- By CNI
- Category: နိုင်ငံရေး
- Hits: 372
CNI International News
၀ါရှင်တန်၊ ဇူလိုင် ၁၆
အမေရိကန်က ယူကရိန်းကို တာဝေးပစ် လက်နက်များ ထောက်ပံ့ပေးမည်ဆိုပါက ရုရှား၏ မော်စကိုမြို့တော်ကို ထိမှန်အောင် တိုက်ခိုက်နိုင်စွမ်း ရှိ/မရှိ ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကို ထရမ့်က မေးမြန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် ဖုန်းပြောခဲ့ပြီးနောက် တစ်ရက်အကြာဖြစ်သည့် ဇူလိုင် ၄ ရက်တွင် ဇာလန်းစကီးကို ဖုန်းခေါ်ဆိုခဲ့ချိန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဇာလန်းစကီးကလည်း အမေရိကန်က ဒုံးကျည်များ ထောက်ပံ့ပေးပါက မော်စကိုမြို့အား တိုက်ခိုက် နိုင် ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
ထို့ပြင် ထရမ့်က အမေရိကန်လုပ် ATACMS ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရေးကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ရုရှား၏ နယ်နိမိတ် အတွင်းပိုင်းကို တိုက်ခိုက်မှုများအား အရှိန်မြှင့်တင်ရန် ယူကရိန်းကို အားပေးလှုံ့ဆော်ခဲ့သည်။
ပူတင်သည် ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်တန့်ချင်စိတ် မရှိကြောင်းနှင့် ပူတင်ကို စိတ်ပျက်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 492
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၆
ကုန်သွယ်ခွန် သဘောတူညီမှု ရရှိရေးအတွက် ထိုင်းနိုင်ငံ၊ ဖန်ငါ (Phang-Nga) ပြည်နယ်ရှိ သက်လာမူ (Thap Lamu) ရေတပ်စခန်းကို အသုံးပြုခွင့်ပေးရန် အမေရိကန်က အဆိုပြုခဲ့သည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး ထိုင်းဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ဇူလိုင် ၁၅ ရက်တွင် ငြင်းဆိုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
လက်ရှိ ထွက်ပေါ်နေသည့် ကောလာဟလများနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း၊ သူသည် ထိုအကြောင်းအရာ များနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများတွင် ပါဝင်ခြင်းမရှိကြောင်း ဖွမ်သမ်က အစိုးရအိမ်တော်၌ ပြောကြားခဲ့သည်။
ဖွမ်သမ်သည် ပြည်ထဲရေးဝန်ကြီးဌာနတွင် မီဒီယာများ၏ မေးမြန်းမှုကို ခံရချိန်တွင်လည်း သူသည် အမေရိကန်၏ အဆိုပြုချက်နှင့်ပတ်သက်ပြီး မသိကြောင်း၊ မည်သည့် ဆွေးနွေးမှုမှ မလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

ထိုင်းရေတပ်စခန်းကိုတွေ့ရစဉ်
သက်လာမူ ရေတပ်စခန်းကို ထိုင်းတော်ဝင်ရေတပ်က ပိုင်ဆိုင်ကြောင်း ထိုရေတပ်စခန်း၏ တည်နေရာသည် ထိုင်းပင်လယ်ကွေ့တွင် မဟာဗျူဟာကျသည့် နေရာ၌ တည်ရှိနေသဖြင့် အမေရိကန်က အဆိုပါ ရေတပ်စခန်းကို အသုံးပြုခွင့်ရရန် စိတ်ဝင်စားနေသော်လည်း တရားဝင် ဆွေးနွေးမှုများ မရှိသေးကြောင်း ဖွမ်သမ်က ပြောကြားခဲ့ သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို သုံးသပ်ရန် လိုအပ် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်းတော်ဝင်ရေတပ်သည် ထိုရေတပ်စခန်းနှင့် ပတ်သက်သည့် အစီအစဉ်များ ရှိနိုင်ကြောင်း၊ သူသည် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ခြင်း မရှိကြောင်း၊ ကောလာဟလများကို ငြင်းပယ်ကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သတင်းများ ဖော်ပြရာတွင် ဂရုစိုက်သင့်ကြောင်း၊ သတင်းအမှားများသည် ထိုင်းနိုင်ငံ၏ နိုင်ငံတကာရေးရာ ဆက်ဆံရေးများကို ထိခိုက်စေနိုင်ကြောင်း ၎င်းက သတိပေးခဲ့သင်္ည။

ဒုကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နက်တာပိုလ် နက်ပါနစ်ကို တွေ့ရစဉ်
“ဒါက နိုင်ငံတော်အဆင့် အရေးကြီးကိစ္စ ဖြစ်ပါတယ်။ မီဒီယာတွေက ကောလာဟလတွေကို ဆက်ပြီး ဖော်ပြ နေမယ်ဆိုရင် ကျနော်လည်း အင်တာဗျူးတွေ လုပ်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး။ ကျနော်က အမြဲတမ်း သတင်း တွေ ထုတ်ပြန်ချင်ပါတယ်။ ဒါပေမယ့် မီဒီယာတွေ အနေနဲ့ သတင်းအမှားတွေကို မဖြန့်ဘဲ တာဝန်ယူမှုရှိစွာ သတင်း ထုတ်ပြန်ပေးဖို့ ကျနော် တိုက်တွန်းပါတယ်”ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။
ဒုကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နက်တာပိုလ် နက်ပါနစ် (Nattapol Nakpanit) ကလည်း အမေရိကန်သည် ကုန်သွယ်ခွန် သဘောတူညီချက် ရရှိရေးအတွက် ထိုင်း၏ ရေတပ်စခန်းတစ်ခုကို အသုံးပြုခွင့်ပေးရန် တောင်းဆို ခဲ့သည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 336
CNI International News
ဒမတ်စကတ်၊ ဇူလိုင် ၁၆
ပြည်တွင်းစစ်အလွန် ကျိုးပျက်လွယ်သည့် ဆီးရီးယားနိုင်ငံ၌ လူမျိုးစုပဋိပက္ခများ မြင့်တက်လာမည့်အရေးကို စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံတွင် ဘီဒိုအင် (Bedouin) လူမျိုးစု၊ အစိုးရတပ်ဖွဲ့များနှင့် ဒရုဇ် (Druze) လူမျိုးစုဝင်များကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ဒါဇင်ချီ သေဆုံးခဲ့ပြီးနောက် ထိုသို့ စိုးရိမ်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။
ဆီးရီးယားတွင် ဆယ်စုနှစ်များစွာကြာ အာဏာရှင် လက်အောက်၌ နေခဲ့ရပြီး ၁၄ နှစ်နီးပါးကြား ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေချိန်မှာ နိုင်ငံအတွင်း သဘောထားများ နက်ရှိုင်းစွာ ကွဲလွဲနေသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဆီးရီးယားသမ္မတ ဘာရှာအာဆတ် (Bashar Assad) အစိုးရအဖွဲ့ ပြုတ်ကျ သွားခဲ့ပြီးနောက် အစိုးရသစ္စာခံ တပ်ဖွဲ့များနှင့် ဒရုဇ်လူမျိုးစု လက်နက်ကိုင်များကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ဘီဒိုအင်လူမျိုးစု လက်နက်ကိုင်တွေကိုတွေ့ရစဉ်
ဒရုဇ်လူမျိုးစုသည် ၁၀ ရာစုနှစ်က ရှီးယိုက်အစ္စလာမ်မှ ခွဲထွက်လာသည့် အစ္စလာမ်ဘာသာဝင်များဖြစ်ပြီး လူနည်းစုဖြစ်သည်။
ကမ္ဘာပေါ်တွင် ဒရုဇ်လူမျိုးစု ၁ သန်းခန့် ရှိသည့်အနက် ထက်ဝက်ကျော်သည် ဆီးရီးယား၌ နေထိုင်လျက်ရှိပြီး အခြား ဒရုဇ်လူမျိုးများသည် လက်ဘနွန်နှင့် အစ္စရေးနိုင်ငံများမှာ နေထိုင်ကြသည်။
ဘီဒူအင် လူမျိုးစုများသည် တိရိစ္ဆာန်အုပ်များဖြင့် ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာလေ့ရှိသည့် လူမျိုးစုဖြစ်ပြီး ဒရုဇ်လူမျိုးစုများနှင့် နှစ်ပေါင်းများစွာကြာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဘီဒူအင် လူမျိုးစုဝင်များသည် Sweida(ဆွစ်ဒါ)ပြည်နယ်တွင် စစ်ဆေးရေးဂိတ် တစ်ခု တည်ဆောက်ပြီး ဒရုဇ်လူမျိုးစုဝင် အမျိုးသားတစ်ဦးကို တိုက်ခိုက်ခဲ့ပြီးနောက် လူမျိုးစုပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆီးရီးယားအစိုးရက အခြေအနေကို ထိန်းသိမ်းရန် ပဋိပက္ခများ ဖြစ်ပွားနေသည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့များ စေလွှတ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့များသည် ဘီဒူအင်လူမျိုးစုများဘက်မှ ရပ်တည်က ဒရုဇ်လူမျိုးစုများကို တိုက်ခိုက်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး လက်ရှိအချိန်အထိ အခြေအနေ တင်းမာနေဆဲဖြစ်သည်။
ဆီးရီးယား ကြားဖြတ်အစိုးရသည် ဒရုဇ်လူမျိုးစု အပါအဝင် လူနည်းစုများကို အစိုးရအဖွဲ့ထဲ ထည့်သွင်းမည်ဟု ကြေညာခဲ့သော်လည်း အဖွဲ့ဝင် ၂၃ ဦးပါသည့် အစိုးရအဖွဲ့ထဲတွင် ဒရုဇ်လူမျိုးစုဝင် တစ်ဦးသာ ပါဝင်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 232
CNI International News
ပြုံယမ်း၊ ဇူလိုင် ၁၅
ဇူလိုင် ၁၂ ရက်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) ၏ မြောက်ကိုရီးယား ခရီးစဉ်သည် မြောက်ကိုရီးယားထံမှ စစ်ကူအင်အားကို အရေးတကြီး လိုအပ်နေသည့် လက္ခဏာကို ပြသရာ ရောက်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုခရီးစဉ်သည် ၂၀၀၉ ခုနှစ်နောက်ပိုင်း လာဗရော့ဗ်၏ ပထမဆုံး မြောက်ကိုရီးယား ခရီးစဉ်ဖြစ်ပြီး ရုရှားသည် မြောက်ကိုရီးယားထံမှ စစ်သားများ၊ အင်ဂျင်နီယာများအပေါ် ပိုမိုမှီခိုလာရကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong-un) ၏ အစိုးရအဖွဲ့ကလည်း ယူကရိန်းနှင့် စစ်ပွဲဆင်နွှဲ နေသည့် ရုရှားကို ကူညီအားဖြည့်ပေးရန် နောက်ထပ် စစ်သားများ စေလွှတ်ပေးဖွယ်ရှိသည်ဟု ဆိုသည်။
“ရုရှားက ယူကရိန်းရဲ့ ခါဆွန် (Kherson) ဒေသကို သိမ်းယူဖို့ ဒီနီပါမြစ် (Dnieper River) ကို ဖြတ်သန်းမယ့် စစ်ဆင်ရေးမှာ မြောက်ကိုရီးယားရဲ့ စစ်အင်ဂျင်နီယာတွေအပေါ် မှီခိုရဖွယ်ရှိနေပါတယ်” ဟု ကိုရီးယား အမျိုးသားလုံခြုံရေး သုတေသနအင်စတီကျုမှ ဝါရင့်သုတေသီ ဒူးဂျင်ဟို (Doo Jin-ho) က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်နဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင်လည်း လာဗရော့ဗ်က စစ်ပွဲအတွင်း မြောက်ကိုရီးယား စစ်တပ်၏ ထပ်မံပါဝင်ပတ်သက်မှုကို ရုရှားက ကြိုဆိုသွားမည်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယား အနေဖြင့် စစ်သားများ စေလွှတ်ပေးပို့ပြီး ကူညီမည်ဆိုလျှင် ရုရှားအနေဖြင့် မြောက်ကိုရီးယား၏ စည်းလုံးညီညွတ်ကြောင်း ပြသသည့် ထိုကူညီမှုကို ငြင်းပယ်သွားမည် မဟုတ်ကြောင်း လာဗရော့ဗ်က ပြောသည်။
ရုရှားနှင့်မြောက်ကိုရီးယားကြား ပြီးခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် မဟာဗျူဟာမြောက် ကာကွယ်ရေး စာချုပ်အရ မြောက်ကိုရီးယားသည် ရုရှားကို မည်သည့်ပုံစံမျိုးဖြင့် ကူညီပေးမည်ဆိုခြင်းကို ဆုံးဖြတ်လိမ့်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆာင် ကင်မ်ကလည်း လာဗရော့ဗ်နှင့် တွေ့ဆုံချိန်တွင် မြောက်ကိုရီးယားသည် ရုရှား၏ စစ်ပွဲကို အပြည့်အဝ ကူညီထောက်ပံ့ပေးသွားမည်ဟု ကတိပြုခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 347
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၁၅
အမေရိကန်သည် ယူကရိန်းကို Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်များ ပေးပို့သွားမည်ဖြစ်ပြီး ကုန်ကျ စရိတ်ကို နေတိုးမှ ကျခံပေးရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် ရုရှားသမ္မတ ပူတင် (Vladimir Putin) ကိုလည်း စိတ်ပျက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းကို လက်နက်များ ပေးပို့ရေးနှင့်ပတ်သက်ပြီး နေတိုးအဖွဲ့နှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း ထရမ့်က ဇူလိုင် ၁၀ ရက်တွင် ပြောကြားခဲ့ပြီး နေတိုးအဖွဲ့သည် ထိုလက်နက်များအတွက် ကုန်ကျစရိတ်ကို ကျခံရမည် ဖြစ်သည်။
ယူကရိန်းကို Patriot စနစ်များ သို့မဟုတ် ဒုံးကျည်များ မည်မျှပေးသွားမည် ဆိုခြင်းကိုမူ ထရမ့်က မပြောခဲ့ သော်လည်း အမေရိကန်သည် ထိုဒုံးကျည်များ ထောက်ပံ့မှုအတွက် ကုန်ကျစရိတ်ကို ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ဒုံးကျည်တွေ ဘယ်လောက် ပေးရမလဲဆိုတာ ကျနော် သဘောမတူရသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ ကာကွယ်ရေးအတွက် လိုအပ်နေတာကြောင့် ဒုံးကျည်အချို့ကို ပေးသွားမှာပါ။ ဒါပေမယ့် အဲဒီဒုံးကျည်တွေရဲ့ ကုန်ကျစရိတ်တွေကိုတော့ ဥရောပသမဂ္ဂက ပေးချေရပါလိမ့်မယ်။ ကျနော်တို့ဘက်က ငွေကြေးပေးချေမှာ မဟုတ်ပါဘူး။ ဒုံးကျည်တွေကိုတော့ ပေးမှာပါ”ဟု ထရမ့်က Joint Base Andrews လေတပ်စခန်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတနဲ့ Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်များကို တွေ့ရစဉ်
“ကျနော်တို့က သူတို့ အရေးတကြီး လိုအပ်နေတဲ့ Patriots တွေကို ပေးပို့သွားမှာပါ။ ဘာလို့လဲဆိုတော့ ပူတင်က လူတွေအများကြီးကို အံ့အားသင့်စေခဲ့လို့ပါပဲ။ သူက စကားပြောတာတော့ ကောင်းပါတယ်။ ဒါပေမယ့် လူတိုင်းကို ဗုံးလိုက်ကြဲနေပါတယ်။ ပြဿနာက အဲဒါပါပဲ။ ကျနော် အဲဒါကို မကြိုက်ပါဘူး” ဟု ထရမ့်က ထပ်လောင်း ပြောဆိုခဲ့သည်။
ယခုလ အစောပိုင်းကလည်း ထရမ့်သည် ပူတင်နှင့် ဖုန်းပြောခဲ့သည်။
ထို့နောက် ပူတင်သည် အရှေ့ဥရောပတွင် သုံးနှစ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သိသာသည့် အားထုတ်ကြိုးပမ်းမှုများ လုပ်ဆောင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် အမေရိကန်၏ စစ်လက်နက်ပစ္စည်းများ လျော့ကျလာမည့် အရေးကို စိုးရိမ်သဖြင့် ယူကရိန်းကို လေကြောင်းကာကွယ်ရေး ဒုံးကျည်များနှင့် လက်နက်ခဲယမ်းအချို့ ထောက်ပံ့မှုကို ပြီးခဲ့သည့်သီတင်းပတ်က ရပ်ဆိုင်းခဲ့သည်။
ထိုအချိန်က အိမ်ဖြူတော်ကလည်း ကာကွယ်ရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအား အမေရိကန်စစ်တပ်၏ ထောက်ပံ့မှုများကို သုံးသပ်ခဲ့ပြီးနောက် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 349
CNI International News
ပြုံယမ်း၊ ဇူလိုင် ၁၅
မြောက်ကိုရီးယားသည် ယူကရိန်းကို စစ်ပွဲဆင်နွှဲနေသည့် ရုရှားကို ခြွင်းချက်မရှိ ထောက်ခံသွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ပြောကြားခဲ့သည်ဟု DW သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
ကင်မ်သည် မြောက်ကိုရီးယားနိုင်ငံ၊ အရှေ့ပိုင်း၊ ဝန်ဆန် (Wonsan) ဆိပ်ကမ်းမြို့တွင် ဇူလိုင် ၁၂ ရက်က ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov)နှင့် အစည်းအဝေး ပြုလုပ်ချိန်၌ ထိုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
မိမိတို့သည် မဟာဗျူဟာမြောက် အရေးကိစ္စများတွင် တူညီသည့် အမြင်ရှိပြီး မြောက်ကိုရီးယားသည် ရုရှား ခေါင်းဆောင်များ လုပ်ဆောင်သော အစီအမံများ အားလုံးကို အားပေးပြီး ခြွင်းချက်မရှိ ထောက်ခံရန် အသင့်ရှိ ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
ထို့ပြင် ကင်မ်နှင့် လာဗရော့ဗ်တို့သည် နွေးထွေးသည့် ရဲဘော်ရဲဘက် စိတ်ဓာတ် အပြည့်ရှိသော ယုံကြည်ချက်နှင့် အတူ အတွေးအမြင်များကို ဖလှယ်ခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်ကို တွေ့ရစဉ်
မြောက်ကိုရီးယားသည် ရုရှား၏ ကာ့စ် (Kursk ) ဒေသကို ဝင်ရောက် တိုက်ခိုက်နေသည့် ယူကရိန်းတပ်ဖွဲ့များကို မောင်းထုတ်နေသော ရုရှားအား ကူညီရန် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ခဲ့သလို စစ်သားများ စေလွှတ်ကာ စစ်ကူပေးခဲ့သည်။
ပြီးခဲ့သည့်လက ရုရှားလုံခြုံရေးကောင်စီ အကြီးအကဲဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သည့် ဆာဂျေ ရွှိုက်ဂူ (Sergei Shoigu) သည် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ပြီးနောက် ကင်မ်သည် ကာ့စ်ဒေသသို့ မြောက်ကိုရီးယား စစ်အင်ဂျင်နီယာများနှင့် လုပ်သားပေါင်း ၆၀၀၀ ကို ပို့ဆောင်ပေးရန် သဘောတူခဲ့သည်ဟု ပြောကြားခဲ့သည်။
တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) ကလည်း ရွှိုက်ဂူ၏ ပြောကြားချက်ကို အတည်ပြုခဲ့ပြီး မြောက်ကိုရီးယားသည် ရုရှားအား လက်နက်ကြီး ကျည်များနှင့် ဒုံးကျည် အစင်းရေ ၁၀ သန်းကျော်အထိ ထောက်ပံ့ပေးခဲ့ကြောင်း၊ ရုရှားထံမှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စစ်လက်နက်နည်းပညာများ ပြန်လည် ရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ဇွန်လ ကုန်ပိုင်းကလည်း ကင်မ်သည် ရုရှားဘက်မှ ကူညီတိုက်ခိုက်ရင်း ကျဆုံးသွားခဲ့သည့် မြောက်ကိုရီးယား စစ်သားများကို ဂုဏ်ပြုနေသည့် ဓာတ်ပုံများအား KCNA က ထုတ်ပြန်ခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 358
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၅
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ပေတုန်တန်( Paetongtarn Shinawatra )သည် ရာထူးမှ ဆိုင်းငံ့ခံထားရမှုနှင့်အတူ နိုင်ငံရေးအခြေအနေသည် လမ်းဆုံလမ်းခွနေရာသို့ ရောက်ရှိနေကြောင်း The Nation မှ ဖော်ပြခဲ့သည်။
အထူးသဖြင့် ပေတုန်တန်သည် ရာထူးမှ နုတ်ထွက်မည်လော၊ ဝန်ကြီးချုပ်အသစ် အစားထိုး ခန့်အပ်မည်လော၊ သို့မဟုတ် အစိုးရနှင့် လွှတ်တော်ကို ဖျက်သိမ်းမည်လော ဆိုသည့် မရောရာသည့် အခြေအနေနှင့် ရင်ဆိုင်နေရ သည်။
အခြေခံဥပဒေဆိုင်ရာခုံရုံးက ပေတုန်တန်၏ အမှုကို ကိုင်တွယ်နေချိန်တွင် ဖြူးထိုင်းပါတီ၏ မဟာဗျူဟာပညာရှင် များသည် ဖြစ်လာနိုင်ခြေရှိသည့် ထိုအချက် ၃ ချက်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။
မကြာသေးမီက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှု အင်စတီကျု (Nida) ၏ စစ်တမ်းသစ်တစ်ခု ထွက်ပေါ် လာမှုနှင့်အတူ ထိုင်းအစိုးရအဖွဲ့အပေါ် လူထု၏ ထောက်ခံမှုနှုန်းသည် စောင့်ကြည့်ခံနေရသည်။
"ထိုင်း၏ နိုင်ငံရေး မည်သည့်ဘက်သို့ ဦးတည်သင့်သလဲ" ဆိုသည့် ခေါင်းစဉ်ဖြင့် ဇူလိုင် ၄ ရက်မှ ၇ ရက်ကြား ကောက်ခံခဲ့သော စစ်တမ်းသည် လက်ရှိ ထိုင်းနိုင်ငံရေး အခြေအနေအပေါ် လူထု၏ သဘောထားကို ပေါ်လွင်စေခဲ့ သည်။
ပေတုန်တန် အနေဖြင့် နိုင်ငံရေး စိန်ခေါ်မှုများကို တုံ့ပြန်သင့်၊ မသင့် မေးမြန်းချိန်တွင် စစ်တမ်း၌ ပါဝင်ဖြေဆိုသူ များအနက် ၄၂ ဒသမ ၃၇ ရာခိုင်နှုန်းက ပေတုန်တန်ကို ရာထူးမှနုတ်ထွက်သင့်ပြီး ဝန်ကြီးချုပ်သစ် ခန့်အပ်ရန် ဖြေဆိုခဲ့ကြသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ ဝန်ကြီးချုပ်ဟောင်း ဆရီသာနှင့် ပေတုန်တန်ကို တွေ့ရစဉ်
ထို့ပြင် ၃၉ ရာခိုင်နှုန်းကလည်း အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြုလုပ်ရန် ဖြေဆိုခဲ့ကြသည်။
၁၅ ဒသမ ၄ ရာခိုင်နှုန်းကသာ ပေတုန်တန်ကို ဝန်ကြီးချုပ်အဖြစ် ဆက်လက် ခန့်အပ်သင့်ပြီး အုပ်ချုပ်မှုများကို ပုံမှန်အတိုင်း လုပ်ဆောင်သင့်ကြောင်း ဖြေကြားခဲ့ကြသည်။
ထို့ကြောင့် လက်ရှိတွင် ပေတုန်တန်သည် နိုင်ငံရေး လမ်းဆုံလမ်းခွ နေရာသို့ ရောက်ရှိနေသလို ထိုင်းနိုင်ငံသည် လည်း ဝန်ကြီးချုပ် ရာထူးနေရာ ဟာကွက်ဖြစ်နေသည့် ကာလအပိုင်းအခြားသို့ ဝင်ရောက်လာခဲ့သည်။
ပေတုန်တန်သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) နှင့် ဖုန်းပြောခဲ့သည့် အသံဖိုင် ပေါက်ကြားခဲ့ပြီးနောက် လွှတ်တော်အမတ်များက ပေတုန်တန်အား ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုဖြင့် ရာထူးမှ ဖယ်ရှားရန် အခြေခံဥပဒေဆိုင်ရာ တရားရုံးကို လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် တရားရုံးက ပေတုန်တန်ကို ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ပေတုန်တန်ကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားရန် သင့်၊ မသင့် ဆုံးဖြတ်သွားမည်ဖြစ်သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 414
CNI International News
အန်ကာရာ၊ ဇူလိုင် ၁၄
အရှေ့အလယ်ပိုင်းဒေသတွင် တူရကီသည် ပထဝီဝင်တည်နေရာ၊ စစ်အင်အား၊ စီးပွားရေးနှင့် သံတမန်ရေး လွှမ်းမိုးမှုများကြောင့် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
တူရကီသည် ဥရောပ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဒေသကို ချိတ်ဆက်ထားပြီး စွမ်းအင်နှင့် ကုန်သွယ်ရေးအတွက် အဓိကကျသည့် သင်္ဘောလမ်းကြောင်းဖြစ်သော ဘော့စ်ပိုးရပ်စ် ရေလက်ကြား (Bosporus Strait) ကို ထိန်းချုပ် ထားသည်။
ထိုပထဝီဝင် အနေအထားက နေတိုး၊ ရုရှားနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများအတွက် အရေးကြီးသည့် နေရာကို ရောက်ရှိစေခဲ့သည်။
ထို့ပြင် တူရကီသည် နေတိုးအဖွဲ့ထဲတွင် အမေရိကန်ပြီးပါက ဒုတိယစစ်အင်အား အကြီးဆုံးနိုင်ငံဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး၌ အဓိကအခန်းကဏ္ဍမှ ပါဝင်နေသလို ဆီးရီးယား၊ အီရတ်နှင့် ကာတာနိုင်ငံများတွင် စစ်စခန်းများ အခြေစိုက်ထားသည်။

နိုင်ငံတကာ အခင်းအကျင်းမှာ တူရကီအရေးပါပုံကို ပြသထားစဉ်
ထို့ပြင် တူရကီသည် အရှေ့အလယ်ပိုင်းနှင့် ဥရောပကြား စွမ်းအင် ဆုံချက်တစ်ခုဖြစ်ပြီး TANAP နှင့် BTC ကဲ့သို့ ပိုက်လိုင်းများသည် တူရကီနိုင်ငံမှဖြတ်ပြီး ရေနံနှင့် ဓာတ်ငွေ့များကို ပေးပို့နေသည်။
ထို့ကြောင့် တူရကီသည် စွမ်းအင်ကဏ္ဍတွင် ရုရှားနိုင်ငံအပေါ် မှီခိုနေခြင်းကို လျှော့ချနေသည့် ဥရောပနိုင်ငံများ အတွက် အထောက်အကူ ဖြစ်စေခဲ့သည်။
တူရကီသည် ဆီးရီးယား၊ ယူကရိန်းနှင့် အစ္စရေး-ပါလက်စတိုင်း စစ်ပွဲ အပါအဝင် ပဋိပက္ခများတွင် ကြားဝင် ဖြန်ဖြေသူအဖြစ် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်၌ ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လက်ခံကျင်းပပေးခဲ့သည်။
တူရကီသည် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းဝင် ဆက်ဆံရေးများမှတဆင့် အာဏာအပျော့ကို အသုံးပြု လေ့ရှိပြီး အမေရိကန်၊ ရုရှား၊ အီရန်၊ အစ္စရေး၊ ပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေးများကို ဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။
ထို့ကြောင့် တူရကီသည် ပထဝီဝင် တည်နေရာ၊ စစ်အင်အား၊ စွမ်းအင် လမ်းကြောင်းများနှင့် သံတမန် ဆက်ဆံရေး ခိုင်မာမှုကြောင့် အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေး အနာဂတ်တွင် ဗဟိုချက်နေရာတွင် ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 454
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၄
ထိုင်းပြည်သူများသည် တာဝန်မှ ရပ်ဆိုင်းခံထားရသည့် ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ကို ရာထူးမှ နုတ်ထွက်စေလိုကြပြီး ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်အား ဝန်ကြီးချုပ်အဖြစ် မျှော် မှန်းနေကြသည်ဟု စစ်တမ်းတစ်ခုတွင် လေ့လာတွေ့ရှိရကြောင်း The Nation မှ ဖော်ပြခဲ့သည်။
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှု အင်စတီကျု (Nida) သည် ဇူလိုင် ၄ ရက်မှ ၇ ရက်တွင်း ထိုင်းနိုင်ငံ တစ်ဝန်းရှိ လူပေါင်း ၁၃၁၀ ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။
ထိုင်း၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့်ပတ်သက်ပြီး စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၄၂ ဒသမ ၃၇ ရာခိုင်နှုန်းက ပေတုန်တန် ရာထူးမှ နုတ်ထွက်သင့်ပြီး ဝန်ကြီးချုပ်သစ် ရွေးချယ်ရန် ဖြေဆိုခဲ့သည်။
ထို့ပြင် ၃၉ ရာခိုင်နှုန်းကလည်း အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြုလုပ်ရန် ဖြေဆိုခဲ့ကြသည်။

ပေတုန်တန်ကို တွေ့ရစဉ်
စစ်တပ်၏ အာဏာသိမ်းမှု အလားအလာကို ထောက်ခံသူမှာ ၁ ဒသမ ၃၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
နောက်တက်လာမည့် ဝန်ကြီးချုပ်သစ် ရာထူးနေရာအတွက် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) ကို ထောက်ခံကြောင်း ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။
ဘူဂျထိုင်းပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ကို ဝန်ကြီးချုပ် နေရာအတွက် ထောက်ခံသူ ၁၁ ဒသမ ၅၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
အတိုက်အခံ ပြည်သူ့ပါတီ (ယခင် Move Forward ပါတီ) အနေဖြင့် ပေတုန်တန်ကို ဖယ်ရှားရန်အတွက် အချေ အတင် ဆွေးနွေးမှုပြုလုပ်ပြီး အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ရန် တောင်းဆိုသင့်ကြောင်း စစ်တမ်းတွင် ပါဝင် ဖြေဆိုသူ ၆၄ ဒသမ ၄၃ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြသည်။
Source: The Nation
