
- By CNI
- Category: နိုင်ငံရေး
- Hits: 358
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄
ထိုင်းအစိုးရ၏ ရာဇဝတ်မှုနှိမ်နင်းရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လက်နက်များ သယ်ဆောင်ခွင့် ပါမစ်များ ထုတ်ပေးမှုကို ဖေဖော်ဝါရီ ၁၄ ရက်မှစပြီး ၁ နှစ်ကြာ ဆိုင်းငံ့ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ လက်နက်များ သယ်ဆောင်ခွင့်ပါမစ်များ ထုတ်ပေးမှုအား ဆိုင်းငံ့သည့်အမိန့်ကို ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) တို့က ဖေဖော်ဝါရီ ၁၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ထရိုင်ဆူရီ တိုင်ဆာရာနာကူလ် (Traisuree Taisaranakul) က ပြောကြားခဲ့သည်။
ထိုအမိန့်ကို ထိုင်းအစိုးရက ဖေဖော်ဝါရီ ၁၃ ရက်တွင် တော်ဝင်အမိန့် ပြန်တမ်းထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက် ၌ စတင်အသက်ဝင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် လူအများစုသည် အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ပြည်သူပိုင်နေရာများတွင် လက်နက်များ သယ်ဆောင်သွားလာနေပြီး အချို့သူများသည် ၎င်းတို့၏ သေနတ်များကိုပြ၍ အခြားသူများကို ခြိမ်းခြောက်နေ ကြောင်း မစ္စစ် ထရိုင်ဆူရီက ပြောကြားခဲ့သည်။
ထိုအပြုအမူများသည် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်များနှင့် အကျင့်စာရိတ္တပိုင်းအတွက် အန္တရာယ် ရှိစေပြီး ရာဇဝတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ၎င်းက ဆိုသည်။
သေနတ်များကို တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် သေနတ်များသည် အလွန်ဈေးကြီးပြီး ဝယ်ယူရရှိရန် ခက်ခဲသော်လည်း ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံ အတွင်း တရားဝင်မှတ်ပုံတင်ထားသည့် သေနတ်အရေအတွက် ၆ ဒသမ ၂ သန်းခန့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
နောက်ထပ် မှတ်ပုံတင် မထားသည့် သေနတ်အရေအတွက် ၄ သန်းခန့်ရှိနေပြီး အခြားနိုင်ငံများမှ မှောင်ခိုတင်သွင်း သော လက်နက်များလည်းရှိနေကြောင်း ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်က ကမ္ဘာ့လူဦးရေ စစ်တမ်း၏ အချက်အလက်များတွင် ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်၌ သေနတ်ပစ်ခတ်မှု များကြောင့် လူအများဆုံးသေဆုံးသည့် နိုင်ငံများစာရင်းမှာ အဆင့် ၁၅ နေရာတွင်ရှိနေပြီး ပျမ်းမျှနှုန်းထားအရ လူ ၁၀၀,၀၀၀ တွင် ၃ ဒသမ ၉ ဦးသည် သေနတ်ကြောင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ကလောင် ထော်အီ (Klong Toey) ရပ်ကွက်တွင် ပြိုင်ဘက် ကျောင်းသားဂိုဏ်း ၂ ဂိုဏ်းအကြား အပြန်အလှန် ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ပြီးနောက် မစ္စတာ အနူတင်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် သေနတ်သယ်ဆောင်ခွင့် ပါမစ်များထုတ်ပေးမှုကို ဆိုင်းငံ့ခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 375
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄
၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် အစ္စရေးသည် အီရန်၏ နျူကလီးယားစီမံကိန်းကို ကြိုတင်လက်ဦးမှု ရယူ၍ တိုက်ခိုက်ဖွယ်ရှိကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့က သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် အီရန်၏ နျူကလီးယားစီမံကိန်းသည် သီတင်းပတ်များစွာ သို့မဟုတ် လပေါင်းများစွာကြာ နှောင့်နှေးကြန့်ကြာသွားစေနိုင်ပြီး ဒေသတွင်း ပိုမိုကြီးမားကျယ်ပြန့်သည့် ပဋိပက္ခဖြစ်လာမည့်အန္တရာယ် မြင့်တက် လာစေနိုင်သည်ဟု ဝါရှင်တန်ပို့စ် သတင်းစာက ထောက်လှမ်းရေးသတင်းများကို ကိုးကားပြီး ဖေဖော်ဝါရီ ၁၂ ရက် က ဖော်ပြခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ချက်ချင်း အတည်မပြုနိုင်ဘဲ အိမ်ဖြူတော်ကလည်း မှတ်ချက် ပေးရန် ငြင်းဆိုခဲ့သည်။
ထို့ပြင် အစ္စရေးအစိုးရ၊ စီအိုင်အေ၊ ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီနှင့် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးတို့ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြောင်း ဝါရှင်တန်ပို့စ်မှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် အီရန်ကို နျူကလီးယားလက်နက် ရရှိပိုင်ဆိုင်ခွင့် ပြုမည်မဟုတ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဘရိုင်ယန် ဟုချ် (Brian Hughes) က ပြောကြားခဲ့သည်။
အစ္စရေးနဲ့ အီရန်နယ်မြေကို တွေ့ရစဉ်
“ထရမ့်ဟာ နျူကလီးယား စီမံကိန်းနဲ့ပတ်သက်ပြီး အီရန်အစိုးရနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာမယ့် အမေရိကန် ရဲ့ မူဝါဒကို လက်ခံပေမယ့်လည်း အီရန်က ဆွေးနွေးဖို့ ဆန္ဒမရှိဘူးဆိုရင် ထရမ့်ကလည်း အချိန်ကို စောင့်နေမှာ မဟုတ်ပါဘူး”ဟု ဟုချ်က ဝါရှင်တန်ပို့စ်ကို ပြောကြားခဲ့သည်။
ဇန်နဝါရီလ အစောပိုင်းက ထွက်ပေါ်ခဲ့သည့် ထောက်လှမ်းရေး သတင်းများကို ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ ထောက်လှမ်းရေး ဦးစီးဌာနနှင့် ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီတို့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။
အစ္စရေးသည် အီရန်၏ Fordow နှင့် Natanz နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် ကြိုးပမ်းဖွယ်ရှိသည်ဟု လည်း ဝါရှင်တန်ပို့စ်က သတိပေးခဲ့သည်။
အီရန်ကို ဗုံးကြဲတိုက်ခိုက်ပြီး အီရန်၏ လေကြောင်းကာကွယ်ရေးစနစ်ကို အားနည်းစေရန် လုပ်ဆောင်မည်ဟု အစ္စရေးက ဆုံးဖြတ်ထားကြောင်း အမေရိကန် ထောက်လှမ်းရေးနှင့် နီးစပ်သည့် လက်ရှိ တာဝန်ထမ်းဆောင် နေသော အရာရှိများနှင့် အရာရှိဟောင်းများက ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 348
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အမေရိကန်၏ ပို့ကုန်များအပေါ် အခွန်တိုးကောက်မည့် မည်သည့်နိုင်ငံကိုမဆို တန်ပြန် အခွန်တိုးမြှင့်ကောက်မည်ဟု ပြောကြားခဲ့သဖြင့် ထရမ့်၏ အကြံပေးများသည် ထိုအစီအစဉ်များကို အပြီးသတ် ရေးဆွဲခဲ့ပြီဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် အမေရိကန်နှင့် အခြားနိုင်ငံများအကြား ပို့ကုန်၊သွင်းကုန်များအပေါ် အပြန်အလှန် အခွန်များ တိုးမြှင့် ကောက်ခံခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ ပိုမိုကျယ်ပြန့်လာမည့် အရေးကို စိုးရိမ်မှုများ မြင့်တက် စေခဲ့သည်။
ထရန့်သည် မတ်လ ၁၂ ရက်ကစပြီး အမေရိကန်သို့ တင်ပို့သည့် သံမဏိနှင့် အလူမီနီယံ ကုန်စည်များအပေါ် အခွန်ကောက်ခံမည်ဟု ဖေဖော်ဝါရီ ၁၀ ရက်က ကြေညာခဲ့သဖြင့် ပြည်ပစျေးကွက်များကို ဂယက်ရိုက်ခတ် သွားစေခဲ့သည်။
ထိုအစီအစဉ်ကို မက္ကဆီကို၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က ရှုတ်ချခဲ့ကြပြီး ဂျပန်နှင့် ဩစတြေးလျတို့ကမူ အခွန်ကင်းလွတ်ခွင့်အတွက် ချွင်းချက်များရရှိရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များသည် အမေရိကန်သို့ တင်ပို့ရောင်းချရာတွင် အခွန်များ ပေးဆောင်ရမည်ဖြစ်သဖြင့် ထိုကုန်ကျစရိတ်ကို ကာမိစေရန် စျေးနှုန်းများကို မြှင့်တင်ဖွယ်ရှိနေသည်။
သံမဏိစက်ရုံကိုတွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ထရမ့်သည် တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်ပို့သည့် ကုန်စည်များကို နောက်ထပ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သဖြင့် တရုတ်ကလည်း ယခုသီတင်းပတ်အတွင်း တန်ပြန်အစီအစဉ်ဖြင့် အမေရိကန်ကုန်စည်များကို အခွန်များတိုးမြှင့်ခဲ့သည်။
ထို့ပြင် ထရမ့်သည် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ တင်ပို့သည့် ကုန်စည်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည့် အစီအစဉ်ကို မတ်လ ၄ ရက်အထိ ရွှေ့ဆိုင်းပေးခဲ့ပြီး အမေရိကန်နယ်စပ်ဒေသများ လုံခြုံမှုရှိစေရန် နှင့် ဖန်တနိုင်း (fentanyl) မူးယစ်ဆေးဝါးများ အမေရိကန်နိုင်ငံအတွင်းသို့ စီးဝင်မှုကို ရပ်တန့်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။
အမေရိကန်၏ လုပ်သားအချို့ကမူ သံမဏိနှင့် အလူမီနီယံများအပေါ် အခွန်ကောက်ခံမှုကို ကြိုဆိုခဲ့ကြသော်လည်း အကြီးစား စက်ယန္တရား ထုတ်လုပ်သည့် ကုမ္ပဏီများကမူ ထိုအစီအစဉ်သည် ထောက်ပံ့ရေး ကွင်းဆက်ကို ဂယက် ရိုက်ခတ်နိုင်ပြီး ကုန်ကြမ်းပစ္စည်းများအပေါ် မှီခိုနေရသည့် စီးပွားရေးလုပ်ငန်းအားလုံးကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။
ထရမ့်ကမူ အမေရိကန်သို့ တင်ပို့သည့် ကားများ၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများကိုလည်း သီးခြားစီ အခွန်ကောက်ခံရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 641
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၃
ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)က ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် အခြား ထိပ်သီးအရာရှိနှစ်ဦးကို လူမှောင်ခိုကူးမှု စွဲချက်များဖြင့် ဖမ်းဆီးနိုင်ရေးအတွက် ဖမ်းဝရမ်း ထုတ်ရန် ကြိုးပမ်းနေကြောင်း တရားရေးဝန်ကြီး တာဝီ ဆွတ်ဆောင် (Tawee Sodsong)က ဖေဖော်ဝါရီ ၁၁ ရက် တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
စောချစ်သူ အပြင် အခြားသံသရှိသူနှစ်ဦးမှာ ဒုတိယဗိုလ်မှူးကြီး မုတ်သုံနှင့် ဗိုလ်မှူး တင်ဝင်းတို့ဖြစ်ကြောင်း DSI သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
BGF သည် ရာဇဝတ် လုပ်ငန်းများတွင် ကျယ်ပြန့်စွာ လုပ်ကိုင်နေသည့် ရွှေကုက္ကိုလ် ပရောဂျက်ကို ထိန်းချုပ်ထား သည်။ ထိုပရောဂျက်သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့တွင် တည်ရှိသည်။
အဆိုပါ သံသယရှိသူများကို ဖမ်းဆီးရန် ပူးပေါင်းဆောက်ရွက်မှုတွင် အာဆီယံနှင့် တရုတ်တို့၏ အားထုတ်ကြိုးပမ်း မှုများနှင့်အတူ မြန်မာနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထိုင်းရဲမှူး တာဝီက ပြောကြားခဲ့သည်။
DKBA က ထိုင်းဘက်ကို ကျားဖြန့်ဂိုဏ်းက လူတွေကို လွှဲပြောင်းပေးစဉ်
“အဲဒီသံသယရှိသူတွေကို ဖမ်းဆီးဖို့ အရမ်းတော့ မခက်ခဲပါဘူး။ ဒါပေမယ့်လည်း ဒီကိစ္စဟာ ဒေသတွင်း ခေါင်းဆောင်တွေက ဘယ်လောက် ကူညီပေးချင်လဲဆိုတဲ့အပေါ် မူတည်နေပါတယ်။ သူတို့က အဲဒီ ရာဇဝတ်မှု တွေကို သူတို့နိုင်ငံတွေအတွက် ခြိမ်းခြောက်မှုတွေအဖြစ် ရှုမြင်ထားတယ်ဆိုရင်တော့ သူတို့ ကူညီကြပါလိမ့်မယ်” ဟု တာဝီက ပြောကြားခဲ့သည်။
ဖမ်းဝရမ်း ထုတ်ရန်အတွက် DSI က စုဆောင်း ရရှိထားသည့် အချက်အလက်များ၊ ငွေကြေး လွှဲပြောင်းမှု လမ်းကြောင်းများ အစရှိသည့် ခိုင်လုံသည့် သက်သေများ ရရှိထားကြောင်း တာဝီက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လှုပ်ရှားနေသည့် ကျားဖြန့်ဂိုဏ်းများ၏ လိမ်ညာခေါ်ယူ ခံခဲ့ရသူများထဲတွင် အမေရိကန်နိုင်ငံသား များလည်း ပါဝင်နေသဖြင့် ထိုင်းအစိုးရက နိုင်ငံအတွင်းရှိ အမေရိကန်သံရုံးနှင့်လည်း အနီးကပ် ပူးပေါင်း ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
DKBA က ထိုင်းဘက်ကို ကျားဖြန့်ဂိုဏ်းက လူတွေကို လွှဲပြောင်းပေးစဉ်
စောချစ်သူနှင့် အထက်ဖော်ပြပါ ထိပ်သီး အရာရှိနှစ်ဦးအပြင် နောက်ထပ် သံသယရှိသူများလည်း ရှိနေကြောင်း၊ ၎င်းတို့အနက် ထိုင်းနှင့်မြဝတီမြို့တွင် အပန်းဖြေစခန်း ဖွင့်ထားသည့် ကုမ္ပဏီတစ်ခုအတွက် အလုပ်လုပ်ပေးနေ သော ထိုင်းနိုင်ငံသား ၂ ဦးလည်း ပါဝင်ကြောင်း DSI သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
DSI သည် လူမှောင်ခိုကူးမှုဆိုင်ရာ တရားစွဲဆိုရေးဌာနတွင် အစိုးရရှေ့နေများနှင့် အစည်းအဝေး ပြုလုပ်ပြီးသော် လည်း ဖမ်းဝရမ်းအသစ်များ ထုတ်ရန်အတွက် တောင်းဆိုရခြင်း မရှိသေးကြောင်း DSI ပြောရေးဆိုခွင့်ရှိသူ ရဲမှူး ဝေါ်ရန်နန် သီရိလမ် (Worranan Srilum) က ပြောကြားခဲ့သည်။
“မကြာသေးခင်က တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မြဝတီမြို့က ဟန်ရှန်း (Heng Sheng) ကာစီနိုရုံထဲက ကျားဖြန့်စင်တာ တစ်ခုကနေ အိန္ဒိယနိုင်ငံသား ၇ ဦးကို ထိုင်းအာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့ပါတယ်”ဟု DSI သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 519
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၃
ကာစီနိုဖျော်ဖြေရေး လုပ်ငန်းစီမံကိန်းကို တရားဝင်ခွင့်ပြုခြင်းသည် ဒုစရိုက်မှုများ မြင့်တက်လာနိုင်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)က ထိုင်းအစိုးရကို သတိပေးခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်သို့ သွားရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra)နှင့် တွေ့ဆုံစဉ် သမ္မတရှီကျင့်ဖျင်က သတိပေးခဲ့ခြင်း ဖြစ်သည်။
ပေတုန်တန်သည် ဖေဖော်ဝါရီ ၁၁ ရက်က အစိုးရအိမ်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ချိန်က ၎င်း၏ တရုတ်ခရီးစဉ်အတွင်း ကာစီနိုရုံ စီမံကိန်းနှင့်ပတ်သက်ပြီး ရှီကျင့်ဖျင်နှင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ရှီသည် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကို မေးမြန်းခဲ့ သည်ဟု ပေတုန်တန်က ဆိုသည်။
ထိုစီမံကိန်းကို ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အခြား ဖျော်ဖြေရေး အစီအစဉ်များနှင့် ပေါင်းစပ်ရန် ရည်ရွယ်ထားကြောင်း၊ ကာစီနိုရုံများသည် ဖျော်ဖြေရေး အဆောက်အအုံဝင်း၏ ၁၀ ရာခိုင်နှုန်း အောက်တွင်သာ ရှိလိမ့်မည်ဖြစ်ကြောင်း ပေတုန်တန်က ရှီကို ရှင်းပြခဲ့သည်ဟု ဆိုသည်။
တရုတ်ပြည်မကြီးတွင် လောင်းကစားလုပ်ငန်းသည် တရားမဝင်ဘဲ ထိုင်းနိုင်ငံတွင်လည်း တင်းကျပ်သည့် ဥပဒေများဖြင့် ထိန်းချုပ်ထားသည်။
ပေတုန်တန်ကို တွေ့ရစဉ်
သမ္မတရှီက ကာစီနိုရုံများကို တရားဝင် ခွင့်ပြုပေးခြင်းသည် လူမှုရေးပြဿနာများ ပေါ်ပေါက်လာနိုင်သည့် အကြောင်းကို သတိပေးခဲ့ကြောင်း၊ ထို့ကြောင့် ကာစီနိုရုံများကို တရားဝင်ခွင့်မပြုမီ နောက်ထပ် လေ့လာမှုများ ပြုလုပ်မည်ဟု ရှင်းပြခဲ့ရကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် အစီအစဉ်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၂ ရက်တွင် ပေတုန်တန်က လွှတ်တော်၌ ချပြခဲ့သည်။
ထိုအစီအစဉ်သည် ဖြူးထိုင်းပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့၏ မူဝါဒများထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
လောင်းကစား လုပ်ငန်းများနှင့် ဆက်စပ်လှုပ်ရှားမှုကို ရာဇဝတ်မှုများအဖြစ် သတ်မှတ်ခြင်းသည် တရားမဝင် မြေအောက် လုပ်ငန်းများအဖြစ် ဆက်လက် တည်ရှိနေနိုင်သဖြင့် ထိုလုပ်ငန်းများကို တရားဝင် ခွင့်ပြုပေးလိုက် ခြင်းဖြင့် နိုင်ငံအတွက် ဝင်ငွေများ ရှာဖွေနိုင်ကြောင်း ဖြူးထိုင်းပါတီက ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၃ ရက်တွင် အစိုးရအဖွဲ့က ကာစီနိုရုံများနှင့် လောင်းကစား လုပ်ငန်းများကို တရားဝင် ခွင့်ပြုပေးမည့် ဥပဒေမူကြမ်းအား မူအရ အတည်ပြုခဲ့သဖြင့် နောက်တဆင့်ကို ဆက်လက် အကောင်အထည်ဖော်ရန် လမ်းပွင့် သွားခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 469
CNI International News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဂါဇာဒေသကို လွှဲပြောင်းရယူပြီး ပါလက်စတိုင်းများကို ရွှေ့ပြောင်းနေရာ ချထားပေးမည်ဟု အဆိုပြုခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ပြောကြားချက်ကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သည် ဓားပြတိုက်နေကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့သည်။
ထိုအဆိုပြုချက်ကြောင့် ပါလက်စတိုင်းများသည် ဘေးကင်းလုံခြုံစွာနှင့် ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် မျှော်လင့်ချက်များကို မှေးမှိန်စေခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့ပြီး ထရမ့်ကိုမူ တိုက်ရိုက်အမည်တပ် ပြောဆိုခဲ့ခြင်းမရှိပေ။
“အမေရိကန်ရဲ့ ကြေညာချက်ကြောင့် ကမ္ဘာကြီးဟာ အခုဆိုရင် ပွက်ပွက်ဆူနေတဲ့ ယာဂုအိုးကြီးတစ်လုံးလို ဖြစ်နေပါပြီ” ဟု KCNA က ဖော်ပြခဲ့သည်။
KCNA ၏ ထုတ်ပြန်ချက်သည် ဂါဇာဒေသခံများကို ဂါဇာမှဖယ်ရှားပြီး စစ်ပွဲကြောင့် ကြေမွနေသည့် ဂါဇာကို အရှေ့အလယ်ပိုင်းဒေသ၏ လှပသော အပန်းဖြေကမ်းခြေအဖြစ် ဖန်တီးသွားမည်ဆိုသည့် ထရမ့်၏ အံ့အား သင့်ဖွယ် ကြေညာချက်အား ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
စစ်ပွဲကြောင့် ကြေမွနေတဲ့ ဂါဇာဒေသကိုတွေ့ရစဉ်
ထို့ပြင် ပနားမားတူးမြောင်းနှင့် ဂရင်းလန်းကျွန်းတို့ကို လွှဲပြောင်းရယူလိုပြီး မက္ကဆီကို ပင်လယ်ကွေ့၏ အမည်အား အမေရိကပင်လယ်ကွေ့ဟု အမည်ပြောင်းလဲလိုသည့် ထရမ့်အစိုးရအဖွဲ့ကို KCNA က ဝေဖန်ခဲ့သည်။
“အမေရိကန်အနေနဲ့ ယုတ္တိမရှိတဲ့ အိမ်မက်ကနေ နိုးထသင့်နေပါပြီ။ အခြားနိုင်ငံတွေရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာ အာဏာကို ထိပါးနေတဲ့ လုပ်ရပ်ကိုလည်း ရပ်တန်းက ရပ်သင့်နေပါပြီ” ဟု KCNA က ထုတ်ပြန်ခဲ့ပြီး အမေရိကန် ကို ကြမ်းကြုတ်ရက်စက်သည့် ဓားပြဟု ခေါ်ဆိုခဲ့သည်။
ထရမ့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရ အဆင်ပြေခဲ့သည်။
ထရမ့်သည် မကြာသေးမီကလည်း ကင်မ်နှင့် နောက်တစ်ကြိမ် အဆက်အသွယ် လုပ်သွားမည်ဟု ပြောကြားခဲ့သော် လည်း မြောက်ကိုရီးယားကမူ ထရမ့်၏ ဒုတိယသက်တမ်းနှင့်ပတ်သက်ပြီး မှတ်ချက် အနည်းငယ်သာ ပြောကြားခဲ့ သည်။
ထို့ပြင် မြောက်ကိုရီးယားသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၏ လှုပ်ရှားမှုများကို ဆိုးရွားသည့် လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားသည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 359
CNI International News
နယူးယောက်၊ ဖေဖော်ဝါရီ ၁၂
အမေရိကန်က ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အတွက် အစားအစာ လှူဒါန်းမှုအား ရပ်နားထားမှုကို ပြန်လည်ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် WFP အား အစားအစာ လှူဒါန်းမှုများ ဆိုင်းငံ့ထားမှုသည် အဆုံးသတ်သွားပြီဖြစ်ပြီး လက်ရှိတွင် စားနပ်ရိက္ခာ မက်ထရစ်တန်ချိန် ၅၀၀,၀၀၀ သင်္ဘောများပေါ်တွင်ရှိနေပြီး ထိုရိက္ခာများကို ပို့ဆောင်ရမည့် အခြေအနေသည် သောင်မတင်ရေမကျ အခြေအနေ၌ ရှိနေကြောင်း WFP က ပြောကြားခဲ့သည်။
မကြာသေးမီက အမေရိကန်လယ်သများထံမှ Title II ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် အစားအစာ အကူအညီများ ယာယီရပ်ဆိုင်းမှုကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုနိုင်သည်ဟု WFP က X လူမှုမီဒီယာတွင် ဖေဖော်ဝါရီ ၉ ရက်က ရေးသားခဲ့သည်။
ထို့ကြောင့် တည်ဆဲ USAID သဘောတူညီချက်များအရ အစားအစာ ဝယ်ယူမှုနှင့် ဖြန့်ချိမှုများကို ပြန်လည် လုပ်ဆောင်ခွင့် ရရှိပြီဟုလည်း WFP က ရေးသားခဲ့သည်။
ပုံစာ- WFP က စားနပ်ရိက္ခာ ထောက်ပံ့ပေးရန် ကားများဖြင့် လာနေကြစဉ်
အမေရိကန်သည် အရေးပေါ် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွင် ကန့်သတ်ချက်များ လျှော့ပေါ့ပေးခဲ့သည့်တိုင် လှူဒါန်းမည့် ရည်ရွယ်ချက်ဖြင့် အမေရိကန် လယ်သမားများ ထုတ်လုပ်သည့် စားနပ်ရိက္ခာများကို ဝယ်ယူခွင့် ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်း၏ "အမေရိကန် ပထမ" နိုင်ငံခြားရေးမူဝါဒနှင့် ကိုက်ညီမှု ရှိ/ မရှိ လေ့လာရန်အတွက် ပြည်ပကူညီထောက်ပံ့မှုများကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ခဲ့ပြီးနောက် WFP အတွက် အစားအစာ လှူဒါန်းမှုများကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုအခါတွင် ထိုဆိုင်းငံ့မှုကို ပြန်လည်ရုပ်သိမ်း ပေးခဲ့ခြင်းဖြစ်သည်။
အခြားဆိုင်းငံ့ခံခဲ့ရသည့် အစိုးရထောက်ပံ့ကြေး အစီအစဉ်အချို့သည် အမေရိကန်က အခြားနိုင်ငံများကို စားနပ်ရိက္ခာ အကူအညီပေးရေးနှင့် ပတ်သက်သည့် Food for Peace Title II စီမံကိန်းအောက်တွင် ပါဝင်နေသည့် အစီအစဉ်များဖြစ်သည်။
ထို Food for Peace Title II စီမံကိန်းသည် နှစ်စဉ် အမေရိကန်၏ စားနပ်ရိက္ခာ လှူဒါန်းမှုတန်ဖိုး ဒေါ်လာ ၂ ဘီလျံခန့်ကို သုံးစွဲခဲ့သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 396
CNI International News
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂
NSCN-K/AM (Ang Mai-Mulatonu)အဖွဲ့က နာဂလူထု၏ ပြင်းပြသော ရည်မှန်းချက်ကို ဖော်ဆောင်ပေးသည့် အနေဖြင့် အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၉ ရက် က ပြောကြားခဲ့သည်ဟု Eastern Mirror သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အိန္ဒိယ-နာဂ-မြန်မာ နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် လုပ်ငန်းစဉ်ကို သွက်လက် မြန်ဆန်စေရန်နှင့် ဆွေးနွေး ညှိနှိုုင်းမှုများအတွက် အထောက်အကူ ဖြစ်စေသည့် အခြေအနေအား ဖန်တီးရန် လုပ်ဆောင်နေကြောင်းလည်း NSCN-K/AM (Ang Mai-Mulatonu) အဖွဲ့က ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်စေလိုသည့် လူထု၏ ဆန္ဒကို ဖြည့်ဆည်းရန် ရည်မှန်းချက်နှင့်အတူ ထိုရည်မှန်း ချက်ကို အကောင်အထည်ဖော်ရာတွင် NSCN သည် အိန္ဒိယအစိုးရ၏ ကိုယ်စားလှယ်များနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ဒေသတွင်း ထိပ်တိုက်တွေ့မှုများနှင့် သွေးထွက်သံယို ဖြစ်မှုများကို တားဆီးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ပုံစာ- NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်
ထိုအချိန်အတောအတွင်း NSCN က နာဂအချုပ်အခြာအာဏာကို ထိန်းသိမ်းရန် စုပေါင်းလုပ်ဆောင်နေချိန်တွင် နာဂလူမျိုးများအနေဖြင့် မိမိတို့အား ထောက်ခံပေးရန်နှင့် ငွေကြေး အကူအညီများ ပေးရန်လည်း မေတ္တာရပ်ခံခဲ့ သည်။
ထိုအကြောင်းအရာကို Dimapur(ဒီမာပူ)၊ Niuland(နွီလန်)နှင့် Chümoukedima (ချူမောက်ကီမာ) ခရိုင်များ အတွက် တာဝန်ယူရသည့် ministry of Chaplee affairs ဝန်ကြီးဌာနနှင့် လက်ထောက်အတွင်းရေးမှူး ကန်ရှီလန်း (Kangxi Lang)တို့အား အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့သည် NSCN-K/YA အဖွဲ့ကနေ ၂၀၂၃ ခုနှစ်က ခွဲထွက်ရေး ထူထောင်ခဲ့သော နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ထိုနာဂလက်နက်ကိုင်အဖွဲ့သည် မြန်မာဘက်ခြမ်းတွင် အခြေစိုက်ရေး စစ်ရေးလှုပ်ရှားလျက်ရှိသည်။
Source: Eastern Mirror

- By CNI
- Category: နိုင်ငံရေး
- Hits: 426
CNI International News
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ထိပ်သီးအကြံပေးပုဂ္ဂိုလ်များက ယခုသီတင်းပတ်အတွင်း ရုရှား-ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေးကို ဆွေးနွေးမည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ ထရမ့်၏ အထူးသံတမန်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကိတ်သ် ကဲလော့ဂျ် (Keith Kellogg) က နှစ်စဉ်ကျင်းပသည့် မြူးနစ်လုံခြုံရေးညီလာခံအတွင်း ယူကရိန်းအရေးကို အသေးစိတ်ဆွေးနွေးရန် အိမ်ဖြူတော်က ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် ကဲလော့ဂျ်တို့က ဂျာမနီတွင် ပြုလုပ်မည့် မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်မည်ဖြစ်ပြီး ဇာလန်းစကီးနှင့် ပြုလုပ်မည့် ဆွေးနွေးပွဲများ၌ ပါဝင်ဆွေးနွေးမည်ဖြစ်သည်။
ပုံစာ- ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
“လုပ်ငန်းစဉ်က ဘယ်လို အလုပ်ဖြစ်မလဲဆိုတာကို သိထားမယ်ဆိုရင် ကျနော်တို့ တွေ့ဆုံချိန်မှာ ဇာလန်စကီး ဘက်က ကောင်းကောင်း ပြင်ဆင်လာနိုင်ပါလိမ့်မယ်” ဟု ကဲလော့ဂျ်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်ကလည်း သူသည် ယခုသီတင်းပတ်အတွင်း ဇာလန်းစကီးနှင့် စကားပြောဆိုဖွယ် ရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြားခဲ့သည်။
မြူးနစ်လုံခြုံရေးညီလာခံကို အသုံးချပြီး နိုင်ငံတကာခေါင်းဆောင်များ စုရုံးရောက်ရှိလာစေရန်နှင့် ရုရှားကို တွန်းလှန် တိုက်ခိုက်နေသည့် ယူကရိန်းအား ကူညီထောက်ပံ့မှုများပေးနေသော ဥရောပနိုင်ငံများ၏ ကူညီ ထောက်ပံ့မှုကို ပိုမိုမြှင့်တင်ရန် လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း ထရမ့်နှင့် အမေရိကန်အစိုးရအရာရှိများက ပြောကြားခဲ့သည်။
ပုံစာ- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ကဲလော့ဂျ်က ၎င်းနှင့် အမေရိကန် အရာရှိများသည် ယူကရိန်းအရေးကို ဆွေးနွေးရန် ဝါရှင်တန်တွင် ဥရောပ သံတမန်များနှင့်လည်း အစည်းအဝေး ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် မြူးနစ်တွင် ပြုလုပ်မည့် ဆွေးနွေးမှုများသည် ထရန့်၏ ထိပ်သီး လက်ထောက်များအတွက် အမေရိကန် အစိုးရအဖွဲ့၏ နိုင်ငံခြားရေးမူဝါဒ အလားအလာ၊ စစ်ပွဲအပေါ် ချဉ်းကပ်မှုတို့နှင့် ပတ်သက်ပြီး နိုင်ငံတကာကို ချပြနိုင်မည့် ကြီးမားသည့် အခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ထရမ့်ကမူ အမေရိကန်သည် ယူကရိန်းစစ်ပွဲအတွက် ငွေကြေး အလွန်သုံးစွဲနေကြောင်းနှင့် ဥရောပနိုင်ငံများသည် ယူကရိန်းကို ထောက်ပံ့သင့်သလောက် ထောက်ပံ့ခဲ့ခြင်းမရှိကြောင်း ဝေဖန်ခဲ့သည်။
ထို့ပြင် ဥရောပနိုင်ငံများ အနေဖြင့် ယူကရိန်းကို အကူအညီပေးခဲ့သည့် အမေရိကန်၏ ငွေကြေးသုံးစွဲမှုများအား ပြန်ပေးသင့်ကြောင်းလည်း ထရမ့်က တောင်းဆိုခဲ့သည်။
Source: အေပီ