- By CNI
- Category: နိုင်ငံရေး
- Hits: 522
CNI International News
ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၆
နီပေါနိုင်ငံတွင် ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ (KP Sharma Oli) ကို ရာထူးမှဖြုတ်ချခဲ့သည့် ဆန္ဒပြမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော လူငယ်များက ခေါင်းဆောင်သစ်များ ရွေးချယ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုလူငယ် တက်ကြွ လှုပ်ရှားသူများအနက် ဒီဂျေ တီးခတ်သူဟောင်းဖြစ်သည့် ဆူဒန် ဂူရန် (Sudan Gurung) သည် ဆန္ဒပြမှုကို ဦးဆောင်သူများအနက် အထင်ရှားဆုံး လူငယ်တစ်ဦးဖြစ်ခဲ့သည်။
အသက် ၃၆ နှစ်အရွယ် ဂူရန်သည် Hami Nepal (We are Nepal) အမည်ရှိ ပရဟိတအဖွဲ့ကို ထူထောင်ခဲ့သူဖြစ်ပြီး ဆန္ဒပြမှုများကို လူမှုမီဒီယာများမှတဆင့် စည်းရုံးလှုံ့ဆော်ခဲ့သူဖြစ်သည်။
ဂူရန်နှင့် ၎င်း၏ Hami Nepal အဖွဲ့သည် Discord နှင့် Instagram အက်ပလီကေးရှင်းများကို အသုံးပြုပြီး ဆန္ဒပြ သူများနှင့် ချိတ်ဆက် လှုပ်ရှားခဲ့သည်။

တရား သူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီကို တွေ့ရစဉ်
၎င်းတို့ အဖွဲ့သည် VPN များအသုံးပြုပြီး ပိတ်ပင်ခံခဲ့ရသည့် လူမှုမီဒီယာများကို ဝင်ရောက်ခဲ့ကာ သောင်းနှင့်ချီသည့် လူငယ်များအား စည်းရုံးနိုင်ခဲ့သည်ဟု ဆိုသည်။
“အဖွဲ့ဝင် ၄၀၀ လောက်ရှိတဲ့ Discord group ထဲကို ဝင်ဖို့ ကျနော့်ကို invite လုပ်ခဲ့ပါတယ်။ အဲဒီ group ထဲကို ဝင်လိုက်တော့ ဆန္ဒပြမှုတွေ ဘယ်နေရာမှာ လုပ်ကြမယ့် အကြောင်းတွေကို သိရတာကြောင့် ပူးပေါင်းဝင်ရောက် ပြီး ဆန္ဒပြခဲ့တာပါ” ဟု အသက် ၁၈ နှစ်အရွယ် ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်သည့် ကာရန် ကူလန် ရိုင် (Karan Kulung Rai) က ပြောကြားခဲ့သည်။
Hami Nepal အဖွဲ့၏ Discord ပေါ်မှ လူမှုမီဒီယာပို့စ်များသည် လူငယ်များကြားတွင် လွှမ်းမိုးလာခဲ့ပြီး နိုင်ငံပိုင် ရုပ်သံကပင် ဖော်ပြခဲ့ရသည်အထိ အောင်မြင်ခဲ့သည်။
Hami Nepal အဖွဲ့၏ အမည်မဖော်လိုသည့် အဖွဲ့ဝင်များက ၎င်းတို့သည် VPN များ အသုံးပြုပြီး ချိတ်ဆက်လှုပ်ရှား ခဲ့ကြောင်း၊ ဂူရန်နှင့် အခြားခေါင်းဆောင်များသည် လာမည့်နှစ် မတ်လ ၅ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ ယာယီဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်ရေး အပါအဝင် အရေးကြီးသည့် ဆုံးဖြတ်ချက် ချမှတ်ရေး လုပ်ငန်း စဉ်များတွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နီပေါ ဆန္ဒပြ လူငယ်ခေါင်းဆောင် ဆူဒန် ဂူရန်ကို တွေ့ရစဉ်
ဂူရန်နှင့် အခြားဆန္ဒပြ ခေါင်းဆောင်များက အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် နာမည်ကြီးသည့် တရား သူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီ (Sushila Karki) ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် နီပေါသမ္မတနှင့် စစ်တပ်အကြီးအကဲကို စည်းရုံးခဲ့ကြကြောင်း Hami Nepal အဖွဲ့ဝင်များက ပြောသည်။
“လူထုရဲ့ လက်ထဲမှာ အာဏာရှိဖို့နဲ့ အဂတိလိုက်စားတဲ့ နိုင်ငံရေးသမားတွေကို တရားဥပဒေအရ စီရင်ခံရဖို့ ကျနော်တို့ သေချာလုပ်ဆောင်သွားမှာပါ” ဟု ဂူရန်က စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 859
CNI International News
ဂျေရုဆလင်၊ စက်တင်ဘာ ၁၅
အစ္စရေးစစ်သားများသည် ဆီးရီးယားနိုင်ငံ၊ အရှေ့တောင်ပိုင်း ဒါရား (Deraa) ပြည်နယ်တွင် မြေပြင်စစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုစစ်ဆင်ရေးသည် ဆီးရီးယား၏မြို့တော် ဒမတ်စကတ် (Damascus ) ကို လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေသည့် အစ္စရေး၏ မြေပြင်ကျူးကျော် ဝင်ရောက်မှုဖြစ်ခဲ့သည်။
စက်တင်ဘာ ၁၄ ရက်က အစ္စရေးစစ်သားများသည် ဆီးရီးယား၏ ဆေဆောင် (Saysoun ) နှင့် ဂျမ်လာ (Jamlah) မြို့များကို စီးနင်းရှာဖွေခဲ့ပြီး ထိုမြို့များသည် ၁၉၇၄ ခုနှစ်က အစ္စရေးနှင့် ဆီးရီးယား စစ်သားများကို ပိုင်းခြားထား သည့် အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းနှင့် အနီးကပ် နေရာတွင် တည်ရှိသည်။
စက်တင်ဘာ ၁၂ ရက်က ဆီးရီးယားယာယီသမ္မတ အာမက် အယ် ရှာရား (Ahmed al-Sharaa) သည် အစ္စရေးနှင့် ဆီးရီးယားကြား ၁၉၇၃ ခုနှစ် စစ်ပွဲအပြီး သဘောတူညီမှု ရရှိခဲ့သည့် ၁၉၄၇ ခုနှစ် သဘောတူညီချက်ကို ပြန်လည် ထူထောင်ရန် အစ္စရေးနှင့် ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီ လများအတွင်း အစ္စရေးနှင့် ဆီးရီးယားသည် တိုက်ရိုက် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး အယ်ရှာရား ကမူ အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။

အစ္စရေးစစ်တပ်ကို တွေ့ရစဉ်
ဆီးရီးယားတွင် အစ္စရေး၏ ရန်လိုသည့် လုပ်ဆောင်ချက်များကြောင့် နှစ်နိုင်ငံ ဆွေးနွေးမှုများသည် ရပ်တန့်ခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ် (Bashar al-Assad) အစိုးရအဖွဲ့ ပြုတ်ကျ ခဲ့ပြီးကတည်းက အစ္စရေးသည် ဆီးရီးယားနိုင်ငံတစ်ဝန်းရှိ စစ်ရေး အဆောက်အအုံများကို လေကြောင်း တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် အစ္စရေးသည် ၎င်းတို့ သိမ်းပိုက်ထားသည့် ဆီးရီးယား၏ ဂိုလန်ကုန်းပြင်မြင့် ( Golan Heights) ရှိ ကြားခံ ဇုန်ကို ထပ်မံ သိမ်းယူခြင်းဖြင့် ၁၉၇၄ ခုနှစ် သဘောတူညီမှုကို ချိုးဖောက်ခဲ့သည်။
လတ်တလော ကာလများအတွင်း ဆီးရီးယား၏ ဟုမ်းစ် (Homs) မြို့နှင့် လာတာကီယာ (Latakia) မြို့များတွင် အစ္စရေး၏ တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဆီးရီးယားအစိုးရက ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 490
CNI International News
ဆိုးလ်၊ စက်တင်ဘာ ၁၅
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ ဩဇာကြီးမားသည့် ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) က မကြာမီ ပြုလုပ်မည့် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့် မှုများကို ရှုတ်ချခဲ့သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။
ထိုပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် ဆင်ခြင်မှု ကင်းမဲ့သည့် အင်အားပြမှုဖြစ်ပြီး ဆိုးရွားသည့် ရလဒ်များသာ ထွက်ပေါ်လာလိမ့်မည်ဟုလည်း ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့သည် စက်တင်ဘာ ၁၅ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ တောင်ကိုရီးယား၏ ဂျယ်ဂျူး (Jeju ) ကျွန်းတွင် ရေတပ်၊ လေတပ်နှင့် ဒုံးကျည် ကာကွယ်ရေး စစ်ရေး လေ့ကျင့်မှု တို့ ပြုလုပ်မည်။
ထို့ပြင် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် စားပွဲဝိုင်းပေါ်တွင် စစ်ဆင်ရေး ကြီးကြပ်ကွပ်ကဲသည့် စစ်ရေး လေ့ကျင့်မှုကိုလည်း သီးခြားပြုလုပ်ရန် စီစဉ်ထားသည်။
ကင်မ်ယိုဂျုံကမူ ထိုစစ်ရေး လေ့ကျင့်မှုများသည် အန္တရာယ်များသည့် အိုင်ဒီယာဖြစ်ကြောင်း ဝေဖန်ခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

အမေရိကန်နဲ့တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်စဉ်
"သူတို့ (တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန်) တွေက မြောက်ကိုရီးယား နိုင်ငံအနီးမှာ မဆင်မခြင် အင်အားပြ နေတာဟာ မှားယွင်းတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး သူတို့အတွက် ဆိုးကျိုးတွေကိုသာ ရရှိစေပါလိမ့်မယ်" ဟု ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန်နှင့် မဟာမိတ်များ၏ စစ်ရေး လေ့ကျင့်မှုများကို ကျူးကျော်ဝင်ရောက် ရန်အတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ယူဆထားသည်။
ပြီးခဲ့သည့် သီတင်းပတ်က ကင်မ်ဂျုံအန်သည် လက်နက်သုတေသန စက်ရုံများသို့ သွားရောက်ခဲ့ပြီးနောက် ကင်မ်ယိုဂျုံ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကင်မ်သည် လက်နက်စက်ရုံများသို့ သွားရောက်သည့် ခရီးစဉ်အတွင်း မြောက်ကိုရီးယား၏ နျူကလီးယား အင်အားနှင့် သမားရိုးကျ လက်နက်ကိုင် တပ်ဖွဲ့များ၏ အင်အားကို တိုးမြှင့်ရန် ညွှန်ကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 813
CNI International News
လန်ဒန်၊ စက်တင်ဘာ ၁၅
လန်ဒန်မြို့လယ်ပိုင်းတွင် စက်တင်ဘာ ၁၃ ရက်က ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ဆန္ဒပြမှုဖြစ်ပွား ခဲ့ပြီး လူပေါင်းတစ်သိန်းကျော် ပါဝင်ဆန္ဒပြခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆန္ဒထုတ်ဖော်သူများက အင်္ဂလန်နှင့် ဗြိတိန်အလံများကို ကိုင်ဆောင်ခဲ့ကြပြီး ရဲတပ်ဖွဲ့နှင့် အဓိကရုဏ်း ဖြစ်ပွားခဲ့ သည်။
ထိုဆန္ဒပြမှုသည် လတ်တလော နှစ်များအတွင်း ဗြိတိန်၏ အကြီးဆုံး လက်ယာယိမ်း ဆန္ဒပြမှုများတွင် တစ်ခု အပါအဝင် ဖြစ်လာခဲ့သည်။
ရွှေ့ပြောင်း နေထိုင်သူများ ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူ တွမ်မီရော်ဘင်ဆန် (Tommy Robinson) က ဦးဆောင်စီစဉ်သော "Unite the Kingdom" ချီတက်မှုတွင် လူ ၁၁၀,၀၀၀ ဝန်းကျင် ပါဝင်ခဲ့သည်။
ထိုဆန္ဒပြသူများကို တုံ့ပြန်သည့် တန်ပြန်သပိတ်ဖြစ်သော "Stand Up to Racism" ဆန္ဒပြမှုတွင် လူ ၅၀၀၀ ဝန်းကျင် ပါဝင်ခဲ့သည်ဟု လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရုန်းရင်းဆန်ခတ်ဖြစ်မှုကို ရှောင်လွှဲနိုင်ရန်အတွက် ရဲတပ်ဖွဲ့က ထိုဆန္ဒပြအဖွဲ့ ၂ ဖွဲ့ကို သီးခြားခွဲထားခဲ့သည်။

ရွှေ့ပြောင်းများကို ဗြိတိန်မှာ ဆန္ဒပြနေကြစဉ်
ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို တားမြစ်ရန် ကြိုးပမ်းချိန်တွင် အကြမ်းဖက်မှုများနှင့် ကြုံတွေ့ခဲ့သည်ဟု ဆိုသည်။
ရဲအရာရှိများသည် ကန်ကျောက် ထိုးနှက် ခံရသည့်အပြင် လူအများက ၎င်းတို့ကို ပုလင်းဘူခွံများ၊ အချက်ပြ မီးကျည်များနှင့် အခြားအရာဝတ္ထုများဖြင့် ပစ်ပေါက်မှုများရှိခဲ့သည်။
ရဲအရာရှိ ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့ထဲမှာ လေးဦးသည် ဒဏ်ရာ အပြင်းအထန်ရခဲ့ကာ လူ ၂၅ ဦးကို ဖမ်းဆီးခဲ့သည်။
"အကြမ်းဖက်မှု ဖြစ်စဉ်ထဲမှာ ပါဝင်သူတွေကို ဖော်ထုတ်နိုင်ဖို့ လုပ်ဆောင်နေပြီး အဲဒီလူတွေအနေနဲ့ လာမယ့် ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ်တွေ အတွင်းမှာပဲ ပြင်းပြင်းထန်ထန် အရေးယူခံရမှာပါ" ဟု လက်ထောက် ကော်မရှင်နာ မက်တွစ်(Matt Twist)က ပြောကြားခဲ့သည်။
"ဒီနေ့ဟာ ဗြိတိန်မှာ ယဉ်ကျေးမှု တော်လှန်ရေး အစပျိုးခြင်း ဖြစ်ပါတယ်။ ဒါက ကျနော်တို့ရဲ့ အခိုက်အတန့် ပါပဲ"ဟု ရော်ဘင်ဆန်က ၎င်းကို ထောက်ခံသူများအား ပြောကြားသည့် မိန့်ခွန်းတွင် ဆိုသည်။
ရော်ဘင်ဆန်နှင့် အခြားလက်ယာယိမ်း လှုပ်ရှားသူများကို ထောက်ခံသည့် အမေရိကန် ဘီလျံနာ အီလွန်မာ့စ် ကလည်း ဗြိတိန်တွင် အစိုးရအပြောင်းအလဲ တစ်ရပ်ကို တောင်းဆိုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 506
CNI International News
အင်ဖာ၊ စက်တင်ဘာ ၁၅
United Naga Council (UNC) သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ မဏိပူရ ပြည်နယ်ခရီးစဉ်တွင် အမှာစာတစ်ခုကို တင်သွင်းခဲ့ပြီး ရပ်တန့်နေသော နာဂငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည် ဖော်ရန် တောင်းဆိုခဲ့သည်ဟု Northeast Live သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုအမှာစာထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာရေး အစီအစဉ် (FMR) ကို ပယ်ဖျက်မှု၊ အိန္ဒိယ-မြန်မာ နယ်စပ် စည်းရိုး ဆောက်လုပ်နေမှုနှင့် နာဂငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပြီးသတ် လုပ်ဆောင်မှုကို ဆိုင်းငံ့ထားမှု အစရှိသည့် အဓိကအချက် ၃ ချက်ကို အာရုံစိုက် လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်၏ ခရီးစဉ်ကို ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းမည့် မြင့်မြတ်သော မစ်ရှင်တစ်ခုအဖြစ် ကြိုဆိုခဲ့ ပြီး နာဂလူမျိုးများသည် မဏိပူရတွင် လက်ရှိဖြစ်ပွားနေသည့် လူမျိုးရေးပဋိပက္ခ၌ ပါဝင်ခြင်းမရှိကြောင်း UNC က ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ နာဂလက်နက်ကိုင် ငြိမ်းချမ်းရေးရယူကြစဉ်
နာဂလူမျိုးများသည် ကြားနေရပ်တည်ချက်ကို ထိန်းသိမ်းထားပြီး ဒေသတွင်း ပုံမှန် အခြေအနေကို ပြန်လည် ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေရန် ပဋိပက္ခဖြစ်နေသည့် အသိုင်းအဝိုင်းများနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည်ဟု UNC က ပြောကြားခဲ့သည်။
အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေး စီမံကိန်း၊ FMR ကို ဖျက်သိမ်းမည့် အစိုးရ၏ အစီအစဉ်တို့နှင့် ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း အမှာစာထဲတွင် UNC က ဖော်ပြထားသည်။
ထိုမူဝါဒများသည် နာဂလူမျိုးများ၏ ဘိုးဘေးဘီဘင် ပိုင်ဆိုင်ခဲ့သည့် နယ်နိမိတ်၊ လူမျိုး ဖြစ်တည်မှုနှင့် နယ်စပ် ဖြတ်ကျော် ဆက်ဆံရေးရှိသည့် အစဉ်အလာများအတွက် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်နေကြောင်း UNC က ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရ၏ ထိုမူဝါဒများကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ၊ မေတ္တာရပ်ခံမှုများနှင့် ဆွေးနွေးမှုများ ရှိခဲ့သည့်တိုင် အစိုးရဘက်မှ အဓိပ္ပာယ်ပြည့်ဝသည့် တုံ့ပြန်မှုမျိုး မရှိခဲ့ကြောင်းလည်း UNC က ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
ထို့ကြောင့် UNC သည် မဏိပူရပြည်နယ်၏ နာဂဒေသများတွင် စက်တင်ဘာ ၈ ရက်မှစပြီး အကန့်အသတ်မရှိ ကုန်သွယ်ရေးပိတ်ပင်မှု ပြုလုပ်ခဲ့သည်။
သို့သော် ထိုအရေးကိစ္စနှင့်ပတ်သက်ပြီး UNC၊ မဏိပူရအစိုးရနှင့် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးမှုကို ဆက်လက် ပြုလုပ်ရန် စက်တင်ဘာ ၁၀ ရက်တွင် မဏိပူရပြည်နယ်အစိုးရက အာမခံခဲ့ သည်။
ထို့ပြင် မိုဒီ၏ မဏိပူရပြည်နယ် ခရီးစဉ်ကို လေးစားခြင်းအားဖြင့် UNC သည် စက်တင်ဘာ ၁၁ ရက် ဒေသ စံတော်ချိန် ညနေ ၆ နာရီမှစပြီး ကုန်သွယ်ရေး ပိတ်ဆို့မှုကို ယာယီဆိုင်းငံ့ပေးခဲ့သည်။
လက်ရှိတွင် UNC သည် နယ်စပ်စည်းရိုးကိစ္စ၊ FMR ဖျက်သိမ်းရေးကိစ္စတို့နှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်မိုဒီ၏ ပုဂ္ဂိုလ်ရေးအရ ကြားဝင်ဆောင်ရွက်မှုကို ရရှိရန် ကြိုးပမ်းနေသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
Source: Northeast Live
- By CNI
- Category: နိုင်ငံရေး
- Hits: 495
CNI International News
ဘေဂျင်း၊ စက်တင်ဘာ ၁၃
တရုတ်၏ နောက်ဆုံးပေါ် လေယာဉ်တင်သင်္ဘောဖြစ်သည့် Fujian အမည်ရှိ လေယာဉ်တင်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းပြီး သုတေသနစမ်းသပ်ချက်များနှင့် လေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် တောင်တရုတ်ပင်လယ်အတွင်းသို့ မောင်းနှင်ဝင်ရောက်သွားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
"ဒေသဖြတ်ကျော် စမ်းသပ်မှုတွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်တာဟာ ပုံမှန်ပြုလုပ်နေကျ မစ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဒီမစ်ရှင်ဟာ ဘယ်သူ့ကိုမှ ပစ်မှတ်ထားခြင်း မဟုတ်ပါဘူး" ဟု တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ရေ (PLA Navy) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး လန်ကော်ဝေ (Leng Guowei) က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ထိုလေယာဉ်တင် သင်္ဘောသည် စက်တင်ဘာ ၁၀ ရက်က ရှန်ဟိုင်းသင်္ဘောကျင်းမှ ထွက်ခွာသွားခဲ့ပြီးနောက် တောင်ဘက်သို့ ဦးတည် မောင်းနှင်သွားသည့် ဓာတ်ပုံများနှင့် ဗွီဒီယိုများသည် လူမှုမီဒီယာများပေါ်တွင် ထွက်ပေါ်ခဲ့သည်။

တရုတ်လေယာဉ်တင်သင်္ဘောကို တွေ့ရစဉ်
ဂျပန်၏ ပင်လယ်ပြင် ကာကွယ်ရေးတပ်ဖွဲ့ (ဂျပန်ရေတပ်) က စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဂျပန်၏ ဆန်ကာကူ (Senkakus) ကျွန်းစု (တရုတ်အခေါ် တောင်ယူ -Diaoyu ကျွန်းစု) ၏ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာတွင် တရုတ်၏ Fujian လေယာဉ်တင်သင်္ဘောကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ဆိုသည်။
Fujian လေယာဉ်တင်သင်္ဘောကို ဖျက်သင်္ဘော ၂ စင်းက ခြုံရံလိုက်ပါလာမှုကို ဂျပန်စစ်တပ်က ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Fujian သည် တရုတ်၏ တတိယမြောက် လေယာဉ်တင် သင်္ဘောဖြစ်ပြီး တရုတ်၏ ပထမဆုံး လျှပ်စစ်သံလိုက် ကိရိယာများ တပ်ဆင်ထားသည့် လေယာဉ်တင်သင်္ဘောဖြစ်သည်။
ထို့ပြင် အမေရိကန်၏ USS Gerald R. Ford လေယာဉ်တင် သင်္ဘောပြီးနောက် Fujian လေယာဉ်တင် သင်္ဘော သည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် လျှပ်စစ်သံလိုက် ကိရိယာများ တပ်ဆင်ထားသည့် လေယာဉ်တင် သင်္ဘော ဖြစ်သည်။
Fujian လေယာဉ်တင် သင်္ဘောသည် J-35A ကိုယ်ပျောက် တိုက်လေယာဉ်များ၊ J-15T တိုက်လေယာဉ်များ၊ J-15DT အီလက်ထရောနစ် စစ်ဆင်ရေး လေယာဉ်များနှင့် KJ-600 ကြိုတင် သတိပေးရေး လေယာဉ်များကို တင်ဆောင်ဖွယ်ရှိသည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 561
CNI International News
ဘရက်စီလီယာ၊ စက်တင်ဘာ
ဘရာဇီးလ်တရားရုံးချုပ်က သမ္မတဟောင်း ဂျိုင်ယာ ဘော်ဆိုနာရို( Jair Bolsonaro)ကို အာဏာသိမ်းရန် ကြံစည်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ်နှင့် ၃ လ မှတ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ဆက်နွှယ်သည့် စွဲချက်များအတွက် စီရင်ချက်ချရန် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက ရွေးကောက်ပွဲတွင် သမ္မတ လူလာ ဒါဆေးလ်ဗား(Luiz Inacio Lula da Silva)ကို ရှုံးနိမ့်ခဲ့ပြီးနောက် လူလာကို ဖြုတ်ချရန် ကြိုးပမ်းကြံစည်ခဲ့သည့်အတွက် ဘော်ဆိုနာရိုအား စီရင်ချက်ချရန် တရား သူကြီးများက မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၄ မဲ ၊ ကန့်ကွက်မဲ ၁ မဲဖြင့် အတည်ပြုခဲ့သည်။
ထိုပြစ်ဒဏ်ကြောင့် အသက် ၇၀ အရွယ် လက်ယာယိမ်းခေါင်းဆောင် ဘော်ဆိုနာရိုသည် ၎င်း၏ လက်ကျန် နေ့ရက်များကို ထောင်ထဲတွင် ကုန်ဆုံးရဖွယ်ရှိနေသည်။
ဘော်ဆိုနာရို လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးများနှင့် စစ်တပ် အကြီးအကဲများ အပါအဝင် ၇ ဦးလည်း ပြစ်ဒဏ်များ ချခံခဲ့ရသည်။
လက်ရှိတွင် နေအိမ် အကျယ်ချုပ်ဖြင့် နေထိုင်နေရသည့် ဘော်ဆိုနာရိုသည် လူလာကို ဖြုတ်ချရန် ကြံစည်မှု အပါအဝင် စွဲချက် ၅ ခုဖြင့် ပြစ်မှုထင်ရှား တွေ့ရှိခဲ့ပြီးနောက် ထောင်ဒဏ်နှစ် ၄၀ အထိ ကျခံရနိုင်သည်။

ဘရာဇီးလ်တရားသူကြီးတွေကို တွေ့ရစဉ်
ဘော်ဆိုနာရို၏ ဥပဒေရေးရာအဖွဲ့က ပြစ်ဒဏ်သည် အလွန်အမင်း ပြင်းထန်သည်ဟုဆိုကာ အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။
ဘော်ဆိုနာရို တရားစွဲခံထားရသည့် ကိစ္စနှင့်ပတ်သက်ပြီး အပြစ်ပေးသည့် အနေဖြင့် ၎င်း၏မဟာမိတ်ဖြစ်သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Donald Trump)က ဘရာဇီးလ်ကို သွင်းကုန်စည်းကြပ်ခွန်များစွာ ချမှတ်ခဲ့ သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က အမေရိကန်အနေဖြင့် လိုအပ်သည့် အလျောက် တုံ့ပြန်သွားရလိမ့်မည်ဟု ပြောကြားခဲ့သည်။
ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ရူဘီယို၏ ခြိမ်းခြောက် ပြောဆိုမှုများကို ကြောက်နေမည် မဟုတ်ဟု တုံ့ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 455
CNI International News
ဘာလင်၊ စက်တင်ဘာ ၁၃
ဂျာမနီစစ်တပ်၏ ကြည်းတပ်အင်အားကို ၂ ဆကျော် မြှင့်တင်ရမည်ဖြစ်ပြီး လက်ရှိ စစ်မှုထမ်း ၆၂,၀၀၀ ရှိနေသည့် ကြည်းတပ်တွင် နောက်ထပ် စစ်သားအင်အား ၁၀၀,၀၀၀ ကို ထပ်မံစုဆောင်းရန် လိုအပ်သည်ဟု ဂျာမနီ ကြည်းတပ်၏ စစ်ဦးစီးချုပ် အယ်လ်ဖွန်စ် မာ့စ် (Alfons Mais) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှား၏ ခြိမ်းခြောက်မှု မြင့်တက်နေသည့်အတွက် ကြိုတင်ပြင်ဆင်မှုများကို မြှင့်တင်နေသည့် နေတိုးအဖွဲ့၏ သတ်မှတ်စစ်အင်အားကို ပြည့်မီစေရန် ကြည်းတပ်အင်အားကို မြှင့်တင်ရေး မာ့စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
" ၂၀၂၉ ခုနှစ်ရောက်ရင် စစ်ပွဲအတွက် အသင့်ဖြစ်စေဖို့နဲ့ ၂၀၃၅ ခုနှစ်မတိုင်ခင် နေတိုးအဖွဲ့ကို ကတိပေးထားတဲ့ ဂျာမနီရဲ့ စစ်အင်အားကို မြှင့်တင်ဖို့အတွက် ကြည်းတပ်အင်အား မြှင့်တင်မှုဟာ မရှိမဖြစ် အရေးကြီးလာပါတယ်" ဟု မာ့စ်က ဂျာမနီစစ်တပ်၏ စစ်ဆေးရေးအရာရှိချုပ် ကာစတန် ဘရောင်ယာ (Carsten Breuer) ကို အစီအရင်ခံ တင်ပြခဲ့သည်။
အရန်တပ်ဖွဲ့အင်အား ၃၇,၀၀၀ အပါအဝင် လက်ရှိ အတည်ပြုထားသည့် စစ်မှုထမ်း အင်အားဖြင့် ထိုရည်မှန်း ချက်များကို ပြည့်မှီအောင် အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်းလည်း မာ့စ်က ပြောသည်။
ဂျာမနီသည် အရှေ့ဥရောပရှိ မဟာမိတ်များကို ကာကွယ်ရေး ကတိကဝတ်များ တိုးမြှင့်ထားပြီး လစ်သူယေးနီး ယားတွင် စစ်သားအင်အား ၅၀၀၀ ရှိသည့် ဂျာမနီတပ်မဟာတစ်ခု ထူထောင်ရေးနှင့် ဘော်လ်တစ်ဒေသတွင် ရေအောက် အဖျက်အမှောင့်များအား တန်ပြန်ရန် ရေတပ်ကင်းလှည့်မှုများ ဖြန့်ကြက်ချထားရေး အစီအစဉ်များ ပါဝင်သည်။

ဂျာမနီစစ်သားတွေကို တွေ့ရစဉ်
၂၀၂၀ ခုနှစ်တွင် တန်းပြည့်စစ်မှု ထမ်းအရေအတွက် ၄၅,၀၀၀ ခန့် တိုးမြှင့်ရန် မာ့စ်က တိုက်တွန်းခဲ့သည်။
၂၀၂၉ ခုနှစ်တွင် ရုရှားက အနောက်နိုင်ငံ မဟာမိတ်များကို အကြီးစား တိုက်ခိုက်နိုင်စွမ်း ရှိလာလိမ့်မည်ဟု အမေရိကန်ဦးဆောင်သည့် နေတိုးအဖွဲ့က ခန့်မှန်းထားသည်။
ရုရှားကမူ နေတိုးအဖွဲ့နှင့် နေတိုးအဖွဲ့ဝင် နိုင်ငံများကို စစ်ပွဲဆင်နွှဲရန် ရည်ရွယ်ချက်မရှိကြောင်း ထပ်တလဲလဲ ငြင်းဆိုခဲ့သည်။
ဇွန်လက သဘောတူခဲ့သော နေတိုးအဖွဲ့၏ သတ်မှတ်ချက်များကို ပြည့်မီစေရန်နှင့် ယူကရိန်းတွင် ဆင်နွှဲနေသည့် ရုရှား၏ စစ်ပွဲပုံစံအတိုင်း ဖြစ်လာနိုင်ခြေရှိသည့် ပဋိပက္ခအတွက် အရန်တပ်များ ထူထောင်ရန် ၂၀၃၅ ခုနှစ်မတိုင်မီ နောက်ထပ် တန်းပြည့်စစ်မှုထမ်း ၄၅,၀၀၀ ကို စုဆောင်းရန်လိုအပ်သည်ဟု မာ့စ်က ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဘာလင်ရှိ ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် တောင်းဆို ချက်ကို ဖြေကြားရန် ငြင်းဆိုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 406
CNI International News
ဂျေရုဆလင်၊ စက်တင်ဘာ ၁၃
ပါလက်စတိုင်းနိုင်ငံ ရှိလာလိမ့်မည် မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။
နေတန်ယာဟုသည် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ (West Bank) ရှိ Maale Adumim ဂျူးလူနေ ရပ်ကွက်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အနောက်ဘက်ကမ်းဒေသတွင် ဂျူးရပ်ကွက်များကို ချဲ့ထွင်မည့် အငြင်းပွားဖွယ် အစီအစဉ်များ၏ တစ်စိတ် တစ်ပိုင်း အနေဖြင့် ထောင်နှင့်ချီသည့် လူနေအိမ်များကို ဆောက်လုပ်ရန် အဆိုပြုချက်အား နေတန်ယာဟုက တရားဝင် လက်မှတ်ရေးထိုးခဲ့သည်။
"ပါလက်စတိုင်း နိုင်ငံရှိလာမှာ မဟုတ်ဘူးဆိုတဲ့ ကျနော်တို့ရဲ့ ကတိစကားကို ကျနော်တို့ ဖြည့်ဆည်းနေပါတယ်။ ဒီနေရာကို ကျနော်တို့ ပိုင်တာပါ။ ကျနော်တို့ရဲ့ အမွေအနှစ်တွေ၊ ကျနော်တို့ရဲ့ မြေနဲ့ ကျနော်တို့ရဲ့ လုံခြုံရေးကို ကာကွယ်သွားမှာပါ" ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ပါလက်စတိုင်းနယ်မြေကို ပြသထားစဉ်
အစ္စရေး၏ ဂျူးရပ်ကွက် ထူထောင်မှု အစီအစဉ်တွင် ၁၂ စတုရန်း ကီလိုမီတာ အကျယ်ရှိ မြေနေရာ၌ လူနေအိမ် အသစ် ၃၄၀၀ ခန့်ကို တည်ဆောက်သွားမည်ဖြစ်သည်။
ထိုရပ်ကွက်သည် အနောက်ဘက်ကမ်းဒေသကို ဖြတ်ပြီး တည်ဆောက်မည်ဖြစ်ကာ အနောက်ဘက်ကမ်းဒေသနှင့် အရှေ့ဂျေရုဆလင်နှင့် အဆက်ဖြတ်ထားမည်ဖြစ်သည်။
ပါလက်စတိုင်းများကမူ အရှေ့ဂျေရုဆလင်ကို အနာဂတ် ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ထား သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အစ္စရေးနှင့် ပါလက်စတိုင်း ၂ နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေးမူကို ထောက်ခံ ထားသည်။
အစ္စရေးသည် ၁၉၆၇ ခုနှစ်က အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်ခဲ့ပြီးနောက် ဂျူးရပ်ကွက်များ ထူထောင်ခဲ့ ပြီး ထိုကဲ့သို့ ဂျူးရပ်ကွက်များ ထူထောင်မှုသည် နိုင်ငံတကာဥပဒေအရ တရားမဝင်ကြောင်း သတင်းတွင် ဖော်ပြခဲ့ သည်။
Source: DW
