- By CNI
- Category: နိုင်ငံရေး
- Hits: 493
CNI International News
အဒစ် အဘာဘာ၊ ဒီဇင်ဘာ ၁၁
အီသီယိုးပီးယားနိုင်ငံသည် ကြီးမားသော စီမံကိန်းများကို အကောင်အထည်ဖော်၍ ပင်လယ်အတွင်းသို့ ဝင်ထွက်နိုင် ရေး ကြိုးပမ်းနေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် စစ်ပွဲအန္တရာယ်ရှိလာနိုင်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အာမက် (Abiy Ahmed) သည် နိုင်းလ် (Nile) မြစ်ပေါ်တွင် ကြီးမားသည့် ရေကာ တာတစ်ခု တည်ဆောက်ခဲ့ပြီးနောက် လက်ရှိတွင် အာဖရိက၏ အကြီးဆုံး လေဆိပ်တစ်ခုနှင့် နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုကိုပါ တည်ဆောက်ရန် စီစဉ်နေသည်။
သို့သော် အီသီယိုးပီးယားသည် ကုန်းတွင်းပိတ် နိုင်ငံဖြစ်သဖြင့် ပင်လယ်အတွင်းသို့ အဝင်အထွက် ပြုလုပ်နိုင်ရန် ကြိုးပမ်းနေပြီး ၎င်း၏ စီမံကိန်းများသည် အိမ်နီးချင်းနိုင်ငံများနှင့် စစ်ပွဲဖြစ်နိုင်ခြေ ရှိနေသည်ဟု ကျွမ်းကျင်သူများ က ပြောကြားခဲ့သည်။
အဘီ၏ အီသီယိုးပီးယား အစိုးရအဖွဲ့သည် ပင်လယ်နီကို အဝင်အထွက် ပြုလုပ်နိုင်ရန်အတွက် နောက်တစ်ကြိမ် ကြိုးပမ်းရန် ဆုံးဖြတ်ထားသည်။

နိုင်းမြစ်ပေါ်က ရေကာတာကို တွေ့ရစဉ်
အီသီယိုးပီးယားသည် အီရစ်ထရီးယားနှင့် ဆယ်စုနှစ်များစွာကြာ ပျောက်ကြား စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ပင်လယ်နီကို အဝင်အထွက် ပြုလုပ်နိုင်သည့် ကမ်းရိုးတန်းဒေသများအား အီရစ်ထရီးယားကို ထိန်းချုပ်ခွင့်ပေးခဲ့ရသည်။
မကြာသေးမီ နှစ်များအတွင်းတွင် အီသီယိုးပီးယားနှင့် အီရစ်ထရီးယားကြား ငြိမ်းချမ်းရေးရခဲ့ပြီး အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီသည်လည်း ငြိမ်းချမ်းရေး နိုဘယ်ဆုရခဲ့သည်။
ထို့နောက် အီသီယိုးပီးယား၏ တီဂရေး (Tigray) ဒေသရှိ သူပုန်များကို အီရစ်ထရီးယားနှင့် အီသီယိုးပီးယားအစိုးရ တို့က ပူးပေါင်းချေမှုန်းခဲ့သည်။
သို့သော် နှစ်နိုင်ငံကြား တင်းမာမှုများ ပြန်လည် မြင့်တက်လာခဲ့ပြီး အီသီယိုးပီးယားသည် ၎င်း၏ ပင်လယ်နီ ဆိပ်ကမ်းများကို ထိန်းချုပ်ရန် ရည်ရွယ်၍ ရေရှည်စစ်ပွဲ အစီအစဉ် ရေးဆွဲထားကြောင်း အီရစ်ထရီးယားက ဇွန်လအတွင်း စွပ်စွဲခဲ့သည်။
အီသီယိုးပီးယားကမူ ၎င်းသည် ပင်လယ်နီအတွင်း ငြိမ်းချမ်းစွာ ဝင်ခွင့်၊ ထွက်ခွင့် ရရှိလိုခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံက တီဂရေးသူပုန်ကို တွေ့ရစဉ်
ထို့ပြင် သောက်သုံးရေအတွက် နိုင်းလ်မြစ်ကို မှီခိုနေရသည့် အီဂျစ်နိုင်ငံကလည်း အီသီယိုးပီးယား၏ Grand Ethiopian Renaissance Dam အမည်ရှိ ရေကာတာစီမံကိန်းကို ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
ထိုရေကာတာသည် အီဂျစ်အတွက် မြစ်ရေထောက်ပံ့မှု၊ အထူးသဖြင့် မိုးခေါင်သည့် ကာလများတွင် မြစ်ရေများ ရရှိမှုကို လျော့ကျနိုင်စေလိမ့်မည်ဟု အီဂျစ်က စွပ်စွဲခဲ့သည်။
ထိုရေကာတာနှင့်ပတ်သက်ပြီး အီသီယိုးပီးယားနှင့် အီဂျစ်တို့ ဆွေးနွေးမှုများ မကြာခဏ ပြုလုပ်ခဲ့သော်လည်း ယခုအချိန်အထိ သဘောတူညီချက် မရရှိခဲ့ပေ။
ထို့ကြောင့် အီဂျစ်သည် အီသီယိုးပီးယားနှင့် ဆက်ဆံရေး အခြေအနေ ဆိုးရွားလာနိုင်သည့် အခြေအနေကြောင့် အီရစ်ထရီးယား၊ ဆိုမာလီယာနိုင်ငံများနှင့် လုံခြုံရေး ဆက်ဆံမှုများကို ထူထောင်ခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 470
CNI International News
ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၁၀
နီပေါနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့သည် ဝန်ကြီးဟောင်း ၅ ဦး၊ အစိုးရအရာရှိဟောင်းများ အပါအဝင် လူပေါင်း ၅၅ ဦးနှင့် တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို စွဲချက်များ တင်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
နီပေါတွင် တရုတ်နိုင်ငံက ရန်ပုံငွေ ထောက်ပံ့ထားသည့် လေဆိပ်ဆောက်လုပ်ရေး စီမံကိန်း၌ ဒေါ်လာ ဘီလျံချီ အဂတိလိုက်စားမှုရှိခဲ့သည့် စွဲချက်များဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
နီပေါတွင် လွှတ်တော် အဆောက်အအုံ မီးရှို့ခံရပြီး အစိုးရအဖွဲ့ကို ပြုတ်ကျစေခဲ့သည့် အဂတိလိုက်စားမှု ဆန့်ကျင် သော ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၃ လအကြာ ဒီဇင်ဘာ ၇ ရက်၌ ယခုကဲ့သို့ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အာဏာအလွဲသုံးစားမှု စုံစမ်းစစ်ဆေးရေးကော်မရှင် (CIAA) ၏ ထုတ်ပြန်ချက်တွင် "စီမံကိန်းတွင် ပါဝင်ခဲ့သည့် ပြည်သူ့ဝန်ထမ်းများသည် တရုတ်က ထောက်ပံ့ပေးထားသည့် ပိုခါရာ (Pokhara) လေဆိပ် ဆောက်လုပ်ရေး စီမံကိန်းတွင် ခန့်မှန်းခြေ ကုန်ကျစရိတ်များကို ရည်ရွယ်ချက် ရှိရှိဖြင့် တိုးမြှင့်တောင်းခံခဲ့ကြောင်း" ဖော်ပြထား သည်။
လေဆိပ်ဆောက်လုပ်ရေးအတွက် အတည်ပြုထားသည့် ကုန်ကျစရိတ်သည် ဒေါ်လာ ၁၆၉ သန်းဖြစ်သည်။

နီပေါမှာ ဆန္ဒပြနေစဉ်
ထိုစီမံကိန်းတွင် ပါဝင်သည့် လူပုဂ္ဂိုလ် ၅၅ ဦးသည် ကုန်ကျစရိတ်ကို ဒေါ်လာ ၇၅ သန်း ထပ်တိုး တင်ပြခဲ့သဖြင့် စုစုပေါင်း ကုန်ကျစရိတ်သည် ဒေါ်လာ ၂၄၄ သန်းအထိ မြင့်တက်သွားခဲ့သည်ဟု CIAA က ထုတ်ပြန်ခဲ့သည်။
စွဲချက်တင်ခံရသူများအနက် ဘဏ္ဍာရေးဝန်ကြီးဟောင်းတစ်ဦး၊ ပြည်သူ့လေကြောင်း ဝန်ကြီးဌာနမှ အကြီးအကဲ ဟောင်း ၄ ဦး၊ ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာနမှ အတွင်းဝန်ဟောင်း ၁၀ ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
နီပေါတွင် လူငယ်များ ဦးဆောင်သည့် ဆန္ဒပြမှုများကြောင့် အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီးနောက် လာမည့်နှစ် မတ်လ ၅ ရက်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။
နီပေါတွင် အစိုးရက လူမှုမီဒီယာ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပြီးနောက် စက်တင်ဘာ ၈ ရက်၌ ဆန္ဒပြမှုများ စတင် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် စီးပွားရေး အကျပ်အတည်းနှင့် အဂတိလိုက်စားမှုများကို ဆန့်ကျင်သည့် ဆူပူအုံကြွမှု အဖြစ် အရှိန်မြင့်တက်ခဲ့သည်။
စက်တင်ဘာလ အတွင်းက ၂ ရက်ကြာ ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများအတွင်း လူ ၇၆ ဦးထက်မနည်း သေဆုံးခဲ့ သည်။
နီပေါနိုင်ငံ၏ လုပ်သားအင်အား၏ ၈၂ ရာခိုင်နှုန်းသည် လမ်းဘေးစျေးသည်များ၊ အလုပ်ကြမ်းသမားများကဲ့သို့ ပုံမှန် လခစား မဟုတ်သည့် အလုပ်များကို လုပ်ကိုင်နေကြပြီး ၂၀၂၄ ခုနှစ်တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ တစ်နှစ်စာ ဂျီဒီပီမှာ ၁၄၄၇ ဒေါ်လာသာရှိကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။
နိုင်ငံ့လူဦးရေ သန်း ၃၀ ကျော် ရှိသည့်အနက် ၁၅ သန်းကျော်သည် အသက် ၃၀ အောက် လူငယ်များ ဖြစ်သော် လည်း လူငယ်များသည် အလုပ်အကိုင်ရရှိရန် ခက်ခဲနေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 532
CNI International News
ဖနွမ်ပင်၊ ဒီဇင်ဘာ ၁၀
ကမ္ဘောဒီးယားနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) နှင့် သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) တို့ လွှမ်းမိုးထားသည့် အစိုးရအဖွဲ့ကို ဖြုတ်ချရန် ပြည်ပရောက် ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ဆမ် ရိန်ဆေး (Sam Rainsy)က စစ်တပ်နှင့် လူထုကို တိုက်တွန်းခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ဟွန်ဆန် မိသားစုကို ကမ္ဘောဒီးယားမှ ဖယ်ရှားရမည့် အကြောင်းရင်း နှစ်ချက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဆမ်ရိန်ဆေး၏ ကြေညာချက်၌ ဖော်ပြခဲ့သည်။
ပထမအချက်မှာ ဟွန်ဆန် မိသားစုသည် ကမ္ဘောဒီးယား စစ်သားများနှင့် အရပ်သားများကို လူသားဒိုင်းကဲ့သို့ အသုံး ချပြီး ကမ္ဘောဒီးယား နယ်မြေပေါ်တွင် ထိုင်းစစ်တပ်အား တိုက်ခိုက်မှုများ ပြုလုပ်ခွင့် ပေးထားကြောင်း၊ ဟွန်ဆန် နှင့် ဟွန်မာနက်တို့သည် ကမ္ဘောဒီးယား ပြည်သူများနှင့် နယ်နိမိတ်ကို ကာကွယ်မည့် ကမ္ဘောဒီးယား စစ်သားများ ကို တိုက်ခိုက်မှုများ မပြုလုပ်ရန် အမိန့်ပေးထားကြောင်း ဆမ်ရိန်ဆေးက ပြောကြားခဲ့သည်။
"ကိုယ့်နိုင်ငံကို တိုင်းတစ်ပါးက ရန်စလာတာကို ခုခံဖို့အတွက် ရှေ့တန်းစစ်မြေပြင်က စစ်သားတွေကို လက်နက် တွေ အသုံးပြုခွင့် တားမြစ်ကန့်သတ်ထားတဲ့ ခေါင်းဆောင်မျိုး ဒါမှမဟုတ် တပ်မှူးမျိုး ဘယ်နိုင်ငံမှာ ရှိလို့လဲ။ ဟွန်ဆန်မိသားစုရဲ့ ခေါင်းဆောင်တွေကပဲ ဒါမျိုးတွေ လုပ်နေတာကို ကျနော်တို့ မြင်တွေ့နေရပါတယ်" ဟု ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ဆမ်ရိန်ဆေးကို တွေ့ရစဉ်
“ကျနော်ရဲ့ ပြည်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ပြည်ပက အလွယ်တကူ တိုက်ခိုက်နိုင်တဲ့ အဲဒီနည်းဗျူဟာကို ကြိမ်ဖန် များစွာ ကျင့်သုံးခဲ့တာကြောင့် ခမာစစ်သားတွေနဲ့ အရပ်သားတွေ မတရား အသက်ဆုံးရှုံး စေခဲ့ပါတယ်။ ခမာ စစ်သားတွေနဲ့ ပြည်သူတွေ အနေနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံနေရတဲ့ မိမိတို့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ကို စတေးပြီး နိုင်ငံခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ခွင့်ပြုပေးထားလို့ မရပါ ဘူး" ဟု ဆမ်ရိန်ဆေးက ပြောကြားခဲ့သည်။
ဒုတိယအချက်မှာ ဟွန်ဆန် မိသားစုသည် ကျားဖြန့်လုပ်ငန်း ကွန်ရက်များကို ကာကွယ်ပေးထားသဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ပြည်သူများကို အဘက်ဘက်မှ ချွတ်ခြုံကျစေခဲ့ကြောင်း၊ စီးပွားရေး အကျပ်အတည်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ ပြည်သူများ၏ စားဝတ်နေရေး ဆိုးရွားစွာ ထိခိုက်ခြင်း၊ ကြွေးမြီ ထောင်ချောက်အတွင်း ကျရောက်ခြင်း၊ လူမှုတည်ငြိမ်ရေးနှင့် တရားမျှတမှု ပျက်ယွင်းခြင်းတို့ ဖြစ်စေခဲ့ကြောင်း ဆမ်ရိန်ဆေးက စွပ်စွဲခဲ့သည်။
“ဟွန်ဆန်မိသားစု ခေါင်းဆောင်တွေက ရာဇဝတ်သားတွေကို အကာအကွယ် ပေးနေတာကြောင့် ကမ္ဘောဒီးယား ပြည်သူတွေကို သူတို့ရဲ့ ရန်သူလို ဆက်ဆံခဲ့တာ ထင်ရှားနေပါတယ်” ဟု ဆမ်ရိန်ဆေးက ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 604
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၀
ထိုင်းနှင့်ကမ္ဘာဒီးယား နယ်စပ်တွင် ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ကမ္ဘောဒီးယား စစ်သားများ၏ ခြိမ်းခြောက်မှုများ အဆုံးမသတ်မချင်း အပစ်ရပ်မည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ပြောကြားခဲ့သည်။
ထို့နောက် စစ်တပ်ကို အပြည့်အဝ ထောက်ခံသွားမည်ဟု ၎င်းက ပြောသည်။
အနူတင်သည် ကမ္ဘောဒီးယားနှင့် အပစ်ရပ်ရေး လွှတ်တော်တွင်း အချေအတင် ဆွေးနွေးညှိနှိုင်းရေးတို့ကို ငြင်းပယ်ခဲ့ပြီး ကမ္ဘောဒီးယား၏ ရန်စမှုအား ကာကွယ်ရန်အတွက် စစ်တပ်၏ စစ်ဆင်ရေးများကို အလုံးစုံ ထောက်ခံသွားမည်ဟု ဆိုသည်။
အစိုးရအဖွဲ့ အနေဖြင့် နယ်စပ်ပဋိပက္ခနှင့်ပတ်သက်ပြီး လွှတ်တော်တွင်း အချေအတင် ဆွေးနွေးခွင့်ရရှိမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပိုဒ်ခွဲ ၁၆၅ ကို ကျင့်သုံးနိုင်ခြေရှိကြောင်း ထင်ကြေး ပေးမှုများနှင့်ပတ်သက်ပြီး သတင်း ထောက်များက အနူတင်ကို မေးမြန်းခဲ့ချိန်တွင် အနူတင်က "မဟုတ်ပါဘူး။ ခင်ဗျားတို့ကို ဘယ်သူပြောလဲ။ ကျနော်တို့မှာ အဲဒီအစီအစဉ် မရှိပါဘူး။ အိမ်နီးချင်းနိုင်ငံနဲ့ ပဋိပက္ခ အခြေအနေက ဆက်ဖြစ်နေတုန်းပါ။ ကျနော် တို့က စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ကို ထောက်ခံရပါမယ်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ပေးရပါမယ်" ဟု ဖြေကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်ကို တွေ့ရစဉ်
ကမ္ဘောဒီးယားဘက်က ငြိမ်းချမ်းရေးဆွေးနွေးရန် ထိုင်းအစိုးရကို ဆက်သွယ်ခဲ့ခြင်း ရှိ၊မရှိ မေးမြန်းချိန်တွင်လည်း အနူတင်က "ဘာအဆက်အသွယ်မှ မရှိပါဘူး" ဟု ဖြေကြားခဲ့သည်။
ထိုအဓိပ္ပာယ်အရ ကမ္ဘောဒီးယားကလည်း ဆွေးနွေးရန် ကမ်းလှမ်းခြင်းမရှိ၊ ထိုင်းကလည်း အပစ်ရပ်ရန် ဆွေးနွေး မှုများကို ငြင်းပယ်ခြင်း ဟုတ်၊မဟုတ် မေးမြန်းချိန်တွင် အနူတင်က "ထိုင်းနိုင်ငံဘက်က လုပ်သင့်တဲ့ အလုပ်ကို လုပ်ဆောင်နေပါတယ်" ဟု ဖြေကြားခဲ့သည်။
"ကျနော်တို့ကို မလိုမုန်းထားတဲ့ ရည်ရွယ်ချက်နဲ့ ဆန်ကျင်တဲ့ လူတွေအပေါ် ကျနော်တို့က ဘယ်လိုသဘောထား ခဲ့တယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ။ အဲဒါကြောင့် ကျနော်တို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်မယ့် သူတွေကို စိတ်ပိုင်းဆိုင်ရာ ထောက်ခံပေးသင့်ပါတယ်" ဟု အနူတင်က ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့် စစ်တပ်ကို စစ်ဆင်ရေးများ ရပ်တန့်ရန် အမိန့်ပေးမည် ဟုတ်၊ မဟုတ် မေးမြန်းချိန်တွင် အနူတင်က "လုံးဝပါပဲ။ ကျနော်တို့ အခုချိန်မှာတော့ မရပ်တန့်နိုင်ပါဘူး။ အစိုးရအဖွဲ့ဟာ စစ်တပ်ရဲ့ အစီအစဉ် တွေကို အပြည့်အဝ ထောက်ခံပေးမယ်လို့ ကျနော်က စစ်တပ်ကို ကတိပေးခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားတပ်ဖွဲ့များ အားနည်းလာသည့် အချိန်အထိ စစ်ဆင်ရေးများကို ဆက်လုပ်ရန် ရှိ၊မရှိ မေးမြန်းချိန်တွင် အနူတင်က "အဲဒါ ကျနော်တို့ တပ်ဖွဲ့ မဟုတ်ပါဘူး။ သူတို့ တပ်တွေပါ။ ကျနော်တို့ တပ်တွေက ဘယ်တော့မှ အားနည်းလာမှာ မဟုတ်ပါဘူး" ဟု ဖြေကြားခဲ့သည်။
ကမ္ဘောဒီးယားတပ်များက ထိုင်းစစ်သားများကို တိုက်ခိုက်ရန် kamikaze(ကာမီကာဇေ) ဒရုန်းများကို အသုံးပြု နေသည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး အနူတင်က ထိုင်းစစ်တပ်တွင် ထိုဒရုန်းများကို တန်ပြန်ရန် အစီအမံများ ရှိကြောင်း ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 551
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၉
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် ထိုင်းစစ်သား ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယား စစ်သားများက ထိုင်းတပ်ဖွဲ့များနှင့် အရပ်သားများကို လက်နက် ကြီးများ၊ ရော့ကတ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။
ထို့ကြောင့် ထိုင်းတပ်ဖွဲ့များကလည်း ကမ္ဘောဒီးယား၏ တိုက်ခိုက်မှုများကို ရပ်တန့်စေရန် ကမ္ဘောဒီးယား၏ စစ်ရေး ပစ်မှတ်များအား တိုက်လေယာဉ်များဖြင့် လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ကမ္ဘောဒီးယား စစ်သားများသည် ဒီဇင်ဘာ ၈ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၅ မိနစ်တွင် အူဘွန် ရတ်ချာ သာနီ (Ubon Ratchathani) ပြည်နယ်၊ နမ်ယွမ် (Nam Yuen) ခရိုင်၏ ချောင်အန်မာ (Chong An Ma) ဒေသရှိ ပစ်မှတ်များကို ရိုင်ဖယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ထိုင်းစစ်သား ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ထိုင်းစစ်တပ် ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်း ဆူဗာရီက ပြောကြားခဲ့သည်။

ဒဏ်ရာရနေတဲ့ လူနာကို ဆေးကုသပေးနေစဉ်
ကမ္ဘောဒီးယား၏ တိုက်ခိုက်မှုများကြောင့် နမ်ယွန်ခရိုင် ချောင်ဘွတ် (Chong Bok) ဒေသတွင် ထိုင်းစစ်သား ၁ ဦး သေဆုံးပြီး နောက်ထပ် စစ်သား ၄ ဦး ဒဏ်ရာရကြောင်း နံနက် ၇ နာရီတွင် သတင်းရရှိခဲ့သည်ဟု ဝင်ထိုင်းက ဆို သည်။
ထို့ကြောင့် ထိုင်းစစ်သား ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသည့် ထိုင်းစစ်သား စုစုပေါင်း ၈ ဦး အထိရှိခဲ့ကြောင်း ဝင်ထိုင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားတပ်ဖွဲ့များသည် ထိုင်း၏ ဘူရီရမ် (Buri Ram) ပြည်နယ်မှ အရပ်သားများ နေထိုင်သည့် နေရာများကို BM-21 ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ထိုင်း၏ အမှတ် ၂ စစ်ဒေသက စွပ်စွဲခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံအတွင်း လူပေါင်း ၃၅,၀၀၀ ခန့်သည့် ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ နေရာဒေသများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ကမူ ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်ဒေသ တွင် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားနေသည့် သတင်းများနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း၊ နှစ်နိုင်ငံ အာဏာပိုင်များအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။
မလေးရှားနိုင်ငံသည် နောက်ထပ် တိုက်ခိုက်မှု ဖြစ်စဉ်များကို ရှောင်လွှဲရန်နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် အကူအညီပေးနိုင်မည့် အစီအစဉ်များအား ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း အန်ဝါက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 519
CNI International news
ဘန်ကောက်၊ ဒီဇင်ဘာ ၈
ထိုင်းနိုင်ငံ တာ့ခ် (Tak) ပြည်နယ်တွင် မြန်မာနိုင်ငံဘက်မှ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် အရပ်သားများ ဒဏ်ရာရခဲ့ပြီးနောက် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယူကရစ် ဘွန်တန်နွန် (Ukrit Boontanon)က တင်းကျပ်သည့် အစီအမံများဖြင့် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း ဘန်ကောက်ပိုပစ်မှ ဖော်ပြခဲ့သည်။
မြန်မာအစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များသည် တာ့ခ်ပြည်နယ်၊ မဲဆောက် (Mae Sot)ဘက်သို့ ကျရောက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ယူကရစ်က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
နယ်စပ်ဒေသတစ်လျှောက် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စက်သေနတ်များနှင့် လက်နက်ကြီးများ ပါဝင်ခဲ့ ပြီး ထိုလက်နက်ကြီး ကျည်များထဲမှ အချို့သည် ပစ်မှတ်လမ်းကြောင်းလွဲပြီး ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ခဲ့ သည်ဟု ၎င်းက ဆိုသည်။
နယ်စပ်ဒေသတွင် တပ်စွဲထားသည့် ထိုင်းစစ်တပ်၏ တပ်ဖွဲ့များက ထိုင်း-မြန်မာနယ်စပ် ညှိနှိုင်းဆောင်ရွက်ရေး ယန္တရားမှတစ်ဆင့် ဆက်သွယ်ပြောဆိုမှုများ၊ သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ထိတွေ့တိုက်ပွဲ၏ စံသတ်မှတ် ချက် စည်းကမ်းများအရ တုန့်ပြန်ခဲ့ကြောင်း ယူကရစ်က ပြောသည်။

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယူကရစ် ဘွန်တန်နွန်ကို တွေ့ရစဉ်
ထို့ပြင် ထိုကဲ့သို့ လက်နက်ကြီးကျည် ကျရောက်မှုများ နောက်တစ်ကြိမ် ထပ်မဖြစ်စေရန် မြန်မာအစိုးရအရာရှိများ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များကို တရားဝင် သတိပေးခဲ့သည်ဟု ဗိုလ်ချုပ်ကြီး ယူကရစ်က ပြောကြားခဲ့သည်။
အကယ်၍ ထိုဖြစ်စဉ်မျိုး နောက်တစ်ကြိမ် ဖြစ်ပွားလာပါက ထိုင်းဘက်က ပိုမိုပြင်းထန်စွာ ထိတွေ့ကိုင်တွယ်ရန် ပြင်ဆင်ထားသည်ဟုလည်း ၎င်းကဆိုသည်။
လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် လူသေဆုံးမှုများ မရှိခဲ့သော်လည်း နယ်စပ်ဒေသအနီး အန္တရာယ်များ သည့် နေရာများတွင် နေထိုင်သော ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟုလည်း ယူကရစ်က ပြောသည်။
ဒီဇင်ဘာ ၅ ရက်က မြန်မာနိုင်ငံ မြဝတီမြို့၏ မင်းလက်ပံကျေးရွာတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းလုံခြုံရေးအရာရှိများက မဲဆောက်ခရိုင်ရှိ Mae Kon Ken နှင့် Huai Mahawong တို့တွင် နေထိုင်သည့် ကျေးရွာသူ၊ ကျေးရွာသားများကို ဘေးလွတ်ရာ ချက်ချင်းရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သည်။
ထိုင်းတော်ဝင်ကြည်းတပ်၏ Naresuan တပ်ဖွဲ့မှ လက်ထောက်တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး နာရွန်ချိုင်း ချာရွန်ချိုင်း (Narongchai Charoenchai) သည် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိခိုက်ခဲ့သည့် မိသားစုများထံ သွားရောက်ခဲ့ပြီး ရိက္ခာအကူအညီများ ပေးအပ်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 440
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၈
စုပေါင်းကာကွယ်ရေးကဏ္ဍအတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းမရှိသည့် အမေရိကန်၏ မဟာမိတ်များ အနေဖြင့် နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) က ဒီဇင်ဘာ ၆ ရက်တွင် သတိပေးခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထို့ပြင် စုပေါင်းကာကွယ်ရေးကဏ္ဍအတွက် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ခဲ့သည့် နိုင်ငံများအနေဖြင့် အထူး အခွင့်အရေးကို ရရှိလိမ့်မည်ဖြစ်ကြောင်းလည်း ဟက်ဆက်က အင်ဒို-ပစိဖိတ် ဒေသနှင့်ပတ်သက်ပြီး ဒေါ်နယ်ထ ရမ့် (Donald Trump) အစိုးရအဖွဲ့၏ ချဉ်းကပ်ပုံကို ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့သည်။
အမေရိကန်သည် ဒေသတွင်း ထိပ်တိုက် တွေ့မှုများ ဖြစ်ပွားစေရန် ကြိုးပမ်းခဲ့ခြင်းမရှိကြောင်း၊ သို့သော် သက်ဆိုင် ရာ နိုင်ငံအားလုံး၏ အကျိုးစီးပွားများအတွက် အာဏာဟန်ချက် ညီမှုရှိအောင် လုပ်ဆောင်ခဲ့ကြောင်း ဟက်ဆက် က ပြောကြားခဲ့သည်။
"အစ္စရေး၊ တောင်ကိုရီးယား၊ ပိုလန်၊ ဂျာမနီ၊ ဘော်လ်တစ် နိုင်ငံတွေလို့ စံပြမဟာမိတ် နိုင်ငံတွေက ကာကွယ်ရေး အသုံးစရိတ်တွေ မြှင့်တင်ခဲ့ကြပါတယ်။ သူတို့က ကျနော်တို့ရဲ့ အထူးမျက်နှာသာ ပေးမှုကို ရရှိမှာပါ။ ကာကွယ်ရေး အသုံးစရိတ်ကို မတိုးမြှင့်တဲ့ မဟာမိတ်တွေကတော့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာပါ" ဟု ဟက်ဆက်က ကယ်လီဖိုးနီးယား (California) ပြည်နယ်တွင် ပြုလုပ်သည့် ရော်နယ်ရေဂင် အမျိုးသားကာကွယ် ရေး ဖိုရမ်တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မက္ကဆီကို သမ္မတကို တွေ့ရစဉ်
"ကျနော်တို့က တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ဖို့ ၊ သူတို့ကို ဩဇာလွှမ်းမိုးဖို့ မကြိုးစားပါဘူး။ ပြီးတော့ ထိုင်ဝမ် အရေးနဲ့ပတ်သက်ပြီး ရှိရင်းစွဲ အခြေအနေကို ပြောင်းလဲဖို့လည်း မကြိုးစားပါဘူး" ဟု ၎င်းက ဆိုသည်။
"အင်ဒို-ပစိဖိတ်ဒေသက ကျနော်တို့ရဲ့ အကျိုးစီးပွားတွေက ကြီးမားပါတယ်။ ဒါ့ပြင် အခွင့်အလမ်းတွေနဲ့ လက်တွေ့ ကျမှုတွေလည်းရှိပါတယ်" ဟု ဟက်ဆက်က ဆိုသည်။
ယခုနှစ် ဖိုရမ်၏ လေ့လာချက် စစ်တမ်းများအရ အမေရိကန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းသည် ထိုင်ဝမ် ကျူးကျော်ခံရ ပါက အမေရိကန်တပ်ဖွဲ့များက ကာကွယ်ပေးရန် ထောက်ခံခဲ့ပြီး ထိုနှုန်းထားသည် ပြီးခဲ့သည့်နှစ်က ထောက်ခံမှု နှုန်း ၄၈ ရာခိုင်နှုန်းမှ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ဟက်ဆက်သည် ရော်နယ်ရေဂင် အမျိုးသားကာကွယ်ရေးဖိုရမ်တွင် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် ဝါရှင်တန်၌ နှစ်စဉ် ပြုလုပ်သည့် အမေရိကန်-ဩစတြေးလျ ဝန်ကြီးအဆင့် အစည်းအဝေး (AUSMIN)မှာ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက် မားလက်စ် (Richard Marles) ၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင် (Penny Wong) ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) တို့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ သည်။
Ref: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 373
CNI International News
ကိယက်ဗ်၊ ဒီဇင်ဘာ ၈
၄ နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ (Florida) ပြည်နယ်တွင် အမေရိကန်အရာရှိများနှင့် ယူကရိန်းကိုယ်စားလှယ်များ ဆွေးနွေးမှုများ ပြုလုပ်နေချိန် တွင် ဒီဇင်ဘာ ၅ ရက် ညပိုင်းမှစပြီး ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းအထိ ရုရှားက ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည် များဖြင့် ညလုံးပေါက် တိုက်ခိုက်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုများအတွင်း ရုရှားသည် ဒရုန်း ၆၅၃ စင်းနှင့် ဒုံးကျည် ၅၁ စင်းကို အသုံးပြုခဲ့ပြီး ယူကရိန်းနိုင်ငံ၏ တပ်မတော်နေ့ဖြစ်သည့် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် ယူကရိန်းနိုင်ငံအတွင်းမှာ လေကြောင်းစီးနင်း တိုက်ခိုက်မှု အချက်ပေး ဥဩသံများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များက ရုရှား၏ ဒရုန်း ၅၈၅ စင်းနှင့် ဒုံးကျည် အစင်း ၃၀ ကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး အခြားဒရုန်း များနှင့် ဒုံးကျည်များသည် ယူကရိန်း၏ နေရာဒေသ ၂၉ ခုကို ထိမှန်ခဲ့သည်ဟု ယူကရိန်းလေတပ်က ပြောကြားခဲ့ သည်။

အမေရိကန်နဲ့ယူကရိန်း ကိုယ်စားလှယ်များ ဆွေးနွေးနေစဉ်
ထိုတိုက်ခိုက်မှုများကြောင့် လူ ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီး အိုင်ဟော် ခလီမန်ကို ( Ihor Klymenko) က ပြောကြားခဲ့သည်။
ရုရှားသည် ယူကရိန်းဒေသအနှံ့ရှိ ဓာတ်အားပေး စက်ရုံများနှင့် အခြား စွမ်းအင် အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Ukrenergo က Telegram တွင် ရေးသားခဲ့သည်။
ယူကရိန်း၏ ဇာပိုရီရှား (Zaporizhzhia) နျူးကလီးယား ဓာတ်အားပေး စက်ရုံသည်လည်း ညပိုင်းတွင် လျှပစ်စစ် ဓာတ်အားများ ယာယီ ပြတ်တောက်ခဲ့သည်ဟု နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ပြောကြားခဲ့ သည်။
ဇာပိုရီရှား နျူကလီးယားစက်ရုံသည် ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့သည့် အစောပိုင်း လများအတွင်း ရုရှား တပ်ဖွဲ့များ၏ သိမ်းပိုက်မှုကို ခံခဲ့ရပြီး ထိုစက်ရုံသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း မရှိတော့ပေ။

ယူကရိန်းနိုင်ငံအတွင်း အပျက်အစီးကိုတွေ့ရစဉ်
သို့သော် နျူကလီးယား ကပ်ဘေး မဖြစ်ပွားစေရန်အတွက် ထိုစက်ရုံအတွင်းရှိ ပိတ်ထားသည့် ဓာတ်ပေါင်းဖို ၆ လုံး နှင့် လောင်စာများကို အအေးပေးစနစ်ဖြင့် ထိန်းသိမ်းရန် လျှပ်စစ်ဓာတ်အားများ လိုအပ်နေဆဲဖြစ်သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskyy)ကမူ ရုရှားသည် စွမ်းအင်စက်ရုံများကို အဓိက ပစ်မှတ် ထားခဲ့ပြီး ကိယက်ဗ် (Kyiv) မြို့တော် ဒေသအတွင်းမှ ဖက်စတစ်ဗ် (Fastiv) မြို့ရှိ ရထားဘူတာရုံကို ဒရုန်း တစ်စင်း ထိမှန်မှုကြောင့် မီးလောင် ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့သည် ဒီဇင်ဘာ ၅ ရက်ညပိုင်းမှ ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းအတွင်း ရုရှား၏ နယ်နိမိတ်ပေါ်တွင် ယူကရိန်း ဒရုန်း ၁၁၆ စင်းကို ပစ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 425
CNI International News
တိုကျို၊ ဒီဇင်ဘာ ၈
တရုတ်ရေတပ်၏ တိုက်လေယာဉ်များသည် ဒီဇင်ဘာ ၇ ရက်က မီယာကိုရေလက်ကြား (Miyako Strait) အနီး ထိုင်ဝမ်၏ အရှေ့မြောက်ဘက် ရေပြင်များတွင် ဂျပန်၏ F-15J တိုက်လေယာဉ်များကို ရေဒါပေါ်တွင် ပစ်မှတ် အဖြစ် ချိန်ရွယ်ခဲ့၍ ပိတ်ဆို့ထားသည်ဟု ဂျပန်က စွပ်စွဲခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်အတွင်းက ဖြစ်ပွားခဲ့သည့် သီးခြားဖြစ်စဉ် ၂ ခုတွင် တရုတ်တိုက်လေယာဉ်များက ရေဒါပေါ်တွင် ဂျပန်တိုက်လေယာဉ်များကို ပစ်မှတ်အဖြစ် ချိန်ရွယ်ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်သည် ဒေသတွင်း တည်ငြိမ်မှုအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ဂျပန်က ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်ပြီး တရုတ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း အသိအပေးခဲ့သည်ဟု ဂျပန်ကာကွယ်ရေး ဝန်ကြီး ရှင်ဂျိုရို ကိုအီဇူမီ (Shinjiro Koizumi) က ပြောကြားခဲ့သည်။
"ရေဒါပေါ်မှာ ပစ်မှတ်ချိန်ရွယ်မှုဟာ လေယာဉ်တွေရဲ့ ဘေးကင်းလုံခြုံစွာ ပျံသန်းမှုအတွက် လိုအပ်တဲ့ အခြေအနေ ထက် ကျော်လွန်ခဲ့ပါတယ်" ဟု ကိုအီဇူမီက ပြောကြားခဲ့သည်။

တရုတ် တိုက်လေယာဉ်များကို တွေ့ရစဉ်
ထို့နောက် ဂျပန်က ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို စိတ်ချာသေချာစေရန် ပြတ်သားစွာနှင့် တည်ငြိမ်စွာ တုန့်ပြန်သွားမည်ဟု ၎င်းက ဆိုသည်။
မကြာသေးမီက ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ၏ မှတ်ချက်စကားကြောင့် ဂျပန်နှင့်တရုတ် ဆက်ဆံရေး တင်းမာနေချိန်တွင် ထိုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တရုတ်ကမူ ဂျပန်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ဂျပန်လေယဉ်များသည် မီယာကို ရေလက်ကြားတွင် စစ်ရေး လေ့ကျင့်နေသည့် တရုတ်လေယာဉ်တင် သင်္ဘောထံ ချဉ်းကပ်လာပြီး အနှောင့်အယှက် ပေးခဲ့ခြင်းဖြစ်ကြောင်း တရုတ်ရေတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ရှူးမန် (Wang Xuemeng) က ပြောကြားခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးနဲ့ ဩစတြေးလျကာကွယ်ရေးဝန်ကြီးကို တွေ့ရစဉ်
"ဂျပန်အနေနဲ့ သားပုပ်လေလွင့် ပြောဆိုမှုတွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ စစ်ရေး လှုပ်ရှားမှုတွေကို တင်းကျပ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်" ဟု ဝမ်က ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်ရေတပ်အနေဖြင့် မိမိတို့၏ လုံခြုံရေးနှင့် တရားဝင်မှုရှိသည့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သည့် အစီအမံများ လုပ်ဆောင်သွားမည်ဟုလည်း ဝမ်က ပြောကြားခဲ့သည်။
တိုကျိုတွင် ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအီဇူမီနှင့် တွေ့ဆုံခဲ့သည့် ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလက်စ် (Richard Marles) ကလည်း မိမိတို့အနေဖြင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း တရုတ်၏ လုပ်ဆောင်မှု များကို အလွန်စိုးရိမ်ကြောင်းနှင့် စည်းမျဉ်းအခြေပြု အခင်းအကျင်းကို ထိန်းသိမ်းရန် ဂျပန်ဘက်မှ ရပ်တည်ပြီး ဂျပန်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
Source: South China Morning Post
