CNI International News
ဆန်ဆယ်ဗေးဒိုး၊ ဧပြီ ၂၂
အယ်ဆာဗေးဒိုးသမ္မတ နာယစ် ဘူကီလီ (Nayib Bukele) က အမေရိကန်မှ အယ်ဆာဗေးဒိုးနိုင်ငံသို့ လွှဲပြောင်း ပို့ဆောင်ခံရပြီး အယ်ဆာဗေးဒိုးတွင် အကျဉ်းချခံထားရသည့် ဗင်နီဇွဲလားနိုင်ငံသား ၂၅၂ ဦးနှင့် ဗင်နီဇွဲလား အကျဉ်းထောင်များထဲ၌ အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၂၅၂ ဦးကို လဲလှယ်လိုကြောင်း ဧပြီ ၂၀ ရက်က ကမ်းလှမ်းခဲ့သည်ဟု MSN တင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အမေရိကန်တရားရုံးချုပ်မှ တရားသူကြီးများသည် စစ်ပွဲကာလက ဥပဒေကို အသုံးပြုပြီး ဗင်နီဇွဲလား ရွှေ့ပြောင်း များကို နေရပ်ပြန်ပို့နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစီအစဉ်ကို ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အယ်ဆာဗေးဒိုးသမ္မတ၏ ကမ်းလှမ်းချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“အမေရိကန်ကနေ အယ်ဆာဗေးဒိုးကို လွှဲပြောင်းပို့ဆောင်ခံခဲ့ရတဲ့ ဗင်နီးဇွဲလားနိုင်ငံသား ၂၅၂ ဦးကို ဗင်နီဇွဲလား နိုင်ငံဆီ ပြန်ပို့ပေးပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘောတူညီချက် တစ်ခုပြုလုပ်ဖို့ ကျနော် အဆို ပြုချင်ပါတယ်” ဟု ဘူကီလီက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) အား X လူမှုမီဒီယာတွင် တိုက်ရိုက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အပြန်အလှန်အနေဖြင့် ဗင်နီဇွဲလားတွင် အကျဉ်းချခံထားရသည့် ထောင်နှင့်ချီသော နိုင်ငံရေး အကျဉ်းသားများထဲမှ ၂၅၂ ဦးကို ပြန်လွှတ်ပေးစေလိုကြောင်းလည်း ဘူကီလီက ပြောကြားခဲ့သည်။
အယ်ဆာဗေးဒိုးသမ္မတနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က အိမ်ဖြူတော်တွင် ထရမ့်နှင့် တွေ့ဆုံခဲ့သော ဘူကီလီက အယ်ဆာဗေးဒိုးသို့ ပို့ဆောင်ခံ ရပြီး ထိန်းသိမ်းခံထားရသည့် ဗင်နီဇွဲလားနိုင်ငံသားများသည် အမေရိကန်ရှိ Tren de Aragua ကဲ့သို့ လူဆိုးဂိုဏ်း များကို ပစ်မှတ်ထားသော စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံခဲ့ရသည့် သံသယရှိသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထရမ့် အစိုးရအဖွဲ့သည် တစ်လအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၂၈၈ ဦးကို Tren de Aragua လူဆိုးဂိုဏ်းဝင်များ ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းကာ အယ်ဆာဗေးဒိုးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အမေရိကန်သည် ထိုရွှေ့ပြောင်းများကို အယ်ဆာဗေးဒိုးနိုင်ငံ၏ မြို့တော်ဖြစ်သည့် ဆန်ဆာဗေးဒိုးမြို့ ပြင်ရှိ CECOT အကျဉ်းစလန်းတွင် အကျဉ်းချထားရန် အယ်ဆာဗေးဒိုး အစိုးရကို အခကြေးငွေပေးပြီး တိုက်တွန်းခဲ့ သည်။
ဗင်နီဇွဲလား အစိုးရရှေ့နေချုပ် တာရက် ဝီလျံ ဆာအက်ဘ် (Tarek William Saab) ကမူ ဘူကီလီ၏ အကျဉ်းသား လဲလှယ်ရေး တောင်းဆိုမှုသည် တစ်ကိုယ်ကောင်းဆန်ကြောင်း ပြောကြားခဲ့ပြီး အယ်ဆာဗေးဒိုးတွင် ထိန်းသိမ်းခံ ထားရသည့် ဗင်နီဇွဲလားရွှေ့ပြောင်းများ၏ အသေးစိတ် အချက်အလက်များကို ပေးပို့ရန် တောင်းဆိုထားသည်။
Source: MSN