- By CNI
- Category: နိုင်ငံရေး
- Hits: 662
CNI International News
နယူးဒေလီ၊ မေ ၂၆
အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့(BSF) သည် မေလ ၂၃ ရက်က ပါကစ္စတန်နိုင်ငံအတွင်းမှ အိန္ဒိယနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့သည့် ပါကစ္စတန်အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း DW သတင်းတွင် ဖော်ပြခဲ့သည်။
BSF သည် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာ နလက်အောက်တွင်ရှိသည့် လက်နက်ကိုင် ရဲတပ်ဖွဲ့ဖြစ်သည်။
ထိုအမျိုးသားသည် မေလ ၂၃ ရက် မွန်းလွဲပိုင်းက အိန္ဒိယ၏ အနောက်ဘက် ဂူဂျာရက် (Gujarat) ပြည်နယ် ဘာနာစကန်သာ (Banaskantha) ခရိုင်ကို ဝင်ရောက်လာခဲ့ကြောင်း BSF က ထုတ်ပြန်ခဲ့သည်။
ဂူဂျာရက်ပြည်နယ်သည် ပါကစ္စတန်၏ အရှေ့တောင်ပိုင်း ဆင်း (Sindh) ပြည်နယ်နှင့် နယ်စပ်ခြင်း ထိစပ်နေ သည်။
“အိန္ဒိယစစ်သားတွေက ကျူးကျော်သူကို ရပ်ဖို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် သူက ဆက်ပြီးဝင်ရောက် လာတာ ကြောင့် ပစ်ခတ်ခဲ့ရပါတယ်။ ကျူးကျော်သူဟာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နယ်စပ်ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
ဧပြီ ၂၂ ရက်က အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် လူ ၂၆ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်ကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
အိန္ဒိယက ပါကစ္စတန်သည် စစ်သွေးကြွများကို ထောက်ခံပေးနေကြောင်း အပြစ်တင်ခဲ့ပြီး Operation Sindoor အမည်ရှိ စစ်ဆင်ရေး ပြုလုပ်ခဲ့ကာ ပါကစ္စတန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ပါကစ္စတန်ကမူ အိန္ဒိယ၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး အိန္ဒိယ၏ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထိုတိုက်ခိုက်မှုများအတွင်း လူပေါင်း ၅၀ ခန့် သေဆုံးခဲ့ကာ မေလ ၁၀ ရက်တွင် အမေရိကန်၏ ကြားဝင်စေ့စပ်မှု ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 691
CNI International News
ပြုံယမ်း၊ မေလ ၂၆
မြောက်ကိုရီးယားသည် မကြာသေးမီက ဖျက်သင်္ဘောတစ်စင်း ရေချသည့် အခမ်းအနားတွင် မတော်တဆ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသည့် သင်္ဘောကျင်းအရာရှိများကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) တက်ရောက် ကြည့်ရှုခဲ့သည့် သင်္ဘောရေချသည့် အခမ်းအနားတွင် တန် ၅၀၀၀ အလေးချိန်ရှိ စစ်သင်္ဘောသည် မတော်တဆ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကင်မ်က ထိုဖြစ်စဉ်သည် နိုင်ငံ၏ဂုဏ်သိက္ခာကို ကျဆင်းစေပြီး တာဝန်ရှိသူများကို အပြစ်ပေးသွား မည်ဟု ပြောကြားခဲ့သည်။
နိုင်ငံအရှေ့မြောက်ပိုင်း ချောင်ဂျင် (Chongjin) သင်္ဘောကျင်းတွင် ဖြစ်ပွားခဲ့သည့် ထိုဖြစ်စဉ်သည် အများပြည်သူ များ ရှေ့မှောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် စစ်အင်အားကို ပြသရန် ကြိုးပမ်းနေသည့် ကင်မ်အတွက် အရှက် ရဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ထိုမတော်တဆ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့် လုပ်ဆောင်နေချိန်တွင် တရားဥပဒေစိုးမိုးရေး အာဏာပိုင်များက သင်္ဘောကျင်း၏ အင်ဂျင်နီယာချုပ်နှင့် အခြားသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မေလ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဂြိုဟ်တုဓာတ်ပုံများအရ အပြာရောင် တာပေါ်လင်စများဖြင့် ဖုံးအုပ်ထားသည့် စစ်သင်္ဘော၏ ဦးပိုင်းသည် ဆိပ်ကမ်းပေါ်တွင်ရှိနေပြီး ပဲ့ပိုင်းက ရေထဲသို့ ကျနေသည်ကို မြင်တွေ့ရကြောင်း အမေရိကန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးစင်တာ (CSIS) က ဖော်ပြခဲ့သည်။
ကင်မ်က ထိုသင်္ဘောကို ဇွန်လအတွင်း ပြုလုပ်မည့် အာဏာရပါတီ ညီလာခံမတိုင်မီ အပြီးသတ် ပြုပြင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ဒေသတွင်း အမေရိကန်၏ စစ်အင်အား ထူထောင်မှုကို ဆန့်ကျင်ရာတွင် မြောက်ကိုရီးယား လက်နက်ကိုင် တပ်ဖွဲ့များသည် ရန်သူနိုင်ငံများ၏ စစ်ရေးခြိမ်းခြောက်မှု အားလုံးကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 573
CNI International News
ဘန်ကောက်၊ မေလ ၂၆
ထိုင်းနိုင်ငံ၏ အာဏာရ ဖြူးထိုင်းပါတီနှင့် ညွန့်ပေါင်းမဟာမိတ် ဘူဂျထိုင်းပါတီတို့ကြား တင်းမာမှုများ မြင့်တက်နေ မှုသည် အစိုးရအဖွဲ့ တည်ငြိမ်ရေးအတွက် စိုးရိမ်မှုများ မြင့်တက်စေခဲ့ပြီး ညွန့်ပေါင်းအစိုးရအဖွဲ့သည် သက်တမ်း အပြည့်အဝ တည်မြဲမည်နိုင်ခြေ ရှိ/မရှိ မေးခွန်းများ ထွက်ပေါ်လာကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဘူဂျထိုင်းပါတီသည် ၂၀၂၄ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် မဲလိမ်မှုအတွင်း ပါဝင်ပတ်သက်နေသည် ဆိုသည့် စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရချိန်၌ ဖြူးထိုင်းနှင့် မဟာမိတ်ဆက်ဆံရေးသည် ကျိုးပျက်လွယ်သည့် အနေအထားသို့ ရောက်ရှိစေခဲ့သည်။
၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ဥပဒေမူကြမ်း စိစစ်မှုတွင်လည်း ဘူဂျထိုင်းပါတီသည် ထိုဥပဒေမူကြမ်း ကို ထောက်ခံဖွယ်မရှိသဖြင့် အောက်လွှတ်တော် ဖျက်သိမ်းရမည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်ဟုလည်း အခြားသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ဖြူးထိုင်းနှင့် ဘူဂျထိုင်းပါတီ နှစ်ခုစလုံး၏ ထိပ်သီး ခေါင်းဆောင်များကမူ ကြီးမားသည့် သဘောထားကွဲလွဲမှုများ မရှိကြောင်း ငြင်းဆိုထားသည့်တိုင် ၎င်းတို့ကြား မဟာမိတ်ဆက်ဆံရေး ကျိုးပျက်လွယ်သော အနေအထားသို့ ရောက်ရှိနေသည်ဆိုသည့် သတင်းများက ဆက်တိုက် ထွက်ပေါ်နေသည်။

ဝန်ကြီးချုပ် ပေတုန်တန်နဲ့ ဘူဂျာထိုင်းပါတီ ခေါင်းဆောင်ကိုတွေ့ရစဉ်
ထိုကဲ့သို့ ပါတီအချင်းချင်း ပွတ်တိုက်မှုသည် နိုင်ငံရေးကစားပွဲ တစ်ခုဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ် ထားပြီး ထိုအခြေအနေသည် ဆိုးရွားသည့် နောက်ဆက်တွဲ ဂယက်များ ရှိနိုင်ကြောင်း သတိပေးခဲ့သည်။
အထူးသဖြင့် ထိုင်းအစိုးရသည် ပြည်တွင်း/ပြည်ပ ဖိအားများကို ရင်ဆိုင်နေရချိန်တွင် ဖြူးထိုင်းနှင့် ဘူဂျထိုင်း ပါတီတို့၏ ဆက်ဆံရေးက အစိုးရအဖွဲ့၏ ကံကြမ္မာအတွက် သေရေးရှင်ရေးတမျှ အရေးကြီးလာခဲ့သည်။
ထိုပါတီနှစ်ခုကြား ဘုံဖြေရှင်းချက်တစ်ခုကို ရှာဖွေနိုင်မည်ဆိုပါက ညွန့်ပေါင်းအစိုးရအဖွဲ့ တည်ငြိမ်မည်ဖြစ်ပြီး မဖြေရှင်းနိုင်ပါက နိုင်ငံရေးအခင်းအကျင်းတွင် ကြီးမားသည့် အပြောင်းအလဲများ ဖြစ်ပွားလိမ့်မည်ဖြစ်သည်။
ဘူဂျထိုင်းပါတီ၏ သတင်းရင်းမြစ်တစ်ခုကမူ မီဒီယာများက ဖော်ပြနေသည့် ပဋိပက္ခသတင်းများကို ငြင်းဆိုခဲ့ပြီး အစိုးရအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုသည် အဆင်ပြေချောမွေ့နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် အစိုးရပြင်ပ ကိစ္စရပ်များတွင်မူ ဖြူးထိုင်းပါတီသည် ဘူဂျထိုင်းပါတီ၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းဖွယ်ရှိခြင်း၊ ရာထူးနေရာများကို ပိုမိုရယူရန် ကြိုးပမ်းခြင်းတို့ ရှိနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 453
CNI International News
ဘရပ်ဆဲလ်၊ မေလ ၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump ) သည် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို စိတ်မရှည် တော့သည့် အချိန်တွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်လုပ် လက်နက်များကို ဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့ပေးဖွယ်ရှိကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဥရောပနိုင်ငံများတွင် ယူကရိန်းအား ထောက်ပံ့ပေးရန် လက်နက် အများအပြား သိုလှောင်ထားခြင်း မရှိဘဲ ၎င်းတို့ ၏ လက်နက်များသည်လည်း ယူကရိန်းကိုထောက်ပံ့ရန် လုံလောက်မှုမရှိပေ။
အမေရိကန်ကလည်း ယူကရိန်းကို အထောက်အပံ့များ ဆက်ပေးရန် မသေချာတော့ချိန်တွင် ဥရောပနိုင်ငံများ သည် အမေရိကန်ထံမှ လက်နက်များ ဝယ်ယူခြင်းဖြင့် ယူကရိန်း၏ လက်နက်ပြဿနာကို ဖြေရှင်းဖွယ်ရှိသည်။
အမေရိကန်က အဆိုပြုခဲ့သည့် ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ရုရှားသမ္မတ ပူတင်က (Vladimir Putin) က ငြင်းဆိုခဲ့ပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ရန် ဥရောပခေါင်းဆောင်များ၏ တောင်းဆိုချက်ကိုလည်း အိမ်ဖြူတော်က ငြင်းဆိုခဲ့သည်။
ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား နွေရာသီ ထိုးစစ်အတွက် ပြင်ဆင်နေသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ကို ဆိုင်းငံ့ထားပုံပေါ်ကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

သမ္မတ ဇာလန်းစကီး၊ သမ္မတဒေါ်နယ်ထရမ့်၊ သမ္မတမက်ခရွန်တို့ကို တွေ့ရစဉ်
ဥရောပနိုင်ငံများက ယူကရိန်းကို လက်နက်များ ထောက်ပံ့မည်ဆိုပါက ယူကရိန်းသည် ရုရှား၏ ထိုးစစ်ကို ခုခံနိုင်မည်ဖြစ်ပြီး ပူတင်ကိုလည်း အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားများပေးနိုင်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ပြင် ဥရောပခေါင်းဆောင်များက ယူကရိန်းကို ထောက်လှမ်းရေး သတင်းအချက်အလက်များ ဆက်လက် ထောက်ပံ့ပေးရန် ထရမ့်ကို စည်းရုံးနိုင်ခဲ့မည်ဆိုပါက ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) အတွက် ရုရှားပစ်မှတ်များကို တိကျစွာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ယူကရိန်းကို Patriot အမြောက်များ ပိုမိုထောက်ပံ့ရန် အမေရိကန်က နေတိုးမဟာမိတ်နိုင်ငံများကို တိုက်တွန်း နေသော်လည်း နေတိုးမဟာမိတ်နိုင်ငံများက Patriot စနစ်ကို ၎င်းတို့၏ နယ်နိမိတ်များအား ကာကွယ်ရန်သာ အသုံးပြုချင်နေကြသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ပြောကြားခဲ့သည်။
ဧပြီလ အတွင်းကလည်း ဇာလန်းစကီးက ယူကရိန်းအစိုးရသည် အမေရိကန်ထံမှ Patriot အမြောက် ၁၀ ခုကို ဝယ်ယူလိုကြောင်းနှင့် အမေရိကန်၏ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 660
CNI International News
တိုကျို၊ မေလ ၂၄
ဂျပန်သည် ပြည်တွင်းလုပ် ဖရီးဂိတ်စစ်သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် အခြားကာကွယ်ရေးပစ္စည်းများကို ထုတ်လုပ်နေပြီး ထိုစစ်ဘက်သုံးပစ္စည်းများအား အမေရိကန်ထံမှ လက်နက်ဝယ်ယူမှုကို ပြောင်းလဲလိုသည့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန် ပြင်ဆင်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာသည မေလ ၂၂ ရက်က ဂျပန်တွင် ပြုလုပ်သည့် နိုင်ငံတကာ ကာကွယ်ရေးပစ္စည်း များ ပြပွဲဖြစ်သည့် DSEI Japan ကို တက်ရောက်ခဲ့သည်။
ထိုပွဲတွင် အီရှီဘာက ခေတ်မီ စွမ်းဆောင်ရည်မြင့် ပစ္စည်းများ ထုတ်လုပ်သည့် ကာကွယ်ရေး လုပ်ငန်းကဏ္ဍသည် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန်ဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။
ဂျပန်သည် Mogami အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘောများ၊ မျိုးဆက်သစ် ဂျက်တိုက်လေယာဉ်များကို ထုတ်လုပ် ပြီး ၎င်း၏ ကာကွယ်ရေးပစ္စည်းများ တင်ပို့မှုကို ချဲ့ထွင်ရန်၊ နိုင်ငံတကာ မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
ဂျပန်သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပြဋ္ဌာန်းခဲ့သည့် လက်နက်တင်ပို့ရေင်းချမှု တားမြစ်ပိတ်ပင်ချက်ကို ၂၀၁၄ ခုနှစ်က ရုပ်သိမ်းခဲ့ချိန်ကတည်းက ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးစျေးကွက်တွင် ထဲထဲဝင်ဝင် ပါဝင်လာခဲ့သည်။

စစ်သင်္ဘောကို တွေ့ရစဉ်
ထိုအပြောင်းအလဲကြောင့် ဂျပန်သည် DSEI Japan လက်နက်ပြပွဲတွင် ဒုံးကျည်များ၊ စစ်သင်္ဘောများ၊ လေဆာ စနစ်များနှင့် လျှပ်စစ်သံလိုက်စနစ်သုံး လက်နက်များ အပါအဝင် ခေတ်မီ စစ်ဘက်ဆိုင်ရာနည်းပညာများကို ပြသနိုင်ခဲ့သည်။
တိုကျို (Tokyo) မြို့တော်အနီးတွင် ပြုလုပ်သည့် ထိုလက်နက်ပြပွဲကို နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၇၁ ခု က ပါဝင်ခဲ့ကြပြီး နိုင်ငံတကာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည့် ဂျပန်၏ သန္နိဋ္ဌာန်ကို ပြသခဲ့ သည်။
ထိုလက်နက်များအနက် Mitsubishi Heavy Industries (MHI) ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် Mogami အမျိုးအစား ဖရီးဂိတ် စစ်သင်္ဘောသည် ဂျပန်၏ ရေတပ်ပို့ကုန်ကဏ္ဍ ရည်မှန်းချက်များအတွက် အဓိကနေရာမှ ပါဝင်ခဲ့သည်။
ထို့ပြင် ဂျပန်သည် Global Combat Air Programme (GCAP) အမည်ရှိ စီမံကိန်းဖြင့် ဗြိတိန်၊ အီတလီတို့နှင့်လည်း မျိုးဆက်သစ် တိုက်လေယာဉ်များကို ပူးပေါင်းထုတ်လုပ်နေပြီး လက်ရှိ ဂျပန်လေတပ်၏ F-2 နှင့် Eurofighter Typhoons တိုက်လေယာဉ်များနေရာတွင် အစားထိုးအသုံးပြုရန် စီစဉ်ထားသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 671
CNI International News
ဘန်ကောက်၊ မေလ ၂၄
လာမည့် သီတင်းပတ်တွင် ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေး၌ မြန်မာနှင့် နိုင်ငံတကာ ထိတွေ့ ဆက်ဆံမှု ပိုမိုမြင့်တက်စေရန် ထိုင်းကထောက်ခံပြောကြားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယမ် ပွန်ဆာ (Maris Sangiampongsa)က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အဆုံးသတ်စေရန် သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုများအား မြှင့်တင်မည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် တွန်းအားပေးသည့် အနေဖြင့် မာရစ်က ထိုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က တပ်မတော်က အာဏာကို ရယူခဲ့ပြီးနောက် တပ်မတော်နှင့် လက်နက်ကိုင် သူပုန် များကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် လူ ၃ သန်းခွဲကျော် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စီးပွားရေး ထိခိုက်ခဲ့သည်။
၂၀၂၁ ခုနှစ်က အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဉ်သည် တိုးတက်မှု အနည်းငယ်သာ ရရှိခဲ့သော်လည်း လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NUG တို့ဖြင့် သီးခြားဆွေးနွေးမှုများ အပါအဝင် ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည် လုပ်ဆောင် ခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်က မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးနှင့် မတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်နေသော အန်ဝါ၏ အားထုတ်ကြိုးပမ်းမှုများကို ထောက်ခံကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ကို တွေ့ရစဉ်
“အပစ်အခတ်ရပ်စဲရေးက အရေးကြီးတဲ့ ပထမခြေလှမ်းပါ။ ဒါပေမယ့် တစ်ဖက်ထဲကပဲ အပစ်ရပ်လို့ မရနိုင်ပါဘူး။ အခြေအနေတွေကို ဖိအားတွေ မဖြစ်စေဘဲ ထိရောက်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မတူကွဲပြားတဲ့ ပြဿနာတွေကို စားပွဲပေါ်မှာ ဖြေရှင်းဖို့ လိုပါတယ်” ဟု မာရစ်က ပြောကြားခဲ့သည်။
ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် ပြုလုပ်မည့် အစည်းအဝေးများအတွင်း ငြိမ်းချမ်းရေး အစီအစဉ် များကို ရေးဆွဲရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
“မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကိုလည်း မဖြေရှင်းနိုင်ပါဘူး။ ဒီပြဿနာ ၂ ခုက ချိတ်ဆက်နေပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံကို ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် ရေရှည် အထောက်အပံ့ များ ပို့ပေးသွားမည်ဖြစ်ပြီး မြန်မာနှင့် ထိတွေ့ဆက်ဆံရန် နိုင်ငံတကာကို တိုက်တွန်းသွားမည်ဟုလည်း မာရစ်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 504
CNI International News
ဒါကာ၊ မေလ ၂၄
ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သည့် မိုဟာမက် ယူနွတ် (Muhammad Yunus) က နိုင်ငံရေး ပါတီများသည် ပြုပြင်ပြောင်းလဲမှုများကို သဘောမတူပါက ရာထူးမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြည်သူများသည် ယာယီအစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲမှုများကို စိတ်မရှည်နိုင်တော့ဘဲ နိုင်ငံရေးအခြေအနေ သေချာရေရာမှု မရှိသည့်အချိန်တွင် ယူနွတ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheik Hasina) အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည့် ကျောင်းသားများ ဦးဆောင်သော ဆူပူအုံကြွမှုပြီးနောက် အသက် ၈၄ နှစ်အရွယ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယူနွတ်သည် လူဦးရေ ၁၇၃ သန်းရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယာယီအစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။
လက်ရှိတွင် ယူနွတ်သည် နိုင်ငံရေးပါတီများ၏ ထောက်ခံမှုမရရှိဘဲ အလုပ်ဆက်လုပ်ရန် ခက်ခဲကြောင်း သိရှိသွားခဲ့သည်ဟု ဆန္ဒပြကျောင်းသားအများစု ပါဝင်ဖွဲ့စည်းထားသည့် အမျိုးသားနိုင်ငံသားပါတီ (NCP) အကြီးအကဲ နာဟစ် အစ္စာလာမ် (Nahid Islam) က ပြောကြားခဲ့သည်။

ယူနွတ်ကိုတွေ့ရစဉ်
“သူ့ကိုကြည့်ရတာ စိတ်ပျက်နေပုံပါပဲ။ စနစ်ကို ပြုပြင်ပြောင်းလဲပြီး မျှတတဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု တွေကို မလုပ်ဆောင်နိုင်တော့ဘူးဆိုရင် သူရာထူးက ထွက်တော့မယ်လို့ ပြောပါတယ်။ မတူကွဲပြားတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ တောင်းဆိုမှုတွေနဲ့ ပြည်သူလူထုရဲ့ စိတ်မရှည်မှုတွေကြားမှာ သူ ချောင်ပိတ်မိနေပါတယ်”ဟု အစ္စလာမ်က မေလ ၂၂ ရက်တွင် ယူနွတ်နှင့်တွေ့ဆုံပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လက ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ဖြုတ်ချခဲ့သည့် ကျောင်းသားများ ဦးဆောင်သော တော်လှန်မှု ဖြစ်ပြီးကတည်းက နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော် ယခုသီတင်းပတ်အတွင်း ဒါကာမြို့တော်၏ လမ်းများပေါ်တွင် ပြိုင်ဘက် နိုင်ငံရေးပါတီများက ဆန္ဒပြမှု များ ပြုလုပ်ခဲ့သဖြင့် နိုင်ငံရေး အကျပ်အတည်းသည် ပိုမို မြင့်တက်လာခဲ့သည်။
မေလ ၂၁ ရက်က ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP)ကို ထောက်ခံသူများသည် ဒါကာမြို့တော်၏ လမ်းများပေါ်တွင် ဆန္ဒပြခဲ့ကြပြီး ရွေးကောက်ပွဲ ပြုလုပ်မည့်နေ့ရက်ကို ကြေညာရန် တောင်းဆိုခဲ့ကြသည်။
ယူနွတ်၏ ကြားဖြတ်အစိုးရအဖွဲ့သည် ရွေးကောက်ပွဲ ပြုလုပ်မည့်နေ့ကို မကြေညာရသေးသော်လည်း ယူနွတ်က ရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ်၊ ဇွန်လထက် နောက်မကျဘဲ ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 441
CNI International News
နယူးဒေလီ၊ မေလ ၂၄
အိန္ဒိယအစိုးရနှင့် တူရကီနိုင်ငံ၏ လေကြောင်းဝန်ဆောင်မှုပေးသည့် Celebi ကုမ္ပဏီကြား တရားရေးဆိုင်ရာ အမှုအခင်းများ ဖြစ်ပွားမှုသည် စာချုပ်များကို ဖျက်သိမ်းရန် အမျိုးသားလုံခြုံရေးအကြောင်းပြချက်ကို အသုံးပြု သည့် အခြေအနေအား မီးမောင်းထိုးပြသရာ ရောက်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန် တိုက်ခိုက်မှုများအတွင်း တူရကီက ပါကစ္စတန်ဘက်မှ ထောက်ခံမှုကြောင့် အိန္ဒိယတွင် တူရကီကုန်ပစ္စည်းများကို အသုံးမပြုဘဲ သပိတ်မှောက်နေချိန်၌ ထိုအမှုအခင်း များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအစိုးရသည် ပြီးခဲ့သည့် သီတင်းပတ်က Celebi ကုမ္ပဏီကို ခွင့်ပြုပေးထားသည့် လျှို့ဝှက် အချက်အလက် များ အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
မေလ ၂၂ ရက်က ဒေလီအထက်တရားရုံးတွင် ပြုလုပ်သည့် ကြားနာစစ်ဆေးမှု၌ အိန္ဒိယအစိုးရဘက်က ထိုကဲ့သို့ ရုပ်သိမ်းရခြင်းအတွက် ကျိုးကြောင်းခိုင်လုံသော အကြောင်းပြချက်ကို ပေးခဲ့ခြင်းမရှိပေ။
အိန္ဒိယအစိုးရဘက်က ရှေ့နေတစ်ဦးကမူ အမျိုးသားလုံခြုံရေးကိစ္စ အပါအဝင် မခန့်မှန်းနိုင်သည့် အခြေအနေ ကြောင့် ကြိုတင်အသိပေးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

Celebi ကုမ္ပဏီရဲ့ လေကြောင်းလိုင်းကိုတွေ့ရစဉ်
အိန္ဒိယနှင့် ပါကစ္စတန်တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်အတွင်း တူရကီသည် ပါကစ္စတန်ကို စစ်ဘက်သုံး ဒရုန်းများနှင့် စစ်မှုထမ်းများ ထောက်ပံ့ကူညီခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ထို့နောက် မေလ ၁၅ ရက်တွင် အိန္ဒိယ၏ ပြည်သူ့လေကြောင်းလုံခြုံရေးဗျူရို (BCAS) က Celebi ကုမ္ပဏီအား ခွင့်ပြုပေးထားသည့် လျှို့ဝှက် အချက်အလက်များ အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
Celebi ကုမ္ပဏီကတော့ အိန္ဒိယအစိုးရသည် ပွင့်လင်းမြင်သာမှုမရှိဘဲ လျှို့ဝှက် အချက်အလက်များ အသုံးပြုခွင့် ကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေလီနှင့်ဘုံဘေ အထက်တရားရုံးများတွင် အသနားခံစာတင်ခဲ့သည်။
အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် အလုပ်အကိုင်ပေါင်း ၃၈၀၀ နီးပါး ထိခိုက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ကျဆင်းစေခဲ့ကြောင်း Celebi ကုမ္ပဏီက ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရကမူ အမျိုးသားလုံခြုံရေး အခြေအနေကို ထည့်သွင်းစဉ်းစားသည့် အနေဖြင့် ကြိုတင်အသိပေးခြင်း မပြုဘဲ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု တရားရုံးတွင် တုံ့ပြန်ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 586
CNI International News
ဂျေရုဆလင်၊ မေလ ၂၃
ဂါဇာကမ်းမြောင်ဒေသတွင် ပြုလုပ်နေသည့် ထိုးစစ်ကို အဆုံးသတ်ပြီးချိန်၌ ဂါဇာဒေသအား အစ္စရေးက ထိန်းချုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟု ( Benjamin Netanyahu) က ပြောကြား ခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဂါဇာတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံများ လွတ်မြောက်ရေးနှင့်ပတ်သက်ပြီး ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ဂါဇာဒေသကို တွေ့ရစဉ်
ထိုအချိန်အတောအတွင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဂါဇာကမ်းမြောင် ဒေသအတွင်းသို့ တင်သွင်းခွင့် ပြုထားသည့် အကူအညီပမာဏသည် လုံလောက်မှုမရှိကြောင်း၊ ဂါဇာကို ပိတ်ဆို့ထားမှုကို အနည်းငယ်သာ ပြန်ဖွင့် ပေးသော ဟန်ပြလုပ်ဆောင်ချက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: DW
