- By CNI
- Category: နိုင်ငံရေး
- Hits: 398
CNI International News
ဝါရှင်တန် ၊ အောက်တိုဘာ ၂၇
အစ္စရေး၊ အမေရိကန်နှင့် ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် စေ့စပ်ညှိနှိုင်းပေးသူများ သည် ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး သတင်း အချက်အလက်များ မျှဝေခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ သတင်းအချက်အလက်များ မျှဝေခဲ့မှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဖြစ်လာနိုင်ခြေရှိသော တိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ဟားမာ့စ်အဖွဲ့သည် ဂါဇာတွင် ပါလက်စတိုင်း အရပ်သားများကို တိုက်ခိုက်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်အား ချိုးဖောက် လိမ့်မည်ဆိုသည့် ခိုင်လုံသော သတင်းများကို ရရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ပြောကြားခဲ့သည်။
“နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် တိုက်ခိုက်မှု ဖြစ်တော့မယ်ဆိုတဲ့ သတင်းကို စေ့စပ်ညှိနှိုင်းသူတွေဆီကို ပေးပို့ခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီတိုက်ခိုက်မှုဟာ မဖြစ်ပွားခဲ့ပါဘူး”ဟု ရူဘီယိုက အစ္စရေးမှ ကာတာသို့ သွားရောက်သည့် လမ်းခရီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကို တွေ့ရစဉ်
ရူဘီယိုသည် အာရှနိုင်ငံများကို ခရီးထွက်လာသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ကာတာတွင် တွေ့ဆုံရန် စီစဉ်ထားသည်။
ဂါဇာတွင် ဖြန့်ကြက်ချထားရန် ရည်ရွယ်သည့် နိုင်ငံတကာ တည်ငြိမ်မှု ထိန်းသိမ်းရေးတပ်ဖွဲ့၌ ပါဝင်ရန် နိုင်ငံအများစုက စိတ်ဝင်စားနေကြောင်း သို့သော် မစ်ရှင်နှင့် ထိတွေ့ဆောင်ရွက်မှုပိုင်းဆိုင်ရာ စည်းကမ်းချက် အသေးစိတ်များ ရေးဆွဲရန် လိုအပ်နေကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ဂါဇာတွင် နိုင်ငံတကာ တည်ငြိမ်မှု ထိန်းသိမ်းရေးတပ်ဖွဲ့ကို ထောက်ခံသည့် ကုလသမဂ္ဂ၏ ကြေညာချက် ထုတ်ပြန်ရန် တောင်းဆိုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအများအပြား ပိုမိုပါဝင်နိုင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် အမေရိကန်သည် ကာတာ၊ အီဂျစ်၊ တူရကီတို့နှင့် ဆွေးနွေးခဲ့ပြီး အင်ဒိုနီးရှားနှင့် အဇာဘိုင်ဂျန်တို့ ကလည်း စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
နိုင်ငံတကာ လုပ်ပိုင်ခွင့် မရှိဘဲ နိုင်ငံအများစုသည် ဂါဇာသို့ စေလွှတ်မည့် တည်ငြိမ်မှု ထိန်းသိမ်းရေးတပ်ဖွဲ့တွင် ပါဝင်နိုင်လိမ့်မည် မဟုတ်ကြောင်းလည်း ရူဘီယိုက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 553
CNI International News
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Trump)၏ ကြားဝင်စေ့စပ်မှုတွင် ထိုင်းနှင့်ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီချက် ရယူခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် ပြုလုပ်သည့် အာဆီယံ အစည်းအဝေးအတွင်း ထိုင်းနှင့်ကမ္ဘောဒီးယားသည် သီးသန့်တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၂၆ ရက်က ငြိမ်းချမ်းရေးစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ထိုငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးမှုကို သဘာပတိအဖြစ် ကြီးမှူးခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ထိုကဲ့သို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှုသည် လူသားမျိုးနွယ်အတွက် မယုံကြည်နိုင်လောက် သော အလုပ်တစ်ခုဖြစ်ကြောင်း ချီးကျူး ဂုဏ်ပြုခဲ့သည်။

သမ္မတထရမ့်နဲ့အတူ မလေးရှား-ထိုင်း-ကမ္ဘောဒီးယား ဝန်ကြီးချုပ်များကို တွေ့ရစဉ်
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) တို့၏ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှုကို ထရမ့် အပြင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) လည်း တက်ရောက်ခဲ့သည်။
ထိုငြိမ်းချမ်းရေး စာချုပ်တွင် နှစ်နိုင်ငံကြား ရန်လိုမှုများ အားလုံးကို ရပ်တန့်ရန် သဘောတူကြောင်း၊ ဖမ်းဆီးခံထား ရသည့် ကမ္ဘောဒီးယား စစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးရန်၊ ငြိမ်းချမ်းရေး ရရှိမှုနှင့် ရေရှည်တည်တံ့ရေးအတွက် စိတ်ချသေချာစေရန် အာဆီယံ၏ လေ့လာစောင့်ကြည့်သူများကို စေလွှတ်ခွင့်ပေးရန် အစရှိသည့် သဘောတူညီ ချက်များ ပါဝင်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
“ဒီစာချုပ်က အလုပ်ဖြစ်လိမ့်မယ်ဆိုတာ ကျနော် သံသယမရှိပါဘူး။ ဒီစာချုပ်က သန်းနဲ့ချီတဲ့ လူ့အသက်တွေကို ကယ်တင်နိုင်ပါလိမ့်မယ်”ဟု ထရမ့်က ပြောသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုကိုယ်စား ယခုပဋိပက္ခကို ကျေလည်အောင် ကူညီပေးခြင်း၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို လိုလားပြီး ချမ်းသာကြွယ်ဝနိုင်သည့် လွတ်လပ်သော နိုင်ငံများ တည်ရှိသည့် ဒေသအတွက် အနာဂတ်ကို ထုဆစ်ပုံဖော်ရာတွင် ကူညီပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်းလည်း ထရမ့်က ပြောကြားခဲ့ သည်။

ထိုင်းနဲ့ကမ္ဘောဒီးယား ဝန်ကြီးချုပ်များကို တွေ့ရစဉ်
ဇူလိုင်လက ထိုင်းနှင့် ကမ္ဘောဒီးယားကြား တိုက်ခိုက်မှုများ စတင် ဖြစ်ပွားချိန်က ၎င်းတို့အစိုးရအဖွဲ့သည် ပဋိပက္ခကို အရှိန်မြင့်တက် မလာအောင် တားဆီးရန် ချက်ချင်း လုပ်ဆောင်ခဲ့ကြောင်း၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားဝန်ကြီးများနှင့် ဖုန်းဆက်သွယ် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် အမေရိကန်သည် ကမ္ဘောဒီးယားနှင့် ကြီးမားသည့် ကုန်သွယ်ရေးစာချုပ်ကို ချုပ်ဆိုသွားမည်ဖြစ်ပြီး ထိုင်းနှင့် လည်း အရေးကြီးသည့် တွင်းထွက်ပစ္စည်း သဘောတူညီချက်ကို ပြုလုပ်သွားမည်ဟု ထရမ့်က ကြေညာခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အနေဖြင့် ငြိမ်းချမ်းစွာ နေထိုင်နေသမျှ ကာလပတ်လုံး အမေရိကန်သည် ထို ၂ နိုင်ငံ စလုံးနှင့် ကြီးမားသည့် ကုန်သွယ်ရေးနှင့် ပူပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
Source: Nikkie Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 640
CNI International News
ဟောင်ကောင်၊ အောက်တိုဘာ ၂၅
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ပြုလုပ်မည့် အာဆီယံ အစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက် လာမည်ဖြစ်သဖြင့် အာဆီယံအဖွဲ့၏ အရေးအကြီးဆုံး အစည်းအဝေးများထဲ၌ တစ်ခု အပါအဝင်အဖြစ် သတ်မှတ် ခံထားရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုအစည်းအဝေးအတွင်း ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် ပြောင်းလဲနေသည့် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတို့ကို ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်သည်။
အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ကမူ ယခုနှစ် အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် အမေရိကန်ကြား မျှတမှုမရှိသော ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး တင်းမာမှုများ လျှော့ချနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ အာဆီယံအဖွဲ့ဝင် အလံများကိုတွေ့ရစဉ်
ထို့ကြောင့် ယခုနှစ် အာဆီယံအစည်းအဝေးတွင် ထရမ့်နှင့်အတူ စောင့်ကြည့်ရမည့် အရေးကိစ္စအချို့ ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
ယခုနှစ် အာဆီယံ အစည်းအဝေးတွင် ထရမ့် ပါဝင်လာမှုကို အားလုံးက အာရုံစိုက်နေကြခြင်းဖြစ်သည်။
ထရမ့်နှင့်အတူ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) နှင့် ကုန်သွယ်ရေးဝန်ကြီး ဂျေမီဆန် ဂရီယာ (Jamieson Greer) တို့ လိုက်ပါလာမည်ဖြစ်သည်။
ထို့ပြင် ထရမ့်သည် အာဆီယံ အစည်းအဝေးအတွင်း ကမ္ဘာ့ခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံမှုများ ပြုလုပ်မည် ဖြစ်သည်။
အချို့ခေါင်းဆောင်များသည် မကြာသေးမီ လများအတွင်း ထရမ့်နှင့် အဆက်အသွယ် သိပ်မရှိခဲ့သည့် ခေါင်းဆောင် များ ဖြစ်သည်။

အာဆီယံ အစည်းအဝေးအတွက် မလေးရှား ပြင်ဆင်နေစဉ်
ထို့အတူ အာဆီယံခေါင်းဆောင်များကလည်း မကြာသေးမီ လများအတွင်း အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်း စီးပွားရေး ဆက်ဆံမှုများကို မြှင့်တင်ခဲ့ကာ အမေရိကန်နှင့် အာဆီယံကြား ကုန်သွယ်ရေး ဆွေးနွေးမှုများတွင် အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ရှိလာစေရန် မျှော်လင့်ထားသည်။
နောက်ထပ် စောင့်ကြည့်ရမည့် အဓိကအချက်မှာ အင်ဒို-ပစိဖိတ် ဒေသတွင်း လုံခြုံရေးနှင့် လျှင်မြန်စွာ ပြန့်ပွား လာသည့် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရေးကိစ္စ ဖြစ်သည်။
ထို့ပြင် ယခု အာဆီယံ အစည်းအဝေးတွင် မြန်မာ့အရေးနှင့် အာဆီယံ အဖွဲ့ဝင်သစ် ဖြစ်လာတော့မည့် အရှေ့ တီမောနိုင်ငံတို့၏ အခြေအနေများကိုလည်း ထည့််သွင်း ဆွေးနွေးသွားလိမ့်မည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 531
CNI International News
နယူးဒေလီ၊ အောက်တိုဘာ ၂၅
အိန္ဒိယနိုင်ငံ အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်တွင် NSCN-K/YA အဖွဲ့၏ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ထောက်လှမ်းရေးအေဂျင်စီများက သတိပေးချက် ထုတ်ပြန်ထားသဖြင့် ဒေသတွင်း စစ်သွေးကြွများ ၏ တိုက်ခိုက်မှုအန္တရာယ်များကို စိုးရမ်နေကြကြောင်း Northeast Live သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ဗိုလ်မှူး Thanong Mossang ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၂၀ မှ ၂၅ ကြား ရှိသည့် စစ်သွေးကြွများသည် ချန်လန်း (Changlang) ခရိုင်အတွင်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး တီရက် (Tirap) ၊ ချန်လန်းနှင့် လောင်ဒင်း (Longding) ခရိုင်များရှိ လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားရန် ပြင်ဆင်နေသည်ဟု ဆိုသည်။
သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးများကို စောင့်ကြည့်နေသည့် ထိပ်သီးလုံခြုံရေး အရာရှိများကလည်း ၎င်းတို့တပ်ဖွဲ့များသည် မည်သည့် အခြေအနေတွင်မဆို တုန့်ပြန်ဆောင်ရွက်နိုင်ရန် အပြည့်အဝ ပြင်ဆင်ထား ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယတပ်ဖွဲ့ကို တွေ့ရစဉ်
ကြိုတင်ပြင်ဆင်ထားသည့် အစီအမံ တစ်ခုအဖြစ် ချန်လန်းရဲတပ်ဖွဲ့သည် Telegram လူမှုမီဒီယာမှတဆင့် ခရိုင်များအတွင်းရှိ ရဲစခန်းအားလုံးကို ဆက်သွယ်ခဲ့ပြီး ကျေးရွာသားများနှင့် ရပ်ကျေးအာဏာပိုင်များကို တပ်လှပ်နှိုးဆော်ထားရန် ညွှန်ကြားခဲ့သည်။
ကျေးရွာသားများကိုလည်း ညအချိန်တွင် ငါးဖမ်းထွက်ခြင်း၊ သစ်တောထဲဝင်ပြီး အမဲလိုက်ခြင်း မပြုလုပ်ရန်၊ စစ်ယူနီဖောင်းနှင့် ဆင်တူသည့် အဝတ်အစားများ မဝတ်ရန်၊ သက်သေခံ အထောက်အထားများကို ကိုင်ဆောင် ထားကြရန် ညွှန်ကြားထားသည်။
ရဲစခန်းများကလည်း ကျေးရွာ အကြီးအကဲများကို လုံခြုံရေး အစီအမံများကို ကျေးရွာသားများအား အသိပညာပေး မျှဝေကြရန် ညွှန်ကြားထားသည်။

လက်နက်ကိုင် တစ်စုကို တွေ့ရစဉ်
အောက်တိုဘာ ၂၀ ရက်က NSCN-K/YA စစ်စခန်းများကို ပစ်မှတ်ထားသည့် ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွင် တင်းမာမှုများ မြင့်တက်နေချိန်၌ ယခုကဲ့သို့ သတိပေးချက်များ ထွက်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွင်း NSCN-K/YA ထိပ်သီး ခေါင်းဆောင်တစ်ဦး၏ သက်တော်စောင့် ၃ ဦး အပါအဝင် စစ်သွေးကြွ ၅ ဦး သေဆုံးခဲ့ပြီး ထိုထိပ်သီး ခေါင်းဆောင်သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ဆိုသည်။
ယခုထွက်ပေါ်နေသည့် ထောက်လှမ်းရေးသတင်းများအရ NSCN-K/YA သည် ထိုဒရုန်း တိုက်ခိုက်မှုကို လက်စား ချေရန် ပြင်ဆင်နေသဖြင့် လာမည့် ရက်ပိုင်းများအတွင်း စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ ဖြစ်ပွားလာမည့် အရေးကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
Source: Northeast Live
- By CNI
- Category: နိုင်ငံရေး
- Hits: 464
CNI International News
ဂျေရုဆလင်၊ အောက်တိုဘာ ၂၄
အစ္စရေးတို့ သိမ်းပိုက်ထားသည့် ဂျော်ဒန်မြစ် အနောက်ကမ်းဒေသ (West Bank) ကို အစ္စရေးနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်အဖြစ် သွတ်သွင်းရန် ကြိုးပမ်းနေသည့် အစ္စရေးလွှတ်တော်၏ အစီအစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အစီအစဉ်ကို ထိခိုက်စေနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
“ကျနော် ပြောချင်တဲ့ သဘောက အစ္စရေးလွှတ်တော်မှာ ပြုလုပ်တဲ့ မဲခွဲဆုံးဖြတ်မှုအကြောင်း ဖြစ်ပါတယ်။ ကျနော် ထင်တာကတော့ သမ္မတကြီး (ထရမ့်)ဟာ အဲဒီကိစ္စကို အခုချိန်မှာ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်း လင်း ပြသခဲ့ပြီးပါပြီ။ အဲဒါက ငြိမ်းချမ်းရေး သဘောတူညီချက်ကိုလည်း ထိခိုက်စေလိမ့်မယ်လို့ ကျနော်တို့ ထင်ပါ တယ်” ဟု ရူဘီယိုက အစ္စရေးသို့ သွားရောက်မည့် ခရီးစဉ်မတိုင်မီ အောက်တိုဘာ ၂၂ ရက်တွင် သတင်းထောက် များကို ပြောကြားခဲ့သည်။
ရူဘီယို၏ ခရီးစဉ်သည် ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်ကြား ၂ နှစ်ကြာ စစ်ပွဲဖြစ်ပွားပြီးနောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းထားရန် ကြိုးပမ်းအားထုတ်နေသည့် အမေရိကန်အစိုးရ၏ လှုပ်ရှားမှုတစ်ခုဖြစ်သည်။

အစ္စရေးတပ်ဖွဲ့ကို တွေ့ရစဉ်
အစ္စရေးနှင့် ဟားမာ့စ်ကြား ဓားစာခံများနှင့် အကျဉ်းသားများ လဲလှယ်သည့် အပစ်အခတ်ရပ်စဲရေး၏ ပထမအဆင့် တွင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။
အစ္စရေးနှင့် ဟားမာ့စ်တို့ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူ ကာလအတွင်း ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ နှင့် ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ကြသည်။
ဂါဇာတောင်ပိုင်းရှိ ခန်းယူနစ် (Khan Younis) မြို့တွင် အောက်တိုဘာ ၂၂ ရက် ညအချိန်က ပစ်ခတ်တိုက်ခိုက် မှုများ၊ တင့်ကား၏ အမြောက်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်ကို တွေ့ရစဉ်
ရူဘီယိုသည် ဂါဇာစစ်ပွဲ အဆုံးသတ်ရေး၊ ဂါဇာဒေသ ပြန်လည်ထူထောင်ရေး၊ တည်ငြိမ်သည့် အုပ်ချုပ်ရေးစနစ် ရရှိရေးနှင့် ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရန်အတွက် ဖြစ်နိုင်ခြေရှိသော လုပ်ငန်းစဉ်များ ပါဝင်သည့် ထရမ့်၏ အချက် ၂၀ ပါ အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အကူအညီပေးရန်အတွက် အစ္စရေးသို့ သွားရောက်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရူဘီယို၏ ခရီးစဉ်မတိုင်မီ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) သည် အစ္စရေးသို့ သွားရောက်ခဲ့ပြီး အောက်တိုဘာ ၂၂ ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နှင့် တွေ့ဆုံခဲ့သည်။
ဗန့်စ်သည် အစ္စရေးမှ ပြန်လည် မထွက်ခွာမီ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) ၊ မဟာဗျူဟာရေးရာဝန်ကြီး ရွန် ဒါမာ (Ron Dermer) တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 474
CNI International News
ဟောင်ကောင်၊ အောက်တိုဘာ ၂၄
အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဩစတြေးလျနိုင်ငံများကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တရုတ်က သတိထား စောင့်ကြည့်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုသုံးနိုင်ငံ၏ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်နေခြင်းသည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်ကို ထိန်းချုပ်ရန် မဟာဗျူဟာမြောက် အားထုတ်ကြိုးပမ်းမှုဖြစ်ကြောင်း တရုတ်က ရှုမြင်နေသည်။
ဒေသတွင်း အမေရိကန်က ၎င်း၏ စစ်အင်အား တည်ရှိမှုအား လျှော့ချသည့် အချိန်မျိုးတွင် လုံခြုံရေး လေဟာနယ် တစ်ခု ဖြစ်လာမည့် အရေးကို စိုးရိမ်သည့်အတွက် အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဩစတြေးလျ နိုင်ငံများကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင်တင်နေခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၃ ရက်တွင် အိန္ဒိယရေတပ်သင်္ဘော Sahyadri သည် တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန် ရေတပ် ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနဲ့တောင်ကိုရီးယား ရေတပ်ကိုတွေ့ရစဉ်
အိန္ဒိယနှင့် တောင်ကိုရီးယား ရေတပ်များကြား ပထမဆုံးအကြိမ် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ရန်အတွက် အိန္ဒိယရေတပ်သင်္ဘောသည် တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တရုတ်ကမူ အမေရိကန်၏ မဟာမိတ်များ၊ အထူးသဖြင့် အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဩစတြေးလျကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်နေမှုသည် တရုတ်အား ထိန်းချုပ်ရန် မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ယူဆထားသည်။
ထို ၃ နိုင်ငံကြား ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေးများကို လေ့လာကြည့် ရမည်ဆိုပါ ဩစတြေးလျနှင့် အိန္ဒိယသည် ဂျပန်နှင့် အမေရိကန်တို့ ပါဝင်သည့် Quad အဖွဲ့ဝင်များဖြစ်သည်။
Quad အဖွဲ့ဝင်များသည် ရေတပ်စစ်ရေး လေ့ကျင့်မှုများ ပူးတွဲ ပြုလုပ်ခဲ့ပြီး ကာကွယ်ရေး ထောက်ပို့ကဏ္ဍနှင့် ထောက်လှမ်းရေးသတင်းများ မျှဝေရး သဘောတူညီချက်များတွင် လက်မှတ်ရေးထိုးထားသည်။

အင်ဒို-ပစိဖိတ်ကိုတွေ့ရစဉ်
တောင်ကိုရီးယားနှင့် ဩစတြေးလျသည်လည်း လက်နက် ရောင်းဝယ်ရေး စာချုပ်များ၊ ပူးတွဲစစ်ရေး လေ့ကျင့် မှုများ အပါအဝင် ၂၀၂၁ ခုနှစ်ကတည်းက ၎င်းတို့၏ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ခဲ့ ကြသည်။
တောင်ကိုရီးယားသည် အရှေ့အာရှ လုံခြုံရေးအတွက် အဓိက မိတ်ဖက်ဖြစ်ကြောင်း ဩစတြေးလျက ရှုမြင်ထားပြီး အမေရိကန်၏ မဟာမိတ် ကွန်ရက်အတွင်း ပူးတွဲစစ်ဆင်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်နေသည်။
အိန္ဒိယနှင့် တောင်ကိုရီးယားသည်လည်း ရေတပ်သင်္ဘောများ တည်ဆောက်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ကာကွယ်ရေး နည်းပညာ ဖလှယ်ရေးတို့တွင် ပူးပေါင်းလုပ်ဆောင်နေသည်။
အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ ထောက်ခံထားသည့် အင်ဒို-ပစိဖိတ် မူဘောင်များကို ချိတ်ဆက်နေသည့် အိန္ဒိယ၏ အရှေ့မျှော်မူဝါဒကို တောင်ကိုရီးယားက ထောက်ခံပေးထားသည်။
ထို့ကြောင့် တရုတ်က အိန္ဒိယ-တောင်ကိုရီးယား-ဩစတြေးလျတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်ကို ထိန်းချုပ်လိုသည့် အမေရိကန်၏ အစီအစဉ်ထဲက အစိတ်အပိုင်းအဖြစ် ရှုမြင်နေပြီး သတိထား စောင့်ကြည့် နေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 571
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၂၄
ထိုင်းနိုင်ငံ၏ အခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်အဖြစ် စွပ်စွဲခံထားရသည့် တရုတ် နိုင်ငံဖွား အမျိုးသားတစ်ဦးအား တရုတ်သို့ လွှဲပြောင်းအပ်နှံရေးတွင် ဥပဒေအရ အတားအဆီး မဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်တွင် စီရင်ချက် ချမှတ်ခဲ့ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ရှီကျီကျန်း (She Zhijiang) အမည်ရှိ အရှေ့တောင်အာရှ၏ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်အဖြစ် စွပ်စွဲခံထားရသည့် အမျိုးသားကို တရုတ်က ဖမ်းဆီး အရေးယူနိုင်ရန် ပိုမိုနီးစပ်လာခဲ့သည်။
ထိုင်း၏ အခြေခံဥပဒေဆိုင်ရာတရားရုံးက ၂၀၀၈ ခုနှစ် တရားခံ လွှဲပြောင်းအပ်နှံရေးဆိုင်ရာ အက်ဥပဒေတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များ၊ အထူးသဖြင့် ပုဒ်မ ၁၉ (၂-၃) နှင့် ပုဒ်မ ၂၁ (၂-၃) တို့သည် အခြေခံဥပဒေအား ဆန့်ကျင်ခြင်းမရှိကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
တရုတ်နိုင်ငံက ဖမ်းဆီးရန် အလိုရှိနေသည့် ရှီသည် ၎င်း၏ စွဲချက်နှင့်ပတ်သက်ပြီး အယူခံဝင်ခဲ့ပြီးနောက် ထိုင်းတရားရုံး၏ စီရင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ KK Park က ကျားဖြန့်ဂိုဏ်းကို တပ်က စီးနင်းခဲ့စဉ်
ရှီသည် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလောင်းကစား ကွန်ရက်များနှင့် ကာစီနို လုပ်ငန်းများတွင် ပါဝင် ပတ်သက်ခဲ့ပြီး ယွမ် သန်း ၁၅၀ ကျော် ထိခိုက်နစ်နာစေခဲ့ကြောင်း စွပ်စွဲထား၍ တရုတ်အစိုးရက ၎င်းအား ဖမ်းဆီးရန် အလိုရှိနေခြင်းဖြစ်သည်။
တရုတ်အစိုးရ၏ တောင်းဆိုမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ထိုင်းရဲတပ်ဖွဲ့က ရှီကို ဘန်ကောက်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်း၏ အခြေခံဥပဒေအရ တရားရုံးသည် ရှီအား တရုတ်သို့ လွှဲပြောင်း အပ်နှံရေးနှင့်ပတ်သက်ပြီး နှောင့်နှေးကြန့်ကြာစေခဲ့သည့် တရားရေးဆိုင်ရာ အတားအဆီးများကို ထိရောက်စွာ ပယ်ချနိုင်ခဲ့သည်။
ထို့ကြောင့် ရှီအား တရုတ်သို့ လွှဲပြောင်းအပ်နှံရေး လုပ်ငန်းစဉ်ကို ဥပဒေအရ ဆက်လက် လုပ်ဆောင် နိုင်တော့ မည်ဖြစ်သည်။
ရှီသည် ထိုင်းမှ တရုတ်သို့ လွှဲပြောင်းအပ်နှံခြင်း မခံရမီ အချိန်အထိ ထိုင်းတွင် ဆက်လက် ထိန်းသိမ်းခံထားရမည် ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 471
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၄
ဒေါ်နယ်ထရမ့်နှင့်ပူတင်၏ အစည်းအဝေး ပျက်သွားပြီးနောက် အမေရိကန်သည် ရုရှား၏ အဓိက ရေနံကုမ္ပဏီများ ကို အောက်တိုဘာ ၂၂ ရက်က ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားသည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ရှေးရှုသည့် အားထုတ်ကြိုးပမ်းမှုများ မရှိကြောင်း အမေရိကန်ဘက် က စွပ်စွဲခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ရုရှားသမ္မတ ပူတင် (Vladimir Putin) တို့၏ အစည်း အဝေး ပြုလုပ်မည့် အစီအစဉ် ပျက်သွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်က ရုရှားရေနံကုမ္ပဏီများ အပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထရမ့်ကမူ ၎င်းအတွက် မှန်ကန်သည်ဟု မခံစားမိသဖြင့် (ပူတင်နှင့် ပြုလုပ်မည့်) အစည်းအဝေးကို ဖျက်လိုက်ခြင်း ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်သည် ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီ ၂ ခုဖြစ်သည့် Rosneft နှင့် Lukoil ကုမ္ပဏီများကို ပစ်မှတ်ထား ပြီး ပိတ်ဆို့ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပူတင်နဲ့ ထရမ့်ကို တွေ့ရစဉ်
ထိုကဲ့သို့ ပိတ်ဆို့မှုများ ချမှတ်ခြင်းသည် အမေရိကန်သည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနှင့် ပတ်သက်ပြီး ရုရှား ကို ချဉ်းကပ်သည့် ပုံစံပြောင်းလဲ လိုက်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
“အခုချိန်က သတ်ဖြတ်မှုတွေကို ရပ်တန့်ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲရမယ့် အချိန်ဖြစ်ပါတယ်” ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) က ပြောကြားခဲ့သည်။
အမေရိကန်က ရုရှားရေနံကုမ္ပဏီများကို ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် ရေနံဈေးများ မြင့်တက်ခဲ့ပြီး ရေနံတစ်စည်လျှင် ၂ ဒေါ်လာကျော် မြင့်တက်ခဲ့သည်။
ရုရှား၏ စွမ်းအင်ကဏ္ဍအပေါ် ပိတ်ဆို့မှုများ ချမှတ်ရန် လွှတ်တော်အမတ်များ၏ ဖိအားများကို ထရမ့်သည် လနှင့်ချီ ကြံ့ကြံ့ခံ ငြင်းဆိုခဲ့ပြီးနောက် ယခုအခါတွင် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထရမ့်က သူသည် ယူကရိန်းနိုင်ငံမှ တောင်းဆိုထားည့် Tomahawk တာဝေးပစ် ဒုံးကျည်များကို ယူကရိန်း အား ထောက်ပံ့ပေးရန် အဆင်သင့် မဖြစ်သေးကြောင်းလည်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 472
CNI International News
အန်ကာရာ၊ အောက်တိုဘာ ၂၃
တူရကီနိုင်ငံသည် အစ္စရေးကဲ့သို့ ဒေသတွင်း ပြိုင်ဘက်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် ကြိုးပမ်းသည့် အနေဖြင့် ခေတ်မီ တိုက်လေယာဉ်များကို အမြန်ဆုံး ဝယ်ယူရရှိနိုင်မည့် နည်းလမ်းများကို ဥရောပမိတ်ဖက်များနှင့် အမေရိကန်ကို အဆိုပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်ပြီးလျှင် နေတိုးအဖွဲ့၏ ဒုတိယစစ်အင်အား အကြီးဆုံးနိုင်ငံဖြစ်သည့် တူရကီသည် အနောက်နိုင်ငံများ နှင့် ဆက်ဆံရေး ကောင်းမွန်မှုကို အသုံးချပြီး ၎င်း၏ သက်တမ်းရင့်နေပြီဖြစ်သော လေတပ်တွင် နောက်ထပ် တိုက်လေယာဉ်အသစ်များ ထပ်မံဖြည့်တင်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။
တူရကီသည် ဇူလိုင်လအတွင်းက ဗြိတိန်ထံမှ Eurofighter Typhoons တိုက်လေယာဉ် အစင်း ၄၀ ဝယ်ယူရန် ကနဦး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်လုပ် F-35 တိုက်လေယာဉ်များကို ဝယ်ယူရန် စီစဉ်ခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် ခေတ်အမီဆုံး စစ်လက်နက်ပစ္စည်းများနှင့် အမေရိကန်လုပ် F-15၊ F-16 နှင့် F-35 တိုက်လေယာဉ်များကို ပိုင်ဆိုင်ထားသည့် အစ္စရေးသည် တူရကီ၏ အိမ်နီးချင်းများဖြစ်သော လက်ဘနွန်၊ ကာတာ၊ အီရန်နှင့် ဆီးရီးယားတို့၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် တူရကီကို စိုးရိမ်ပူပန်စေခဲ့သည်။

စစ်သင်္ဘောနဲ့လေယာဉ်တွေကို တွေ့ရစဉ်
ထိုအချိန်အတောအတွင်း တူရကီသမ္မတ အာဒိုဂန် (Tayyip Erdogan) က ဂါဇာနှင့် အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကို ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့် တစ်ချိန်က ဆက်ဆံရေး နွေးထွေးခဲ့သည့် တူရကီနှင့် အစ္စရေးကြား ဆက်ဆံရေးများ ကျဆင်းခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟု (Benjamin Netanyahu) ကလည်း ဆီးရီးယားနိုင်ငံအတွင်းရှိ တူရကီ၏ စစ်စခန်းများ၊ တူရကီ၏ မဟာမိတ် သူပုန်များနှင့် တူရကီက ထောက်ခံပေးထားသည့် ဆီးရီးယား စစ်တပ်သည် အစ္စရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်နေကြောင်း သတိပေးထားသည်။
တူရကီအတွက် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်နေသော ဂရိနိုင်ငံကလည်း လာမည့် ၃ နှစ်အတွင်း F-35 တိုက်လေယာဉ်များကို လက်ခံရရှိတော့မည်ဖြစ်သဖြင့် တူရကီသည် ၎င်း၏ လေတပ်အင်အားကို မြှင့်တင်ရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။
အတိတ်ကာလက တူရကီနှင့် ဂရိတို့သည် အီးဂျီးယန်း ကျွန်းစု (Aegean Islands) ပေါ်တွင် လေကြောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးပြီး ဂရိကလည်း တူရကီ၏ စစ်အင်အား မြှင့်တင်မှုကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
တူရကီသည် အမေရိကန်လုပ် F-35 တိုက်လေယာဉ်များကို ဝယ်ယူရန် ကြိုးပမ်းနေသော်လည်း တူရကီစစ်တပ် သည် ရုရှားနိုင်ငံလုပ် S-400 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များကို ပိုင်ဆိုင်ထားသည့်အတွက် အမေရိကန်လုပ် တိုက်လေယာဉ်များကို ဝယ်ယူရေးတွင် သဘောတူညီမှု ရရှိရန် ခက်ခဲနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
