- By CNI
- Category: နိုင်ငံရေး
- Hits: 444
CNI International News
ဘေဂျင်း ၊ ဇန်နဝါရီ ၁၉
တရုတ်နှင့် ထိုင်ဝမ်ကြား စစ်ရေးတင်းမာမှု မြင့်တက်နေချိန်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထိုင်ဝမ်ထိန်းချုပ်ထားသော ပရာတပ်စ်ကျွန်း (Pratas Island) အနီးရှိ လေပိုင်နက်အတွင်းသို့ ဒရုန်း တစ်စင်း စေလွှတ်ခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြ ခဲ့သည်။
ထိုကဲ့သို့ ဒရုန်းစေလွှတ်မှုသည် တရုတ်နိုင်ငံ၏ တုံးရှာကျွန်း (Dongsha Island) အနီးရှိ လေပိုင်နက်အတွင်း ပုံမှန် ပျံသန်းရေး လေ့ကျင့်မှု တစ်ခုသာဖြစ်ပြီး တရားဝင်မှုရှိကာ ဥပဒေနှင့်ညီညွတ်ကြောင်း တောင်တရုတ်ပင်လယ်ကို တာဝန်ယူရသည့် PLA တောင်ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာမှ ပရာတပ်စ်ကျွန်းဟု အမည်ပေးထားသည့် ထိုကျွန်းကို တရုတ်ပြည်မကြီးက တုံးရှာ (Dongsha) ဟု အမည်ပေးထားပြီး ထိုင်ဝမ်က တန်ရှာ (Tungsha) ဟု အမည်ပေးထားသည်။
ထိုကျွန်းအနီးရှိ လေပိုင်နက်အတွင်းသို့ PLA ကင်းထောက် ဒရုန်းတစ်စင်းသည် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၄ မိနစ်တွင် ဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ ဧရိယာအတွင်း ၄ မိနစ်ခန့် ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် တရုတ်ဘက်က ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒရုန်းတစ်စင်းကို တွေ့ရစဉ်
ထိုင်ဝမ်ကမူ တရုတ်၏ လုပ်ဆောင်ချက်သည် ရန်လိုပြီး တာဝန်မဲ့သည့် လုပ်ရပ်ဖြစ်ကာ ဒေသတွင်း တည်ငြိမ်မှုနှင့် နိုင်ငံတကာ စံချိန်စံနှုန်းများကို လျော့ပါးစေကြောင်း ထုတ်ပြန်ခဲ့သည်။
ဒရုန်းသည် ကျွန်းပေါ်ရှိ ကာကွယ်ရေးစနစ်များ လက်လှမ်းမမီနိုင်သော အမြင့်ပေမှ ပျံသန်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်ဝမ်ဘက်မှ နိုင်ငံတကာ ရေဒီယို ချန်နယ်များမှတဆင့် ထိုဒရုန်းအား သတိပေးမှုများ ပြုလုပ်ခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပရာတပ်စ်ကျွန်းသည် တောင်တရုတ် ပင်လယ်အတွင်းရှိ အကြီးဆုံး သဘာဝကျွန်းဖြစ်ပြီး တောင်တရုတ်ပင်လယ် ၏ မြောက်ဘက်ပိုင်းတွင် အလွန်အရေးပါသော မဟာဗျူဟာမြောက် တည်နေရာတွင် တည်ရှိကာ ထိုင်ဝမ် ရေ လက်ကြားနှင့် ဘာရှီရေလက်ကြား (Bashi Channel) တို့ကို ဆက်သွယ်ပေးထားသည့် အချက်အချာကျသော နေရာ၌ တည်ရှိသည်။
ထိုကျွန်းသည် ထိုင်ဝမ်တောင်ပိုင်းရှိ ကောင်းရှုံ (Kaohsiung) မြို့၏ အနောက်တောင်ဘက် ၄၅၀ ကီလိုမီတာ (၂၈၀ မိုင်) အကွာတွင် တည်ရှိပြီး၊ တရုတ်ပြည်မကြီးတောင်ပိုင်း ကွမ်တုံ (Guangdong) ပြည်နယ်ရှိ ရှန်တို (Shantou) မြို့နှင့် ၂၆၀ ကီလိုမီတာ (မိုင် ၁၆၀ ကျော်) သာ ကွာဝေးသည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 447
CNI International News
မက်ဒရစ်၊ ဇန်နဝါရီ ၁၉
အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်းကို ကျူးကျော် ဝင်ရောက်မည်ဆိုပါက ရုရှားသမ္မတ ပူတင် (Vladimir Putin) ကို ကမ္ဘာပေါ်တွင် အပျော်ဆုံးလူသား ဖြစ်လာစေလိမ့်မည်ဟု စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ် (Pedro Sanchez) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းပေါ်တွင် အမေရိကန်၏ စစ်ရေးအရ လုပ်ဆောင်ချက်များသည် နေတိုးအဖွဲ့ကို ထိခိုက်ပျက်စီးစေမည့်အပြင် ယူကရိန်းအား ရုရှား၏ ကျူးကျော်မှုကိုလည်း တရားဝင်သကဲ့သို့ ဖြစ်စေလိမ့်မည်ဟု La Vanguardia သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဆန်းချက်ဇ်က ပြောကြားခဲ့သည်။
“ဂရင်းလန်းကိစ္စကို အာရုံစိုက်မယ်ဆိုရင် အမေရိကန်က အဲဒီနယ်မြေကို ကျူးကျော်တာဟာ ဗလာဒီမာ ပူတင်ကို ကမ္ဘာပေါ်မှာ အပျော်ဆုံးလူ ဖြစ်သွားစေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလုပ်ရပ်ဟာ ပူတင်က ယူကရိန်း ကို ကျူးကျော်ဖို့ ကြိုးပမ်းနေတာကို တရားဝင်တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားစေလို့ပါပဲ”ဟု ဆန်းချက်က ပြောကြားခဲ့သည်။
“တကယ်လို့ အမေရိကန်ကသာ အင်အားသုံး ဖြေရှင်းမယ်ဆိုရင် ဒါဟာ နေတိုးအတွက် သေမင်းတမန် ခေါင်းလောင်းသံ ဖြစ်လာပါလိမ့်မယ်။ ပူတင်ကတော့ နှစ်ဆတိုးပြီး ပျော်နေရမှာပါ”ဟု စပိန်ဝန်ကြီးချုပ်က သတိပေးခဲ့သည်။

စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်ကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ဂရင်းလန်းကျွန်းကို ထိန်းချုပ်ခွင့် မရမချင်း ဥရောပ မဟာမိတ်များအပေါ် ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံသွားမည်ဟု ဇန်နဝါရီ ၁၇ ရက်က ခြိမ်းခြောက်ခဲ့သည်။
ထိုဆုံးဖြတ်ချက်သည် ဂရင်းလန်းကျွန်းနှင့်ပတ်သက်ပြီး ထရမ့်၏ နည်းဗျူဟာ အပြောင်းအလဲ တစ်ခုဖြစ်နိုင် ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
သမ္မတ ထရမ့်က ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်းကျွန်းကို အမေရိကန်က အလုံးစုံ ရယူမှုမှတစ်ပါး အခြားမည်သည့် အရာကိုမျှ လက်ခံမည် မဟုတ်ကြောင်း အစဉ်တစိုက် ပြောဆိုခဲ့သည်။
သို့သော် ဒိန်းမတ်နှင့် ဂရင်းလန်း ခေါင်းဆောင်များကမူ ဂရင်းလန်းကျွန်းသည် ရောင်းရန် မဟုတ်ကြောင်းနှင့် အမေရိကန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရန် ဆန္ဒမရှိကြောင်း ပြတ်သားစွာ တုန့်ပြန်ထားကြသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 414
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁၇
ဆန္ဒပြသူများကို ဆက်လက် သတ်ဖြတ်နေပါက ဆိုးရွားသည့် အကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဟု သမ္မတ ဒေါ်နယ် ထရမ့် (Donald Trump) က အီရန်ကို သတိပေးထားကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရို လိုင်း လက်ဗစ် (Karoline Leavitt) က သတင်းထောက်များကို ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထို့နောက် အီရန်သည် ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်ရန် စီစဉ်ထားသည့် အီရန်ဆန္ဒပြသူ ၈၀၀ အား သေဒဏ်စီရင် ကွပ်မျက်မည့် အစီအစဉ်ကို ရပ်တန်ခဲ့သည်ဆိုသော သတင်းစကားကို ထရမ့်က ရရှိခဲ့ကြောင်း လက်ဗစ်က ဆိုသည်။
အီရန်တရားရေးဝန်ကြီးဌာနသည် ဇန်နဝါရီ ၁၄ ရက် အစောပိုင်းက ဆန္ဒပြသူများကို ရုံးတင်စစ်ဆေးခြင်းနှင့် သေဒဏ်ပေးခြင်းများကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ထိုနေ့ နှောင်းပိုင်းတွင်မူ ထိုထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထရမ့်ကမူ အီရန်တွင် သေဒဏ်ပေးမှုများ ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ကြောင်း တစ်ဖက်နိုင်ငံရှိ အလွန်အရေးကြီးသော သတင်းရင်းမြစ်များထံမှ အာမခံချက် ရရှိထားသည်ဟု ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြား ခဲ့သည်။
ထို့ပြင် ထရမ့်သည် အီရန်အစိုးရအပေါ် စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်ထားမှုများကိုလည်း လတ်တလောတွင် ဆိုင်းငံ့ထားမည့် လက္ခဏာမျိုး ပြသခဲ့သည်။
အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်ခြင်းသည် အီရန်အစိုးရ ပြိုလဲမသွားစေသည့်အပြင် ပိုမိုကျယ်ပြန့်သော ဒေသ တွင်း ပဋိပက္ခတစ်ခုကို ဖြစ်ပွားစေမည့် အန္တရာယ်ရှိကြောင်း ထိပ်သီးလက်ထောက်များက ထရမ့်ကို အကြံပေးထား ကြသည်ဟု အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal က ဇန်နဝါရီ ၁၅ ရက် တွင် ဖော်ပြခဲ့သည်။

အီရန်ဆန္ဒပြသူများ သေဆုံးသွားသူများကို တွေ့ရစဉ်
အမေရိကန်အနေဖြင့် အီရန်နိုင်ငံအတွင်းရှိ အခြေအနေများကို ဆက်လက် စောင့်ကြည့်နေကြောင်းနှင့် နောက်ဆုံး ရရှိသော သတင်းများအရ ဆန္ဒပြပွဲများမှာ အရှိန်လျော့ကျလာသည်ဟု ဖော်ပြနေကြောင်း လက်ဗစ်က ပြောကြားခဲ့ သည်။
“တကယ်လို့ သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်ဆိုတာကို သမ္မတထရမ့်နဲ့ သူ့ရဲ့အဖွဲ့က အီရန်အစိုးရကို အသိပေးထားပြီး ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
အီရန်တွင် ဆန္ဒပြသူပေါင်း ၃၄၀၀ ကျော် အသတ်ခံခဲ့ရပြီး ထိုအရေအတွက်သည် အီရန်သမိုင်းတစ်လျှောက် ဆန္ဒပြသူများကို နှိမ်နင်းမှုများ၌ လူသေဆုံးမှု အများဆုံးဖြစ်ရပ် ဖြစ်လာကြောင်း နော်ဝေနိုင်ငံ အော်စလိုမြို့ အခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ (IHR) က ထုတ်ပြန်ခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 414
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၁၇
တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ရွဲ(Yoon Suk Yeol)ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှု အပါအဝင် အခြား စွဲချက်များနှင့်ပတ်သက်ပြီး ပထမဆုံးအမှုအဖြစ် တရားရုံးက ဇန်နဝါရီ ၁၆ ရက်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့် ဆက်နွှယ်သည့် စွဲချက် ၈ ခုကို ရင်ဆိုင်နေရပြီး ပထမဆုံးအမှုတွင် ပြစ်မှုထင်ရှား တွေ့ရှိသဖြင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ယွန်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီးနောက် စွပ်စွဲပြစ်တင်ခံရကာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး သမ္မတရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ယွန်းအား စွဲဆိုထားသည့် အကြီးလေးဆုံး ရာဇဝတ်မှု စွဲချက်မှာ စစ်အုပ်ချုပ်ရေးကို အတင်းအဓမ္မ ကျင့်သုံးခြင်း သည် နိုင်ငံတော်ပုန်ကန်မှု မြောက်သည်ဆိုသည့် စွဲချက်ဖြစ်သည်။
လွတ်လပ်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ထိုစွဲချက်အတွက် ယွန်းကို သေဒဏ် ချမှတ်ရန် တောင်းဆိုထား ပြီး ဆိုးလ်ဗဟိုခရိုင်တရားရုံးက ထိုအမှုအတွက် အပြီးသတ် စီရင်ချက်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ဆုံးဖြတ် မည် ဖြစ်သည်။

တောင်ကိုရီးယားသမ္မတဟောင်းကို ဆန္ဒပြနေကြစဉ်
ဇန်နဝါရီ ၁၆ ရက်က စီရင်ချက် ချမှတ်ခဲ့သည့် အမှုတွင် ဆိုးလ်တရားရုံးသည် ယွန်းကို ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းမှုများ၌ ၎င်းက ငြင်းဆန်ခြင်း၊ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို လုပ်ကြံဖန်တီးခြင်းနှင့် ဥပဒေသတ်မှတ် ချက်အရ ပြုလုပ်ရမည့် အစိုးရအဖွဲ့ အစည်းအဝေးကို ရှောင်လွှဲခဲ့ခြင်းတို့အတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယွန်းသည် ၎င်း၏ လုပ်ဆောင်ချက်များအတွက် နောင်တရသည့် အရိပ်အယောင် လုံးဝ မပြသသည့်အပြင် နားလည်ရခက်သော ဆင်ခြေများကိုသာ ထပ်တလဲလဲ ပြောဆိုနေခြင်းကြောင့် ၎င်းအား ကြီးလေးသည့် ပြစ်ဒဏ် ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရားသူကြီး ဘတ်ဒေးဟွန်း (Baek Dae-hyun) က ပြောကြားခဲ့သည်။
ထို့ပြင် ယွန်း၏ လုပ်ရပ်များကြောင့် ပျက်စီးသွားခဲ့ရသည့် ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြန် လည် ကုစားရန် လိုအပ်ကြောင်းလည်း တရားသူကြီးဘတ်က ပြောကြားခဲ့သည်။
ယွန်း၏ ရှေ့နေအဖွဲ့ကမူ ယခုစီရင်ချက်သည် နိုင်ငံရေးအရ ဘက်လိုက်မှု ရှိနေပြီး ယခုချမှတ်ခဲ့သည့် ပြစ်ဒဏ်ကို အယူခံ ဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 360
CNI International News
နွတ်ခ်၊ ဇန်နဝါရီ ၁၇
ဂရင်းလန်းကျွန်း၏ အနာဂတ်နှင့် ပတ်သက်၍ ဒိန်းမတ်၊ ဂရင်းလန်းနှင့် အမေရိကန် ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုများတွင် သဘောထား ကွဲလွဲမှုများ ရှိနေချိန်၌ ဒိန်းမတ်နိုင်ငံအား ထောက်ခံကြောင်း ပြသသည့် အနေ ဖြင့် ဥရောပနိုင်ငံအချို့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၆ ရက်က ဂရင်းလန်းသို့ ရောက်ရှိလာခဲ့ကြကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဒိန်းမတ်၊ ဂရင်းလန်း အရာရှိများနှင့် ထပ်မံပြုလုပ်မည့် ဆွေးနွေးပွဲများသည် ဂရင်းလန်းကျွန်းကို ရယူရေးအတွက် သဘောတရားရေးရာ ဆွေးနွေးမှုများဖြစ်သည်ဟု အိမ်ဖြူတော်က ဖော်ပြခဲ့ပြီးနောက် သဘောထား ကွဲလွဲမှုများမှာ ပိုမိုမြင့်တက်လာခဲ့သည်။
အိမ်ဖြူတော်၏ ဖော်ပြချက်သည် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ် လော့ကီ ရပ်စ်မူဆန် (Lars Løkke Rasmussen) ၏ ပြောကြားချက်နှင့် အလုံးစုံ ကွဲပြားနေသည်။
ရပ်စ်မူဆန်က အမေရိကန်နှင့် ဆွေးနွေးပွဲများသည် သဘောထား ကွဲလွဲမှုများကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေ မည့် လုပ်ငန်း တာဝန်အုပ်စုဟု သုံးနှုန်းဖော်ပြခဲ့သည်။

ဂရင်းလန်းကျွန်းကိုတွေ့ရစဉ်
“ကျနော်တို့အမြင်မှာတော့ ဒီအုပ်စုဟာ အမေရိကန်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဘယ်လို ဖြေရှင်းရ မလဲ ဆိုတာကို အဓိကထား ဆွေးနွေးသင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒိန်းမတ်နိုင်ငံရဲ့ စည်းကမ်းချက်တွေ ကိုလည်း လေးစားလိုက်နာဖို့ လိုအပ်ပါတယ်”ဟု ရပ်စ်မူဆန်က ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ အပြီးတွင် ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲများ မစတင်မီ ဒိန်းမတ်နိုင်ငံမှ ဂရင်းလန်းကျွန်းတွင် စစ်အင်အားကို တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နော်ဝေ၊ ဆွီဒင်နှင့် နယ်သာလန်တို့ အပါအဝင် ဥရောပမဟာမိတ်နိုင်ငံ အချို့ကလည်း ဒိန်းမတ်နှင့်အတူ ရပ်တည်ကြောင်း ပြသသည့် အနေဖြင့် တပ်ဖွဲ့ဝင် အင်အားအချို့ကို စတင် စေလွှတ်ခဲ့ကြပြီး ကျန်နိုင်ငံများကလည်း လာမည့်ရက်ပိုင်းအတွင်း ဂရင်းလန်းသို့ တပ်ဖွဲ့များ စေလွှတ်သွားမည်ဟု ကတိပြုခဲ့ကြ သည်။

ဂရင်းလန်းကျွန်းကိုတွေ့ရစဉ်
ထိုကဲ့သို့ တပ်ဖွဲ့များ စေလွှတ်ခြင်းသည် ဥရောပနိုင်ငံများကြား ညီညွတ်မှုကို ပြသရန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကို သတင်းစကားတစ်ခု ပေးပို့ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
ထိုသတင်းစကားမှာ ရုရှားနှင့် တရုတ်တို့၏ စိတ်ဝင်စားမှု မြင့်တက်လာနေသော အာတိတ်ဒေသ၏ လုံခြုံရေးကို နေတိုးအဖွဲ့ဝင်များက စုပေါင်းပြီး ကာကွယ်စောင့်ရှောက်နိုင်သောကြောင့် အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်း ကို သိမ်းယူရန် မလိုအပ်ကြောင်း ပြသသည့် လက္ခဏာတစ်ခု ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 625
CNI International News
နယူးဒေလီ၊ ဇန်နဝါရီ ၁၇
အိန္ဒိယတပ်မတော်သည် အနာဂတ်အတွက် အသင့်ဖြစ်နေသော အင်အားစုတစ်ရပ်အဖြစ် ရှေ့ဆက်လှမ်းနေ ကြောင်းနှင့် ပြည်တွင်းလုပ် စစ်လက်နက်ပစ္စည်းများ ပိုင်ဆိုင်ရန်မှာ ဗျူဟာမြောက် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း အိန္ဒိယကြည်းတပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥပန္ဒရ ဒွီဗီဒီ (Upendra Dwivedi) က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု Nagaland Post မှ ဖော်ပြခဲ့သည်။
“အိန္ဒိယကြည်းတပ်ဟာ ကောင်းမွန်စွာ လေ့ကျင့်ထားတဲ့ စစ်သားတွေ၊ ခေတ်မီ စစ်လက်နက် ပစ္စည်းတွေနဲ့ ဘက်စုံ စစ်ဆင်ရေး စွမ်းရည်တွေကို ပိုင်ဆိုင်ထားပြီး အနာဂတ်အတွက် အသင့်ဖြစ်နေတဲ့ တပ်ဖွဲ့တစ်ခုအဖြစ် ရှေ့ဆက် လှမ်းနေပါတယ်။ စစ်သားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားလာစေဖို့အတွက် နည်းပညာကို အသုံးပြု နေပါတယ်” ဟု ဒွီဗီဒီက ဂျိုင်ပူရ(Jaipur) မြို့ တွင် ကျင်းပသည့် ကြည်းတပ်နေ့ စစ်ရေးပြ အခမ်းအနားအပြီး၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အိန္ဒိယကြည်းတပ်၏ အတွေးအခေါ်သည် သိသာထင်ရှားသော အပြောင်း အလဲများ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
“ကျွန်ုပ်တို့ဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနေရုံတင်မကဘဲ အနာဂတ် စစ်ပွဲတွေ အတွက်ပါ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်အတွက် ဖွဲ့စည်းပုံအသစ်တွေကို ဖော်ဆောင်နေပြီး၊ အနာဂတ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ လက်နက်ကိရိယာတွေ တပ်ဆင်တာနဲ့ လေ့ကျင့် သင်ကြားပေးတာတွေကို လုပ်ဆောင် နေပါတယ်” ဟု ဒွီဗီဒီက ပြောကြားခဲ့သည်။

အိန္ဒိယကြည်းတပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥပန္ဒရ ဒွီဗီဒီကို တွေ့ရစဉ်
ထို့ပြင် Bhairav ခြေလျင်တပ်ရင်းနှင့် Shakti Baan အမြောက်တပ်ရင်းကဲ့သို့ တပ်ဖွဲ့သစ်များကိုလည်း ဖွဲ့စည်း တည်ထောင်ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒါဟာ အနာဂတ်မှာ စိန်ခေါ်မှုတွေနဲ့အညီ လျင်မြန်မှုနဲ့ တုန့်ပြန်မှု အားကောင်းပြီး ရည်မှန်းချက်ကြီးတဲ့ တပ်မတော်တစ်ရပ် ပေါ်ထွန်းလာမှုကို ထင်ဟပ်စေပါတယ်”ဟု ၎င်းက ဆိုသည်။
ယနေ့ ကျင်းပသည့် စစ်ရေးပြ အခမ်းအနားသည် ရိုးရာအစဉ်အလာနှင့် ခေတ်မီ ပြောင်းလဲမှုတို့၏ လှပသော ပေါင်းစပ်မှုကို ပြသနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“နီပေါစစ်တပ်က တီးဝိုင်းအဖွဲ့ရဲ့ ပါဝင်မှုဟာ ကျနော်တို့ကြားက ခိုင်မာတဲ့ ဆက်ဆံရေးကို ဖော်ပြနေသလို၊ တပ်ဖွဲ့ သစ်တွေကတော့ တပ်မတော်ရဲ့ အသစ်တဖန် ထွက်ပေါ်လာတဲ့ အင်အားကို ပြသနေပါတယ်” ဟု ဒွီဗီဒီက ပြောကြားခဲ့သည်။
“အိန္ဒိယကြည်းတပ်ဟာ ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို ရင်ဆိုင်ဖို့ အချိန်မရွေး အပြည့်အဝ အသင့်ပြင်ထားပါ တယ်။ ကျနော်တို့ဟာ အနာဂတ် စစ်ပွဲတွေ အတွက်လည်း အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ဒါကို စစ်ရေး ပြ အခမ်းအနားမှာ ကျနော်တို့ သက်သေ ပြခဲ့ပြီးပါပြီ။ ဒီလို ပြင်ဆင်မှုတွေကို ဆက်လက် တိုးမြှင့်သွားမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
Source: Nagaland Post
- By CNI
- Category: နိုင်ငံရေး
- Hits: 401
CNI International News
တိုင်ပေ၊ ဇန်နဝါရီ ၁၆
အမေရိကန်မှ ထိုင်ဝမ်သို့ လက်နက်များရောင်းချမည့် နောက်ထပ် အစီအစဉ်သစ်များရှိနေပြီး လက်နက် အရောင်း အဝယ် အစီအစဉ် ၄ ခုကို အမေရိကန်လွှတ်တော်သို့ အသိမပေးရသေးကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်သမိုင်းတစ်လျှောက် အကြီးမားဆုံးသော လက်နက်ရောင်းချမှု အစီအစဉ်တစ်ခုအဖြစ် အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချမည်ဟု ပြီးခဲ့သည့်လက ကြေညာခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း ထိုင်ဝမ်၏ အရေးအကြီးဆုံး ထောက်ခံသူဖြစ်ပြီး လက်နက်အများဆုံး ထောက်ပံ့သူ ဖြစ်သည်။
ထိုင်ဝမ်ကို ၎င်းတို့၏ နယ်မြေအဖြစ် ကြေညာထားသည့် တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လအတွင်း အမေရိကန်နှင့် ထိုင်ဝမ်ကြား လက်နက် အရောင်းအဝယ် အစီအစဉ် ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်-အမေရိကန် အလံကိုတွေ့ရစဉ်
ထိုင်ဝမ် ဒုတိယကာကွယ်ရေးဝန်ကြီး ရွှီစူးချင် (Hsu Szu-chien) သည် အပတ်စဉ် ပြုလုပ်မြဲဖြစ်သော အစိုးရအဖွဲ့ အစည်းအဝေးအပြီး တိုင်ပေ (Taipei) မြို့တော်၌ သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် အမေရိကန်ထံမှ ထိုင်ဝမ်အတွက် နောက်ထပ် လက်နက် အရောင်းအဝယ် အစီအစဉ် ၄ ခုကို အမေရိကန်လွှတ်တော်သို့ တရားဝင် အကြောင်းကြားခြင်း မပြုရသေးကြောင်း ပြောကြားခဲ့သည်။
အကြောင်းကြားသည့် လုပ်ငန်းစဉ်မှာ ပုံမှန်အားဖြင့် လက်နက် အရောင်းအဝယ်များ အတည်ပြုရန်အတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်း ဖြစ်သည်။
“အဲဒီ ၄ ခုက ဘာတွေလဲဆိုတာ ကျနော့်ကို မမေးပါနဲ့။ ကျနော် ပြောလို့မရပါဘူး။ ဒါပေမဲ့ လွှတ်တော်ကို အကြောင်းကြားဖို့ ကျန်နေသေးတဲ့ အစီအစဉ် ၄ ခု ရှိနေတာတော့ အမှန်ပါပဲ” ဟု ရွှီက ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဒီဇင်ဘာလက ကြေညာခဲ့သည့် လက်နက် အရောင်းအဝယ်တွင် လက်နက် အမျိုးအစား ၈ မျိုး ပါဝင်ပြီး ၎င်းတို့ အနက် Lockheed Martin ကုမ္ပဏီထုတ် HIMARS ဒုံးကျည်စနစ်များနှင့် Altius အမျိုးအစား ဖောက်ခွဲ တိုက်ခိုက် ရေး ဒရုန်းများ ပါဝင်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 455
CNI International News
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၆
ကာ့ဒ်ခွဲထွက်ရေး လက်နက်ကိုင်အုပ်စုများသည် အီရတ်နိုင်ငံမှ အီရန်နိုင်ငံအတွင်းသို့ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း သတင်းရင်းမြစ် သုံးခုက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်တွင် အာဏာပိုင်များက ဆန္ဒပြသူများကို ရက်ပေါင်းများစွာ နှိမ်နင်းခဲ့ပြီးနောက် မြင့်တက်လာသည့် ပြည်တွင်းရေး မတည်ငြိမ်မှုများအား ပြင်ပအင်အားစုများက အခွင့်ကောင်းယူရန် ကြိုးပမ်းလာနိုင်သည့် လက္ခဏာ တစ်ခုဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ကာ့ဒ်တိုက်ခိုက်ရေးသမားများ မကြာမီ ရက်ပိုင်းအတွင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမည့် အကြောင်းကို တူရကီထောက်လှမ်းရေး အေဂျင်စီက အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ထံသို့ ကြိုတင် သတိပေးခဲ့ သည်ဟု အီရန်အဆင့်မြင့်အရာရှိတစ်ဦး အပါအဝင် အမည်မဖော်လိုသည့် သတင်းရင်းမြစ်သုံးခုက ပြောကြားခဲ့ သည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် မတည်ငြိမ်မှုများနှင့် ဆန္ဒပြမှုများကို အခွင့်ကောင်းယူရန် ကြိုးပမ်းနေသည့် ကာ့ဒ်တိုက်ခိုက်ရေးသမားများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း အီရန်အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
IRGC သည် ယခင်ကလည်း အီရန်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကို နှိမ်နင်းခဲ့သည့် အထူး လက်ရွေးစင်တပ်ဖွဲ့ ဖြစ်သည်။

ကာ့ဒ်တပ်ဖွဲ့ကို တွေ့ရစဉ်
တူရကီထောက်လှမ်းရေးအေဂျင်စီ (MIT) နှင့် တူရကီသမ္မတရုံးတို့ကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ချက်ချင်း မှတ်ချက်ပေးခြင်း မရှိသေးပေ။
အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်လက်နက်ကိုင်များကို အကြမ်းဖက် သမားများအဖြစ် သတ်မှတ်ထားသည့် တူရကီ နိုင်ငံက အီရန်ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုများသည် ဒေသတွင်း အကျပ်အတည်းများကို ပိုမိုဆိုးရွား စေလိမ့်မည်ဟု မကြာသေးမီ ရက်ပိုင်းအတွင်းက သတိပေးထားခဲ့သည်။
တိုက်ခိုက်ရေးသမားများသည် အီရတ်နှင့် တူရကီနိုင်ငံတို့မှ ဝင်ရောက်လာခြင်းဖြစ်ပြီး အီရန်နိုင်ငံအတွင်းသို့ လက်နက်ကိုင်များနှင့် လက်နက်များ ဝင်ရောက်နေမှုကို တားဆီးပေးရန် အီရန်အစိုးရက အီရတ်နှင့် တူရကီကို တောင်းဆိုထားကြောင်းလည်း အမည်မဖော်လိုသည့် အီရန်အရာရှိက ပြောသည်။
အီရန်တွင် ပြီးခဲ့သည့် သီတင်းနှစ်ပတ်မှ စတင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူပေါင်း ၂,၆၀ဝ ဦး သေဆုံးခဲ့ ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ထားသည်။
အမေရိကန်ကမူ အီရန်ဆန္ဒပြသူများကို ထောက်ခံ အားပေးနေပြီး လိုအပ်ပါက အမေရိကန်က ကြားဝင်စွက်ဖက် မည်ဟု သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ခြိမ်းခြောက်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 528
CNI International News
ပဲရစ်၊ ဇန်နဝါရီ ၁၆
ဂရင်းလန်းနှင့် အီရန်အရေးကိစ္စအပေါ် နည်းလမ်းရှာဖွေရန်အတွက် ကာကွယ်ရေးဝန်ကြီး အစည်းအဝေးကို ပြင်သစ်သမ္မတ မက်ခရွန်က ခေါ်ယူခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) သည် ဂရင်းလန်းကျွန်း (Greenland) ကို ရယူရန် ထုတ်ဖော် ပြောကြားထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရည်ရွယ်ချက်နှင့် အီရန်နိုင်ငံအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို အကြမ်းဖက် နှိမ်နင်းနေမှုများအား ဆွေးနွေးရန်အတွက် ဇန်နဝါရီ ၁၅ ရက်တွင် အရေးပေါ် ကာကွယ်ရေးဝန်ကြီးအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဒိန်းမတ်နိုင်ငံနှင့် ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်း အာဏာပိုင်တို့ ပူးပေါင်းစီစဉ်သည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် အတွက် ပြင်သစ်စစ်တပ်၏ ပထမဆုံးတပ်ဖွဲ့သည် ဂရင်းလန်းသို့ ဦးတည် သွားရောက်နေပြီဖြစ်ကြောင်း မက်ခရွန် က X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
ဒိန်းမတ်နှင့် ဂရင်းလန်း အာဏာပိုင်များအပေါ် ထောက်ခံကြောင်း ပြသသည့် အနေဖြင့် ဂျာမနီ၊ နော်ဝေးနှင့် ဆွီဒင် အပါအဝင် မဟာမိတ်နိုင်ငံများကလည်း ဂရင်းလန်းကျွန်းသို့ တပ်ဖွဲ့များ စတင်စေလွှတ်နေပြီဖြစ်သည်။

ပြင်သစ်သမ္မတ မက်ခရွန်ကို တွေ့ရစဉ်
အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်း တာဝန်ရှိသူများအကြား အရေးပါသော ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ထိုကဲ့သို့ တပ်ဖြန့်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဆွေးနွေးမှုများအရ ဂရင်းလန်းကျွန်း၏ အနာဂတ်နှင့် ပတ်သက်ပြီး အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်း အာဏာ ပိုင်များကြားတွင် ဖြေရှင်းရန် ခက်ခဲသော သို့မဟုတ် အခြေခံမှစတင်ပြီး သဘောထား ကွဲလွဲမှုများ ရှိနေဆဲဖြစ် ကြောင်း သိသာထင်ရှားစေခဲ့သည်။
“ဒိန်းမတ်နိုင်ငံရဲ့ တောင်းဆိုချက်အရ ဂရင်းလန်းမှာ ပြုလုပ်တဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေမှာ ပြင်သစ်လည်း ပါဝင်ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်။ ပထမဆုံး ပြင်သစ်စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေဟာ စတင် ထွက်ခွာနေ ပြီဖြစ်ပြီး အခြားတပ်ဖွဲ့တွေလည်း ထပ်မံလိုက်ပါသွားမှာပါ” ဟု မက်ခရွန်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ဂရင်းလန်းသို့ စေလွှတ်လိုက်သည့် ပြင်သစ်တပ်ဖွဲ့ဝင်များသည် တောင်တက်စစ်ဆင်ရေး ကျွမ်းကျင်သူများ ဖြစ်ကြောင်း ပြင်သစ်၏ ဝင်ရိုးစွန်း ဒေသဆိုင်ရာ သံအမတ်ကြီး အိုလီဗီယာ ပွားဗ် ဒါဗာ (Olivier Poivre d'Arvor) က France Info ရေဒီယိုလိုင်းကို ပြောကြားခဲ့သည်။
Source: ရိုက်တာ
