CNI International News

ပြုံယမ်း၊ ဇူလိုင် ၁၅

ဇူလိုင် ၁၂ ရက်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) ၏ မြောက်ကိုရီးယား ခရီးစဉ်သည် မြောက်ကိုရီးယားထံမှ စစ်ကူအင်အားကို အရေးတကြီး လိုအပ်နေသည့် လက္ခဏာကို ပြသရာ ရောက်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုခရီးစဉ်သည် ၂၀၀၉ ခုနှစ်နောက်ပိုင်း လာဗရော့ဗ်၏ ပထမဆုံး မြောက်ကိုရီးယား ခရီးစဉ်ဖြစ်ပြီး ရုရှားသည် မြောက်ကိုရီးယားထံမှ စစ်သားများ၊ အင်ဂျင်နီယာများအပေါ် ပိုမိုမှီခိုလာရကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong-un) ၏ အစိုးရအဖွဲ့ကလည်း ယူကရိန်းနှင့် စစ်ပွဲဆင်နွှဲ နေသည့် ရုရှားကို ကူညီအားဖြည့်ပေးရန် နောက်ထပ် စစ်သားများ စေလွှတ်ပေးဖွယ်ရှိသည်ဟု ဆိုသည်။

“ရုရှားက ယူကရိန်းရဲ့ ခါဆွန် (Kherson) ဒေသကို သိမ်းယူဖို့ ဒီနီပါမြစ် (Dnieper River) ကို ဖြတ်သန်းမယ့် စစ်ဆင်ရေးမှာ မြောက်ကိုရီးယားရဲ့ စစ်အင်ဂျင်နီယာတွေအပေါ်  မှီခိုရဖွယ်ရှိနေပါတယ်” ဟု ကိုရီးယား အမျိုးသားလုံခြုံရေး သုတေသနအင်စတီကျုမှ ဝါရင့်သုတေသီ ဒူးဂျင်ဟို (Doo Jin-ho) က ပြောကြားခဲ့သည်။

 ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်နဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင်လည်း လာဗရော့ဗ်က စစ်ပွဲအတွင်း မြောက်ကိုရီးယား စစ်တပ်၏ ထပ်မံပါဝင်ပတ်သက်မှုကို ရုရှားက ကြိုဆိုသွားမည်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အနေဖြင့် စစ်သားများ စေလွှတ်ပေးပို့ပြီး ကူညီမည်ဆိုလျှင် ရုရှားအနေဖြင့် မြောက်ကိုရီးယား၏ စည်းလုံးညီညွတ်ကြောင်း ပြသသည့် ထိုကူညီမှုကို ငြင်းပယ်သွားမည် မဟုတ်ကြောင်း လာဗရော့ဗ်က ပြောသည်။

ရုရှားနှင့်မြောက်ကိုရီးယားကြား ပြီးခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် မဟာဗျူဟာမြောက် ကာကွယ်ရေး စာချုပ်အရ မြောက်ကိုရီးယားသည် ရုရှားကို မည်သည့်ပုံစံမျိုးဖြင့် ကူညီပေးမည်ဆိုခြင်းကို ဆုံးဖြတ်လိမ့်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆာင် ကင်မ်ကလည်း လာဗရော့ဗ်နှင့် တွေ့ဆုံချိန်တွင် မြောက်ကိုရီးယားသည် ရုရှား၏ စစ်ပွဲကို အပြည့်အဝ ကူညီထောက်ပံ့ပေးသွားမည်ဟု ကတိပြုခဲ့သည်။

Source: South China Morning Post