- By CNI
- Category: နိုင်ငံရေး
- Hits: 557
CNI International News
အင်ဖာ၊ ဖေဖော်ဝါရီ ၉
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရှိ တောင်တန်းဒေသ ခရိုင်များတွင် ဖေဖော်ဝါရီ ၆ ရက်က ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့တွင် ကူကီး-ဇို (Kuki-Zo) မျိုးနွယ်စုမှ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ပါဝင်နေမှုကို ထောင်နှင့်ချီသည့် ဆန္ဒပြသူများက ကန့်ကွက်ခဲ့ကြကြောင်း India Today သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။
ဆန္ဒပြသူများသည် ကူကီး-ဇို လူမျိုးများဖြစ်သည့် ဒုတိယဝန်ကြီးချုပ် မစ္စမ်နမ်ချာ ကစ်ပ်ဂျန်(Nemcha Kipgen) နှင့် အခြားသော လွှတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်သည့် အယ်လ်အမ် ခေါ့တေး(LM Khaute) နှင့် အန် ဆားနတေး( N Sanate) တို့၏ ပုံတူရုပ်များကို မီးရှို့ဆန္ဒပြခဲ့ကြသည်။
ချူရာချန်ပူရ် (Churachandpur)ခရိုင်တွင်မူ ကူကီး အမျိုးသမီး လူ့အခွင့်အရေးအဖွဲ့နှင့် ဌာနေမျိုးနွယ်စု ခေါင်းဆောင်များဖိုရမ် (ITLF) ၏ အမျိုးသမီးအဖွဲ့တို့ ပူးပေါင်းပြီး လူပေါင်းများစွာ ပါဝင်သည့် လမ်းလျှောက် ချီတက်ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။
ဆန္ဒပြသူများက ဝန်ကြီး ကစ်ပ်ဂျန်( Kipgen) အား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြပြီး သီးခြားအုပ်ချုပ်ရေးဒေသ ဖော်ဆောင်ပေးရန် ထပ်မံတောင်းဆိုခဲ့ကြသည်။

မဏိပူရပြည်နယ် ဒုတိယဝန်ကြီးချုပ် မစ္စမ်နမ်ချာ ကစ်ပ်ဂျန်ကို ဆန္ဒပြနေကြစဉ်
“လူပြိန်းကြိုက် အစိုးရမျိုးကို အလိုမရှိ” ၊ “ကျုပ်တို့ရဲ့ သွေးတွေနဲ့ မကစားပါနဲ့” ဟူသော ကြွေးကြော်သံများ ကိုလည်း ဆန္ဒပြသူများက ဟစ်ကြွေးခဲ့ကြသည်။
ဆန္ဒပြမှု၏ အမှတ်အသားတစ်ခု အနေဖြင့် အာဏာရ BJP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ကစ်ပ်ဂျန်၊ အယ်လ်အမ် ခေါ့တေးနှင့် အန် ဆားနတေးတို့၏ ပုံတူ အရုပ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ထို့နောက် ကူကီးမျိုးနွယ်စုများ အဓိက နေထိုင်ရာ ဒေသများတွင် ၂၄ နာရီကြာ ပိတ်ဆို့ထားသည့် အမိန့်ကို ဆန္ဒပြ ချီတက်ပွဲ ပြုလုပ်နိုင်ရန်အတွက် ယာယီဖြေလျှော့ပေးခဲ့သည်။
ကူကီး-ဇို လွှတ်တော် ကိုယ်စားလှယ်များသည် မဏိပူရပြည်နယ် အစိုးရအဖွဲ့တွင် ပါဝင်ခြင်းဖြင့် ပြည်သူလူထု၏ မျှော်လင့်ချက်များကို သစ္စာဖောက်ခဲ့ကြောင်း ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့ပြီး ကစ်ပ်ဂျန်ကို ဒုတိယဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့မှုကို ပြင်းထန်စွာ ဝေဖန်ကန့်ကွက်ခဲ့သည်။

ဒုတိယဝန်ကြီးချုပ် မစ္စမ်နမ်ချာ ကစ်ပ်ဂျန်နဲ့ သုံးဦးကို ဆန္ဒပြနေကြစဉ်
အလားတူ ဆန္ဒပြပွဲများကို ကန်ပေါ့ကပီ(Kangpokpi) ခရိုင်ရှိ ဆိုင်ကူးလ်(Saikul)နှင့် တန်နိုပါလ်(Tengnoupal) ခရိုင်ရှိ မိုရေး(Moreh) မြို့တို့တွင်လည်း ပြုလုပ်ခဲ့သည်။
ထိုနေရာများတွင်လည်း ဆန္ဒပြသူများသည် လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ ပုံတူရုပ်များကို မီးရှို့ခဲ့ကြပြီး ဝန်ကြီး ကစ်ပ်ဂျန်အား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။
ချူရာချန်ပူရ်၊ ကန်ပေါ့ကပီနှင့် ဖဲရ်ဇောလ်(Pherzawl)ခရိုင်များရှိ ထိုလွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ နေအိမ် များနှင့် ပတ်ဝန်းကျင်တွင် လုံခြုံရေးကို တိုးမြှင့်ချထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Source: India Today
- By CNI
- Category: နိုင်ငံရေး
- Hits: 376
CNI International News
တီဟီရန်၊ ဖေဖော်ဝါရီ ၉
အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိနေသည့် အမေရိကန်တပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံရပါက ဒေသတွင်းရှိ အမေရိကန်အခြေစိုက် စခန်းများကို ပြန်လည်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီ (Abbas Araqchi) က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထိုကဲ့သို့ တိုက်ခိုက်ခြင်းသည် အမေရိကန်အခြေစိုက် စခန်းများကို လက်ခံထားသော နိုင်ငံများကို တိုက်ခိုက်ခြင်း ဟု မယူဆသင့်ဘဲ အမေရိကန်အခြေစိုက် စခန်းများကိုသာ သီးသန့်တိုက်ခိုက်ခြင်းဟု ယူဆသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်က အိုမန်နိုင်ငံတွင် ပြုလုပ်ခဲ့သော အမေရိကန်-အီရန် ဆွေးနွေးမှုများသည် အပြုသဘော ဆောင်ကြောင်း နှစ်နိုင်ငံစလုံးက ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီကို တွေ့ရစဉ်
နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက် ပြုလုပ်ရန် ကတိပြုခဲ့ကြပြီးနောက် တစ်ရက်အကြာတွင် အာရက်ချီက ကာတာအခြေစိုက် အယ်လ်ဂျာဇီးယား ရုပ်သံကို ပြောကြားခဲ့ခြင်းဖြစ်သည်။
“အမေရိကန်ရဲ့ ကုန်းမြေကို တိုက်ခိုက်ဖို့ကတော့ မဖြစ်နိုင်ပေမယ့် ဒေသတွင်းမှာရှိတဲ့ သူတို့ရဲ့ အခြေစိုက် စခန်း တွေကိုတော့ ကျနော်တို့ ပစ်မှတ်ထားသွားမှာပါ။ ကျနော်တို့ အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်မှာ မဟုတ် ပါဘူး။ အဲဒီနိုင်ငံတွေမှာ တပ်စွဲထားတဲ့ အမေရိကန် အခြေစိုက် စခန်းတွေကိုပဲ ပစ်မှတ်ထားမှာပါ။ ဒီနှစ်ခုကြားမှာ ကြီးမားတဲ့ ကွာခြားချက်ရှိပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ဒေသတွင်း အမေရိကန် ရေတပ်အင်အား တိုးမြှင့်ချထားပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
အီရန်အနေဖြင့် နျူကလီးယားဗုံး ထုတ်လုပ်ရန် လိုအပ်သည့် ယူရေနီယံ သန့်စင်မှုကို စွန့်လွှတ်ရန် ထရမ့်က တောင်းဆိုထားပြီး ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်မှု၊ ဒေသတွင်း လက်နက်ကိုင် အဖွဲ့များကို ထောက်ပံ့နေမှုများ ကိုလည်း ရပ်တန့်ရန် တောင်းဆိုထားသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီကို တွေ့ရစဉ်
အီရန်ကမူ ၎င်းတို့၏ နျူကလီးယား လောင်စာ ထုတ်လုပ်မှုသည် လက်နက် ထုတ်လုပ်ရန် ရည်ရွယ်ချက် မဟုတ် ကြောင်း ငြင်းဆိုထားသည်။
အနောက်နိုင်ငံများနှင့် ဖြစ်ပွားနေသော နျူကလီးယား အငြင်းပွားမှုကို ဖြေရှင်းရန် နှစ်ဖက်စလုံးက သံတမန် နည်းလမ်းဖြင့် ပြန်လည်စတင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သော်လည်း ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေး မည့် အကြောင်းအရာများကို ပိုမိုချဲ့ထွင်ရန် တောင်းဆိုမှုများကိုမူ အာရက်ချီက ငြင်းဆန်ခဲ့သည်။
“ဘယ်လို ဆွေးနွေးမှု မျိုးမှာမဆို ခြိမ်းခြောက်မှုတွေနဲ့ ဖိအားပေးမှုတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ အီရန် အနေနဲ့ နျူကလီးယားကိစ္စ တစ်ခုတည်းကိုပဲ ဆွေးနွေးမှာဖြစ်ပြီး တခြားကိစ္စတွေကို ဆွေးနွေးမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇွန်လတွင် အမေရိကန်သည် အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားခဲ့သည့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း အစ္စရေးဘက်မှာ ပူးပေါင်းပါဝင်ကာ အီရန်၏ နျူကလီးယား စက်ရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 406
CNI International News
တိုင်ပေ၊ ဖေဖော်ဝါရီ ၇
ထိုင်ဝမ်သည် တရုတ်၏ စစ်ရေးဖိအားများကို တန်ပြန်ရန်နှင့် ဒရုန်းဖြင့် တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် အမေရိကန်အခြေစိုက် Kratos Defense ကုမ္ပဏီနှင့် ပူးပေါင်းကာ ဂျက်အင်ဂျင်သုံး Mighty Hornet IV တိုက်ခိုက် ရေး ဒရုန်းကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ အိုကလာဟိုးမားစီးတီး (Oklahoma City) မြို့ရှိ Kratos ၏ စက်ရုံတွင် ပြုလုပ်ခဲ့သော ထိုစမ်းသပ်မှုအတွင်း ထိုင်ဝမ်၏ စစ်ဆင်ရေးပစ္စည်း ကိရိယာများကို ဒရုန်း၌ အောင်မြင်စွာ တပ်ဆင်အသုံးပြု နိုင်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထိုဒရုန်းစမ်းသပ်မှုသည် ထိုင်ဝမ်နှင့် အမေရိကန်ကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန် မြှင့်တင်ရန်အတွက် အဓိကကျသော ခြေလှမ်းတစ်ခု ဖြစ်လာခဲ့သည်။
Kratos နှင့် ထိုင်ဝမ်၏ အမျိုးသား ချောင်ရှန်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (NCSIST) တို့မှ အင်ဂျင်နီယာများ သည် မကြာသေးမီက ပြုလုပ်ခဲ့သော ထိုဒရုန်း စမ်းသပ်မှုကို အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ထိုစမ်းသပ်မှုကို နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု၏ မှတ်တိုင်သစ် တစ်ခုဖြစ်ကြောင်း Kratos က ဖော်ပြခဲ့ သည်။

ထိုင်ဝမ်ထုတ် ဒရုန်းကို တွေ့ရစဉ်
ထိုင်ဝမ်သည် ကုန်ကျစရိတ် သက်သာပြီး အရေအတွက် အများအပြား ထုတ်လုပ်နိုင်ကာ စစ်ပွဲဖြစ်ပွားလာပါက ရန်သူကို ဟန့်တားနိုင်စွမ်းနှင့် တိုက်ခိုက်နိုင်စွမ်းရှိသည့် စစ်ဘက်သုံး စနစ်များကို ရရှိရန် ကြိုးပမ်းနေခြင်းဖြစ် သည်။
Mighty Hornet IV ဒရုန်းကို ကုန်ကျစရိတ် သက်သာပြီး ခရုစ်ဒုံးကျည်ကဲ့သို့ အသုံးပြုနိုင်သော လက်နက်တစ်ခု အဖြစ် တီထွင်နေခြင်းဖြစ်ကြောင်း Kratos ကုမ္ပဏီက ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်မြေတစ်ခုအဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်ကျွန်း အနီးဝန်းကျင်ရှိ ဝေဟင်နှင့် ရေပြင်များတွင် စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို နေ့စဉ်နီးပါး စေလွှတ်လေ့ရှိသည်။
ထိုင်ဝမ်အနီးတွင် လှုပ်ရှားနေသော တရုတ်တိုက်လေယာဉ်များနှင့် ဒရုန်းများ အပါအဝင် တရုတ်စစ်လေယာဉ် အရေအတွက်သည် ၂၀၂၅ ခုနှစ်တွင် ၂၀၂၄ ခုနှစ်ကထက် ၂၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ထိုင်ဝမ်ကာ ကွယ်ရေးဝန်ကြီးက ယခုသီတင်းပတ်၌ ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 343
CNI International News
မတ်စကတ်၊ ဖေဖော်ဝါရီ ၇
အီရန်နိုင်ငံ၏ နျူကလီးယားစီမံကိန်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများကို အဆုံးသတ်နိုင်ရန် အီရန်နှင့် အမေရိကန်သည် အိုမန်နိုင်ငံတွင် ဆွေးနွေးပွဲများကို ဖေဖော်ဝါရီ ၆ ရက်တွင် စတင် ပြုလုပ်နေကြပြီဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
သို့သော် ဆွေးနွေးမည့် အကြောင်းအရာများကို ချဲ့ထွင်လိုသည့် အငြင်းပွားမှုကြောင့် သံတမန်ရေးရာ ကြိုးပမ်း မှုများ ပျက်ပြားသွားနိုင်ပြီး အရှေ့အလယ်ပိုင်းတွင် နောက်ထပ် ပဋိပက္ခတစ်ခု ဖြစ်ပွားလာမည့် အန္တရာယ်ရှိ နေသည်။
နှစ်ဖက်စလုံးက နျူကလီးယား အငြင်းပွားမှုနှင့် ပတ်သက်၍ သံတမန်ရေးရာ နည်းလမ်းဖြင့် ဖြေရှင်းရန် အရိပ် အယောင် ပြခဲ့ကြသော်လည်း အမေရိကန်က ထိုဆွေးနွေးပွဲများတွင် အီရန်၏ ပဲ့ထိန်းဒုံးကျည်များ၊ ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့မှုနှင့် အီရန်ပြည်သူများအပေါ် ဆက်ဆံမှု စသည့် အကြောင်းအရာများကိုပါ ထည့်သွင်း ဆွေးနွေးလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
အိုမန်နိုင်ငံ မတ်စကတ် (Muscat) မြို့တော်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီ (Abbas Araqchi) နှင့် အမေရိကန်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့သည် နျူကလီးယားကိစ္စ တစ်ခုတည်းကိုသာ ဆွေးနွေးရန် အီရန်ဘက်က အလိုရှိနေသည်။
ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ကြားဝင်စေ့စပ်ပေးခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ သားမက်ဖြစ်သူ ဂျာရက် ကုရှ်နာ (Jared Kushner) သည်လည်း ဆွေးနွေးပွဲများ၌ ပါဝင် တက်ရောက်မည်ဖြစ်သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အိုမန်အစိုးရအကြီးအကဲကိုတွေ့ရစဉ်
“အီရန်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းက ဖြစ်ရပ်တွေကို သတိတရ ရှိနေပြီး ပွင့်လင်းမြင်သာတဲ့ အမြင်တွေနဲ့ သံတမန် ရေးရာကို စတင်လိုက်ပါတယ်။ ကျနော်တို့ဟာ စိတ်ရင်းမှန်နဲ့ ပါဝင်ဆောင်ရွက်နေသလို ကျနော်တို့ရဲ့ ရပိုင်ခွင့်တွေ အတွက်လည်း ခိုင်ခိုင်မာမာ ရပ်တည်သွားမှာပါ။ ကတိကဝတ် တွေကိုတော့ လေးစားလိုက်နာဖို့ လိုအပ်ပါတယ်” ဟု အာရက်ချီက ဖေဖော်ဝါရီ ၆ ရက်တွင် X လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
အီရန်နိုင်ငံအနီးတွင် အမေရိကန်ရေတပ်က စစ်အင်အား တိုးမြှင့်ထားပြီးနောက် သမ္မတထရမ့် အနေဖြင့် အီရန်ကို တိုက်ခိုက်မည်ဆိုသည့် ၎င်း၏ ခြိမ်းခြောက်မှုများကို အကောင်အထည် ဖော်လာနိုင်ခြေ ရှိသည့်အပေါ် အီရန် ခေါင်းဆောင်များက အလွန် စိုးရိမ်နေကြသည်။
“ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေချိန် အတွင်းမှာပဲ ကမ္ဘာ့သမိုင်းမှာ အင်အားအကြီးဆုံး စစ်တပ်ရဲ့ စစ်သေနာပတိ ချုပ်ဖြစ်တဲ့ သမ္မတကြီးထရမ့်ရဲ့ လက်ထဲမှာ သံတမန်ရေးရာ နည်းလမ်းအပြင် တခြားရွေးချယ်စရာ နည်းလမ်းများ စွာလည်း ရှိနေသေးတယ်ဆိုတာကို အီရန်အစိုးရကို သတိပေးလိုပါတယ်”ဟု အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကာရိုလိုင်း လက်ဗစ် (Karoline Leavitt) က ဖေဖော်ဝါရီ ၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်၏ ခြိမ်းခြောက်မှုကို ဖီဆန်ကြောင်း ပြသသည့် အနေဖြင့် အီရန်နိုင်ငံပိုင် ရုပ်သံက ဆွေးနွေးပွဲများ မစတင်မီ နာရီပိုင်းအလိုတွင် အီရန်၏ အဆင့်မြင့်ဆုံး အဝေးပစ် ပဲ့ထိန်းဒုံးကျည်များထဲမှ တစ်ခုဖြစ်သော Khorramshahr-4 ဒုံးကျည်များကို တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ မြေအောက် ဒုံးကျည်စခန်းတစ်ခု၌ ဖြန့်ကြက်ချထားကြောင်း ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 282
CNI International News
ဝယ်လင်တန်၊ ဖေဖော်ဝါရီ ၇
နယူးဇီလန် ဒုတိယဝန်ကြီးချုပ် ဒေးဗစ် ဆေးမိုး (David Seymour) က ကိုလိုနီပြုခြင်းသည် နိုင်ငံ၏ ဌာနေ တိုင်းရင်းသားများဖြစ်သည့် မော်ရီ (Maori) လူမျိုးများအတွက် ကောင်းကျိုးများရှိခဲ့သည်ဟု ပြောကြားခဲ့သဖြင့် ဝေဖန်ခံနေရကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
သို့သော် ဆေးမိုးကမူ ၎င်း၏ မှတ်ချက်စကားနှင့် ပတ်သက်ပြီး ဝေဖန် ကန့်ကွက်မှုများကို ပယ်ချခဲ့သည်။
၁၈၄၀ ပြည့်နှစ်တွင် ဗြိတိသျှဘုရင်ခံ၏ ကိုယ်စားလှယ်များနှင့် မော်ဝါရီဌာနေ အကြီးအကဲ ၅၀၀ ကျော်တို့က နိုင်ငံကို အုပ်ချုပ်မည့် သတ်မှတ်ချက်များ ထည့်သွင်းချုပ်ဆိုခဲ့သည့် ဝိုင်တန်ဂီစာချုပ် (Waitangi Treaty) ချုပ်ဆိုခဲ့သော နေရာတွင် ဖေဖော်ဝါရီ ၆ ရက် အရုဏ်တက်ချိန်က ဝတ်ပြုဆုတောင်းပွဲ ကျင်းပခဲ့သည်။
ထိုဆုတောင်းပွဲတွင် ဆေးမိုးလ်သည် ဆုတောင်းစကား ပြောကြားရန် ထရပ်လိုက်စဉ်မှာပင် လူပေါင်းများစွာက ၎င်းအား လှောင်ပြောင်အော်ဟစ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
ဆေးမိုးလ်သည် ဖေဖော်ဝါရီ ၅ ရက်က ကျင်းပသည့် ဝိုင်တန်ဂီနေ့ (Waitangi Day) အထိမ်းအမှတ် မိန့်ခွန်းအတွင်း ကိုလိုနီပြုခြင်းသည် ဌာနေတိုင်းရင်းသားများအတွက် ယေဘုယျအားဖြင့် အပြုသဘောဆောင်သော အတွေ့အကြုံ ဖြစ်ခဲ့သည်ဟု အငြင်းပွားဖွယ် မှတ်ချက်များကို ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နယူးဇီလန် ဒုတိယဝန်ကြီးချုပ် ဒေးဗစ် ဆေးမိုးကို တွေ့ရစဉ်
ဝိုင်တန်ဂီနေ့သည် ဌာနေမျိုးနွယ်စုများက ၎င်းတို့၏ နစ်နာချက်များကို တင်ပြခွင့်ရသည့် နှစ်စဉ် ကျင်းပလေ့ရှိသော နိုင်ငံရေး လူစုလူဝေးပွဲတစ်ခု ဖြစ်သည်။
လက်ယာယိမ်း ACT ပါတီ၏ ခေါင်းဆောင်ဖြစ်ပြီး မော်ဝါရီ လူမျိုးစုဝင် တစ်ဦးလည်းဖြစ်သူ ဆေးမိုးလ်က “ကိုလိုနီ ပြုတာနဲ့ ကျနော်တို့နိုင်ငံမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ဆိုးရွားခဲ့တယ်ဆိုတဲ့ အမြင်ကျဉ်းမြောင်းတဲ့ ပြောဆို သံတွေအပေါ် ကျနော် အမြဲတမ်း အံ့ဩမိပါတယ်။ အမှန်တရားကတော့ အရာရာတိုင်းဟာ အလုံးစုံ ဆိုးရွားနေတာ မျိုးက အလွန်ရှားပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၆ ရက် ဆုတောင်းပွဲတွင် ၎င်းအား အော်ဟစ် ကန့်ကွက်သူများကို အမှောင်ထဲ၌ အော်ဟစ် နေသည့် လူပြိန်းတစ်စုဟု သုံးနှုန်းပြောဆိုခဲ့ပြီး “ဒီနိုင်ငံတစ်ဝန်းမှာရှိတဲ့ တိတ်ဆိတ်စွာ နေထိုင်ကြတဲ့ လူအများစု ဟာ အခုလို ဟန်ဆောင် လုပ်ရပ်မျိုးတွေကို စိတ်ကုန်နေကြပြီ” ဟု ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်တွင် ဆေးမိုးလ်၏ ဝတ်ပြုဆုတောင်းစကား အပြီး၌ လက်ဝဲယိမ်း လေဘာပါတီခေါင်းဆောင် ခရစ် ဟစ်ကင်စ် (Chris Hipkins) သည်လည်း ဆုတောင်းပွဲ တက်ရောက်လာသူများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။
Source: အယ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 359
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇
အမေရိကန်စစ်တပ်သည် ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းတွင် တရားမဝင် မူးယစ်ဆေးဝါးများ တင်ဆောင်လာသည်ဟု သံသယရှိသော သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့သဖြင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၅ ရက်၌ DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထိုသင်္ဘောသည် ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းရှိ လူသိများသော မူးယစ်ဆေးဝါး မှောင်ခို လမ်းကြောင်းများအတိုင်း မောင်းနှင်နေပြီး မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ထောက်လှမ်းရေး သတင်းများ အရ အတည်ပြုနိုင်ခဲ့သည်ဟု အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထိုစစ်ဆင်ရေးအတွင်း အမေရိကန်စစ်တပ်မှ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်းလည်း အမေရိကန်တောင်ပိုင်း စစ်ဌာနချုပ် ဖော်ပြထားသည်။
သို့သော် ထိုထုတ်ပြန်ချက်တွင် သံသယဖြစ်ဖွယ် သင်္ဘောသည် တိုက်ခိုက် ဖျက်ဆီးမခံရမီ သင်္ဘောပေါ်၌ မူးယစ် ဆေးဝါးများ အမှန်တကယ် တင်ဆောင်လာခဲ့ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ မည်သည့် သက်သေ အထောက်အထား ကိုမျှ ဖော်ပြထားခြင်း မရှိပေ။
ယခု တိုက်ခိုက်မှုသည် ဇန်နဝါရီလ ၃ ရက်က အမေရိကန်က ဗင်နီဇွဲလားခေါင်းဆောင် နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုဖြစ်သည်။

အမေရိကန်စစ်သင်္ဘောကို တွေ့ရစဉ်
မာဒူရိုကို မူးယစ်ဆေးဝါး အကြမ်းဖက်မှု ပူးပေါင်းကြံစည်မှုနှင့် ကိုကင်းတင်သွင်းရန် ပူးပေါင်းကြံစည်မှု အပါအဝင် စွဲချက်များဖြင့် အမေရိကန်သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အစောပိုင်းကတည်းက သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ အစိုးရအဖွဲ့ သည် ကာရေဘီယံပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းတို့ရှိ မှောင်ခို သင်္ဘောများဟု ယူဆရသည့် သင်္ဘော များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရှိသည်။
တရားဝင် ကိန်းဂဏန်းများအရ ဖေဖော်ဝါရီ ၅ ရက်က တိုက်ခိုက်မှု အပါအဝင် ထိုစစ်ဆင်ရေးများကြောင့် သေဆုံး သူ အရေအတွက်မှာ ၁၂၈ ဦးအထိ ရှိလာပြီဖြစ်သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) က Operation Southern Spear ဟု တရားဝင် အမည်ပေးထားသော စစ်ဆင်ရေးသည် အနောက်ကမ္ဘာခြမ်းမှ မူးယစ် အကြမ်းဖက် သမားများကို အမြစ်ပြတ် ချေမှုန်းရန်နှင့် ပြည်သူများကို သေကျေ ပျက်စီးစေနေသည့် မူးယစ်ဆေးဝါးများ၏ ရန်မှ ကာကွယ်ရန် ရည်ရွယ် ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 299
CNI International News
ဘေဂျင်း၊ ဖေဖော်ဝါရီ ၆
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် ဗွီဒီယို ဆက်သွယ်မှုမှတဆင့် ဆွေးနွေးပြီးနောက် နာရီပိုင်းအကြာ ဖေဖော်ဝါရီ ၄ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)နှင့် ဖုန်းဖြင့် ဆက်သွယ် စကားပြောခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်အရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးဆုံး ကိစ္စတစ်ခုဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်း သည် တရုတ်ပိုင်နက်ဖြစ်ကြောင်းနှင့် ထိုင်ဝမ် ခွဲထွက်ခွင့်ကို မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်ကြောင်း ရှီက ထရမ့်ကို ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အနေဖြင့် အမျိုးသား အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့ပြီး ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုများကို အလွန် သတိထား ဆောင်ရွက်ရန် အမေရိကန်ကို တိုက်တွန်းခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ရှုမြင်ထားပြီး လိုအပ်ပါက အင်အားသုံးပြီး ထိန်းချုပ်သွား မည်ဟု ပြောကြားထားသည်။
အမေရိကန် အပါအဝင် နိုင်ငံအများစုသည် ထိုင်ဝမ်ကို သီးခြားလွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် အသိအမှတ် မပြုသော်လည်း အမေရိကန်သည် ထိုင်ဝမ်ကျွန်းကို အင်အားသုံး သိမ်းယူမည့် မည်သည့် ကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ကြောင်း ပြောကြားထားပြီး ထိုင်ဝမ်ကို လက်နက်များ ထောက်ပံ့ပေးမည်ဟု ကတိပြုထားသည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးကို တွေ့ရစဉ်
အမေရိကန်သမ္မတ ထရမ့်ကမူ ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ်၏ စိုးရိမ်ပူပန်မှုများကို အလေးထား ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေရန်အတွက် တရုတ်အစိုးရနှင့် ဆက်သွယ်ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။
တရုတ်၏ ထုတ်ပြန်ချက်တွင် ထိုင်ဝမ်အရေးကို အဓိကထား ဖော်ပြခဲ့သော်လည်း ထရမ့်၏ လူမှုမီဒီယာတွင်မူ ၎င်းနှင့် ရှီတို့သည် ကာလကြာရှည် ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း စစ်ပွဲ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း ရေးသားခဲ့သည်။
ရှီနှင့် ပူတင်တို့၏ ဗွီဒီယို ဆက်သွယ်မှုမှတဆင့် ဆွေးနွေးမှုတွင်မူ ကမ္ဘာ့အခြေအနေ မတည်မငြိမ် ဖြစ်နေချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ချီးကျူးခဲ့ကြသည်ဟု ရုရှားနိုင်ငံက ထုတ်ပြန်ခဲ့သည်။
ရှီနှင့် ပူတင်တို့၏ ဆွေးနွေးမှုသည် ရင်းနှီးပွင့်လင်းပြီး ယုံကြည်မှုရှိသော ဆွေးနွေးမှုဖြစ်ကာ ၁ နာရီခွဲနီးပါး ကြာမြင့် ခဲ့ကြောင်း ကရင်မလင်နန်းတော် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 368
CNI International News
ကရာချီ၊ ဖေဖော်ဝါရီ ၆
ပါကစ္စတန်နိုင်ငံ၊ ဘာလူချီစတန် (Balochistan) တွင် သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအပြီးမှာ စစ်သွေးကြွ ၂၁၆ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဖေဖော်ဝါရီ ၅ ရက်၌ ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပါကစ္စတန်၏ အကြီးဆုံးနှင့် အဆင်းရဲဆုံးဖြစ်သည့် ဘာလိုချီစတန်ပြည်နယ်တွင် ဘာလို့ချ် လွတ်မြောက်ရေး တပ်မတော် (BLA) က ဇန်နဝါရီ ၃၁ ရက်မှ စတင်ပြီး စာသင်ကျောင်းများ၊ ဘဏ်များ၊ ဈေးများနှင့် လုံခြုံရေး အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီးနောက် ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးများ ရပ်တန့်သွားခဲ့သည်။
ထိုတိုက်ခိုက်မှုများသည် BLA ၏ အကြီးမားဆုံး ထိုးစစ်တစ်ခုဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂၂ ဦးနှင့် အရပ်သား ၃၆ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။
ပါကစ္စတန်စစ်တပ်သည် ဇန်နဝါရီ ၂၉ ရက်မှစပြီး Radd Al-Fitna 1 အမည်ရှိ စစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီးနောက် BLA က ပြည်နယ်အတွင်းရှိ နေရာဒေသ အနှံ့အပြားတွင် ညှိနှိုင်းချိတ်ဆက်မှုရှိသည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်စစ်တပ် စစ်ဆင်ရေးအတွင်း ပျက်စီးမှုကိုတွေ့ရစဉ်
“Operation Radd-ul-Fitna-1 စစ်ဆင်ရေးအောက်မှာ တိကျတဲ့ အစီအစဉ်၊ ခိုင်လုံတဲ့ ထောက်လှမ်းရေးသတင်းနဲ့ ပါကစ္စတန်လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေဟာ ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ အတူ ပူးတွဲဆောင်ရွက်မှုတွေကတဆင့် တိကျစွာ တုန့်ပြန်ဖြေရှင်းနိုင်ခဲ့ပါတယ်”ဟု ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဘာလိုချီစတန်ပြည်နယ်တွင် စစ်တပ်၏ စစ်ဆင်ရေး ကာလအတွင်း စစ်သွေးကြွ ၂၁၆ ဦး သေဆုံးခဲ့သည် ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
သောင်းကျန်းသူများသည် နေရာဒေသအနှံ့ရှိ အစိုးရ အဆောက်အအုံများနှင့် ရဲစခန်းများကို သိမ်းပိုက်ခဲ့ကြပြီး သဲကန္တာရမြို့ဖြစ်သော နုရှ်ကီ (Nushki) မြို့ကို သုံးရက်ကြာ ထိန်းချုပ်ထားနိုင်ခဲ့ပြီးမှ ပြန်လည်မောင်းထုတ်ခြင်း ခံခဲ့ရသည်ဟု လုံခြုံရေးအရာရှိများနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
နုရှ်ကီမြို့ကို သောင်းကျန်းသူများက ဝိုင်းရံပိတ်ဆို့ထားမှုကို အဆုံးသတ်ရန်အတွက် ထိုမြို့သို့ ရဟတ်ယာဉ်များနှင့် ဒရုန်းများ စေလွှတ်ခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
သယံဇာတ ကြွယ်ဝသော ဘာလိုချီစတန် ပြည်နယ်သည် အီရန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တရုတ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော ဂွါဒါ (Gwadar) ရေနက်ဆိပ်ကမ်းနှင့် အခြားစီမံကိန်းများ တည်ရှိရာ ဒေသလည်း ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 397
CNI International News
ကာရာကက်စ်၊ ဖေဖော်ဝါရီ ၆
ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရို( Nicolas Maduro)၏ လူယုံဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်ဟောင်း ဗင်နီဇွဲလားအရာရှိ အဲလက်စ်ဆက်ဘ် (Alex Saab) သည် ဖေဖော်ဝါရီ ၄ ရက်တွင် ဗင်နီဇွဲလားနိုင်ငံ၌ ဖမ်းဆီးခံ ခဲ့ရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်တွင် တစ်ကြိမ် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရဖူးသည့် ဆက်ဘ်ကို ယခုတစ်ကြိမ် ဖမ်းဆီးမှုသည် အမေရိကန် နှင့် ဗင်နီဇွဲလား အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အမေရိကန် တရားဥပဒေ စိုးမိုးရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ကိုလံဘီယာနိုင်ငံဖွား ဆက်ဘ်သည် ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရို၏ အရင်းနှီးဆုံး မဟာမိတ်တစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က ကိပ်ဗာဒီ (Cape Verde) ကျွန်းစုတွင် ဖမ်းဆီးခံခဲ့ရကာ လာဘ်ပေးလာဘ်ယူမှု စွဲချက်များဖြင့် အမေရိကန်၌ သုံးနှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။
ထို့နောက် ဆက်ဘ်ကို ဗင်နီဇွဲလားတွင် ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသားများနှင့် လဲလှယ်သည့် အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ယခုထွက်ပေါ်နေသည့် ဆက်ဘ်အား ဖမ်းဆီးမှု သတင်းသည် သတင်းအမှားသာဖြစ်ကြောင်း ၎င်း၏ရှေ့နေဖြစ်သူ လူဝီဂျီ ဂျူလီယာနို (Luigi Giuliano) ၏ ပြောကြားချက်ကို ကိုးကား၍ ကိုလံဘီယာသတင်းစာ El Espectador က ဖေဖော်ဝါရီ ၄ ရက်နှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။

ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရိုနဲ့ ဆက်ဘ်ကို တွေ့ရစဉ်
ဗင်နီဇွဲလားအစိုးရ လိုလားသည့် သတင်းထောက်များကလည်း ဆက်ဘ် ဖမ်းဆီးခံရသည် ဆိုခြင်းမှာ မဟုတ်မှန် ကြောင်း လူမှုမီဒီယာများတွင် တုန့်ပြန်ခဲ့ကြသည်။
ဆက်ဘ် အနေဖြင့် ထိုသတင်းမှာ မဟုတ်မမှန်ကြောင်း ကိုယ်တိုင် အတည်ပြုရန်အတွက် လူမြင်ကွင်းတွင် ထွက်ပြ နိုင်သော်လည်း လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ အစိုးရနှင့် တိုင်ပင် ဆွေးနွေးနေကြောင်း ဂျူလီယာနိုက ပြောကြားခဲ့သည်။
ဗင်နီဇွဲလား၏ ထိပ်သီးဥပဒေပြုအမတ် ဂျော့ချ် ရိုဒရီဂွက်ဇ် (Jorge Rodriguez) ကမူ ဖေဖော်ဝါရီ ၄ ရက် ညနေ ပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ထိုသတင်းကို ငြင်းဆိုခြင်း သို့မဟုတ် အတည်ပြုခြင်းမျိုး မပြုလုပ်ခဲ့ပေ။
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) ကမူ ထိုဖြစ်စဉ်သည် ၎င်း၏ တာဝန်နှင့် မသက်ဆိုင်ကြောင်း၊ ဖမ်းဆီးမှု ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး မည်သည့် သတင်းအချက်အလက်မျှ မရှိကြောင်း ပြောကြားခဲ့သည်။
အသက် ၅၄ နှစ် အရွယ်ရှိ ဆက်ဘ်အား လာမည့် ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးအပ်သွား မည်ဟု မျှော်လင့်ရကြောင်း အမေရိကန်အရာရှိက ပြောကြားခဲ့သည်။
Source: ရိုက်တာ
