CNI International News
ဘန်ကောက်၊ ဇွန်လ ၂၈
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) သည် သတင်းစစ်ပွဲ ဆင်နွှဲနေကြောင်း ထိုင်းဒုဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်းက ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ဟွန်ဆန်၏ မှတ်ချက်စကားများကို နားထောင်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။
“နားထောင်ရမယ့် အချက်အလက်တွေ မပါပါဘူး။ သူ့စကားတွေက ရှေ့နောက်မညီပါဘူး။ နယ်စပ်ဒေသပိတ်တဲ့ ကိစ္စတွေမှာလည်း အဲဒီလိုပါပဲ။ သူသာ ရိုးသားမယ်ဆိုရင် စကားကို ရှင်းရှင်းလင်းလင်း ပြောရမှာပေါ့။ ပြီးတော့ သူပြောတာတွေကိုလည်း ကျနော် နားမလည်ပါဘူး။ အဲဒါကြောင့် စိတ်ရှုပ်မခံနိုင်ပါဘူး” ဟု ဖွမ်သမ်က ပြောကြား ခဲ့သည်။
ထိုင်းနိုင်ငံ ပါဝင်ပတ်သက်နေသည့် ထိလွယ်ရှလွယ်ရှိသော ပြဿနာများကို ဖော်ထုတ်ဖွယ်ရှိသော အသံဖိုင်များကို ကမ္ဘောဒီးယားက ထုတ်ပြန်မည့် အလေားအလာနှင့်ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းချိန်တွင်လည်း ဖွမ်သမ်က စိတ်မဝင်စားကြောင်း ဖြေကြားခဲ့သည်။
ထိုင်းဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်းကို တွေ့ရစဉ်
“ကျနော် စိတ်မဝင်စားပါဘူး။ အဲဒီအသံဖိုင်တွေက ထိုင်းအစိုးရနဲ့လည်း မပတ်သက်ပါဘူး။ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာကိုလည်း ကျနော် မသိပါဘူး။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ သူဟာ သတင်းစစ်ဆင်ရေး ပြုလုပ်နေပြီး စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲခဲ့တာပါ”ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။
ဟွန်ဆန်သည် ထိုင်းအစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ကျဆင်းစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့အစိုးရ တည်ငြိမ်မှုမရှိပါက နယ်နိမိတ် အငြင်းပွားမှု သို့မဟုတ် ဆွေးနွေးညှိနှိုင်းမှုများတွင် ဟွန်ဆန်အတွက် အမြတ်ထွက်သွားနိုင်ကြောင်း၊ ထိုအခြေအနေကို ဟွန်ဆန်က အလိုရှိနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံသည် တရားဝင်မှုနှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချထားကြောင်းလည်း ဖွမ်ဆန်က ပြောသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို တွေ့ရစဉ်
“အစိုးရက ကိုယ်ပိုင်မူဝါဒနဲ့ ရပ်တည်နေတာပါ။ ကြီးမားတဲ့ ပြဿနာတွေ ရှိလာမယ်ဆိုရင်လည်း ကျနော်တို့က တရားဝင် ဖြေရှင်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပြဿနာမှ မရှိဘူးလို့ ကျနော် ထင်ပါတယ်။ ဒါက အကြောက် တရားနဲ့ မငြိမ်သက်မှုကို ဆွပေးတဲ့ သတင်းအမှားဖြန့်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်”ဟု ဖွမ်သမ်က ပြောကြား ခဲ့သည်။
ဟွန်ဆန်သည် နယ်နိမိတ် အငြင်းပွားမှုတွင် ထိုင်းနိုင်ငံကို အလျှော့ပေးစေရန် သို့မဟုတ် နိုင်ငံတကာ ကြားဝင် စေ့စပ်မှု လုပ်ငန်းစဉ်များတွင် ၎င်းအား အာရုံစိုက်စေရန် ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံကို ထိခိုက်စေမည့် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှု ရှိလာခဲ့မည်ဆိုပါက သင့်တော်သည့် တရားရေး အစီအမံများဖြင့် အရေးယူ သွားမည်ဟုလည်း ဖွမ်သမ်က ပြောကြားခဲ့သည်။
Source: The Nation