
- By CNI
- Category: နိုင်ငံရေး
- Hits: 271
CNI International News
ဒမတ်စကတ်၊ ဇန်နဝါရီ ၁၄
ဆီးရီးယားနိုင်ငံတွင် အာဏာရှင် ဘာရှာအာဆတ် (Bashar Assad)အစိုးရ ပြုတ်ကျသွားမှုကြောင့် ဆီးရီးယားရှိ ရုရှားစစ်စခန်းများ၏ အနာဂတ်သည် မရေရာမှုများနှင့် ရင်ဆိုင်နေရကာ အာဖရိကတွင်လည်း ရုရှား၏ ဩဇာ လွှမ်းမိုးမှုကို အားနည်းသွားစေနိုင်ကြောင်း DW သတင်းတွင် ဖော်ပြခဲ့သည်။
လက်ရှိတွင် ဆီးရီးယား၏ တာတပ်စ် (Tartus) မြို့ရှိ ရုရှားရေတပ်စခန်းနှင့် Hmeimim မြို့ရှိ ရုရှားလေတပ်စခန်း တို့သည် ရုရှားနိုင်ငံအပြင်ဘက်တွင် တပ်စွဲထားသည့် တစ်ခုတည်းသော စစ်စခန်းများ ဖြစ်လာခဲ့သည်။
ထိုရေတပ်စခန်းနှင့် လေတပ်စခန်းသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတွင် ရုရှား၏ စစ်ရေးလှုပ်ရှားမှုများ အတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အာဖရိကမှာ ရုရှားအလံကို တွေ့ရစဉ်
ထို့ကြောင့် ဆီးရီးယားရှိ ထိုစစ်စခန်းများကို လက်လွှတ်လိုက်ရမည်ဆိုပါက မာလီ၊ ဖာကီနာဖာဆို၊ နိုက်ဂျာ၊ ဗဟို အာဖရိကသမ္မတနိုင်ငံနှင့် လစ်ဗျားနိုင်ငံတို့ရှိ ရုရှား၏ အာဖရိကတပ်ဖွဲ့များ (ယခင် ဝဂ်နာအုပ်စု-Wagner Group ဟု လူသိများ) အတွက် ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း ဆီနီဂေါနိုင်ငံရှိ လုံခြုံရေးကျွမ်းကျင်သူ ဘီဗာလေ အော့ခီယန် (Beverly Ochieng) က ပြောကြားခဲ့သည်။
“ဆီးရီးယားနိုင်ငံမှာ ဖြစ်ပျက်သွားတဲ့ အခြေအနေတွေကြောင့် မာလီမှာရှိတဲ့ အယ်ကေဒါအဖွဲ့ဟာ အောင်ပွဲခံနေပြီး ရုရှားနဲ့ မာလီအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို လျော့ပါးစေဖို့အတွက် အယ်ကေဒါတွေက လုပ်ဆောင် လာနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
ရုရှား၏ ကြေးစားစစ်သားများသည် ဆာဆယ်ဒေသရှိ နိုင်ငံများ (Sahel countries) ၏ စစ်အစိုးရများကို အာဏာ ဆက်တည်မြဲစေရန် ကူညီပေးခဲ့သည်။
ရုရှားရေတပ်ကို တွေ့ရစဉ်
ရုရှားသည် ထိုနိုင်ငံများရှိ ကြေးစားစစ်သားများကို ထောက်ပံ့ရန် ဆီးရီးယားရှိ စစ်စခန်းများကို အသုံးပြုခဲ့သော် လည်း လက်ရှိတွင် ဆီးရီးယားရှိ ရုရှားစစ်စခန်းများ၏ အနာဂတ်သည် မရေရာသည့် အခြေအနေနှင့် ရင်ဆိုင် နေရသည်။
ထို့ကြောင့် ဆာဟယ်ဒေသရှိ ရုရှား၏ အာဖရိကတပ်ဖွဲ့များနှင့် စစ်အစိုးရများသည် ရုရှားထံမှ အကူအညီကို ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်လာခဲ့ရသည်။
ထိုအခြေအနေမျိုးတွင် ရုရှားက ထိရောက်စွာ ကူညီပေးနိုင်ခြင်း မရှိပါက အာဖရိက၌ ရုရှား၏ ဩဇာအာဏာသည် ကျဆင်းလာဖွယ်ရှိကြောင်း အော့ခီယန်က ပြောကြားခဲ့သည်။
Source: DW

- By CNI
- Category: နိုင်ငံရေး
- Hits: 489
CNI International News
ဟောင်ကောင်၊ ဇန်နဝါရီ ၁၄
ဟောင်ကောင်ဒေသခံများသည် ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် လူကုန်ကူးပြီး အတင်း အဓမ္မ အလုပ်စေခိုင်း ခံခဲ့ရသည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဟောင်ကောင်သည် အထူးတပ်ဖွဲ့တစ်ဖွဲ့ ကို ထိုင်းနိုင်ငံသို့ စေလွှတ်ပြီး ဖြန့်ကြက်ချထားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
လုံခြုံရေးဗျူရို (SB) တပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးမှ အရာရှိများ၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများ အပါအဝင် ထိုင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး ခဲ့သည်ဟု Hong Kong Free Press က ဇန်နဝါရီ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။
ပြီခဲ့သည့် နှစ်လယ်ပိုင်းကတည်းက ဟောင်ကောင်အာဏာပိုင်များသည် အကူအညီ တောင်းခံသည့် တောင်းဆို ချက် ၂၈ ခုကို လက်ခံရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။
ထိုဖြစ်စဉ်များအနက် လူ ၁၆ ဦးသည် ဟောင်ကောင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး ကျန် ၁၂ ဦးသည် ပျောက်ဆုံးနေဆဲဖြစ်သော်လည်း ၎င်းတို့သည် ဘေးကင်းလုံခြုံပြီး မိသားစုနှင့် အဆက်အသွယ် ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဟောင်ကောင်အထူးတပ်ဖွဲ့ ထိုင်းကို ရောက်လာစဉ်
ထိုအမှုများနှင့်ပတ်သက်ပြီး ဟောင်ကောင်၏ SB အရာရှိများ ဟောင်ကောင်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်များနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများသည် ထိုင်းသို့ ဇန်နဝါရီ ၁၂ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
လူမှောင်ခို ကူးခံရသူများအနက် တစ်ဦး၏ မိသားစုကမူ ကယ်လ်ဗင် (Kelvin) အမည်ရှိ ၎င်းတို့၏ မိသားစုဝင် တစ်ဦးသည် မြန်မာနိုင်ငံ၏ စိုက်ခင်းတစ်ခုတွင် အလုပ်လုပ်ရမည်ဟု လိမ်ညာ ခေါ်ဆောင်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
မကြာသေးမီက ထိုင်း-မြန်မာ နယ်စပ်တွင် တရုတ်သရုပ်ဆောင်မင်းသား ဝမ်ရှင်း (Wang Xing) ကို ပြန်လည် ကယ်တင်နိုင်ခဲ့ပြီးနောက် ကယ်လ်ဗင်သည် ၎င်းအား ကယ်ထုတ်ပေးရန် ဟောင်ကောင်ရှိ ထိုင်းကောင်စစ်ဝန်ရုံးထံ အသနားခံလျှောက်ထားခဲ့သည်။
တရုတ်မင်းသား ဝမ်အား ကယ်တင်နိုင်ခဲ့မှုသည် တရုတ်အာဏာပိုင်များ အနေဖြင့် လူကုန်ကူးခံခဲ့ရသည့် တရုတ် နိုင်ငံသားများကို ပြန်လည် ကယ်တင်နိုင်စွမ်းရှိသည်ကို ပြသရာရောက်ကြောင်း နစ်နာသူများ၏ မိသားစုများက ယုံကြည်ထားကြသည်။
Source: Thai PBS World

- By CNI
- Category: နိုင်ငံရေး
- Hits: 376
CNI International News
အန်ကာရာ၊ ဇန်နဝါရီ ၁၄
တူရကီနှင့် ဆီးရီးယားနိုင်ငံရှိ ကာ့ဒ်လူမျိုးများအတွက် မဟာဗျူဟာ ၂ ခုရှိကြောင်း တူရကီသမ္မတ အာဒိုဂန် (Recep Tayyip Erdogan) က အရိပ်အမြွက် ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အာဒိုဂန်သည် နှစ်သစ်ကူး မိန့်ခွန်းအတွင်းကလည်း အနာဂတ်တွင် တူရကီအတွက် မိမိတို့၏ သဘောထားကို သဘောပေါက် နားလည်စေရန်နှင့် ဒေသတစ်ခုလုံးအား အကြမ်းဖက်မှု မရှိစေရန် ခိုင်မာသည့် အစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အာဒိုဂန်သည် လက်ရှိ တူရကီအစိုးရနှင့် ကာ့ဒ်များ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို ရည်ညွှန်းပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို အာဒိုဂန်၏ ညွှန်ပေါင်းမဟာမိတ်ဖြစ်သည့် မျိုးချစ်လှုပ်ရှားရေး ပါတီ(MHP)၏ဥက္ကဋ္ဌ ဒေ့ဗ်လက် ဘာစီလီ (Devlet Bahceli) က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အာဒိုဂန်အတွက် ကာ့ဒ်အဖွဲ့များနှင့် ပတ်သက်ပြီး အဓိကမဟာဗျူဟာ ၂ ခုမှာ ကာ့ဒ်အလုပ်သမားပါတီ (PKK) နှင့် ပြန်လည်ပေါင်းစည်းပြီး PKK ပါတီကို ဖျက်သိမ်းရေးဖြစ်သည်။
တူရကီသမ္မတ အာဒိုဂန်ကို တွေ့ရစဉ်
တူရကီ အရှေ့တောင်ပိုင်းနှင့် အီရတ်နိုင်ငံ မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် PKK ပါတီကို တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး PKK လက်နက်ကိုင်များသည် ၁၉၈၄ ခုနှစ် ကတည်းက တူရကီအစိုးရနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုလက်နက်ကိုင် ပဋိပက္ခများကြောင့် ၁၉၈၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း လူပေါင်း ၄၀,၀၀၀ ခန့် သေဆုံးခဲ့သည်။
အာဒိုဂန်အတွက် နောက်ထပ် မဟာဗျူဟာမှာ ဆီးရီးယားနိုင်ငံအတွင်းရှိ YPG ကာ့ဒ်လက်နက်ကိုင်အဖွဲ့ကို ဖျက်သိမ်းရေး ဖြစ်သည်။
YPG အဖွဲ့သည် PKK မှ ခွဲထွက်လာခဲ့သည့် ကာဒ့်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အာဒိုဂန်က အမေရိကန်၏ ထောက်ပံ့ မှုကို ရရှိထားသည့် YPG အဖွဲ့ကိုလည်း တူရကီအတွက် ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်ထားသည်။
ထို့ကြောင့် တူရကီသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ နယ်မြေ အများအပြားကို ထိန်းချုပ်ထားသည့် YPG အဖွဲ့ အား ဖျက်သိမ်းပေးရန် ဆီးရီးယားကြားဖြတ်အစိုးရကို တောင်းဆိုခဲ့သည်။
သို့သော် တူရကီ၏ တောင်းဆိုချက်သည် လက်တွေ့ဖြစ်မြောက်ရန် အလားအလာမရှိကြောင်း အစ္စတန်ဘူလ် (Istanbul) မြို့ရှိ ဆာဘန်စီ တက္ကသိုလ် (Sabanci University) မှ နိုင်ငံရေးသိပ္ပံပညာရှင် ဘာ့ခ် အိဆန် (Berk Esen) က ပြောကြားခဲ့သည်။
Source: DW

- By CNI
- Category: နိုင်ငံရေး
- Hits: 438
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁၄
၂၀၂၇ ခုနှစ်တွင် အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်ချထားသည့် ကမ္ဘာ့အနောက်ခြမ်း ဒေသများ၌ တရုတ် လေတပ်သည် အမေရိကန်တပ်ဖွဲ့များထက် ပိုမိုအင်အား သာလွန်လာနိုင်ကြောင်း အမေရိကန်တပ်မှူးတစ်ဦးက ပြောကြားခဲ့သည်ဟု The Aviationist သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
၂၀၂၇ ခုနှစ်တွင် ထိုဒေသများ၌ အမေရိကန် ခေတ်မီတိုက်လေယာဉ် ၁ စင်းရှိပါက တရုတ်က ၁၂ စင်းအထိရှိနိုင်ပြီး အမေရိကန်၏ ရေကြောင်းကင်းလှည့်လေယာဉ် ၁ စင်းရှိချိန်တွင် တရုတ်က ၃ စင်းအထိ ရှိလာနိုင်သည်ဟု အမေရိကန်လေတပ် တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် ဒေါက် ဝစ်ကတ် (Doug Wickert) က ပြောကြားခဲ့ သည်။
ကယ်လီဖိုးနီးယား (California) ပြည်နယ်၊ အက်ဒွပ် လေတပ်စခန်း (Edwards AFB)တွင် ဇန်နဝါရီ ၆ ရက်က ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခု၌ အမှတ် ၄၂၁ Test Wing လေတပ်၏ တပ်မှူးဖြစ်သူ ဝစ်ကတ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်စစ်တပ်၏ စွမ်းဆောင်ရည်များ၊ အထူးသဖြင့် မကြာသေးမီက ထုတ်ဖော်ပြသခဲ့သည့် တရုတ်၏ မျိုးဆက် သစ် လေယာဉ်များနှင့်ပတ်သက်ပြီး စိုးရိမ်စရာကောင်းကြောင်း ၎င်းက ဆိုသည်။
အမှတ် ၄၁၂ Test Wing တပ်ဖွဲ့သည် လေတပ်၏ အားထုတ်ကြိုးပမ်းမှုများကို စမ်းသပ်ခြင်း၊ အကဲဖြတ် ချင့်တွက် ခြင်း၊ ခေတ်မီ ဆော့ဖ်ဝဲများနှင့် လက်နက်စနစ်များမှအစ လေယာဉ် အစိတ်အပိုင်း အားလုံးကို စမ်းသပ်စစ်ဆေး ရသည့် တပ်ဖွဲ့ဖြစ်သည်။
အမေရိကန်ရဲ့ B-12 တိုက်လေယာဉ်ကိုတွေ့ရစဉ်
၎င်းတို့တပ်ဖွဲ့တွင် ကျွမ်းကျင်ပညာရှင်ပေါင်း ၅၀၀၀ ကျော်ရှိပြီး မတူကွဲပြားသည့် လေယာဉ် အမျိုးစားပေါင်း ၃၀ ခန့် ပါဝင်သော လေတပ်လေယာဉ်အစင်း ၉၀ ကို ပျံသန်းရန် အသင့်အနေအထား ထားရှိခဲ့သည်။
ဝစ်ကတ်၏ တပ်ဖွဲ့ဝင်များသည် စမ်းသပ်ပျံသန်းသည့် ခရီးစဉ်ပေါင်း ၂၀၀၀ အပါအဝင် မစ်ရှစ် ၇၄၀၀ ကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
မကြာသေးမီ ကာလများအတွင်း တရုတ်ကွန်မြူနစ်ပါတီ(CCP)၏ ဆိုက်ဘာ တိုက်ခိုက်မှုများရှိခဲ့ပြီး အမေရိကန်၏ အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ကြောင်း ဝစ်ကတ်က ပြောသည်။
ထို့ပြင် တရုတ်စစ်တပ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် လျှင်မြန်ပြီး စစ်အင်အားကို အဆင့်မြှင့်တင် မွမ်းမံမှုသည်လည်း အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုထက် သာလွန်ခဲ့ကြောင်း ဝစ်ကတ်က ပြောကြားခဲ့သည်။
Source: The Aviationist

- By CNI
- Category: နိုင်ငံရေး
- Hits: 272
CNI International News
ကိယက်ဗ်၊ ဇန်နဝါရီ ၁၃
ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏ ကာ့စ် (Kursk) ဒေသတွင် မြောက်ကိုရီးယားစစ်သား ၂ ယောက်ကို ဖမ်းဆီး ရမိခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskiy) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုဖြစ်စဉ်သည် ပြီးခဲ့သည့်နှစ် ဆောင်းဦးရာသီက ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား ပါဝင်လာခဲ့ ပြီးနောက် မြောက်ကိုရီးယား စစ်သားများကို အရှင်ဖမ်းမိကြောင်း ယူကရိန်းက ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား စစ်သားများသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ကတည်းက ယူကရိန်းစစ်ပွဲတွင် ရုရှား စစ်တပ်ဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့ပြီး ယူကရိန်းစစ်ပွဲအတွင်း ပါဝင်လာသည့် မြောက်ကိုရီးယားစစ်သား ၁၀,၀၀၀ ခန့်ရှိကြောင်း ယူကရိန်းနှင့် ၎င်း၏ အနောက်မဟာမိတ်နိုင်ငံများက ပြောကြားခဲ့သည်။
ဖမ်းဆီးရမိသည့် မြောက်ကိုရီးယား စစ်သားများကို ကိယက်ဗ် (Kyiv) မြို့တော်သို့ ခေါ်ဆောင်လာခဲ့ပြီး ယူကရိန်း ပြည်တွင်း ထောက်လှမ်းရေးအေဂျင်စီဖြစ်သည့် (SBU) က စစ်ဆေးမေးမြန်းနေကြောင်း ဇာလန်းစကီးက X လူမှု မီဒီယာတွင် ပြောကြားခဲ့သည်။
“အခြားစစ်သုံ့ပန်းတွေနဲ့အတူ မြောက်ကိုရီးယား စစ်သား ၂ ယောက်ကို ဆေးဝါးကုသပေးနေပါတယ်”ဟု ဇာလန်းစကီးက ပြောကြားခဲ့ပြီး မကြာမီအချိန်အတွင်း ဂျာနယ်လစ်များနှင့် တွေ့ခွင့်ပေးမည်ဟု ဆိုသည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
ပြီးခဲ့သည့် ဩဂုတ်လတွင် ရုရှား၏ ကာ့စ်ဒေသအား ယူကရိန်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိုဒေသ တွင် မြောက်ကိုရီးယား စစ်သားများလည်း ရုရှားဘက်မှ ကူညီတိုက်ခိုက် ပေးနေကြောင်း ယူကရိန်းက ယခင် ကတည်းက ပြောကြားခဲ့သည်။
လက်ရှိ အချိန်အထိ ယူကရိန်းစစ်သားများသည် ကာ့စ်ဒေသ၏ စတုရန်း ကီလိုမီတာ ရာနှင့်ချီသည့် နယ်နိမိတ် များကို ထိန်းချုပ်ထားကြောင်းလည်း ယူကရိန်းအစိုးရက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ရုရှားကို စစ်သားများ စေလွှတ်ကူညီရုံသာမက လက်နက်ကြီးကျည်များလည်း အများအပြား ထောက်ပံ့ပေးနေကြောင်း ယူကရိန်းနှင့် အနောက်နိုင်ငံများက ပြောကြားခဲ့သည်။
ရုရှားကမူ ကာ့စ်ဒေသတွင် မြောက်ကိုရီးယား စစ်သားများ ရှိနေသည်ဆိုသည့် သတင်းများကို အတည်မပြုဘဲ လက်ရှိ မြောက်ကိုရီးယား စစ်သားများ ဖမ်းဆီးခံရသည်ဆိုသည့် သတင်းကိုလည်း ရုရှားနှင့် မြောက်ကိုရီးယား တို့က မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 333
CNI International News
ကိုင်ရို၊ ဇန်နဝါရီ ၁၃
ဆူဒန်စစ်တပ်သည် ၎င်းတို့နှင့် စစ်ပွဲဖြစ်ပွားနေသည့် အရန်လက်ရုံးတပ် (RSF) ထိန်းချုပ်ထားသည့် နိုင်ငံအလယ် ပိုင်းရှိ ဝက်မာဒါနီ (Wad Madani) မြို့ထဲသို့ ချီတက်ဝင်ရောက်လာကြောင်း ဆူဒန်စစ်တပ်က ဇန်နဝါရီ ၁၁ ရက် တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆူဒန်စစ်တပ် အနေဖြင့် ထိုမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါက ၂ နှစ်နီးပါးကြာ ဖြစ်ပွားလာသည့် ပြည်တွင်းစစ်အတွင်း အကြီးမားဆုံး အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။
ဆူဒန်စစ်တပ်က အွန်လိုင်းတွင် တင်ထားသည့် ဗွီဒီယိုတစ်ခု၌ အယ် ဂီဇီရာ (El Gezira) ပြည်နယ်၏ မြို့တော်ဖြစ် သည့် ဝက်မာဒါနီ မြို့ထဲသို့ စစ်သားများ ဝင်ရောက်လာသည့် မြင်ကွင်းများကို ဖော်ပြထားသည်။
စိုက်ပျိုးမွေးမြူရေးနှင့် ကုန်သွယ်ရေး ဗဟိုချက်ဖြစ်သည့် ထိုမြို့ကို RSF က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ဆူဒန်စစ်တပ် အနေဖြင့် ဝက်မာဒါနီ မြို့တည်ရှိသည့် အယ်ဂီဇီရာ ပြည်နယ်တစ်ခုလုံးကို ပြန်လည်ထိန်းချုပ် နိုင်မည် ဆိုပါက ၂၀၂၃ ခုနှစ်၊ ဧပြီလကတည်းက စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း ကြီးမားသော အလှည့်အပြောင်း ဖြစ်လာမည်ဖြစ်သည်။
ဆူဒန်စစ်တပ် မြို့ထဲရောက်လာလို့ ပျော်နေကြစဉ်
စစ်တပ်နှင့် အရန်လက်ရုံးတပ်အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် ဆူဒန်သည် ကမ္ဘာ့ အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားခဲ့ပြီး လူ ၁၂ သန်းကျော် အိမ်ပစ်ရာပစ် စွန့်ခွာထွက်ပြေးခဲ့ ရကာ နိုင်ငံ့လူဦးရေ ထက်ဝက်ခန့်သည် အငတ်ဘေးနှင့် ကြုံတွေ့နေရသည်။
“စစ်တပ်ရဲ့ ခေါင်းဆောင်တွေက ဒီနေ့ မနက်မှာ ဝက်မာဒါနီ မြို့ထဲကို စစ်သားတွေ ဝင်ရောက်နိုင်မှုအတွက် ဂုဏ်ပြု စကားပြောကြားခဲ့ပါတယ်။ အခုတော့ စစ်သားတွေဟာ သူပုန်တွေရဲ့ လက်ထဲကနေ အဲဒီမြို့ကို ပြန်သိမ်း ယူဖို့ လုပ်နေကြပါပြီ” ဟု ဆူဒန်စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
RSF ခေါင်းဆောင် မိုဟာမက် ဟမ်ဒန် ဒါဂလို (Mohamed Hamdan Dagalo) ကလည်း ထိုမြို့တွင် ၎င်းတို့ဘက်မှ အရေးနိမ့်နေကြောင်း ဝန်ခံခဲ့သော်လည်း တိုက်ပွဲမှာ မပြီးသေးကြောင်း Telegram တွင် ပြောကြားခဲ့သည်။
“ကျနော်တို့ဟာ ဝက်မာဒါနီမြို့ကို ဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမယ့် မကြာခင် ပြန်လည်သိမ်းပိုက်မှာပါ။ ကျနော်တို့ တပ်တွေပြန်စုဖို့ လိုပါတယ်”ဟု ဒါဂလိုက ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 341
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၁၃
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတယွန်းဆော့ရွဲ(Yoon Suk-yeol) ၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာပြီး တစ်လအကြာ၌ တောင်ကိုရီးယားသည် နိုင်ငံရေး အကျပ်အတည်း အတွင်းမှာပင် ဆက်ရှိနေဆဲဖြစ်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
သို့သော် အတိုက်အခံ ပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီသည် တောင်ကိုရီးယား၏ အာဏာကို ရရှိသွားခဲ့ မည်ဆိုပါက တောင်ကိုရီးယားနှင့် တရုတ်အကြား ဆက်ဆံရေးများ ပိုမိုနီးစပ်သွားနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃ ရက်က ယွန်းသည် နိုင်ငံကို တုန်လှုပ်သွားစေသည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သော်လည်း နာရီပိုင်းအကြာမှာပင် လွှတ်တော်က ထိုစစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ချခဲ့သလို ယွန်းကလည်း စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေမြောင်ကို တွေ့ရစဉ်
ဒီဇင်ဘာ ၁၄ ရက်တွင် လွှတ်တော်က ယွန်းကို စွပ်စွဲပြစ်တင်ခဲ့ပြီး သမ္မတလုပ်ပိုင်ခွင့်များကို ဆိုင်းငံ့ခဲ့သလို ရဲတပ်ဖွဲ့ ကလည်း ယွန်းကို ဖမ်းဆီးရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။
သို့သော်လည်း သမ္မတလုံခြုံရေးအဖွဲ့များ၏ ဟန့်တားမှုကြောင့် အောင်မြင်ခဲ့ခြင်းမရှိပေ။
ယွန်း၏ စွပ်စွဲပြစ်တင်ခံရသည့် အမှုကို တောင်ကိုရီးယား၏ အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ကြားနာစစ်ဆေးမည် ဖြစ်ပြီး အချိန် ၆ လခန့် ကြာမြင့်လိမ့်မည်ဖြစ်သည်။
တကယ်၍ အခြေခံဥပဒေဆိုင်ရာခုံရုံးက ယွန်းကို ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့မည်ဆိုပါက ၂ လအတွင်း ရွေးကောက်ပွဲ ပြုလုပ်ရမည်ဖြစ်သည်။
အခြေခံဥပဒေဆိုင်ရာခုံရုံးက ယွန်းကို ရာထူးတွင် ဆက်ထားရန် ဆုံးဖြတ်ခဲ့မည်ဆိုသည့်တိုင် လက်ရှိ ဖြစ်ပျက်ခဲ့ သည့် အခြေအနေများအရ တောင်ကိုရီးယား ပြည်သူများသည် လာမည့် ရွေးကောက်ပွဲတွင် အတိုက်အခံများကို မဲပေးဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေမြောင်နဲ့ သမ္မတယွန်းဆော့ရွဲကို တွေ့ရစဉ်
ပြီးခဲ့သည့်လက အမေရိကန်၏ Gallup အတိုင်ပင်ခံကုမ္ပဏီက ပြုလုပ်သည့် စစ်တမ်းတွင် လာမည့်ရွေးကောက်ပွဲ၌ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေမြောင် (Lee Jae-myung) က အနိုင်ရရန် ရေပန်းစားနေ ကြောင်း ဖော်ပြခဲ့သည်။
"ဒီမိုကရက်တစ်ပါတီသာ အာဏာရသွားမယ်ဆိုရင် တောင်ကိုရီးယား- တရုတ် ဆက်ဆံရေးတွေ ပိုပြီးကောင်းလာ ပါလိမ့်မယ်" ဟု ဆိုးလ်မြို့တော်၏ ဟန်ကွတ်တက္ကသိုလ် ( Hankuk University) မှ ပြည်ပရေးရာလေ့လာရေး ဌာန၏ ပါမောက္ခ ကန်ဂျွန်ယောင် (Kang Jun-young) က ပြောကြားခဲ့သည်။
“တောင်ကိုရီးယား အတိုက်အခံတွေဟာ အမေရိကန်နဲ့ ဆက်ဆံရေးကိုလည်း ထိန်းထားပြီး တစ်ဖက်မှာလည်း တောင်ကိုရီးယား-တရုတ် ဆက်ဆံရေးကို ကောင်းမွန်အောင် မြှင့်တင်ပါလိမ့်မယ်” ဟု ကန်က ပြောကြားခဲ့သည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 408
CNI International News
နယူးဒေလီ၊ ဇန်နဝါရီ ၁၃
တစ်ချိန်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဆက်ဆံရေးသည် တောင်အာရှဒေသ၏ သံတမန်ရေးရာ မှတ်ကျောက် တစ်ခု ဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ဆက်ဆံရေး တင်းမာလာခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အဆိုပါ နှစ်နိုင်ငံအကြား နိုင်ငံရေးအရ ကြားဝင်စွက်ဖက်မှုများနှင့် သက်ဆိုင်ရာ ပြည်တွင်းရေး ပြဿနာများက အခြေအနေကို ပိုမိုဆိုးရွားစေရန် တွန်းပို့ပေးနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အိန္ဒိယသည် ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) ကို ခိုလှုံခွင့်ပေးထားပြီး ဟာစီနာအား ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုနေသည့် ဘင်္ဂလားဒေ့ရှ်ကြားဖြတ် အစိုးရအဖွဲ့၏ တောင်းဆိုချက်ကို လျစ်လျှူရှုခဲ့သည်။
ကျွမ်းကျင်သူများကမူ အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးတွင် လိုအပ်သည်ထက် ပိုမိုလုပ်ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သည့် ဟိန္ဒူဘာသာဝင်များ၏ အခွင့်အရေးကို စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့သည်။
မိုဒီနဲ့ ဟာစီနာကို တွေ့ရစဉ်
ထိုအခြေအနေများသည် နှစ်နိုင်ငံ ပြည်သူများအကြား စိတ်ဝမ်းကွဲစေပြီး နှစ်နိုင်ငံ အစိုးရများအနေဖြင့် သံတမန် ဆက်ဆံရေးဖြင့် ဖြေရှင်းခြင်းမပြုပါက အခြေအနေ ပိုဆိုးလာစေနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးခဲ့ သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်ရှိ ဟိန္ဒူဘာသာဝင် လူနည်းစုအတွက် မျှတမှုရှိသည့် တရား စီရင်မှုများ ပြုလုပ်ပေးရန် ယခုလအတွင်း တောင်းဆိုခဲ့ပြီးနောက် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် ပုန်ကန်မှုစွဲချက်နှင့် ရင်ဆိုင်နေရသည့် ဟိန္ဒူဘုန်းတော်ကြီး တစ်ပါး၏ အာမခံ လျှောက်ထား မှုကို ဘင်္ဂလားဒေ့ရှ်တရားရုံးက ငြင်းပယ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်းဆိုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးတွင် အိန္ဒိယ၏ ပါဝင်နေမှုသည် ကြားဝင်စွက်ဖက်မှုအဖြစ် ရှုမြင်ခံရသည့် အခြေအနေသို့ ရောက်ရှိသွားစေနိုင်ကြောင်း ဒါကာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ရှာဖိ အမ်ဒီ မော့တိုဖာ (Shafi Md Mostofa) က ပြောကြားခဲ့သည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 486
CNI International News
ဇန်နဝါရီ ၁၁ ၊ ဝါရှင်တန်
ပြီးခဲ့သည့်လက အမေရိကန်သည် ပါကစ္စတန်နိုင်ငံပိုင် ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် အခြား ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ မထင်မှတ်ထားလောက်သည့် အမေရိကန်၏ လုပ်ဆောင်ချက်သည် ပါကစ္စတန်၏ ဒုံးကျည်စီမံကိန်း အပေါ် ထားရှိသည့် အမေရိကန်အစိုးရ၏ ရပ်တည်ချက်နှင့် ကွဲလွဲနေပြီး ပါကစ္စတန်၏ ပြိုင်ဘက် အိန္ဒိယအတွက် သတင်းကောင်းတစ်ခု ဖြစ်လာခဲ့သည်။
ထို့ပြင် အမေရိကန်၏ အင်ဒို-ပစိဖိတ် ဒေသအပေါ် ထားရှိသည့် မဟာဗျူဟာအရ ထိုကဲ့သို့ ပိတ်ဆို့မှုများ ချမှတ်ခြင်းဖြစ်ကာ တောင်အာရှဒေသတွင် အိန္ဒိယကို ဦးစားပေးသည့် အင်အားချိန်ခွင်လျှာညှိမှုလည်း ဖြစ်နိုင် သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်၏ ပါကစ္စတန်အပေါ် ပိတ်ဆို့မှုချမှတ်ခြင်းသည့် မကြာသေးမီ နှစ်များအတွင်း နိုင်ငံပိုင် စစ်ဘက်ဆိုင်ရာ ကော်ပိုရေးရှင်းကို ပထမဆုံးအကြိမ် လူသိရှင်ကြား ပိတ်ဆို့မှုလည်းဖြစ်ပြီး ပါကစ္စတန်၏ နျူကလီးယား စွမ်းဆောင်ရည်များအပေါ် အမေရိကန်၏ ပြောင်းလဲလာသည့် သဘောထားကိုလည်း ပြသရာရောက်ခဲ့သည်။
ပါကစ္စတန်၏ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် အစီအစဉ်သည် တောင်အာရှထက် ကျော်လွန်သည့် အခြားဒေသများကို ပစ်မှတ်ထားနိုင်စွမ်းရှိသည့် အခြေအနေအပေါ် အမေရိကန်ထိပ်သီးအရာရှိများက စိုးရိမ်ခဲ့ကြသည်။
အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကိုတွေ့ရစဉ်
အထူးသဖြင့် အမေရိကန်အမျိူးသားလုံခြုံရေး လက်ထောက်အကြံပေးပုဂ္ဂိုလ် ဂျွန်ဖိုင်နာ (Jon Finer)သည် ပါကစ္စတန်၏ ဒုံးကျည် စွမ်းဆောင်ရည်များသည် အမေရိကန်နိုင်ငံအတွင်းရှိ ပစ်မှတ်များအထိပါ ချဲ့ထွင်နိုင်ဖွယ်ရှိ ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
“ပွင်းပွင့်လင်းလင်း ပြောရမယ်ဆိုရင် ပါကစ္စတန်ရဲ့ လုပ်ဆောင်ချက်တွေဟာ အမေရိကန်အတွက် ပေါ်ပေါက်လာ တဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ မြင်နေရတာဟာ ကျနော်တို့အတွက် ခက်ခဲပါတယ်” ဟု ဖိုင်နာက ပြောကြားခဲ့သည်။
ထိုအခြေအနေများသည် ပါကစ္စတန်၏ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စီမံကိန်းကို ထောက်ပံ့ရန် ငြင်းဆိုထားသည့် ကာလကြာရှည် ကျင့်သုံးလာသော အမေရိကန်၏ မူဝါဒကို ထပ်လောင်း အတည်ပြုရာ ရောက်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့် ပက်တယ် (Vedant Patel) က ပြောကြားခဲ့ သည်။
ပါကစ္စတန် ထိပ်သီးခေါင်းဆောင်များကမူ အမေရိကန်၏ ပိတ်ဆို့မှုများသည် လိုတစ်မျိုး၊ မလိုတစ်မျိုး ကျင့်သုံး သည့် အမေရိကန်၏ စံနှုန်းနှစ်ဖက်ပါသည့် မူဝါဒကို ပြသခြင်းဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။
Source: Nikkei Asia