
- By CNI
- Category: နိုင်ငံရေး
- Hits: 411
CNI International News
ဘန်ကောက်၊ မေလ ၂၂
ထိုင်းအစိုးရသည် တရုတ်ထံမှ တရုတ်ထုတ်အင်ဂျင်တပ် ရေငုပ်သင်္ဘောကိုပဲ ဝယ်ယူမလား စရံအနေဖြင့် ပေးချေ ထားသော ဘတ် ၇ သန်းကို ဆုံးရှုံးခံမလား မကြာမီ ဆုံးဖြတ်ချက် ချသွားမည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai)က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ ရေငုပ်သင်္ဘော ဝယ်ယူရေး သဘောတူညီချက်ကို ထိုင်းနှင့် တရုတ်အစိုးရတို့အောက်တွင် China Shipbuilding & Offshore International Co. Construction နှင့် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
သို့သော် COVID-19 ကပ်ရောဂါနှင့် ရေငုပ်သင်္ဘောများတွင် တပ်ဆင်မည့် အင်ဂျင် လိုအပ်ချက်များကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရသည်။
၂၀၁၇ ခုနှစ်၊ မေလက လက်မှတ် ရေးထိုးခဲ့သည့် မူလသဘောတူညီချက်အရ အဆိုပါ ရေငုပ်သင်္ဘောများတွင် ဂျာမနီနိုင်ငံလုပ် ဒီဇယ်အင်ဂျင်များ အသုံးပြုရန် သတ်မှတ်ထားသော်လည်း ဂျာမနီက တရုတ်ထံ အင်ဂျင်များ ရောင်းချရန် ငြင်းဆိုခဲ့သည်။
တရုတ်လုပ် ရေငုပ်သင်္ဘောကို တွေ့ရစဉ်
ထို့နောက် တရုတ်က တရုတ်နိုင်ငံလုပ် အင်ဂျင်များကို အသုံးပြုရန် အဆိုပြုခဲ့ပြီး ထိုင်းရေတပ်သည် တရုတ်နိုင်ငံ တွင်လုပ်သည့် CHD620 အင်ဂျင် စမ်းသပ်မှုကို လေ့လာရန် ကျွမ်းကျင်သူအဖွဲ့ စေလွှတ်ခဲ့သည်။
ရေငုပ်သင်္ဘော အင်ဂျင်များနှင့်ပတ်သက်ပြီး ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုးရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) နှင့် ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် ဂျာမနီသည် နေတိုးနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ပြီး တရုတ်အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းကြောင့် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများအတွက် အင်ဂျင်များ မရောင်းချနိုင်ကြောင်း ပစ္စတိုးရီးယပ်စ်က ပြောကြားခဲ့သည်ဟု မစ္စတာဖွမ်သမ်က ဆိုသည်။
ထိုစီမံကိန်းကို ဖျက်သိမ်းပစ်မည်ဆိုပါက ထိုင်းနိုင်ငံဘက်က ပေးခဲ့သည့် ဘတ် ၇ သန်းကို ဆုံးရှုံးမည်ဖြစ်ပြီး ဆက်လက် လုပ်ဆောင်မည်ဆိုပါက တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများတွင် တရုတ်လုပ်အင်ဂျင်များ ပြောင်းလဲ တပ်ဆင်ရမည် ဖြစ်သည်။
အဆိုပါ စီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်ရန် သို့မဟုတ် ဖျက်သိမ်းပစ်ရန် ဆုံးဖြတ်ချက်ရမည့် အချိန်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး မစ္စတာဖွမ်သမ်ကမူ ပြောကြားခဲ့သည်။
ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ထိုင်းရေတပ်၊ တရုတ်နှင့် ဂျာမနီတို့ အပါအဝင် သက်ဆိုင်သည့် အဖွဲ့အစည်းများထံမှ သဘောထားများကို စုဆောင်းခဲ့ကြောင်း၊ ဘတ် ၁၃ ဒသမ ၅ ဘီလျံ တန်ကြေးရှိသည့် ထိုစီမံကိန်းကို ဆုံးဖြတ်ချက် ချရန် အချက်အလက်များ လုံလောက်မှုရှိပြီဟု ယုံကြည်ကြောင်းနှင့် ယခုလကုန် သို့မဟုတ် ဇွန်လအစောပိုင်း ဆုံးဖြတ်ချက် ချမှတ်ဖွယ်ရှိကြောင်း ဖွမ်သမ်က ပြောသည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 405
CNI International News
လန်ဒန်၊ မေလ ၂၁
အစ္စရေး၏ မဟာမိတ်များဖြစ်သည့် ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါတို့က ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေးကို ချဲ့ထွင်နေသော အစ္စရေးအား ဝေဖန်ခြိမ်းခြောက်သည့် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ကြုံးဝါးထားချိန်တွင် ၎င်း၏ မဟာမိတ်များကမူ ပဋိပက္ခ အရှိန်မြင့်တက်လာမှုသည် အလွန် ဆိုးရွားနေကြောင်း ပြောကြားခဲ့သည်။
ဂါဇာတွင် ဖြစ်ပွားနေသည့် အခြေအနေများသည် လက်ခံနိုင်စရာ မဟုတ်ဘဲ အစ္စရေးဝန်ကြီးချုပ် အနေဖြင့် ဂါဇာဒေသအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ချက်ချင်း ခွင့်ပြုပေးသင့်ကြောင်း မဟာမိတ် ၃ နိုင်ငံက တိုက်တွန်းခဲ့သည်။
အစ္စရေးသည် ဂါဇာကို မတ်လ ၂ ရက်ကတည်းက ပိတ်ဆို့ခဲ့ခြင်းဖြစ်သဖြင့် အကူအညီများ ပေးပို့ခွင့်မရဘဲ ကုလသမဂ္ဂ အပါအဝင် အကူအညီပေးရေးအဖွဲ့များက အစ္စရေး၏ ပိတ်ဆို့မှုကို ဝေဖန်ရှုတ်ချခဲ့သည်။
စားနပ်ရိက္ခာကိုတွေ့ရစဉ်
ဂါဇာကမ်းမြောင်ဒေသကို သီတင်းပတ် ၁၁ ပတ်ကြာ ပိတ်ဆို့ခဲ့ပြီးနောက် မေလ ၁၉ ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာဒေသအတွင်းသို့ အစားအစာများ အခြေခံပမာဏ တင်သွင်းခွင့်ပြုမည်ဟု ပြောကြား ခဲ့သည်။
နေတန်ယာဟု၏ အစိုးရအဖွဲ့မှ လက်ယာစွန်း အဖွဲ့ဝင်များကမူ ဂါဇာဒေသအတွင်းသို့ အစားအစာများ မဖြစ် စလောက်ပမာဏ တင်သွင်းခွင့်ပြုသည့် ဆုံးဖြတ်ချက်ကိုပင် ဝေဖန်ခဲ့ကြသည်။
နေတန်ယာဟုကမူ ဂါဇာဒေသအတွင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးခွင့်ပြုရန် တောင်းဆိုသည့် နိုင်ငံတကာ၏ ဖိအားများကြောင့် ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း လူမှုမီဒီယာတွင် ဗွီဒီယိုတင်ပြီး ရှင်းပြခဲ့သည်။
အစားအစာများကို အခြေခံပမာဏသာ တင်သွင်းခွင့်ပြုခြင်းသည် လုံလောက်မှုမရှိကြောင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိတ်ဆို့မှုသည် လက်မခံနိုင်ဘဲ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါတို့က ပူးတွဲထုတ်ပြန်ခဲ့သည်။
ထို့ပြင် အစ္စရေးအနေဖြင့် ၎င်း၏ ထိုးစစ်ကို မရပ်တန့်ဘဲ ဂါဇာဒေသအတွင်းသို့ ထောက်ပံ့မှုများ ခွင့်မပြုပါက ပိတ်ဆို့မှုများ အပါအဝင် ပြင်းထန်စွာ အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ခြိမ်းခြောက်ဖော်ပြခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 362
CNI International News
ဘေဂျင်း၊ မေလ ၂၁
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အစ်ဟက် ဒါး (Ishaq Dar) ၏ ၃ ရက်ကြာ တရုတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကာကွယ်ရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အိန္ဒိယနှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားပြီးနောက် ဒါး၏ ပထမဆုံး ပြည်ပခရီးစဉ်သည် ပါကစ္စတန်အား တရုတ်က ထောက်ခံကြောင်း အိန္ဒိယကို ပြသသည့် ရည်ရွယ်ချက်ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဒါးသည် ဘေဂျင်းတွင် မေလ ၂၁ ရက်အထိ ရှိမည်ဖြစ်သည်။
သူသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ အာဖဂန်နစ္စတန်၏ နိုင်ငံခြားရေးဝန်ကြီး အမီယာ ခန်း မွတ်တာကီ (Amir Khan Muttaqi) တို့နှင့်လည်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အစ်ဟက် ဒါးကို တွေ့ရစဉ်
တရုတ်နှင့် ပါကစ္စတန်တို့သည် ကာကွယ်ရေး ဆက်ဆံမှုများကို ပိုမိုနီးစပ်အောင် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း ဖူဒန်တက္ကသိုလ်၏ တောင်အာရှရေးရာစင်တာမှ ပါမောက္ခ လင် မင်ဝမ် (Lin Minwang) က ပြောကြားခဲ့သည်။
“အိန္ဒိယနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ ပါကစ္စတန်က တရုတ်နိုင်ငံလုပ် တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တာဟာ ပါကစ္စတန်နဲ့ တရုတ်အတွက် ကြီးမားတဲ့ စိတ်အားထက်သန်မှုကို ရရှိစေ ခဲ့ပြီး နှစ်နိုင်ငံစစ်ရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို မြင့်တက်စေခဲ့ပါတယ်” ဟု လင်က ပြောကြား ခဲ့သည်။
ပါကစ္စတန်သည် အိန္ဒိယနှင့် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ပွဲအတွင်း တရုတ်နိုင်ငံလုပ် J-10C တိုက်လေယာဉ် တွင် တရုတ်နိုင်ငံလုပ် PL-15 ဒုံးကျည်များဖြင့် အိန္ဒိယ၏ ပြင်သစ်နိုင်ငံလုပ် Rafale တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ ကြောင်း ကြေညာခဲ့သည်။
အိန္ဒိယအစိုးရကတော့ အိန္ဒိယတိုက်လေယာဉ်များ ပစ်ချခံရသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း ပြောသည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 280
CNI International News
ဘန်ကောက်၊ မေလ ၂၁
ထိုင်း၏ ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ဖြူးထိုင်းပါတီနှင့် ဘူဂျထိုင်းပါတီကြား သဘောထားကွဲလွဲမှုများ မြင့်တက်နေသည်ဆိုသည့် သတင်းကို ဘူဂျထိုင်းပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul ) က ငြင်းဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
“အားလုံးက ပုံမှန်ပါပဲ။ အင်ဒိုနီးရှားသမ္မတအတွက် ကြိုဆိုပွဲကို ဝန်ကြီးအားလုံး တက်ရောက်ကြပါတယ်။ ဘာ တင်းမာမှုမှ မရှိပါဘူး”ဟု အနူတင်က မေလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ပါတီအချို့သည် နိုင်ငံရေးကစားနေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် အနူတင်က ထိုကဲ့သို့ အာမခံ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထွက်ပေါ်နေသည့် သတင်းများအရ ကလာသမ်ပါတီသည် အခြားပါတီမှ လွှတ်တော်အမတ်အချို့ကို ၎င်း လက်အောက်သို့ သွင်းနေသည်။
ထိုလုပ်ဆောင်မှုသည် ၎င်း၏ မဟာမိတ်ဖြစ်သည့် ဖြူးထိုင်းပါတီကို ကူညီလိုသည့် လှုပ်ရှားမှုဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
ဘူဂျထိုင်းပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူလ်ကို တွေ့ရစဉ်
ထိုအချိန်အတောအတွင်း ဘူဂျထိုင်းပါတီသည် ယူနိုက်တက်ထိုင်းနေရှင်ပါတီ(UTN)နှင့် ဆက်ဆံရေး မြှင့်တင် နေပုံရပြီး UTN ပါတီခေါင်းဆောင် ပီရာပန် ဆလီရာသာဗီဘာဂါ (Pirapan Salirathavibhaga) သည် မကြာသေးမီက ဆေးရုံတက်ခဲ့ရသည့် အနူတင်ထံ သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည်။
“ပြည်သူတွေအတွက် အကျိုးရှိမယ်ဆိုရင် ဘူဂျထိုင်းပါတီဟာ အတိုက်အခံတွေ အပါအဝင် ဘယ်ပါတီနဲ့မဆို လက်တွဲလုပ်ဖို့ လမ်းဖွင့်ပေးထားပါတယ်” ဟု အနူတင်က ပြောကြားခဲ့သည်။
ကလာသမ်ပါတီ အင်အားကြီးမားလာမှုသည် အောက်လွှတ်တော်တွင် ဘူဂျထိုင်းပါတီ၏ ဩဇာလွှမ်းမိုးမှုကို ခြိမ်းခြောက်လာနိုင်ခြင်း ရှိ/မရှိ မေးမြန်းခံရချိန်၌ အနူတင်က ပါတီအားလုံး၏ ရည်ရွယ်ချက်သည် ပြည်သူ့အကျိုး အား သယ်ပိုးရန်ဖြစ်သည်ဟု ဖြေကြားခဲ့သည်။
သူသည် ကလာသမ်ပါတီ၏ အကြံပေးဖြစ်သည့် လွှတ်တော်အမတ် သမ္မာနတ် ပရွမ်ပေါင် (Thamanat Prompow) နှင့်လည်း လက်တွဲလုပ်ဆောင်နေသည်ဟု အနူတင်က ပြောသည်။
ညွန့်ပေါင်းအစိုးရအဖွဲ့သည် ပြုပြင်ဖွဲ့စည်းဖွယ် ရှိနေသည်ဆိုသည့် သတင်းများကို ဒုတိယဝန်ကြီးချုပ်ဖြစ်သော အနူတင်က ငြင်းဆိုခဲ့ပြီး အစိုးရအဖွဲ့သည် လွှတ်တော်ကိုယ်စား ၃၂၀ ကျော်နှင့်အတူ တည်ငြိမ်စွာ ရှိနေသည်ဟု ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 289
CNI International News
ဒူဘိုင်း ၊ မေလ ၂၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ် သည် အရှေ့အလယ်ပိုင်း သံတမန် အခင်းအကျင်းကို ပြန်လည်ပုံဖော်ရာ ရောက်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
အထူးသဖြင့် ထရမ့်သည် ထိုခရီးစဉ်အတွင်း ၎င်း၏ မဟာမိတ်ဖြစ်သည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နှင့် တွေ့ဆုံခဲ့ခြင်းမရှိဘဲ အစ္စရေး၏ ရန်ဘက်ဖြစ်သည့် ဆီးရီးယားသမ္မတ အာမက် အယ်ရှာရား (Ahmed al-Sharaa) နှင့်တွေ့ဆုံပြီး လက်ဆွဲနှုတ်ဆက်ခဲ့သည်။
အစ္စရေးက အယ်ရှာရားကို အနောက်တိုင်း ဝတ်စုံဝတ်ထားသည့် အယ်ကေဒါ အကြမ်းဖက်သမားဟု အစ္စရေးက ပြောကြားထားသည်။
ကာတာရောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
သို့သော် ထရမ့်သည် ယခုသီတင်းပတ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံတွင် အယ်ရှာရားနှင့် တွေ့ဆုံခဲ့ချိန်က အယ်ရှာရားကို အလားအလာရှိသည့် စစ်မှန်သောခေါင်းဆောင်ဟု ချီးကျူးပြောဆိုခဲ့သည်။
ထို့ကြောင့် ယခုသီတင်းပတ်အတွင်း ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီးနိုင်ငံများသို့ သွားရောက်ခဲ့သည့် ထရမ့်၏ ၄ ရက်ကြာ ခရီးစဉ်သည် အရှေ့အလယ်ပိုင်း၏ သံတမန် အခင်းအကျင်းကို ပြန်လည်ပုံဖော်ခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဆွန်နီများ ဦးဆောင်သည့် အရှေ့အလယ်ပိုင်း အခင်းအကျင်း ပေါ်ထွက်လာမှုသည် ရှီးယိုက်နိုင်ငံဖြစ်သော အီရန်၏ လက်အောက်ခံ လက်နက်ကိုင် အင်အားစုများကို မှေးမှိန်စေခဲ့ပြီး အစ္စရေးကို ဘေးရောက်သွားစေခဲ့ကြောင်း ဒေသ တွင်းနှင့် အနောက်နိုင်ငံများမှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်
ထို့ပြင် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သည့် အစ္စရေးကိုလည်း အမေရိကန်အစိုးရက စိတ်မရှည်တော့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထရမ့်၏ ခရီးစဉ်အရ အကျိုးရလဒ်ကို မျှော်သည့် အရှေ့အလယ်ပိုင်းဆိုင်ရာ သံတမန် အခင်းအကျင်းကို မြင်တွေ့ ခဲ့ရပြီး နေတန်ယာဟု အနေဖြင့် အမေရိကန်၏ အလုံးစုံ ထောက်ခံမှုကို ရရှိရန် မသေချာတော့သည့် အခြေအနေ သို့ ရောက်ရှိစေခဲ့ကြောင်း ထိုသတင်းရင်းမြစ်များက ပြောသည်။
“အစိုးရအဖွဲ့က နေတန်ယာဟုကို အရမ်းစိတ်ပျက်နေပြီး စိတ်ပျက်တဲ့ အကြောင်းကိုလည်း ပြသနေပါတယ်” ဟု အမေရိကန်သမ္မတဟောင်း ဂျော့ချ် ဒဗလျူဘုရှ် (George W. Bush) လက်ထက်က အရှေ့ပိုင်းရေးရာ ဒုနိုင်ငံခြား ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဒေးဗစ် ရှန်ကာ (David Schenker) က ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 380
CNI International News
ဘန်ကောက်၊ မေလ ၂၀
ယခုလအစောပိုင်းက အမေရိကန်လေတပ်၏ ဗိုလ်မှူးချုပ် ဒေါက် ဝစ်ကတ် (Doug Wickert) သည် ကယ်လီဖိုးနီးယား (California) ပြည်နယ်ရှိ Edwards လေတပ်စခန်းတွင် မြို့ခံခေါင်းဆောင်များကို အစည်းအဝေးခေါ်ယူပြီး တရုတ်နှင့် ဖြစ်နိုင်ခြေရှိသည့် စစ်ပွဲနှင့်ပတ်သက်ပြီး သတိပေးခဲ့သည်။
အကယ်၍ တရုတ်သည် ထိုင်ဝမ်ကို တိုက်ခိုက်မည်ဆိုပါက ကယ်လီဖိုးနီးယား ပြည်နယ်သည်လည်း ထိခိုက်ဖွယ်ရှိသည့်အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ဝစ်ကတ်က ပြောသည်။
အမေရိကန်၏ ထိပ်သီးလေယာဉ်မှူး တစ်ဦးဖြစ်ပြီး အမှတ် ၄၂၁ လေ့ကျင့်ရေးဌာနအား ဦးဆောင်နေသည့် ဝစ်ကတ်က တရုတ်သည် စစ်အင်အားကို လျင်မြန်စွာ မြှင့်တင်နေပြီး ကြီးမားသည့် စစ်ပွဲအတွက် ပြင်ဆင်နေ သည်ဟု ပြောကြားခဲ့သည်။
တရုတ်စစ်တပ်ကို တွေ့ရစဉ်
ကယ်လီဖိုးနီးယားပြည်နယ်တွင် ထုတ်လုပ်သည့် လေယာဉ်များသည် အလွန်အရေးကြီးပြီး ၁၉၉၀ ပြည့်နှစ် ကာလများက ထုတ်လုပ်ခဲ့သော B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်များ နေရာ၌ အစားထိုးထားသည့် B-21 Raider ဗုံးကြဲလေယာဉ်များသည် တရုတ်ကို ခြောက်လှန့်ရန် အဓိကကျကြောင်း ပြောကြားခဲ့သည်။
သို့သော် ထိုလေယာဉ်များဖြင့် ခြောက်လှန့်သည့် အစီအစဉ်သည် အလုပ်မဖြစ်ပါက တရုတ်သည် ကယ်လီဖိုးနီးယားရှိ Northrop Grumman ကုမ္ပဏီ အပါအဝင် အမေရိကန် စစ်လေယာဉ်များကို ထုတ်လုပ် နေသော စက်ရုံများကို တိုက်ခိုက်ဖွယ်ရှိသည်။
“တကယ်လို့ စစ်ဖြစ်လာပြီဆိုရင် ဒီမှာလည်း ဖြစ်လာပါလိမ့်မယ်”ဟု ဝစ်ကတ်က ပြောကြားခဲ့သည်။
ထို့နောက် တိုက်ခိုက်မှုများထဲတွင် ဓာတ်အားလိုင်းများနှင့် အခြား အရေးကြီးစနစ်များကို ပိတ်ချနိုင်သည့် ဆိုက်ဘာစစ်ဆင်ရေးလည်း ပါဝင်ကြောင်း ၎င်းက သတိပေးခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို တိုက်ခိုက်ရန်အတွက် အသင့် ပြင်ထားရန် တရုတ်စစ်တပ်ကို ညွှန်ကြားထားသည်ဟု အမေရိကန်အရာရှိများက ယူဆထားသည်။
အမေရိကန် ရဲဘော်တွေကိုတွေ့ရစဉ်
၁၉၇၉ ခုနှစ်က အမေရိကန်သည် တရုတ်ကို တရားဝင် အသိအမှတ်ပြုခဲ့သည်။ ထိုအချိန်မှစပြီး အမေရိကန်သည် ထိုင်ဝမ် အရေးနှင့်ပတ်သက်၍ အဓိပ္ပာယ်နှစ်ခွထွက်သည့် မဟာဗျူဟာကို ကျင့်သုံးခဲ့သည်။
ထိုမဟာဗျူဟာအရ အမေရိကန်သည် ထိုင်ဝမ်ကို ကာကွယ်ပေးမည်ဟုလည်း မပြော၊ မကာကွယ်ဘူးဟုလည်း မပြောထားဘဲ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေတွင်မူ တရုတ်က ထိုင်ဝမ်ကို အင်အားသုံး လာမည်ဆိုလျှင် အမေရိကန်စစ်တပ်က ရပ်တန့်ရန် အသင့်ရှိနေရမည်ဟု ပြောထားသည်။
ထို့ကြောင့် အမေရိကန်သည် တရုတ်နှင့် ရှည်ကြာပြီး ပြင်းထန်သည့် စစ်ပွဲအတွက် ပြင်ဆင်ထာသော အဓိပ္ပာယ် ရသည်။
တရုတ်အနေဖြင့် ထိုင်ဝမ်ကို တိုက်ခိုက်မည်ဆိုပါက မိမိတို့က ပြန်လည် တိုက်ခိုက်မည်ဖြစ်ပြီး စစ်ပွဲသည် အလျင်အမြန် ပြီးဆုံးလိမ့်မည် မဟုတ်ကြောင်း အမေရိကန်ထိပ်သီး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Source: The Nation

- By CNI
- Category: နိုင်ငံရေး
- Hits: 335
CNI International News
ဘန်ကောက်၊ မေ ၂၀
ထိုင်းနိုင်ငံတွင် ညွန့်ပေါင်းအစိုးရအဖွဲ့ဝ င်ပါတီများဖြစ်သည့် ဖြူးထိုင်းပါတီနှင့် ဘူဂျထိုင်းပါတီတို့ကြား နိုင်ငံရေး တင်းမာမှုများ မြင့်တက်နေပြီး ညွှန့်ပေါင်းအစိုးရအဖွဲ့သည် အားနည်းလာခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံသည် စီးပွားရေး တုံ့ဆိုင်းမှုနှင့် နိုင်ငံရေးတင်းမာမှု၏ ဖိအားများကို ခံနေရချိန်တွင် ယခု ညွှန့်ပေါင်းအစိုးရ အဖွဲ့အတွင်း တင်းမာမှုများသည် တစ်ပူပေါ် နှစ်ပူဆင့်သည့် အခြေအနေသို့ ရောက်ရှိစေခဲ့ပြီး အတိမ်းအစောင်း မခံနိုင်သော အနေအထား ဖြစ်လာခဲ့သည်။
ညွှန့်ပေါင်းအစိုးရအဖွဲ့တွင် ဖြူးထိုင်းပါတီ၏ ပေတုန်တန်(Paetongtarn Shinawatra) က ဝန်ကြီးချုပ်ရာထူး ရရှိထားသကဲ့သို့ ဘူဂျထိုင်းပါတီမှ အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ကလည်း ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးနေရာများ ရရှိထားသဖြင့် ဘူဂျထိုင်းပါတီသည် အစိုးရအဖွဲ့ အတွင်းရေးကိစ္စများကို သိသိ သာသာ ထိန်းချုပ်ထားနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လက အထက်လွှတ်တော်ကို အသစ်ရွေးကောက် တင်မြှောက်ခဲ့မှုသည် ဖြူးထိုင်းပါတီ၏ အုပ်ချုပ်မှုကို စိန်ခေါ်မှု ဖြစ်လာနိုင်ပြီး ကွန်ဆာဗေးတစ်နှင့် ဘုရင်စနစ်ကို ထောက်ခံသည့် အင်အားစုများနှင့် ချိတ်ဆက်မှု ပိုမိုအားကောင်းသော ဘူဂျထိုင်းပါတီက ပိုမိုအင်အားကောင်းလာခဲ့သည်။
ညွှန့်ပေါင်းအစိုးရအဖွဲ့သည် စည်းလုံးညီညွတ်မှုရှိကြောင်း ပြည်သူကို အတည်ပြု ကြေညာခဲ့သည့်တိုင် ညွှန့်ပေါင်း အဖွဲ့ဝင်များကြား တင်းမာမှုများသည် ပေါ်ပေါက်လာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ထို့ပြင် မူဝါဒပိုင်းတွင်လည်း သဘောထား ကွဲလွဲမှုများ ရှိခဲ့ပြီး ဘူဂျထိုင်းပါတီသည် ကာစီနိုလုပ်ငန်းများကို တရားဝင် ခွင့်ပြုပေးမည့် ဖြူးထိုင်းပါတီ၏ ဥပဒေမူကြမ်းကို ဆန့်ကျင်ခဲ့သလို အခြေခံ အဆောက်အအုံနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကို ပိုမိုအာရုံစိုက်ရန် ဘူဂျထိုင်းပါတီက ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံအတွင်း ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ရန် ဖြူးထိုင်းပါတီက ကြိုးပမ်းခဲ့သော်လည်း ဘူဂျထိုင်းပါတီကတော့ ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့်ပေးသည့် မူဝါဒကို ဖော်ဆောင်ခဲ့သည်။
ထို့နောက် အဆိုပါ ကိစ္စတွင် ထိပ်တိုက်တွေ့ခဲ့သည်။
အထက်ဖော်ပြပါ ထိပ်တိုက်တွေ့မှုများအပြင် ဖြူးထိုင်းနှင့် ဘူဂျထိုင်းပါတီ၏ ထိပ်သီး ခေါင်းဆောင်များကြား အငြင်းပွားမှုများစွာ ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ တအုံ့နွေးနွေး ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် နည်းလမ်း ၃ ခုရှိသည်။
ထိုနည်းလမ်း ၃ ခုမှာ အစိုးရအဖွဲ့ကို ပြုပြင်ဖွဲ့စည်းရန် သို့မဟုတ် ပေတုန်တန် ရာထူးမှနုတ်ထွက်ရန် သို့မဟုတ် ပါလီမန်ကို ဖျက်သိမ်းရန် အစရှိသည့် အချက် ၃ ချက်ကို လုပ်ဆောင်ရမည်ဟု The Nation သတင်းတွင် သုံးသပ် ဖော်ပြခဲ့သည်။
Source: The Nation

- By CNI
- Category: နိုင်ငံရေး
- Hits: 369
CNI International News
ဘေဂျင်း၊ မေလ ၂၀
တရုတ်၏ Jiu Tian အမည်ရှိ ဒရုန်းတစ်စင်းသည် ဇွန်လကုန်တွင် ၎င်း၏ပထမဆုံး မစ်ရှင်အဖြစ် စတင်ပျံသန်း တော့မည်ဖြစ်ပြီး တရုတ်လေတပ်၏ မောင်းသူမဲ့လေယာဉ် တိုက်ခိုက်ရေး စွမ်းဆောင်ရည်ကို ပိုမိုချဲ့ထွင်ရန် အုတ်မြစ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဒရုန်းကို လွှတ်တင်မည့် အကြောင်းနှင့်ပတ်သက်၍ တရုတ်မီဒီယာများက ပြီးခဲ့သည့် သီတင်းပတ်ကုန်ကတည်းက ဖော်ပြခဲ့ပြီး နိုင်ငံပိုင် CCTV ရုပ်သံက မေလ ၁၉ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်လုပ်ခဲ့သည့် ဒရုန်းများ တင်ဆောင်ပျံသန်းနိုင်သည့် Jiu Tian ဒရုန်းကို မလွှတ်တင်မီ စမ်းသပ်မှုများ ဆက်တိုက် ပြုလုပ်မည်ဖြစ်သည်။
မြင့်မားသောကောင်းကင်ဟု အဓိပ္ပာယ်ရသည့် Jiu Tian ဒရုန်းသည် နိုဝင်ဘာလက တရုတ်၏ Zhuhai လေကြောင်းပြပွဲတွင် စတင်ပွဲထုတ်ခဲ့သော တာဝေးပျံသန်းနိုင်သည့် အကြီးစား မောင်းသူမဲ့လေယာဉ် သို့မဟုတ် ဒရုန်းဖြစ်သည်။
တရုတ်ထုတ် ဒရုန်းကို တွေ့ရစဉ်
ထိုဒရုန်းသည် ကီလိုမီတာ ၇၀၀၀ (မိုင် ၄၃၅၀) အကွာအဝေးကို အမြင့် ၁၅,၀၀၀ မီတာမှ ပျံသန်းနိုင်ပြီး လက်နက် ခဲယမ်းများနှင့် အသေးစားဒရုန်းများ စုစုပေါင်း အလေးချိန် ၆ တန်ကို သယ်ဆောင် ပျံသန်းနိုင်စွမ်းရှိသည်။
မြေပြင်မှ အလေးချိန် ၁၆ တန်ဖြင့် စတင်ပျံသန်း ထွက်ခွာနိုင်ပြီး လေယာဉ်တောင်ပံ ၂၅ မီတာရှည်လျားကာ လက်ရှိ ကမ္ဘာတစ်ဝန်း အသုံးပြုနေသည့် တာလတ် လေကြောင်းကာကွယ်ရေး စနစ်အများစု၏ အကွာအဝေးကို ကျော်လွန်ကာ ပျံသန်းနိုင်သည်။
ထိုဒရုန်းပေါ်တွင် လက်နက်ခဲယမ်းများ သို့မဟုတ် အသေခံဒရုန်းများကဲ့သို့ အသေးစားဒရုန်း အစင်း ၁၀၀ ကို သယ်ဆောင်နိုင်ပြီး ထိုအသေးစား ဒရုန်းများကို သတ်မှတ်ထားသည့် ပစ်မှတ်များ၏ အကွာအဝေးအတွင်း ရောက်ရှိချိန်တွင် လေယာဉ်ဝမ်းဗိုက်မှတဆင့် ကြဲချနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 389
CNI International News
ထရီပိုလီ၊ မေလ ၁၉
အမေရိကန်အစိုးရသည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများကို လစ်ဗျားနိုင်ငံသို့ ရွှေ့ပြောင်းနေရာ ချထား ပေးရန် စီစဉ်နေသည်ဆိုသည့် သတင်းများအား လစ်ဗျားနိုင်ငံရှိ အမေရိကန်သံရုံးက မေလ ၁၈ ရက်တွင် ငြင်းဆိုခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရသည် ဂါဇာမှ ပါလက်စတိုင်း ၁ သန်းခန့်ကို လစ်ဗျားတွင် ရာသက်ပန် ရွှေ့ပြောင်းနေရာ ချထားရန် စီစဉ်နေသည်ဟု မေလ ၁၅ ရက်တွင် NBC News က ဖော်ပြခဲ့သည်။
NBC News သည် ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး နီးစပ်သည့် အမေရိကန်အရာရှိဟောင်းတစ်ဦး၊ လူ ၂ ဦး အပါအဝင် စုစုပေါင်း လူ ၅ ဦး၏ ပြောကြားမှုများကို ကိုးကားပြီး ထိုကဲ့သို့ သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
“ဂါဇာဒေသခံတွေကို လစ်ဗျားကို ရွှေ့ပြောင်းနေရာ ချထားပေးမယ်ဆိုတဲ့ သတင်းဟာ မမှန်ပါဘူး” ဟု အမေရိကန် သံရုံးက X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။
လစ်ဗျားနိုင်ငံအတွင်း တစ်နေရာကို တွေ့ရစဉ်
ထရီပိုလီ (Tripoli) မြို့တော်အခြေစိုက် နိုင်ငံတကာ အသိအမှတ်ပြု အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရကမူ ထိုကြောင်းအရာနှင့်ပတ်သက်ပြီး ချက်ချင်း မှတ်ချက်မပေးခဲ့ပေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်က လွှဲပြောင်း ရယူလိုပြီး ဂါဇာရှိ ပါလက်စတိုင်းများကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းနေရာ ချထားပေးလိုကြောင်း ပြောကြား ခဲ့ဖူးသည်။
ထရမ့်၏ ပြောကြားချက်ကို ပါလက်စတိုင်းများက အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး ထိုအခြေအနေသည် ၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံ ပေါ်ပေါက်စေခဲ့သည့် သိန်းနှင့်ချီသည့် ပါလက်စတိုင်းများက ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ရသည့် အခြေအနေမျိုးနှင့် တူညီနေကြောင်း ပြောကြားခဲ့သည်။
ထရမ့်သည် သမ္မတတာဝန်ကို စတင်ရယူခဲ့ပြီးနောက် အမေရိကန်၏ မဟာမိတ်များဖြစ်သည့် အီဂျစ်နှင့် ဂျော်ဒန် တို့ကို ဂါဇာမှ ပါလက်စတိုင်းများအား လက်ခံထားရှိစေလိုကြောင်း ပြောကြားခဲ့သည်။
သို့သော် အီဂျစ်နှင့် ဂျော်ဒန် နှစ်နိုင်ငံစလုံးက ထိုအစီအစဉ်ကို ငြင်းဆိုခဲ့ပြီး ထရမ့်၏ ပြောကြားချက်ကို ပါလက်စတိုင်းများနှင့် အာရပ်နိုင်ငံများ အပါအဝင် နိုင်ငံတကာက ရှုတ်ချခဲ့သည်။
Source: ရိုက်တာ