- By CNI
- Category: နိုင်ငံရေး
- Hits: 495
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၂
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စရေးက ကန့်ကွက်နေသည့်ကြားကနေ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုနိုင်မလား စောင့်ကြည့်မည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာ ၂၂ ရက်၌ ကုလသမဂ္ဂအထွေထွေညီလာခံသည် ဂါဇာ ကမ်းမြောင်ဒေသ၌ ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်ပြီး အထူးအစည်းအဝေးတစ်ခုကို ပြုလုပ်မည်ဖြစ်သည်။
ထိုအစည်းအဝေးသည် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေး အစီအစဉ်ကို ပြန်လည် အသက်သွင်းသည့် ပြင်သစ်နှင့် ဆော်ဒီတို့ ဦးဆောင်သော သံတမန်ရေးရာအစီအစဉ်၏ ခြေလှမ်းတစ်ခု ဖြစ်လာ မည်ဖြစ်သည်။
စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည့် အစည်းအဝေးကို တက်ရောက်မည့် နိုင်ငံအချို့က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုထားပြီးဖြစ်သည့် ကုလအဖွဲ့ဝင် ၁၄၅ နိုင်ငံကျော်နှင့်အတူ ပူးပေါင်းသွားမည်ဟု ကြေညာခဲ့သည်။
ထိုနိုင်ငံများထဲတွင် ပြင်သစ်၊ ကနေဒါ၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ဩစတြေးလျ၊ လူဇင်ဘတ်နှင့် မော်လ်တာနိုင်ငံများ ပါဝင်သည်။

ပါလက်စတိုင်းများကို တွေ့ရစဉ်
အစ္စရေးက ဂါဇာတွင် ထိုးစစ်ကို အရှိန်မြှင့်နေချိန်၌ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည့် ဥရောပနိုင်ငံ များ၏ ကြေညာချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၅ ရက်ကလည်း သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၏ လွတ်လပ် သည့် နိုင်ငံတကာ စုံစမ်းရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် အစ္စရေးသည် ဂါဇာ၌ လူမျိုးသုဉ်း သတ်ဖြတ်မှုများ ကို ကျူးလွန်နေကြောင်း ကောက်ချက်ချခဲ့သည်။
အစ္စရေးနှင့် ၎င်း၏ မဟာမိတ်ဖြစ်သည့် အမေရိကန်ကမူ ထိုထုတ်ပြန်ချက်ကို ငြင်းဆိုခဲ့ပြီး ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းသည် အကြမ်းဖက်မှုကို အားပေးရာ ရောက်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ပါလက်စတိုင်းကို မထောက်ခံသူများကမူ ခိုင်မာပြီး လက်တွေ့ကျသည့် လုပ်ဆောင်မှု မပါဘဲ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမှုသည် လုံလောက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
"အနောက်နိုင်ငံတွေက ပါလက်စတိုင်းကို ထောက်ခံတယ်လို့ ပြောနေကြပေမယ့် လက်တွေ့ကျတဲ့ အရေးယူ လုပ်ဆောင်ချက်တွေ မရှိခဲ့ကြပါဘူး" ဟု ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ (West Bank) ရှိ ရာမလာ (Ramallah) မြို့တွင် အခြေစိုက်သည့် ပြည်သူ့သံတမန်ရေးရာ ပါလက်စတိုင်း အင်စတီကျု၏ ညွှန်ကြားရေးမှူး အင်နက်စ် အဗ္ဗဒယ် ရာဇက် (Ines Abdel Razek) က ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 483
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၂၀
Thai Rak Thai ပါတီ၏ စိတ်ဓာတ်သည် မည်သည့်အခါကမျှ ဖျက်ဆီးမခံခဲ့ရကြောင်းနှင့် လူထုက ရွေးချယ်ခဲ့သည့် ဒီမိုကရေစီစနစ်သည် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အပြောင်းအလဲတစ်ခုကို ဆောင်ကြဉ်းပေးနိုင်ကြောင်း ဒုတိယဝန်ကြီးချုပ်ဟောင်း ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်သည် ထိုင်းနိုင်ငံရေးသမိုင်းတွင် နက်ရှိုင်းသည့် ဒဏ်ရာဒဏ်ချက် တစ်ခုဖြစ်ခဲ့ပြီး ထိုနေ့တွင် စစ်အာဏာသိမ်းမှုကြောင့် လူထု၏ ထောက်ခံမှုကို ရရှိခဲ့သော ရွေးကောက်ခံအစိုးရအဖွဲ့ ပြုတ်ကျခဲ့ရုံ သာမက သန်းနှင့်ချီသည့် ပြည်သူများ၏ စိတ်ကူယဉ် အိပ်မက်များလည်း တစ်စစီ ပျက်စီးခဲ့ရကြောင်း ဖွမ်သမ်က စက်တင်ဘာ ၁၉ ရက်တွင် Facebook ပေါ်၌ ရေးသားခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၏ လက်ထက်က Thai Rak Thai ပါတီ ဦးဆောင်ခဲ့သည့် ထိုင်းအစိုးရအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှု၊ သန်းနှင့်ချီသည့် ကလေးများအတွက် ပညာရေး အခွင့်အလမ်းများ၊ လယ်သမားများနှင့် အလုပ်သမားများကို ချေးငွေများ ရရှိရေးနှင့် ဈေးကွက်များထဲသို့ ဝင်ရောက်စေနိုင်သည့် စီးပွားရေး အစီအစဉ်များဖြင့် ပြည်သူများ၏ စားဝတ်နေရေးကို ဒီမိုကရေစီစနစ်ဖြင့် ပြောင်းလဲစေနိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်ဟု ဖွမ်သမ်က ပြောသည်။

ထိုင်းအာဏာသိမ်းမှုကို ဖော်ပြထားစဉ်
ထိုအချက်အလက်များသည် မူဝါဒများထက် ပိုမို အဓိပ္ပာယ်ပြည့်ဝခဲ့ပြီး ထိုင်းပြည်သူများ၏ စားဝတ်နေရေး အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
သို့သော် အာဏာသိမ်းမှုကြောင့် အရာအားလုံးသည် ရပ်တန့်သွားခဲ့ပြီး Thai Rak Thai ပါတီ၏ ခေါင်းဆောင် များနှင့် အစိုးရအရာရှိများသည် တရားရင်ဆိုင်ခဲ့ရကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။
ပြည်သူများ၏ မျှော်လင့်ချက်များသည် ပျောက်ဆုံးသွားခဲ့ပြီး နိုင်ငံသည်လည်း နောက်ကောက်ကျ ကျန်ခဲ့ကာ ထိုင်းနိုင်ငံ၏ အနာဂတ်ကို ဖိနှိပ်သည့် စည်းမျဉ်းများနှင့် လိုရာဆွဲ ရေးသားထားသည့် အခြေခံဥပဒေတို့သည် နှစ်ပေါင်း ၂၀ နီးပါးကြာ အမည်းစက်အဖြစ် တည်ရှိခဲ့ကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ Thai Rak Thai ပါတီ၏ စိတ်ဓာတ်သည် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ပြီး ဖြူးထိုင်းပါတီသည် Thai Rak Thai ပါတီ၏ ဒီမိုကရေစီလမ်းစဉ်အတိုင်း ဆက်လက် လျှောက်လှမ်းခဲ့သည်ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။
"Thai Rak Thai ပါတီဟာ အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံခဲ့ရပေမယ့် ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ဒီမိုကရေစီ စံနှုန်းတွေကတော့ ဖျက်ဆီး မခံခဲ့ရပါဘူး။ ဒီနေ့မှာ ဖြူးထိုင်းပါတီဟာ ထိုင်းဒီမိုကရေစီရဲ့ အနာဂတ်အတွက် ဆက်လက် တိုက်ပွဲဝင်နေပါတယ်" ဟု ဖွမ်သမ်က Facebook တွင် နိဂုံးချုပ် ရေးသားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 641
CNI International News
အစ္စလာမ်မာဘက်၊ စက်တင်ဘာ ၂၀
အာဖဂန်နစ္စတန်၏ တာလီဘန်အစိုးရအဖွဲ့အနေဖြင့် ပါကစ္စတန်နှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းမည် လော သို့မဟုတ် စစ်သွေးကြွများကို အာဖဂန်မြေပေါ်တွင် ဆက်လက်ခိုလှုံခွင့် ပေးထားမည်လော ဆိုသည့် အချက် ၂ ချက်တွင် ၁ ချက်ကို ရွေးချယ်ဆုံးဖြတ်ရမည်ဟု ပါကစ္စတန်အစိုးရက သတိပေးခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် (Shehbaz Sharif) ကလည်း ပါကစ္စတန်တာလီဘန်အဖွဲ့ဖြစ်သည့် (TTP) နှင့်အခြား စစ်သွေးကြွအဖွဲ့များသည် အာဖဂန်မြေပေါ်တွင် ခြေကုပ်ယူပြီး ပါကစ္စတန်ကို တိုက်ခိုက်နေကြောင်း ပြောကြားခဲ့သည်။
အကယ်၍ အာဖဂန်တာလီဘန် အဖွဲ့အနေဖြင့် TTP နှင့် အခြား စစ်သွေးကြွများကို အာဖဂန်မြေပေါ်တွင် ဆက်လက် ခိုလှုံခွင့် ပေးထားမည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်လိမ့်မည်ဟု ရှရစ်ဖ်က ပြောကြားခဲ့သည်။
စစ်သွေးကြွများသည် အာဖဂန် နယ်စပ်အနီးရှိ ပါကစ္စတန်၏ ခိုင်ဘာ ပက်ထန်ခါဝါ (Khyber Pakhtunkhwa) ပြည်နယ်နှင့် အခြားဒေသများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အာဖဂန်နိုင်ငံအတွင်းသို့ ထွက်ပြေး ဝင်ရောက်သွားခဲ့ကြောင်း ပါကစ္စတန် အရာရှိများက ပြောကြားခဲ့သည်။

အာဖဂန်တာလီဘန်အဖွဲ့ ခေါင်းဆောင်တွေကို တွေ့ရစဉ်
ထို့ကြောင့် အာဖဂန်တာလီဘန် အစိုးရအနေဖြင့် စစ်သွေးကြွများကို အရေးမယူပါက ပါကစ္စတန်သည် အာဖဂန်အစိုးရနှင့် ဆက်ဆံတော့မည် မဟုတ်ကြောင်း ရှရစ်ဖ်က ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း အာဖဂန်နယ်စပ်အနီးရှိ ပါကစ္စတန်တာလီဘန်အဖွဲ့၏ ခြေကုပ်စခန်း ၃ ခုကို ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ချိန်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီး စစ်သား ၁၉ ဦးနှင့် စစ်သွေးကြွ ၄၅ ဦး သေဆုံးခဲ့သည်။
ပါကစ္စတန်စစ်သားများ အကျအဆုံးများမှုက စစ်သွေးကြွများကို ချေမှုန်းနေသည့် ပါကစ္စတန်၏ စစ်ဆင်ရေးသည် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို ပြသနေသည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း ပါကစ္စတန်တွင် TPP အဖွဲ့၏ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။
ပါကစ္စတန် တာလီဘန်အဖွဲ့ဖြစ်သည့် TPP သည် အာဖဂန်တာလီဘန်အဖွဲ့နှင့် တူညီမှုမရှိဘဲ သီးခြားအဖွဲ့ ဖြစ်သော်လည်း ထိုအဖွဲ့ ၂ ဖွဲ့ကြား နီးကပ်သည့် ဆက်ဆံရေး ရှိနေသည်ဟု ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 454
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂၀
ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်အဖွဲ့သည် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရေးအတွက် အထက်လွှတ်တော် ကြေညာချက်တစ်စောင် ထုတ်ပြန်ရန် စက်တင်ဘာ ၁၈ ရက်က အဆိုပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်ကြား ၂ နှစ်နီးပါးကြာ စစ်ပွဲ ဖြစ်ပွားနေချိန်၌ ပါလက်စတိုင်းနှင့်ပတ်သက်ပြီး အမေရိကန်၏ မူဝါဒ အပြောင်းအလဲ တစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသည်။
အထက်လွှတ်တော်၏ ဒီမိုကရက်များ ဦးဆောင်သည့် ထိုအစီအစဉ်သည် လွှတ်တော်တွင် အတည်ပြုချက်ကို ရရှိနိုင်ခြေမရှိပေ။
အဘယ်ကြောင့်ဆိုသော် အထက်လွှတ်တော်တွင် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) ၏ ရီပတ်ဘလစ်ကန် အမတ်များက လူများစုနေရာကို ရရှိထားခြင်းကြောင့် ဖြစ်သည်။
ထရမ့်ကလည်း သူသည် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဟု ပြောကြားခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ ပြောကြားချက်ကို သဘောမတူကြောင်းနှင့် ရီပတ်ဘလစ်ကန်များသည် ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုမည့် အားထုတ်ကြိုးပမ်းမှုများတွင် ပါဝင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းတွေကိုတွေ့ရစဉ်
"အမေရိကန်အနေနဲ့ ဒီကိစ္စကို ဦးဆောင်ဖို့ တာဝန်ရှိလာပါပြီ။ အခုအချိန်က လက်တွေ့လုပ်ဆောင်ဖို့ အချိန်ဖြစ် ပါတယ်" ဟု ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုလိုသည့် ဒီမိုကရက်လွှတ်တော်အမတ် ဂျက်ဖ် မာကလီ (Jeff Merkley) က ပြောကြားခဲ့သည်။
ဒီမိုကရက်အင်အားစု၏ ကြေညာချက်တွင် အမေရိကန် အနေဖြင့် စစ်ရေးလှုပ်ရှားမှုများ မရှိသည့် ပါလက်စတိုင်း နိုင်ငံအဖြစ် အသိအမှတ်ပြုရေး အပါအဝင် ပါလက်စတိုင်းနှင့် အစ္စရေးကြား ငြိမ်းချမ်းရေး အလားအလာများကို မြှင့်တင်ရေးအတွက် တိုက်တွန်းထားသည်။
အောက်လွှတ်တော်တွင်လည်း ဒီမိုကရက် လွှတ်တော်အမတ် ရို ခန်နာ (Ro Khanna )က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုရေးအတွက် ထောက်ခံမှုများ ရရှိရန် စာတစ်စောင် ဖြန့်ဝေခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဝါရှင်တန်ရှိ အစ္စရေးသံရုံးကမူ ရိုက်တာသတင်းဌာန၏ မှတ်ချက်တောင်းခံ မှုကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 452
CNI International News
ရီးယာ့ဒ်၊ စက်တင်ဘာ ၁၉
ဆော်ဒီအာရေဗျနှင့် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် ပါကစ္စတန်တို့သည် အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ်ကို စက်တင်ဘာ ၁၇ ရက်က ချုပ်ဆိုခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ကာတာကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် ယခုလက်မှတ် ရေးထိုးခဲ့သည့် ထိုစာချုပ်အရ ဆော်ဒီနှင့် ပါကစ္စတန်ကြား တစ်နိုင်ငံက တိုက်ခိုက်ခံရပါက ၂ နိုင်ငံစလုံးကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
ထိုစာချုပ်ကို ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိလာသည့် ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် (Shehbaz Sharif) နှင့် ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆယ်လ်မန် (Mohammed bin Salman) တို့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံသည် ပါကစ္စတန်နှင့် စီးပွားရေး၊ ဘာသာရေးနှင့် လုံခြုံရေးဆက်ဆံမှုများ နီးကပ်စွာရှိခဲ့ပြီး ဆော်ဒီသည် ပါကစ္စတန်၏ နျူကလီးယားလက်နက် စီမံကိန်းအတွက် ငွေကြေးများ ထောက်ပံ့ပေးခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ဆော်ဒီမင်းသားကိုတွေ့ရစဉ်
အီရန်၏ နျူကလီးယား စီမံကိန်းကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ဆော်ဒီအာရေဗျသည် ပါကစ္စတန်၏ နျူကလီးယားကာကွယ်မှုအောက်သို့ ရောက်ရှိလာလိမ့်မည်ဟု ပါကစ္စတန်သံတမန်များက ပြောကြားခဲ့သည်။
ထို့ပြင် ယခုစာချုပ် ချုပ်ဆိုမှုသည် အရှေ့အလယ်ပိုင်းဒေသ၏ တစ်ဦးတည်းသော နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် အစ္စရေးအတွက် အချက်ပြမှုတစ်ခု ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဆော်ဒီနှင့် ပါကစ္စတန်တို့၏ စာချုပ်သည် ကာတာတွင် အစ္စရေး၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဆော်ဒီအာရေဗျ နိုင်ငံ၏ ပထမဆုံး ကာကွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုဖြစ်ပြီး ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အစ္စရေး က မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ငြင်းဆိုခဲ့သည်။
ထို့ပြင် ပင်လယ်ကွေ့ နိုင်ငံများနှင့်ရော အစ္စရေးနှင့်ပါ ဆက်ဆံရေး ကောင်းမွန်သည့် အမေရိကန်ကလည်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဆော်ဒီနှင့် ပါကစ္စတန်တို့၏ စာချုပ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေး အပါအဝင် မိမိတို့၏ အမျိုးသားလုံခြုံရေးအတွက် သက်ရောက်မှုများကို လေ့လာသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 448
CNI International News
ဘေဂျင်း၊ စက်တင်ဘာ ၁၉
အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေချိန်တွင် တစ်ဖက်သတ် အနိုင်ကျင့်သည့် လုပ်ဆောင် ချက်များအား ဆန့်ကျင်ပြီး လွတ်လပ်သည့် ကုန်သွယ်ရေးကို ကာကွယ်ရန်အတွက် တောင်ကိုရီးယားအနေဖြင့် တရုတ်နှင့် ပူးပေါင်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
"တရုတ်နဲ့ တောင်ကိုရီးယားဟာ လွတ်လပ်စွာ ကုန်သွယ်မှုကို အခြေပြုထားတဲ့ ကမ္ဘာ့ စီးပွားရေးဝါဒရဲ့ အကျိုး အမြတ်တွေကို ခံစားခွင့်ရရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်" ဟု ဝမ်က စက်တင်ဘာ ၁၇ ရက်တွင် ဘေဂျင်းမြို့တော်၌ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွမ် (Cho Hyun) နှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ သည်။
လက်ရှိ အခြေအနေအရ တစ်ဖက်သတ် အနိုင်ကျင့်နေသည့် လုပ်ဆောင်ချက်များ ရှိနေ၍ မိမိတို့ အနေဖြင့် ကုန်သွယ်ရေးတွင် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကို ပူးပေါင်း ဆန့်ကျင်သင့်ကြောင်း၊ နိုင်ငံတကာ လွတ်လပ် သော ကုန်သွယ်ရေးစနစ်ကို ကာကွယ်သင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားအပေါ် ထားရှိသည့် တရုတ်၏ မူဝါဒသည် တည်ငြိမ်ပြီး တစ်သမတ်တည်း ရှိကြောင်းလည်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်
နှစ်နိုင်ငံစလုံး အနေဖြင့် ထိလွယ်ရှလွယ်ရှိသည့် အရေးကိစ္စများကို သင့်တော်သလို ကိုင်တွယ် ဖြေရှင်းနေချိန်တွင် တစ်ဖက်တွင်လည်း အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ရမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုကလည်း မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြန်လည် စတင်ရေး အတွက် တရုတ်က ကူညီပေးရန် တောင်းဆိုခဲ့ပြီး ဆွေးနွေးမှုများ ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် နျူကလီးယား ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုသည့် လုပ်ငန်းစဉ်များ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်သို့ ၂ ရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိနေသည့် ချိုသည် ဇူလိုင်လက တောင်ကိုရီးယားဝန်ကြီးအဖြစ် တာဝန် စတင် ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း တရုတ်သို့ လာရောက်သော ပထမဆုံးခရီးစဉ်ဖြစ်သည်။
ချို၏ ခရီးစဉ်သည် တောင်ကိုရီးယားနိုင်ငံတွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) အစည်းအဝေးကို တက်ရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ရှုမြင်ခံခဲ့ရသည်။
အကယ်၍ ရှီအနေဖြင့် APEC အစည်းအဝေးကို တက်ရောက်မည်ဆိုပါက ၂၀၁၄ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယား သို့ သွားရောက်မည့် ပထမဆုံး ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။
ဂျောင်းဂျူ (Gyeongju) မြို့တွင် ပြုလုပ်မည့် APEC အစည်းအဝေး၌ ရှီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့ သီးခြားတွေ့ဆုံဖွယ် ရှိကြောင်းလည်း ထင်ကြေးပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေ သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 502
CNI International News
ကင်ရှာဆာ၊ စက်တင်ဘာ ၁၉
ကွန်ဂိုစစ်တပ်နှင့် ရဝမ်ဒါနိုင်ငံက ထောက်ပံ့ပေးထားသည့် သူပုန်များသည် ၎င်းတို့ခြေကုပ်ယူထားသော နေရာများ တွင် စစ်အင်အားများကို ဖြည့်တင်းနေပြီး နှစ်ဖက်စလုံးက ငြိမ်းချမ်းရေး သဘောတူညီချက်ကို လေးစားမှုမရှိ ကြောင်း အပြန်အလှန် စွပ်စွဲနေကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ကွန်ဂိုတွင် ဖြစ်ပွားနေသည့် ပဋိပက္ခသည် အဆုံးသတ်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည့်တိုင် လက်ရှိအခြေအနေသည် ပဋိပက္ခဖြစ်ပွားရန် တအုံနွေးနွေး အခြေအနေသို့ ရောက်ရှိနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ရဝမ်ဒါနိုင်ငံ၏ ထောက်ပံ့မှုကို ရရှိထားသည်ဟု စွပ်စွဲခံထားရသည့် M23 သူပုန်များသည် ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် ကွန်ဂိုနိုင်ငံအရှေ့ပိုင်းရှိ အဓိက မြို့ကြီး ၂ မြို့ကို သိမ်းယူခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်း ၂၀ အတွင်း ကွန်ဂိုအစိုးရအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ဒေသတွင်း ကြီးမားသည့် စစ်ပွဲဖြစ်လာမည့် အရေးကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

ကွန်ဂိုစစ်တပ်ကိုတွေ့ရစဉ်
ကွန်ဂိုစစ်တပ်နှင့် M23 သူပုန်အဖွဲ့ကြား အမေရိကန်နှင့် ကာတာတို့က ဦးဆောင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်တိုင် နှစ်ဖက်အဖွဲ့ကြား ယုံကြည်မှု ခိုင်မာစွာ မတည်ဆောက်ရ သေးခင်အချိန်တွင် သဘောတူညီမှုရရှိအောင် အလောတကြီး ဆောင်ရွက်ခဲ့သဖြင့် ငြိမ်းချမ်းရေး အလားအလာသည် ထင်ထားသ လောက် အောင်မြင်မှုမရခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
M23 သူပုန်များက ဆွေးနွေးမှုများကို ဆက်လက် မလုပ်ဆောင်မီ အကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် အာဏာခွဲဝေအုပ်ချုပ်ရန် ဆန္ဒရှိနေကြသည်။
ကွန်ဂိုသမ္မတ ဖီးလစ် ရှီဆက်ကီဒီ (Felix Tshisekedi) ၏ အစိုးရကမူ အာဏာခွဲဝေပေးရန်နှင့် ဖမ်းဆီးထားသည့် အကျဉ်းသားများကို ပြန်လွှတ်ပေးရန် ငြင်းဆိုခဲ့သည်။
လက်ရှိတွင် သူပုန်များနှင့် ကွန်ဂိုစစ်တပ်သည် ရဝမ်ဒါ၊ ဘူရန်ဒီ နိုင်ငံများနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ကွန်ဂို၏ အရှေ့ပိုင်းပြည်နယ်များ၌ စစ်အင်အားများကို ဖြည့်တင်းနေသည်။
ပဋိပက္ခများ ဖြစ်ပွားခဲ့ချိန်အတွင်း သူပုန်အဖွဲ့နှင့် ကွန်ဂိုစစ်တပ်သည် အရပ်သားများကို တစ်ဖက်သတ် စွပ်စွဲ သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 581
CNI International News
ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉
အာဆီယံ နိုင်ငံခြားရေးဝန်ကြီး ၄ ဦးသည် မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အစောပိုင်းက မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံ၌ ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မြန်မာ့တပ်မတော်၏ အစီအစဉ်များကို ဆွေးနွေးရန် အတွက် စက်တင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့ သွားရောက်မည့် ထိုခရီးစဉ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန် (Mohamad Hasan) က ဦးဆောင်မည်ဖြစ်ပြီး ထိုကိုယ်စားလှယ်အဖွဲ့တွင် ၂၀၂၆ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နေရာကို ရယူမည့် ဖိလစ်ပိုင်မှ ကိုယ်စားလှယ်များလည်း ပါဝင်လိမ့်မည်ဟု Bernama သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
"အရင်ကတော့ သူတို့ (ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီရှား) တွေက မြန်မာနိုင်ငံကို သီးခြားစီ ခွဲပြီးသွားခဲ့ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ စည်းလုံးညီညွတ်တာကို ပြရပါမယ်။ ဖိလစ်ပိုင်ဟာ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ နေရာကို ရယူမှာဖြစ်တာကြောင့် သူတို့ကိုလည်း ခေါ်သွားမှာပါ" ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟက်ဆန်က ပြောကြားခဲ့သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကိုတွေ့ရစဉ်
အောက်တိုဘာလတွင် ပြုလုပ်မည့် အာဆီယံအစည်းအဝေး မတိုင်မီ မြန်မာ့အရေးကို အာဆီယံခေါင်းဆောင်များ က အာရုံစိုက် လာစေရန်အတွက် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဟက်ဆန်က ပြီးခဲ့သည့် လတွင် ပြောကြားခဲ့သည်။
သို့သော် ထိုခရီးစဉ်ကို အောက်တိုဘာလ မတိုင်မီအထိ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ဟက်ဆန်က ပြောကြားခဲ့ပြီး ခရီးစဉ် ရွှေ့ဆိုင်းရသည့် အသေးစိတ် အချက်အလက်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း Nikkei Asia သတင်းတွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် အာဆီယံ အစည်းအဝေးတွင်မူ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲသည် ဦးစားပေးကိစ္စ မဟုတ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် ဆွေးနွေးညှိနှိုင်းရေးနှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ရေးတို့ကို ဦးစားပေး လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 472
CNI International News
ကိုပင်ဟေဂင်၊ စက်တင်ဘာ ၁၈
ဒိန်းမတ်နိုင်ငံသည် နှစ်အတန်ကြာ စစ်ရေးအသုံးစရိတ်ကို လျှော့ချခဲ့ပြီးနောက် ယခုအခါတွင် ဥရောပကို ခြိမ်း ခြောက်နေသည့် ရုရှား၏ ခြိမ်းခြောက်မှုအား တန်ပြန်ရန်အတွက် ပတ်မှတ်တိကျသည့် တာဝေးပစ် လက်နက်များ ကို ဝယ်ယူသွားမည်ဖြစ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန် (Mette Frederiksen) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားသည် နော်ဒစ်နိုင်ငံဖြစ်သည့် ဒိန်းမတ်အတွက် ချက်ချင်း တိုက်ခိုက်လာမည့် အန္တရာယ် မရှိသည့်တိုင် ဒိန်းမတ်က တာဝေးပစ် လက်နက်များကို ဝယ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဒိန်းမတ်အစိုးရသည် ၎င်းတို့စစ်တပ်၏ အားနည်းချက်များကို ပြုပြင်ရန်အတွက် ယခုနှစ်မှစပြီး စစ်အသုံးစရိတ်ကို တိုးမြှင့်ခဲ့သည်။
"လာမယ့်နှစ်တွေမှာ ရုရှားက ဥရောပနဲ့ ဒိန်းမတ်နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ သံသယ ဖြစ်စရာတောင် မလိုပါဘူး" ဟု ဖရက်ဒရစ်ဆင်က စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့ပြီး ရုရှားသည် ဒိန်းမတ်ကို ချက်ချင်းတိုက်ခိုက်လာမည့် အန္တရာယ်မရှိသေးကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ဒိန်းမတ် ဝန်ကြီးချုပ်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
လက်နက် ဝယ်ယူမှုများအနက် ရန်သူ့နယ်မြေများအတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်မည့် ဒုံးကျည်များနှင့် ဒရုန်းများပါဝင်ကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး ထရိုယယ်လ် လန်း ပေါ်လ်ဆင် (Troels Lund Poulsen) က ပြောကြားခဲ့သည်။
မည်သည့် လက်နက် အမျိုးအစားများ ဝယ်ယူမည်ဆိုခြင်းနှင့် ငွေကြေး မည်မျှ သုံးစွဲမည်ဆိုခြင်းကိုမူ ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။
နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်သည့် ဒိန်းမတ်သည် ဥရောပလုပ် လေကြောင်းကာကွယ်ရေးစနစ်များ ဝယ်ယူရေးအတွက် ဒေါ်လာ ၉ ဒသမ ၂၀ ဘီလျံ အသုံးပြုသွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။
ထိုပမာဏသည် ဒိန်းမတ်နိုင်ငံအတွက် ငွေကုန်ကြေးကျ အများဆုံး လက်နက်ဝယ်ယူမှု ဖြစ်လာမည်ဖြစ်သည်။
"မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေး စနစ်နဲ့အတူ လေကြောင်း ကာကွယ်ရေးကဏ္ဍကို ပေါင်းစပ်ပြီး တန်ပြန် တိုက်ခိုက်နိုင်စွမ်း ဒါမှမဟုတ် တာဝေးတိုက်ခိုက် နိုင်စွမ်းတွေဟာ အရေးကြီးတယ်ဆိုတဲ့ အချက်ကို ယူကရိန်းစစ်ပွဲက ပြသခဲ့ပါတယ်" ဟု ပေါ်လ်ဆန်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
