- By CNI
- Category: နိုင်ငံရေး
- Hits: 549
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁၆
အမေရိကန်အစိုးရအနေဖြင့် အီရန်ကို တိုက်ခိုက်မည်ဆိုပါက အမေရိကန် အခြေစိုက်စခန်းများကို ပြန်လည် တိုက်ခိုက်မည်ဟု အီရန်အစိုးရက အိမ်နီးချင်းနိုင်ငံများကို သတိပေးထားကြောင်း အီရန်အဆင့်မြင့် အရာရှိတစ်ဦး က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသရှိ စစ်အခြေစိုက် စခန်းအချို့မှ အမှုထမ်းအချို့ကို ပြန်လည် ရုပ်သိမ်းနေကြောင်း အမေရိကန်အရာရှိတစ်ဦးက ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အီရန်အာဏာပိုင်များသည် နိုင်ငံ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပြည်တွင်း ဆူပူအုံကြွမှုများကို နှိမ်နင်းရန် ကြိုးပမ်းနေရချိန်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများဘက်မှ ကြားဝင်ဆောင်ရွက် ပေးမည်ဆိုသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ ခြိမ်းခြောက်မှုများအား တားဆီးရန် အီရန်က ကြိုးစားနေသည်။

အီရန်ဆန္ဒပြသူများကို တွေ့ရစဉ်
အမေရိကန်၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အီရန်အရေးနှင့် ပတ်သက်ပြီး အစည်း အဝေး ပြုလုပ်ရန် စီစဉ်ထားသည်။
အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဒေသတွင်း တင်းမာမှုများ မြင့်တက်နေ ခြင်းကြောင့် ကြိုတင်ကာကွယ်မှု အနေဖြင့် အရေးပါသော အခြေစိုက် စခန်းအချို့မှ အမှုထမ်းအချို့ကို ပြန်လည် ရုပ်သိမ်းနေကြောင်း သိရသည်။
“အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ မကြာခင် ဖြစ်လာတော့မယ်ဆိုတဲ့ အချက်ပြမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ဒါဟာ လူတိုင်းကို အမြဲတမ်း သတိရှိနေစေဖို့ လက်ရှိအစိုးရရဲ့ ကျင့်သုံးနေကျ ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကြိုတင် ခန့်မှန်းလို့ မရအောင် လုပ်ဆောင်တာဟာ သူတို့ဗျူဟာရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ” ဟု အနောက်နိုင်ငံ စစ်ဘက် ဆိုင်ရာ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
သို့သော် သမ္မတ ထရမ့်ကမူ လက်ရှိ အကျပ်အတည်းအပေါ် စောင့်ကြည့်လေ့လာသည့် အနေအထားကိုသာ ကျင့်သုံးနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

အီရန်ခေါင်းဆောင်နဲ့ အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်
အီရန်တွင် ဆန္ဒပြမှုများအား နှိမ်နင်းမှုအတွင်း သတ်ဖြတ်မှုများမှာ လျော့ပါးသွားပြီဖြစ်ကြောင်း မိမိကို ပြောကြား လာသလို အီရန်၌ ကွပ်မျက်မှုများ ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း ယုံကြည်သည်ဟုလည်း ထရမ့်က သတင်း ထောက်များကို ပြောကြားခဲ့သည်။
အီရန်တွင် ဆန္ဒပြမှုများအတွင်း သတ်ဖြတ်မှုများ ရပ်တန့်သွားပြီဟု မည်သူက ပြောကြားခဲ့ သနည်းဟူသော မေးခွန်းကိုမူ ထရမ့်က တစ်ဖက်အုပ်စုရှိ အလွန်အရေးပါသော သတင်းရင်းမြစ်များက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။
သို့သော် ထရမ့်သည် စစ်ရေးအရ အရေးယူနိုင်ခြေကို စာရင်းထဲမှ ဖယ်ထုတ်ထားခြင်းမရှိဘဲ အခြေအနေကို စောင့်ကြည့် သွားမည်ဖြစ်ကြောင်းနှင့် အီရန်ထံမှ အလွန်ကောင်းမွန်သော ထုတ်ပြန်ချက် တစ်ရပ်ကို ရရှိ ထားကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 438
CNI International News
တိုကျို၊ ဇန်နဝါရီ ၁၅
ကမ္ဘာတစ်ဝန်း ပထဝီနိုင်ငံရေး တင်းမာမှု မြင့်တက်လာခြင်းသည် အာရှတစ်လွှားရှိ ကာကွယ်ရေးကုမ္ပဏီများ အတွက် အဓိက အခွင့်အလမ်းတစ်ခု ဖြစ်လာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများကလည်း ကာကွယ်ရေးကဏ္ဍ၏ စတော့ရှယ်ယာများ တိုးတက်လာမည့် အလားအလာအပေါ် ပိုမိုယုံကြည်မှု ရှိနေကြသည်။
ဗင်နီဇွဲလား အကျပ်အတည်း၊ အီရန်နှင့် အနောက်နိုင်ငံများကြား တင်းမာမှုများအပြင် ကိုရီးယားကျွန်းဆွယ်နှင့် အာတိတ်ဒေသတို့၏ အခြေအနေများကြောင့် နိုင်ငံအသီးသီးက စစ်ရေးအတွက် ပိုမိုပြင်ဆင်လာကြသည်။
ယခင်က ကာကွယ်ရေးကုမ္ပဏီများကို အမေရိကန်နှင့် ဥရောပကုမ္ပဏီများသာ ကြီးစိုးခဲ့သော်လည်း ယခုအခါ ဂျပန်နိုင်ငံ၏ Mitsubishi Heavy Industries၊ တောင်ကိုရီးယား၏ Hanwha Aerospace ကဲ့သို့သော အာရှ ကုမ္ပဏီများသည် အဆင့်မြင့် လက်နက်များနှင့် ဒရုန်းများကို ထုတ်လုပ် တင်ပို့နေသဖြင့် ထိုကုမ္ပဏီများ၏ ရှယ်ယာဈေးများ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။

အစိုးရဆန့်ကျင်နေကြစဉ်
လက်ရှိ နိုင်ငံတကာ အခင်းအကျင်းအရ အစိုးရများသည် ကာကွယ်ရေး အသုံးစရိတ်များကို ဆက်လက်တိုး မြှင့်လိမ့်မည်ဟု ရင်းနှီးမြှုပ်နှံသူများက ယူဆကြသည်။
ထို့ကြောင့် ကာကွယ်ရေးကုမ္ပဏီများ၏ စတော့ရှယ်ယာများကို ဝယ်ယူစုဆောင်းခြင်းဖြင့် အကျိုးအမြတ်ရမည်ဟု ရင်းနှီးမြှုပ်နှံသူများက မျှော်မှန်းထားကြသည်။
ဥပမာအားဖြင့် တောင်ကိုရီးယားသည် ယခုအခါ ကမ္ဘာ့အကြီးဆုံး လက်နက်တင်ပို့သည့် နိုင်ငံများစာရင်းတွင် ထိပ်တန်းသို့ ရောက်ရှိလာပြီး အာရှ၏ လက်နက်တိုက်ဟုပင် တင်စားခံနေရသည်။
ဂျပန်နိုင်ငံသည်လည်း ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဆယ်စုနှစ်များစွာကြာ ကျင့်သုံးခဲ့သည့် မိမိကိုယ်ကို ကာကွယ် ရေးမူဝါဒမှ ခွဲထွက်ပြီး စစ်ရေးအင်အား တိုးချဲ့သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာသည်။
ခြုံငုံသုံးသပ်ရမည်ဆိုပါက အာရှကာကွယ်ရေးကုမ္ပဏီများ၏ ရှယ်ယာများ တက်လာခြင်းသည် ကမ္ဘာကြီးတွင် ပဋိပက္ခများ များပြားလာခြင်းကြောင့် လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီများ၏ ဝင်ငွေနှင့် အမြတ်ငွေ ပိုမို များပြား လာမည်ကို ရင်းနှီးမြှုပ်နှံသူများက အခွင့်အလမ်း တစ်ခုအဖြစ် ရှုမြင်ထားကြခြင်းဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 524
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၁၅
ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲ၌ အောက်လွှတ်တော်၏ အမတ်နေရာ ၅၀၀ အနက် နေရာ ၂၀၀ ကို အနိုင်ရရှိရန် မျှော်မှန်းထားသည်ဟု ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သူ ယော့ချန်နန် ဝေါင်ဆာဝတ် (Yodchanan Wongsawat) က ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အသက် ၄၆ နှစ်အရွယ်ရှိသူ ယော့ချန်နန်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) ၏ တူဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်နေရာကို အနိုင်ရရှိရန် ရည်မှန်းထားသူ ဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပရန် လပိုင်းသာ လိုတော့သည့် အချိန်တွင် ဖြူးထိုင်းပါတီ၏ ပဲ့ကိုင်ရှင် သက်ဆင်သည် အကျဉ်းချ ခံထားရသော်လည်း ထိုင်းနိုင်ငံရေးလောကတွင် ဩဇာကြီးမားသော ရှင်နာဝပ် မိသားစုဝင်တစ်ဦးကို အားကိုးပြီး အာဏာပြန်လည်ရရှိရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
“ကျနော်က အတွေ့အကြုံ နည်းပါသေးတယ်။ ဒါပေမယ့် ကျနော်ဟာ နိုင်ငံရေးဩဇာကြီးမားတဲ့ မိသားစုရဲ့ ပခုံးပေါ်မှာ ရှိနေပါတယ်”ဟု ယော့ချန်နန်က ရှင်နာဝပ်မိသားစုကို ရည်ညွှန်းပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ သက်ဆင်နဲ့ ပေတုန်တန်တို့ သားအဖကို တွေ့ရစဉ်
ရှင်နာဝပ် မိသားစုသည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း မိသားစုဝင် ၄ ဦးကို ဝန်ကြီးချုပ် နေရာကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ယော့ချန်နန်၏ ဖခင်ဖြစ်သူ ဆွမ်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) ၊ ဦးလေးဖြစ်သူ သက်ဆင်၊ အဒေါ် ဖြစ်သူ ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) နှင့် ညီမဝမ်းကွဲဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) တို့သည် ဝန်ကြီးချုပ် နေရာများကို ရရှိခဲ့သည်။
သက်ဆင်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း အာဏာအလွဲ သုံးစားမှု အပါအဝင် အခြားစွဲချက်များဖြင့် တရားစွဲဆိုခံခဲ့ရသည်။
ထိုအမှုများအတွက် ချမှတ်ထားသော ထောင်ဒဏ်များကို ရှောင်တိမ်းခဲ့မှုကြောင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် တရားရုံးချုပ်က သက်ဆင်အား ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး လက်ရှိတွင် သက်ဆင်သည် ပြစ်ဒဏ်ကျခံ နေရဆဲ ဖြစ်သည်။
လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုများအတွင်း ဖြူးထိုင်းပါတီ၏ လူထုထောက်ခံမှုနှုန်းသည် သိသိသာသာ ကျဆင်းခဲ့ သည်။
ထိုင်းနိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲရေးဌာန (NIDA) ၏ စစ်တမ်းအရ ဒီဇင်ဘာလတွင် ဖြူးထိုင်းပါတီ အား ထောက်ခံမှုနှုန်းမှာ ၁၁.၀၄% သာ ရှိတော့ကြောင်း ဖော်ပြခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 486
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁၅
အီရန်ပြည်သူများအနေဖြင့် ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်ကြရန်နှင့် မိမိတို့အပေါ် ညှဉ်းပန်းနှိပ်စက် နေသူများ၏ အမည်များကို မှတ်သားထားကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဇန်နဝါရီ ၁၃ ရက်တွင် တိုက်တွန်း ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်အာဏာပိုင်များသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲများကို အင်အားသုံး နှိမ်နင်းနေချိန်တွင် ဆန္ဒပြသူများကို လာရောက်ကူညီပေးမည်ဟု ထရမ့်က ပြောသည်။
တစ်ဖက်တွင်လည်း အီရန်အစိုးရက ထရမ့်သည် နိုင်ငံရေးအရ မတည်ငြိမ်မှုများကို အားပေးအားမြှောက် ပြုလုပ် နေပြီး အကြမ်းဖက်မှုများဖြစ်အောင် လှုံ့ဆော်နေသည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။
“အီရန် မျိုးချစ်များ၊ ဆန္ဒဆက်ပြကြပါ။ သင်တို့ရဲ့ အင်စတီကျူးရှင်းတွေကို ရအောင်ယူပါ။ အကူအညီတွေ လာနေ ပါပြီ” ဟု ထရမ့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့ပြီး မည်သည့်ပုံစံမျိုးဖြင့် အကူအညီပေးမည် ဆိုခြင်း ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။
အီရန်တွင် ဆန္ဒပြသူများအား အဓိပ္ပာယ်မရှိ သတ်ဖြတ်နေမှုအား မရပ်တန့်မချင်း အီရန်အရာရှိများနှင့် ပြုလုပ်ရန် စီစဉ်ထားသည့် အစည်းအဝေးအားလုံးကို ဖျက်သိမ်းခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထို့ပြင် အီရန် ဆန္ဒပြသူများ အနေဖြင့် ၎င်းတို့အား သတ်ဖြတ်သူများနှင့် အနိုင်ကျင့်သူများ၏ အမည်ကို မှတ်ထား ကြရန်၊ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် ကြီးမားစွာ ပြန်လည်ပေးဆပ် ရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သီတင်းပတ် နှစ်ပတ်ကျော်ကြာ ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း လူပေါင်း ၂,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း အီရန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထိုပြောကြားချက်သည် ဆန္ဒပြပွဲများ စတင် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အီရန်အာဏာပိုင်များဘက်မှ စုစုပေါင်း သေဆုံးသူ အရေအတွက်ကို ပထမဆုံးအကြိမ် ထုတ်ဖော် ပြောကြားခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်သော HRANA က ၎င်းတို့ အတည်ပြုနိုင်ခဲ့ သည့် သေဆုံးသူ ၂,၀၀၃ ဦးအနက် ၁,၈၅၀ ဦးမှာ ဆန္ဒပြသူများဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက်မှာလည်း ၁၆,၇၈၄ ဦးအထိ ရှိလာပြီး ထိုအရေအတွက်သည် ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် ဖမ်းဆီးခံရသူ အရေအတွက်ထက် သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 456
CNI International News
ပြုံယမ်း၊ ဇန်နဝါရီ ၁၅
တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားကြား ဒရုန်းများနှင့်ပတ်သက်ပြီး တင်းမာမှု မြင့်တက်ခဲ့ပြီးနောက် နှစ်နိုင်ငံ ကြား ဆက်ဆံရေး မြှင့်တင်စရာ အကြောင်းမရှိဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ ဩဇာကြီးမားသည့် ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo-jong) က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားဒရုန်းများ မြောက်ကိုရီးယားနိုင်ငံအတွင်း ဝင်ရောက်ပျံသန်းသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် မြောက်ကိုရီးယားအစိုးရသည် တောင်ကိုရီးယားနှင့် ဆက်သွယ် ညှိနှိုင်းမှုများ ပြုလုပ်ရန် လမ်းဖွင့်ထားဆဲဖြစ်သည် ဆိုသည့် တောင်ကိုရီးယား၏ ပြောကြားချက်များကို ကင်မ်ယိုဂျုံက ငြင်းဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလနှင့် ယခုလအတွင်း တောင်ကိုရီးယားဘက်မှ ဒရုန်းများကို နယ်စပ်ဖြတ်ကျော် စေ လွှတ်ခဲ့ခြင်းသည် မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာကို ကျူးကျော်ဖောက်ဖျက်သည့် ကြီးလေးသော ရန်စ မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ အဆင့်မြင့်အရာရှိ တစ်ဦး ဖြစ်သူ ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။
တောင်ကိုရီးယားအစိုးရ၏ ဆက်ဆံရေး မြှင့်တင်လိုသည့် မျှော်လင့်ချက်များသည် စိတ်ကူးယဉ် အိပ်မက်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်နဲ့ ညီမ ကင်မ်ယိုဂျုံကို တွေ့ရစဉ်
ထိုကဲ့သို့ ပြောကြားချက်များအရ ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လိုသည့် တောင်ကိုရီးယား၏ ဆန္ဒများသည် အကောင်အထည် ပေါ်လာလိမ့်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားဒရုန်းများ ဝင်ရောက် ပျံသန်းမှုဖြစ်စဉ်ကို ရန်စသည့် လုပ်ရပ်ဟု ပြောကြားခဲ့ကာ နယ်စပ်အနီးတွင် ပစ်ချခဲ့သည်ဆိုသော ပျက်စီးနေသည့် ဒရုန်းဓာတ်ပုံများကိုလည်း ထုတ်ပြန်ခဲ့ သည်။
တောင်ကိုရီးယားအစိုးရကလည်း ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ဓာတ်ပုံထဲ၌ မြင်တွေ့ရသည့် ဒရုန်းအမျိုးအစားများသည် ၎င်းတို့စစ်တပ်မှာ အသုံးပြုနေသည့် အမျိုးအစားများ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ထိုဒရုန်းများကို တောင်ကိုရီးယား အရပ်သားများက စေလွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ယူဆခဲ့ကြသည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) ကလည်း ထိုဖြစ်စဉ်သည် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သည့် ကြီးလေးသော ရာဇဝတ်မှု ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 409
CNI International News
သည်ဟိဂ်၊ ဇန်နဝါရီ ၁၄
မြန်မာနိုင်ငံသည် ဘင်္ဂါလီများကို အိပ်မက်ဆိုးများ ဖန်တီးပေးခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံက တရားသူကြီးများက ပြောကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံသည် ဘင်္ဂါလီ မွတ်ဆလင်များကို လူမျိုးသုဉ်း သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပစ်မှတ်ထားခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ် (The Hague) မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ပြုလုပ်သည့် ကြားနာစစ်ဆေးမှု၌ ဂမ်ဘီယာနိုင်ငံက တရားသူကြီးများကို ပြောကြားခဲ့သည်။
ထိုအမှုသည် ပြီးခဲ့သည့် ဆယ်စုနှစ် တစ်စုကျော်အတွင်း ICJ ၌ အပြည့်အဝ ကြားနာစစ်ဆေးမှု ပြုလုပ်သည့် ပထမဆုံး လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်ဆိုင်ရာ အမှုဖြစ်သည်။
ထိုအမှု၏ ရလဒ်သည် မြန်မာနိုင်ငံ အတွက်သာမက ဂါဇာစစ်ပွဲနှင့် ပတ်သက်ပြီး အစ္စရေးအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသည့် တောင်အာဖရိက၏ အမှုကိုလည်း သက်ရောက်မှု ရှိစေမည်ဖြစ်သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်
မြန်မာနိုင်ငံကမူ လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
ထို့အတူ အစ္စရေးနိုင်ငံကလည်း လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်နေသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုထားပြီး တောင်အာဖရိက၏ တရားစွဲဆိုမှုသည် လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို အလွဲသုံးစား လုပ်ခြင်းသာဖြစ်ကြောင်း အစ္စရေး၏ ရှေ့နေများက ပြောကြားခဲ့သည်။
ဘင်္ဂါလီ မွတ်ဆလင်များသည် ငြိမ်းချမ်းစွာဖြင့် ဂုဏ်သိက္ခာရှိရှိ နေထိုင်ချင်ကြသည့် ရိုးရှင်းသော လူသားများသာ ဖြစ်ကြောင်း ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါ ဂျယ်လို (Dawda Jallow) က ICJ တရားသူကြီးများကို ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု ဂမ်ဘီယာက စွပ်စွဲကာ ၂၀၁၉ ခုနှစ်တွင် ICJ သို့ အမှု စတင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်သည် ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတစ်ရပ်ကို ဆောင်ရွက်ခဲ့ချိန်တွင် ဘင်္ဂါလီ ၇၃၀,၀၀၀ ကျော်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြရသည်။

ဂမ်ဘီယာတရားသူကြီးများကို တွေ့ရစဉ်
ကုလသမဂ္ဂ အချက်အလက် ရှာဖွေစုဆောင်းရေးအဖွဲ့ (UN Fact-finding Mission) ကလည်း တပ်မတော်၏ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးအတွင်း လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များ (Genocidal Acts) ပါဝင်နေသည်ဟု ကောက်ချက်ချခဲ့သည်။
မြန်မာအာဏာပိုင်များကမူ ထိုထုတ်ပြန်ချက်ကို ပယ်ချခဲ့ပြီး ၎င်းတို့၏ စစ်ဆင်ရေးသည် တရားဝင်မှုရှိသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် ကင်းစခန်း ၃၀ ကို အာဆာ (ARSA) အကြမ်းဖက်အဖွဲ့က တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 406
CNI International News
နာရာ၊ ဇန်နဝါရီ ၁၄
တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae-myung) သည် ဂျပန်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဂျပန် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အိမ်နီးချင်းနှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနှင့် ဂျပန် ဆက်ဆံရေးသည် တစ်ခါတစ်ရံတွင် တင်းမာမှုများ ရှိတတ်သော်လည်း လက်ရှိတွင် မြင့်တက်လာသည့် မရေရာမှုများနှင့် ဒေသတွင်း စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်၌ ယခုကဲ့သို့ သဘောတူခဲ့ကြ ခြင်း ဖြစ်သည်။
“ဒီလို ရှုပ်ထွေးပြီး မတည်ငြိမ်တဲ့ နိုင်ငံတကာ အခင်းအကျင်းကြားမှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်သစ်ဆီကို ရှေ့ဆက် လှမ်းနိုင်ဖို့အတွက် ကိုရီးယားနဲ့ ဂျပန်အကြား ပူးပေါင်းဆောင်ရွက်မှုဟာ အခုအချိန်မှာ အခြားအရာတွေ ထက်ပိုပြီး အရေးကြီးနေပြီလို့ ကျနော် ယုံကြည်ပါတယ်” ဟု ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေး ပွဲတွင် တောင်ကိုရီးယားသမ္မတ လီက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတနဲ့ဇနီးကို တွေ့ရစဉ်
ဝန်ကြီးချုပ် တာကာအီချီကလည်း “ဒေသတွင်း တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး အကျိုးပြု သင့်တယ်လို့ ယုံကြည်တဲ့အတွက် တောင်ကိုရီးယားနဲ့ ဂျပန်ရဲ့ ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ ကျမရဲ့ ဆုံးဖြတ်ချက်ကို ထပ်မံ အတည်ပြုပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် တာကာအီချီက ယခုနှစ်တွင် ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေးကို ပိုမိုမြင့်မားသည့် အဆင့်တစ်ခုထံ မြှင့်တင်သွားမည်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်သည် တရုတ်နှင့် အငြင်းပွားမှုများ မြင့်တက်လာချိန်တွင် တောင်ကိုရီးယား အစိုးရနှင့် တည်ငြိမ်သော ဆက်ဆံရေးတစ်ခု ရရှိရန် ရည်မှန်းထားသည်။
ဂျပန်ဝန်ကြီးချုပ် တာကာအီချီသည် ၎င်း၏ ဇာတိမြေဖြစ်သော နာရာ (Nara) မြို့တွင် တောင်ကိုရီးယားသမ္မတ လီကို ဧည့်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နာရာမြို့မှာ လုံခြုံရေးချထားစဉ်
နာရာမြို့တွင် လူသားများနှင့် အလွန်ယဉ်ပါးသည့် သမင်များစွာရှိပြီး ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိပြီဖြစ်သော ဗုဒ္ဓဘာသာ ဘုရားကျောင်းများကြောင့် ကျော်ကြားသည့် ဂျပန်နိုင်ငံ၏ ရှေးဟောင်းမြို့တော်ဖြစ်သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များကြား ယခုကဲ့သို့ နာရာမြို့တွင် တွေ့ဆုံရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူ (Gyeongju) မြို့၌ ပြုလုပ်ခဲ့သော APEC အစည်းအဝေးအတွင်း သမ္မတလီက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်း ခေတ်များကတည်းက ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်နိုင်ငံအကြား ယဉ်ကျေးမှု ဖလှယ်သည့် ဗဟို ချက် ဖြစ်ခဲ့သော နာရာမြို့သည် ကိုရီးယား-ဂျပန် အပြန်အလှန် ဖလှယ်မှုများအတွက် အထူးအဓိပ္ပာယ်ရှိသည့် နေရာတစ်ခုဖြစ်ကြောင်း သမ္မတလီက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 424
CNI International News
ဒမတ်စကတ်၊ ဇန်နဝါရီ ၁၄
ဆီးရီးယားနိုင်ငံ အလက်ပို (Aleppo) မြို့တွင် ကာ့ဒ်လက်နက်ကိုင်များ ဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့(SDF)များ ထပ်မံ ရောက်ရှိလာခဲ့ပြီးနောက် ဆီးရီးယားအစိုးရသည် အလက်ပိုမြို့ အရှေ့ဘက် ကျေးလက် ဒေသများသို့ စစ်သားများ စေလွှတ်ထားကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အလက်ပိုမြို့အတွင်း ဆီးရီးယားစစ်တပ်နှင့် SDF တပ်ဖွဲ့များ ရက်အတန်ကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောက် SDF တပ်ဖွဲ့များ မြို့အတွင်းမှ ထွက်ခွာသွားခဲ့ကာ ယခုအခါတွင် SDF တပ်ဖွဲ့များ ပြန်လည်ဝင်ရောက် လာခြင်းဖြစ်သည်။
ဆီးရီးယားစစ်သားများသည် အလက်ပိုမြို့ အရှေ့ဘက်ရှိ တပ်ဖြန့်ရာ နေရာများသို့ ဦးတည် ချီတက်နေသည့် ရုပ်သံမှတ်တမ်းများကို ဆီးရီးယားအစိုးရပိုင် SANA သတင်းဌာနက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်လွှင့်ပြသခဲ့သည်။
အလက်ပိုမြို့ အရှေ့ဘက် မာစကာနာ (Maskana) နှင့် ဒီယာ ဟာဖာ (Deir Hafer) မြို့များအနီး SDF အဖွဲ့၏ တပ်ဖြန့်သည့် နေရာများသို့ လက်နက်ကိုင်အဖွဲ့များ ထပ်မံ ရောက်ရှိလာခြင်းကို ဆီးရီးယားစစ်တပ်၏ စစ်ဆင်ရေး အဖွဲ့များက သိရှိခဲ့ကြောင်း SANA သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။

ကာ့ဒ်တပ်ဖွဲ့ကို တွေ့ရစဉ်
မိမိတို့၏ ထောက်လှမ်းရေး သတင်းများအရ ထိုလက်နက်ကိုင် အဖွဲ့များထဲတွင် ကာ့ဒ်အလုပ်သမားပါတီ (PKK) မှ တိုက်ခိုက်ရေးသမား အများအပြား ပါဝင်နေသည်ဟု ဆီးရီးယားစစ်တပ်က ထုတ်ပြန်ခဲ့သည်။
PKK အဖွဲ့သည် တူရကီနိုင်ငံနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ ပြီးခဲ့သည့်နှစ်က တူရကီနိုင်ငံအတွင်းရှိ ၎င်းတို့၏ တပ်ဖွဲ့အားလုံးကို အီရတ်မြောက်ပိုင်းသို့ ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထို့ပြင် PKK အဖွဲ့သည် လူပေါင်းများစွာ သေဆုံးစေခဲ့သော တူရကီအစိုးရနှင့် ဆယ်စုနှစ် ၄ ခုကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရန် လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်များအား လုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။
SDF အဖွဲ့ကမူ အလက်ပိုမြို့ အရှေ့ဘက် ဒီယာဟာဖာမြို့၏ ရှေ့တန်း စစ်မျက်နှာသို့ စစ်အင်အားများ ဖြန့်ကြက် ထားသည်ဟု ပြောကြားခဲ့သည့် ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 415
CNI International News
ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၁၄
အာတိတ်ဒေသ (Arctic) ၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် နောက်ထပ် လုပ်ဆောင်ရမည့် အစီအစဉ်များအား အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးနေပြီဖြစ်ကြောင်း နေတိုးမဟာမိတ်အဖွဲ့ အကြီးအကဲ မာ့ခ်ရူတေး(Mark Rutte) က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့က ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ခြိမ်းခြောက်မှု များကို ဟန့်တားရန်အတွက် ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်း (Greenland) ကျွန်းကို သိမ်းပိုက်ရယူရန် လိုအပ် ကြောင်း ပြောဆိုခဲ့ပြီးနောက် ရူတေး၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
“အာတိတ်ဒေသရဲ့ အရေးပါမှုနဲ့ လုံခြုံရေးအပေါ် အဖွဲ့ဝင်အားလုံး သဘောတူကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပင်လယ်ရေကြောင်း လမ်းကြောင်းတွေ ပွင့်လာတာနဲ့အမျှ ရုရှားနဲ့ တရုတ်ဟာ ဒီဒေသမှာ ပိုပြီးလှုပ်ရှားလာနိုင်တဲ့ အန္တရာယ်ရှိနေလို့ပါ။ လက်ရှိမှာတော့ ဒီဆွေးနွေးမှုတွေကို လက်တွေ့ကျတဲ့ နောက်ဆက်တွဲ လုပ်ဆောင်ချက်တွေ အဖြစ် ဘယ်လို ဖော်ဆောင်မလဲဆိုတဲ့ နောက်တစ်ဆင့်ကို ကျနော်တို့ ဆွေးနွေးနေပါတယ်” ဟု ၎င်းက ပြောကြား ခဲ့သည်။
လက်ရှိတွင် အာတိတ်ဒေသအတွက် ခိုင်မာသည့် အဆိုပြုချက်များ ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်သို့ ရောက်ရှိ မလာ သေးသော်လည်း အချို့အဖွဲ့ဝင် နိုင်ငံများကမူ အာတိတ်ဒေသ၌ မစ်ရှင်အသစ်တစ်ခု စတင်ရန် အပါအဝင် အကြံပြု ချက် အချို့ကို တင်ပြထားကြကြောင်း နေတိုးအဖွဲ့၏ သံတမန်များက ပြောကြားခဲ့သည်။

ဂရင်းလန်းကျွန်း လုံခြုံရေး ဆောင်ရွက်နေတဲ့ စစ်သင်္ဘောတစ်စင်းကို တွေ့ရစဉ်
တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ထရမ့်သည် ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်း (Greenland) ကို သိမ်းပိုက်ရယူ ရန် ခြိမ်းခြောက်နေသဖြင့် အဖွဲ့ဝင် ၃၂ နိုင်ငံ ပါဝင်သော နေတိုးအဖွဲ့ကို တုန်လှုပ် ခြောက်ခြားစေခဲ့သည်။
တရုတ်နှင့် ရုရှား နိုင်ငံတို့သည် သယံဇာတ ကြွယ်ဝသော ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည်ဟု ထရမ့်က ခိုင်လုံသော အထောက်အထားများ ပြသခြင်းမရှိဘဲ ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းပေါ်တွင် အမေရိကန် စစ်အခြေစိုက်စခန်းများ ရှိနေရုံမျှဖြင့် တရုတ်နှင့် ရုရှား၏ ခြိမ်းခြောက်မှုကို ဟန့်တားရန် လုံလောက်ခြင်း မရှိသဖြင့် အမေရိကန်အနေဖြင့် ဂရင်းလန်းကို ပိုင်ဆိုင်ရမည်ဟု ထရမ့်က ပြောကြား ခဲ့သည်။
“တကယ်လို့ အမေရိကန်က ဂရင်းလန်းကို မရယူရင် ရုရှား ဒါမှမဟုတ် တရုတ်က ယူသွားပါလိမ့်မယ်။ အဲဒီလိုမျိုး တော့ ကျနော် အဖြစ်မခံနိုင်ဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျနော်တို့ ဂရင်းလန်းကို ရအောင်ယူမှာပါ”ဟု ထရမ့်က ပြောကြားခဲ့သည်။
အိမ်ဖြူတော်ကလည်း ဂရင်းလန်းကျွန်းကို ဝယ်ယူခြင်းသည် ပိုမိုကောင်းမွန်သော နည်းလမ်းဖြစ်သော်လည်း စစ်ရေးအရ အင်အားသုံး၍ သိမ်းပိုက်မည့် အစီအစဉ်ကိုလည်း စာရင်းထဲမှ ထုတ်ပယ်ထားခြင်း မရှိပေ။
