CNI International News

ဝါရှင်တန်၊ ဧပြီ ၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် အမေရိကန်သို့ တင်ပို့သည့် ကုန်စည်များ အားလုံး အပေါ်  အပြန်အလှန် အကောက်ခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ဧပြီ ၂ ရက်က ကြေညာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် အမေရိကန် ကုန်စည်များကိုလည်း အခွန်များ ပြန်လည်ကောက်ခံမည့် ခြိမ်းခြောက်မှုများ ထွက်ပေါ် လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများနှင့်အစိုးရများသည် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ဆက်ဆံရေးကို ထိခိုက်သွားစေနိုင် သည့် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာမှု၏ ဂယက်ရိုက်ခတ်မှုများကြောင့် ထိခိုက်နစ်နာမှုများ ရှိလာနိုင်မည့် အခြေအနေကို လေ့လာသုံးသပ်နေကြသည်။

ထရမ့်၏ အလုံးစုံ အခွန်ကောက်ခံမှု ကြေညာချက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းကို ဆယ်စုနှစ် များစွာကြာ ပုံဖော်ပေးခဲ့သည့် ကုန်သွယ်ရေးတွင် အစိုးရ၏ထိန်းချုပ်မှု လျှော့ချသည့်ခေတ် အဆုံးသတ် သွားစေနိုင်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထို့ပြင် ထရမ့်၏ ကြေညာချက်ကြောင့် ကမ္ဘာတစ်ဝန်းရှိ စျေးကွက်များ ကမောက်ကမ ဖြစ်သွားခဲ့ပြီး အခြားနိုင်ငံ များမှ ခေါင်းဆောင်များ၏ ဝေဖန်ရှုတ်ချမှုများလည်း ထွက်ပေါ်လာခဲ့သည်။

အမေရိကန်သို့ တင်ပို့သည့် ကုန်စည်အားလုံးအပေါ် အခြေခံ အကောက်ခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံ မည်ဖြစ်ပြီး အမေရိကန်၏ အဓိကကုန်သွယ်ဖက် နိုင်ငံအချို့အပေါ် အခွန်များကို ၁၀ ရာခိုင်နှုန်းထက် ပိုပြီး တိုးမြှင့် ကောက်ခံမည်ဟု ထရမ့်က ကြေညာခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံသည့် အခွန်များသည် ရာစုနှစ် တစ်စုကျော်အတွင်း အမြင့်ဆုံး နှုန်းထားဖြစ်ကြောင်း အမေရိကန်၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း စီးပွားရေးလုပ်ငန်းစုဖြစ်သည့် Fitch Ratings ကုမ္ပဏီက ပြောကြားခဲ့သည်။

ထရမ့်၏ ကြေညာချက်ကို ရင်းနှီးမြှုပ်နှံသူများက ဧပြီ ၃ ရက်တွင် ကြားသိခဲ့ရပြီးနောက် ဘေဂျင်းနှင့် တိုကျိုရှိ စတော့ရှယ်ယာ စျေးကွက်များအပြင် ဥရောပ၏ စတော့ရှယ်ယာများလည်း ကျဆင်းသွားခဲ့သည်။

ထရမ့်၏ အခွန်ကောက်ခံမှုကြောင့် ဥရောပသမဂ္ဂ စီးပွားရေးသည် ယူရို ၇၅၀ ဘီလျံ (ဒေါ်လာ ၈၃၃ ဒသမ ၆၃) ထိခိုက်နစ်နာသွားလိမ့်မည်ဟု ဂျာမနီနိုင်ငံ၏ IW သုတေသနအင်စတီကျုက ခန့်မှန်းခဲ့သည်။

အမေရိကန်ကို တင်သွင်းသည့် ကုန်စည်များအတွက် အခွန် ၅၄ ရာခိုင်နှုန်း ပေးဆောင်ရတော့မည့် ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံကမူ အမေရိကန်၏ ပို့ကုန်များအပေါ်ကိုလည်း တန်ပြန် အခွန်ကောက်ခံသည့် အစီအစဉ်များ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

Source: ရိုက်တာ