- By CNI
- Category: နိုင်ငံရေး
- Hits: 671
CNI International News
ဖနွန်ပင်၊ ဒီဇင်ဘာ ၁၈
ထိုင်းနှင့်ဖြစ်ပွားနေသည့် နယ်စပ်စစ်ပွဲတွင် ကမ္ဘောဒီးယားဘက်မှ ရုရှားနိုင်ငံသားများ အပါအဝင် ပြည်ပ ကြေးစား စစ်သားများ ပါဝင်နေသည်ဆိုသည့် ထိုင်းမီဒီယာများက ဖော်ပြခဲ့သော သတင်းများကို ကမ္ဘောဒီးယား အထက် လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ငြင်းဆိုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားစစ်တပ်၏ စစ်ဆင်ရေးများအတွင်း ပြည်ပစစ်သားများ သို့မဟုတ် ကြေးစားစစ်သားများ မည်သည့် အခါကမျှ ပါဝင်ခဲ့ခြင်းမရှိကြောင်း၊ ကမ္ဘောဒီးယား၏ ဂုဏ်သိက္ခာသည် ပကတိအတိုင်း တည်ရှိနေကြောင်းနှင့် ပြည်ပစစ်သားများလည်း မရှိကြောင်း ဟွန်ဆန်က Facebook တွင် ရေးသားခဲ့သည်။
ကမ္ဘောဒီးယားသည် ယခင်က ငြိမ်းချမ်းရေး ထိန်းသိမ်းရေး မစ်ရှင်များအတွက် ပြည်ပစစ်သားများကို လက်ခံထားခဲ့ ဖူးသော်လည်း လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံအတွင်း ပြည်ပစစ်မှုထမ်းများ မရှိကြောင်း ၎င်းက ထပ်လောင်း အတည်ပြုခဲ့သည်။

ကုလငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့မှာ ကမ္ဘောဒီးယားစစ်သားတွေ တာဝန်ထမ်းဆောင်ခဲ့စဉ်
ဒီဇင်ဘာ ၇ ရက်က ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ထိုတိုက်ခိုက်မှုများအတွင်း ရုရှားများ အပါအဝင် ပြည်ပစစ်သားများ ပါဝင်ခဲ့ကြောင်း ထိုင်းမီဒီယာများက ထုတ်ပြန် ခဲ့ပြီးနောက် ဟွန်ဆန်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုင်းမီဒီယာများ၏ သတင်းများကို ဟွန်ဆန်က ပြတ်သားစွာ ငြင်းဆိုခဲ့ပြီး တိုက်ပွဲများအတွင်း အကြံပေးများ သို့မဟုတ် ကြေးစားစစ်သားများ မပါဝင်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားသည် စစ်တပ်နှင့်မဆက်နွှယ်သည့် ခရီးသွားလာရေးကဏ္ဍ သို့မဟုတ် စီးပွားရေး လုပ်ငန်းများ တွင်သာ ပြည်ပနိုင်ငံသားများကို ပါဝင်ခွင့် ပြုထားကြောင်း၊ နိုင်ငံအတွင်း မည်သည့် ပြည်ပစစ်သားများမှ တပ်စွဲထားခြင်း မရှိကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 1011
CNI International News
ဒီမာပူရ၊ ဒီဇင်ဘာ ၁၈
အိန္ဒိယအစိုးရသည် နာဂလူမျိုးများကို မညီညွတ်အောင်လုပ်ကာ ငြိမ်းချမ်းရေးကို အချိန်ဆွဲနေခြင်းကြောင့် နာဂ လူမျိုးစုများ အရူးမဟုတ်ကြောင်း ဗဟိုအစိုးရသိထားရမည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/နီကီဆူမီ (NSCN-K/NK) အဖွဲ့ခေါင်းဆောင် နီကီဆူမီ (Niki Sumi)က ပြောကြားခဲ့သည်။
နာဂနိုင်ငံရေးပါတီများ၊ နာဂလူမျိုးများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် နာဂနိုင်ငံရေးပြဿနာကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု Assam Tribune မှ ဖော်ပြခဲ့ သည်။
နီကီဆူမီက "ဗဟိုအစိုးရက ပြဿနာကို ကြာရှည်အောင် မူဝါဒ ရေးဆွဲနေပြီး နာဂလူမျိုးတွေဟာ နောက်ဆုံးမှာ အားနည်း သွားလိမ့်မယ်လို့ တွေးနေပါတယ်။ ဒါပေမယ့် နာဂလူမျိုးတွေက အရူးတွေ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဖြေရှင်းချက် မရှိဘဲ ဆွေးနွေးမှုတွေကို နိဂုံးချုပ်ဖို့ ရည်ရွယ်ထားတယ် ဆိုရင်တော့ နာဂလူမျိုးတွေက စောင့်ကြည့် နေတာကြောင့် နောက်ဆုံးမှာ လက်တွေ့ အခြေအနေကို နားလည်လာမှာပါ" ဟု ပြောကြားခဲ့သည်။

အရှေ့ပိုင်း နာဂလန်း ပြည်သူ့ အဖွဲ့အစည်း(ENPO)နဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီးကို တွေ့ရစဉ်
နာဂလူမျိုးစု ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များသည် အိန္ဒိယအစိုးရနှင့် ၎င်းတို့ကြား ဆက်ဆံမှုများ နှင့်ပတ်သက်ပြီး လူထုကို လိမ်ညာနေကြောင်း၊ အဆင့်မြင့် အစည်းအဝေးပွဲများကို တက်ရောက်သည့် ခေါင်းဆောင် အချို့သည် နာဂလူမျိုးစုများကြား သဘောထား ကွဲလွဲမှုများ ဖန်တီးရန် အိန္ဒိယထောက်လှမ်းရေး အေဂျင်စီများ၏ ထိန်းချုပ်မှုကို ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။
နီကီဆူမီက နာဂနိုင်ငံရေးအဖွဲ့များကြား သဘောထား ကွဲနေမှုများနှင့်ပတ်သက်ပြီး ဝမ်းနည်းကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က အပစ်အခတ်ရပ်စဲရေး ကြီးကြပ်ရေး ဘုတ်အဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
၎င်းက "လူ့အဖွဲ့အစည်းက သဘောထား ကွဲလွဲနေမယ်ဆိုရင် လူမျိုးစုတွေ ဒါမှမဟုတ် ကျေးရွာတွေအပေါ်မှာ အခြေခံပြီး အုပ်စုတွေ ကွဲလာပါလိမ့်မယ်။ နာဂ နိုင်ငံရေးအုပ်စုတွေကိုပဲ အပြစ်တင်ရမှာ မဟုတ်ဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုတွေက ဂိုဏ်းဂဏ ကွဲပြားမှုတွေကို ဖြစ်စေပါတယ်" ဟု ပြောကြားခဲ့ သည်။
အဓိက အဖွဲ့အစည်း ၃ ဖွဲ့ဖြစ်သည့် မဏိပူရ စည်းလုံးညီညွတ်သော နာဂကောင်စီ (UNC) ၊ အရှေ့ပိုင်း နာဂလန်း ပြည်သူ့ အဖွဲ့အစည်း (ENPO) နှင့် နာဂလန်း လူမျိုးစုကောင်စီ (NTC) တို့ကြား စည်းလုံးညီညွတ်ရန် လိုအပ် ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

NSCN-IM ကို တွေ့ရစဉ်
"ဂိုဏ်းဂဏ ကွဲပြားမှုတွေကို ဖန်တီးဖို့က ကျနော်တို့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ ပညာတတ် နာဂလူမျိုးတွေ၊ နိုင်ငံရေးအုပ်စုတွေအနေနဲ့ ဒါကို လေ့လာဖို့ လွယ်ပါတယ်။ အဲဒါမှ ပန်ဂျပ်ပြည်နယ်က လှုပ်ရှားမှုလိုမျိုး ကျနော် တို့က အဆုံးသတ်မသွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေက နမော်နမဲ့ နေမယ်ဆိုရင် အဖြေဟာလည်း ထွက်ပေါ်လာမှာ မဟုတ်ပါဘူး" ဟု ဆူမီက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မတိုးသာ၊ မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေခြင်းသည် နာဂအမျိုးသားနိုင်ငံရေး အဖွဲ့များ(NNPG) ၏ ချဉ်းကပ်ပုံနှင့် NSCN-IM ၏ မူဘောင် သဘောတူညီချက် (Framework Agreement) ကြား သိသိသာသာ ကွဲလွဲနေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
မဏိပူရ (Manipur) ၊ အရူနာချယ် ပရာဒေ့ရှ် ( Arunachal Pradesh) နှင့် အာသံ (Assam) ပြည်နယ်များရှိ နာဂ လူမျိုးများ နေထိုင်ရာ ဒေသများကို နာဂလန်း (Nagaland) ပြည်နယ်နှင့် ပေါင်းစည်းရေးကို ဗဟိုအစိုးရမှ သဘော မတူပါက နာဂအလံတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် NSCN-IM ၏ တောင်းဆိုမှုသည် ဝိရောဓိ ဖြစ်နေ ကြောင်း ၎င်းက ဆိုသည်။
"အမှန်တရားကတော့ ပေါင်းစည်းမှု မရှိဘဲနဲ့ နာဂအလံ ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေက တောင်ပိုင်း နာဂ လူမျိုးတွေအပေါ် ဘယ်လိုပုံစံမျိုးနဲ့ လွှမ်းခြုံသက်ရောက်နိုင်ပါ့မလဲ။ ဗဟိုအစိုးရက မဏိပူရ ဒါမှမဟုတ် အာရူနာ ချယ် ပြည်နယ်ရဲ့ နယ်နိမိတ်တွေကို ချိုးဖောက်ဖို့ သဘောတူမှာလား။ ပေါင်းစည်းမှုမရှိရင် အလံနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက တန်ဖိုးမရှိပါဘူး" ဟု ဆူမီက ပြောကြားခဲ့သည်။
Source: Assam Tribune
- By CNI
- Category: နိုင်ငံရေး
- Hits: 605
CNI International News
ဘာလင်၊ ဒီဇင်ဘာ ၁၇
ဂျာမနီနိုင်ငံ ဘာလင် (Berlin) မြို့တွင် အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်များကြား ဆွေးနွေးမှုများသည် စစ်မှန်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အခွင့်အလမ်းကို ဖန်တီးရာရောက်ကြောင်း ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်ချ် မားဇ် (Friedrich Merz)က ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့ပြင် ယူကရိန်းအတွက် ငြိမ်းချမ်းရေး အာမခံများ ကမ်းလှမ်းခဲ့ခြင်းကြောင့် အမေရိကန်ကို မားဇ်က ချီးကျူး ခဲ့သည်။
"အခုဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုအတွက် အခွင့်အရေး ရှိလာခဲ့ပါပြီ" ဟု မားဇ်က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy) နှင့်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
ဇာလန်းစကီးသည် ဒီဇင်ဘာ ၁၄ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အထူးကိုယ်စား လှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) ၊ ထရမ့်၏ သားမက် ဂျရတ် ကူရှ်နာ (Jared Kushner) တို့နှင့် ဒုတိယ မြောက်နေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့သည်။
အမေရိကန်နဲ့ ယူကရိန်း ဆွေးနွေးကြစဉ်
ထိုဆွေးနွေးမှုများတွင် ထရမ့်၏ ငြိမ်းချမ်းရေး အဆိုပြုချက်အပေါ် အခြေခံပြီး ၂၀၂၂ ခုနှစ်က စတင်ခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီမှုတစ်ခု ရရှိရန် ရည်ရွယ်ခဲ့သည်။
ယူကရိန်းအတွက် အနာဂတ် လုံခြုံရေး အာမခံချက်များနှင့် ယူကရိန်း၏ နယ်မြေများ အလျှော့ပေးမှုကဲ့သို့ အဓိက မေးခွန်းများကို ဆွေးနွေးခဲ့သည့် ထိုဆွေးနွေးမှုများသည် စစ်မှန်သော တိုးတက်မှုတစ်ခုဖြစ်သည်ဟု ယူကရိန်းက ချီးကျူးခဲ့သည်။
မားဇ်ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် အမေရိကန်နှင့် ဥရောပ၏ တရားဝင်မှုရှိသည့် ရုပ်ပိုင်း ဆိုင်ရာ လုံခြုံရေးအာမခံချက်များ ပါဝင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မားဇ်နှင့် ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ပိုလန်၊ ဖင်လန်၊ နေတိုးနှင့် အီးယူ အကြီးအကဲများ အပါအဝင် ဥရောပ ခေါင်းဆောင်များသည် ယူကရိန်းကို ထောက်ခံကြောင်း ပြသမည့် နောက်ထပ် အစည်းအဝေးတစ်ခုကို တက်ရောက်မည်ဖြစ်သည်။
ထိုအစည်းအဝေးကို ဝစ်ကောဖ်နှင့် ကူရှ်နာတို့လည်း တက်ရောက်လိမ့်မည်ဟု မားဇ်က ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 575
CNI International News
တိုင်ပေ၊ ဒီဇင်ဘာ ၁၇
ထိုင်ဝမ်တွင် အနုပညာရှင်များ၊ ထင်ရှားကျော်ကြားသူများ အပါအဝင် လူငယ်များက ဆေးလက်မှတ် အတုများ ပြုလုပ်ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို လက်တစ်လုံးခြားလုပ်၍ ရှောင်တိမ်းခဲ့သည့် ဖြစ်စဉ်များကြောင့် အာဏာ ပိုင်များက ထိုစစ်မှုထမ်းဥပဒေကို တင်းကျပ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
စစ်မှုထမ်းဥပဒေကို ပြုပြင်ပြောင်းလဲရန် အဆိုပြုချက်တွင်လည်း လိင်ပြောင်းလဲထားသူများနှင့် လိင်တူစုံမက် သူများကိုလည်း ထည့်သွင်းမည်ဖြစ်သဖြင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
ဒီဇင်ဘာ ၁၅ ရက်က ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေပြင်ဆင်မှု မူကြမ်းအရ ရုပ်ပိုင်းဆိုင်ရာ စံသတ်မှတ်ချက်နှင့် ပြည့်မီသူများကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုမည် မဟုတ်ကြောင်း ဖော်ပြထားသည်။
ထိုဥပဒေပြင်ဆင်မှုကို လွှတ်တော်က အတည်ပြုခဲ့မည်ဆိုပါက စစ်မှုထမ်းဥပဒေမှ ရှောင်လွှဲနိုင်မည့် အခွင့်အလမ်း များ အလွန်နည်းပါးသွားမည်ဖြစ်သည်။
အသစ်ပြင်ဆင်ထားသည့် မူကြမ်းအရ ခန္ဓာကိုယ် အလေးချိန်နှင့် အရပ်အမြင့်ကို အချိုးချသည့် ညွှန်းကိန်းဖြစ်သော (BMI) ညွှန်းကိန်း ၄၅ နှင့်အထက်ရှိနေသူ သို့မဟုတ် အရပ်အမြင့် ၄ ပေ ၇ လက်မအောက် ရှိသူများသည် စစ်မှု ထမ်းခြင်းမှ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

ထိုင်ဝမ်စစ်သားများကို တွေ့ရစဉ်
ယခင်သတ်မှတ်ချက်အရ BMI ညွှန်းကိန်း ၃၅ အထက်ရှိနေသူများ သို့မဟုတ် အရပ်အမြင့် ၅ ပေ ၅ လက်မနှင့် ကိုယ်အလေးချိန် ၂၂၂ ပေါင် ရှိသူများသည် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ရရှိခဲ့သည်။
ယခုပြင်ဆင်ခဲ့သည့် ဥပဒေမူကြမ်းအရ BMI ညွှန်းကိန်းကို ပြောင်းလဲခဲ့သဖြင့် အရပ်အမြင့် ၅ ပေ ၅ လက်မရှိပြီး ကိုယ်အလေးချိန် ၂၈၆ ပေါင်နှင့်အထက် ရှိသူများကိုသာ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ပေးတော့မည်ဖြစ်သည်။
ထို့ကြောင့် အရပ်အမြင့် ၅ ပေ ၅ လက်မနှင့် ကိုယ်အလေးချိန် ၂၈၆ ပေါင်အောက် ရှိသူများအားလုံးသည် စစ်မှုထမ်း ရတော့မည်ဖြစ်သည်။
ထို့ပြင် ယခင်က flat feet ဟုခေါ်သည့် ခြေဖဝါး ပြားသူများကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ပေးထားမှုကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 560
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၇
ထိုင်းအာဏာပိုင်များက ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက်နေသည့် ကမ္ဘောဒီးယား နိုင်ငံသားများနှင့် အန္တရာယ်ရှိသည်ဟု ယူဆရသော ပြည်ပခရီးသွားအုပ်စုများကို နယ်စပ်စစ်ဆေးမှုများအား တင်းကျပ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားစပိုင်များနှင့် ကြေးစားစစ်သားများသည် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ထိုင်းနယ်နိမိတ်အတွင်း စိမ့်ဝင်ထိုးဖောက်နေကြောင်း ထောက်လှမ်းရေးသတင်းများ ရရှိခဲ့ပြီးနောက် နယ်စပ်တွင် စစ်ဆေးရေး အစီအစဉ်များကို တင်းကျပ်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် အနူတင် (Anutin Charnvirakul) သည် ဒီဇင်ဘာ ၁၅ ရက်က အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ချက်ချိုင်း ဘန်ချွတ် (Chatchai Bangchuad) နှင့်အတူ အစိုးရအိမ်တော်တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အဖျက်အမှောင့် လုပ်ငန်းများနှင့် ကြေးစား စစ်သားများ ဝင်ရောက်နေသည့် သတင်းများ အပါအဝင် စိုးရိမ်စရာကောင်းသော အရေးကိစ္စများကို ဆွေးနွေးခဲ့ကြ သည်။

ထိုင်းနယ်စပ် လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
ထိုင်းရဲတပ်ဖွဲ့၏ ရဲဗိုလ်ချုပ် ချောင်ဂရွန် ရင်မ်ဖာဒီ (Choengron Rimphadee) ကမူ ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ချိန်ကတည်းက နှစ်နိုင်ငံကြား ခရီးသည်တင် လေကြောင်းလိုင်းများကို ပုံမှန်အတိုင်း ဆက်လက် ပြေးဆွဲနေကြောင်း ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ လုံခြုံရေး အခြေအနေများကြောင့် ပြီးခဲ့သည့် သီတင်းပတ်မှစပြီး လေဆိပ်များတွင် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နိုင်ခြေရှိသည်ဟု ယူဆရသည့် ပြည်ပနိုင်ငံသား အုပ်စုများကို စစ်ဆေးမှုများ တင်းကျပ်ခဲ့ သည်။
ထိုကဲ့သို့ စစ်ဆေးမှုများ တင်းကျပ်သည့် အစီအမံများကို အုပ်စုနှစ်စုအပေါ် အဓိကထားပြီး ပြုလုပ်ခဲ့သည်။

ထိုင်းနယ်စပ် လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
ပထမအုပ်စုမှာ ထိုင်းနှင့်ကမ္ဘောဒီးယားကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ဖြင့် လေကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ကမ္ဘောဒီးယား နိုင်ငံသားများဖြစ်ပြီး ဒုတိယ အုပ်စုမှာ အရှေ့ဥရောပနှင့် အာရှအထက်ပိုင်းမှ ကြေးစားစစ်သားများဟု သံသယဖြစ်ဖွယ် လူအုပ်စုများဖြစ်သည်။
ထိုင်းတွင် တရားဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား နိုင်ငံသားများ အနေဖြင့် ပဋိပက္ခ ဖြစ်ပွားနေသော ကာလအတွင်း ထိုင်းသို့ လာရောက်မည်ဆိုပါက ပြည်ပရှိ ထိုင်းသံရုံများတွင် သင့်တော်သည့် ဗီဇာ အမျိုးအစားများ လျှောက်ထားရန် လိုအပ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ရဲဗိုလ်ချုပ် ချောင်ဂရွန်က ပြောကြားခဲ့သည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးဗျူရိုသည် သံသယဖြစ်ဖွယ် ပြည်ပကြေးစား စစ်သားများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ပိုမိုရရှိရန် လုံခြုံရေးနှင့် ထောက်လှမ်းရေး အေဂျင်စီများဖြင့် ပူးပေါင်း ဆောင်ရွက်နေသည် ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 602
CNI International News
ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၇
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီ (Sydney) မြို့ရှိ ဘွန်ဒီကမ်းခြေ (Bondi Beach) တွင် ဒီဇင်ဘာ ၁၄ ရက်က ဂျူး မီးထွန်းပွဲတော်ကို ပစ်မှတ်ထားခဲ့သည့် တိုက်ခိုက်မှုသည် အိုင်အက်စ် အကြမ်းဖက်အဖွဲ့၏ အယူဝါဒ စေ့ဆော်မှု ကြောင့်ဖြစ်ကြာင်း ဩစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့၏ ရဲမင်းကြီး ခရစ္စီ ဘာရက် (Krissy Barrett)က ပြောကြားခဲ့ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
လူ ၁၅ ဦး သေဆုံးခဲ့သည့် ထိုပစ်ခတ်မှုကို အသက် ၅၀ အရွယ်နှင့် အသက် ၂၄ နှစ်အရွယ် သားအဖနှစ်ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဆာဂျစ် အက်ခရမ် (Sajid Akram) အမည်ရှိ ဖခင်ဖြစ်သူသည် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ပြီး ၎င်း၏ သားဖြစ်သူသည် ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရသည်။
ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် သံသယရှိသူများသည် အိုင်အက်စ် အကြမ်းဖက်အဖွဲ့၏ အယူဝါဒ လွှမ်းမိုးခြင်း ခံခဲ့ရကြောင်း အရာရှိများက ပထမဆုံးအကြိမ် အတည်ပြု ခဲ့သည်။

ဘွန်ဒီကမ်းခြေ ပစ်ခတ်မှု သေနတ်သမားကို ဖမ်းခဲ့သူကို ဩစတြေးလျဝန်ကြီးချုပ်က တွေ့ဆုံစဉ်
သံသယရှိသူများ၏ ကားထဲမှ သိမ်းဆည်းရမိခဲ့သည့် အိုင်အက်စ်အဖွဲ့၏ အလံများ အပါအဝင် စုဆောင်းရရှိခဲ့သော သက်သေ အထောက်အထားများအပေါ် အခြေခံပြီး သံသယရှိသူများသည် အိုင်အက်စ်အဖွဲ့၏ အယူဝါဒ လွှမ်းမိုး ခြင်း ခံထားရကြောင်း မှတ်ချက်ချခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ် အန်သိုနီ (Anthony Albanese) က ပြောကြား ခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် လူ ၂၅ ဦး ဆေးရုံ တင်ထားရဆဲဖြစ်ပြီး ၁၀ ဦးမှာ အသက် အန္တရာယ် စိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲသည်။
ဒဏ်ရာရသူများထဲတွင် လူမှုမီဒီယာများပေါ်၌ ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုတစ်ခုအတွင်း သေနတ်သမားတစ်ဦးကို ဝင်လုံးပြီး သေနတ်ကို လုယူခဲ့သည့် အာမက် အယ် အာမက် အမည်ရှိ အမျိုးသားလည်း ပါဝင်ခဲ့သည်။

သေဆုံးခဲ့သူများကို ဝမ်းနည်းကြောင်း ပြသထားစဉ်
ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီက ဆေးရုံတွင် ကုသမှုခံယူနေသည့် အာမက် အယ် အာမက်ကို သွားရောက် တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ ဩစတြေးလျ သူရဲကောင်းနှင့် တွေ့ဆုံခွင့်ရသည့်အတွက် အလွန်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
သေဆုံးသူများထဲတွင် အသက် ၁၀ နှစ်မှ ၈၇ နှစ်အရွယ် အသက် အပိုင်းအခြား အမျိုးမျိုး ပါဝင်ခဲ့သည်။
၎င်းတို့သည် ဒီဇင်ဘာ ၁၄ ရက်က ဘွန်ဒီကမ်းခြေတွင် ဂျူးမီးထွန်းပွဲ အခမ်းအနားကို တက်ရောက်လာချိန်၌ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီနှင့် အခြား ဩစတြေးလျ ခေါင်းဆောင်များက သေနတ် ကိုင်ဆောင်ခွင့် ဥပဒေများကို တင်းကျပ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 837
CNI International News
ဘန်ကောက်၊ဒီဇင်ဘာ ၁၆
ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုနှင့်အတူ လာအိုနိုင်ငံ နယ်စပ် ဂိတ်မှ ဖြတ်သန်းသည့် လောင်စာတင်ပို့မှုများကို ရပ်တန့်ခဲ့ကြောင်း ထိုင်းစစ်တပ်က ဒီဇင်ဘာ ၁၅ ရက်၌ ပြော ကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်း-လာအို နယ်စပ်မှ တင်ပို့သည့် လောင်စာများသည် ကမ္ဘောဒီးယားနိုင်ငံထံ လမ်းကြောင်းပြောင်းပြီး ရောက်ရှိ သွားနိုင်မည့် အခြေအနေကို စိုးရိမ်သဖြင့် လောင်စာပို့ဆောင်မှုများကို ရပ်တန့်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။
လောင်စာများသည် ကမ္ဘောဒီးယား စစ်သားများထံ ရောက်ရှိသွားသည်ဆိုသည့် ထောက်လှမ်းရေးသတင်းများကို ရရှိခဲ့ပြီးနောက် ထိုင်းနှင့်လာအို နယ်စပ်ရှိ ချောင်မက် နယ်စပ်ဂိတ်မှ ဖြတ်သန်းသော လောင်စာတင်ပို့မှု အားလုံးကို ထိုင်းစစ်တပ်က ရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဆူရာဆန့် ကွန်ဆီရီ (Surasant Kongsiri) က ပြောကြားခဲ့သည်။
"ကျနော်တို့က လာအိုပြည်သူတွေနဲ့ လာအိုအစိုးရကို ထိခိုက်စေဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး" ဟု ဆူရာဆန့်က ပြောသည်။

ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲအတွင်းက တိမ်းရှောင်လာသူများကို တွေ့ရစဉ်
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနကို အီးမေးလ်ဖြင့် မှတ်ချက် တောင်းခံခဲ့သော် လည်း ချက်ချင်း တုန့်ပြန်ခဲ့ခြင်း မရှိပေ။
ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ဓာတ်ဆီများ၊ ဂက်စ်ဆီများနှင့် ဂျက်လေယာဉ်လောင်စာများကဲ့သို့ သန့်စင်ပြီး လောင်စာတင်ပို့မှုများသည် ရေလမ်းကြောင်းမှ တင်ပို့ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
လက်ရှိတွင် စင်္ကာပူနိုင်ငံသည် ကမ္ဘောဒီးယားကို လောင်စာများ အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ပြီး ယခုနှစ်အတွင်း စင်္ကာပူမှ ကမ္ဘောဒီးယားသို့ လောင်စာတင်ပို့မှု ပမာဏသည် ၉၁၅,၀၀၀ မက်ထရစ်တန် ရှိခဲ့သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားသည် နယ်စပ် ဒေသတွင် ပိုင်ဆိုင်မှု အငြင်းပွားနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ပြီး လွန်ခဲ့သည့် ၈ ရက်တာ ကာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် နှစ်ဖက်စလုံးတွင် သေဆုံး သူ ၃၈ ဦးထက်မနည်း ရှိခဲ့ကာ လူပေါင်း ၅၀၀,၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ထိပ်သီးသံတမန်များ ပါဝင်မည့် အရှေ့တောင် အာရှ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက်တွင် ပြုလုပ်ရန် ယခင်က စီစဉ်ထားခဲ့သော်လည်း ထိုင်းနိုင်ငံ၏ တောင်းဆို ကြောင့် ထိုအစည်းအဝေးကို ဒီဇင်ဘာ ၂၂ ရက်သို့ ရွှေ့ဆိုင်းခဲ့ရကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 362
CNI International News
လန်ဒန်၊ ဒီဇင်ဘာ ၁၆
ရုရှားသည် ရန်လိုပြီး ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းကို ပြောင်းလဲစေမည့် ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ဗြိတိန်ထောက်လှမ်းရေးအဖွဲ့(MI6)၏ အကြီးအကဲ ဘလေ့စ် မက်ထရီဝီလီ (Blaise Metreweli) က သတိပေး လိမ့်မည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မက်ထရီဝီလီသည် MI6 အကြီးအကဲရာထူးကို ရယူပြီးနောက် ဒီဇင်ဘာ ၁၅ ရက်တွင် ပထမဆုံးအကြိမ် ပြောကြား မည့် မိန့်ခွန်းအတွင်း ရုရှား၏ ခြိမ်းခြောက်မှုကို ထည့်သွင်း ပြောကြားလိမ့်မည်ဟု မိန့်ခွန်းတွင် ပါရှိသည့် အကြောင်းအရာများထဲမှ စာသားတစ်ချို့ကို ရိုက်တာသတင်းဌာနက ထုတ်နုတ်ဖော်ပြခဲ့သည်။
မက်ထရီဝီလီသည် အောက်တိုဘာလက ရစ်ချက်မိုး (Richard Moore) ထံမှ MI6 အကြီးအကဲနေရာကို လွှဲပြောင်း ဆက်ခံခဲ့သည်။
ထို့နောက် MI6 ၏ နှစ်ပေါင်း ၁၁၆ နှစ်သမိုင်းတွင် ပထမဆုံး အမျိုးသမီး ခေါင်းဆောင် ဖြစ်လာခဲ့သည်။
"(ယူကရိန်းကို) ကျမတို့က ဆက်ပြီး ထောက်ပံ့နေမယ်ဆိုတာကို ရုရှားသမ္မတ ပူတင် (Vladimir Putin) အနေနဲ့ နားလည်ထားသင့်ပါတယ်။ ယူကရိန်းကိုယ်စား ကျမတို့က ဖိအားဆက်ပေးသွားမှာပါ" ဟု မက်ထရီဝီလီ၏ မိန့်ခွန်း ထဲတွင် ဖော်ပြပါရှိခဲ့သည်။

ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်ကတည်းက ဗြိတိန် သည် ရုရှား၏ စစ်ထောက်လှမ်းရေးအေဂျင်စီ (GRU) တစ်ဖွဲ့လုံး အပါအဝင် ရုရှားစီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ကုမ္ပဏီများ၊ သင်္ဘောများနှင့် အဖွဲ့အစည်းများကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း ဂျာမနီသည် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး အစည်းအဝေး ပြုလုပ်ခဲ့သည်။
မက်ထရီဝီလီသည် အကြမ်းဖက်မှုနှင့် သတင်း အချက်အလက် စစ်ဆင်ရေး အပါအဝင် ဗြိတိန်၏ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုများကို ဖြေရှင်းရန် နည်းပညာကဏ္ဍအား ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်းကိုလည်း အလေးထား ပြောဆိုသွားလိမ့်မည်ဟု ဆိုသည်။
"ကျမတို့ လုပ်သမျှ အရာအားလုံးထဲမှာ နည်းပညာကို ထည့်သွင်း လုပ်ဆောင်ရပါမယ်။ ဓာတ်ခွဲခန်းတွေထဲမှာ သာ မက လက်တွေ့ ကွင်းဆင်းမှုတွေ၊ ထောက်လှမ်းမှုတွေမှာပါ နည်းပညာကို အသုံးပြုရမှာ ဖြစ်ပါတယ်" ဟု မက်ထရီဝီလီ၏ မိန့်ခွန်းထဲတွင် ဖော်ပြခဲ့သည်။
ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် ရစ်ချက် နိုက်တန် (Richard Knighton) ကလည်း နေတိုးအဖွဲ့ဝင်နိုင်ငံကို ရုရှားက ကျူးကျော် ဝင်ရောက်နိုင်ခြေ မြင့်တက်နေသည့် အရေးကိစ္စကို ဒီဇင်ဘာ ၁၅ ရက်တွင် အလေးထား ပြောဆိုသွား မည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 457
CNI International News
ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၆
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ့၏ ထိပ်သီးတပ်မှူး တစ်ဦးဖြစ်သည့် ရာအိဒ် ဆာအက် (Raed Saad) သေဆုံးခဲ့ကြောင်း ဟားမာ့စ်အဖွဲ့က အတည်ပြုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ဆာအက်သည် အောက်တိုဘာလက အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း အစ္စရေး၏ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဟားမာ့စ်အဖွဲ့၏ ရာထူးအကြီးဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။
အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဒီဇင်ဘာ ၁၃ ရက်က ဂါဇာစီးတီး (Gaza City) မြို့အနီး၌ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအတွင်း ဆာအက် သေဆုံးခဲ့ခြင်းဖြစ်ပြီး လူ ၂၅ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ဖော်ပြခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ ဂါဇာဒေသအကြီးအကဲ ခါလီ အယ် ဟေယာ (Khalil al-Hayya) ကမူ ဒီဇင်ဘာ ၁၄ ရက်က ဆာအက် သေဆုံးကြောင်း အတည်ပြုခဲ့သည့် ဗွီဒီယိုဖိုင် ထုတ်ပြန်ခဲ့ကာ အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြောင်း စွပ်စွဲခဲ့သည်။
"သဘောတူညီချက်ကို အစ္စရေးက ဆက်လက် ချိုးဖောက်နေတာကြောင့် ဟားမာ့စ်တပ်မှူး တစ်ဦး သေဆုံးခဲ့ပါ တယ်။ အဲဒါကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ပေးခဲ့သူတွေ၊ အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာဖို့နဲ့ အကောင် အထည်ဖော်ဖို့ အစ္စရေးကို ဖိအားပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ ဂါဇာဒေသအကြီးအကဲ ခါလီ အယ် ဟေယာကို တွေ့ရစဉ်
အောက်တိုဘာ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင် ခဲ့ချိန်ကစပြီး အစ္စရေး သည် ဂါဇာ၌ တိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်ခဲ့သဖြင့် လူ ၃၈၆ ဦး သေဆုံးခဲ့ကြောင်း ဂါဇာဒေသရှိ အာဏာပိုင် များက ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်ကမူ ဆာအက်သည် ဟားမာ့စ်အဖွဲ့၏ လက်နက်ထုတ်လုပ်ရေးဌာနချုပ်မှ အကြီးအကဲဖြစ်ပြီး ထိုအဖွဲ့၏ စစ်အင်အားကို တိုးမြှင့်ရာတွင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဆာအက်သည် ဂါဇာစစ်ပွဲကို ဖြစ်ပွားစေခဲ့သည့် အစ္စရေးကို ဟားမာ့စ်အဖွဲ့က တိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူများထဲတွင် ပါဝင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) တို့က ပြောကြားခဲ့ သည်။
Source: အယ်လ်ဂျာဇီးယား
