CNI International News
တီဟီရန်၊ အောက်တိုဘာ ၁၃
အစ္စရေးသည် ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ သတ်မှတ်ချက်များကို လးစားလိမ့်မည်ဟု မယုံကြည်ရကြောင်း အီရန်က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု Al Arabiya သတင်းဌာနမှ ဖော်ပြထားသည်။
“အရင် သဘောတူညီချက်တွေ တုန်းကလည်း ဇီယွန်အစိုးရ (အစ္စရေး) ရဲ့ လှည့်ကွက်တွေ၊ သစ္စာမဲ့မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ သတိပေးခဲ့ပါတယ်။ ဇီယွန်အစိုးရကို လုံးဝမယုံကြည်ရပါဘူး”ဟု အီရန် နိုင်ငံခြားရေး ဝန်ကြီး အာဘက် အာရက်ချီ (Abbas Araghchi) က ပြောကြားခဲ့သည်။
အာရက်ချီသည် လက်ဘနွန် အပါအဝင် ယခင် အစ္စရေးနှင့် အခြားအဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်များကို ကိုးကား ပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် အီရန်သည် အပစ်အခတ်ရပ်စဲရေးကို ထောက်ခံကြောင်းနှင့် အစ္စရေး၏ ရာဇဝတ်မှုများကို ရပ်တန့်နိုင် သည့် မည်သည့် အစီအစဉ်ကိုမဆို မိမိတို့ ထောက်ခံကြောင်း အာရက်ချီက ပြောသည်။
ဂါဇာစစ်ပွဲ အပျက်အစီးကို တွေ့ရစဉ်
အီရန်သည် လူမျိုးသုဉ်း သတ်ဖြတ်သော စစ်ပွဲကို ရပ်တန့်ရေး၊ ကျူးကျော်သည့် တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး၊ ပါလက်စတိုင်း အကျဉ်းသားများ လွတ် မြောက်ရေးနှင့် ပါလက်စတိုင်းတို့၏ အခြေခံ အခွင့်အရေးများကို သိရှိနားလည်ရေးတို့ ပါဝင်သည့် မည်သည့် လုပ်ဆောင်ချက်၊ မည်သည့် အစီအစဉ်ကိုမဆို ထောက်ခံကြောင်းလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အစ္စရေးက အီရန်၏ နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လက အီရန်နှင့် အစ္စရေးကြား ၁၂ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အစ္စရေးသည် အီရန်နှင့် နောက်တစ်ကြိမ် ထိပ်တိုက်တွေ့လိုသည့် ဆန္ဒမရှိကြောင်း ရုရှားထံမှ တစ်ဆင့် ကြားသိခဲ့ ရသည်ဟုလည်း အာရက်ချီက ပြောသည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နဲ့ ရုရှားသမ္မတ ပူတင် (Vladimir Putin) တို့ကြား ဖုန်းပြောဆိုခဲ့ပါတယ်။ နေတန်ယာဟုကတော့ အီရန်နဲ့ စစ်ပွဲ ပြန်ဖြစ်ချင်တဲ့ ဆန္ဒမရှိဘူးလို့ ပြောခဲ့ပါတယ်”ဟု အာရက်ချီက ဆိုသည်။
ထိုဖုန်းပြောဆိုခဲ့သည့် အကြောင်းအရာကို ရုရှားနိုင်ငံရှိ အီရန် သံအမတ်ထံမှတဆင့် လက်ခံရရှိခဲ့သည်ဟုလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
Source: Al Arabiya