
- By CNI
- Category: နိုင်ငံရေး
- Hits: 305
CNI International News
နယူးဒေလီ၊ မေလ ၁၃
အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ပါကစ္စတန်စစ်တပ် အကြီးအကဲနှင့် ဆွေးနွေးမှုများသည် မေလ ၁၂ ရက် မွန်းလွဲပိုင်းအထိ နှောင့်နှေးကြန့်ကြာခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အိန္ဒိယက လေဆိပ်များကို ပြန်လည်ဖွင့်လှစ်မှုနှင့်အတူ မေလ ၁၁ ရက် ညပိုင်းက ပစ်ခတ်တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းသည့် ညဖြစ်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က မေလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယနှင့်ပါကစ္စတန်ကြား ၄ ရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အမေရိကန်၏ ဖိအားများကြောင့် မေလ ၁၀ ရက်တွင် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။
အိန္ဒိယစစ်တပ်သည် မေလ ၁၀ ရက် ပါကစ္စတန်၏ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်အား ချိုးဖောက်မှု များနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် မေလ ၁၁ ရက်က အရေးပေါ် မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့သည်။
ပါကစ္စတန်စစ်တပ်ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
အိန္ဒိယစစ်တပ်ကမူ နှစ်နိုင်ငံစစ်ဆင်ရေးဌာန ညွှန်ကြားရေးမှူးချုပ်များသည် မေလ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမည်ဟု ပြောကြားခဲ့သော်လည်း ဆွေးနွေးမည့် အစီအစဉ်သည် နှောင့်နှေးကြန့်ကြာခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။
အိန္ဒိယစစ်တပ်ကိုတွေ့ရစဉ်
ထိုဆွေးနွေးမှု အကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ပါကစ္စတန်စစ်တပ်၏ မီဒီယာဌာနက ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိပေ။
မေလ ၁၂ ရက်က အိန္ဒိယသည် ပဋိပက္ခကြောင့် ပိတ်ထားခဲ့ရသည့် လေဆိပ် ၃၂ ခုကို ပြန်ဖွင့်ခဲ့ပြီး ထိုလေဆိပ်များ တွင် အရပ်ဖက် လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမည်ဟု ကြေညာခဲ့သည်။
ထို့နောက် ပါကစ္စတန်ကလည်း မေလ ၁၀ ရက်က ၎င်း၏ လေပိုင်နက်ကို ပြန်ဖွင့်ပေးခဲ့သည်။
ဧပြီ ၂၂ ရက်က အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် လူ ၂၆ ဦး သေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ကာ နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်ခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 466
CNI International News
အစ္စတန်ဘူလ်၊ မေလ ၁၃
တူရကီနိုင်ငံနှင့် ဆယ်စုနှစ် လေးစုကျော်ကြာ ပဋိပက္ခဖြစ်ပွားနေသည့် ကာ့ဒ်အလုပ်သမားပါတီ(PKK) အမည်ရှိ စစ်သွေးကြွအဖွဲ့သည် ၎င်းတို့အဖွဲ့ကို ဖျက်သိမ်းရန်နှင့် လက်နက်စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် နှစ် ၄၀ ကြာ တူရကီနိုင်ငံမှာ သူပုန်ထမှု အဆုံးသတ်သွားပြီးဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
PKK ၏ ဆုံးဖြတ်ချက်သည် နေတိုးအဖွဲ့ဝင်ဖြစ်သည့် တူရကီနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုကို မြင့်တက်စေနိုင်ပြီး ကာ့ဒ်တပ်ဖွဲ့များရှိသော အိမ်နီးချင်း အီရတ်၊ ဆီးရီးယားတို့နှင့် တင်းမာမှုများကို လျော့ကျ စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
PKK အဖွဲ့သည် ၁၉၈၄ ခုနှစ်တွင် လက်နက်ကိုင် သူပုန်ထမှုကို စတင်ခဲ့ချိန်ကတည်းက လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး စီးပွားရေးကို ထိခိုက်စေခဲ့ကာ လူမှုရေးတင်းမာမှုများ မြင့်တက်ခဲ့သည်။
ကာ့ဒ်သူပုန်တပ်ဖွဲ့ကိုတွေ့ရစဉ်
ထို့ကြောင့် တူရကီနှင့် ၎င်း၏ အနောက်မဟာမိတ် နိုင်ငံများက PKK ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။
၁၂ ကြိမ်မြောက် PKK လွှတ်တော်သည် PKK ဖွဲ့စည်းတည်ဆောက်မှုကို ဖျက်သိမ်းရန်နှင့် လက်နက်စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း PKK အဖွဲ့အခြေစိုက်သည့် အီရတ်နိုင်ငံမြောက်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်ကပြုလုပ် ခဲ့သော လွှတ်တော်ပိတ်သိမ်းကြောင်း ကြေညာချက်၌ ဖော်ပြခဲ့သည်ဟု Firat သတင်းအေဂျင်စီက သတင်း ထုတ်ပြန်ခဲ့သည်။
၁၉၉၉ ခုနှစ်ကတည်းက အစ္စတန်ဘူလ်မြို့ တောင်ပိုင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် အကျဉ်းချခံထားရသည့် PKK ခေါင်းဆောင် အဗ္ဗဒူလာ အော်ကလန် (Abdullah Ocalan) က PKK အဖွဲ့ကို ဖျက်သိမ်းရန် ဖေဖော်ဝါရီလက တိုက်တွန်းခဲ့ပြီးနောက် PKK က လွှတ်တော်အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဖွဲ့အစည်း ဖျက်သိမ်းရေးနှင့် လက်နက် စွန့်လွှတ်ရေး လုပ်ငန်းစဉ်ကို အော်ကလန်က စီမံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မေလ ၁၂ ရက်၌ PKK က ပြောကြားခဲ့သည်။
သို့သော်လည်း အော်ကလန်သည် ထိုလုပ်ငန်းစဉ်တွင် ဆက်လက် ပါဝင်မည့် အခြေအနေကို တူရကီအစိုးရက လက်ခံမည် ဟုတ်/မဟုတ်ကို ရှင်းလင်းစွာ မသိရသေးပေ။
လက်ရှိတွင် အော်ကလန်သည် အကျဉ်းထောင်ထဲ၌ ရှိနေသဖြင့် PKK အဖွဲ့ လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို မည်ကဲ့သို့ လုပ်ဆောင်သွားမည်ဆိုခြင်းကိုလည်း အသေးစိတ် အချက်အလက်များ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။
ထို့ပြင် PKK အဖွဲ့ ဖျက်သိမ်းမှုသည် ဆီးရီးယားရှိ YPG ကာ့စ်လက်နက်ကိုင်အဖွဲ့အပေါ် မည်ကဲ့သို့ သက်ရောက် မည်ဆိုခြင်းကိုလည်း စောင့်ကြည့်ရမည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 369
CNI International News
အစ္စလာမ်မာဘက်၊ မေ ၁၂
အမေရိကန်ဦးဆောင်သည့် ဆွေးနွေးမှုများဖြင့် အိန္ဒိယနှင့် ပါကစ္စတန်ကြား မေလ ၁၀ ရက်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သော်လည်း နာရီပိုင်းအကြာမှာပင် ထိုအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲပြောကြားမှုများရှိခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ကာ နှစ်နိုင်ငံကြား ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ထို့နောက် မေလ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သဖြင့် တိုက်ခိုက်မှုများ အဆုံးသတ် သွားလိမ့်မည်ဟု အများစုက မျှော်လင့်ခဲ့ကြသည်။
သို့သော် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီး နာရီပိုင်းအကြာတွင် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ၏ မြို့ကြီး ၂ မြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ် မစ္စရီ (Vikram Misri) ကမူ နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ချိုးဖောက်မှုများရှိခဲ့ပြီး ပါကစ္စတန်ကို သဘောတူညီချက် ချိုးဖောက်ကြောင်း စွပ်စွဲခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ် မစ္စရီကို တွေ့ရစဉ်
“ပါကစ္စတန်အနေနဲ့ ဒီလိုချိုးဖောက်မှုတွေကို ဖြေရှင်းဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အလေးထားဖြေရှင်းဖို့ သင့်တော်တဲ့ အစီအစဉ်တွေကို လုပ်ဆောင်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်” ဟု မစ္စရီက နယူးဒေလီမြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အိန္ဒိယစစ်တပ်ကလည်း နယ်စပ်ဒေသ ကျူးကျော်မှုအတွက် လက်တုံ့ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုအတွက် အိန္ဒိယ တပ်ဖွဲ့များကို အပြစ်တင်ခဲ့သည်။
ပါကစ္စတန်သည် သဘောတူညီချက်အတိုင်း ဆက်လက် နေထိုင်ခဲ့ကြောင်း၊ ၎င်းတို့တပ်ဖွဲ့များသည် အခြေအနေကို တာဝန်သိသိဖြင့် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းနေကြောင်းလည်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အဆင်ပြေ ချောမွေ့စွာ အကောင်အထည်ဖော်ရာမှာ သင့်တော်တဲ့ အဆင့်အတန်းတွေနဲ့အတူ ဆက်သွယ်ဖြေရှင်းသင့်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 349
CNI International News
မော်စကို၊ မေလ ၁၂
ရုရှားသမ္မတ ပူတင် (President Vladimir Putin) က စစ်ပွဲကို အဆုံးသတ်ရန် ယူကရိန်းနှင့် တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်မည်ဟု မေလ ၁၁ ရက်က အဆိုပြုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအဆိုပြုချက်ကို ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က ကြိုဆိုခဲ့သော်လည်း ရုရှား အနေဖြင့် အပစ်အခတ်ရပ်စဲရန် သဘောတူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ပူတင်သည် ယူကရိန်းသို့ စစ်သားများ စေလွှတ်ပြီး စစ်ပွဲကို စတင်တိုက်ခိုက်ခဲ့ကာ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်းနောက်ပိုင်း ရုရှားနှင့် အနောက်နိုင်ငံများကြား တင်းမာမှုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။
ယူကရိန်းစစ်မြေပြင်တွင် ရုရှားတပ်များက ရှေ့သို့ ချီတက်နေမှုနှင့်အတူ ပူတင်သည် ကမ်းလှမ်းချက် အနည်းငယ် သာပေးခဲ့သည်။
လက်ရှိတွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် ( Istanbul) မြို့တွင် ယူကရိန်းနှင့် ကြိုတင်သတ်မှတ်ချက်များမရှိဘဲ ရေရှည်တည်မြဲသည့် ငြိမ်းချမ်းရေးအတွက် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးလိုကြောင်း အဆိုပြုခဲ့သည်။
မေလ ၁၁ ရက် ရုရှားစံတော်ချိန် နံနက် ၁ နာရီခွဲက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မေလ ၁၅ ရက်၌ အစ္စတန်ဘူလ်တွင် ယူကရိန်းနှင့် တိုက်ရိုက် ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် အဆိုပြုကြောင်း ပူတင်က ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
မေလ ၁၂ ရက်မှစပြီး ယူကရိန်းနှင့် ရုရှားကြား ချွင်းချက်မရှိ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို စတင်ရန် ယူကရိန်းနှင့် ဥရောခေါင်းဆောင်များက တိုက်တွန်းခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပူတင်က ထိုကဲ့သို့ အဆိုပြုခဲ့ ခြင်းဖြစ်သည်။
မေလ ၁၀ ရက်က ယူကရိန်း၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ပိုလန်နိုင်ငံများမှ ခေါင်းဆောင်များသည် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်တွင် တွေ့ဆုံခဲ့ကြပြီး ရုရှားအနေဖြင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောမတူပါက ယူကရိန်းအတွက် စစ်ရေးအကူအညီများ ပေးသွားမည်ဖြစ်ပြီး ရုရှားကို ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဇာလန်းစကီးကမူ ပူတင်၏ အဆိုပြုချက်သည် စစ်ပွဲကို အဆုံးသတ်ရန် ရုရှားဘက်မှ စဉ်းစားလာသည့် အပြုသဘောဆောင်သော လက္ခဏာတစ်ခုဖြစ်ကြောင်း X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း ရုရှားနှင့် ယူကရိန်းအတွက် ကောင်းမြတ်သည့် နေ့ရက် ဖြစ်လာနိုင်ပြီး လူပေါင်းများစွာ၏ အသက်များကို ကယ်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 341
CNI International News
ဒူဘိုင်း၊ မေလ ၁၂
အီရန်၏ အငြင်းပွားဖွယ် နျူကလီးယားစီမံကိန်းပြဿနာကို ဖြေရှင်းရန် အီရန်နှင့် အမေရိကန်၏ ထိပ်သီး ကိုယ်စားလှယ်များသည် ဆွေးနွေးညှိနှိုင်းမှုများအား ပြန်လည်စတင် ပြုလုပ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်နှင့် အမေရိကန်တို့က ဆယ်စုနှစ်များစွာ ကြာမြင့်နေသည့် နျူကလီးယား စီမံကိန်းပြဿနာကို သံတမန် နည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ပြောကြားခဲ့သော်လည်း ကိစ္စရပ်အချို့တွင် နက်ရှိုင်းစွာ သဘောထား ကွဲလွဲ နေဆဲဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araqchi) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အရှေ့အလယ်ပိုင်းရေးရာသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff ) တို့သည် အိုမန်နိုင်ငံ မတ်စ်ကက် (Muscat) မြို့တော်တွင် အိုမန် စေ့စပ်ညှိနှိုုင်းသူများနှင့်အတူ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။
“အီရန်ဟာ ရှင်းလင်းပြတ်သားတဲ့ မူဝါဒတွေအပေါ် အခြေခံပြီး ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲကနေ တိကျတဲ့ သဘောထားတစ်ခု ရရှိဖို့ မျှော်လင့်ပါတယ်” ဟု အာရက်ချီသည် မတ်စ်ကက်မြို့ တော်သို့ မသွားရောက်မီ အီရန်နိုင်ငံပိုင်ရုပ်သံတွင် ပြောကြားခဲ့သည်။
အိုမန်နိုင်ငံတွင် ရှိနေသည့် အီရန်၏ ကျွမ်းကျင်သူများ အဖွဲ့နှင့်လည်း လိုအပ်မည်ဆိုပါက ဆွေးနွေးတိုင်ပင် သွားမည်ဟု ၎င်းက ဆိုသည်။
အီရန်ခေါင်းဆောင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဝစ်ကော့ဗ်သည် မေလ ၈ ရက်က Breitbart News သတင်းမီဒီယာနှင့် တွေ့ဆုံချိန်တွင် အီရန်နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး အမေရိကန်၏ အလျှော့မပေးနိုင်သည့် သတ်မှတ်ချက်များကို ပြောကြားခဲ့သည်။
“ယူရေနီယံ မသန့်စင်ရဘူး။ အဓိပ္ပာယ်ကတော့ ဖျက်သိမ်းမှုပေါ့။ လက်နက်တွေ မလုပ်ရဘူး” ဟု ဝစ်ကော့ဗ်က ပြောကြားခဲ့ပြီး အီရန်၏ နက်တန့်ဇ် (Natanz) ၊ ဖော်ဒိုး (Fordow) နှင့် အစ္စဖာဟန် (Isfahan) မြို့များရှိ နျူကလီးယားစက်ရုံများကို အလုံးစုံဖျက်သိမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
“ဆွေးနွေးပွဲက အကျိုးရှိတဲ့ရလဒ် မထွက်ခဲ့ဘူးဆိုရင်တော့ သူတို့ကလည်း ဆက်ပြီးဆွေးနွေးမှာ မဟုတ်သလို ကျနော်တို့ကလည်း အခြားနည်းလမ်းတစ်ခု လုပ်သွားမှာပါ” ဟု ဝစ်ကော့ဖ်က ပြောကြားခဲ့သည်။
ထရမ့်ကမူ အီရန်နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး သံတမန်နည်းအရ ဖြေရှင်းမှုသည် အောင်မြင်ခြင်း မရှိပါက စစ်ရေးအရ အရေးယူသွားမည်ဟု အီရန်ကို ခြိမ်းခြောက်ခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 318
CNI International News
အစ္စလာမ်မာဘက်၊ မေလ ၁၂
အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် နှစ်နိုင်ငံကြား အဓိကပြဿနာ ၃ ခုဖြစ်သည့် ကက်ရှ်မီးယားဒေသအရေး၊ အကြမ်းဖက်မှုနှင့် အင်ဒူမြစ်ရေ စာချုပ်ကိစ္စတို့ကို ဆွေးနွေးမည်ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အဆစ်ဖ် (Khawaja Asif) က ပြောကြားခဲ့သည်ဟု India Today မှ ဖော်ပြခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်ကြား နယ်စပ်ဖြတ်ကျော် ဒရုန်းတိုက်ခိုက်မှုများ၊ ဒုံးကျည်တိုက်ခိုက်မှုများဖြင့် စစ်ရေးအရ ၄ ရက်ကြာ ထိတ်တိုက် ရင်ဆိုင်ခဲ့ပြီးနောက် အဆစ်ဖ်၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကစ္စတန်ကာကွယ်ရေးဝန်ကြီး အဆစ်ဖ်က “အဲဒီပြဿနာ ၃ ခုက အဓိကဆွေးနွေးရမယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့ လမ်းကို ခင်းပေးနိုင်ခဲ့မယ်ဆိုရင် ဒါဟာ လက်ခံကြိုဆိုရမယ့် အခြေအနေ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့နောက် အပစ်အခတ်ရပ်စဲရေး၏ ရလဒ်ကို ခန့်မှန်းရန် အချိန်စောလွန်းနေသေးသည်ဟု ၎င်းက ပြောသည်။
အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် လူ ၂၆ ဦး သေဆုံးခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို လက်တုံ့ပြန် သည့် အနေဖြင့် အိန္ဒိယသည် ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ(POK) တို့ရှိ နယ်စပ်ဒေသ တစ်လျှောက် အကြမ်းဖက်အဖွဲ့များ၏ အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်။
ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အဆစ်ဖ်ကို တွေ့ရစဉ်
ထို့နောက် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုများ မြင့်တက်ခဲ့သည်။
ပါကစ္စတန်ကမူ မေလ ၁၀ ရက်က ရရှိခဲ့သည့် သဘောတူညီချက်ကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟု ရည်ညွှန်း ပြောဆိုနေချိန်တွင် အိန္ဒိယကမူ ရန်လိုမှုများကို ရပ်တန့်ရန် အကန့်အသတ်ရှိသည့် နားလည်မှုဟု ပြောကြားခဲ့သည်။
“အချိန်တွေ ကုန်လာတာနဲ့အမျှ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတွေ ထွက်ပေါ်လာနိုင်ပါတယ်”ဟု ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး အဆစ်ဖ်က ပြောသည်။
အိန္ဒိယ၏ ခေါင်းဆောင်များ အနေဖြင့်လည်း တစ်နေ့နေ့တွင် နိုင်ငံရေးအရ တွက်ချက်မှုများထက် ကျော်လွန်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ဦးစားပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်းလည်း ၎င်းက ဆိုသည်။
နှစ်နိုင်ငံကြား အပြန်အလှန် လေးစားမှုနှင့် သာတူညီမျှမှုတို့အပေါ် အခြေခံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု သည် တောင်အာရှ၏ အနာဂတ်အတွက် အရေးကြီးကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ သည်။
Source: India Today

- By CNI
- Category: နိုင်ငံရေး
- Hits: 410
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၀
အိန္ဒိယနှင့် ပါကစ္စတန်ကြား ဖြစ်ပွားနေသော ပစ်ခတ်မှုများ ရပ်စဲရေးအတွက် နားလည်မှုတစ်ရပ် ရရှိခဲ့ပြီဖြစ်သည် ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီး မစ္စတာဂျိုင်ရှန်ကာက ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
မစ္စတာဂျိုင်ရှန်ကာက “ အိန္ဒိယနိုင်ငံနှင့်ပါစ္စတန်နိုင်ငံတို့သည် ယနေ့ ပစ်ခတ်မှုနှင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်စဲရေးအတွက် နားလည်မှုတစ်ရပ် ရရှိခဲ့ပြီ ဖြစ်ပါသည်”ဟု ပြောသည်။
ပါကစ္စတန်နှင့် အပစ်ရပ်စဲရေး နားလည်မှု ရရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် Vikram Misri က ထုတ်ပြန် ကြေညာခဲ့သည်။
ပါကစ္စတန်စစ်တပ်သည် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်ညပိုင်းမှ မေလ ၉ ရက်သို့ ကူးပြောင်း ဝင်ရောက်သည့် ညအချိန်တွင် အနောက်ဘက် နယ်စပ်ဒေသတစ်လျှောက် ဒရုန်းများနှင့် အခြားလက်နက်ခဲယမ်းများ အသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အိန္ဒိယက မေလ ၉ ရက်၌ ပြောကြားခဲ့သေးသည်။
အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသ၏ ပါဟယ်ဂမ် (Pahalgam) မြို့တွင် အကြမ်းဖက်သမားတစ်စုမှ ဧပြီလ က တိုက်ခိုက်ခဲ့၍ ခရီးသွား ၂၆ ဦးသေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် တရားမျှတမှု ရှိစေဖို့ ဆင်ဒူစစ်ဆင် ရေးကို အိန္ဒိယက မေလ ၇ ရက်တွင် စတင်ပြီး ပါကစ္စတန်ဘက်ခြမ်းရှိ အကြမ်းဖက်သမားများ တည်ရှိသော နေရာ ၉ နေရာကို တိုက်ခိုက်ခဲ့သည်။
ထို့နောက် ပါကစ္စတန်ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုပြုလုပ်၍ အိန္ဒိယ၏ တိုက်လေယာဉ် ၅ စင်းကို ပစ်ခတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
သို့သော် မေလ ၁၀ ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်ရပ်စဲရေး နားလည်မှု ရရှိခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်၏ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကလည်း ထပ်ဆင့် ထုတ်ပြန်ခဲ့ သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 669
CNI International News
နယူးဒေလီ၊ မေလ ၁၀
မကြာသေးမီက ဖြစ်ပွားခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန် တိုက်လေယာဉ်များ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားမှုကို ကမ္ဘာတစ်ဝန်းက အနီးကပ်စောင့်ကြည့်ခဲ့ကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မေလ ၇ ရက်က ဖြစ်ပွားခဲ့သည့် ထိုလေကြောင်းတိုက်ပွဲအတွင်း ပါကစ္စတန်လေတပ်၏ တရုတ်နိုင်ငံလုပ် တိုက်လေယာဉ်များသည် အိန္ဒိယတိုက်လေယာဉ် ၂ စင်းကို ပစ်ချခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးကမူ ပါကစ္စတန်သည် တရုတ်နိုင်ငံလုပ် J-10C တိုက်လေယာဉ် ဖြင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များကို အသုံးပြုကာ အိန္ဒိယတိုက်လေယာဉ်များကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်၏ PL-15 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်သည် ဥရောပ၏ MBDA ကော်ပိုရေးရှင်းက ထုတ်လုပ်ခဲ့သည့် ရေဒါလမ်းညွှန် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း လူမှုမီဒီယာများတွင် ရေးသားဖော်ပြ နေကြသည်။
ထိုလက်နက်များ အသုံးပြုခြင်း ရှိ၊မရှိကိုမူ တရားဝင် အတည်ပြုထားခြင်းမရှိပေ။
တရုတ်ထုတ် J-10C တိုက်လေယာဉ်အုပ်စုကိုတွေ့ရစဉ်
“တရုတ်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ အိန္ဒိယနဲ့ ပါကစ္စတန် လေကြောင်းတိုက်ပွဲနဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို ရရှိဖို့ အရမ်းစိတ်ဝင်စားနေကြပါတယ်။ အဲဒါမှ အားနည်းချက်၊ အားသာချက်တွေကို သိပြီး ပြင်စရာရှိတာတွေ ပြင်နိုင်မှာဖြစ်ပါတယ်” ဟု နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျု၏ လေကြောင်း နှင့်အာကာသရေးရာ ပညာရှင် ဒေါက်ဂလပ်စ် ဘာရီ (Douglas Barrie) က ပြောကြားခဲ့သည်။
တရုတ်၏ စွမ်းအားပြင်း လက်နက်သည် အနောက်နိုင်ငံ၏ စွမ်းအားပြင်း လက်နက်ကို ယှဉ်နိုင်စွမ်းရှိသည် ဆိုစေကာမူ အမှန်တကယ် တိုက်ပွဲဖြစ်ပွားမှုတွင် မိမိတို့အနေဖြင့် အသေးစိတ် မသိရကြောင်း ၎င်းက ဆိုသည်။
ပြင်သစ်နှင့်အမေရိကန်တို့ကမူ ထိုလေကြောင်း တိုက်ပွဲနှင့်ပတ်သက်ပြီး အိန္ဒိယထံမှ အလားတူ ထောက်လှမ်းရေး သတင်းများကို ရရှိရန် မျှော်လင့်နေဖွယ်ရှိကြောင်းလည်း ဘာရီက ပြောသည်။
ပါကစ္စတန်ကမူ တရုတ်နိုင်ငံလုပ် J-10C တိုက်လေယာဉ်များကို အသုံးပြုပြီး အိန္ဒိယလေယာဉ်များကို တိုက်ခိုက်ခဲ့ ကြောင်းနှင့် အိန္ဒိယ၏ Rafale တိုက်လေယာဉ် ၃ စင်း အပါအဝင် အိန္ဒိယလေယာဉ် ၅ စင်းကို ပစ်ချခဲ့ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။
Rafale တိုက်လေယာဉ်များကို ထုတ်လုပ်သည့် Dassault Aviation ကုမ္ပဏီနှင့် အိန္ဒိယစစ်တပ်တို့ကမူ ပါကစ္စတန် ၏ ပြောကြားချက်ကို မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 322
CNI International News
၂၀၂၅ ခုနှစ်၊ မေလ ၉
ပါကစ္စတန်စစ်တပ်သည် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်ညပိုင်းမှ မေလ ၉ ရက်သို့ ကူးပြောင်း ဝင်ရောက်သည့် ညအချိန်တွင် အနောက်ဘက် နယ်စပ်ဒေသတစ်လျှောက် ဒရုန်းများနှင့် အခြားလက်နက်ခဲယမ်းများ အသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အိန္ဒိယက ပြောသည်။
ပါကစ္စတန်စစ်သားများသည် ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ထိန်းချုပ်ရေးစည်း (Line of Control) တစ်လျှောက် အပစ်အခတ်ရပ်စဲရေးကို ကြိမ်ဖန်များစွာ ချိုးဖောက်ခဲ့သည်။
ထိုဒရုန်းတိုက်ခိုက်မှုများကို ထိရောက်စွာ တားဆီးခဲ့ပြီး သင့်တော်သလို တုံ့ပြန်ခဲ့သည်ဟု အိန္ဒိယအစိုးရက ပြော သည်။
အိန္ဒိယစစ်တပ်သည် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန် ဆက်လက် သန္နိဋ္ဌာန်ချ ထားပြီး ရန်လိုမှုအားလုံးကို အင်အားဖြင့် တုံ့ပြန်သွားမည်ဟု ပြောသည်။