- By CNI
- Category: နိုင်ငံရေး
- Hits: 432
CNI International News
ဒမတ်စကတ်၊ ဇန်နဝါရီ ၂၁
အီရတ်နိုင်ငံ၏နယ်စပ်မှ ၅၀ ကီလိုမီတာ (၃၁ မိုင်) ခန့်အကွာရှိ ဆီးရီးယားနိုင်ငံ၊ ရှာဒါဒီ (Shaddadeh) မြို့ရှိ အကျဉ်းထောင်တစ်ခုမှ အိုင်အက်စ်(IS) အကြမ်းဖက်သမားများ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုအကျဉ်းသားများ ထွက်ပြေးမှုနှင့် ပတ်သက်ပြီး ဆီးရီးယား အစိုးရတပ်များနှင့် ကာ့ဒ်ဦးဆောင်သော ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) တို့သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အပြစ်တင်နေကြသည်။
အကျဉ်းထောင်ကို ထိန်းချုပ်ထားသည့် SDF တပ်ဖွဲ့များသည် အကျဉ်းသားများကို တမင်လွှတ်ပေးခဲ့သည်ဟု အစိုးရစစ်တပ်က စွပ်စွဲထားသည်။
သို့သော် SDF ဘက်ကမူ အစိုးရတပ်များ၏ တိုက်ခိုက်မှုကြောင့် အကျဉ်းထောင်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ယခုကဲ့သို့ အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတနဲ့ ကာ့ဒ်သူပုန် ခေါင်းဆောင်ကို တွေ့ရစဉ်
ယခုကဲ့သို့ အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်သွားမှုကြောင့် ဆီးရီးယားအစိုးရတပ်များသည် ရှာဒါဒီ (Shaddadeh) မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် SDF တပ်ဖွဲ့များသည် အကျဉ်းထောင်များကို ထိန်းချုပ်ထားပြီး ထိုထောင်များထဲ၌ အိုင်အက်စ် အဖွဲ့ဝင် ၉၀၀၀ ခန့်ကို နှစ်ပေါင်းများစွာကြာ ဖမ်းဆီးထားခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသည့် အိုင်အက်စ် အစွန်းရောက်အများစုမှာ ၂၀၁၄ ခုနှစ်၊ ဇွန်လက ဆီးရီးယားနှင့် အီရတ်နိုင်ငံ နယ်မြေ အမြောက်အမြားကို သိမ်းပိုက်ခဲ့ချိန်က ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြ သူများ ဖြစ်သည်။
ဆီးရီးယားအစိုးရ စစ်တပ်ကမူ အကျဉ်းထောင်ကို တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားပြီး အကျဉ်းထောင် လုံခြုံရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သလို ထွက်ပြေးသွားသူများကိုလည်း ပြန်လည် ဖမ်းဆီး သွားမည်ဟု ဆိုသည်။
အကျဉ်းသားမည်မျှ ထွက်ပြေးသွားသည်ကိုမူ အစိုးရက ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့သော်လည်း ကာ့ဒ် သတင်းဌာန တစ်ခုကမူ ထွက်ပြေးသွားသည့် အကျဉ်းသား အရေအတွက်မှာ ၁,၅၀၀ ခန့် ရှိနိုင်ကြောင်း ဖော်ပြ ထားသည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 464
CNI International News
ဒါကာ၊ ဇန်နဝါရီ ၂၁
၂၀၂၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheik Hasina) ကို ရာထူးမှ ဖြုတ်ချနိုင်ခဲ့သည့် လူထုဆန္ဒပြပွဲများ၏ အဓိက မောင်းနှင်အားဖြစ်သော ကျောင်းသားခေါင်းဆောင်များသည် လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးလောက၌ ဘေးဖယ်ခံနေရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ် တော်လှန်ရေးတွင် ကျောင်းသားခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အဓိကနေရာ၌ ပါဝင်ခဲ့ သော်လည်း ယခုအခါမှာတော့ နိုင်ငံရေးအရ ဘေးဖယ်ခံထားရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးလောက၌ အဓိက ဦးဆောင်သူအဖြစ် ပြန်လည် ပေါ်ထွက်လာသည့် ဂျမတ် အီ အစ္စလာမစ် (Jamaat-e-Islami) ပါတီ ဦးဆောင်သော ရွေးကောက်ပွဲဆိုင်ရာ မဟာမိတ်အဖွဲ့သစ်၌ လူငယ် ခေါင်းဆောင်များအတွက် လွှတ်တော်အမတ်နေရာ အနည်းငယ်သာ ခွဲတမ်းရရှိခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ သဘောတူညီချက်အရ ကျောင်းသားများ ဦးဆောင်သည့် National Citizen Party (NCP) သည် မဟာမိတ်အဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် ၂၅၃ ခုအနက် နေရာ ၃၀ တွင်သာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

National Citizen Party (NCP) မှ လူငယ်တွေကို တွေ့ရစဉ်
သို့သော် ဂျမတ် (Jamaat) ပါတီ အတွက်မူ မဲဆန္ဒနယ် ၁၇၉ ခု အထိ ခွဲတမ်းရရှိထားသည်။
ထိုခွဲတမ်းအရ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပြီး နိုင်ငံကို အုပ်ချုပ်သည့် နေရာ၌ လူငယ် ခေါင်းဆောင်များ အနေဖြင့် မည်မျှအထိ သြဇာလွှမ်းမိုးမှု ရှိမည်နည်းဆိုသည့် အချက်အပေါ် မေးခွန်းများ ထွက်ပေါ် ခဲ့သည်။
မဲဆန္ဒရှင် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်မှာ အသက် ၁၈ နှစ်မှ ၃၇ နှစ်ကြား လူငယ်များဖြစ်သည်။
ထိုလူငယ်များ၏ ဆန္ဒမဲများသည် ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်သော အင်အားစုတစ်ခု ဖြစ်နေချိန်တွင် နိုင်ငံရေး အပြောင်းအလဲအတွက် မျှော်လင့်ချက်အဖြစ် ယူဆခံထားရသည့် လူငယ်ခေါင်းဆောင်များ ဘေးဖယ် ခံထားရခြင်းအပေါ် စိုးရိမ်မှုများလည်း မြင့်တက်လာစေခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 362
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်း၏ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်တွင် ပါဝင်ရန် ထိုင်းနိုင်ငံကို ဖိတ်ကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုဖိတ်ကြားချက်ကို ထိုင်းအစိုးရက ပြန်လည်သုံးသပ်နေသည်။
အမေရိကန်၏ အစီအစဉ်တွင် ထိုင်းနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်မည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) တစ်ခု ထူထောင်ရန် အစီအစဉ်များ ပါဝင်ပြီး ထိုဖိတ်ကြားချက်၏ အနှစ်သာရနှင့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဂရုတစိုက် စဉ်းစားသုံးသပ်နေကြောင်း ထိုင်းအစိုးရ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် မူအားဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိစေရန်နှင့် ပါလက်စတိုင်းများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အထောက်အကူ ပြုနိုင်မည့် မည်သည့် လုပ်ဆောင်ချက်ကိုမဆို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
သို့သော် မည်သည့် လုပ်ငန်းစဉ်မဆို ပါလက်စတိုင်းများ၏ မျှော်မှန်းချက်များကို ထင်ဟပ်စေရမည်ဖြစ်ပြီး ဒေသတွင်း နိုင်ငံများ၏ ထောက်ခံမှုကိုလည်း ရရှိရန်လိုအပ်ကြောင်း ထိုင်းအစိုးရက အလေးပေး ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ အပြင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့်အညီ အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားမည့် “နှစ်ပြည်ထောင် မူဝါဒ” (Two-state solution) ကို ထောက်ခံသည့် ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 410
CNI International News
ပြုံယမ်း၊ ဇန်နဝါရီ ၂၁
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် တာဝန်ယူမှုမရှိဘဲ ရိုင်းပျပြီး အရည်အချင်း မရှိသည့် ထိပ်သီးအရာရှိကြီးများကို အပြစ်များကို ဖော်ထုတ်ဆုံးမခဲ့ပြီးနောက် ဒုဝန်ကြီးချုပ် တစ်ဦးကို ရာထူးမှ ထုတ်ပယ် လိုက်ကြောင်း DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏ စက်မှုကုန်ထုတ်လုပ်ငန်းကို ကြီးကြပ်ရသည့် ဒုဝန်ကြီးချုပ် ယန်ဆောင်ဟို (Yang Sung Ho) သည် မလိုအပ်ဘဲ အရှုပ်အထွေးများကို ဖြစ်ပွားစေခဲ့သည့်အတွက် ၎င်းအား ရာထူးမှ ချက်ချင်း ထုတ်ပယ်လိုက် ခြင်းဖြစ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
ကင်မ်သည် ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သော ယွန်ဆောင်း (Ryongsong) စက်မှုဇုန် ပထမအဆင့် ခေတ်မီ တိုးတက်ရေး စီမံကိန်း အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့ ခြင်း ဖြစ်သည်။
“ရဲဘော် ဒုဝန်ကြီးချုပ်ခင်ဗျာ။ အချိန်မနှောင်းခင်မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆို ပါတယ်” ဟု ကင်မ်က ပြောကြားခဲ့သည်။
ကင်မ်သည် စက်မှုဇုန်အသစ်အတွင်း လှည့်လည်ကြည့်ရှုချိန်တွင် အရည်အချင်းမရှိသော အရာရှိများကြောင့် ထိုစီမံကိန်းတွင် စီးပွားရေးအရ ဆုံးရှုံးမှု အများအပြားရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ထို့ပြင် လက်လျှော့တတ်သည့်စိတ်၊ တာဝန်မဲ့မှုနှင့် တက်ကြွမှု မရှိခြင်းတို့ဖြင့် အသားကျနေပြီဖြစ်သည့် အရာရှိ များကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်။
ကင်မ်သည် ဒုဝန်ကြီးချုပ် ယန်ကို ပါတီ အစည်းအဝေး တစ်ခုအတွင်း ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်း၏လုပ်ဆောင်ချက် များအား အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
ယန်သည် ကြီးလေးသော တာဝန်များကို ပေးအပ်ရန် မသင့်တော်သူဖြစ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
“ရှင်းရှင်းပြောရရင် နွားလှည်းမှာ ဆိတ်တစ်ကောင်ကို ချည်ထားသလိုပါပဲ။ ဒါဟာ ကျနော်တို့ရဲ့ အရာရှိခန့်အပ်မှု လုပ်ငန်းစဉ်မှာ မှားယွင်းသွားတဲ့ မတော်တဆ အမှားတစ်ခုပါပဲ။ တကယ်တမ်းမှာတော့ လှည်းကို ဆွဲရမှာ နွားဖြစ် ရမှာပါ။ ဆိတ် မဟုတ်ပါဘူး” ဟု ကင်မ်က ပြောသည်။
ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်သည့် မြောက်ကိုရီးယားသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ အတွင်း စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာခဲ့သည်။
စီးပွားရေး ပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းရာတွင် ခေါင်းဆောင် ကင်မ်ဂျုံအန်သည် မူဝါဒပိုင်းဆိုင်ရာ မအောင်မြင်မှုများအတွက် ထိပ်သီး အရာရှိကြီးများကို လူသိရှင်ကြား ပြစ်တင်ကြိမ်းမောင်းခြင်း သို့မဟုတ် ရာထူးမှ ထုတ်ပယ်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 456
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၂၀
ဂါဇာဒေသ၏ အစီအစဉ်များကို ကြီးကြပ်ကွပ်ကဲရန်နှင့် ကမ္ဘာ့ရေးရာများတွင် ပိုမိုကျယ်ပြန့်သော လုပ်ပိုင်ခွင့်များ ရရှိရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့(Board of Peace) တွင် ပါဝင်ရန် အမေရိကန်က အခြားနိုင်ငံ ၈ နိုင်ငံကို ထပ်မံဖိတ်ကြားထားကြောင်း အေပီမှ ဖော်ပြခဲ့ သည်။
ထိုနိုင်ငံများထဲမှ ဟန်ဂေရီနှင့် ဗီယက်နမ် နိုင်ငံတို့က ထရမ့်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုဘုတ်အဖွဲ့တွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်လိုပါက အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်ရမည်ဖြစ် ကြောင်း အများပြည်သူသို့ ထုတ်ပြန်ခြင်း မရှိသေးသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ပဋိညာဉ်စာတမ်းနှင့် ပတ်သက် ၍ အမည်မဖော်လိုသော အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
သို့သော် ၃ နှစ် သက်တမ်းရှိသည့် ယာယီအဖွဲ့ဝင်အဖြစ် ပါဝင်လိုပါက ငွေကြေးထည့်ဝင်ရန် မလိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဂါဇာဒေသကို တွေ့ရစဉ်
ကောက်ခံရရှိသော ငွေများကို ဂါဇာဒေသ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုသွားမည်ဖြစ်ပြီး အခြားနိုင်ငံ တကာ အဖွဲ့အစည်းများ၌ ကြုံတွေ့နေရသည့် များပြားသော လစာငွေပေးချေမှုများ၊ အုပ်ချုပ်ရေးပိုင်းတွင် မလိုအပ် ဘဲ ဝန်ထမ်းဖောင်းပွမှုများ ရှိလာလိမ့်မည် မဟုတ်ကြောင်း အမေရိကန်အရာရှိက ပြောသည်။
ဥရောပတွင် ထရမ့်၏ အမာခံ ထောက်ခံသူ တစ်ဦးဖြစ်သည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orbán) သည် အဆိုပါ ဘုတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ပီတာ စီယာတို (Péter Szijjártó) က ဇန်နဝါရီ ၁၈ ရက်တွင် နိုင်ငံပိုင် ရေဒီယိုမှတဆင့် အတည်ပြုပြော ကြားခဲ့သည်။
ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ် (To Lam) ကလည်း ထရမ့် ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အလားတူ အိန္ဒိယနိုင်ငံသည်လည်း ဖိတ်ကြားချက်ကို လက်ခံရရှိထားကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သည့် အမည်မဖော်လိုသူ အိန္ဒိယအစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဂါဇာဒေသကို တွေ့ရစဉ်
ဩစတြေးလျနိုင်ငံသည်လည်း ထိုဘုတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားခြင်း ခံထားရပြီး ဂါဇာငြိမ်းချမ်းရေး အစီအစဉ် နှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ရစ်ချက်မားလ် (Richard Marles) က ဇန်နဝါရီ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ဂျော်ဒန်၊ ဂရိ၊ ဆိုက်ပရပ်စ်၊ ပါကစ္စတန်၊ ကနေဒါ၊ တူရကီ၊ အီဂျစ်၊ ပါရာဂွေး၊ အာဂျင်တီးနားနှင့် အယ်လ်ဘေးနီးယား နိုင်ငံတို့ကလည်း ၎င်းတို့သည် ထရမ့်၏ ဖိတ်ကြားစာကို ရရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိ အချိန်အထိ ထရမ့်သည် နိုင်ငံပေါင်း မည်မျှကို ဖိတ်ကြားထားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အမေရိကန်သည် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်မည့် တရားဝင် အဖွဲ့ဝင်စာရင်းကို လာမည့် ရက်ပိုင်းအတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ် (Davos) မြို့၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) အစည်း အဝေးအတွင်း ကြေညာဖွယ်ရှိသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 422
CNI International News
ဂွာတီမာလာစီးတီး၊ ဇန်နဝါရီ ၂၀
ဂွာတီမာလာနိုင်ငံတွင် အကျဉ်းသားများက ဒါဇင်နှင့်ချီသည့် အကျဉ်းဦးစီး ဝန်ထမ်းများကို ဓားစာခံအဖြစ် ဖမ်းဆီး ခဲ့သည့် ဖြစ်စဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီးနောက် သမ္မတက ဇန်နဝါရီ ၁၉ တွင် အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
သီတင်းပတ်ကုန်အတွင်း ဖြစ်ပွားခဲ့သည့် လူဆိုးဂိုဏ်း အဖွဲ့များ၏ အကြမ်းဖက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီ ၁၇ ရက် အစောပိုင်းတွင် အကျဉ်းသားများက အမျိုးသား အကျဉ်းထောင် ၃ ခု၌ လူ ၄၆ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးကာ ဆူပူအုံကြွခဲ့ကြခြင်း ဖြစ်သည်။
အစိုးရက ယခုဖြစ်စဉ်သည် Barrio 18 အမည်ရှိ ရာဇဝတ်ဂိုဏ်း၏ လက်ချက်ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပြီး ထိုဂိုဏ်းအဖွဲ့ဝင်များသည် အကျဉ်းထောင်အတွင်း အထူးအခွင့်အရေးများ ပိုမိုရရှိရန်အတွက် ယခုကဲ့သို့ ဖိအားပေး ဆူပူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂွာတီမာလာနိုင်ငံတွင် Barrio 18 ရာဇဝတ်ဂိုဏ်း၏ ခေါင်းဆောင် Aldo Duppie (ခေါ်) El Lobo ကို ထိန်းသိမ်း ထားသည့် အကျဉ်းထောင်ကို လုံခြုံရေးတပ်ဖွဲ့များက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဂွာတီမာလာစီးတီး (Guatemala City) ပတ်ဝန်းကျင်ရှိ နေရာ အတော်များများတွင် ရဲတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားသည့် ဂိုဏ်းအဖွဲ့ဝင်များ၏ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။

ဂွာတီမာလာရှိ အကျဉ်းထောင်ကို တွေ့ရစဉ်
ဂိုဏ်းခေါင်းဆောင် El Lobo ကိုမူ အာဏာပိုင်များက ပြန်လည်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ဇန်နဝါရီ ၁၈ နံနက်ပိုင်းက အကျဉ်းသားများ သိမ်းပိုက်ထားသော အကျဉ်းထောင်အတွင်းမှ ပခုံးတွင် သွေးများ စွန်းထင်နေသည့် Barrio 18 ဂိုဏ်းခေါင်းဆောင် El Lobo ကို ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်လာသည်ကို မြင်တွေ့ရသည်။
ဂွာတီမာလာသမ္မတ ဘာနန်ဒို အရီဗာလို (Bernardo Arevalo )က ရက်ပေါင်း ၃၀ ကြာ အရေးပေါ် အခြေအနေကို ကြေညာလိုက်သည်။
ထိုလုပ်ဆောင်ချက်သည် ရဲတပ်ဖွဲ့နှင့် စစ်တပ် အပါအဝင် နိုင်ငံတော်၏ အင်အား အပြည့်အဝကို အသုံးပြုပြီး ဂိုဏ်း အဖွဲ့များ၏ အကြမ်းဖက်မှုကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂွာတီမာလာ ဥပဒေအရ အရေးပေါ် အခြေအနေ ကြေညာ ထားစဉ်အတွင်း ပြည်သူလူထုကို ခြိမ်းခြောက်မှုများ အပေါ် တုန့်ပြန်ရန်အတွက် နိုင်ငံသားအခွင့်အရေးများကို ယာယီကန့်သတ်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများ ပြုလုပ် နိုင်သည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်အာဏာကိုလည်း တိုးမြှင့်ပေးထားမည် ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 584
CNI International News
တီဟီရန်၊ ဇန်နဝါရီ ၂၀
အီရန်နိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေသော ဆန္ဒပြပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ ခန့် အပါအဝင် အနည်း ဆုံး လူပေါင်း ၅,၀၀၀ သေဆုံးခဲ့သည်ဟု အီရန်တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့ သည်။
အီရန်တွင် ဖြစ်ပွားသော ဆန္ဒပြပွဲများတွင် ကာ့ဒ်လူမျိုးစုများ နေထိုင်ရာ ဒေသများတွင် အပြင်းထန်ဆုံး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၈ ရက်တွင် အီရန်အာဏာပိုင်များက နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများနှင့် ဆက်နွှယ်၍ အတည်ပြုပြီး သေဆုံးသူ အရေအတွက်မှာ ၅,၀၀၀ ရှိလာပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ၅၀၀ မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဏာပိုင်များကမူ အပြစ်မဲ့ အီရန်နိုင်ငံသားများ အသတ်ခံရမှုမှာ အကြမ်းဖက်သမားများနှင့် လက်နက်ကိုင် ဆူပူသောင်းကျန်းသူများကြောင့် ဖြစ်သည်ဟု စွပ်စွဲပြစ်တင်ထားသည်။
ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ရပ်များသည် ခွဲထွက်ရေး အဖွဲ့များ လှုပ်ရှားသည့် အီရန် အနောက်မြောက်ပိုင်းရှိ ကာ့ဒ်လူမျိုး အများစု နေထိုင်သော ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အရာရှိတစ်ဦး က ရိုက်တာသတင်းကို ပြောပြခဲ့သည်။

အီရန်နိုင်ငံအတွင်းက ဆန္ဒပြမှုထဲမှာ သေဆုံသွားသူများကိုတွေ့ရစဉ်
ထိုဒေသတွင် နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးသော အကြမ်းဖက်မှုများကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူ အရေအတွက်သည် သိသိသာသာ မြင့်တက်လာဖွယ် မရှိကြောင်းနှင့် အစ္စရေးနိုင်ငံ အပါအဝင် ပြည်ပ အခြေစိုက် လက်နက်ကိုင်အဖွဲ့များက လမ်းပေါ်ထွက် ဆန္ဒပြသူများထံ လက်နက်နှင့် အကူအညီများ ပံ့ပိုးပေးနေ သည်ဟုလည်း ထိုအရာရှိက စွပ်စွဲထားသည်။
အီရန်အာဏာပိုင်များက ၎င်းတို့၏ ရန်ဘက်ဖြစ်သော အစ္စရေး အပါအဝင် ပြည်ပရန်သူများသည် မငြိမ်မသက် မှုများ ဖြစ်စေရန် သွေးထိုး လှုံ့ဆော်ပေးနေသည်ဟု အကြိမ်ကြိမ် စွပ်စွဲခဲ့ကြသည်။
အစ္စရေးသည် ပြီးခဲ့သည့် ဇွန်လအတွင်းက အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အီရန်နှင့် ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 399
CNI International News
ဖနွမ်ပင်၊ ဇန်နဝါရီ ၁၉
ကမ္ဘောဒီးယားနိုင်ငံရှိ ကျားဖြန့်ခြံဝင်းများအတွင်း တရုတ်နိုင်ငံသားများ ပျောက်ဆုံးသွားသည့် ဖြစ်ရပ်များ များပြား လာခြင်းသည် နှစ်နိုင်ငံမဟာမိတ် ဆက်ဆံရေးအတွက် ကြီးမားသော အတားအဆီးဖြစ်စေကြောင်း ကမ္ဘောဒီးယား နိုင်ငံရှိ တရုတ်သံရုံးက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ဖနွမ်ပင်မြို့တော်ရှိ တရုတ်သံရုံးမှ သံအမတ်ကြီး ဝမ်ဝင်ပင်း (Wang Wenbin) သည် ကမ္ဘောဒီးယား ထိပ်တန်း ဝန်ကြီးများနှင့် တွေ့ဆုံချိန်အတွင်း ကျားဖြန့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နှိမ်နင်းပေးရန် တိုက်တွန်းခဲ့ကြောင်း သံရုံး၏ WeChat အကောင့်တွင် ဖော်ပြထားသည်။
“မကြာသေးမီက ကမ္ဘောဒီးယားမှာ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးတာ ဒါမှမဟုတ် လူပျောက်တိုင်ခံရတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ အထူးစိုးရိမ်ပူပန်မိပါတယ်”ဟု ဝမ်ဝင်ပင်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသားများနှင့် ပတ်သက်သည့် ထိခိုက်နစ်နာမှုအများစုမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွယ်နေ ပြီး ထိုဖြစ်ရပ်များသည် တရုတ်နှင့် ကမ္ဘောဒီးယားတို့အကြား တည်ရှိခဲ့သော ချစ်ကြည်ရေး အစဉ်အလာနှင့် ကိုက်ညီမှုမရှိကြောင်း ဝမ်က ဆက်လက် ပြောဆိုခဲ့သည်။

ကမ္ဘောဒီးယားရှိ ကျားဖြန့် အဆောက်အအုံကို တွေ့ရစဉ်
ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ ကမ္ဘောဒီးယား၏ ကျားဖြန့်လုပ်ငန်းများတွင် လူပေါင်း ၁၀၀,၀၀၀ ခန့် လုပ် ကိုင်နေကြကြောင်း ဖော်ပြထားပြီး ထိုတရားမဝင် လုပ်ငန်းများကို နှိမ်နင်းနေပြီဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရက ပြောကြားထားသည်။
ကျားဖြန့်ဂိုဏ်းများသည် ယခင်က တရုတ်ဘာသာ စကားပြောသူများကိုသာ အဓိက ပစ်မှတ်ထားခဲ့သော်လည်း ယခုအခါတွင် ကမ္ဘာတစ်ဝန်းတွင် နေထိုင်သူများထံမှ နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာကို လိမ်လည်နိုင်ရန် အတွက် ဘာသာစကားမျိုးစုံဖြင့် လုပ်ငန်းများကို ချဲ့ထွင်လာကြသည်။
ကျားဖြန့်လုပ်ငန်းများကို လုပ်ကိုင်နေကြသူများထဲတွင် မိမိသဘော ဆန္ဒအလျောက် လုပ်ကိုင်နေကြသူများရှိသလို လူကုန်ကူးခံရပြီးနောက် အကြမ်းဖက် ခြိမ်းခြောက်မှုများဖြင့် အတင်းအဓမ္မ ခိုင်းစေခံနေရသည့် ပြည်ပနိုင်ငံသား များလည်း ပါဝင်နေသည်။
မကြာသေးမီ လများအတွင်း တရုတ်နိုင်ငံသည် အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများ၏ အဓိကလက်သည် တရားခံများကို တရုတ်ပြည်တွင်း၌ တရားစီရင်နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် လိုက်လံဖမ်းဆီးလျက်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျားဖြန့်စင်တာများ ဖွင့်လှစ်လုပ်ကိုင်နေသည်ဟု စွပ်စွဲခံထားရသော တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင် ချန်းကျိ (Chen Zhi) ကို ယခုလအတွင်း ကမ္ဘောဒီးယား အာဏာပိုင်များက ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းအပ်နှံခဲ့သည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်အတွင်း အရှေ့ အာရှနှင့် အရှေ့တောင် အာရှဒေသများတွင် ကျားဖြန့်လုပ်ငန်းများကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ အထိ ရှိခဲ့သည်။
တစ်ဖက်တွင်လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အဖွဲ့ကမူ ကမ္ဘောဒီးယား အစိုးရသည် ဆိုင်ဘာ ရာဇဝတ်ဂိုဏ်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြု ထားသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
Source: CNA
- By CNI
- Category: နိုင်ငံရေး
- Hits: 597
CNI International News
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၉
အမေရိကန်နှင့် အီရတ်ကြား ချုပ်ဆိုထားသော သဘောတူညီချက်အရ အီရတ်နိုင်ငံအနောက်ပိုင်းရှိ လေတပ်စခန်း တစ်ခုမှ အမေရိကန်တပ်ဖွဲ့ဝင်များအားလုံး အပြီးသတ် ရုပ်သိမ်းသွားပြီဖြစ်ကြောင်း အီရတ်အရာရှိများက ပြော ကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် အီရတ် အစိုးရတို့သည် အီရတ်နိုင်ငံအတွင်းရှိ IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် အဆုံးသတ်ရန်နှင့် အခြေစိုက် စခန်းများမှ အမေရိကန်တပ်များ ထွက်ခွာရန် ၂၀၂၄ ခုနှစ်၌ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
သို့သော် အမေရိကန်စစ်ဘက်ဆိုင်ရာ အကြံပေးများနှင့် အကူအညီပေးရေး ဝန်ထမ်းအနည်းငယ်သာ ပါဝင်သည့် အဖွဲ့ငယ်တစ်ခုမှာ အီရတ်တွင် ဆက်လက် ကျန်ရှိနေခဲ့သည်။
အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယာ အယ်လ်-ဆူဒါနီ (Mohammed Shia al-Sudani) က မူလ သဘောတူညီ ချက်တွင် အီရတ်အနောက်ပိုင်းရှိ အိန်းအယ်လ်-အာဆတ် (Ain al-Asad) လေတပ်စခန်းမှ အမေရိကန်တပ်ဖွဲ့များ အားလုံး ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် အပြီးရုပ်သိမ်းရန် သတ်မှတ်ထားကြောင်း အောက်တိုဘာလက သတင်းထောက်များကို ပြောကြားခဲ့ဖူးသည်။
![]()
အမေရိကန်တပ်ဖွဲ့ကို တွေ့ရစဉ်
သို့သော် ထိုအချိန်က ဆီးရီးယားနိုင်ငံအတွင်း ဘာရှာ အယ် အာဆတ် (Bashar al-Assad) အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့သဖြင့် ထိုလေတပ်စခန်းတွင် အမေရိကန် စစ်ဘက် ဆိုင်ရာ အကြံပေးများနှင့် လုံခြုံရေးဝန်ထမ်း ၂၅၀ မှ ၃၅၀ ကြားရှိသည့် အသေးစား တပ်ဖွဲ့တစ်ခုကို ဆက်လက် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုလေတပ်စခန်းမှ အမေရိကန် တပ်ဖွဲ့များအားလုံး ထွက်ခွာသွားပြီဖြစ်ပြီး အီရတ်စစ်တပ်က ထိုလေတပ်စခန်းကို အပြည့်အဝ တာဝန်ယူ ထိန်းချုပ်ခဲ့သည်။
ဇန်နဝါရီ ၁၇ ရက်တွင်မူ အီရတ်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အဗ္ဗဒူ အာမီ ရာရှစ် ယာရဲလ်လာ (Abdul Amir Rashid Yarallah) သည် ထိုလေတပ်စခန်းသို့ သွားရောက်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ယူနစ်အသီးသီးကို လုပ်ငန်း တာဝန်များ ခွဲဝေချမှတ်ပေးခြင်းကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း အီရတ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ရန်၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် လေတပ်စခန်းတွင် အခြေစိုက်ထားသည့် တပ်ဖွဲ့များကြား ချိတ်ဆက် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး စခန်း၏ စွမ်းဆောင်ရည်များနှင့် မဟာဗျူဟာမြောက် တည်နေရာကို အပြည့်အဝ အသုံးချရန် စစ်ဦးစီးချုပ်က တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကလည်း အမေရိကန်တပ်ဖွဲ့ဝင် အားလုံးသည် ထိုလေတပ်စခန်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ အမေရိကန်စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်း များ အားလုံးကိုလည်း တစ်ပါတည်း သိမ်းဆည်း ရွှေ့ပြောင်းသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
သို့သော် အီရတ်လေတပ်စခန်းမှ တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမှုနှင့် ပတ်သက်ပြီး အမေရိကန်စစ်တပ်၏ တရားဝင် ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။
Source: အေပီ
