- By CNI
- Category: နိုင်ငံရေး
- Hits: 492
CNI International News
ဒူဘိုင်း၊ အောက်တိုဘာ ၃၀
ယီမင်နိုင်ငံတွင် ဧပြီလအတွင်းက ဟူရ်သီသူပုန်များ ထိန်းချုပ်ထားသည့် အကျဉ်းထောင်အား အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးသင့်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ယီမင်နိုင်ငံ ဆက်ဒါ (Saada) ပြည်နယ်တွင် ဧပြီ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုကြောင့် အကျဉ်းထောင် အတွင်း ထိန်းသိမ်းခံထားရသည့် အာဖရိက ရွှေ့ပြောင်းနေထိုင်သူ ၆၀ ခန့် သေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှုကို စုံမ်းစစ်ဆေးရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က တိုက်တွန်းခဲ့သည်။
အစ္စရေး-ဟားမာ့စ် စစ်ပွဲ ဖြစ်ပွားနေချိန်အတွင်း ပင်လယ်နီတွင် ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို ပစ်မှတ်ထားနေသော ဟူရ်သီသူပုန်များအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ညွှန်ကြား ချက်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်နေချိန်တွင် ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဗဟိုစစ်ဌာနချုပ်ကမူ ထိုအကျဉ်းထောင်အား တိုက်ခိုက်မှုအတွက် မည်သည့် ရှင်းလင်းချက်မှ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။

ယီမင်အကျဉ်းထောင် မြေပုံအညွန်းကို တွေ့ရစဉ်
ဟူရ်သီသူပုန်များအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ကလည်း ယခင်က ထိုအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့ဖူးသည်။
“Operation Rough Rider စစ်ဆင်ရေးရဲ့ ခန့်မှန်းသုံးသပ်ချက် ရလဒ်တွေကို မကြာခင် ထုတ်ပြန်ဖို့ လုပ်ဆောင် နေပြီး ထိခိုက်နစ်နာခဲ့ရတဲ့ အရပ်သားတွေရဲ့ သတင်းတွေ အားလုံးကို ရယူနေပါတယ်” ဟု အမေရိကန် ဗဟိုစစ် ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ကြီး တင်မ် ဟော့ကင်းစ် (Tim Hawkins) က ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဟူရ်သီအဖွဲ့သည် အမေရိကန်စစ်တပ် အသုံးပြုခဲ့သည့် အလေးချိန် ပေါင် ၂၅၀ ရှိသော GBU-39 ဗုံးများ၏ အပိုင်းအစများကို ပြသခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြား ခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အင်တာဗျူးခဲ့သည့် အသက်ရှင်ကျန်ရစ်သော အီသီယိုပီးယား ရွှေ့ပြောင်းများကမူ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ချိန်အတွင်း အကျဉ်းထောင် အဆောက်အအုံ အတွင်း၌ ဟူရ်သီ တိုက်ခိုက်ရေး သမားများကို မတွေ့ရကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာဥပဒေအရ ဆေးရုံများ၊ အကျဉ်းထောင်များကို တိုက်ခိုက်ရေး အစီအစဉ်များအတွက် အသုံးပြုခြင်း၊ လက်နက်ခဲယမ်းများ သိုလှောင်ခြင်းတို့အတွက် အသုံးပြုခြင်း မရှိပါက ထိုအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား တားမြစ်ထားသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 548
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၉
၂၀၂၈ ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယသမ္မတ နေရာအတွက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
သို့သော် သမ္မတအဖြစ် တတိယသက်တမ်းကို ထမ်းဆောင်ချင်လိုကြောင်း ၎င်းက ပြောသည်။
အမေရိကန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတနေရာအတွက် တတိယသက်တမ်း ပါဝင်ယှဉ်ပြိုင်ခွင့် တားမြစ် ထားသည့်တိုင် ထရမ့်၏ မှတ်ချက်စကား ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထရမ့်သည် သမ္မတအဖြစ် ပထမသက်တမ်းကို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယ သက်တမ်းကို ယခုနှစ် ဇန်နဝါရီလမှ စတင် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။
အသက် ၇၉ နှစ် အရွယ်ရှိပြီဖြစ်သည့် ထရမ့်သည် အခြေခံဥပဒေတွင် သတ်မှတ်ထားသော သမ္မတသက်တမ်း ၂ ကြိမ်ထက် ပိုမိုတာဝန် ထမ်းဆောင်ချင်သည့် အကြောင်းကို မကြာခဏ ပြောကြားခဲ့သလို လူထုတွေ့ဆုံပွဲများတွင် လည်း မဲဆွယ်စည်းရုံးရေးကို ရည်ညွှန်းသည့် “Trump 2028” ဦးထုပ်များ ဝတ်ဆင်ထားသော ထောက်ခံသူများနှင့် အရွှမ်းဖောက် ပြောကြားခဲ့သည်။

ထရမ့် ထောက်ခံသူတစ်ဦး ၂၀၂၈ ထရမ့်ဆိုတဲ့ ဦးထုပ် ဆောင်းထားစဉ်
အောက်တိုဘာ ၂၇ ရက်က Air Force One လေယာဉ်ပေါ်တွင် ထရမ့်ကို သတင်းထောက်များက ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲတွင် ဒုသမ္မတ နေရာအတွက် ပြိုင်ဆိုင်ရန် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ထိုအချိန်တွင် ထရမ့်က “ကျနော် ပြိုင်မှာ မဟုတ်ပါဘူး။ ဒါက အရမ်းဉာဏ်များတယ်လို့ ကျနော် ထင်ပါတယ်။ လူတွေကလည်း သဘောကျမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ဉာဏ်နီဉာဏ်နက်များတဲ့ ပုံစံမျိုး ဖြစ်နေလို့ပါပဲ။ ဒါက မသင့်တော်ပါဘူး”ဟု ဖြေကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ထရမ့်သည့် အခြေခံဥပဒေအရ သမ္မတနေရာအတွက် သာမက ဒုတိယသမ္မတ နေရာအတွက်ပါ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိသူသည် ဒုတိယသမ္မတ နေရာ အတွက်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားသည်။
Source: Al Jazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 523
CNI International News
အုတ်ကလန်း၊ အောက်တိုဘာ ၂၉
နယူးဇီလန်အခြေစိုက် Maritime Mutual အာမခံကုမ္ပဏီသည် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို ခံနေရသော အီရန်နှင့် ရုရှားရေနံများကို သယ်ယူပို့ဆောင်ပေးနေသည့် သင်္ဘောများအား ဖုံးကွယ်ပေးထားမှု စွဲချက်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အသက် ၇၅ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ပေါလ် ရန်းကင်း (Paul Rankin) နှင့် ၎င်း၏ မိသားစုက ပိုင်ဆိုင်သည့် ထိုကုမ္ပဏီသည် ဒေါ်လာဘီလျံချီ တန်ဖိုးရှိသော အီရန်နှင့် ရုရှားရေနံများကို သယ်ယူပို့ဆောင်ပေးနေသော ရေနံတင် သင်္ဘောများအား အာမခံပေးထားသည်။
ထိုအာမခံကုမ္ပဏီတွင် အာမခံထားသည့် သင်္ဘောများသည် ၎င်းတို့၏ အထောက်အထားများကို ဖုံးကွယ်ပြီး ရေနံများနှင့် ကုန်စည်များအား သယ်ယူပို့ဆောင်ခွင့်ရနေကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
နယူးဇီလန်ရဲတပ်ဖွဲ့သည် ယခုလအတွင်း အုတ်ကလန်း (Auckland) မြို့နှင့် ခရစ်ချာ့ချ် (Christchurch) မြို့ရှိ Maritime Mutual ကုမ္ပဏီ၏ ရုံးခန်းများကို ဝင်ရောက် ရှာဖွေခဲ့ချိန်တွင် နိုင်ငံတကာပိတ်ဆို့မှုများအား ချိုးဖောက် ဖွယ်ရှိသည့် မှတ်တမ်းများကို သိမ်းဆည်းရမိခဲ့သည်။
Maritime Mutual ကုမ္ပဏီကမူ ၎င်းတို့သည် အမှားအယွင်း တစ်စုံတစ်ရာ လုပ်မထားကြောင်းနှင့် ပိတ်ဆို့မှုများကို ချိုးဖောက်သည့် သင်္ဘောများအား အာမခံမပေးဘဲ တင်းကျပ်သည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာကြောင်း ပြောကြားခဲ့သည်။

ရေနံတင် သင်္ဘောကို တွေ့ရစဉ်
ရိုက်တာသတင်းဌာန၏ လေ့လာတွေ့ရှိချက်တွင် Maritime Mutual ကုမ္ပဏီသည် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့တွင် အမည်ပျက်စာရင်း သွင်းထားသည့် လောင်စာတ င်သင်္ဘောများကို အာမခံပေးခဲ့ကြောင်း ဖော်ပြခဲ့ သည်။
Maritime Mutual ကုမ္ပဏီ၏ တဆင့်ခံ အာမခံ မိတ်ဖက်ကုမ္ပဏီများထဲတွင် Munich Re၊ Hannover Re နှင့် MS Amlin တို့ကဲ့သို့ အနောက်နိုင်ငံများမှ နာမည်ကြီး ကုမ္ပဏီများလည်း ပါဝင်နေသဖြင့် နိုင်ငံတကာ ပိတ်ဆို့မှုများ သည် ခိုင်လုံမှု ရှိ၊ မရှိအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
အမေရိကန်က ၂၀၁၈ ခုနှစ်တွင် အီရန်ကို ပိတ်ဆို့ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ရုရှားအား ပိတ်ဆို့ခဲ့ပြီးနောက် Maritime Mutual ကုမ္ပဏီ၏ ဝင်ငွေများ မြင့်တက်လာခဲ့သလို ပြီးခဲ့သည့်နှစ်က ဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ရရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် နယူးဇီလန် အာဏာပိုင်များသည် ဩစတြေးလျ၊ ဗြိတိန်၊ အမေရိကန်တို့နှင့် ပူးပေါင်း ဆောင်ရွက်နေ ပြီး Maritime Mutual ကုမ္ပဏီသည် ပိတ်ဆို့မှုများကို ရှောင်လွှဲရာတွင် ကူညီပေးခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေး လျက်ရှိသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 527
CNI International News
တိုကျို၊ အောက်တိုဘာ ၂၉
အမေရိကန်သည် အင်အားအကြီးဆုံး မဟာမိတ်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ကို ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထရမ့်သည် ၎င်း၏ အာရှခရီးစဉ်အတွင်း အောက်တိုဘာ ၂၇ ရက်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာချိန်၌ ဂျပန် ဝန်ကြီးချုပ် တာကာအီချီက နွေးထွေးစွာ ကြိုဆိုခဲ့သည်။
၎င်းတို့နှစ်ဦး တွေ့ဆုံချိန်တွင် လက်ဆွဲနှုတ်ဆက်ခဲ့ပြီး တာကာအီချီက “ဒါက အရမ်းကို သန်မာတဲ့ လက်ဆွဲ နှုတ်ဆက်မှု ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
“တကယ်တမ်း ပြောရမယ်ဆိုရင် ဝန်ကြီးချုပ် အာဘေး (ယခင် ဂျပန်ဝန်ကြီးချုပ်) က ရှင့်ရဲ့ အင်တိုက်အားတိုက် ရှိတဲ့ သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုတွေ အကြောင်းကို ကျမကို မကြာခဏ ပြောခဲ့ဖူးပါတယ်”ဟု တာကာအီချီက ပြောကြားခဲ့သည်။
ထရမ့်ကလည်း တာကာအီချီကို ဂျပန်၏ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရသည်မှာ အလွန် ကြီးမားသည့် တာဝန်ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ ကတိကဝတ်များကို အလေးထား ပြောခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီကို တွေ့ရစဉ်
“ဂျပန်နိုင်ငံအတွက် ကျနော် လုပ်ပေးနိုင်တာရှိရင် ကျနော်တို့ အမြဲတမ်း ကူညီပေးသွားမှာပါ။ ကျနော်တို့က အင်အားအကြီးဆုံး မဟာမိတ်ဖြစ်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်နှင့် တာကာအီချီတို့သည် ကုန်သွယ်ရေး၊ မြေရှားသတ္တုများ ထောက်ပံ့ရေးတို့နှင့်ပတ်သက်ပြီး သဘောတူညီ ချက်များကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် ထရမ့်သည် ဂျပန်နိုင်ငံတွင် ဆိုက်ကပ်ထားသည့် အမေရိကန်လေယာဉ်တင် သင်္ဘောဖြစ်သည့် USS George Washigton သင်္ဘောပေါ်သို့ တာကာအီချီနှင့်အတူ သွားရောက်ခဲ့ပြီး အမေရိကန် စစ်သားများကို တွေ့ဆုံ နှုတ်ဆက်ကာ မိန့်ခွန်းပြောခဲ့သည်။
ထရမ့်သည် ဂျပန်ခရီးစဉ်အပြီး အောက်တိုဘာ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်သလို အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) အစည်းအဝေးကို တက်ရောက်ရန် စီစဉ်ထားသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 620
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၂၉
ကမ္ဘောဒီးယားနှင့်ထိုင်းကြား နောက်ဆုံးငြိမ်းချမ်းရေး သဘောတူညီမှုသည် ရေရှည်တည်မြဲရန် ခက်ခဲလိမ့်မည်ဟု နှစ်နိုင်ငံကြား ယခင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှုများအား ရည်ညွှန်းပြီး ကျွမ်းကျင် သူများက ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ပြုလုပ်ခဲ့သည့် အာဆီယံ အစည်းအဝေး၌ ထိုင်းနှင့် ကမ္ဘောဒီးယား ကြား ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တက် ရောက်ခဲ့သည်။
ထိုခရီးစဉ်သည် ထရမ့်၏ ဒုတိယသက်တမ်းတွင် ပထမဆုံး အာဆီယံဒေသတွင်း ခရီးစဉ်ဖြစ်ခဲ့ပြီး ဇူလိုင်လ အတွင်းက ကျိုးပျက်လွယ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ယူခဲ့သော ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပြဿနာကို အဆုံးသတ်ရန် ရည်ရွယ်ခဲ့သည်။

တင့်ကားတစ်စင်းကို စစ်သားတွေ သယ်နေကြစဉ်
ကွာလာလမ်ပူ ငြိမ်းချမ်းရေး သဘောတူညီချက် အမည်ရှိ ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးစာချုပ်တွင် နှစ်နိုင်ငံ ကြား ဆယ်စုနှစ်များစွာကြာ နယ်စပ်ဒေသ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ပြဿနာကို ဖြေရှင်းရန်လည်း ကတိပြု ထားသည်။
သို့သော် ငြိမ်းချမ်းရေး သဘောတူညီချက်ပါ အချက်အလက်များကို စောင့်ကြည့်သည့် ယန္တရားများ မရှိပါက ထိုသဘောတူညီချက်ကို ထိန်းသိမ်းရန် ခက်ခဲလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ပြင် မြေပြင်တွင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လိုက်နာမှုရှိစေရန် ဩဇာကြီးမားသည့် စစ်ရေး ကိုယ်စား လှယ်များ အပါအဝင် ဒေသတွင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို အင်အား ပိုမိုဖြည့်တင်းရန် ကျွမ်းကျင်သူများက တောင်းဆိုနေကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ထိုင်းနှင့်ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့ကို တွေ့ရစဉ်
“အရင်တုန်းကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့တာကြောင့် တင်းမာမှုတွေဟာ လွယ်လွယ်လေးနဲ့ ပြန်ပြီးပေါ်လာနိုင်ပါတယ်” ဟု ဩစတြေးလျ အမျိုးသားတက္ကသိုလ်မှ သုတေသီ အဗ္ဗဒူလ် ရာမန် ယာကော့ဘ် (Abdul Rahman Yaacob) က ပြောကြားခဲ့သည်။
ယာကော့ဘ်သည် ကမ္ဘောဒီးယား ရွာသားများနှင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့များကြား နယ်စပ်ဒေသတွင် အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ရည်ညွှန်းပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထရမ့်ကမူ ကွာလာလမ်ပူမြို့တော်တွင် ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲ၌ ထိုသဘောတူညီချက်သည် ဒေသ တိုင်းမှာ ငြိမ်းချမ်းရေးကို မြှင့်တင်မည်ဟု ကတိပြုခဲ့သော ၎င်းတို့ အစိုးရအဖွဲ့၏ ကတိကဝတ်ကို သက်သေပြရာ ရောက်ကြောင်း ပြောကြားခဲ့သည်။
သို့သော် နယ်စပ်ဒေသ အငြင်းပွားမှု ကာလကြာရှည် ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ မကြာခဏ ကျိုးပျက်ခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီးယားကြား ယခုအကြိမ် ငြိမ်းချမ်းရေး သဘောတူညီချက်သည် ရေရှည်ခံမည် ဟုတ်၊ မဟုတ်ကို မေးခွန်းများ ထွက်ပေါ်နေဆဲဖြစ်သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 392
CNI International News
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၈
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်တွင် ပြုလုပ်သည့် အာဆီယံ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များ၌ ကျယ်ပြန့်သည့် စီးပွားရေး ပေါင်းစပ်ညှိနှိုင်းမှုများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကုန်သွယ်ခွန် တိုးမြှင့်မှု မူဝါဒများကြောင့် ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်ရေးသည် မရေရာမှုများနှင့် ကြုံတွေ့နေရချိန်တွင် အာဆီယံ ခေါင်းဆောင်များက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရေးအား အလေးအနက် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် ဒေသတွင်း ပြည့်စုံကျယ်ပြန့်သည့် စီးပွားရေး မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု (RCEP) ကဲ့သို့ အဓိက စီမံကိန်းများကို မြှင့်တင်ရေး၊ ဒေသတွင်း ထောက်ပံ့ရေး ကွင်းဆက်များကို ခိုင်မာအောင် လုပ်ဆောင်ရေးနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်မှု မြှင့်တင်ရေးတို့၏ အရေးကြီးပုံကိုလည်း အာဆီယံ ခေါင်းဆောင်များက ဆွေးနွေးခဲ့သည်။

အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပနေစဉ်
ထရမ့် အစိုးရအဖွဲ့သည် တရုတ်၊ ဥရောပသမဂ္ဂနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် အမေရိကန်၏ မဟာမိတ်များကို ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံခဲ့သည်။
ထို့ကြောင့် စျေးကွက်များကို ကမောက်ကမ ဖြစ်စေခဲ့သည့် ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်ခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ ကုန်ထုတ်လုပ်ရေး ကွန်ရက်များကို ပုံစံပြောင်းသွားစေခဲ့သည်။
ထိုအခြေအနေများကို ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်ကဏ္ဍအပေါ် မှီခိုနေရသည့် အာဆီယံနိုင်ငံအများစုက စောင့် ကြည့်နေကြသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်(Anwar Ibrahim)ကမူ အာဆီယံအနေဖြင့် ဒေသတွင်း စျေးကွက် ယှဉ်ပြိုင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ကုန်သွယ်ခွန်များနှင့် ထိန်းချုပ် ကန့်သတ်မှုများ မရှိသည့် စျေးကွက်နှင့် ကုန်ထုတ်၊ တင်ပို့မှု ရပ်ဝန်းတစ်ခုကို အမြန်ဆုံး ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။

အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပနေစဉ်
အာဆီယံနိုင်ငံများကြား ကုန်သွယ်မှုသည် အာဆီယံ၏ ကုန်သွယ်မှု စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းရှိကြောင်း စီးပွားရေး ပညာရှင်များက ထောက်ပြခဲ့သည်။
ထို့ကြောင့် အာဆီယံအဖွဲ့ဝင်များကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်မည်ဆိုပါက အမေရိကန်နှင့် တရုတ်ကဲ့သို့ စီးပွားရေး အင်အားကြီး နိုင်ငံများအပေါ် မှီခိုမှုကို လျှော့ချနိုင်ပြီး ပြည်ပ၏ ဂယက်ရိုက်ခတ်မှုများကို ကြံ့ကြံ့ခံရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အပါအဝင် မိတ်ဖက် ၅ နိုင်ငံနှင့် အာဆီယံနိုင်ငံများ ပါဝင်သည့် RCEP ကုန်သွယ်ရေးစာချုပ်၏ တိုးတက်မှုများကိုလည်း အာဆီယံ အစည်းအဝေးတွင် လေ့လာသုံးသပ်ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 412
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၈
အမေရိကန်သည် ပါကစ္စတန်နှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းနေသော်လည်း အိန္ဒိယနှင့် အမေရိကန်ကြား ဆက်ဆံရေးကို ထိခိုက်စေမည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အိန္ဒိယသည် အမေရိကန်နှင့် ဆက်ဆံရေး မရှိသည့် အခြားနိုင်ငံများဖြင့် ဆက်ဆံနေသကဲ့သို့ အမေရိကန်နှင့် ပါကစ္စတန် ဆက်ဆံရေးသည်လည်း အလားတူ ပုံစံမျိုးဖြစ်ကြောင်း ရူဘီယိုက ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့တော်သို့ သွားရောက်သည့် လေယာဉ်ပေါ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒါက ပြည့်စုံပြီး လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျနော်တို့နဲ့ ပါကစ္စတန် ရဲ့ ဆက်ဆံရေးဟာ ကျနော်တို့နဲ့ အိန္ဒိယကြားက နက်ရှိုင်းမှု သမိုင်းဝင်မှုနဲ့ အရေးကြီးတဲ့ ဆက်ဆံရေး ဒါမှမဟုတ် ခင်မင်ရင်းနှီးမှုကို ထိခိုက်စေမှာ မဟုတ်ပါဘူး”ဟု ရူဘီယိုက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် ပါကစ္စတန်နိုင်ငံအပေါ် အလေးထား လာခဲ့သည့် အမေရိကန်၏ မူဝါဒသည် အိန္ဒိယကို ဒေါသထွက်စေခဲ့သည်။
ထို့ပြင် ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီကြား ဆက်ဆံရေးများ ကတောက်ကဆ ဖြစ်နေချိန်တွင် အမေရိကန်က ပါကစ္စတန်နှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
နျူကလီးယား လက်နက်များ ကိုယ်စီ ပိုင်ဆိုင်ထားကြသည့် အိမ်နီးချင်း နိုင်ငံများဖြစ်သော ပါကစ္စတန်နှင့် အိန္ဒိယ တို့သည် မေလက နယ်စပ်ဒေသတွင် ၄ ရက်ကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တင်းမာမှုများ မြင့်တက်ခဲ့ သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 498
CNI International News
ကာရာကက်စ်၊ အောက်တိုဘာ ၂၈
ထရီနီဒက်နှင့် တိုဘာဂို (Trinidad and Tobago) နိုင်ငံသည် အမေရိကန်ဗဟို ထောက်လှမ်းရေးအေဂျင်စီ (CIA) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် စစ်ရေးအရ ရန်စမှုဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံက အောက်တိုဘာ ၂၆ ရက် တွင် ရှုတ်ချခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
လက်ရှိတွင် ထရီနီဒက်နှင့် တိုဘာဂို နိုင်ငံသည် ကာရစ်ဘီယံဒေသတွင် အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှု များ ပြုလုပ်နေသည်။
ဗင်နီဇွဲလားနိုင်ငံကမူ ၎င်းတို့ တပ်ဖွဲ့များသည် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ၏ တိုက်ရိုက်ညွှန်ကြားချက် ကို ရရှိထားသည့် ကြေးစားစစ်သားအဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ထောက်လှမ်းရေးအေဂျင်စီသည် ကြားခံနိုင်ငံ တစ်နိုင်ငံကို အသုံးချပြီး ဒေသတွင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟုလည်း ဗင်နီဇွဲလားက ပြောကြားခဲ့သည်။
ထရီနီဒက်နှင့်တိုဘာဂိုနိုင်ငံ၏ ရေကြောင်းနယ်စပ် သို့မဟုတ် ဗင်နီဇွဲလားနှင့် ထိစပ်နေသည့် ရေကြောင်းနယ်စပ် တွင် ကြားခံနိုင်ငံ တစ်နိုင်ငံကို အသုံးချပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် မိမိတို့ နိုင်ငံနှင့် စစ်ရေးအရ အင်ပြည့်အားပြည့် ထိပ်တိုက်တွေ့ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဗင်နီဇွဲလား အစိုးရက ပြောကြားခဲ့သည်။

အမေရိကန် စစ်သင်္ဘောကို တွေ့ရစဉ်
ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီဂုဇ် (Delcy Rodriguez) က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကြားခံ နိုင်ငံတစ်နိုင်ငံကို အသုံးချပြီး စစ်ဆင်ရေးဆင်နွှဲမှုနှင့်ပတ်သက်သည့် သက်သေ အထောက်အထားများကို ဖော်ပြခဲ့ခြင်း မရှိပေ။
ယခုလ အစောပိုင်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဗင်နီဇွဲလားတွင် CIA ကို လျှို့ဝှက်စစ်ဆင်ရေးများ ပြုလုပ်ရန် ညွှန်ကြားထားသည်ဆိုသည့် သတင်းများကို အတည်ပြုခဲ့သည်။
ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolas Maduro) သည် ယခင်ကတည်းက ဗင်နီဇွဲလားနိုင်ငံကို အပြစ် ပုံချမည့် တိုက်ခိုက်ရေး အစီအစဉ်များရှိကြောင်း စွပ်စွဲခဲ့သည်။
ထိုအစီအစဉ်များအနက် အောက်တိုဘာ အစောပိုင်းက ကာရာကက်စ် (Caracas) မြို့တော်ရှိ အမေရိကန်သံရုံးကို ဗုံးထောင်ပြီး ဗင်နီဇွဲလားအပေါ် အပြစ်ပုံချမည့် အစီအစဉ်လည်း ပါဝင်ကြောင်း မာဒူရိုက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် CIA တို့က မှတ်ချက်ပေးခြင်း မရှိသေးပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 453
CNI International News
အစ္စတန်ဘူလ်၊ အောက်တိုဘာ ၂၈
တူရကီနိုင်ငံရှိ PKK လက်နက်ကိုင်အားလုံးကို အီရတ်နိုင်ငံသို့ ပြန်လည်ရုပ်သိမ်းနေကြောင်း PKK အဖွဲ့က အောက်တိုဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
တူရကီအစိုးရနှင့် PKK ကာ့ဒ်လက်နက်ကိုင်အဖွဲ့ကြား ငြိမ်းချမ်းရေး အားထုတ်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ယခုလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
ကာ့ဒ်အလုပ်သမားပါတီ (PKK) အဖွဲ့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကတိကဝတ်ကို ဖြည့်ဆည်းရန် ၎င်းတို့ လက်နက်များအား စတင်ဖြုတ်သိမ်းမည်ဖြစ်ကြောင်း မကြာသေးမီ လများအတွင်းက ကြေညာခဲ့ပြီးနောက် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
PKK အဖွဲ့သည် တူရကီတွင် ဆယ်စုနှစ်များစွာကြာ လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ် ကျော် ကာလများက စတင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်းသောင်းချီ သေဆုံးခဲ့သည်။

ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ကို တွေ့ရစဉ်
PKK အဖွဲ့၏ လက်အောက်ခံ ကာ့ဒ်လူမျိုးစုသမဂ္ဂ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆာဘရီ အော့ခ် (Sabri Ok) ဦးဆောင် သည့် သတင်းစာ ရှင်းလင်းပွဲတွင် နောက်ထပ် တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် တူရကီရှိ PKK တပ်ဖွဲ့ဝင် အားလုံး ကို အီရတ်နိုင်ငံမြောက်ပိုင်းသို့ ပြန်လည်ရုပ်သိမ်းကြောင်း ပြောကြားခဲ့သည်။
တူရကီတွင် အကျဉ်းချခံထားရသည့် PKK ခေါင်းဆောင် အဗ္ဗဒူလာ အော်ကလန် (Abdullah Ocalan) ၏ ခွင့်ပြု ချက်နှင့်အတူ တူရကီရှိ PKK တိုက်ခိုက်ရေး သမားများကို ပြန်လည် ရုပ်သိမ်းခြင်းဖြစ်ကြောင်း အော့ခ်က တာကစ် ဘာသာစကားဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
“ထိပ်တိုက်တွေ့မှုတွေနဲ့ ရန်လိုမှုတွေ ဖြစ်နိုင်တဲ့ နယ်စပ်ဒေသ တစ်လျှောက်က တပ်ဖွဲ့ဝင်တွေရဲ့ တပ်စွဲထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း စည်းကမ်းထိန်းသိမ်းရေး အစီအမံတွေ လုပ်ဆောင်နေပါတယ်” ဟု အော့ခ် က ပြောကြားခဲ့သည်။
PKK အဖွဲ့သည် နှစ်ပေါင်း ၄၀ ကြာ ရန်လိုမှုများကို ရပ်တန့်ရန် မေလကတည်းက ၎င်းတို့၏ အဖွဲ့ကို ဖျက်သိမ်းရန် နှင့် လက်နက်ဖြုတ်သိမ်းမည်ဟု ကြေညာခဲ့သည်။
၁၉၉၉ ခုနှစ်ကတည်းက တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul ) အနီးရှိ ကျွန်းပေါ်တွင် အကျဉ်းချခံထားရသည့် PKK ခေါင်းဆောင် အော်ကလန်က PKK အဖွဲ့ ဖျက်သိမ်းရန်နှင့် လက်နက်စွန့်ရန် ဖေဖော်ဝါရီလက တိုက်တွန်းခဲ့ပြီး နောက် ယခုကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
တူရကီသမ္မတ အာဒိုဂန် (Recep Tayyip Erdogan) ၏ အာဏာရပါတီမှ ပြောရေးဆိုခွင့်ရှိသူ အိုမာ စီလစ် (Omer Celik) ကမူ PKK အဖွဲ့၏ ကြေညာချက်သည် တူရကီတွင် လုံခြုံရေး ခြိမ်းခြောက်မှုများကို ဖယ်ရှား ရှင်းလင်းနေ သည့် တူရကီအစိုးရ၏ ရည်မှန်းချက်အတွက် အပြုသဘောဆောင်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
Source: အေပီ
