဇင်ဘာ ၁၇
ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr. ) နှင့် ဒုတိယသမ္မတ ဆာရာ ဒူတာတေး (Sara Duterte) တို့အကြား နိုင်ငံရေး သဘောထား ကွဲလွဲမှုမှာ မြင့်တက်လာခဲ့ပြီး ပိုမိုရှုပ်ထွေး လာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
မားကို့စ်-ဒူတာတေး မဟာမိတ်ကို ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဖြစ် စတင်ထူထောင်ခဲ့သည်။
ထိုမဟာမိတ်ဖက်ဆံရေးမှတဆင့် ဆာရာဒူတာတေး၏ဖခင် သမ္မတဟောင်း ရိုဒီရီဂို ဒူတာတေး (Rodrigo Duterte) အပေါ် လူကြိုက်များမှုနှုန်းသည် မားကို့စ်အတွက် အကျိုးရှိခဲ့ပြီး ဆာရာဒူတာတေးသည်လည်း နိုင်ငံတစ်ဝန်း ထင်ရှားလာခဲ့သည်။
ဖိလစ်ပိုင်ဘတ်ဂျက်ကို ရည်ညွန်းထားစဉ်
သို့သော် ဆာရာဒူတာတေးသည် အစိုးရအဖွဲ့အတွင်း ဩဇာလွှမ်းမိုးလာချိန်တွင် မားကို့စ်ဘက်က ဆက်ဆံရေး အခြေအနေ စတင်ပြောင်းလဲလာခဲ့ပြီး ဆာရာဒူတာတေးသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူးနှင့် ပါတီ ခေါင်းဆောင် အဖြစ်မှ နုတ်ထွက်ခဲ့သည်။
ထို့ပြင် လွှတ်တော်တွင်းရှိ မားကို့စ်၏ မဟာမိတ်များက ဆာရာဒူတာတေး၏ ဘတ်ဂျက်ကို လျှော့ချဖြတ်တောက် ခြင်း၊ ဒူတာတေးနှင့် ဆက်နွှယ်သည့် အရာရှိများကို အဓိကရာထူး နေရာများမှ ဖယ်ရှားခြင်းတို့ ဖြစ်ပွားလာချိန်တွင် တင်းမာမှုများ အရှိန်မြင့်တက်လာခဲ့သည်။
ထို့နောက် ဆာရာဒူတာတေးသည် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် မားကို့စ်အား လုပ်ကြံသတ်ဖြတ်မည်ဆိုသည့် အဓိပ္ပာယ်မျိုး သက်ရောက်သော မှတ်ချက်စကားများကို ပြောကြားခဲ့ချိန်တွင် ၎င်းတို့ ၂ ဦးအကြား ဆက်ဆံရေး တင်းမာမှု အမြင့်ဆုံး ဖြစ်လာခဲ့သည်။
၎င်းတို့ ၂ ဦးအကြား အကွဲအပြဲက ပုဂ္ဂိုလ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ယှဉ်ပြိုင်မှုများကို မြင့်တက်စေခဲ့ပြီး ၂ ဘက်စလုံး က ၂၀၂၈ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရန် ကြိုးပမ်းလာခဲ့ကြသည်။
ဆာရာဒူတာတေးနဲ့ မားကို့စ်တွေ့ရစဉ်
နိုင်ငံခြားရေးမူဝါဒတွင်လည်း အမြင်မတူမှုများရှိခဲ့ပြီး ဒူတာတေး မိသားစုသည် တရုတ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိခဲ့ကာ မားကို့စ်ကမူ အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် လုပ်ဆောင်ခဲ့သည်။
ထိုကဲ့သို့ အားပြိုင်မှုများက အစိုးရအဖွဲ့၏ တည်ငြိမ်ရေးအတွက် အန္တရာယ်များ ဖြစ်လာခဲ့ပြီး ဆာရာဒူတာတေးကို စွပ်စွဲပြစ်တင်မည့် ခြိမ်းခြောက်မှုများ၊ တရားရေး အမှုအခင်းများ ပေါ်ပေါက်လာခဲ့သည်။
ထို့ပြင် ၎င်းတို့ ၂ ဦးအကြား ရန်စသည် ဖိလစ်ပိုင်၏ အနာဂတ်၊ အုပ်ချုပ်ပုံစနစ်၊ ပြည်ပဆက်ဆံရေးနှင့် ၂၀၂၅ သက်တမ်းဝက် ရွေးကောက်ပွဲတို့ကို ပုံဖော်ပေးနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းတို့ ၂ ဦး၏ အာဏာလွန်ဆွဲမှုသည် ဖိလစ်ပိုင်နိုင်ငံတွင် အာဏာကို မျိုးရိုးအစဉ်အဆက် ဆက်ခံသည့် ပြိုင်ဘက်မိသားစုများ၏ အားပြိုင်မှုများနှင့် ကျိုးပျက်လွယ်သော နိုင်ငံရေး မဟာမိတ်ဆက်ဆံရေး သဘော သဘာ၀ကို မီးမောင်း ထိုးပြသရာလည်း ရောက်ခဲ့သည်။
Source: Nikkei Asia

- By CNI
- Category: နိုင်ငံရေး
- Hits: 886
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၇
ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဒေသတွင်း အစည်းအဝေး ၂ ခု ပြုလုပ်မည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုအစည်းအဝေး ၂ ခုအနက် တစ်ခုကို မြန်မာ့တပ်မတော်၏ ကိုယ်စားလှယ်များလည်း တက်ရောက်လိမ့်မည်ဟု ထိုင်းအာဏာပိုင်များက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုအားထုတ် ကြိုးပမ်းမှုများသည် အာဆီယံတွင် မြန်မာ့အရေးကို နောက်တစ်ကြိမ် ဦးစားပေး ဖြေရှင်းရန် ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယမ်ပွန်ဆာ ( Maris Sangiampongsa) သည် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး သီးခြား အစည်းအဝေး ၂ ခုကို ပြုလုပ်သွားမည်ဖြစ်သည်။
လက်နက်ကိုင်အဖွဲ့ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် အကျပ်အတည်းကို အဖြေရှာရန်အတွက် အလွတ်သဘော ဆွေးနွေးပွဲများကို လက်ခံ ကျင်းပပေးမည်ဟု ထိုင်းနိုင်ငံက အောက်တိုဘာလထဲတွင် ကမ်းလှမ်းခဲ့ပြီးနောက် ယခု အစည်းအဝေးများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည့် အစည်းအဝေးကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး ထိုအစည်းအဝေး၌ နယ်စပ်ဒေသလုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးညှိနှိုင်းမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နီကွန်းဒက်ဂျ် ဘာလန်ကူရ (Nikorndej Balankura) က ပြောကြားခဲ့သည်။
ထို့ပြင် ထိုအစည်းအဝေးများကို မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဖြစ်သည်။
ဒီဇင်ဘာ ၂၀ ရက်တွင်မူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို ပြုလုပ် မည်ဖြစ်ကြောင်း နီကွန်းဒက်ဂျ်က ပြောကြားခဲ့သည်။
ပေတုန်တန်နဲ့ မလေးရှားဝန်ကြီးချုပ်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို လွှဲပြောင်း ရယူခဲ့ပြီးကတည်းက အာဆီယံသည် ဒေသတွင်း ထိပ်သီး ခေါင်းဆောင်များနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများ၌ တပ်မတော် ခေါင်းဆောင်များကို ဖိတ်ကြား ခြင်းမရှိဘဲ နိုင်ငံရေးနှင့်မနွယ်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားခဲ့သည်။
၂၀၂၅ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမည့် မလေးရှား ဝန်ကြီးချုပ် အီဘရာဟင် ကမူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ပေါ်လာရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
"မြန်မာကိုယ်စားလှယ်တွေ ပါဝင်နိုင်ဖို့အတွက် ရာထူးအဆင့်အလိုက် အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုတွေ ကတဆင့် မြန်မာ့အရေးကို ဖြေရှင်းဖို့ အာဆီယံက ဦးစားပေး လုပ်ဆောင်နေပါတယ်"ဟု အန်ဝါက ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်သို့ ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 596
CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၁၆
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ (Yoon Suk Yeol) သည် ဒီဇင်ဘာ ၁၅ ရက်က အစိုးရရှေ့နေများ၏ ဆင်ခေါ်မှုကို လာရောက်ခြင်းမရှိခဲ့ဘဲ အမိန့်ကို ဖီဆန်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အစိုးရရှေ့နေများသည် ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး နေချိန်တွင် နောက်ထပ် ဆင့်ခေါ်မိန့်ကိုလည်း ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ယွန်းနှင့် ထိပ်သီး အရာရှိအချို့သည် ပုန်ကန်မှု၊ အာဏာအလွဲသုံးမှု၊ ပြည်သူများ၏ အခွင့်အရေးကို တားမြစ် ပိတ်ပင်မှုတို့ဖြင့် စွပ်စွဲခံနေရပြီး ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံနေရသည်။
ယွန်း၏ အမှုကို စုံစမ်းစစ်ဆေးမှုအား ကိုင်တွယ်နေသည့် အထူးအစိုးရရှေ့နေအဖွဲ့က ယွန်းအား စစ်ဆေး မေးမြန်း ရန်အတွက် ဒီဇင်ဘာ ၁၅ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း ယွန်း က လာရောက်ခြင်းမရှိခဲ့ကြောင်း ဟွန်ဟပ်မှ ဖော်ပြခဲ့သည်။
သမ္မတ ယွန်းဆော့ရွဲကို ဆန္ဒပြနေကြစဉ်
အစိုးရရှေ့နေများသည် နောက်ထပ် ဆင့်ခေါ်မိန့်ကို ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
ယွန်းသည် ဒီဇင်ဘာ ၁၄ ရက်က လွှတ်တော်တွင် စွပ်စွဲပြစ်တင် ခံခဲ့ရပြီးနောက် သမ္မတတာဝန်များမှ ဆိုင်းငံ့ခံ ခဲ့ရသည်။
အစိုးရရှေ့နေများသည် ဒီဇင်ဘာ ၁၅ ရက်က စစ်တပ် အထူးစစ်ဆင်ရေးဌာနနှင့် ဆိုးလ်မြို့တော် ကာကွယ်ရေးဌာန အကြီးအကဲ အပါအဝင် ထိပ်သီး စစ်တပ်အရာရှိများကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခဲ့ကြောင်း ယွန်ဟပ်မှ ဖော်ပြခဲ့ သည်။
တောင်ကိုရီးယား အတိုက်အခံ ခေါင်းဆောင် လီဂျေမြောင် (Lee Jae-myung) ကမူ ယွန်းအား ရာထူးမှ လျင်မြန် စွာ ဖယ်ရှားရန် အခြေခံဥပဒေဆိုင်ရာခုံးရုံး၏ တရားသူကြီးများကို တိုက်တွန်းခဲ့သည်။
အခြေခံဥပဒေဆိုင်ရာခုံရုံးသည် စွပ်စွဲပြစ်တင်ခံရသည့် ယွန်းအား ရာထူးတွင် ဆက်လက် ထားရှိရန် သင့်၊ မသင့်ကို ရက်ပေါင်း ၁၈၀ အတွင်း စီရင်ချက် ချသွားမည်ဖြစ်သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 1411
CNI International News
ကိယက်ဗ်၊ ဒီဇင်ဘာ ၁၆
ရုရှားသည် ကာ့စ် (Kursk) ဒေသရှိ ယူကရိန်းတပ်ဖွဲ့များကို တိုက်ခိုက်မှုများ ပြုလုပ်ရန် မြောက်ကိုရီးယား စစ်သား များကို ပထမဆုံးအကြိမ် စတင်အသုံးပြုနေကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy)က ပြောကြားခဲ့ကြောင်း The Guardian သတင်းမှ ဖော်ပြခဲ့သည်။
"ဒီနေ့ ကျနော်တို့ ရရှိထားတဲ့ ကနဦး အချက်အလက်တွေအရ ရုရှားဟာ သူတို့ရဲ့ တိုက်ပွဲတွေမှာ မြောက်ကိုရီးယား စစ်သားတွေကို အသုံးပြုနေပါတယ်။ စစ်သားအရေအတွက် တော်တော်များပါတယ်"ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ရုရှား၏ တပ်ရင်း၊ တပ်ဖွဲ့များအတွင်းသို့ ဝင်ရောက်ခဲ့သည့် ထိုမြောက်ကိုရီးယား စစ်သားများသည် လက်ရှိတွင် ကာ့စ်ဒေသ၏ စစ်မျက်နှာပြင်တွင်သာ ရှိနေဆဲဖြစ်ကြောင်း၊ ထိုမြောက်ကိုရီးယား စစ်သားများသည် စစ်မြေပြင်၏ အခြားနယ်မြေ ဒေသများကိုပါ ချဲ့ထွင်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
လတ်တလော အချိန်အထိ မြောက်ကိုရီးယား စစ်သားများသည် ယူကရိန်း၏ နယ်မြေထဲသို့ ဝင်ရောက် တိုက်ခိုက်ခြင်း မရှိသေးသော်လည်း မြောက်ကိုရီးယား စစ်သားများဘက်မှ သိသာထင်ရှားသည့် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဇာလန်းစကီးက ပြောသည်။
မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဟောင်းကို တွေ့ရစဉ်
ရုရှားက မြောက်ကိုရီးယား စစ်သားများကို ပိုမိုအသုံးပြုလာခြင်းသည် တိုက်ပွဲကို အရှိန်မြင့်တက်စေခဲ့ပြီး၊ ထိုအခြေအနေကို နိုင်ငံတကာက တုန့်ပြန်ဆောင်ရွက်ကြရန် ဇာလန်းစကီးက တိုက်တွန်းခဲ့သည်။
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် လာမည့်လတွင် စတင်ရုံးထိုင်တော့ မည့်အချိန်၌ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် တွန်းအားပေး လုပ်ဆောင်လိမ့်မည်ဆိုသည့် ထင်ကြေးပေးမှုများ မြင့်တက်နေသည်။
ယူကရိန်း၏ အနောက်မဟာမိတ်များအနေဖြင့် ယူကရိန်းအား ထောက်ပံ့မှုများ ပိုပေးကြရန် ဇာလန်းစကီးက မေတ္တာရပ်ခံခဲ့ပြီး သူသည် လာမည့်သီတင်းပတ်တွင် ဥရောပမိတ်ဖက် ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။
ရုရှားကမူ ၎င်းတို့ဘက်တွင် မြောက်ကိုရီးယား စစ်သားများ ပါဝင်တိုက်ခိုက် ပေးနေသည်ဆိုသည့် သတင်းများကို အတည်ပြုခြင်း မရှိသလို ငြင်းဆိုခဲ့ခြင်းလည်း မရှိပေ။
အမေရိကန်နှင့် တောင်ကိုရီးယားကမူ မြောက်ကိုရီးယားသည် ရုရှားကို စစ်သား ၁၀,၀၀၀ ခန့် စေလွှတ်ပြီး တပ်ကူပေးနေကြောင်း စွပ်စွဲခဲ့သည်။
Source: The Guardian

- By CNI
- Category: နိုင်ငံရေး
- Hits: 757
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၆
ထိုင်းနိုင်ငံတောင်ပိုင်း ရေပြင်များအတွင်း ဆားသိပ်ထားသည့် ပုဇွန်ဆိတ်များကို မှောင်ခိုသွင်းသည့် မြန်မာငါးဖမ်း သင်္ဘောတစ်စင်းနှင့် သင်္ဘောသား ၆ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သင်္ဘောတစ်စင်းသည် ရေလုပ်ငန်း ထွက်ကုန်များကို ထိုင်းနိုင်ငံအတွင်း တရားမဝင် မှောင်ခိုသွင်းနေကြောင်း သတင်းရရှိခဲ့ပြီးနောက် ထိုင်းရေတပ်အရာရှိများက ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီတွင် ရနောင်းပြည်နယ်သို့ သွားရောက်စစ်ဆေးခဲ့သည်။
ရေတပ်အရာရှိများသည် ရနောင်းပြည်နယ်၏ ပါ့ခ်နမ် (Pak Nam) မြို့ရှိ ဝေသွန်း (Waithong) မြို့ ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် ဆိပ်ကမ်း၌ ကြိုးချည်ရပ်နားထားသည့် မြန်မာငါးဖမ်း သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ထိုသင်္ဘောပေါ်တွင် ဆားသိပ်ထားသည့် ပုဇွန်ဆိတ် ၄၀,၀၀၀ ကီလိုဂရမ်နှင့်အတူ သင်္ဘောသား ၆ ဦးကို တွေ့ရှိခဲ့သည်ဟု ထိုင်းနိုင်ငံ ပင်လယ်ရေကြောင်း ကွပ်ကဲရေးစင်တာ (ဒေသ-၃) က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုငါးဖမ်းသင်္ဘောသည် ထိုင်းနိုင်ငံသို့ ရေလုပ်ငန်းထွက်ကုန်များ ယူဆောင်လာခွင့်မရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသား ငါးဖမ်းသမားနဲ့မြန်မာနိုင်ငံသားများကို မြန်မာက ဖမ်းထားစဉ်
ထိုသင်္ဘောကို ရှာဖွေရာတွင် ၂၀ ကီလိုဂရမ် အလေးချိန်ရှိ ဆားနယ်ထားသည့် ပုဇွန်ဆိတ်များ ထည့်ထားသည့် အိတ်ပေါင်း ၂၀၀၀ ကို တွေ့ရှိခဲ့သည်။
သင်္ဘောသားများကိုမူ တရးဥပဒေအရ အရေးယူရန်အတွက် ပါ့ခ်နမ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။
မြန်မာနိုင်ငံ၏ ရေပြင်များအတွင်း ထိုင်းငါးဖမ်းသင်္ဘော ၁၅ စင်းကို မြန်မာကင်းလှည့်သင်္ဘောက ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သီတင်း ၂ ပတ်အကြာတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်းသင်္ဘောသား ၄ ဦးသည် ရနောင်းပြည်နယ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည့် ကော့သောင်းမြို့တွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယာပွန်ဆာသည် ဖမ်းဆီးခံထားရသည့် ထိုင်းသင်္ဘောသားများ လွတ်မြောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 1293
CNI International News
တိုင်ပေ၊ ဒီဇင်ဘာ ၁၄
တရုတ်သည် ထိုင်ဝမ်အနီးတွင် ပုံမှန်မဟုတ်သည့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်အပေါ် နည်းဗျူဟာ သစ် ကျင့်သုံးလာကြောင်း ထိုင်ဝမ်အရာရှိများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
တရုတ်သည် ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် စစ်သင်္ဘောများနှင့် စစ်လေယာဉ် အများအပြား ဖြန့်ကြက်ချထားခဲ့သဖြင့် ထိုင်ဝမ်သည် စစ်ရေးအရ တပ်လှန့်နှိုးဆော်မှုကို မြှင့်တင်ခဲ့ရသည်။
ထိုင်ဝမ်ကမူ တရုတ်သည် အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ကျွန်းအနီးတွင် နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံး ရေတပ်အင်အားကို ဖြန့်ကြက်ချထားခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ ရေတပ်အင်အား ဖြန့်ကြက်ချထားမှုသည် အကြီးစား စစ်ရေးလေ့ကျင့်မှု ဖြစ်နိုင်ကြောင်း ထိုင်ဝမ်က ခန့်မှန်း ပြောကြားခဲ့သည်။
ထိုအခြေအနေကို အမေရိကန်နှင့် ဂျပန်တို့ကလည်း စောင့်ကြည့်ခဲ့သည်။
ပုံမှန်အားဖြင့် စစ်ရေးလေ့ကျင့်မှုများကို ကြေညာပြီး လုပ်ဆောင်လေ့ရှိသည့် တရုတ်စစ်တပ်သည် ဒီဇင်ဘာ ၁၃ ရက်အထိ စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခဲ့သည်။
ထိုင်ဝမ်ပြည်သူများက ထိုင်ဝမ်ကျွန်းကို ကာကွယ်ဖို့နှိုးဆော်နေကြစဉ်
ထို့ပြင် တရုတ်စစ်တပ်က ဆွန်ဇူး (Sun Tzu) ၏ စစ်ပညာကျမ်း (Art of War) ထဲမှ ရှေးဟောင်း စစ်ဗျူဟာ တစ်ခုကို ကိုးကားပြောဆိုခဲ့သည်။
ထိုဗျူဟာအရ "စစ်ရေးလှုပ်ရှားမှုများကို ပုံစံတစ်ခုတည်းဖြင့် ကန့်သတ်မထားဘဲ စီးဆင်းနေသည့်ရေကဲ့သို့ ပြင်လွယ်ပြောင်းလွယ်ဖြစ်အောင် အလိုက်သင့် ဆောင်ရွက်ရမည်" ဆိုသည့် စာသားကို တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သို့သော် တရုတ်သည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့မှုအပေါ် တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခြင်း သို့မဟုတ် ငြင်းခုံခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။
ထိုသို့ ရေငုံနှုတ်ပိတ်နေမှုသည် အတိတ်ကာလက ဝါဒဖြန်မှုများ၊ စစ်ရေးလှုပ်ရှားမှုများကို ကျယ်ကျယ်လောင် လောင် ပြောကြားခဲ့သည့် တရုတ်၏ လုပ်ဆောင်ပုံများနှင့်မတူဘဲ တစ်မူကွဲထွက်နေကာ ထိုင်ဝမ်အပေါ် နည်းဗျူဟာသစ် ပြောင်းလဲကျင့်သုံးလာခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 1586
CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၁၄
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) အား လွှတ်တော်တွင် စွပ်စွဲပြစ်တင်ရေးအဆို မဲခွဲဆုံးဖြတ် မှု၌ အာဏာရပါတီအနေဖြင့် ထောက်ခံမဲပေးရန် အတိုက်အခံခေါင်းဆောင် လီဂျေမြောင် (Lee Jae-myung) က ဒီဇင်ဘာ ၁၃ ရက်တွင် တိုက်တွန်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးကို ပြန်လည်ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းသည် သမ္မတအား စွပ်စွဲ ပြစ်တင်ရေးဖြစ်သည်ဟု လီက ပြောသည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဖက်အုပ်ချုပ်ရေးကို ဆိုင်းငံ့ခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာခဲ့ ပြီးနောက် စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။
သို့သော် နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့သည်။
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်
ထို့နောက် မကြာမီ အချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်ကို ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အတိုက်အခံများက ဒီဇင်ဘာ ၇ ရက်တွင် ယွန်းအား လွှတ်တော်၌ စွပ်စွဲပြစ်တင်ရေး အဆိုတင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့သော်လည်း ယွန်း၏ အာဏာရ ပြည်သူ့အင်အားပါတီ (PPP) က သပိတ်မှောက် ခဲ့သဖြင့် ယွန်းသည် ပထမအကြိမ် စွပ်စွဲပြစ်တင်ခံရမည့် အရေးမှ လွတ်မြောက်ခဲ့သည်။
သို့သော် အတိုက်အခံများက ယွန်းအား ဒုတိအကြိမ် စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းခဲ့ပြီး ထိုစွပ်စွဲပြစ်တင်မှု အဆိုကို ဒီဇင်ဘာ ၁၄ ရက်တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည်ဟု အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ပြောကြား ခဲ့သည်။
ယွန်းသည် ဒီဇင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု ပြောကြား ခဲ့ပြီး အတိုက်အခံပါတီသည် အစိုးရအဖွဲ့ကို တုံ့ဆိုင်းစေရန် လုပ်ဆောင်နေကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။
တောင်ကိုရီးယားပြည်သူများ သမ္မတကို ဆန့်ကျင်နေကြစဉ်
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီကတော့ ယွန်း၏ မှတ်ချက်စကားများသည် လူထုကို စစ်ကြေညာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"စွပ်စွဲပြစ်တင်မှုဟာ ပြဿနာကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး အဖြေရှာနိုင်တဲ့ နည်းလမ်းဖြစ်တယ်ဆိုတာကို သက်သေသာဓကတွေ အများကြီးရှိခဲ့ပြီးပါပြီ" ဟု လီက ပြောကြားခဲ့သည်။
အာဏာရ PPP ၏ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ယွန်းအား စွပ်စွဲပြစ်တင်ရေးအဆို မဲခွဲဆုံးဖြတ် မှုတွင် ထောက်ခံမဲပေးရန် တိုက်တွန်းခဲ့ပြီး "သင်တို့ရဲ့ ဆုံးဖြတ်ချက်သည် သမိုင်းတွင် သွားလိမ့်မည်ဖြစ်ကြောင်း" လီက ပြောကြားခဲ့သည်။
ယွန်းအား စွပ်စွဲပြစ်တင် နိုင်ခဲ့မည်ဆိုပါက ထိုအမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ရောက်ရှိသွား မည်ဖြစ်ကာ သမ္မတကို ရာထူးမှ ဖယ်ရှားမည်လော သို့မဟုတ် ရာထူးတွင် ဆက်ထားမည်လောဆိုခြင်းကို ခြောက်လအတွင်း ဆုံးဖြတ်သွားမည်ဖြစ်သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 1080
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃
အမေရိကန်တွင် TikTok ကို ပိတ်ပင်မည့်ဥပဒေအား ယာယီဆိုင်းငံ့လိုသည့် TikTok ၏ မိခင်ကုမ္ပဏီဖြစ်သော ByteDance ၏ အရေးပေါ် အယူခံဝင်မှုကို ငြင်းပယ်ရန် တရားရေးဝန်ကြီးဌာနက အမေရိကန်အယူခံတရားရုံးကို ဒီဇင်ဘာ ၁၁ ရက်က တိုက်တွန်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်တွင် ဧပြီလက ထုတ်ပြန်ခဲ့သည့် ဥပဒေအရ TikTok ၏ မိခင်ကုမ္ပဏီဖြစ်သည့် ByteDance အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် မတိုင်မီ TikTok အက်ပလီကေးရှင်းကို တရုတ်မဟုတ်သည့် ကုမ္ပဏီတစ်ခုထံ ရောင်းချရန် ပြဋ္ဌာန်းထားသလို ရောင်းချခြင်းမရှိပါက အမေရိကန်တွင် TikTok ကို ပိတ်ပင်မည်ဟု ဖော်ပြထား သည်။
TikTok နှင့် ByteDance တို့ကမူ ဒီဇင်ဘာ ၉ ရက်တွင် အမေရိကန် ဖက်ဒရယ်အယူခံတရားရုံးကို အရေးပေါ် အယူခံဝင်ခဲ့ကြောင်း၊ ထိုအယူခံဝင်မှုကို ဆိုင်းငံ့ထားပြီး တရားရုံးချုပ်က စိစစ်သုံးသပ်နေသည်။
အယူခံတရားရုံး အနေဖြင့် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိပါက အမေရိကန်တွင် လစဉ် အသုံးပြုသူ သန်း ၁၇၀ ကျော်ရှိသည့် တရုတ်၏ ပေါ်ပြူလာအဖြစ်ဆုံး လူမှုမီဒီယာများထဲတွင် ပါဝင်သော TikTok သည် ပိတ်ပင်ခံရနိုင်ကြောင်း TikTok နှင့် ByteDance ကုမ္ပဏီတို့က သတိပေးခဲ့သည်။
Tik Tok အမှတ်တံဆိပ်ကို တွေ့ရစဉ်
တရားရုံးအနေဖြင့် ဥပဒေတွင် သတ်မှတ်ထားသည့် ရက်စွဲထက်ပိုပြီး အချိန်မဆွဲသင့်ကြောင်းနှင့် TikTok ကို တရုတ်က ဆက်လက် ထိန်းချုပ်ခွင့်ရှိခြင်းသည် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေလိမ့် မည်ဖြစ်ကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး TikTok က ချက်ချင်း မှတ်ချက်ပေးခြင်းမရှိပေ။
ဇန်နဝါရီ ၁၉ ရက်တွင် ဥပဒေ စတင် အသက်ဝင် လာမည်ဆိုပါက TikTok အသုံးပြုသူများကို တိုက်ရိုက် ပိတ်ပင်နိုင်မည်သာ မဟုတ်ဘဲ အမေရိကန် အသုံးပြုသူများ၏ အချက်အလက်များကို ရယူပြီး အလွဲသုံးစားလုပ် မည့် အခြေအနေကိုလည်း ဟန့်တားနိုင်လိမ့်မည်ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
TikTok သည် တရုတ်အစိုးရနှင့် ဆက်နွှယ်နေသည်ဆိုသည့် အထင်ဖြင့် နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း အမေရိကန် နိုင်ငံရေးသမားများက ၂၀၂၀ ပြည့်နှစ်ကတည်းက သတ်မှတ်ခဲ့ကြသည်။
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ပထမ သက်တမ်းအတွင်းကလည်း TikTok ကိုပိတ်ပင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ