CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၀

ထိုင်းနိုင်ငံ၏ အကြီးဆုံးကျားဖြန့်ဂိုဏ်းထဲတွင် ပါဝင်ခဲ့သည့် ဒုစရိုက်သမား ၇၀ ကို ထောင်ဒဏ် ၂၄ နှစ်အထိ ချမှတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သန်းဆောင်ပြည်နယ် တရားရုံးသည် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်က ချမှတ်ခဲ့သည့် တရားခံ ၇၀ ဦး၏ ပြစ်ဒဏ် များကို အတည်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဇူလိုင် ၉ ရက်တွင် ကြေညာ ခဲ့သည်။

တရုတ်နှင့်ထိုင်းနိုင်ငံသားများ ပါဝင်သည့် ထိုကျားဖြန့်ဂိုဏ်းကို နာခွန်းစီသမ္မာဆက် (Nakhon Si Thammarat) ပြည်နယ်ရှိ ၄ ထပ်တိုက် အဆောက်အအုံတစ်ခုတွင် ဖမ်းဆီးရမိခဲ့သည်။

ထိုကျားဖြန့်ဂိုဏ်းသည် ထိုင်းနိုင်ငံသမိုင်းတွင် ဖမ်းဆီးရမိခဲ့သည့် အကြီးမားဆုံး ဒုစရိုက်ကွန်ရက် တစ်ခု ဖြစ်ကြောင်း DSI က ထုတ်ပြန်ခဲ့သည်။

ထိုင်း ကျားဖြန့်ဂိုဏ်းကို ဖမ်းဆီးရမိစဉ်

ရဲတပ်ဖွဲ့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး စစ်ဆင်ရေးပြုလုပ်ခဲ့ကာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် DSI ၊ ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရို၊ အလုပ်သမားရေးဌာနတို့က ချာဝမ် (Chawang ) ခရိုင်ရှိ အဆောက်အအုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ထိုစစ်ဆင်ရေးအတွင်း တရုတ်နိုင်ငံသား ၅၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁၉ ဦး၊ စုစုပေါင်း ၇၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ကွန်ပျူတာ ၂၂၃ လုံး၊ မိုဘိုင်းဖုန်း ၁၀၀၁ လုံး၊ အိုင်ပက် ၁၄ လုံး၊ ဆင်းကဒ် ၂၉၈ ကဒ်၊ ဘဏ်အကောင့် ၈၆ ခုနှင့် တရားမဝင် တင်သွင်းထားသည့် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူများအနက် လူပေါင်း ၇၀ ကို ပြစ်မှုထင်ရှား တွေ့ရှိခဲ့ပြီး ဂိုဏ်းခေါင်းဆောင်များကို ထောင်ဒဏ် ၂၄ နှစ် စီ ချမှတ်ခဲ့ကာ ကျန်တရားခံများကို ထောင်ဒဏ် နှစ်အနည်းငယ်စီ အသီးသီး ချမှတ်ခဲ့သည်။

ထို့ပြင် တရားခံများ အနေဖြင့် ၎င်းတို့ လိမ်ညာခဲ့သည့် ငွေကြေးများကို နစ်နာသူများအား ပြန်လည်ပေးအပ်ရန် လည်း စီရင်ချက် ချမှတ်ခံခဲ့ရသည်။

Source: ဘန်ကောက်ပို့စ်