- By CNI
- Category: နိုင်ငံရေး
- Hits: 391
CNI International News
ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၆
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ့၏ ထိပ်သီးတပ်မှူး တစ်ဦးဖြစ်သည့် ရာအိဒ် ဆာအက် (Raed Saad) သေဆုံးခဲ့ကြောင်း ဟားမာ့စ်အဖွဲ့က အတည်ပြုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ဆာအက်သည် အောက်တိုဘာလက အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း အစ္စရေး၏ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဟားမာ့စ်အဖွဲ့၏ ရာထူးအကြီးဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။
အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဒီဇင်ဘာ ၁၃ ရက်က ဂါဇာစီးတီး (Gaza City) မြို့အနီး၌ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအတွင်း ဆာအက် သေဆုံးခဲ့ခြင်းဖြစ်ပြီး လူ ၂၅ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ဖော်ပြခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ ဂါဇာဒေသအကြီးအကဲ ခါလီ အယ် ဟေယာ (Khalil al-Hayya) ကမူ ဒီဇင်ဘာ ၁၄ ရက်က ဆာအက် သေဆုံးကြောင်း အတည်ပြုခဲ့သည့် ဗွီဒီယိုဖိုင် ထုတ်ပြန်ခဲ့ကာ အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြောင်း စွပ်စွဲခဲ့သည်။
"သဘောတူညီချက်ကို အစ္စရေးက ဆက်လက် ချိုးဖောက်နေတာကြောင့် ဟားမာ့စ်တပ်မှူး တစ်ဦး သေဆုံးခဲ့ပါ တယ်။ အဲဒါကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ပေးခဲ့သူတွေ၊ အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာဖို့နဲ့ အကောင် အထည်ဖော်ဖို့ အစ္စရေးကို ဖိအားပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ ဂါဇာဒေသအကြီးအကဲ ခါလီ အယ် ဟေယာကို တွေ့ရစဉ်
အောက်တိုဘာ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင် ခဲ့ချိန်ကစပြီး အစ္စရေး သည် ဂါဇာ၌ တိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်ခဲ့သဖြင့် လူ ၃၈၆ ဦး သေဆုံးခဲ့ကြောင်း ဂါဇာဒေသရှိ အာဏာပိုင် များက ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်ကမူ ဆာအက်သည် ဟားမာ့စ်အဖွဲ့၏ လက်နက်ထုတ်လုပ်ရေးဌာနချုပ်မှ အကြီးအကဲဖြစ်ပြီး ထိုအဖွဲ့၏ စစ်အင်အားကို တိုးမြှင့်ရာတွင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဆာအက်သည် ဂါဇာစစ်ပွဲကို ဖြစ်ပွားစေခဲ့သည့် အစ္စရေးကို ဟားမာ့စ်အဖွဲ့က တိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူများထဲတွင် ပါဝင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) တို့က ပြောကြားခဲ့ သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 372
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၆
ထိုင်းနိုင်ငံတွင် မကြာမီ ပြုလုပ်တော့မည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများသည် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေချိန်၌ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) သည် စစ်တပ်နှင့် အမျိုးသားရေးဝါဒ ကို အသားပေးပြောဆိုပြီး မဲဆန္ဒရှင်များကို ဆွဲဆောင်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေသည် မကြုံစဖူး အခြေအနေများနှင့် ရင်ဆိုင်နေပြီး ဒေသတွင်း လုံခြုံရေး စိုးရိမ် မှုများ မြင့်တက်နေချိန်တွင် လာမည့်နှစ် ဖေဖော်ဝါရီလ အစောပိုင်း၌ ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
အိမ်နီးချင်း မြန်မာနိုင်ငံ၌ လက်နက်ကိုင် အကျပ်အတည်း ဆက်လက် ဖြစ်ပွားနေပြီး ကမ္ဘောဒီးယားနှင့်လည်း နယ်စပ်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ထိုရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်းသည် မြန်မာနှင့်ထိစပ်နေသည့် နယ်စပ်၊ ကမ္ဘောဒီးယားနှင့် ထိစပ်နေသည့် နယ်စပ်များ၌ လုံခြုံရေး အစီအမံများ တိုးမြှင့်နေမှုနှင့်အတူ ထိုအခြေအနေများက ထိုင်းနိုင်ငံရေးပါတီများကြား အမျိုးသား လုံခြုံရေးနှင့်ပတ်သက်ပြီး ငြင်းခုံဆွေးနွေးမှုများကို ပေါ်ပေါက်စေခဲ့သည်။

အတိုက်အခံခေါင်းဆောင်(ပန်းကုံးနဲ့လူ)၊ လက်ရှိဝန်ကြီးချုပ် အနူတင်(အလယ်)နဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ကို တွေ့ရစဉ်
ထိုအချိန်တွင် ဘူဂျထိုင်းပါတီခေါင်းဆောင် အနူတင်က ၎င်း၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှု၌ အမျိုးသားရေးနှင့် စစ်တပ်အား ထောက်ခံရေးတို့ကို အသားပေး ပြောဆိုခဲ့သည်။
ကျွမ်းကျင်သူများကမူ အနူတင်သည် လက်ရှိ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး စစ်တပ်နှင့် အမျိုးသားရေးကို အနိုင်ဖဲ တစ်ချပ်အဖြစ် ကိုင်၍ နိုင်ငံရေးကစားနေခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။
ထိုင်းစစ်တပ်သည် အလွန် ဩဇာကြီးမားသော အင်စတီကျူးရှင်း တစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အာဏာသိမ်းမှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် အရပ်သားအစိုးရများ အုပ်ချုပ်ခဲ့သည့် ကာလများပင်လျင် စစ်တပ်၏ ဩဇာအာဏာသည် နိုင်ငံရေးအပေါ် လွှမ်းမိုးခဲ့သည်။
လက်ရှိအချိန်တွင် မဲဆန္ဒရှင်များက အကျပ်အတည်းများ ဖြစ်နေချိန်၌ စစ်တပ်သည် တည်ငြိမ်မှုကို ဆောင်ကြဉ်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။
ထိုကဲ့သို့ ဒေသတွင်း အခြေအနေ မတည်ငြိမ်သည့် အချိန်တွင် အနူတင်က ၎င်းကိုယ်ကိုယ် တည်ငြိမ်မှုရှိသော ခေါင်းဆောင်အဖြစ် ပုံဖော်ပြီး လုံခြုံရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးတို့ကို အလေးထား ပြောဆိုနေခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 405
CNI International News
နယူးယောက်၊ ဒီဇင်ဘာ ၁၅
ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့၏ စခန်းတစ်ခုတွင် ဒီဇင်ဘာ ၁၃ ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စေလွှတ်ထားသည့် ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဆူဒန်နိုင်ငံ၏ တောင်ကော်ဒိုဖန် ( South Kordofan ) ပြည်နယ်၊ ကာဒူဂလီ (Kadugli) မြို့ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ (UNISFA) ၏ ထောက်ပို့ စခန်းတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ထိုတိုက်ခိုက်မှုသည် လက်ခံနိုင်စရာမရှိသည့် တိုက်ခိုက်မှုဖြစ်ကြောင်း ရှုတ်ချခဲ့သလို ထိုတိုက်ခိုက်မှုများသည် နိုင်ငံတကာ ဥပဒေအောက်တွင် စစ်ရာဇဝတ်မှုမြောက်ကြောင်း ပြောကြား ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဆူဒန်အစိုးရနှင့် စစ်တပ်က ဆူဒန်၏ အကူလက်ရုံးတပ် (RSF) ကို အပြစ် တင်ခဲ့သည်။
ထိုတိုက်ခိုက်မှုသည် အန္တရာယ်များကို ပိုမိုမြင့်တက်စေကြောင်း ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတာ ဘာဟမ် (Abdel Fattah Burhan) က ပြောကြားခဲ့သည်။
သို့သော် RSF ကမူ စစ်တပ်၏ စွပ်စွဲမှုများသည် မှားယွင်းသည့် စွပ်စွဲမှုများဖြစ်ကြောင်း Telegram တွင် ငြင်းဆိုခဲ့ သည်။

ကုလသမဂ္ဂအလံကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက် ယူနွတ် (Muhammad Yunus) ကမူ ထိုတိုက်ခိုက်မှု ကြောင့် အလွန် ဝမ်းနည်းမိကြောင်းနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင် နေသည့် ဘင်္ဂလားဒေ့ရှ် စစ်သားများကို အရေးပေါ် အကူအညီပေးရန် ကုလသမဂ္ဂကို တိုက်တွန်းခဲ့သည်။
"အခုလို ခက်ခဲတဲ့ အချိန်အခါမျိုးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ကျန်ရစ်သူ မိသားစုတွေနဲ့အတူ ရပ်တည်သွားမှာပါ" ဟု ယူနွတ်က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်ကလည်း ကုလငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များရှိနေသည့် နေရာတွင် အခြေအနေသည် မတည်ငြိမ်သေးဘဲ အကြမ်းဖက်သမားများနှင့် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဏာပိုင်များအနေဖြင့် ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းနေကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
ဆူဒန်တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလကစပြီး စစ်တပ်နှင့် RSF တို့ကြား ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သည်။
ထိုပြည်တွင်းစစ်ကြောင့် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တစ်ခု ဖြစ်ပေါ်စေခဲ့ပြီး လူပေါင်း သောင်းချီသေဆုံးကာ လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဆူဒန်၌ အငတ် ဘေးကို ကျရောက်စေခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 607
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅
ဆီးရီးယားနိုင်ငံတွင် အမေရိကန်စစ်သား ၂ ဦးနှင့် အရပ်သား စကားပြန်တစ်ဦး သေဆုံးစေခဲ့သည့် ခြုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အိုင်အက်စ်(IS) အကြမ်းဖက်အဖွဲ့ကို ပြင်းထန်စွာ လက်တုန့်ပြန်သွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုသည် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေဆဲ ဖြစ်သော် လည်း ထရမ့်ကမူ ထိုတိုက်ခိုက်မှုအတွက် အိုင်အက်စ်အဖွဲ့ကို အပြစ်တင်ခဲ့သည်။
ဆီးရီးယားတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက သမ္မတ အာဆတ် (Bashar al-Assad) အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီး နောက် ယခုတိုက်ခိုက်မှုသည် အမေရိကန်စစ်သားများ သေဆုံးစေခဲ့သည့် ပထမဆုံးဖြစ်စဉ် ဖြစ်ခဲ့သည်။
ထို့ပြင် ထိုတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား ၃ ဦးနှင့် ဆီးရီးယားစစ်သား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားအစိုးရနှင့် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

ဆီးရီးယားနယ်မြေကို တွေ့ရစဉ်
ထရမ့်ကမူ ဒဏ်ရာရရှိခဲ့သည့် အမေရိကန်စစ်သားများ အခြေအနေ ကောင်းမွန်ကြောင်း သတင်းရရှိခဲ့သည်ဟု လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထို့နောက် အိုင်အက်စ်အဖွဲ့ အနေဖြင့် ထိုတိုက်ခိုက်မှုအတွက် ဆိုးရွားသည့် အကျိုးဆက်များ ရှိလာလိမ့်မည်ဟု ထရမ့်က သတိပေးခဲ့သည်။
"ဒါက အမေရိကန်နဲ့ ဆီးရီးယားကို တိုက်ခိုက်တဲ့ အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။ သူတို့ (အိုင်အက်စ်) တွေ အပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ ဆီးရီးယားရဲ့ အလွန်အန္တရာယ်များတဲ့ ဒေသမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါ တယ်။ ဆီးရီးယားသမ္မတ အာမက် အယ် ရှာရား (Ahmed al-Sharaa) ကလည်း ဒီတိုက်ခိုက်မှုနဲ ပတ်သက်ပြီး တော်တော် ဒေါသထွက်နေပါတယ်။ ပြင်းထန်တဲ့ လက်တုန့်ပြန်မှု ရှိလာပါလိမ့်မယ်" ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်းက အပျက်အစီးများကို တွေ့ရစဉ်
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဆက်ဟက် (Pete Hegseth) ကလည်း အမေရိကန် စစ်သားများကို တိုက်ခိုက် သည့် မည်သူကိုမဆို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"သိထားရမှာ တစ်ခုက ကမ္ဘာပေါ်က ဘယ်နေရာမှာမဆိုရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို ခင်ဗျားက ပစ်မှတ် ထားမယ်ဆိုရင် အမေရိကန်က ခင်ဗျားကို အမဲလိုက်သလို လိုက်လံရှာဖွေပြီး ခင်ဗျားကို ချေမှုန်းပစ်မယ်ဆိုတဲ့ ကြောက်စိတ်နဲ့ ခင်ဗျားတစ်သက်လုံး ထိတ်လန့်စွာ နေထိုင်သွားရပါလိမ့်မယ်" ဟု ဟက်ဆက်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ဆီးရီးယားတွင် ဒီဇင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ ခြုံခိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန် ဗဟိုစစ် ဌာနချုပ် (CENTCOM) က ပထမဆုံး ကြေညာခဲ့ခြင်းဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 399
CNI International News
ပြုံယမ်း၊ ဒီဇင်ဘာ ၁၅
ရုရှားနိုင်ငံ၏ ကာ့စ် (Kursk) ဒေသတွင် မိုင်းများကို ရှင်းလင်းရန်အတွက် မြောက်ကိုရီးယား စစ်သားများကို စေလွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un)က ပြောကြားခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
ကင်မ်၏ ပြောကြားချက်အရ မြောက်ကိုရီးယားသည် ၎င်း၏ စစ်သားများကို ရုရှားတွင် အလွန်အန္တရာယ်များသည့် တာဝန်များပေးခဲ့ကြောင်း အတည်ပြုရာ ရောက်ခဲ့သည်။
မြောက်ကိုရီးယားသည် ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေသော ရုရှားဘက်မှ စစ်ကူပေးသည့် အနေဖြင့် ထောင်နှင့်ချီသည့် စစ်သားများကို စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် အနောက်နိုင်ငံများမှ ထောက်လှမ်းရေး အေဂျင်စီများက ပြောကြားခဲ့သည်။
အပြန်အလှန်အားဖြင့် ရုရှားကလည်း မြောက်ကိုရီးယားကို ဘဏ္ဍာရေး အကူအညီ၊ စစ်ရေးနည်းပညာ၊ အစားအစာ နှင့် လောင်စာ အထောက်အပံ့များ ပေးခဲ့ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ကင်မ်ကမူ ရုရှားမှ ပြန်လည် ရောက်ရှိလာသည့် မြောက်ကိုရီးယား အင်ဂျင်နီယာ တပ်ရင်းကို ကြိုဆိုပွဲ အခမ်း အနားဖြင့် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

စစ်သားတွေနဲ့ ပွေ့ဖက်နေတဲ့ ကင်မ်ကို တွေ့ရစဉ်
ဩဂုတ်လမှစပြီး ရုရှားတွင် ရက်ပေါင်း ၁၂၀ ကြာ မိုင်းရှင်းလင်းရေး တာဝန်များကို ထမ်းဆောင်ခဲ့ချိန်အတွင်း မြောက်ကိုရီးယား မိုင်းရှင်းလင်းရေး တပ်ရင်း၏ စစ်သား ၉ ဦး သေဆုံးခဲ့ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
ထိုကဲ့သို့ တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့ကြသည့် စစ်သားများကို ကင်မ်က မြောက်ကိုရီးယား၏ ဂုဏ်ထူး ဆောင်ဆုများ ချီးမြှင့်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
"အရာရှိတွေရော၊ စစ်သားတွေ အပါအဝင် ခင်ဗျားတို့ အားလုံးဟာ နေ့စဉ်နီးပါး မခန့်မှန်းနိုင်လောက်တဲ့ ရုပ်ပိုင်း ဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ သူရသတ္တိကို ပြသခဲ့ကြပါတယ်" ဟု ကင်မ်က ပြောကြားခဲ့သည်။
KCNA သတင်းအေဂျင်စီက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်မ်သည် ရုရှားစစ်မြေပြင်မှ ပြန်လည် ရောက်ရှိ လာသည့် မြောက်ကိုရီးယား၏ အမှတ် ၅၂၈ အင်ဂျင်နီယာတပ်ရင်းမှ စစ်သားများကို ပွေ့ဖက်ပြီး နှုတ်ဆက်နေပုံ များကို မြင်တွေ့ရသည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 468
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၅
ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ထိုင်းနိုင်ငံ၏ ကမ်းရိုးတန်းဒေသများအထိ ပျံ့နှံ့ လာခဲ့ချိန်တွင် ထိုင်းနိုင်ငံက ဒီဇင်ဘာ ၁၄ ရက်၌ နိုင်ငံအရှေ့တောင်ပိုင်း ထရက် (Trat) ပြည်နယ်မှာ ကာဖျူးမိန့် ထုတ်ပြန် ကြေညာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ထိုင်းနှင့်ကမ္ဘောဒီးယားသည် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ၂ ရက်အကြာတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။
မေလက ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အရှေ့တောင်အာရှ အိမ်နီးချင်း ၂ နိုင်ငံသည် နယ်စပ်တွင် အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ၂ ဖက်စလုံး၌ သေဆုံးသူများ ရှိခဲ့ကာ နယ်စပ်ဒေသမှာ နေထိုင်သည့် လူပေါင်း သိန်းချီ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရသည်။

လမ်းသွားလမ်းလာများကို စစ်ဆေးနေစဉ်
ဒီဇင်ဘာ ၁၃ ရက်တွင် ကမ္ဘောဒီးယားဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားကို ထပ်မံ ပြောဆိုခဲ့ပြီးနောက် လက်ရှိ အခြေအနေအထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဆူရာဆန့် ကွန်စီရီ (Surasant Kongsiri) က ဘန်ကောက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံဘက်က သံတမန်ရေးဖြင့် ဖြေရှင်းရန် လမ်းဖွင့်ထားသော်လည်း ကမ္ဘောဒီးယား အနေဖြင့် ဆွေးနွေးမှုများ မပြုလုပ်မီ ရန်လိုမှုများကို အရင်ဆုံး ရပ်တန့်ရမည်ဟု ၎င်းက ဆိုသည်။
ဒီဇင်ဘာ ၁၃ ရက်တွင် ထိုင်းတပ်ဖွဲ့များက ကမ္ဘောဒီးယား၏ လက်နက်ကြီးများနှင့် အခြားလက်နက်များ သယ်ယူ ပို့ဆောင်ရာ၌ အသုံးပြုနေသည့် တံတားတစ်စင်းကို ဖျက်ဆီးခဲ့ကြောင်း၊ ကမ္ဘောဒီးယား၏ ခိုခေါင် (Koh Kong) ပြည်နယ်ရှိ လက်နက်ကြီးများ အထိုင်ချမည့် နေရာကို ပစ်မှတ်ထားသည့် စစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

စစ်ပွဲရှောင်များကိုတွေ့ရစဉ်
ကမ္ဘောဒီးယားကမူ ထိုင်းတပ်ဖွဲ့များသည် အရပ်ဘက် အခြေခံ အဆောက်အအုံကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
ထိုင်းနိုင်ငံက ထုတ်ပြန်ထားသည့် ကာဖျူးမိန့်သည် ထရက်ပြည်နယ်၏ ခရိုင် ၅ ခုတွင် အကျုံးဝင် သက်ရောက်ပြီး ခိုချန် (Koh Chang) နှင့် ခိုကွတ် (Koh Kood)ကျွန်းများ ပါဝင်ခြင်းမရှိပေ။
ထိုင်းစစ်တပ်သည် ယခင်ကလည်း ဆာကေအို (Sakeo) ပြည်နယ်တွင် ကာဖျူးမိန့် ထုတ်ပြန်ခဲ့ပြီး ထိုအမိန့်ကို ရုပ်သိမ်းခြင်း မရှိသေးဘဲ ဆက်လက် ထုတ်ပြန်ထားဆဲဖြစ်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားသည် ဒီဇင်ဘာ ၈ ရက်မှစပြီး ၈၁၇ ကီလိုမီတာအရှည်ရှိ နယ်စပ်ဒေသတစ်လျှောက်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 583
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၃
ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနှင့် ဖြစ်ပွားနေသည့် နယ်စပ်ဒေသပဋိပက္ခကို တုန့်ပြန်ဆောင်ရွက်မှုအား အရှိန် မြှင့်တင်ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထို့နောက် ရန်သူများ၏ တိုက်ခိုက်ရေး စွမ်းဆောင်ရည်များကို ဖျက်ဆီးရန်နှင့် ရန်သူများ၏ တိုက်ခိုက်မှုအား အထောက်အကူ ဖြစ်စေသည့် ဘဏ္ဍာရေး အဆောက်အအုံများကို ထိခိုက်ပျက်စီးစေရန် ကြီးမားပြီး ချိတ်ဆက် ညှိနှိုင်းမှုရှိသည့် စစ်ဆင်ရေးကို လုပ်ဆောင်နေသည်။
ထိုင်းစစ်တပ်၏ စစ်ဆင်ရေးသည် ရန်သူ၏ ပစ်မှတ်အများအပြားကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သည့် စစ်ရေး မဟာဗျူဟာဖြစ်သော parallel attack ဗျူဟာဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖော်ပြနေကြသည်။
ထိုစစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း "ဟွန်ဆန်၏ ထမင်းပန်းကန်ကို ခွဲခြင်း" (crushing Hun Sen's rice bowl) ဖြစ်ကြောင်း ထိုင်းစစ်တပ်က သုံးနှုန်းပြောဆိုခဲ့သည်။
ထိုအသုံးအနှုန်းမှာ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်၏ မိသားစုနှင့် ဆက်နွှယ်နေသည့် ဘဏ္ဍာရေးကွန်ရက်ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။
ကမ္ဘောဒီးယား၏ နည်းဗျူဟာများသည် တစ်စထက်တစ်စ ပိုမိုကျယ်ပြန့် ပြင်းထန်းလာကြောင်း ထိုင်း၏ အမှတ် ၂ စစ်ဒေသထံမှ ထောက်လှမ်းရေးသတင်းများကို ရရှိခဲ့ပြီးနောက် ထိုင်းဘက်ကလည်း မဟာဗျူဟာကို ပြောင်းလဲ ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့သည်။
ထောက်လှမ်းရေး သတင်းများအရ ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံကို တိုက်ခိုက်ရန် FPV Kamikaze ဒရုန်းများကို ထိန်းချုပ်မောင်းနှင်မည့် ပြည်ပနိုင်ငံသားများကို ငှားရမ်းနေကြောင်း စုံစမ်းသိရှိခဲ့သည်ဟုဆိုသည်။

ကမ္ဘောဒီးယား လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်ကို တွေ့ရစဉ်
၈၂ မမ မော်တာကျည်များ တပ်ဆင်ထားသည့် ထိုဒရုန်းများကို fibre-optic ကေဘယ်ကြိုးများဖြင့် ထိန်းချုပ် မောင်းနှင်ခြင်းဖြစ်သဖြင့် ဒရုန်းများကို ဖျက်သည့် jammer များအား ကျော်လွှားကာ ထိုင်း၏ စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။
ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး ဂျက်ကရစ် သမ္မာဝီချိုင်း (Jackkrit Thammavichai) ကမူ ထိုင်း၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များသည် ရန်သူများ၏ ပစ်မှတ်များကို တိုက်ခိုက်ရန်၊ ရန်သူများ၏ ဒရုန်းထိန်းချုပ်ရေး စခန်းများအား တိုက်ခိုက်ရန်နှင့် ရန်သူများ၏ စွမ်းဆောင်ရည်များကို လျှော့ချရန် အတူတကွ ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘောဒီးယား၏ ကာစီနိုရုံများ၊ မဟာဗျူဟာမြောက် စစ်ရေးပစ်မှတ်များဟု သတ်မှတ်ထားသည့် အဆောက်အအုံများကို တိုက်ခိုက်ရန် F-16 နှင့် Gripen တိုက်လေယာဉ်များ အပါအဝင် ထိုင်းလေတပ်၏ တိုက်လေယာဉ်များအား ဖြန့်ကြက်ချထားခဲ့ကြောင်း ဂျက်ကရစ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းလေတပ်၏ Gripens တိုက်လေယာဉ်များသည် နယ်စပ်ဒေသအနီးရှိ ဒုံးကျည်များနှင့် ဒရုန်းများ သိုလှောင်ထားသည်ဆိုသည့် ကမ္ဘောဒီးယား၏ ကာစီနိုရုံတစ်ခုကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 294
CNI International News
ကိယက်ဗ်၊ ဒီဇင်ဘာ ၁၃
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy)သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth)၊ အိမ်ဖြူတော် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့နှင့် ဗွီဒီယိုဆက်သွယ်မှုဖြင့် တွေ့ဆုံခဲ့ရာတွင် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အမေရိကန်သည် အသစ်ပြင်ဆင်ထားသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို တင်ပြခဲ့သည်ဟု ဇာလန်းစကီးက ပြောကြားခဲ့သော်လည်း ထိုအစီအစဉ်၏ အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။
သို့သော် အချက် ၂၀ ပါ ထိုအစီအစဉ်အတွင်း ယူကရိန်းနိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် အစီအစဉ်များ အပါအဝင် လုံခြုံရေး အာမခံချက်များ ပါဝင်သည်ဟု ဇာလန်းစကီးက ဆိုသည်။
ဆွေးနွေးမှုများအတွင်း အချေအတင် ငြင်းခုံရသည့် အဓိကအချက်မှာ ယူကရိန်း၏ အရှေ့ပိုင်း ဒွန်းနက် (Donetsk) ဒေသ၏ အခြေအနေနှင့် ဇာပိုရီရှား (Zaporizhzhia) နျူကလီးယားစက်ရုံ ထိန်းချုပ်ခွင့်တို့ ဖြစ်သည်ဟု ဇာလန်းစကီးက ပြောသည်။

စစ်ပွဲအတွင်းက ယူကရိန်းနိုင်ငံ၏ သင်္ကေတကို တွေ့ရစဉ်
အမေရိကန်က ယူကရိန်း၏ ဒွန်းနက်ဒေသတွင် ရှိနေသည့် ရုရှားတပ်ဖွဲ့များကို မရုပ်သိမ်းခိုင်းဘဲ၊ ယူကရိန်း တပ်ဖွဲ့များကို ပြန်လည် ရုပ်သိမ်းစေချင်နေကြောင်း၊ ထိုဒေသတွင် စစ်တပ်နှစ်တပ်ကြား စစ်မဲ့ဇုန်တစ်ခု ဖန်တီးရန် ဆန္ဒရှိနေကြောင်း ၎င်းကဆိုသည်။
"သူတို့က ယူကရိန်းတပ်ဖွဲ့တွေကို ဒွန်းနက်ဒေသရဲ့ နယ်နိမိတ်ကနေ ထွက်ခွာစေချင်နေပါတယ်။ နောက်ထပ် အပေးအယူ တစ်ခုကတော့ ရုရှားတပ်ဖွဲ့တွေကလည်း အဲဒီနယ်နိမိတ်ထဲကို မဝင်ဘူးလို့ ပြောပါတယ်။ အဲဒီ နေရာကို သူတို့က လွတ်လပ်တဲ့ စီးပွားရေးဇုန်ဆိုပြီး သုံးနှုန်းပြောဆိုခဲ့ပါတယ်" ဟု ဇာလန်းစကီးက သတင်း ထောက်များကို ပြောကြားခဲ့သည်။
ယူကရိန်းနယ်မြေပေါ်တွင် ဖြစ်လာနိုင်ခြေရှိသည့် မည်သည့် အပေးအယူမျိုးကိုမဆို ဒေသခံများ၏ မဲဆန္ဒဖြင့် ဆုံးဖြတ်သင့်သည်ဟုလည်း ဇာလန်းစကီးက ပြောကြားခဲ့သည်။
"ယူကရိန်းပြည်သူတွေက ဒီမေးခွန်းကို ဖြေချင်ကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ရွေးကောက်ပွဲပဲဖြစ်ဖြစ်၊ ဆန္ဒခံယူပွဲပဲဖြစ်ဖြစ် ယူကရိန်းပြည်သူတွေရဲ့ သဘောထားအတိုင်း ဖြစ်ရပါမယ်" ဟု ၎င်းက ဆိုသည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 315
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၃
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) သည် ဒီဇင်ဘာ ၁၂ ရက်က လွှတ်တော်ကို ဖျက်သိမ်းခဲ့သဖြင့် လာမည့်နှစ် အစောပိုင်းတွင် ရွေးကောက်ပွဲများ ပြုလုပ်ရတော့မည်ဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထိုင်းသည် ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်၌ အနူတင်က ဘုရင် မဟာဗာဂျီရာလောင်ကွန်း (Maha Vajiralongkorn) ၏ ထောက်ခံချက်နှင့်အတူ ဒီဇင်ဘာ ၁၂ ရက်မှစပြီး လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အနူတင်သည် လွှတ်တော်ဖျက်သိမ်းကြောင်း မကြေညာမီ ဒီဇင်ဘာ ၁၁ ရက်ကတည်းက Facebook ပေါ်တွင် ၎င်း၏ အစီအစဉ်ကို အရိပ်အမြွက် ဖော်ပြသည့်အနေဖြင့် "ကျနော်ဟာ ပြည်သူလူထုကို အာဏာပြန်ပေးချင်ပါ တယ်" ဟု ရေးသားခဲ့သည်။
ယခုအခါတွင် ထိုင်းဘုရင်၏ ထောက်ခံချက်ဖြင့် လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်သဖြင့် ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ပြုလုပ်ရမည်ဖြစ်သည်။
ထိုကာလအတွင်း အနူတင်သည် ဘတ်ဂျက်အသစ်ကို အတည်မပြုနိုင်တော့ဘဲ လုပ်ပိုင်ခွင့် အကန့်အသတ်နှင့်သာ ကျန်ရှိတော့သည့် ယာယီအစိုးရအဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်ကို တွေ့ရစဉ်
ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ချက်တွင် လွန်ခဲ့သည့် ၃ လအတွင်း ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ ချိန်ကတည်းက ၎င်း၏ လူနည်းစု အစိုးရအဖွဲ့သည် စိန်ခေါ်မှုများကို ဖြေရှင်းရန် ရုန်းကန်ခဲ့ရကြောင်း ထိုစိန်ခေါ်မှု များအနက် ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသ အငြင်းပွားမှုလည်း ပါဝင်ကြောင်း အနူတင်က ပြောကြားခဲ့သည်။
လူနည်းစု ဦးဆောင်သည့် အစိုးရအဖွဲ့ ဖြစ်သဖြင့် ပြသနာနှင့်ကြုံနေရသည့် ပြည်တွင်းနိုင်ငံရေး အခြေအနေကို အတူတကွ ရင်ဆိုင်ခဲ့ကြောင်း ထိုအခြေအနေကြောင့် ပြည်သူ့အုပ်ချုပ်ရေးကို ထိရောက်စွာနှင့် တည်ငြိမ်စွာ ဆောင်ရွက်နိုင်စွမ်း မရှိခဲ့ကြောင်း အနူတင်က ရေးသားခဲ့သည်။
အနူတင်နှင့် ၎င်း၏ ဘူဂျာထိုင်းပါတီသည် ပြီးခဲ့သည့်လက ထိုင်းနိုင်ငံတောင်ပိုင်းတွင် လူ ၁၇၆ ဦး သေဆုံးခဲ့သည့် ဆိုးရွားသော ရေလွှမ်းမိုးမှုကို ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်ပြီး ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။
ထို့ပြင် အနူတင်သည် လွှတ်တော်တွင် အကြီးဆုံးပါတီဖြစ်ပြီး တစ်ချိန်က ဝန်ကြီးချုပ် နေရာအတွက် ၎င်းအား ထောက်ခံပေးခဲ့သည့် ပြည်သူ့ပါတီ၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ပြီးနောက် လွှတ်တော်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
Source: အေပီ
