- By CNI
- Category: နိုင်ငံရေး
- Hits: 338
CNI International News
ပြုံယမ်း၊ ဒီဇင်ဘာ ၂၆
မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မှုတွင် သိသာ ထင်ရှားသော တိုးတက်မှုများ ရှိနေကြောင်း ဒီဇင်ဘာ ၂၅ ရက်တွင် ပြသခဲ့သည်ဟု NBC သတင်းဌာနမှ ဖော်ပြခဲ့ သည်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်သော ဓာတ်ပုံများတွင် ရေငုပ်သင်္ဘော၏ ကိုယ် ထည်မှာ အတော်အတန် ပြီးစီးနေပြီဖြစ်ကြောင်း တွေ့ရသလို တစ်ချိန်တည်းမှာပင် ခေါင်းဆောင် ကင်မ်ဂျုံအန်( Kim Jong Un)က တောင်ကိုရီးယား၏ နျူစွမ်းအင်သုံး နည်းပညာရရှိရန် ကြိုးပမ်းမှုကို ပြစ်တင်ရှုတ်ချခဲ့သည်။
KCNA သတင်းဌာန၏ ဖော်ပြချက်အရ ကင်မ်ဂျုံအန်သည် တန်ချိန် ၈,၇၀၀ ရှိသည့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မှုကို စစ်ဆေးရန် သင်္ဘောကျင်းသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ရေငုပ်သင်္ဘောသည် မြောက်ကိုရီးယား ရေတပ်ကို ခေတ်မီစေရန်နှင့် နျူကလီးယား လက်နက် တပ်ဆင် ရန်အတွက် အရေးပါသော အဆင့်တစ်ခုဖြစ်ကြောင်း ကင်မ်က ယခင်ကတည်းက ပြောကြားခဲ့ဖူးသည်။
မြောက်ကိုရီးယားသည် ထိုရေငုပ်သင်္ဘောကို နျူကလီးယား လက်နက်များ တပ်ဆင်ရန် စီစဉ်ထားပြီး မဟာဗျူဟာ မြောက် ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘော သို့မဟုတ် မဟာဗျူဟာမြောက် နျူကလီးယား တိုက်ခိုက်ရေး ရေငုပ် သင်္ဘောဟု ခေါ်ဆိုခဲ့သည်။

မြောက်ကိုရီးယားရဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောကိုတွေ့ရစဉ်
ခရီးစဉ်အတွင်း ကင်မ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)၏ ထောက်ခံမှုဖြင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောပိုင်ဆိုင်ရန် ကြိုးပမ်းနေသည့် တောင်ကိုရီးယား၏ အစီအစဉ်ကို မြောက်ကိုရီးယား၏ လုံခြုံရေးနှင့် ရေပိုင်နက် အချုပ်အခြာအာဏာအား ပြင်းထန်စွာ ချိုးဖောက်သည့် ရန်လိုသော လုပ်ရပ်အဖြစ် ဖော်ပြခဲ့သည်။
တောင်ကိုရီးယား၏ အစီအစဉ်ကြောင့် မြောက်ကိုရီးယားသည် ရေတပ်ကို ခေတ်မီအောင် ပြုလုပ်ရန်နှင့် နျူကလီး ယား လက်နက် တပ်ဆင်ရန် လိုအပ်ချက်ကို ပိုမိုပေါ်လွင်စေခဲ့သည်ဟု ကင်မ်က ဆိုသည်။
ထို့ပြင် ကင်မ်က ၎င်း၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ပြီးစီးသွားပါက ရန်သူ့ခြိမ်းခြောက်မှုများကို တားဆီးနိုင်မည့် နျူကလီးယား စစ်ပွဲဆိုင်ရာ စွမ်းဆောင်ရည်ဖြင့် ခိုင်မာသည့် ခေတ်သစ်တစ်ခုကို စတင်နိုင်မည့် အပြောင်းအလဲ ဖြစ်လာစေမည်ဟု ကြွေးကြော်ခဲ့သည်။
ကင်မ်က သင်္ဘောကျင်းသို့ မည်သည့်အချိန်တွင် သွားရောက်ခဲ့သည်ကို အတိအကျ ဖော်ပြခြင်း မရှိသော်လည်း ကင်မ်သည် အဆင့်မြင့် အရာရှိကြီးများ၊ ၎င်း၏သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) တို့နှင့်အတူ တည်ဆောက် ဆဲဖြစ်သည့် ဧရာမ ရေယာဉ်ကြီးကို စစ်ဆေးနေသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
Source: NBC
- By CNI
- Category: နိုင်ငံရေး
- Hits: 403
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆
လုံခြုံရေး စိုးရိမ်မှုများကြောင့် အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင် (FCC) သည် နိုင်ငံခြားဖြစ် ဒရုန်းအသစ်များကို ပိတ်ပင်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြ ခဲ့သည်။
ထို့ကြောင့် DJI နှင့် Autel ကဲ့သို့ တရုတ်နိုင်ငံထုတ် ဒရုန်းအသစ်များသည် အမေရိကန်ဈေးကွက်သို့ ဝင်ရောက် နိုင်တော့မည် မဟုတ်ပေ။
အမေရိကန်နိုင်ငံအတွင်း စိုက်ပျိုးရေး၊ မြေပုံရေးဆွဲရေး၊ ဥပဒေစိုးမိုးရေးနှင့် ရုပ်ရှင်ရိုက်ကူးရေးတို့တွင် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနေကြသည့် တရုတ်လုပ်ဒရုန်းများနှင့် ပတ်သက်၍ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ဖော်ပြထားသော ကာကွယ်ရေးဥပဒေမူကြမ်းအား လွှတ်တော်က အတည်ပြုခဲ့ပြီး တစ်နှစ်အကြာတွင် ယခု ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုဥပဒေမူကြမ်းအရ တရုတ်ကုမ္ပဏီ နှစ်ခုဖြစ်သော DJI နှင့် Autel တို့၏ ဒရုန်းများသည် အမေရိကန် အမျိုးသား လုံခြုံရေးကို အန္တရာယ်ဖြစ်စေကြောင်း စစ်ဆေးတွေ့ရှိပါက ၎င်းတို့အား ဒရုန်းအသစ်များ ရောင်းချခွင့်အား ရပ်ဆိုင်းရန် တောင်းဆိုထားသည်။

FCC အကြီးအကဲကိုတွေ့ရစဉ်
ထိုတရုတ်ကုမ္ပဏီ နှစ်ခုသာမက ပြည်ပနိုင်ငံများတွင် ထုတ်လုပ်သော ဒရုန်းများနှင့် အဓိက အစိတ်အပိုင်း အားလုံး သည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးနှင့် အမေရိကန် နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေး အတွက် အန္တရာယ်များ ဖြစ်စေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု FCC က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့ သည်။
သို့သော် အဆိုပါ ဒရုန်းများ သို့မဟုတ် အစိတ်အပိုင်းများသည် လုံခြုံရေးအန္တရာယ် မရှိကြောင်း ပင်တဂွန် သို့မဟုတ် အမိမြေလုံခြုံရေးဝန်ကြီးဌာနက ဆုံးဖြတ်လျှင် ပိတ်ပင်မှုမှ ကင်းလွတ်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ အမေရိကန်ပြည်ထောင်စု တည်ထောင်သည့် နှစ် ၂၅၀ ပြည့် (America 250) အထိမ်းအမှတ် အခမ်းအနားများနှင့် ၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲကဲ့သို့ မကြာမီ ကျင်းပတော့မည့် အဓိက ပွဲအခမ်းအနားများတွင် ရာဇဝတ်သမားများ၊ ရန်လိုသော ပြည်ပနိုင်ငံသားများနှင့် အကြမ်းဖက် သမားများထံမှ ထွက်ပေါ်လာနိုင်သည့် ဒရုန်းခြိမ်းခြောက်မှုများကို ဖြေရှင်းရန် လိုအပ်ကြောင်း FCC က ပြောကြားခဲ့သည်။
နိုင်ငံတကာ မောင်းသူမဲ့ယာဉ် စနစ်များအဖွဲ့ (AUVSI) ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မိုက်ကယ် ရော်ဘင်စ် (Michael Robbins) က ထိုဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ဒရုန်းများနှင့်ပတ်သက်ပြီး တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချရန်သာမက ဒရုန်းများအား ကိုယ်တိုင် တည်ဆောက်ရန် အချိန်တန်ပြီဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 492
CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၂၆
တရုတ်-အိန္ဒိယ ဆက်ဆံရေး တိုးတက်လာမှုကို နှောင့်ယှက်ရန် ကြိုးပမ်းသည့် အနေဖြင့် အမေရိကန်သည် တရုတ်၏ ကာကွယ်ရေးမူဝါဒကို ထင်ယောင်ထင်မှားဖြစ်စေရန် ပြုလုပ်နေသည်ဟု တရုတ်နိုင်ငံက ဒီဇင်ဘာ ၂၅ တွင် စွပ်စွဲလိုက်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အိန္ဒိယနှင့် တရုတ်ကြား အငြင်းပွားနေသော နယ်စပ်ဒေသများနှင့် ပတ်သက်ပြီး မကြာသေးမီက တင်းမာမှုများ လျော့ကျလာခဲ့သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းကို တွေ့ရစဉ်
ထို့ကြောင့် တရုတ်သည် ထိုအခြေအနေကို အသုံးချပြီး အမေရိကန်နှင့် အိန္ဒိယကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်း မလာစေရန် လုပ်ဆောင်နိုင်ခြေ ရှိ၊ မရှိ သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းသည့် မေးခွန်းတစ်ခုကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် အိန္ဒိယနှင့် ဆက်ဆံရေးကို မဟာဗျူဟာမြောက်ပြီး ရေရှည်ရှုထောင့်မှ ရှုမြင်ကြောင်း လင်က ပြောကြားခဲ့သည်။

အိန္ဒိယ-တရုတ် အလံကို တွေ့ရစဉ်
ထို့ပြင် နယ်စပ်ပြဿနာသည် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံကြား ကိစ္စသာဖြစ်ပြီး ထိုကိစ္စအပေါ် မည်သည့် နိုင်ငံက မဆို ဝေဖန်အကဲဖြတ်ခြင်းကို ကန့်ကွက်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ တရုတ်သည် အမေရိကန်-အိန္ဒိယ ဆက်ဆံရေး ပိုမိုနက်ရှိုင်း မလာစေရန် တရုတ်နှင့်အိန္ဒိယကြား တင်းမာမှု လျော့ကျလာသည့် အခြေအနေကို အခွင့်ကောင်းယူရန် ကြိုးပမ်းနေဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 526
CNI International News
ပြုံယမ်း၊ ဒီဇင်ဘာ ၂၆
ရုရှားသမ္မတ ပူတင်(Vladimir Putin)သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်( Kim Jong Un) ထံ ပေးပို့သော နှစ်သစ်ကူး သဝဏ်လွှာတွင် နှစ်နိုင်ငံအကြား မပြိုကွဲနိုင်သော ချစ်ကြည်ရင်းနှီးမှုကို ထုတ်ဖော်ချီးကျူး ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် အပတ်က လက်ခံရရှိခဲ့သော အဆိုပါ သဝဏ်လွှာတွင် ပူတင်က ယူကရိန်းကို တိုက်ခိုက်နေသည့် ရုရှား၏စစ်ပွဲ၌ မြောက်ကိုရီးယားစစ်သားများ ပါဝင်ကူညီမှုအား ချီးကျူးခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။
ထိုသို့ ပါဝင်ကူညီမှုသည် နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ညီနောင်စိတ်ဓာတ်ကို သက်သေ ပြလိုက်ခြင်းဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားနှင့် အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့များ၏ ခန့်မှန်းချက်အရ မြောက်ကိုရီးယားသည် ၂၀၂၄ ခုနှစ်အတွင်း ရုရှားသို့ အဓိကအားဖြင့် ကာ့ဒ် (Kursk) ဒေသသို့ စစ်သည်အင်အား ၁၀,၀၀၀ ကျော်အပြင် လက်နက် ကြီး ကျည်၊ ဒုံးကျည်များနှင့် တာဝေးပစ် ဒုံးလက်နက် စနစ်များကိုပါ ပေးပို့ခဲ့သည်ဟုဆိုသည်။

ရုရှားသမ္မတပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
“ကျူးကျော်သူတွေရဲ့ လက်ထဲက ကာ့ဒ်ဒေသကို လွတ်မြောက်အောင် တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ ကိုရီးယား ပြည်သူ့တပ်မတော် စစ်သည်တွေရဲ့ ရဲရင့်တဲ့ ပါဝင်မှုနဲ့ ရုရှားမြေပေါ်က ကိုရီးယား အင်ဂျင်နီယာတွေရဲ့ လုပ်ဆောင် ချက်တွေဟာ မပြိုကွဲနိုင်တဲ့ ချစ်ကြည်ရင်းနှီးမှုကို ရှင်းရှင်းလင်းလင်း သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်”ဟု ပူတင်က ရေးသားခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ် ဇွန်လက မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း လက်မှတ် ရေးထိုးခဲ့သည့် သမိုင်းဝင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်စာချုပ်ပါ ပြဋ္ဌာန်းချက်များကို နှစ်ဦးစလုံး၏ ပူးပေါင်းကြိုးပမ်းမှု များကြောင့် အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ပူတင်က ဆက်လက် ပြောကြားခဲ့သည်။
ထိုစာချုပ်တွင် နှစ်နိုင်ငံအနက် တစ်နိုင်ငံသည် လက်နက်ကိုင် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက ကျန်တစ်နိုင်ငံက စစ်ရေးအရ ချက်ချင်းကူညီပေးရန် ကတိပြုထားသည့် အပြန်အလှန် ကာကွယ်ရေးဆိုင်ရာအချက်များ ပါဝင်သည်။
ခိုင်မာသော မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးသည် တရားမျှတသော ကမ္ဘာ့အခင်းအကျင်းသစ်တစ်ခု ဖော်ဆောင်ရာတွင် အထောက်အကူ ပြုလိမ့်မည်ဟုလည်း ပူတင်က ဆိုသည်။
တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ ခန့်မှန်းချက်အရ ရုရှားကို ကူညီရန် စေလွှတ်ထားသော မြောက်ကိုရီးယားစစ်သား ၂,၀၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ကို စစ်ကူပေးရန် တပ်ဖွဲ့များ စေလွှတ်ထားကြောင်းကို ဧပြီလတွင်မှ အတည်ပြုခဲ့ပြီး ၎င်းတို့၏ စစ်သားများ တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း ဝန်ခံခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 461
CNI International News
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၄
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက နယ်စပ်ပဋိပက္ခ ဖြစ်ပွားနေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ဒီဇင်ဘာ ၂၂ ရက်တွင် တိုက်တွန်းခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ ဒီဇင်ဘာ ၂၄ ရက်တွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း CNA မှ ဖော်ပြခဲ့သည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကို ဆွေးနွေးရန် ဒီဇင်ဘာ ၂၂ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် တွေ့ဆုံခဲ့ကြပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် မလေးရှားနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ဝန်ကြီးများအနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် တိုက်ခိုက်မှုများ ရပ်စဲရေးတို့အတွက် ပြန်လည်ဆွေးနွေးလာခြင်းကို ကြိုဆိုကြောင်း ဖော်ပြထားသည်။
အပစ်အခတ်ရပ်စဲရေးကို လက်တွေ့အကောင်အထည်ဖော်ရန်နှင့် စိစစ်အတည်ပြုရန်အတွက် နှစ်နိုင်ငံကြား ယခင်ကတည်းက ရှိနှင့်ပြီးသားဖြစ်သော နှစ်ဖက်ယန္တရားတစ်ခုဖြစ်သည့် အထွေထွေနယ်စပ်ရေးရာ ကော်မတီ (GBC) ဆွေးနွေးမှုများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် တိုက်ခိုက်မှုများ အမြန်ဆုံး လျော့ပါးသွားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ ယခုလအတွင်း အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံတွင် သေဆုံးသူ ၂၂ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် သေဆုံးသူ ၁၉ ဦး ရှိခဲ့သည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ ထုတ်ပြန်ချက်အရ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သည် ဆက်လက်ဖြစ်ပွားနေသော တင်းမာမှုများနှင့် တိုက်ခိုက်မှုများအပေါ် အလွန် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။
ထိုပဋိပက္ခများကြောင့် နှစ်ဖက်စလုံးတွင် လူသေဆုံးမှုများပြားခြင်း၊ အရပ်ဘက် အခြေခံအဆောက်အအုံများ ပျက်စီးခြင်းနှင့် နယ်စပ်တစ်လျှောက်ရှိ အရပ်သားများ နေရပ်စွန့်ခွာရခြင်းတို့ ဖြစ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် တိုက်ပွဲများကြောင့် ထိခိုက်မှုရှိခဲ့သည့် နယ်စပ်ဒေသများတွင် နေထိုင်ကြသော အရပ်သားများအနေဖြင့် ပုံမှန်နေထိုင်မှုဘ၀ပုံစံ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ရန်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 556
CNI International News
နယူးဒေလီ၊ ဒီဇင်ဘာ ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦးကို လူအုပ်စုက ဝိုင်းဝန်းရိုက်နှက်ကာ မီးရှို့သတ်ဖြတ် ခဲ့သည့် ဖြစ်ရပ်အပေါ် တုန့်ပြန်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ၏ နယူးဒေလီမြို့တော်တွင် ဒီဇင်ဘာ ၂၃ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုဖြစ်ရပ်သည် အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကြား ဆက်ဆံရေး တင်းမာလာနေသည့် လက္ခဏာရပ်သစ်တစ်ခု ဖြစ်လာခဲ့သည်။
နယူးဒေလီမြို့တော်တွင် ပြုလုပ်သော ထိုဆန္ဒပြပွဲကို ဟိန္ဒူအမျိုးသားရေးဝါဒီ အဖွဲ့အစည်းဖြစ်သည့် Vishva Hindu Parishad က အဓိက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
ယင်းသည် တောင်အာရှတွင် တည်ငြိမ်မှုရှိသော ဆက်ဆံရေးအဖြစ် ရှုမြင်ခံရလေ့ရှိသည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကြား ဆက်ဆံရေး ကျိုးပျက်လွယ်နေသည့် အခြေအနေကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ကျောင်းသားခေါင်းဆောင် ရှာရစ်ဖ် အော့စမန် ဟာဒီ (Sharif Osman Hadi) သည် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဒါကာမြို့တွင် သေနတ်ဖြင့် အပစ်ခံရပြီးနောက် စင်ကာပူနိုင်ငံရှိ ဆေးရုံတစ်ခုတွင် ဒီဇင်ဘာ ၁၈ ရက်က သေဆုံးသွားခဲ့သည်။

ဆန္ဒပြသူများကိုတွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က သံသယရှိသူများကို ဖော်ထုတ်နိုင်ခဲ့ပြီး သေနတ်သမားမှာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ဟာဒီ သေဆုံးမှုကြောင့် ဒါကာမြို့တော်တွင် ဆူပူအုံကြွမှုများဖြစ်ပွားခဲ့ကာ သတင်းစာတိုက် နှစ်ခု မီးရှို့ခံခဲ့ရပြီး အိန္ဒိယ သံတမန်ရုံးများလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်။
ထိုပဋိပက္ခများအတွင်း ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရခြင်းကြောင့် ဒီဇင်ဘာ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ၌ ဆန္ဒပြပွဲများ ဖြစ်ပွားလာရခြင်း ဖြစ်သည်။
ဆန္ဒပြသူများသည် နယူးဒေလီမြို့တော်ရှိ ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီးရုံးအနီးသို့ စုဝေးရောက်ရှိလာကြပြီး ကြွေးကြော်သံများ အော်ဟစ်ကာ ဘင်္ဂလားဒေ့ရှ် အဖွဲ့အစည်းများသည် လူနည်းစုများကို မတရားသဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။
အာဏာပိုင်များသည် သံတမန်နယ်မြေတစ်ဝိုက်တွင် အတားအဆီးများ ချမှတ်ကာ ရဲတပ်ဖွဲ့ဝင်များနှင့် သံချပ်ကာကားများ အသုံးပြု၍ လုံခြုံရေးကို တင်းကျပ်စွာ ချထားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 430
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ၂၄
Greenland ကျွန်းသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် လိုအပ်သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြုပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အာတိတ်ဒေသရှိ ထိုကျွန်းနှင့် ပတ်သက်ပြီး ၎င်းခန့်အပ်လိုက်သော အထူးကိုယ်စားလှယ်က တာဝန်ယူလုပ်ဆောင်သွားမည်ဟုလည်း သိရသည်။
ထရမ့်သည် လူဝီစီယားနားပြည်နယ် (Louisiana) အုပ်ချုပ်ရေးမှူး ဂျက်ဖ် လန်းဒရီ (Jeff Landry) ကို Greenland ကျွန်းဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်တွင် အမည်စာရင်း တင်သွင်းခဲ့သည်။
တွင်းထွက်သတ္တုအရင်းအမြစ် ကြွယ်ဝသော ထိုကျွန်းကို အမေရိကန်၏ စိတ်ဝင်စားမှုနှင့် ပတ်သက်ပြီး ဒိန်းမတ်နှင့် Greenland ကျွန်းအာဏာပိုင်များဘက်မှ ဝေဖန်ကန့်ကွက်မှုများ တစ်ကျော့ပြန် ထွက်ပေါ်လာခဲ့သည်။

ထရမ့်နဲ့ လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးတို့ကိုတွေ့ရစဉ်
ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုဖြစ်သော Greenland ကျွန်းသည် တည်နေရာအရ မဟာဗျူဟာမြောက် အရေးပါမှုနှင့် သတ္တုသယံဇာတ ကြွယ်ဝမှုတို့ကြောင့် အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသင့်ကြောင်း ထရမ့်က ယခင်ကတည်းက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် လူဝီစီယားနားပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်စတင် ထမ်းဆောင်ခဲ့သော လန်းဒရီကလည်း ထိုအယူအဆကို လူသိရှင်ကြား ထောက်ခံထားသူဖြစ်သည်။
ဖလော်ရီဒါပြည်နယ် Palm Beach တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထရမ့်က "ကျွန်တော်တို့ Greenland ကို လိုအပ်တာဟာ အမျိုးသားလုံခြုံရေးအတွက်ပါ၊ သတ္တုသယံဇာတတွေအတွက် မဟုတ်ပါဘူး။ Greenland ရဲ့ ကမ်းရိုးတန်းတစ်လျှောက်ကို ကြည့်လိုက်မယ်ဆိုရင် ရုရှားနဲ့ တရုတ်သင်္ဘောတွေ နေရာအနှံ့မှာ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေးအရ ကျွန်တော်တို့ ဒါကို လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒါကို ရအောင်ယူရမယ်" ဟု ပြောကြားခဲ့သည်။

ထရမ့်ကိုတွေ့ရစဉ်
လန်းဒရီကလည်း ထိုကိစ္စကို ဦးဆောင်လုပ်ဆောင်ရန် ဆန္ဒရှိနေကြောင်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။
သို့သော် ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင် (Mette Frederiksen) နှင့် Greenland ဝန်ကြီးချုပ် ဂျန်စ်-ဖရက်ဒရစ် နီလ်ဆင် (Jens-Frederik Nielsen) တို့ကမူ Greenland သည် Greenland ကျွန်းသူ၊ ကျွန်းသားများနှင့်သာ သက်ဆိုင်ကြောင်း ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
"အခြားနိုင်ငံတစ်ခုကို အင်အားသုံးသိမ်းပိုက်လို့ မရပါဘူး။ နိုင်ငံတကာလုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့တောင် လုပ်ပိုင်ခွင့်မရှိပါဘူး။ Greenland ဟာ Greenland ကျွန်းသူ၊ ကျွန်းသားတွေပိုင်တာဖြစ်ပြီး၊ အမေရိကန်အနေနဲ့ Greenland ကို လွှဲပြောင်းရယူခွင့်မရှိစေရဘူး" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 470
CNI Internaitonal News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) ၏ အစီရင်ခံစာမူကြမ်းအရ တရုတ်နိုင်ငံသည် ၎င်း၏ နောက်ဆုံးပေါ် မြေအောက်ဒုံးကျည်စခန်း ၃ ခုတွင် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) အစင်းရေ ၁၀၀ ကျော်ကို တပ်ဆင်ထားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် လက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုများပြုလုပ်ရန် ဆန္ဒမရှိကြောင်းလည်း အဆိုပါအစီရင်ခံတွင် ဖော်ပြထားပြီး တရုတ်၏ မြင့်တက်လာသည့် စစ်ရေးရည်မှန်းချက်များကို မီးမောင်းထိုးပြထားသည်။
ချီကာဂို (Chicago) မြို့အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Bulletin of the Atomic Scientists အဖွဲ့၏ အဆိုအရ တရုတ်နိုင်ငံသည် ၎င်း၏ လက်နက်သိုလှောင်မှုကို အခြားသော နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံများထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် တိုးချဲ့ကာ ခေတ်မီအောင် လုပ်ဆောင်နေကြောင်း သိရသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တရုတ်အစိုးရကမူ တရုတ်နိုင်ငံကို ဂုဏ်သိက္ခာညှိုးနွမ်းစေရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် နားလည်မှုလွဲစေသည့် ကြိုးပမ်းမှုများသာ ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုထားသည်။

တရုတ်မှ တိုက်ချင်းပစ်ဒုံးကျည်များ သယ်ဆောင်လာသည်ကို တွေ့ရစဉ်
ပြီးခဲ့သည့်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်းအနေဖြင့် တရုတ်၊ ရုရှားတို့နှင့်အတူ နျူကလီးယားလက်နက်များ ဖျက်သိမ်းရေး အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း Reuters သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည့် ပင်တဂွန်၏ အစီရင်ခံစာမူကြမ်းတွင်မူ တရုတ်အစိုးရသည် နျူကလီးယားလက်နက်များဖျက်သိမ်းရေးအစီအစဉ်ကို စိတ်ဝင်စားမှုရှိပုံ မရကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် အဆိုပါ အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် မွန်ဂိုလီးယားနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်အနီးရှိ မြေအောက်ဒုံးကျည်စခန်းများ၌ လောင်စာတောင့်သုံး DF-31 အမျိုးအစား တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) အစင်းရေ ၁၀၀ ကျော်ကို တပ်ဆင်ထားနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။
ပင်တဂွန်စစ်ဌာနချုပ်သည် ထိုစခန်းများ တည်ရှိနေကြောင်းကို ယခင်က အစီရင်ခံခဲ့ဖူးသော်လည်း တပ်ဆင်ထားသည့် ဒုံးကျည်အရေအတွက်ကိုမူ ယခုအကြိမ်မှသာ ပထမဆုံး ဖော်ပြခြင်းဖြစ်သည်။
ဝါရှင်တန်ရှိ တရုတ်သံရုံးကမူ တရုတ်နိုင်ငံသည် ခုခံကာကွယ်ရေး နျူကလီးယားမဟာဗျူဟာကိုသာ ကျင့်သုံးကြောင်း၊ နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်သည့် အနိမ့်ဆုံးအဆင့်တွင်သာ နျူကလီးယား အင်အားကို ထိန်းသိမ်းထားကြောင်းနှင့် နျူကလီးယားစမ်းသပ်မှုများ ရပ်ဆိုင်းထားရန် ကတိကဝတ်ကိုလည်း လိုက်နာစောင့်ထိန်းကြောင်း ပြောကြားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 424
CNI International News
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၃
ထိုင်းနှင့် ကမ္ဘောဒီးယားအနေဖြင့် ဆွေးနွေးညှိနှိုင်းမှု၊ အမြော်အမြင်ရှိမှုနှင့် အပြန်အလှန် လေးစားမှုရှိသည့် စိတ်ဓာတ်များဖြင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းလုပ်ဆောင်ရန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကိုဖြေရှင်းရန်အတွက် ဒီဇင်ဘာ ၂၂ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ (Kuala Lumpur) ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။
အန်ဝါက သူသည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) ၊ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ် (Anutin Charnvirakul) တို့နှင့် စကားပြောဆိုခဲ့ရာတွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွား မှုကို ဖြေရှင်းရန်အတွက် အထက်ဖော်ပြပါ အချက်များကို အလေးထားတိုက်တွန်းခဲ့ကြောင်း ၎င်း၏ တရားဝင် Facebook page တွင် ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးအတွက် တိုက်ရိုက် ဆွေးနွေးညှိနှိုင်းရန်၊ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် အခွင့်အလမ်း တစ်ခုဖြစ်သည်ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ်ကိုတွေ့ရစဉ်
“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ပွင့်လင်းမြင်သာတဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့၊ သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့နဲ့ တရားမျှတပြီး ရေရှည် တည်တံ့တဲ့ အဖြေတစ်ခု ရရှိအောင် ဖော်ဆောင်ဖို့အတွက် သင့်တော်ပြီး အပြုသဘောဆောင်တဲ့ အခွင့်အလမ်း တစ်ခု ဖြစ်လာမှာပါ” ဟု အန်ဝါက ပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံသည် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားပြီး လာမည့်နှစ် ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံက ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းဆက်ခံမည်ဖြစ်သည်။
ယခုလအတွင်း အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား တကျော့ပြန်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံတွင် သေဆုံးသူ ၂၂ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် သေဆုံးသူ ၁၉ ဦးရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ထိုင်းနှင့် နယ်စပ်ဒေသတွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ၅ သိန်းကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကမ္ဘောဒီးယားဘက်က ပြောကြားခဲ့သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားကြား ကီလိုမီတာ ၈၀၀ အရှည်ရှိသည့် နယ်စပ်ဒေသတစ်လျှောက် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားသည့် ပြဿနာသည် ကာလကြာရှည်ဖြစ်ပွားခဲ့ပြီး ထိုနယ်စပ်စည်းကို အင်ဒို-ချိုင်းနားကျွန်းဆွယ်အား ကိုလိုနီပြုခဲ့ဖူးသည့် ပြင်သစ်က ရေးဆွဲခဲ့ခြင်းဖြစ်သည်။
Source: CAN
