
- By CNI
- Category: နိုင်ငံရေး
- Hits: 421
CNI International News
အစ္စလာမ်မာဘက်၊ မေလ ၅
ပြီးခဲ့သည့်လက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယနှင့် တင်းမာမှု မြင့်တက်နေသည့် ပါကစ္စတန်သည် မေလ ၄ ရက်က ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထိုဒုံးကျည်သည် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၄၅၀ (မိုင် ၂၈၀) အထိ ပစ်ခတ် ရောက်ရှိနိုင်သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။
ဧပြီ ၂၂ ရက်က ကက်ရှ်မီးယားဒေသ၏ ပါဟယ်ဂန် (Pahalgam) မြို့တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပါကစ္စတန်ကို ဝေဖန်ပြစ်တင်ခဲ့သည့် အိန္ဒိယကမူ ထိုဒုံးကျည် စမ်းသပ်မှုနှင့်ပတ်သက်ပြီး ချက်ချင်း မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
Abdali Weapon System အမည်ရှိ ထိုဒုံးလက်နက် စမ်းသပ်မှုသည် ပါကစ္စတန်စစ်သားများ၏ စစ်ဆင်ရေးဆိုင်ရာ အသင့် အနေအထားရှိမှုနှင့် အဓိကကျသည့် နည်းဗျူဟာမြောက် အခြေအနေကို မြှင့်တင်ရန်ဖြစ်ကြောင်း၊ ထိုဒုံးကျည်တွင် ခေတ်မီ ပဲ့ထိန်းစနစ် ပါဝင်ပြီး အသုံးပြုရ လွယ်ကူးကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့ သည်။
အိန္ဒိယနဲ့ပါကစ္စတန်ကို တွေ့ရစဉ်
ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) နှင့် ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် (Shehbaz Sharif) တို့ကလည်း ထိုဒုံးကျည် အောင်မြင်စွာ စမ်းသပ်နိုင်မှုအပေါ် ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။
ပါကစ္စတန်သည် ဒုံးကျည်များကို အိန္ဒိယနယ်စပ်သို့ ဦးတည်ပစ်လွှတ်လေ့မရှိဘဲ အာရေဗျပင်လယ် (Arabian Sea) သို့မဟုတ် ဘာလိုချီစတန် (Balochistan) ပြည်နယ် အနောက်တောင်ဘက် သဲကန္တရများထဲသို့သာ စမ်းသပ် ပစ်လွှတ်လေ့ရှိသည်။
မေလ ၃ ရက်က စမ်းသပ်ခဲ့သည့် ဒုံးကျည်၏ အမည်ကို အိန္ဒိယအား အောင်နိုင်ခဲ့သည့် အထင်ကရ မွတ်ဆလင် စစ်ဘုရင် တစ်ဦးဖြစ်သော Abdali ၏ အမည်ကို အစွဲပြုပြီး အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း အစ္စလာမ်မာဘက် (Islamabad) မြို့အခြေစိုက် လုံခြုံရေးကျွမ်းကျင်သူ ဆေးယက် မိုဟာမက် အလီ (Syed Muhammad Ali) က ပြောကြားခဲ့သည်။
ယခုကဲ့သို့ ပထဝီနိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေချိန်တွင် ဒုံးကျည်စမ်းသပ်မှုသည် အလွန်သိသာထင်ရှားသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်းလည်း အလီက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များကမူ အတိတ်ကာလက စစ်ပွဲများ ဖြစ်ပွားခဲ့ဖူးသည့် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးကို တင်းမာမှုများ လျှော့ချရန်နှင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 414
CNI International News
မနီလာ၊ မေလ ၅
ဖိလစ်ပိုင်စစ်တပ်သည် မေလ ၁၂ ရက်တွင် ရွေးကောက်ပွဲ တာဝန်များအတွက် နီဂရို့စ်ကျွန်းဒေသ ( Negros Island Region) ၊ အနောက်ဗီဆာယာနှင့် အလယ်ဗီဆာယာကျွန်းစု (Western Visayas and Central Visayas ) များသို့ စစ်သား ၂၈၂၇ ဦး ဖြန့်ကြက်ချထားမည်ဟု ဖိလစ်ပိုင် ဗီယာဆာ လက်နက်ကိုင်တပ်ဖွဲ့များဌာန (Viscom) က ပြောကြားခဲ့ကြောင်း မနီလာတိုင်းမ်စ် သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အဆိုပါ စစ်သားများသည် လွတ်လပ်ပြီး စနစ်တကျရှိသည့် တရားမျှတသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် ဖိလစ်ပိုင်ရဲတပ်ဖွဲ့နှင့် ရွေးကောက်ပွဲကော်မရှင် (Comelec) ကို ကူညီပေးသွားမည်ဖြစ်ကြောင်း Viscom အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဖာနန်ဒို ရီယက် (Fernando Reyeg) က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က နီဂရို့စ်နှင့် ပါနေးကျွန်းများသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ရီယက်က စစ်သားများ ကို ပရောဖက်ရှင်နယ်ကျကျ တာဝန်ထမ်းဆာင်ရန်နှင့် ရွေးကောက်ပွဲကို စိတ်ချသေချာမှုရှိစေရန် သန္နိဋ္ဌာန်ချထား ဖို့ အားပေးလှုံ့ဆော်ခဲ့သည်။
“ကျနော်တို့ဟာ ပရော်ဖက်ရှင်နယ်ကျကျ၊ သန္နိဋ္ဌာန်ရှိရှိ၊ ပါတီစွဲကင်းကင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာစောင့် သိရပါမယ်”ဟု ရီယက်က ပြောကြားခဲ့သည်။
အနောက်ဗီယာဆာနှင့် အလယ်ဗီဆာယာကျွန်းစုကို တွေ့ရစဉ်
ပြည်သူများအတွက် ထိတ်လန့်ကြောက်ရွံ့မှု မရှိစေဘဲ ခြိမ်းခြောက်မှုများ ကင်းရှင်းစွာ မဲပေးပိုင်ခွင့် ရရှိရေးအတွက် မိမိတို့၏ လုံခြုံရေးအခြေအနေကို မြှင့်တင်ရမည်ဖြစ်ကြောင်း ဒီမိုကရေစီလုပ်ငန်းစဉ်းကို ဘေးကင်းလုံခြုံစေရေး သည် ဦးစားပေးကိစ္စဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွေးကောက်ပွဲမတိုင်မီ ၃ ရက် ကြိုတင်ပြီး နီဂရို့ အိုရီယန်တယ် (Negros Oriental ) ဒေသတွင် ဘာကိုလော့ မြို့ရဲစခန်း (Bacolod City Police Office)မှ ရဲတပ်ဖွဲ့ဝင် ၃၁၀ ကို ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကာလအတွင်း မဲရုံများသို့ လျှပ်စစ်ဓာတ်အား ပေးပို့မှုများ၊ ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် အခြား လိုအပ်ချက်များကို ဟာကွက်မရှိစေရန် လုပ်ဆောင်သွားမည်ဟုလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်စစ်တပ်၏ အမှတ် ၃၀၃ ခြေလျင်တပ်ရင်း၏ တပ်မှူးဖြစ်သည့် ဗိုလ်မှူးချုပ် တက် ဒူမော့စ်မော့ဂ် ( Ted Dumosmog) ကလည်း ၎င်းတို့ တပ်ဖွဲ့ဝင်များသည် ရွေးကောက်ပွဲအတွက် အပြည့်အဝ ပြင်ဆင်ထားခဲ့ပြီးဖြစ် ကြောင်း ပြောကြားခဲ့သည်။
Source: မနီလာ တိုင်းမ်စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 405
CNI International News
ဂျေရုဆလင်၊ မေလ ၃
အစ္စရေးလေတပ်က မေလ ၂ ရက် အစောပိုင်းတွင် ဆီးရီးယား၏ သမ္မတနန်းတော်အနီး၌ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ ဒရုဇ်လူနည်းစုများ နေထိုင်သည့် ကျေးရွာများဆီ ချီတက်ခြင်းမပြုရန် ဆီးရီးယား အာဏာပိုင်များကို သတိပေးခဲ့ပြီးနောက် ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဒမတ်စကတ်မြို့တော် ( Damascus) အနီးတွင် ဆီးရီးယားအစိုးရလိုလားသော သေနတ်သမားများနှင့် ဒရုဇ် လူနည်းစုမှ တိုက်ခိုက်ရေးသမားများအကြား ရက်ပေါင်းများစွာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားအစိုးရ လိုလားသော သေနတ်သမားများနှင့် ဒရုဇ်လူနည်းစုမှ တိုက်ခိုက်ရေး သမားများအကြား ဖြစ်ပွားသည့် တိုက်ခိုက်မှုများအတွင်း လူပေါင်းဒါဇင်ချီသေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဆီးရီးယားနိုင်ငံအတွင်းက လက်နက်ကိုင် အင်အားစုများကို တွေ့ရစဉ်
မေလ ၂ ရက်က လေကြောင်းတိုက်ခိုက်မှုသည် ယခုသီတင်းပတ်အတွင်း အစ္စရေး၏ ဆီးရီးယားအပေါ် ဒုတိယမြောက် လေကြောင်း တိုက်ခိုက်မှုဖြစ်သည်။
ထို့ပြင် အစ္စရေးသည် သမ္မတနန်းတော်အနီး ဒေသကို တိုက်ခိုက်မှု ပြုလုပ်ခြင်းသည် ဆီးရီးယား ခေါင်းဆောင်သစ် အပေါ် ပြင်းပြင်းထန်ထန် သတိပေးခြင်းလည်း ဖြစ်သည်။
မေလ ၁ ရက်တွင် ဆီးရီးယား၏ ဒရုဇ်ဘာသာရေး ခေါင်းဆောင် ရှိတ်ဟစ်မက်အယ်ဟီဂျရီ( Sheikh Hikmat Al-Hijri)က ဆီးရီးယားအစိုးရသည် ၎င်း၏ အသိုင်းအဝိုင်းကို မျိုးသုဉ်း သတ်ဖြတ်သည့် စစ်ဆင်ရေး လုပ်ဆောင်နေ ကြောင်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။
ထိုရာဇဝတ်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းကို ဟန့်တားရန်နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် နိုင်ငံတကာ တပ်ဖွဲ့များကို ချက်ချင်း ကြားဝင်ဖြေရှင်းပေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။
မေလ ၂ ရက်တွင် ဒရုဇ်ဘာသာရေး ခေါင်းဆောင်က ၎င်းတို့ လူမျိုးစု အသိုင်းအဝိုင်းသည် ဆီးရီးယား၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နိုင်ငံတွင်းမှ ထွက်သွားမည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 336
CNI International News
ဟောင်ကောင်၊ မေလ ၃
ဟောင်ကောင်အမျိုးသားလုံခြုံရေး ရဲတပ်ဖွဲ့သည် ဖမ်းဆီးရန် အလိုရှိသူများစာရင်းတွင် ပါဝင်နေသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အန်နာကွက် (Anna Kwok) ၏ ဖခင်နှင့် အစ်ကိုဖြစ်သူတို့ကို ဖမ်းဆီးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဖမ်းဆီးခံရသူနှစ်ဦးသည် အန်နာနှင့် ငွေကြေးပိုင်းဆိုင်ရာ ဆက်ဆံမှုများရှိနေသည်ဟု စွပ်စွဲခံခဲ့ရကြောင်း ဒေသခံမီဒီယာများက မေလ ၂ ရက်တွင် ဖော်ပြခဲ့သည်။
ထိုဖမ်းဆီးမှုသည် ဝရမ်းပြေးတစ်ဦး၏ မိသားစုဝင်များကို ဖမ်းဆီးရာတွင် ဟောင်ကောင်၏ အမျိုးသားလုံခြုံရေး ဥပဒေအား ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းဖြစ်သည်။
အန်နာသည် ဝါရှင်တန်အခြေစိုက် ဟောင်ကောင်ဒီမိုကရေစီကောင်စီ၏ အမှုဆောင် ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဟောင်ကောင်အမျိုးသားလုံခြုံရေးရဲတပ်ဖွဲ့က ဖမ်းဆီးရန် အလိုရှိနေသည့် ပြည်ပတွင် နေထိုင်သော တက်ကြွ လှုပ်ရှားသူ ၁၉ ဦး၌ တစ်ဦး အပါအဝင်ဖြစ်သည်။
အန်နာသည် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်မှု စွပ်စွဲခံခဲ့ရပြီး ဟောင်ကောင်ရဲတပ်ဖွဲ့က ကွက်အား ဖမ်းဆီးရမိရန် ကူညီပေးသူကို ဟောင်ကောင်ဒေါ်လာ ၁ သန်း (အမေရိကန်ဒေါ်လာ ဒေါ်လာ ၁၂၇,၆၅၆) ချီးမြှင့်မည်ဟု ဆုကြေးထုတ်ထားသည်။
ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဥပဒေသည် အစိုးရအတိုက်အခံများကို ဖိနှိပ်ရန်ဖြစ်ပြီး လွတ်လပ်ခွင့်များကို လျော့ပါးစေကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် ဒီမိုကရေစီနိုင်ငံအချို့က ဝေဖန်ခဲ့ကြသည်။
ဟောင်ကောင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အန်နာကွက်ကို တွေ့ရစဉ်
အမေရိကန်ကလည်း ပြည်ပနိုင်ငံများတွင် နေထိုင်သည့် ဒီမိုကရေစီလိုလားသည့် ဟောင်ကောင်တက်ကြွလှုပ်ရှား သူများ၏ မိသားစုဝင်များကို နှောင့်ယှက်နေသည့် ဟောင်ကောင်အစိုးရ၏ လုပ်ဆောင်ချက်များကို ပြင်းထန်စွာ ဝေဖန်ရှုံ့ချခဲ့သည်။
ဟောင်ကောင်ရဲတပ်ဖွဲ့ကမူ ၎င်းတို့သည် ဧပြီ ၃၀ ရက်က အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဥိးတို့ကို အန်နာ ပိုင်ဆိုင်သည့် ငွေကြေးများအား စီမံထိန်းသိမ်းပေးမှုသံသယဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၂ ရက်က ထုတ်ပြန်ခဲ့သည်။
ဒေသခံမီဒီယာများကမူ ထိုအမျိုးသားနှစ်ဦးသည် အန်နာ၏ ဖခင်နှင့် အစ်ကိုဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြခဲ့သည်။
ဝရမ်းပြေးတစ်ဦး၏ ငွေကြေးများကို စီမံခန့်ခွဲမှုသည် ကြီးလေးသည့် ပြစ်မှုဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 303
CNI International News
ဝါရှင်တန်၊ မေလ ၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်း၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက်ဝေါ့ဇ် (Mike Waltz) ကို ရာထူးမှဖယ်ရှားခဲ့ပြီး ၎င်းအား ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်ဟု တိုင်းမ်မဂ္ဂဇင်းမှ ဖော်ပြခဲ့သည်။
ယခုလုပ်ဆောင်ချက်သည် ထရမ့်၏ ဒုတိယသက်တမ်းအတွင်း ပထမဆုံးအကြိမ် အထင်ကရ ရာထူးနေရာ အပြောင်းအလဲ ပြုလုပ်မှုဖြစ်သည်။
ဝေါ့ဇ်သည် ယီမင်နိုင်ငံရှိ ဟူရ်သီစစ်သွေးကြွများကို တိုက်ခိုက်မည့် လျှို့ဝှက်ချက်များကို Signal လူမှုမီဒီယာတွင် ပြောကြားခဲ့သည့် Group Chat တစ်ခုပေါက်ကြားခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာ၌ ၎င်း၏ လက်ထောက်အရာရှိ အဲလက်စ်ဝေါင် (Alex Wong) နှင့်အတူ မေလ ၁ ရက်မှာ ရာထူးမှ ထွက်ခွာသွားခဲ့သည်။
အမေရိကန်အထူးတပ်ဖွဲ့ဝင် စစ်သားဟောင်းတစ်ဦးဖြစ်ပြီး ဖလော်ရီဒါ လွှတ်တော်အမတ်ဟောင်းဖြစ်သည့် ဝေါ့ဇ် သည် The Atlantic မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သူ ဂျက်ဖရေး ဂိုးလ်ဘတ်ချ် (Jeffrey Goldberg) ကို အစိုးရ ထိပ်သီးအရာရှိများသာ ပါဝင်သည့် Group Chat ထဲတွင် မှားယွင်းစွာ ထည့်သွင်းခဲ့သဖြင့် ယီမင်ရှိ ဟူရ်သီ သူပုန်များအား တိုက်ခိုက်သည့် အသေးစိတ် အချက်အလက်များ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဉ်ကြောင့် ထရမ့်အစိုးရအဖွဲ့သည် လုံခြုံရေးကျိုးပေါက်မှုဖြင့် ဝေဖန်ရှုတ်ချခံခဲ့ရသည်။
ရာထူးမှဖယ်ရှားခံလိုက်ရတဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက်ဝေါ့ဇ်ကို တွေ့ရစဉ်
“ကျနော်ဟာ သမ္မတထရမ့်နဲ့ ကျနော်တို့ရဲ့ ကြီးကျယ်တဲ့နိုင်ငံအတွက် အလွန်ဂုဏ်ယူစွာ ဆက်လက် ထမ်းဆောင် သွားမှာ ဖြစ်ပါတယ်”ဟု ဝေါ့ဇ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
သမ္မတထရမ့်ကလည်း ဝေ့ါဇ်သည် စစ်မြေပြင်တွင် စစ်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်မှစပြီး လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်အထိ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများကို ရှေ့တန်းတင်ပြီး အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း Truth Social လူမှုမီဒီယာ၌ ရေးသားခဲ့သည်။
ထရမ့်က ဝေါ့ဇ်ကို ထောက်ခံကြောင်း အများပြည်သူရှေ့တွင် ထပ်တလဲလဲ ပြောကြားခဲ့သည် ဆိုသော်လည်း နောက်ကွယ်၌ ဝေါ့ဇ်သည် Signal မက်ဆေ့ချ် အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့မှုကြောင့် သမ္မတ၏ယုံကြည်မှုကို ဆုံးရှုံးခဲ့သည်။
ဝေါ့ဇ်ကို အမျိုးသားလုံခြုံရေးရာထူးမှ ဖယ်ရှားပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်စေခြင်းကို ရာထူးတိုးပေးမှုအဖြစ် ရှုမြင်နိုင်သည်ဟု အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်က (JD Vance) သတင်းဌာနသို့ ပြောကြားခဲ့သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ယူသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
Source: တိုင်းမ်

- By CNI
- Category: နိုင်ငံရေး
- Hits: 357
CNI International News
ဂျာကာတာ၊ မေလ ၃
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံနှင့် အရှေ့အာရှအတွက် စီးပွားရေး သုတေသန အင်စတီကျု (ERIA) ၏ ရုံးခန်းတွင် “ကမ္ဘောဒီးယား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အင်ဒိုနီးရှား၏ အခန်းကဏ္ဍ” အမည်ရှိ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို ERIA School of Government (SOG) သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်ဟု ANTARA သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။
ထိုဆွေးနွေးပွဲတွင် အကြောင်းအရာ အများအပြားကို ဆွေးနွေးမည်ဖြစ်ပြီး မေလ ၆ ရက်တွင်မူ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် (Samdech Akka Moha Sena Padei Techo Hun Sen) က ERIA ခေါင်းဆောင်မှုအခန်းကဏ္ဍကို ဟောပြောပို့ချမည်ဖြစ်သည်။
ထိုဆွေးနွေးပွဲသည် ၁၉၈၀ ပြည့်နှစ်ကုန်ပိုင်းနှင့် ၁၉၉၀ ပြည့်နှစ် အစောပိုင်း ကာလများအတွင်း ကမ္ဘောဒီးယား နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လုပ်ဆောင်ရာတွင် အင်ဒိုနီးရှား၏ အရေးကြီးသည့် အခန်းကဏ္ဍအား မီးမောင်းထိုး ဖော်ပြခဲ့သည်။
အင်ဒိုနီးရှား၏ အစီအစဉ်များသည် ကမ္ဘောဒီးယား၏ ပြန်လည်ရင်ကြားစေ့ရေး လမ်းကြောင်းကို အဆင်ပြေ ချောမွေ့စေရုံသာမက အာဆီယံအား ဒေသတွင်း လုံခြုံမှုရှိစေသည့် မောင်းနှင်အား တစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်စေခဲ့သည်ဟု ဆိုသည်။
ဆွေးနွေးရေး ကိုယ်စားလှယ်များကိုတွေ့ရစဉ်
ERIA သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်သည့် ပါမောက္ခ နိုဘူဟီရို အီဇာဝါ (Nobuhiro Aizawa) ၏ ဖွင့်ပွဲ မိန့်ခွန်းတွင်လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသားလက်နက်ကိုင် တပ်ဖွဲ့တို့မှတဆင့် အင်ဒိုနီးရှားနိုင်ငံ၏ ကြီးမားသည့် စွမ်းဆောင်မှုများကို အလေးထား ပြောဆိုခဲ့သည်။
“သံတမန်ရေးရာနဲ့ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှုကဏ္ဍဟာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အချိန်မှာတောင် ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်တယ်ဆိုတာကို ကမ္ဘောဒီးယား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အင်ဒိုနီးရှားရဲ့ လှုပ်ရှားဆောင်ရွက်မှုက ကြီးမားတဲ့ ဥပမာတစ်ခုလို ဖြစ်နေပါတယ်” ဟု အီဇာဝါက ပြောကြားခဲ့သည်။
ERIA ခေါင်းဆောင်မှု ဟောပြောပို့ချချက် အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်က စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှား၏ ဆဋ္ဌမမြောက် သမ္မတဖြစ်သည့် ဆူစီလို ဘမ်းဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က သဘာပတိအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
Source: ANTARA

- By CNI
- Category: နိုင်ငံရေး
- Hits: 390
CNI International News
အန်ကာရာ၊ မေလ ၂
ဆီးရီးယားနိုင်ငံတွင် ဗဟိုအစိုးရက ချုပ်ကိုင်သည့် အာဏာနှင့် လုပ်ပိုင်ခွင့်များကို ဒေသန္တရအစိုးရများထံ လွှဲပေးရန် ကာ့ဒ်များ၏ တောင်းဆိုမှုကို တူရကီက ငြင်းဆိုခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဆီးရီးယားတွင် အစိုးရအဖွဲ့၏ ဗဟိုချုပ်ကိုင်မှုကို လျော့ကျစေမည့် အစီအစဥ်၊ သို့မဟုတ် ဆီးရီးယား၏ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ခြိမ်းခြောက်နေသည့် မည်သည့် အစီအစဉ်များကိုမဆို တူရကီက ငြင်းဆိုကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
တူရကီသည် ဆီးရီးယားသမ္မတဟောင်း အာဆက် (Bashar al-Assad) ကို နှစ်ပေါင်းများစွာကြာ ဆန့်ကျင် တိုက်ခိုက်ခဲ့သည့် သူပုန်များကို ထောက်ပံ့ပေးခဲ့ပြီး လက်ရှိ ဆီးရီးယား၏ အစ္စလာမ်မစ် ခေါင်းဆောင်များနှင့် နီးစပ်မှုအရှိဆုံး မဟာမိတ်နိုင်ငံဖြစ်လာခဲ့သည်။
ထို့ပြင် တူရကီက ၁၄ နှစ်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဆီးရီးယားနိုင်ငံအား ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်နှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီပေးသွားမည်ဟု ကတိပြုထားသည်။
ဆီးရီးယားနိုင်ငံအလံကို တွေ့ရစဉ်
ဆီးရီးယားရှိ ကာ့ဒ်များ၏ တောင်းဆိုချက်ဖြစ်သည့် ဗဟိုအစိုးရ၏အာဏာကို ဒေသန္တရအစိုးရများထံ ခွဲဝေပေးမှု သည် ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဆီးရီးယားရှိ ကာ့ဒ်များသည် တူရကီနိုင်ငံ အတွင်းရှိ ကာ့ဒ်စစ်သွေးကြွများနှင့် နယ်စပ်ဖြတ်ကျော် ဆက်ဆံမှုများရှိနေကြောင်း တူရကီအစိုးရက ရှုမြင် ထားသည်။
ဧပြီ ၂၆ ရက်က ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF) အပါအဝင် ဆီးရီးယားရှိ ပြိုင်ဘက်အဖွဲ့များသည် ဆီရီးယားအစိုးရ၏ ဗဟိုချုပ်ကိုင်သည့် အာဏာကို ဒေသန္တရအစိုးရအဖွဲ့များထံ လွှဲပြောင်းပေးသည့် တောင်းဆို ချက်ကို ဘုံသဘောတူညီမှု တစ်ခုအဖြစ် သဘောတူခဲ့ကြသည်။
သို့သော် ဆီးရီးယားကို အုပ်ချုပ်နေသည့် ခေါင်းဆောင်များကမူ ထိုတောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။
တူရကီသမ္မတ အာဒိုဂန် (Tayyip Erdogan) ကလည်း ဆီးရီးယားတွင် ဗဟိုကချုပ်ကိုင်မှုစနစ်ကို ဖျက်သိမ်း ခြင်းသည် လက်တွေ့တွင် ဖြစ်မလာနိုင်သည့် စိတ်ကူးယဉ် အိပ်မက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တူရကီသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
“ဆီးရီးယားရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ပစ်မတ်ထားနေတဲ့ ဘယ်လို အစီအစဉ်ကိုမှ တူရကီက လက်ခံမှာ မဟုတ်ပါဘူး။ အဲဒီအစီအစဉ်တွေဟာ ဆီးရီးယားရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေပါလိမ့်မယ်”ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
နေတိုးအဖွဲ့ဝင်ဖြစ်သည့် တူရကီသည် အမေရိကန်က ထောက်ခံပေးထားသည့် SDF အဖွဲ့ကို အကြမ်းဖက်အဖွဲ့ အဖြစ် ရှုမြင်ထားသည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 357
CNI International News
ဘေရွတ်၊ မေလ ၂
အစ္စရေးသည် ဧပြီ ၂၇ ရက်က လက်ဘနွန်နိုင်ငံ၊ ဘေရွတ် (Beirut) မြို့တော်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ဒုံးကျည် သိုလှောင်သည့် စက်ရုံကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက်ဖျက်သိမ်းရန် ဖိအားများ ပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့ အနေဖြင့် လက်နက်ဖျက်သိမ်းမည်ဆိုပါက အရှေ့အလယ်ပိုင်းဒေသတွင် အစိုးရလက်အောက်ခံ မဟုတ်သည့် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့၏ လက်နက်ဖျက်သိမ်းမှု ဖြစ်လာမည်ဖြစ်သည်။
အစ္စရေးနှင့် စစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာထိပ်သီး ခေါင်းဆောင်များ သေဆုံးခဲ့သလို ဆီးရီးယားနိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ မဟာမိတ်ဖြစ်သည့် ဆီးရီးယားသမ္မတ အာဆတ် (Bashar Assad) အစိုးရအဖွဲ့လည်း ပြုတ်ကျခဲ့သဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့အတွက် အားနည်းလာခဲ့သည်။
အစ္စရေးနှင့်အမေရိကန်တို့သည် ဟစ်ဇ်ဘိုလာအဖွဲ့ကို လျင်မြန်စွာ လက်နက်ဖျက်သိမ်းရန် တိုက်တွန်းနေသော် လည်း မည်သည့်အချိန်တွင် မည်သည့်ပုံစံမျိုးဖြင့် လက်နက် ဖျက်သိမ်းမည်ဆိုခြင်းကို ရှင်းလင်းစွာ မသိရသေးပေ။
မစ်ဆိုင်းဇ်ဒုံးကျည်များကို တွေ့ရစဉ်
လက်ဘနွန်သမ္မတ ဂျိုးဆက် အာဝင် (Joseph Aoun) ကလည်း နိုင်ငံအတွင်းရှိ လက်နက်များအားလုံးကို အစိုးရ၏ ထိန်းချုပ်မှုအောင်တွင်သာ ထားရှိမည်ဟု ကတိပြုခဲ့သည်။
ထို့ကြောင့် အများစုကမူ ဟစ်ဇ်ဘိုလာအဖွဲ့အား အတင်းအကျပ် လက်နက်ဖျက်သိမ်းမည်ဆိုပါက လက်ဘနွန် စစ်တပ်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့ကြား ပြည်တွင်းစစ် ဖြစ်ပွားလာမည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည့် အခြေအနေကို စိုးရိမ်နေကြသည်။
လက်ဘနွန်စစ်တပ်ကလည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် အစ္စရေးနှင့်ထိစပ်နေသည့် လက်ဘနွန်နယ်စပ်အနီးရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ အခြေခံ အဆောက်အအုံများထဲမှ ၉၀ ရာခိုင်နှုန်းကို ဖျက်သိမ်းခဲ့ပြီဖြစ်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
“လီတာနီ (Litani) မြစ်ရဲ့ တောင်ပိုင်းဒေသက အခြေခံ အဆောက်အအုံ ၉၀ ရာခိုင်နှုန်းကို ကျနော်တို့ ဖျက်သိမ်း ခဲ့ပါတယ်”ဟု အမည်မဖော်လိုသည့် လက်ဘနွန်အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
အစ္စရေးနှင့် လက်ဘနွန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လက်ဘနွန် စစ်တပ်သည် လီတာနီမြစ်၏ တောင်ပိုင်းဒေသရှိ အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေသည့် စစ်စခန်းများအားလုံးကို ဖျက်သိမ်းရန်နှင့် လက်နက်များကို သိမ်းဆည်းရန် လိုအပ်မည်ဖြစ်သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 439
CNI International News
ဝါရှင်တန်၊ မေလ ၂
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို( Marco Rubio)က တင်းမာမှုများကို ဖြေလျှော့ကြရန် အိန္ဒိယနှင့် ပါကစ္စတန် အကြီးတန်း တာဝန်ရှိသူများအား တိုက်တွန်းခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ကက်ရှ်မီးယားတွင် လွန်ခဲ့သည့် သီတင်းပတ်က လူသေဆုံးမှုများရှိခဲ့သော တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ရူဘီယိုက ယခုကဲ့သို့ တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဧပြီ ၃၀ ရက်တွင် ရူဘီယိုက တင်းမာမှုများကို ဖြေလျှော့ကြရန် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ်ရှရစ်ဖ်(Shehbaz Sharif )နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) တို့ကို တိုက်တွန်းခဲ့သည်။
အိန္ဒိယက ပါကစ္စတန်အား လတ်တလော ဖြစ်ပွားသည့် တိုက်ခိုက်မှုကို အားပေးထောက်ပံ့ခဲ့ကြောင်း စွပ်စွဲ ပြောကြားပြီးနောက် ပါကစ္စတန်ကို အပြစ်ပေးသွားမည်ဟု ကတိပြုထားသည်။
သို့သော် ပါကစ္စတန်ကမူ ထိုတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
အိန္ဒိယလုံခြုံရေးစစ်ဆေးနေစဉ်
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် ပြိုင်ဘက် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အချင်းချင်း သံတမန် စီမံချက်များ ချမှတ်ခဲ့ကြကာ နယ်စပ်များနှင့် လေကြောင်းဖြတ်သန်း သွားလာမှုများကို ပိတ်ပင်ကြောင်း ကြေညာခဲ့ကြသည်။
အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်မျဉ်း တစ်လျှောက်တွင် နှစ်ဖက်စစ်သားများက အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့သည်။
ရူဘီယိုက ဂျိုင်ရှန်ကာနှင့် တွေ့ဆုံချိန်တွင် လွန်ခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စိတ်မကောင်း ဖြစ်မိကြောင်း၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှုတွင် အမေရိကန်အနေဖြင့် အတူ ပူးပေါင်း ပါဝင်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်(Tammy Bruce)က ပြောကြားခဲ့သည်။
ရူဘီယိုက ရှရစ်ဖ်နှင့် ဧပြီ ၃၀ ရက် ညနေခင်းတွင် စကားပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်ရန်အတွက် နှစ်ဦးနှစ်ဖက် အတူပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ပါကစ္စတန်က ထုတ်ပြန်ထားသည်။
Source: အေပီ