- By CNI
- Category: နိုင်ငံရေး
- Hits: 603
CNI International News
ကိယက်ဗ်၊ အောက်တိုဘာ ၁၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယူကရိန်းအတွက် Tomahawk တာဝေးပစ် ခရုဇ် ဒုံးကျည်များပေးရန် စဉ်းစားနေကြောင်း DW သတင်းတွင် ဖော်ပြခဲ့သည်။
ထရမ့်သည် အရှေ့အလယ်ပိုင်းသို့ သွားရောက်သည့် ခရီးစဉ်အတွင်း Air Force One လေယာဉ်ပေါ်တွင် သတင်း ထောက်များနှင့် တွေ့ဆုံရာ၌ သတင်းထောက်များက Tomahawk ဒုံးကျည်များကို ယူကရိန်းအား ပေးမည် ဟုတ်၊မဟုတ် မေးမြန်းခဲ့သည်။
ထရမ့်ကမူ သူသည် ယူကရိန်းကို Tomahawk ဒုံးကျည်များ ပေးလိမ့်မည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
ထရမ့်နှင့် ယူကရိန်းသမ္မတ ဇာလန်းစကီး ( Volodymyr Zelensky) ကြား ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဒုတိယအကြိမ်မြောက် ဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီးနောက် ထရမ့်က ယူကရိန်းကို Tomahawk ဒုံးကျည်များ ပေးမည့် စကားကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုံးကျည်ကို တွေ့ရစဉ်
ရုရှားကမူ အမေရိကန်အနေဖြင့် ယူကရိန်းကို တာဝေးပစ် ဒုံးကျည်များ ထောက်ပံ့ပေးမှုအား ဆန့်ကျင်ကြောင်း သတိပေးခဲ့ကြောင်း၊ ထိုကဲ့သို့ တာဝေးပစ် ဒုံးကျည်များ ထောက်ပံ့ခြင်းသည် ပဋိပက္ခကို မြင့်တက်စေပြီး အမေရိကန်-ရုရှား ဆက်ဆံရေးအား တင်းမာစေလိမ့်မည်ဟု ပြောကြားခဲ့သည်။
ဇာလန်းစကီးက သူသည် Tomahawk နှင့် ATACMS ပဲ့ထိန်းဒုံးကျည်များ အပါအဝင် တာဝေး တိုက်ခိုက်ရေး လက်နက်များ ထောက်ပံ့ရေးအတွက် အမေရိကန်အရာရှိများနှင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
Tomahawk ဒုံးကျည်များသည် ၂၅၀၀ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းနိုင်သဖြင့် ယူကရိန်းနိုင်ငံအတွင်းမှ ရုရှားနိုင်ငံအတွင်းသို့ ပစ်ခတ်တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကလည်း လက်နက်များ ကူညီထောက်ပံ့ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် လာမည့် ရက်ပိုင်းအတွင်း အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားသည်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) ကမူ အမေရိကန်၏ Tomahawk ဒုံးကျည်များ ယူကရိန်းသို့ ထောက်ပံ့မည့် အကြောင်းအရာသည် အလွန်စိုးရိမ်စရာကောင်းကြောင်း ပြောကြားခဲ့ သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 864
CNI International News
အစ္စလာမ်မာဘက်၊ အောက်တိုဘာ ၁၄
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ကြား ညအချိန် အပြင်းအထန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်က အာဖဂန်နယ်စပ် ဖြတ်သန်းမှုကို ပိတ်ဆို့ခဲ့ကြောင်း ပါကစ္စတန် တာဝန်ရှိသူများက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု DW သတင်းမှ ဖော်ပြခဲ့သည်။
နိုင်ငံအနောက်မြောက်ပိုင်းပြည်နယ် ခိုင်ဘာပက်တွန်ခါဝါ၏ Torkham(တော်ခမ်း) နယ်စပ်နှင့် နိုင်ငံအနောက် တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်ရှိ Chaman(ချာမန်) နယ်စပ်ဂိတ်များကို ပိတ်ထားလိုက်ကြောင်း လုံခြုံရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပါကစ္စတန်ဒေသခံ မီဒီယာတွင် ဖော်ပြချက်၌ ၎င်း၏ လုံခြုံရေးတပ်ဖွဲ့များသည် လက်နက်ကြီးများ၊ တင့်ကားများ၊ တိုက်လေယာဉ်များနှင့် ဒရုန်းများကို အသုံးပြုပြီး အာဖဂန်နယ်စပ်ဂိတ် ၁၉ ခုထက်မနည်း သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။
ပါကစ္စတန်တာဝန်ရှိသူများနှင့် တာလီဘန်အစိုးရတို့က တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆုံးရှုံးမှုများစွာ ရှိသည် ဟု ပြောကြားခဲ့ကြသည်။

ပါကစ္စတန်နဲ့အာဖဂန်နစ္စတန် နယ်စပ်ကို တွေ့ရစဉ်
“အာဖဂန်တပ်ဖွဲ့တွေက အရပ်သားတွေကို ပစ်ခတ်တာဟာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပါ” ဟု ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး မိုဆင်းနက်ဗီ(Mohsin Naqvi )က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“လျင်မြန်ပြီး ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ ပါကစ္စတန်ရဲ့ ရဲစွမ်းသတ္တိရှိတဲ့ တပ်ဖွဲ့တွေက ကျူးကျော်မှုတွေကို လုံးဝ သည်းခံသွားမှာ မဟုတ်ဘူးဆိုတာ ပြသလိုက်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ပါကစ္စတန်စစ်တပ်က ၎င်း၏စစ်သား ၂၃ ဦးနှင့် အာဖဂန်တိုက်ခိုက်ရေးသမား ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
တာလီဘန်ဘက်ကမူ ၎င်းဘက်မှ စစ်သား ၉ ဦးသေဆုံးခဲ့ပြီး ပါကစ္စတန်စစ်သား ၅၈ ဦးကို သုတ်သင်ရှင်းလင်းခဲ့ ကြောင်း ပြောကြားခဲ့သည်။
အာဖဂန်တပ်ဖွဲ့များသည် ပါကစ္စတန်စစ်စခန်း ၂၅ ခုကို သိမ်းပိုက်ခဲ့ကြောင်း တာလီဘန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိ သူ အကြီးအကဲ ဇာဘီဟူလာမူဂျာဟစ်(Zabihullah Mujahid)က ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 536
CNI International News
တိုင်ပေ၊ အောက်တိုဘာ ၁၄
ထိုင်ဝမ်သည် T-Dome ဟု အမည်ပေးထားသည့် လေကြောင်းကာကွယ်ရေးစနစ်ကို တည်ဆောက်သွားမည်ဟု ကြေညာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုလေကြောင်း ကာကွယ်ရေးစနစ်သည် လေကြောင်း ပစ်မှတ်များကို ပိုမိုတိကျစွာ ကြားဖြတ်ပစ်ချနိုင်စွမ်း ရှိလိမ့် မည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တေး(Lai Ching-te) သည် အောက်တိုဘာ ၁၀ ရက်ကလည်းက T-Dome အလွှာစုံ ပါဝင် သည့် လေကြောင်းကာကွယ်ရေးစနစ်ကို ကြေညာခဲ့ပြီး ထိုစနစ်သည် တရုတ်ကို ပိုမိုထိရောက်စွာ ဟန်တားနိုင်ရန် စစ်တပ်အား အဆင့်မြှင့်တင် မွမ်းမံသည့် အစိုးရ၏ အစီအစဉ်ထဲတွင် ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူး (Wellington Koo) ကလည်း လိုင်၏ အဆိုပြုချက်သည် လေကြောင်း ပစ်မှတ်များကို ရေဒါဖြင့် ခြေရာခံပြီး ကြားဖြတ်ပစ်ချမည့်စနစ်ကို တည်ဆောက်ရေးဖြစ်၍ ရန်သူ့ ပစ်မှတ်များကို ထိရောက်စွာ နှိမ်နင်းနိုင်လိမ့်မည်ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးကို တွေ့ရစဉ်
ထိုင်ဝမ်၏ လက်ရှိ အသုံးပြုနေသည့် မြေပြင်မှ ဝေဟစ်ပစ် လေကြောင်းကာကွယ်ရေး စနစ်များသည် အမေရိကန် လုပ် Patriot စနစ်နှင့် ထိုင်ဝမ်လုပ် Sky Bow ဒုံးကျည်များကို အဓိက အသုံးပြုနေခြင်းဖြစ်သည်။
ထို့ပြင် လေကြောင်းမှ အမြင့်ပေ အနိမ့်ပိုင်းတွင် ပျံသန်းလာသည့် ပစ်မှတ်များ အတွက်လည်း Stinger လေကြောင်းကာကွယ်ရေးစနစ်ကို အသုံးပြုလျက်ရှိကာ Chiang-Kong အမည်ရှိ လေကြောင်း ကာကွယ်ရေး စနစ်ကိုလည်း ပြည်တွင်းတွင် ထုတ်လုပ်နေသည်။
“ကျနော်တို့ အနေနဲ့ ဒုံးကျည်ဖျက်စနစ်၊ လေကြောင်းနဲ့ ဒရုန်း စွမ်းဆောင်ရည်တွေကို ပေါင်းစပ် အသုံးမပြုနိုင်ဘူး ဆိုရင် ထိရောက်တဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ နေရာ ရွှေ့ပြောင်းရလွယ်ပြီး ဘယ်လို အခြေအနေမျိုးမှာမဆို အသုံးပြုနိုင်မယ့် လေကြောင်း ကာကွယ်ရေးစနစ်ကို ဦးစား ပေး ထုတ်လုပ်သွားမှာပါ” ဟု ကူးက ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးကို တွေ့ရစဉ်
ယခုနှစ် ကုန်ပိုင်းတွင် ရရှိမည့် အထူးဘတ်ဂျက်အရ T-Dome လေကြောင်းကာကွယ်ရေးစနစ်အတွက် ပစ္စည်း ကိရိယာများ ထုတ်လုပ်ရေး၊ ဝယ်ယူရေးကို အဓိက အသုံးပြုသွားမည်ဟု ဆိုသည်။
T-Dome လေကြောင်း ကာကွယ်ရေးစနစ်သည် တရုတ်ထက် စစ်အင်အားသေးငယ်သည့် ထိုင်ဝမ်တပ်ဖွဲ့များ အတွက် စစ်အင်အား အချိုးမညီသော စစ်ဆင်ရေးပုံစံ (asymmetric warfare) တစ်ရပ်ကို ချဉ်းကပ်ရာတွင် အံဝင်ခွင်ကျ ဖြစ်စေလိမ့်မည်ဟုလည်း ကူးက ပြောကြားခဲ့သည်။
ထိုင်ဝမ်သမ္မတ လိုင်ကလည်း ၂၀၃၀ ပြည့်နှစ်တွင် ထိုင်ဝမ် ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေး အသုံးစရိတ် အဖြစ် တိုးမြှင့် သုံးစွဲသွားမည်ဟု ကတိပြုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 604
CNI International News
ဂျေရုဆလင်၊ အောက်တိုဘာ ၁၄
ဟားမာ့စ်အဖွဲ့သည် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာကမ်းမြောင်ဒေသတွင် ဖမ်းဆီး ထားသည့် ဓားစာခံများအနက် အသက်ရှင် ကျန်ရစ်သော ဓားစာခံ ၂၀ ကို အောက်တိုဘာ ၁၃ ရက်တွင် ပြန်လွှတ် ပေးလိုက်ပြီဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အောက်တိုဘာ ၁၃ ရက် နံနက် အစောပိုင်းက ဓားစာခံ ၇ ဦးကို အရင်ဆုံး ပြန်လွှတ်ပေးခဲ့ကာ ကျန် ၁၃ ဦးကို နာရီပိုင်းအကြာတွင် ထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ဟားမာ့စ်တို့ လက်ထဲမှ ပြန်လည် လွတ်မြောက်လာသည့် ဓားစာခံ ၂၀ စလုံးသည် အမျိုးသားများဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းခဲ့ကြသည်။
ဟားမာ့စ်တို့ လက်ထဲတွင် ကျန်ရှိနေသည့် ဓားစာခံ ၂၈ ဦး၏ ရုပ်အလောင်းများကိုလည်း အစ္စရေးကို ပြန်လည် လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်သော်လည်း မည်သည့်အချိန်၌ ပေးအပ်သွားမည်ဆိုခြင်းကို မသိရသေးပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်
ဂါဇာမှ ပြန်လည် လွတ်မြောက်လာသည့် ဓားစာခံများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများက တဲလ်အဗစ် (Tel Aviv) မြို့ရှိ ရင်ပြင်တွင် စုရုံးခဲ့ကြပြီး အောင်ပွဲခံခဲ့ကြသည်။
ထိုအချိန်အတောအတွင်း အစ္စရေး၏ အကျဉ်းထောင်များထဲမှ ပြန်လည် လွတ်မြောက်လာမည့် ပါလက်စတိုင်း အကျဉ်းသားများ၏ မိသားစုဝင်များကလည်း အကျဉ်းထောင် အပြင်ဘက်တွင် စုရုံးခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေးအရ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရသည့် ဂါဇာဒေသအတွင်းသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများလည်း ဝင်ရောက်လာတော့မည် ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း အောက်တိုဘာ ၁၃ ရက်တွင် အစ္စရေးသို့ ရောက်ရှိ လာခဲ့ကာ အမေရိကန်က အဆိုပြုထားသည့် ဂါဇာစစ်ပွဲအလွန် အုပ်ချုပ်ရေး အစီအစဉ်များကို အခြား ခေါင်းဆောင် များနှင့် ဆွေးနွေးရန် ပြင်ဆင်နေသည်။
ဂါဇာတွင် ဟားမာ့စ်အဖွဲ့၏ အနာဂတ်နှင့်ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်နေသော်လည်း ယခုကဲ့သို့ အစ္စရေး ဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသားများ လဲလှယ်မှုက လူသေဆုံးမှု အများအပြား ဖြစ်စေခဲ့သည့် ဂါဇာ စစ်ပွဲကို အဆုံးသတ် စေလိမ့်မည်ဟု မျှော်လင့်ချက်များလည်း ထွက်ပေါ်စေခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 995
CNI International News
တီဟီရန်၊ အောက်တိုဘာ ၁၃
အစ္စရေးသည် ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ သတ်မှတ်ချက်များကို လးစားလိမ့်မည်ဟု မယုံကြည်ရကြောင်း အီရန်က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု Al Arabiya သတင်းဌာနမှ ဖော်ပြထားသည်။
“အရင် သဘောတူညီချက်တွေ တုန်းကလည်း ဇီယွန်အစိုးရ (အစ္စရေး) ရဲ့ လှည့်ကွက်တွေ၊ သစ္စာမဲ့မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ သတိပေးခဲ့ပါတယ်။ ဇီယွန်အစိုးရကို လုံးဝမယုံကြည်ရပါဘူး”ဟု အီရန် နိုင်ငံခြားရေး ဝန်ကြီး အာဘက် အာရက်ချီ (Abbas Araghchi) က ပြောကြားခဲ့သည်။
အာရက်ချီသည် လက်ဘနွန် အပါအဝင် ယခင် အစ္စရေးနှင့် အခြားအဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်များကို ကိုးကား ပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် အီရန်သည် အပစ်အခတ်ရပ်စဲရေးကို ထောက်ခံကြောင်းနှင့် အစ္စရေး၏ ရာဇဝတ်မှုများကို ရပ်တန့်နိုင် သည့် မည်သည့် အစီအစဉ်ကိုမဆို မိမိတို့ ထောက်ခံကြောင်း အာရက်ချီက ပြောသည်။

ဂါဇာစစ်ပွဲ အပျက်အစီးကို တွေ့ရစဉ်
အီရန်သည် လူမျိုးသုဉ်း သတ်ဖြတ်သော စစ်ပွဲကို ရပ်တန့်ရေး၊ ကျူးကျော်သည့် တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး၊ ပါလက်စတိုင်း အကျဉ်းသားများ လွတ် မြောက်ရေးနှင့် ပါလက်စတိုင်းတို့၏ အခြေခံ အခွင့်အရေးများကို သိရှိနားလည်ရေးတို့ ပါဝင်သည့် မည်သည့် လုပ်ဆောင်ချက်၊ မည်သည့် အစီအစဉ်ကိုမဆို ထောက်ခံကြောင်းလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အစ္စရေးက အီရန်၏ နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လက အီရန်နှင့် အစ္စရေးကြား ၁၂ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အစ္စရေးသည် အီရန်နှင့် နောက်တစ်ကြိမ် ထိပ်တိုက်တွေ့လိုသည့် ဆန္ဒမရှိကြောင်း ရုရှားထံမှ တစ်ဆင့် ကြားသိခဲ့ ရသည်ဟုလည်း အာရက်ချီက ပြောသည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နဲ့ ရုရှားသမ္မတ ပူတင် (Vladimir Putin) တို့ကြား ဖုန်းပြောဆိုခဲ့ပါတယ်။ နေတန်ယာဟုကတော့ အီရန်နဲ့ စစ်ပွဲ ပြန်ဖြစ်ချင်တဲ့ ဆန္ဒမရှိဘူးလို့ ပြောခဲ့ပါတယ်”ဟု အာရက်ချီက ဆိုသည်။
ထိုဖုန်းပြောဆိုခဲ့သည့် အကြောင်းအရာကို ရုရှားနိုင်ငံရှိ အီရန် သံအမတ်ထံမှတဆင့် လက်ခံရရှိခဲ့သည်ဟုလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
Source: Al Arabiya
- By CNI
- Category: နိုင်ငံရေး
- Hits: 853
CNI International News
ပြုံယမ်း၊ အော်ကတိုဘာ ၁၃
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ( Kim Jong Un) သည် အောက်တိုဘာ ၁၁ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနားကို ကြီးကြပ်ခဲ့ပြီး ပြည်ပခေါင်းဆောင်များ တက်ရောက်လာခဲ့သော ထိုစစ်ရေးပြ အခမ်းအနားတွင် နောက်ဆုံးပေါ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အသစ်ကို ထုတ်ဖော်ပြ ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမားပါတီ ထူထောင်သည့် နှစ်ပေါင်း ၈၀ ပြည့် အထိန်းအမှတ်အဖြစ် အောက်တိုဘာ ၁၀ ရက်က အောင်ပွဲခံ အခမ်းအနားများ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်တွင် စစ်ရေးပြ အခမ်းအနားကို ဆက်တိုက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ရေးပြ အခမ်းအနားတွင် တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) ၊ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီးဒက်ဗ် (Dmitry Medvedev) နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ် (To Lam) တို့ကို ကင်မ်၏ နံဘေးတွင် မြင်တွေ့ခဲ့ရကာ အခြားပြည်ပ ခေါင်းဆောင်များလည်း စစ်ရေးပြ အခမ်းအနားကို တက်ရောက်လာခဲ့သည်။
ထိုပြင် စစ်ရေးပြ အခမ်းအနားအတွင်း မြောကိရီးယား၏ အင်အားအပြင်းဆုံး မဟာဗျူဟာမြောက် နျူကလီးယား လက်နက်စနစ်ဟု ကြေညာထားသည့် Hwasong-20 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အသစ် အပါအဝင် မြောက်ကိုရီးယား၏ ခေတ်အမီဆုံး လက်နက်အချို့ကို ပြသခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား စစ်ရေးပြ အခမ်းအနားကို ကင်မ်ဂျုံအန် ကြည့်ရှုပ်နေစဉ်
Hwasong အမျိုးအစား ICBM ဒုံးကျည်များသည် အမေရိကန်၏ မည်သည့် ကုန်းမြေကိုမဆို ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသော်လည်း ထိုဒုံးကျည်များ၏ ပစ်မှတ်သို့ ရောက်ရှိနိုင်မည့် ပဲ့ထိန်းစနစ် နည်းပညာအပေါ် မေးခွန်းများလည်း ထွက်ပေါ်နေသည်။
“Hwasong-20 ဒုံးကျည်တွေက လက်ရှိအချိန်မှာ မြောက်ကိုရီးယားရဲ့ တာဝေးပစ် နျူကလီးယား ထိပ်ဖူး တပ်ဆင် နိုင်တဲ့ နောက်ဆုံးပေါ် လက်နက်တွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီလက်နက် စနစ်တွေကို အခုနှစ် မကုန်ခင် စမ်းသပ်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်” ဟု အမေရိကန်အခြေစိုက် Carnegie Endowment for International Peace ၏ ကျွမ်းကျင်သူ အန်ကစ် ပန်ဒါ (Ankit Panda) က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသစဉ်
စစ်ရေးပြ အခမ်းအနားတွင် ပြသခဲ့သည့် လက်နက်စနစ်များအနက် မဟာဗျူဟာမြောက် တာဝေးပစ် ခရုဇ်ဒုံးကျည် များ၊ ဒရုန်းလွှတ်တင်သည့် ယာဉ်များ၊ မြေပြင်မှ ဝေဟင်ပစ်၊ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များနှင့် အသေခံ ဖောက်ခွဲတိုက်ခိုက်ရေး ဒရုန်းများလည်း ပါဝင်ကြောင်း တောင်ကိုရီးယားရှိ ကိုရီးယားပြန်လည်ပေါင်းစည်းရေး အင်စတီကျုမှ ကျွမ်းကျင်သူ ဟောင်မင် (Hong Min) က ပြောကြားခဲ့သည်။
ထိုစစ်ရေးပြ အခမ်းအနားအတွင်း ကင်မ်က မိန့်ခွန်း ပြောကြားရာတွင် မြောက်ကိုရီးယား၏ အနိုင်မခံ၊ အရှုံးမပေး သည့် စစ်တပ်သည် အခက်အခဲများကို ကျော်လွှားပြီး တောက်ပသည့် အနာဂတ်ကို ယူဆောင်လာမည့် မိမိတို့ ပါတီ၏ အားထုတ်ကြိုးပမ်းမှုများကို ခိုင်မာစေရန် အမြဲတမ်း လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 887
CNI International News
မနီလာ၊ အောက်တိုဘာ ၁၃
တောင်တရုတ်ပင်လယ်၏ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုအနီးတွင် တရုတ်နှင့်ဖိလစ်ပိုင် သင်္ဘောများ ထိပ်တိုက်တွေ့ခဲ့ပြီး အပြန်အလှန် ဝေဖန်ပြစ်တင်ခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အောက်တိုဘာ ၁၂ ရက် မနက်အစောပိုင်းက တရုတ်ပင်လယ်ရေကြောင်းတပ်ဖွဲ့သည် သီတူကျွန်း (Thitu Island) အနီးတွင် ဖိလစ်ပိုင် သင်္ဘောတစ်စင်းကို မီးသတ်ပိုက်ဖြင့်ထိုးပြီး ဝင်တိုက်ခဲ့သည်ဟု ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်သင်္ဘော ၃ စင်းသည် ဒေသခံ ငါးဖမ်းသမားများကို ကာကွယ်ရန် အစိုးရ၏ အစီအစဉ်ဖြင့် သီတူကျွန်း အနီးတွင် ကျောက်ချ ရပ်နားထားချိန်၌ တရုတ်သင်္ဘောများက ချဉ်းကပ်လာခဲ့ပြီး မီးသတ်ပိုက်များဖြင့် ထိုးခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့နောက် တရုတ်သင်္ဘော တစ်စင်းက ဖိလစ်ပိုင်သင်္ဘော တစ်စင်းကို ဝင်တိုက်ခဲ့သဖြင့် ဖိလစ်ပိုင်သင်္ဘော တစ်စင်း၏ ပဲ့ပိုင်းတွင် ထိခိုက်သွားခဲ့သော်လည်း သင်္ဘောသားများ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း ဖိလစ်ပိုင်က ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နဲ့တရုတ် သင်္ဘောချင်းထိပ်တိုက် တွေ့ဆုံစဉ်
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကမူ ဖိလစ်ပိုင်အစိုးရ သင်္ဘောများသည် သီတူကျွန်း၏ မြောက်ဘက် ဆန်ဒီကေး (Sandy Cay) ကျောက်တန်းအနီးရှိ ရေပြင်များအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သင်္ဘောတစ်စင်းသည် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောအနီးသို့ အန္တရာယ်ကြီးစွာဖြင့် ချဉ်းကပ် လာခဲ့ခြင်းဖြစ်ပြီး သင်္ဘောချင်း တိုက်မိမှုအတွက် ဖိလစ်ပိုင်သင်္ဘောတွင် အပြည့်အဝ တာဝန်ရှိကြောင်းလည်း တရုတ်က ထုတ်ပြန်ခဲ့သည်။
မကြာသေးမီ လများအတွင်း တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောများကြား မကြာခဏ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့် လကလည်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စင်းသည် တရုတ်၏ ထိန်းချုပ်မှုအောက်ရှိ စကာဘိုရော့ချ် သောင်ခုံ (Scarborough Shoal) အနီးတွင် ဖိလစ်ပိုင် အစိုးရပိုင် သင်္ဘောတစ်စင်းကို မီးသတ် ပိုက်ဖြင့် ပက်ဖျန်းခဲ့သဖြင့် လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့သည်။
သြဂုတ်လ အတွင်းကလည်း တရုတ်ရေတပ် သင်္ဘောတစ်စင်းသည် စကာဘိုရော့ချ် သောင်ခုံအနီးတွင် ဖိလစ်ပိုင် ကင်းလှည့် သင်္ဘောကို နောက်ယောင်ခံလိုက်ချိန်တွင် အခြားတရုတ်သင်္ဘော တစ်စင်းနှင့် တိုက်မိခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 611
CNI International News
ကာဘူးလ်၊ အောက်တိုဘာ ၁၃
အာဖဂန်နစ္စတန်က ၎င်း၏နယ်မြေနှင့် လေပိုင်နက်ကို ထပ်တလဲလဲ ချိုးဖောက်မှုအား တုံ့ပြန်သည့် အနေဖြင့် နယ်စပ် စစ်ဆင်ရေးများအတွင်း ပါကစ္စတန်စစ်သား ၅၈ ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းက ပါကစ္စတန်သည် ကဘူးလ်မြို့တော်နှင့် နိုင်ငံအရှေ့ပိုင်းရှိ ဈေးတစ်ဈေးတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အာဖဂန်အာဏာပိုင်များက စွပ်စွဲပြောကြားခဲ့သည်။
ပါကစ္စတန်က ထိုတိုက်ခိုက်မှုအတွက် ဝန်ခံပြောကြားခြင်း မရှိပေ။
အာဖဂန်တပ်ဖွဲ့များသည် ပါကစ္စတန်စစ်စခန်း ၂၅ ခုကို သိမ်းပိုက်ခဲ့ပြီး ပါကစ္စတန်စစ်သား ၅၈ ဦးကို သုတ်သင် ရှင်းလင်းကာ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဇာဘီဟူလာ မူဂျာဟစ်(Zabihullah Mujahid)က ပြောကြားခဲ့သည်။

အာဖဂန်နဲ့ပါကစ္စတန် နယ်စပ်ကိုတွေ့ရစဉ်
“တရားဝင် နယ်စပ်တွေ အားလုံးနဲ့ အာဖဂန်နစ္စတန်ရဲ့ ပိုင်နက်ထဲက အခြေအနေကို ထိန်းချုပ်နိုင်သွားပါပြီ။ တရားမဝင် လှုပ်ရှားမှုတွေကို အကျယ်တဝံ့ ဟန့်တားနိုင်ခဲ့ပါတယ်”ဟု မူဂျာဟစ်က ဆိုသည်။
အာဖဂန်နစ္စတန်ဘက်က ထုတ်ပြန်သည့် သေဆုံးသူ အရေအတွက်နှင့်ပတ်သက်ပြီး ပါကစ္စတန်ဘက်က ချက်ချင်း အတည်ပြုထားခြင်း မရှိပေ။
ပါကစ္စတန်သည် အာဖဂန်နစ္စတန်အတွင်းရှိ နေရာ အများအပြားကို အစောပိုင်းက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်သွေးကြွများ ပုန်းအောင်းနေသည့် နေရာများကို ပစ်မှတ်ထားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
တာလီဘန်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏တပ်ဖွဲ့သည် နယ်စပ်တစ်လျှောက် လက်တုံ့ပြန်တိုက်ခိုက် သည့် စစ်ဆင်ရေး အောင်မြင်ခဲ့သည်ဟု အောက်တိုဘာ ၁၂ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
“အာဖဂန်နစ္စတန်ရဲ့ နယ်မြေပေါင်းစည်းမှုကို တစ်ဖက်က ချိုးဖောက်ခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့ စစ်တပ်က နိုင်ငံ နယ်စပ်ကို ကာကွယ်ဖို့ အပြည့်အဝ ပြင်ဆင်ပြီး အားကောင်းတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာပါ”ဟု ကာကွယ် ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 832
CNI International News
ပဲရစ်၊ အောက်တိုဘာ ၁၁
ဂါဇာတွင် စစ်ပွဲအလွန် အနာဂတ်ကို မည်ကဲ့သို့ ပုံဖော်မည်ဆိုခြင်းနှင့်ပတ်သက်ပြီး အမေရိကန်၏ အနီးစပ်ဆုံး ဥရောပမဟာမိတ်များနှင့် အာရပ်မိတ်ဖက်နိုင်ငံများက အောက်တိုဘာ ၉ ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်၌ ဆွေးနွေးခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အဆိုပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေး အဆိုပြုချက်ကို အစ္စရေးနှင့် ဟားမာ့စ်တို့က သဘောတူခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဥရောပနှင့် အာရပ်နိုင်ငံများက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အစ္စရေးနှင့် ဟားမာ့စ်တို့သည် အောက်တိုဘာ ၉ ရက်က အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေးတို့ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ငြိမ်းချမ်းရေးသည် မည်မျှ တာရှည်ခံမည်ကို မေးခွန်းများ ထွက်ပေါ် နေသည်။
ပဲရစ်မြို့တော်မှာ ပြုလုပ်သည့် အစည်းအဝေး၌ ဥရောပနှင့်အာရပ် နိုင်ငံခြားရေးဝန်ကြီးများက စစ်ပွဲအလွန် ဂါဇာတွင် ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေးပိုင်း၌ နိုင်ငံတကာတပ်ဖွဲ့များ ဖြန့်ကြက်ချထားမှုကဲ့သို့ အသေးစိတ် အချက်အလက်များကို ထည့်သွင်းရန် ဆွေးနွေးခဲ့ကြသည်။

ဂါဇာစစ်ပွဲကြောင့် ပျက်စီးမှုကို တွေ့ရစဉ်
“လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး တွေမှာ ကျနော်တို့ လုပ်ပေးနိုင်တဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ ပါတယ်”ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း နိုအယ် ဘာရော့ (Jean-Noel Barrot) က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိသော်လည်း အစည်းအဝေး၌ ပါဝင်သည့် နိုင်ငံများက စစ်ပွဲအလွန် ဂါဇာဒေသမှာ ပါဝင်ဆောင်ရွက်လိုသော အကြောင်းအရာ များနှင့် ကူညီပေးမည့် ကိစ္စရပ်များကို အထူးပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
“ဒီအချက်အလက်တွေကို အမေရိကန်နဲ့ မျှဝေသွားမှာပါ။ အဲဒါမှ သူတို့လည်း ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ဘာရော့က ပြောသည်။
“ဒီအချိန်က ကျမတို့အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ၊ ဒါပေမယ့် စစ်ပွဲအပြီး အစီအစဉ်တွေအတွက် ကျမတို့ အလုပ်လုပ်ဖို့ လိုပါတယ်။ အဲဒါမှသာ ငြိမ်းချမ်းရေးက ရေရည်တည်တံ့မှာ ဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာ ကဲလက်စ် (Kaja Kallas ) က ပြောကြားခဲ့သည်။
ပဲရစ် အစည်းအဝေးကို တက်ရောက်ခဲ့ သူများထဲတွင် ဂါဇာ အပစ်အခတ် ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းသူ များထဲ၌ ပါဝင်ခဲ့သည့် ကာတာဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာဟန်အယ်သာနီ (Sheikh Mohammed bin Abdulrahman al-Thani) ၊ အီဂျစ်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးများလည်း ပါဝင်ခဲ့သည်။
Source: ရိုက်တာ
