
- By CNI
- Category: နိုင်ငံရေး
- Hits: 353
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံ၏ နယ်စပ်တွင် ကျားဖြန့်စင်တာများ ဖွင့်လှစ်ထားသည်ဟု ယူဆချက်များ ထွက်ပေါ်နေချိန်၌ ထိုင်း ပြည်နယ်ဆိုင်ရာ လျှပ်စစ်ဓာတ်အား အာဏာပိုင်အဖွဲ့ (PEA)က ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းမှစပြီး မြန်မာ၏ နယ်စပ်ဒေသ ၅ ခုကို လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်လိုက်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်သည့် နေရာဒေသများသည် ထိုင်းနိုင်ငံ၏ တာ့ခ် (Tak) ပြည်နယ်၊ ကန်ချနာဘူရီ (Kanchanaburi) ပြည်နယ်နှင့် ချင်းရိုင် (Chiang Rai) ပြည်နယ်များတွင် တည်ရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝင် အန်ဆစ် ဆမ်ဖန်သာရတ် (Ansit Samphantharat) နှင့် PEA အုပ်ချုပ်ရေးမှူး အက်အွန်း (Ek-un) တို့က ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီတွင် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကို ကိုယ်တိုင်တက်ရောက် ကြည့်ရှုခဲ့သည်။
ထိုင်းပြည်ထဲရေးဝန်ကြီးကို တွေ့ရစဉ်
ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) က ဖေဖော်ဝါရီ ၄ ရက်တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်ရန် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အား ဖြတ်တောက်သည့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
မယ့်ဆိုင်မြစ်၊ ချင်းရိုင်- မြန်မာနိုင်ငံ ရှမ်းပြည်နယ်နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်သို့ ဓာတ်အားထောက်ပံ့ပေးနေ သည့်လိုင်း၊ ဘန်မောင်းဒိုင် (Ban Mueang Daeng) ချင်းရိုင်- တာချီလိတ်မြို့သို့ ဓာတ်အား ထောက်ပံ့ပေးသည့် လိုင်းတို့ ဖြစ်သည်။
ထို့နောက် ဘန်ဟွေမောင်း (Ban Huay Muang) တာ့ခ် - မြဝတီသို့ ဓာတ်အားထောက်ပံ့ပေးသည့်လိုင်း၊ အမှတ်၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား၊ တာ့ခ် - မြဝတီသို့ ဓာတ်အား ထောက်ပံ့ပေးသည့်လိုင်း အပါအဝင် ဖရာချီဒီ ဆမ်အွန် စစ်ဆေးရေးဂိတ် (Phra Chedi Sam Ong Checkpoint) ၊ ကန်ချနာဘူရီ - မြန်မာ နိုင်ငံ မွန်ပြည်နယ်ရှိ ဘုရားသုံးဆူမြို့သို့ ဓာတ်အားထောက်ပံ့ပေးသည့်လိုင်းတို့ ဖြစ်သည်။
မြန်မာဘက်ကို ထိုင်းက လျှပ်စစ်ဖြတ်တောက်နေစဉ်
ထိုကဲ့သို့ လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်မှုအပြင် ထိုင်းအာဏာပိုင်များက ကျားဖြန့်ဂိုဏ်းများကို ပစ်မှတ် ထားသည့် အနေဖြင့် ထိုနေရာဒေသများသို့ စားသုံးဆီနှင့် စက်သုံးစီ ထောက်ပံ့မှုကို ရပ်တန့်ခြင်း အင်တာနက် လိုင်းများကို ပိတ်ပင်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ထိုင်းနှင့်မြန်မာ ချုပ်ဆိုထားသည့် စာချုပ်အရ ထိုင်း၏ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိလာနိုင်သည်ဟု ယူဆရပါက လျှပ်စစ်ဓာတ်အားလိုင်းများ ထောက်ပံ့မှုကို ဖြတ်တောက်ခွင့်ရှိကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီး အနူတင် ချာဗီရာကူလ် (Anutin Charnvirakul) က ပြောကြားခဲ့သည်။
ထိုကဲ့သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှု၏ သက်ရောက်မှုများကို စီမံခန့်ခွဲရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
Source: The Nation

- By CNI
- Category: နိုင်ငံရေး
- Hits: 205
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ် (Kristi Noem) သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ရွှေ့ပြောင်းနေထိုင်သူများကို နှိမ်နင်းသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန် နိုင်ငံရှိ သိန်းနှင့်ချီသည့် ဗင်နီးဇွဲလားနိုင်ငံသားများကို နေရပ်ပြန်မပို့စေရန် အကာအကွယ်ပေးထားသည့် စနစ် တစ်ခုကို ဖယ်ရှားရန် ဖေဖော်ဝါရီ ၃ ရက်က လုပ်ဆောင်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုဆုံးဖြတ်ချက်အရ ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်မပို့ရန် ယာယီအကာအကွယ်ဖြစ်သည့် Temporary Protected Status အောက်ရှိ ဗင်နီဇွဲလားရွှေ့ပြောင်း ၃၄၈,၀၀၀ သည် ဧပြီလအတွင်း အလုပ်လုပ်ခွင့် ဆုံးရှုံးမည် ဖြစ်ကာ နေရပ်သို့ ပြန်ပို့ခံရမည်ဖြစ်ကြောင်း အစိုးရ၏ နို့တစ်စာတွင် ဖော်ပြထားသည်။
ရွှေ့ပြောင်းများအား အကာအကွယ် ပေးထားသည့် စနစ်သည် အမေရိကန်၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နေပြီး ဗင်နီဇွဲလားနိုင်ငံရှိ အခြေအနေများကို ထောက်ရှု၍ ထိုစနစ်သည် ခိုင်လုံမှုမရှိတော့ကြောင်း နို့တစ်စာတွင် ဖော်ပြထားသည်။
ဇန်နဝါရီ ၂၀ ရက်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ထရမ့်သည် တရားမဝင် ရွှေ့ပြောင်းများနှင့် အမေရိကန်ဥပဒေ၏ အထက်တွင် ရှိနေသော လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို နှိမ်နင်းဖျက်သိမ်း ပစ်မည်ဖြစ်ကြောင်း ကြုံးဝါးခဲ့သည်။
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ်ကို တွေ့ရစဉ်
ထရမ့်သည် ၎င်း၏ ပထမသက်တမ်း အတွင်းကလည်း ရွှေ့ပြောင်းများအား အကာအကွယ်ပေးသည့် အစီအစဉ် တွင် စာရင်းသွင်းထားသူ အများဆုံးကို ပယ်ဖျက်ရန် ကြိုးပမ်းခဲ့သော်လည်း ဖက်ဒရယ်တရားရုံးများက ထရမ့်၏ ကြိုးပမ်းမှုအား တားမြစ်ပိတ်ပင်ခဲ့ဖူးသည်။
ရွှေ့ပြောင်းများကို အကာအကွယ်ပေးထားသည့် အစီအစဉ်တွင် ပါဝင် စာရင်းသွင်းခွင့် ရသူများသည် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်၊ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် ပုံမှန်မဟုတ်သည့် အကျပ်အတည်းများ ဖြစ်ပွားနေသော အခြေအနေများနှင့် ရင်ဆိုင်နေရမှသာ အကျုံးဝင်မည်ဖြစ်သည်။
“ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ကျမလည်း မသိသေးပါဘူး”ဟု ကယ်လီဖိုးနီးယားပြည်နယ်တွင် ရွှေ့ပြောင်း များအတွက် ယာယီအကာအကွယ် အစီအစဉ်အောက်တွင် နေထိုင်နေသည့် အသက် ၂၆ နှစ်အရွယ် ဗင်နီဇွဲလား နိုင်ငံသူ အန်နာ မာရီယာ ပီရီလာ ( Ana Maria Pirela) က ပြောကြားခဲ့သည်။
“မနေ့က ကျမ ယောကျာ်း အလုပ်ထုတ်ခံရတယ်။ ကျမ ယောကျာ်းက အစားအစာရောငင်းတဲ့ စတိုးဆိုင်မှာ လုပ်နေတာ ၂ လ ရှိပါပြီ။ ကျမမှာလည်း ကိုယ်ဝန် ၂ လရှိနေတယ်။ ဗင်နီဇွဲလားကို မပြန်ချင်ပါဘူး”ဟု အန်နာက ပြောကြားခဲ့သည်။
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ်ကို တွေ့ရစဉ်
ယခင်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်က ရွှေ့ပြောင်းများကို ယာယီအကာအကွယ်ပေးသည့် အစီအစဉ်ကို ချဲ့ထွင်ခဲ့ပြီး ထိုအစီအစဉ်အောက်တွင် ပါဝင်စာရင်းသွင်းထားသူများမှာ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လူပေါင်း ၁ သန်းကျော်ရှိနေသည်။
၎င်းတို့အနက် အချို့သူများသည် အမေရိကန်တွင် ဆယ်စုနှစ်နှင့်ချီပြီး နေထိုင်လာခဲ့သူများဖြစ်ပြီး လက်ရှိတွင် ထိုအစီအစဉ် မရှိတော့ပါက နေရပ်သို့ ပြန်ပို့ခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။
ဘိုင်ဒန် လက်ထက်က သိန်းနှင့်ချီသည့် ဗင်နီဇွဲလား နိုင်ငံသားများသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းများမှတဆင့် ဝင်လာခဲ့ကြပြီး ၎င်းတို့အား နေရပ်ပြန်ပို့ရေးသည် အမေရိကန်နှင့် ဗင်နီဇွဲလားအကြား ဆက်ဆံရေးကို ပိုမိုတင်းမာစေမည်ဖြစ်သည်။
ထရမ့်ကမူ ဗင်နီဇွဲလားအစိုးရသည် နေရပ်ပြန်ပို့မည်သူ အားလုံးကို လက်ခံရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့ သော်လည်း အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 466
CNI International News
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၅
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်း၏ နိုင်ငံရေးသမား များသည် စစ်အုပ်ချုပ်ရေး အမိန့်အောက်တွင် ငြိမ်သက်ခဲ့ရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
သို့သော် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်း၏ လက်ထက်တွင် ယူကရိန်-ရုရှား စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ပေးမည်ဟု ပြောကြားခဲ့သဖြင့် ယူကရိန်းနိုင်ငံရေးလောကသည် အနည်းငယ် ပြန်လည် အသက်ဝင်လာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံရေးသမားများက သမ္မတဇာလန်းစကီး (Volodymyr Zelenskiy) သည် စစ်ပွဲထက် ရွေးကောက်ပွဲများကို အာရုံပိုစိုက်နေကြောင်း စွပ်စွဲခဲ့သည်။
“ထရမ့်နဲ့ လုပ်စရာရှိတာကတော့ ဆွေးနွေးညှိနှိုင်းမှုတွေပါပဲ။ ဒီလုပ်ဆောင်မှုတွေဟာ ပြည်တွင်း နိုင်ငံရေးလောက ပြန်လည်လှုပ်ရှား အသက်ဝင်လာတယ်ဆိုတာကို ပြသနေပါတယ်”ဟု ကိယက်ဗ်အခြေစိုက် နိုင်ငံရေးလေ့လာ သုံးသပ်သူ ဗိုလိုဒီမာ ဖက်ဆန်ကို (Volodymyr Fesenko) က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်၏ အစိုးရအဖွဲ့က ယူကရိန်းကို ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူပြီး နှစ်ကုန်ပိုင်း၌ သမ္မတရွေးကောက်ပွဲ ကျင်းပစေလိုကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံရေးသမားတွေကို တွေ့ရစဉ်
ယူကရိန်းသမ္မတဟောင်းဖြစ်ပြီး အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သည့် ပက်ထရို ပိုရိုရှန်ကို (Petro Poroshenko) ကလည်း မကြာသေးမီ သီတင်းပတ်များအတွင်း ပြည်ပခေါင်းဆောင်များနှင့် လက်ဆွဲနှုတ်ဆက် နေပုံများ ထွက်ပေါ်လာခဲ့သည်။
ပိုရိုရှန်ကိုကမူ ရွေးကောက်ပွဲထက် စစ်ပွဲကို အနိုင်ရရှိရေးက ပိုပြီးအရေးကြီးကြောင်း ပြောဆိုခဲ့ပြီး ၎င်း၏ အတိုက်အခံပါတီဖြစ်သည့် ဥရောပစည်းလုံးညီညွတ်ရေးပါတီကမူ ဇာလန်းစကီးသည် ပိုရိုရှန်ကိုကို လွှတ်တော်မှ တားဆီးရန် ကြိုးပမ်းနေပြီး စစ်ပွဲကို အနိုင်ရရှိရေးထက် ရွေးကောက်ပွဲ ပြုလုပ်ရန်သာ တွန်းအားပေး လုပ်ဆောင် နေကြောင်း စွပ်စွဲခဲ့သည်။
ယူကရိန်းဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ယူလီယာ တီမိုရှန်ကို (Yulia Tymoshenko) ကလည်း ပြီးခဲ့သည့်နှစ် မေလက ယူကရိန်း၏ ခံစစ်ပိုင်း အားနည်းမှုအတွက် စစ်ဗိုလ်ချုပ်ကြီး တစ်ဦးအား ဖမ်းဆီးခဲ့သည့် ဇာလန်းစကီး၏ အစိုးရအဖွဲ့ကို ဝေဖန်ခဲ့သည်။
သမ္မရွေးကောက်ပွဲတွင် အဓိကစိန်ခေါ်သူ တစ်ဦးဖြစ်လာနိုင်သည့် ကိယက်ဗ် (Kyiv) မြို့တော်ဝန် ဗစ်တလီ ကလက်စရှ်ကို (Vitali Klitschko) ကလည်း ဇာလန်းစကီး ခန့်ထားသည့် ကိယက်ဗ်မြို့ စစ်အုပ်ချုပ်ရေးမှူးသည် မိမိတို့ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များကို လမ်းလွဲအောင်လုပ်နေကြောင်း စွပ်စွဲခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 392
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၅
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra)က မြန်မာ့အရေးကို ဖခင်ဖြစ်သူ သက်ဆင်(Thaksin Shinawatra) နှင့်အတူ အာရုံစိုက် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံသည်လည်း မြန်မာ့အရေးကို အရေးကြီးကြောင်း ယူဆထားပြီး အာဆီယံအစည်းအဝေးတိုင်းတွင် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့ကြသည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
သက်ဆင်သည် မြန်မာ့အရေး၊ ဒစ်ဂျစ်တယ်ငွေကြေး အခြေအနေတို့နှင့် ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)နှင့် ဆွေးနွေးခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီးနောက် ပေတုန်တန်၏ မှက်ချက်စကားကို ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါကို တွေ့ရစဉ်
မစ္စတာအန်ဝါသည် ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးမှု အသေးစိတ်ကို ၎င်း၏ Facebook ပို့စ်တွင် အသေးစိတ် ရေးသားဖော်ပြခဲ့ခြင်းမရှိပေ။
သို့သော် မြန်မာ့အရေး၊ ဒစ်ဂျစ်တယ်ငွေကြေး အခြေအနေတို့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း၊ ထိုဆွေးနွေးမှု များသည် အကျိုးရှိကြောင်း ပြောကြားခဲ့သည်။
သက်ဆင်နှင့် အန်ဝါတို့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ယူဆရပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယို (George Yeo) ကလည်း တက်ရောက်ခဲ့သည်။
“ဆွေးနွေးညှိနှိုင်းမှုတွေက အာဆီယံအတွက် အကျိုးဖြစ်ထွန်းစေပြီး လေထုညစ်ညမ်းမှု ပြဿနာလိုမျိုး အခြားကိစ္စ ရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လမ်းဖွင့်ပေးရာ ရောက်ပါတယ်။ ဒါပေမယ့် မြန်မာ့အရေးကိုတော့ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်”ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
သက်ဆင်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့ပြီးနောက် ယခု မလေးရှားခရီးစဉ် သည် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
သက်ဆင်သည် နိုင်ငံအတွင်း ထွက်ခွာခွင့် ယာယီပိတ်ပင် ခံထားရသော်လည်း ထိုင်းတရားရုံးက ဖေဖော်ဝါရီ ၂ ရက် မှ ၃ ရက်အတွင်း သက်ဆင်၏ ခရီးထွက်ခွင့် တောင်းဆိုမှုကို အာမခံ ဘတ် ၅ သန်းဖြင့် ခွင့်ပြုပေးခဲ့သည်။
သက်ဆင်သည် နိုင်ငံအတွင်းမှ ထွက်ခွာခွင့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လိုအပ်သည့် စာရွက်စာတန်း များကို ရယူခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယမ်ပွန်ဆာ (Maris Sangiampongsa) က မျက်မြင်သက်သေ အဖြစ် ဆောင်ရွက်ပေးခဲ့သည်။
သက်ဆင်သည် နိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်ချိန်တွင်လည်း လူဝင်မှုကြီးကြပ်ရေးဗျူရိုကို အသိပေး အကြောင်းကြားရမည်ဖြစ်သည်။
သက်ဆင်သည် တော်ဝင်မိသားစုအား စော်ကားသည့် စွဲချက်များ၊ ကွန်ပျူတာ ရာဇဝတ်မှုအက်ဥပဒေကို ချိုးဖောက်သည့် စွဲချက်များနှင့် တရားစွဲခံထားရသဖြင့် ပြည်ပသို့ ထွက်ခွာရန်အတွက် တရားရုံး၏ ခွင့်ပြုချက် လိုအပ်ခဲ့ခြင်းဖြစ်သည်။
တရားရုံးက ဇူလိုင်လအတွင်း သက်ဆင်၏ စွဲချက်များနှင့်ပတ်သက်ပြီး ကြားနာစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ် သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 350
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅
အမေရိကန်အစိုးရသည် ရွှေ့ပြောင်းနေထိုင်သူများကို အိန္ဒိယသို့ ပြန်လည်ပို့ဆောင်ပေးနေကြောင်း အမေရိကန် အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုခရီးစဉ်သည် စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြင့် ရွှေ့ပြောင်းများကို ပြန်ပို့နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့၏ အဝေးဆုံးခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။
ထရမ့်သည် အမေရိကန်-မက္ကဆီကို နယ်စပ်သို့ စစ်သားများ ထပ်မံစေလွှတ်ခြင်း၊ ရွှေ့ပြောင်းများကို စစ်ဘက်သုံး လေယာဉ်များဖြင့် ပြန်ပို့ခြင်း၊ ရွှေ့ပြောင်းများကို ထားရှိရန် စစ်စခန်းများ ဖွင့်ခြင်းတို့ အပါအဝင် ရွှေ့ပြောင်းနေထိုင် သူများကို ကိုင်တွယ်ဖြေရှင်းရေး လုပ်ငန်းစဉ်တွင် စစ်တပ်၏ အကူအညီကို ရယူပြီးလုပ်ဆောင်နေသည်။
အမည်မဖော်လိုသည့် အမေရိကန်အရာရှိ တစ်ဦးကမူ အိန္ဒိယနိုင်ငံကို ပို့ဆောင်မည့် ရွှေ့ပြောင်းများအား တင်ဆောင်ထားသော် C-17 လေယာဉ်သည် အမေရိကန်က ထွက်ခွာသွားပြီဖြစ်ကြောင်း၊ သို့သော် ၂၄ နာရီအတွင်း အိန္ဒိယသို့ ဆိုက်ရောက်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ရွှေ့ပြောင်းများကို အမေရိကန်က ပြန်ပို့နေစဉ်
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း တက္ကဆက်(Texas) ပြည်နယ်၊ အယ်လ်ပါဆို (El Paso) မြို့နှင့် ကယ်လီဖိုးနီးယား (California) ပြည်နယ်၊ ဆန်ဒီယေဂို (San Diego) မြို့များရှိ အာဏာပိုင်များ၏ အကူအညီဖြင့် ရွှေ့ပြောင်း ၅၀၀၀ ကျော်ကို နေရပ်ပြန်ပို့သည့် လေကြောင်းခရီးစဉ်များအတွက် ကူညီပေးလျက်ရှိသည်။
ထို့ပြင် ဂွာတီမာလာ၊ ပီရူးနှင့် ဟွန်ဒူးရပ်စ်နိုင်ငံများသို့လည်း ရွှေ့ပြောင်းများကို စစ်ဘက်သုံး လေယာဉ်များဖြင့် ပြန်ပို့ပေးခဲ့သည်။
ရွှေ့ပြောင်းများကို စစ်ဘက်သုံး လေယာဉ်များဖြင့် ပြန်လည်ပို့ဆောင်မှုသည် အလွန်အကုန်အကျ များပြားသည်။
ပြီးခဲ့သည့် သီတင်းပတ်က ဂွာတီမာလာသို့ ရွှေ့ပြောင်းများ ပြန်လည်ပို့ဆောင်သည့် စစ်ဘက်သုံးလေယာဉ်၏ ကုန်ကျစရိတ်သည် ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးအတွက် ၄၆၇၅ ဒေါ်လာ ကုန်ကျခဲ့ဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 328
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump ) က ပြည်ပကုန်စည်များကို အခွန်တိုးကောက်မည်ဟု ခြိမ်းခြောက်မှုနှင့်အတူ တရုတ်၏ဝယ်လိုအား လျော့ကျခဲ့သဖြင့် ဇန်နဝါရီလအတွင်း အာရှ၏ စက်မှုလုပ်ငန်း လှုပ်ရှားမှုများ အားလျော့သွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့မှ အမေရိကန်သို့ တင်သွင်းသည့် ကုန်စည်များကို အခွန် တိုးကောက်ရန် အမိန့်ထုတ်ပြန်ခဲ့မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်များ ကမောက်ကမ ဖြစ်နေချိန်တွင် စက်မှုလုပ်ငန်း လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး လေ့လာချက်စစ်တမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်၏ စီးပွားရေး နှေးကွေးနေမှုနှင့် ထရမ့်၏ မူဝါဒများကြောင့် သေချာရေရာမှုမရှိသည့် အခြေအနေသည် အာရှ၏ မူဝါဒရေးဆွဲသူများအတွက် အကြီးစား ခေါင်းခဲစရာပြဿနာများ ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အာရှနိုင်ငံအများစုသည် ၎င်းတို့၏ စီးပွားရေးကို ကျောထောက်နောက်ခံရစေရန် ကြိုးပမ်းနေကြပြီး အများစုသည် တရုတ်၏ ဝယ်လိုအားနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအပေါ် မှီခိုနေရသည်။
စက်မှုလုပ်ငန်းကိုတွေ့ရစဉ်
ဇန်နဝါရီလအတွင်း တရုတ်၏ စက်မှုလုပ်ငန်းလှုပ်ရှားမှုသည် ပိုမိုနှေးကွေးလာခဲ့ပြီး လွန်ခဲ့သည့် ၅ နှစ်အတွင်း လုပ်သားအင်အားလည်း လျင်မြန်စွာ ကျဆင်းလာခဲ့ကာ ကုန်သွယ်ရေးတွင် မရေရာမှုများ မြင့်တက်လာသည်ဟု ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလေ့လာမှုစစ်တမ်း၌ ဖေဖော်ဝါရီ ၃ ရက်က ဖော်ပြခဲ့သည်။
ထိုလေ့လာတွေ့ရှိချက်သည် ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သော တရားဝင် စစ်တမ်းထက် အချက်အလက် ပိုမိုခိုင်မာမှုရှိခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် စစ်တမ်းတွင်မူ ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံးဖြစ်သည့် တရုတ်၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ဇန်နဝါရီလအတွင်း မကြုံစဖူး ကျုံ့ဝင်သွားခဲ့ကြောင်း ဖော်ပြခဲ့သည်။
“ထရမ့်ရဲ့ အခွန်တိုးကောက်မယ့် ခြိမ်းခြောက်မှုတွေကို အာရှကုမ္ပဏီတွေက သတိထားနေကြပြီး ကုန်ထုတ်လုပ်သူ တွေဟာ တရုတ်ရဲ့ စီးပွားရေး အလားအလာအပေါ် မယုံရဲတော့ပါဘူး”ဟု Dai-ichi Life Research Institute မှ စျေးကွက်ကျွမ်းကျင်သူတစ်ဦးဖြစ်သူ တိုရူ နီရှီဟာမား (Toru Nishihama) က ပြောကြားခဲ့သည်။
ထရမ့်၏ အခွန်တိုးကောက်ခံမှုများသည် ငွေကြေးဖောင်းပွစေခဲ့ပြီး ဒေါ်လာကို ပိုမိုခိုင်မာစေခဲ့ကာ ထွန်းသစ်စ အာရှငွေကြေးများအပေါ် ဖိအားများ ရှိလာစေလိမ့်မည်ဖြစ်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး ကျုံ့ဝင် လာချိန်တွင် အာရှကုန်ထုတ်လုပ်သူများကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း နီရှီဟာမားက ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 341
CNI International News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ယူကရိန်းသည် အမေရိကန်ထံမှ အကူအညီ ဒေါ်လာ ၇၆ ဘီလျံသာရရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (volodymyr zelenskyy) က ပြောကြားခဲ့သည်။
ထို့ကြောင့် အမေရိကန်၏ အကူအညီ ၂၀၀ ဘီလျံ ရှိခဲ့သည်ဆိုသည့် သတင်းများနှင့် ကွဲလွဲနေသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (J.D Vance) တို့ကမူ ကျန်သည့်ငွေများ မည်သည့်နေရာသို့ ရောက်သွားသနည်းဟု မေးခွန်းထုတ်နေကြပြီး ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းပြရန် တိုက်တွန်းနေကြသည်။
ဇာလန်းစကီးနဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်ကတည်းက အမေရိကန်လွှတ်တော်သည် ဒေါ်လာ ၁၇၅ ဘီလျံကို ခွင့်ပြုပေးခဲ့ပြီး ထိုငွေများထဲမှ အများစုသည် အမေရိကန်စက်မှုလုပ်ငန်းများကို အကျိုးရှိစေခဲ့သည်။
စစ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စေ့စေ့စပ်စပ် စိစစ်မှုများ မြင့်တက်နေမှုနှင့် အတူ အမေရိကန်၏ ယူကရိန်းအကူအညီများ မြင့်တက်နေမှုအပေါ် ငြင်းခုံမှုများ ထွက်ပေါ်နေကြသည်။
ဇာလန်းစကီး ပြောသလိုဆိုပါက ကျန်သည့် ထောက်ပံ့ငွေများ ဘယ်ရောက်သွားသနည်းဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 418
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၄
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) သည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)နှင့် ဆွေးနွေးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အလားတူ ဒစ်ဂျစ်တယ် ငွေကြေး အခြေအနေများနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့သည်။
မစ္စတာအန်ဝါသည် ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးမှု အသေးစိတ်ကို ၎င်း၏ Facebook ပို့စ်တွင် ရေးသားဖော်ပြခဲ့ခြင်းမရှိဘဲ မြန်မာ့အရေး၊ ဒစ်ဂျစ်တယ်ငွေကြေး အခြေအနေတို့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဆွေးနွေးမှုများသည် အကျိုးရှိကြောင်း ပြောကြားခဲ့သည်။
သက်ဆင်နှင့် အန်ဝါတို့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ယူဆရ သည်။
သက်ဆင်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါနဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်းတို့ကို တွေ့ရစဉ်
၎င်းတို့ ၂ ဦး၏ အစည်းအဝေးကို နောက်ပိုင်းတွင် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုက တက်ရောက် ခဲ့သည်။
မလေးရှားသည် ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးအား မရယူမီ အန်ဝါက သက်ဆင်ကို ၎င်း၏ ပုဂ္ဂိုလ်ရေး အကြံပေးအဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လက မလေးရှားနိုင်ငံ၊ လန်ဂါဝီ (Langawi) ကျွန်းတွင် ပြလုပ်ခဲ့သည့် အာဆီယံအစည်းအဝေး၌ အဖွဲ့ဝင် နိုင်ငံများက မြန်မာနိုင်ငံကို ဆွေးနွေးမှု ပြုလုပ်ရန်နှင့် ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးရရှိအောင် ဦးစားပေး လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃၁ ရက်က ၄ နှစ် ကြာမြင့်နေပြီဖြစ်သည့် အရေးပေါ် အုပ်ချုပ်ရေးကာလကို သက်တမ်း ထပ်တိုးခဲ့သဖြင့် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့် အစီအစဉ်များကို နှောင့်နှေးကြန့်ကြာစေခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 424
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရသည် ဘီလျံနာ အီလွန်မာ့စ် (Elon Musk)၏ရုံးမှ ကိုယ်စားလှယ်များကို တားဆီးခဲ့သည့် အမေရိကန်၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(USAID)၏ ထိပ်သီးလုံခြုံရေးအရာရှိ ၂ ဦးကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။
မာ့စ်၏ အစိုးရ အကျိုးဆောင်ဌာန (DOGE) မှ ကိုယ်စားလှယ်များသည် USAID ရုံးအတွင်းရှိ ကန့်သတ်ထားသည့် နေရာများကို ဝင်ရောက်ချိန်တွင် ထိုလုံခြုံရေးအရာရှိ ၂ ဦးက တားမြစ်ခဲ့ခြင်းဖြစ်သဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရ သည်ဟု သတင်းရင်းမြစ်များက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်သည် USAID ၏ လွတ်လပ်စွာ ရပ်တည်မှုကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက် သို့ သွတ်သွင်းရန် ကြိုးပမ်းနေချိန်တွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း USAID ၏ ဝန်ထမ်းအများအပြား ထုတ်ပယ်ခံခဲ့ရသည်။
USAID ၏ ဥပဒေပြုရေးနှင့် ပြည်သူ့ရေးရာဗျူရိုမှ ဝန်ထမ်း ၃၀ နီးပါးသည် ၎င်းတို့၏ အီးမေးလ် အကောင့်များကို တစ်ညအတွင်းမှာပင် ဝင်ခွင့်မရတော့ကြောင်း သတင်းရင်းမြစ် ၅ ခုက ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ် အတွင်းမှာပင် USAID ၏ ထိပ်သီးအရာရှိပေါင်း ၁၀၀ နီးပါးသည် အလုပ်လုပ်ခွင့် မရတော့ဘဲ အနားယူခဲ့ရသည်။
“DOGE ဟာ မနေ့တုန်းက အဆောက်အအုံထဲကို ဝင်ခဲ့ပါတယ်”ဟု အမည်မဖော်လိုသည့် အထက်လွှတ်တော်မှ ဒီမိုကရက်တစ်ဦးက ပြောကြားခဲ့သည်။
USAID လုံခြုံရေးအရာရှိများက လုံခြုံရေး အထောက်အထားမရှိဘဲ ဝင်လာသည့် DOGE ကိုယ်စားလှယ်များကို ဟန့်တားရန် ကြိုးပမ်းခဲ့သည်ဟုဆိုသည်။
“USAID လုံခြုံရေးအရာရှိတွေဟာ ဖက်ဒရယ်ဥပဒေနဲ့ အရေးယူခံရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ် အပြီးမှာ USAID ရဲ့ လုံခြုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဂျွန် ဗူဟာဟီးစ် (John Voorhees) နဲ့ သူ့လက်ထောက်ဟာ ရာထူးက ဖယ်ရှားခံလိုက်ရပါတယ်”ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ထရမ့်သည် အမေရိကန်၏ ပြည်ပကူညီထောက်ပံ့မှု အားလုံးနီးပါးကို ရပ်နားထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုအကူအညီများသည် ၎င်း၏ “အမေရိကန်ပထမ မူဝါဒ”နဲ့ ကိုက်ညီမှု ရှိ/မရှိ သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ