- By CNI
- Category: နိုင်ငံရေး
- Hits: 742
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၃
ထိုင်းအာဏာပိုင်များက တရားမဝင် အွန်လိုင်းကာစီနိုလုပ်ငန်းများ ထူထောင်မှု၊ လုပ်ငန်းလုပ်ကိုင်မှု စွဲချက်များနှင့် တရားစွဲဆိုခံထားရသည့် တရုတ်-ကမ္ဘောဒီးယားနိုင်ငံသား ကျားဖြန့်ခေါင်းဆောင် ရှီကျီကျန်း(She Zhijiang)ကို နိုဝင်ဘာ ၁၂ ရက်က တရုတ်ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းဗဟိုထောက်လှမ်းရေးဗျူရို (CIB) မှ ကွန်မန်ဒိုတပ်ဖွဲ့သည် ရှီကို Bangkok Remand အကျဉ်းထောင်မှ ခေါ်ယူခဲ့ပြီး သုဝဏ္ဏဘူမိ ရဲစခန်းရှိ အချုပ်ခန်းသို့ ပို့ဆောင်ခဲ့ပြီးနောက် တရုတ်အာဏာပိုင်များကို လွှဲပြောင်းအပ်နှံ ခဲ့သည်။
ရှီအား ရက်ပေါင်း ၉၀ အတွင်း တရုတ်သို့ လွှဲပြောင်းအပ်နှံရန် ဆုံးဖြတ်ခဲ့သည့် ထိုင်းအောက်တရားရုံး၏ စီရင်ချက် ကို နိုဝင်ဘာ ၁၀ ရက်တွင် ထိုင်းအယူခံတရားရုံးက အတည်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ လွှဲပြောင်းအပ်နှံခဲ့ခြင်း ဖြစ်သည်။

ရှီကျီကျန်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းခေါ်လာစဉ်
ရှီသည် ယွမ် ၂ ဒသမ ၉၉ ထရီလျံ (ဘတ် ၁၂ ဒသမ ၆ ထရီလျံ) စီးဆင်း လည်ပတ်နေသည့် ကာစီနို ဝက်ဘ်ဆိုက် ၂၃၉ ခုကျော်ကို ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းများ လုပ်ကိုင်မှုဖြင့် စွပ်စွဲခံထားရသည်။
ထို့ပြင် ရှီသည် မြန်မာနိုင်ငံ၏ ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်တွင် Asia Pacific New City ပရောဂျက် ထူထောင် ပြီး ကာစီလိုရုံများ ဖွင့်လှစ်ကာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားမှုဖြင့်လည်း စွပ်စွဲခံထားရသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လက တရုတ်အစိုးရသည် ထိုင်း၏ ပြစ်မှုကျူးလွန်သူအား နေရပ်သို့ လွှဲပြောင်းအပ်နှံရေးအက် ဥပဒေအရ ရှီကို ဖမ်းဆီးရန် တရားဝင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထိုင်းအစိုးရရှေ့နေချုပ်ရုံးက တရုတ်၏ တောင်းဆိုချက်ကို အတည်ပြုခဲ့ပြီး ထိုင်း၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်း တော်ဝင်ရဲတပ်ဖွဲ့တို့ အပါအဝင် သက်ဆိုင်ရာ အေဂျင်စီများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ကုန်ပိုင်းတွင် ရှီအား ဘန်ကောက်မြို့တော်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်း။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 378
CNI International News
ဆန်နာ၊ နိုဝင်ဘာ ၁၂
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲထားသဖြင့် အစ္စရေးနှင့် ပင်လယ်နီအတွင်းရှိ သင်္ဘောများကို တိုက်ခိုက်မှုများအား ရပ်တန့်ခဲ့ပြီဖြစ်ကြောင်း ယီမင်နိုင်ငံ၏ ဟူရ်သီသူပုန်အဖွဲ့က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဟာမာ့စ်အဖွဲ့၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် Qassam Brigades အဖွဲ့ထံ ပေးပို့ခဲ့သည့် နေ့စွဲ တပ်မထားသော စာတစ်စောင်တွင် ဟူရ်သီအဖွဲ့က ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်နားကြောင်း ရှင်းလင်းစွာ ရေးသားထားသည်ဟု ဆိုသည်။
“ကျနော်တို့က အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး ရန်သူ(အစ္စရေး)တွေက ဂါဇာကို တိုက်ခိုက်မှုတွေ ပြန်လည် စတင်မယ်ဆိုရင်တော့ ကျနော်တို့ကလည်း အစ္စရေးနိုင်ငံအတွင်းမှာ စစ်ဆင်ရေးတွေကို ပြန်လည် လုပ်ဆောင်သွားမှာပါ။ ပြီးတော့ ပင်လယ်နီနဲ့ အာရေဗျ ပင်လယ်တွေထဲမှာ အစ္စရေးကို ရေကြောင်း သွားလာခွင့် တားမြစ်မှုကို ပြန်လည် ထုတ်ပြန်သွားမှာပါ” ဟု ဟူရ်သီအဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ် ယူဆွတ် ဟက်ဆန် အယ်မာဒါနီ (Yusuf Hassan al-Madani) က ဟားမာ့စ်အဖွဲ့ထံ ပေးပို့သည့် စာထဲတွင် ရေးသားခဲ့သည်။
သို့သော် ဟူရ်သီအဖွဲ့သည် ဒေသတွင်း ၎င်းတို့၏ လှုပ်ရှားမှုများကို ရပ်တန့်မည် ဟုတ်၊ မဟုတ် တရားဝင် ကြေညာ ခဲ့ခြင်းမရှိပေ။
ဟူရ်သီ ခေါင်းဆောင်များကို ပစ်မှတ်ထား ချေမှုန်းခဲ့သည့် အစ္စရေးစစ်တပ်ကမူ ဟူရ်သီအဖွဲ့၏ ကြေညာချက်နှင့် ပတ်သက်ပြီး အေပီသတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို တုန့်ပြန်ခဲ့ခြင်းမရှိပေ။

ယီမင် ပင်လယ်နီဒေသကို တွေ့ရစဉ်
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) ကမူ စက်တင်ဘာလအတွင်းက ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကို အဆပေါင်းများစွာ တုန့်ပြန်ပြီး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ဖူးသည်။
ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားခဲ့သည့် ကာလအတွင်း ဟူရ်သီအဖွဲ့သည် ဟားမာ့စ်အဖွဲ့ ဘက်က ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် အစ္စရေးနှင့် ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
သို့သော် အောက်တိုဘာ ၁၀ ရက်က အစ္စရေးနှင့်ဟားမာ့စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်ခဲ့ပြီး နောက်ပိုင်း ဟူရ်သီအဖွဲ့သည် တိုက်ခိုက်မှုများ ပြုလုပ်ကြောင်း ကြေညာခဲ့ခြင်း မရှိပေ။
ဟူရ်သီအဖွဲ့သည် နှစ်စဉ် ဒေါ်လာ ၁ ထရီလျံ တန်ဖိုးရှိသည့် ကုန်စည်များ ဖြတ်သန်းပို့ဆောင်သော ပင်လယ်နီ အတွင်းရှိ သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် သင်္ဘောသား ၉ ဦး သေဆုံးကာ သင်္ဘော ၄ စင်း နစ်မြုပ် ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်စည် ပို့ဆောင်ရေး လမ်းကြောင်းများကို ထိခိုက်စေခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 377
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ရှေ့နေများက ဘီဘီစီ သတင်းဌာနကို ဒေါ်လာ ၁ ဘီလျံ ပေးရန် တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ထားသည့် စာတစ်စောင်ကို ပေးပို့ခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက် မှ ဖော်ပြခဲ့သည်။
ဘီဘီစီ သတင်းဌာန အနေဖြင့် ထရမ့်၏ အငြင်းပွားဖွယ် မှတ်တမ်း ဗွီဒီယိုကို နိုဝင်ဘာ ၁၄ ရက်တွင် ရုပ်သိမ်းရမည် ဖြစ်ကြောင်း သို့မဟုတ်ပါက ဒေါ်လာ ၁ ဘီလျံထက် မလျော့နည်းသည့် ငွေကြေးကိုပေးရန် တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ထရမ့်၏ ရှေ့နေများက ပြောကြားခဲ့သည်။
ဘီဘီစီ သတင်းဌာန၏ Panaroma အစီအစဉ်က ထုတ်လွှင့်ခဲ့သည့် ရုပ်သံဗွီဒီယိုသည် ကြည့်ရှုသူများကို နားလည် မှု လွဲများစေကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် တင် ဒေးဗစ် (Tim Davie) နှင့် သတင်းအကြီးအကဲ ဒီဘိုရာ တန်းနက်စ် (Deborah Turness) တို့သည် နိုဝင်ဘာ ၉ ရက်တွင် ၎င်းတို့၏ ရာထူး များမှ နုတ်ထွက်သွားခဲ့သည်။
ထိုရုပ်သံ အစီအစဉ်တွင် ထရမ့်၏ မိန့်ခွန်းများထဲမှ မတူညီသည့် အပိုင်း ၂ ခုကို သီးခြားခွဲထုတ်ပြီး တည်းဖြတ် ထုတ်လွှင့်ခဲ့သဖြင့် ထရမ့်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က အမေရိကန်လွှတ်တော် အဆောက်အအုံ စီးနင်း ခံရမှု၌ သွေးထိုးလှုံ့ဆော်ပေးသည့် ပုံစံမျိုး ဖြစ်စေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထရမ့်၏ တရားရေးအဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးကလည်း ဘီဘီစီ သတင်းဌာနကို စာတစ်စောင် ပေးပို့ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဘီဘီစီ သတင်းဌာနသည် ထရမ့်ကို အသရေဖျက်ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သော်လည်း နောက်ထပ် အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
“သမ္မတထရမ့်က ဒီလိမ်ညာမှုတွေ၊ လှည့်စားမှုတွေနဲ့ သတင်းအမှားတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု ထိုကိုယ်စားလှယ်က ပြောကြားခဲ့သည်။
ဘီဘီစီ သတင်းဌာနကလည်း ၎င်းတို့ထံ ပေးပို့ခဲ့သည့် စာထဲတွင် နိုဝင်ဘာ ၁၄ ရက် နောက်ဆုံးထားပြီး ထရမ့်၏ မှတ်တမ်း ဗွီဒီယိုကို ဖျက်ပေးရန် တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ထိုပေးစာကို လေ့လာသုံးသပ်ပြီး သင့်တော်စွာ တုန့်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
ဘီဘီစီ ဥက္ကဋ္ဌ ဆမ်မီယာ ရှား (Samir Shah) ကလည်း ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ ထုတ်လွှင့်ခဲ့ သည့် Trump: A Second Chance? ဟု အမည်ပေးထားသော ထိုရုပ်သံ ထုတ်လွှင့်မှုတွင် အမှားအယွင်း ပါသွားခဲ့သည့်အတွက် တောင်းပန်စကား ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 395
CNI International News
ဆိုးလ်၊ နိုဝင်ဘာ ၁၁
တောင်ကီုရီးယား အစိုးရရှေ့နေများက သမ္မတဟောင်း ယွန်းဆော့ရွဲ (Yoon Suk Yeol) အား စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး စွဲချက်အသစ်များကို ထပ်မံစွဲဆိုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ယွန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာရန်အတွက် အကြောင်းပြချက် ရရှိရန် မြောက်ကိုရီးယားနိုင်ငံပေါ်သို့ ဒရုန်းများ စေလွှတ်ပျံသန်းခဲ့ခြင်း ဟုတ်၊ မဟုတ်ကို အစိုးရရှေ့နေများက ယခုနှစ် အစောပိုင်းက အထူးစုံစမ်းရေးဖွဲ့ပြီး စစ်ဆေးခဲ့သည်။
မြောက်ကိုရီးယားက တစ်စုံတစ်ရာ တုန့်ပြန်မည်ဆိုပါက ယွန်း၏ စစ်အုပ်ချုပ်အရေးအမိန့် ကြေညာမှုသည် အကျိုးအကြောင်း ခိုင်လုံသွားနိုင်သဖြင့် ထိုကိစ္စကို ရှေ့နေများက စုံစမ်းနေကြခြင်းဖြစ်သည်။
မြောက်ကိုရီးယားကမူ ပြီးခဲ့သည့်နှစ်က ပြုံယမ်းမြို့တော်၏ ကောင်းကင်ယံတွင် ဝါဒဖြန့် စာစောင်များပါရှိသည့် တောင်ကိုရီးယား၏ ဒရုန်းများ ပျံသန်းခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း တောင်ကိုရီးယားစစ်တပ်ကမူ ထိုဒရုန်း များကို လွှတ်တင်ခဲ့ခြင်း ရှိ၊ မရှိ အတည်မပြုခဲ့ပေ။

သမ္မတဟောင်း ယွန်းဆော့ရွဲကို တွေ့ရစဉ်
အစိုးရရှေ့နေ တစ်ဦးဖြစ်သည့် ပါ့ခ်ဂျီယောင် (Park Ji-young) ကမူ အထူးရှေ့နေများအဖွဲ့သည် ယွန်းအား ရန်သူ ကို အကျိုးရှိစေမှု၊ အာဏာအလွဲသုံးမှု စွဲချက်များဖြင့် တရားစွဲဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
ယွန်းသည် အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခွင့် ရရှိရန် အခြားသူများနှင့် ပူးပေါင်းကြံစည်ပြီး အခြေအနေ ကို ဖန်တီးယူခဲ့ကြောင်း၊ ထိုလုပ်ဆောင်မှုသည် တောင်ကိုရီးယား၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေပြီး ကိုရီးယားနှစ်နိုင်ငံ ထိပ်တိုက်တွေ့နိုင်သည့် အန္တရာယ်ကို ဖြစ်စေခဲ့ကြောင်း ပါ့ခ်က ပြောကြားခဲ့သည်။
ထို့ပြင် ယွန်း၏ တန်ပြန်ထောက်လှမ်းရေး တပ်မှူးတစ်ဦး၏ မှတ်စု တစ်ခုတွင်လည်း မြောက်ကိုရီးယားကို အရှက် ရအောင်လုပ်ပြီး မြောက်ကိုရီးယား၏ တုန့်ပြန်မှုကို ဖန်တီးယူရမည်ဖြစ်ကြောင်း၊ အခြေအနေကို မတည်မငြိမ် ဖြစ်အောင် ဖန်တီးရမည်ဖြစ်ကြောင်း ရေးသားထားသည့် သက်သေကို တွေ့ရှိခဲ့သည်ဟု ပါ့ခ်က ပြောကြားခဲ့သည်။
ယွန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သော်လည်း နာရီပိုင်းအတွင်းမှာပင် လွှတ်တော်က ထိုအမိန့်ကို ပယ်ချခဲ့ပြီးနောက် ယွန်းကို စွပ်စွဲပြစ်တင်ခဲ့သည်။
ထို့နောက် ဧပြီလတွင်း အခြေခံဥပဒေဆိုင်ရာ တရားရုံးက ယွန်းကို ရာထူးမှ ဖယ်ရှားခဲ့သည်။
လက်ရှိတွင် ယွန်းသည် နိုင်ငံတော် ပုန်ကန်မှု အပါအဝင် အခြားစွဲချက် အများအပြားနှင့် တရားရင်ဆိုင်နေရသည်။
ယွန်းအနေဖြင့် ၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်များဖြင့် ပြစ်မှုထင်ရှား စီရင်ခံရမည်ဆိုပါက သေဒဏ်အထိ ချမှတ် ခံရနိုင်သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 486
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၁
ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဇူလိုင် ၂၄ ရက်က ဖြစ်ပွားခဲ့သည့် နယ်စပ် တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့သည့် ပထမရက်မှာပင် အပစ်အခတ်ရပ်စဲရန် အမိန့်ပေးခဲ့ခြင်း မရှိကြောင်း ယာယီဝန်ကြီးချုပ်ဟောင်း ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai)က ငြင်းဆိုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ထိုင်း၏ အမှတ် ၂ စစ်ဒေသ တပ်မှူးဟောင်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆင် ပက်ကလန် (Boonsin Padklang) က ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ချိန်က ဖွမ်သမ်သည် ဒုဝန်ကြီးချုပ် ရာထူးနှင့် ယာယီ ဝန်ကြီးချုပ် ရာထူးတို့ကို တာဝန်ယူထားချိန်ဖြစ်သည်။
တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ၆ နာရီအကြာတွင် ထိုင်းစစ်သားများကို အပစ်အခတ်ရပ်စဲရန် အထက်မှ အမိန့်ရခဲ့ကြောင်း၊ သို့သော် ထိုအမိန့်ကို လိုက်နာခဲ့ခြင်း မရှိကြောင်း ဘွန်ဆင်က ပြောကြားခဲ့သည်။

ထိုင်းနဲ့ကမ္ဘောဒီးယား အပစ်ရပ်ရေး မလေးရှားမှာ တွေ့ကြစဉ်
ထိုင်းစစ်သားများဘက်မှ အပစ်ရပ် လိုက်မည်ဆိုပါက ထိုင်းဘက်မှ အရေးနိမ့် သွားလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။
ဘွန်ဆန်၏ ပြောကြားချက် ထွက်ပေါ်ခဲ့ပြီးနောက် ထိုင်းစစ်သားများကို အပစ်ရပ်ရန် အမိန့်ကို မည်သူက ထုတ်ပြန် ခဲ့သနည်းဆိုသည့် မေးခွန်းသည် လူထုကြားတွင် ပျံ့နှံ့လာခဲ့သည်။
အများစုကမူ ထိုအမိန့်ကို ဖွမ်သမ်က ပေးခဲ့ခြင်းဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြသည်။
ဖွမ်သမ်သည် ဇူလိုင် ၂၈ ရက်က မလေးရှားနိုင်ငံတွင် ကမ္ဘောဒီးယားနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့သူလည်း ဖြစ်သည်။
ထိုစွပ်စွဲချက်များနှင့်ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းချိန်တွင် ဖွမ်သမ်က ထိုအမိန့်ကို ပေးခဲ့ခြင်းမရှိ ကြောင်း ငြင်းဆိုခဲ့သည်။
“အဲဒီလို အမိန့်မျိုးကို ထုတ်ပြန်တဲ့အချိန်မှာ နိုင်ငံရေး ခေါင်းဆောင်တွေ မပါဝင်ဘူးဆိုတာကို ကျနော် အတည်ပြုပါ တယ်”ဟု ဖွမ်သမ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး နတ္တပွန် နက်ပါနစ်ချ်ကို တွေ့ရစဉ်
ထို့ပြင် ကာကွယ်ရေးဝန်ကြီးဖြစ်သည့် ဗိုလ်ချုပ်ကြီး နတ္တပွန် နက်ပါနစ်ချ် (Nattapon Nakpanich) ကလည်း ကမ္ဘောဒီးယားနှင့် တိုက်ပွဲဖြစ်ပွားသည့် ပထမနေ့တွင် အပစ်ရပ်ရန် အမိန့်ကို ပေးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
“ကျနော် ရှင်းရှင်းပဲ ပြောချင်ပါတယ်။ ကျနော်ဟာ ဇူလိုင် ၂၄ ရက်က အပစ်အခတ်ရပ်စဲဖို့ အမိန့်ကို မပေးခဲ့ပါဘူး။ အခြေအနေကိုပဲ စောင့်ကြည့်ခဲ့တာပါ”ဟု နတ္တပွန်က ပြောကြားခဲ့သည်။
ထို့ကြောင့် အပစ်အခတ်ရပ်စဲရေး အမိန့်ကို မည်သူက ပေးခဲ့သနည်းဆိုသည့် မေးခွန်းကို သတင်းထောက်များက နတ္တပွန်ကို မေးမြန်းခဲ့ချိန်တွင် “ဒီအကြောင်းကို ပြောခဲ့တဲ့သူကိုပဲ ခင်ဗျားတို့ မေးရပါလိမ့်မယ်။ ဘယ်သူ အမိန့်ပေး ခဲ့ တာလဲဆိုတာကိုတော့ ကျနော် မသိပါဘူး။ ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆင်ကိုပဲ သွားမေးကြည့်ကြပေါ့” ဟု ဖြေကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 408
CNI International News
မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၁၁
မြို့တော်ဝန် လုပ်ကြံခံရပြီးနောက် မက္ကဆီကိုနိုင်ငံ မီချိုအာကန် (Michoacan) ပြည်နယ်တွင် စစ်တပ်နှင့် လုံခြုံရေး အင်အားကို တိုးမြှင့်သွားမည်ဟု မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (Claudia Sheinbaum) က ကြေညာခဲ့ ကြောင်း DW သတင်းဌာနမှ ဖော်ပြခဲ့သည်။
မီချိုအာကန်ပြည်နယ်၊ အူရူအာပန် (Uruapan) မြို့တွင် နိုဝင်ဘာ ၁ ရက်က မြို့တော်ဝင် ကားလို့စ် မန်ဇို (Carlos Manzo) လုပ်ကြံ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး လူထုကြား ဒေါသများ မြင့်တက်ခဲ့ပြီးနောက် သမ္မတ ရှိန်းဘမ်း၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက အူရူအာပန်မြို့တော်ဝန် လုပ်ကြံ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ကျမတို့ နာကျင်ခံစားရသလို ဒေါသလည်း ထွက်ခဲ့ရပါတယ်။ သူ့ကို သတ်သွားတဲ့ သူရဲဘောကြောင်တဲ့ လူသတ်သမားဟာ မီချိုအာကန် ပြည်နယ်နဲ့ တစ်နိုင်ငံလုံးက လူတွေကို နာကျင်ခံစားစေခဲ့ပါတယ်”ဟု ရှိန်းဘမ်းက ပြောကြားခဲ့သည်။
မီချိုအာကန်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တရားမျှတရေး အစီအစဉ်၏ အဓိက အချက်တစ်ခုမှာ ထိုပြည်နယ်တွင် စစ်တပ်အင်အားနှင့် အမျိုးသားအစောင့်တပ်အင်အားကို ၁၀,၃၀၀ အထိ တိုးမြှင့်ရန်ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ မြို့တော်ဝင် ကားလို့စ် မန်ဇို အလောင်းကို သယ်ဆောင်နေကြစဉ်
ထိုအစီအစဉ်အရ မီချိုအာကန်ပြည်နယ်သို့ နိုဝင်ဘာ ၁၀ ရက်တွင် နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး စေလွှတ်သွားမည်ဟု ရှိန်းဘမ်းက ပြောသည်။
ဖက်ဒရယ်တပ်ဖွဲ့များ၏ တာဝန်မှာ ရာဇဝတ် အဖွဲ့အစည်းများကို တိုက်ဖျက်ရေး၊ ခြိမ်းခြောက်မှုများကို နှိမ်နင်းရေး၊ မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းများနှင့် လေ့ကျင့်ရေး စခန်းများကို ဖျက်ဆီးရေးတို့ ဖြစ်ကြောင်း မက္ကဆီကို အရာရှိများ က ပြောကြားခဲ့သည်။
ထိုအစီအစဉ်တွင် မီချိုအာကန်ပြည်နယ် အတွင်းရှိ ကျောင်းသားများကို ပညာသင်ဆုများ ချီးမြှင့်ခြင်း၊ လူငယ်များ ကို ရာဇဝတ်ဂိုဏ်းများ၏ စုဆောင်းခြင်း မခံရစေရန်အတွက် အားကစားများတွင် ပါဝင်ရန် စည်းရုံးခြင်းကဲ့သို့ လူမှုရေး အစီအစဉ်များလည်း ပါဝင်သည်။
ထို့ပြင် အစိုးရသည် ထိုပြည်နယ်တွင် စိုက်ပျိုး မွေးမြူရေးနှင့် ခရီးသွားလာရေးကဲ့သို့ ကဏ္ဍများတွင် အရင်းအမြစ် များကို မြှင့်တင်သွားမည်ဖြစ်သည်။
ထိုအစီအစဉ်များအတွက် ဒေါ်လာ ၃ ဒသမ ၁၀ ဘီလျံခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း ရှိန်းဘမ်းက ပြောကြားခဲ့ သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 364
CNI International News
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၁၀
ဟစ်ဇ်ဘိုလာအဖွဲ့ကို အီရန်က ထောက်ပံ့ပေးနေမှုအား ဖြတ်တောက်ရန် အချိန်ကျပြီဟု အမေရိကန်အစိုးရအဖွဲ့မှ ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်အနေဖြင့် လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေကို အခွင့်ကောင်းယူပြီး ဟစ်ဇ်ဘိုလာ အဖွဲ့အား ထောက်ပံ့ပေးနေသည့် အီရန်၏ ငွေကြေးထောက်ပံ့မှုကို ဖြတ်တောက်ရန်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန် ကြိုးပမ်းနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေး ထောက်လှမ်းရေးဆိုင်ရာ ဒုဝန်ကြီး ဂျွန်ဟာလေ (John Hurley) က ပြောကြားခဲ့သည်။
နိုဝင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဟာလေက အီရန်သည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့်တိုင် ယခုနှစ်အတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ကို ဒေါ်လာ ၁ ဘီလျံခန့် ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် အီရန်၏ နျူကလီးယား စီမံကိန်းနှင့် လက်ဘနွန် အပါအဝင် ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို ရပ်တန့်ရန် အဆုံးစွန် ဖိအားပေးသည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေး ထောက်လှမ်းရေးဆိုင်ရာ ဒုဝန်ကြီး ဂျွန်ဟာလေကို တွေ့ရစဉ်
လက်ရှိတွင် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်အင်အား လျော့နည်းလာကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း အမေရိကန်သည် ဟစ်ဇ်ဘိုလာအဖွဲ့ကို ငွေကြေး ထောက်ပံ့ပေးရာတွင် ကူညီပေး ရန်အတွက် ငွေကြေးလဲလှယ်သည့် စင်တာများအား အသုံးပြုခဲ့သည်ဟု သံသယရှိရသူ ၂ ဦးကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
“လက်ရှိအချိန် လက်ဘနွန်ရဲ့ အခြေအနေကတော့ အဲဒီလိုပါပဲ။ ကျနော်တို့အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက် ဖြုတ်သိမ်း နိုင်ခဲ့မယ်ဆိုရင် လက်ဘနွန်ပြည်သူတွေဟာ သူတို့နိုင်ငံကို သူတို့ ပြန်ပြီး ပိုင်ဆိုင်သွားပါလိမ့်မယ်”ဟု ဟာလေက ပြောသည်။

ဟစ်ဇ်ဘိုလာ ခေါင်းဆောင်တစ်ဦး သတင်းစာရှင်းလင်းပွဲလုပ်နေစဉ်
ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက် ဖြုတ်သိမ်းစေရန် အဓိကကျသည့် အချက်မှာ အီရန်၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အား ငွေကြေးထောက်ပံ့မှုများကို ရပ်တန့်ရေးဖြစ်ကြောင်း ဟာလေက တူရကီ၊ လက်ဘနွန်၊ ယူအေအီးနှင့် အစ္စရေးနိုင်ငံများသို့ သွားရောက်သည့် ခရီးစဉ်အတွင်း အစ္စတန်ဘူလ် (Istanbul) သို့ ရောက်ရှိချိန်တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် အီရန်သည် တရုတ်၊ ရုရှားနှင့် ယူအေအီး အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးများ ပိုမိုနီးစပ်လာခဲ့သည်။
အမေရိကန်၏ မဟာမိတ်ဖြစ်သည့် အစ္စရေးကမူ ဟစ်ဇ်ဘိုလာအဖွဲ့သည် လွန်ခဲ့သည့်နှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားသည့်တိုင် လက်ဘနွန်တွင် စစ်အင်အားကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 396
CNI International News
အန်ကာရာ၊ နိုဝင်ဘာ ၁၀
ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ခဲ့သည့် စစ်ပွဲသည် ဂျာမနီ၏ လုံခြုံရေးမူဝါဒကို ပြန်လည်သုံးသပ် စေခဲ့ပြီး တူရကီနှင့် ဂျာမနီတို့ကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုနီးစပ်လာကြောင်း DW သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ဂျာမနီသည် ယူကရိန်းကို ထောက်ပံ့ပေးနေချိန်တွင် တစ်ဖက်ကလည်း ၎င်း၏ ကိုယ်ပိုင်ကာကွယ်ရေး စွမ်းဆောင် ရည်များကို တိုးမြှင့်ရန် ကြိုးပမ်းနေသည်။
“ယူကရိန်းစစ်ပွဲက နေတိုးအဖွဲ့ဟာ လက်နက်ထုတ်လုပ်မှု မလုံလောက်ဘူးဆိုတာကို ပြသခဲ့ပါတယ်။ စစ်ပွဲ စတင် ခဲ့ချိန်ကတည်းက ဥရောပနိုင်ငံတွေဟာ သူတို့ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်ဖို့ ကြိုးပမ်းခဲ့ပါ တယ်”ဟု တူရကီ၏ ကာကွယ်ရေး ကျွမ်းကျင်သူ ကက်ဂလာ ကာ့ခ် (Caglar Kurc) က ပြောကြားခဲ့သည်။
ထို့ကြောင့် ဂျာမနီသည် ကာကွယ်ရေး မိတ်ဖက်သစ်များ ရှာဖွေရာတွင် နေတိုးမဟာမိတ် တူရကီကို သတိထားမိ ခဲ့ပုံပေါ်သည်။

ရုရှားက ယူကရိန်းကို တိုက်ခိုက်လို့ ပျက်စီးနေတဲ့ အဆောက်အဦကို တွေ့ရစဉ်
အောက်တိုဘာလ ကုန်ပိုင်းက ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်ချ် မာ့ဇ် (Friedrich Merz) နှင့် တူရကီသမ္မတ အာဒိုဂန်(Recep Tayyip Erdogan) တို့၏ တွေ့ဆုံမှုတွင်လည်း ကာကွယ်ရေးကဏ္ဍကို အဓိကထား ဆွေးနွေးခဲ့ ကြသည်။
တူရကီသမ္မတ အာဒိုဂန်ကလည်း တူရကီသည် ဂျာမနီနှင့် ဆက်လက်ပြီး အနီးကပ် ပူးပေါင်းဆောင်ရွက် သွားမည် ဟု ပြောကြားခဲ့သည်။
“နှစ်နိုင်ငံ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေ အပြန်အလှန် ပူးပေါင်းဆောင်ရွက် နိုင်မယ်ဆိုရင် ကျနော်တို့ ဝမ်းသာ မိမှာပါ” ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူလ် (Johann Wadephul) က မကြာသေးမီ သီတင်းပတ်များ အတွင်း အန်ကာရာ (Ankara) သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ပထဝီနိုင်ငံရေး အခြေအနေများကြောင့် ဂျာမနီ၏ ကွန်ရက်သည် ကျဉ်းမြောင်းလာခဲ့ကြောင်း ဂျာမန်စစ်တပ်၏ လက်နက်များ ဝယ်ယူရေးရုံးမှ အမည်မဖော်လိုသည့် ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တူရကီသမ္မတ အာဒိုဂန်နဲ့ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်ချ် မာ့ဇ်ကို တွေ့ရစဉ်
“နေတိုးအဖွဲ့ဟာ ပထဝီနိုင်ငံရေး နယ်ပယ်မှာ အလုံးစုံ မတူကွဲပြားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်ဆိုတာ ရှင်းနေပါပြီ။ နေတိုးအဖွဲ့ရဲ့ ဆက်ဆံရေး တိုးတက်ပြောင်းလဲမှု၊ ယူကရိန်းစစ်ပွဲနဲ့ တရုတ်ရဲ့ တိုးတက်ပြောင်းလဲမှု တွေကို ထောက်ရှုပြီး ကမ္ဘာကြီးဟာ ကျဉ်းသထက် ပိုကျဉ်းလာခဲ့တာကိ တွေ့ရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြော ကြားခဲ့သည်။
လက်ရှိတွင် တူရကီနိုင်ငံသည် ဂျာမနီအတွက် ခိုင်မာသည့် မိတ်ဖက်နိုင်ငံဖြစ်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ မှီခိုနိုင် ကြောင်း ထိုအမည်မဖော်လိုသော အရာရှိက ပြောကြားခဲ့သည်။
တူရကီသည် နေတိုးအဖွဲ့ထဲတွင် အမေရိကန်ပြီးလျှင် စစ်အင်အားအကြီးဆုံး နိုင်ငံဖြစ်သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 377
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၀
ဆီးရီးယားယာယီသမ္မတ အာမက် အယ် ရှာရား (Ahmad al-Sharaa) သည် နိုဝင်ဘာ ၈ ရက်က အမေရိကန်သို့ ရောက်ရှိလာခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေ ကြောင်း DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှာရားနှင့် ဆီးရီးယား အစိုးရအဖွဲ့အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းပေးခဲ့သည်။
ထို့နောက် အမေရိကန်ကလည်း ရှာရားကို အကြမ်းဖက် ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားခဲ့ပြီးနောက် တစ်ရက်အကြာ တွင် ရှာရားသည် ဝါရှင်တန်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ရှာရားသည် အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အယ်ကေဒါအဖွဲ့နှင့် အဆက်အသွယ် ရှိခဲ့ဖူးပြီး ပြီးခဲ့သည့်နှစ်က အာဆတ် (Bashar Assad) အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည့် ဟာရာ တာဟရိ အယ် ရှား (Hayat Tahrir al-Sham-HTS) အဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ရှာရား၏ လက်နက်ကိုင်အဖွဲ့သည် အာဆတ် အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် အမေရိကန်က ရှာရားအား ဖမ်းဆီးရန် ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်ထားသည့် ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
ထို့နောက် ယခုနှစ် မေလတွင် ထရမ့်က ဆီးရီးယားအပေါ် ချမှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့မှုများကို အဆုံးသတ်ရန် သမ္မတ အုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဆော်ဒီ၌ ပြုလုပ်သော ဒေသတွင်း အစည်းအဝေး တစ်ခုမှာ ရှာရားနှင့် ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံခဲ့သည်။

ဆော်ဒီမင်းသား၊ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ရှာရားကို တွေ့ရစဉ်
ရှာရားသည် စက်တင်ဘာလကလည်း နယူးယောက်သို့ ရောက်ရှိခဲ့ပြီး ဆယ်စုနှစ် များစွာအတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောခဲ့သည့် ပထမဆုံး ဆီးရီးယားသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယခုခရီးစဉ်တွင်လည်း ရှာရားသည် ဆီးရီးယားနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၆ ခုနှစ်နောက်ပိုင်း အိမ်ဖြူတော်သို့ ရောက်ရှိသည့် ပထမဆုံး ဆီးရီးယားသမ္မတအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
ရှာရားနှင့် ထရမ့်တို့သည် နိုဝင်ဘာ ၁၀ ရက်တွင် အိမ်ဖြူတော်၌ အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားသည်။
ယခုလ အစောပိုင်းက ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံတမန် တွမ်ဘာရက် (Tom Barrack) ကမူ ရှာရားနှင့် ထရမ့်တို့သည် အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်အင်အား စုတွင် ပူးပေါင်းရေးအတွက် သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ သည်။
အမေရိကန်သည် ဆီးရီးယား၏ ဒမတ်စကတ် (Damascus) အနီးတွင် စစ်စခန်းတစ်ခု ထူထောင်ရန် စီစဉ်နေပြီး ဆိးရီးယားနှင့် အစ္စရေးကြား အခြေအနေကို စောင့်ကြည်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် ရည်ရွယ်ထားကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
Source: DW
