
- By CNI
- Category: နိုင်ငံရေး
- Hits: 490
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာအန်ဝါနှင့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီ ၁၇ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် အာဆီယံ အနေဖြင့် ပူးပေါင်း ဖြေရှင်းရေး၊ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ် အရေးကိုင်တွယ် ဖြေရှင်းရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 555
CNI International News
ဘရပ်ဆဲလ်၊ ဧပြီ ၁၁
ရုရှားနှင့် ယူကရိန်းအကြား ဖြစ်နိုင်ခြေရှိသည့် အနာဂတ်ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထိန်းသိမ်းကြပ်မတ် ရန် ယူကရိန်းတွင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားရေး အစီအစဉ်များနှင့်အတူ ဥရောပခေါင်းဆောင်များ ဆွေးနွေး ခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံအတွင်း တပ်ဖွဲ့များ ဖြန့်ကြက်ချထားရေးနှင့် ပတ်သပ်ပြီး ဗြိတိန်နှင့်ပြင်သစ်တို့သည် နိုင်ငံပေါင်း ၃၀ ခန့်မှ ကာကွယ်ရေးဝန်ကြီးများ တက်ရောက်သည့် အစည်းအဝေးကို ဧပြီ ၁၀ ရက်က ခေါ်ယူကျင်းပခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ဗြိတိန်နှင့်ပြင်သစ် ထိပ်သီးစစ်ဘက်အရာရှိများသည် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် (Kyiv) မြို့တော်သို့ သွားရောက်ခဲ့ပြီးနောက် နေတိုးဌာနချုပ်တွင် ထိုအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဥရောပခေါင်းဆောင်များ၏ ယခင်ပြုလုပ်နေကျ ပုံမှန် အစည်းအဝေးများကဲ့သို့ပင် အမေရိကန်သည် အစည်း အဝေးတွင် ပါဝင်ခဲ့ခြင်း မရှိသော်လည်း ယူကရိန်းနှင့်သက်ဆိုင်သည့် ရည်မှန်းချက်များသည် အမေရိကန်၏ အထောက်အပံ့အပေါ်၌ မှီခိုနေရသည်။
ဥရောပနိုင်ငံခြားရေးမူဝါဒကော်မတီဥက္ကဋ္ဌကို တွေ့ရစဉ်
သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့ကမူ ယူကရိန်းနှင့်ပတ်သက်သည့် အထောက်အပံ့ အစီအစဉ်များကို လူသိရှင်ကြား ကတိပြု ပြောကြားခဲ့ခြင်း မရှိသေးပေ။
ဥရောပအနေဖြင့် မိမိ၏ လုံခြုံရေးကို မိမိကိုယ်တိုင် တာဝန်ယူရမည်ဟု အမေရိကန်က သတိပေးခဲ့ပြီးနောက် ဥရောပနိုင်ငံများသည် တပ်ပေါင်းစုဖွဲ့စည်းရန် အစီအစဉ်ကို အလေးအနက်ထားပြီး ဆွေးနွေးခဲ့ကြသည်။
ဥရောပနိုင်ငံများ စုပေါင်းဖွဲ့စည်းမည့် တပ်ပေါင်းစုသည် ဥရောပတိုက်၏ အကျိုးစီးပွားကို ကာကွယ်ရန် ပထမဆုံး စမ်းသပ်ချက်တစ်ခုအဖြစ် ရှုမြင်ခံရမည်ဖြစ်သည်။
တပ်ပေါင်းစု ဖွဲ့စည်းမည့်ပုံစံသည် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်၏ သဘောသဘာဝအပေါ် မူတည်လိမ့်မည်ဖြစ်သည်။
သို့သော် ဥရောပတပ်ပေါင်းစုသည် ယူကရိန်းနှင့်ရုရှား နယ်စပ်အနီးတွင် စခန်းချဖွယ်မရှိဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ သတ်မှတ်ထားသောနေရာနှင့် ဝေးကွာသည့်နေရာ သို့မဟုတ် ယူကရိန်းနိုင်ငံ အပြင်ဘက် တွင် စခန်းချဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဗြိတိန်အရာရှိများကမူ ဥရောပတပ်ပေါင်းစုတွင် ပါဝင်မည့် စစ်သားအင်အားကို ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သော်လည်း ဥရောပနိုင်ငံများသည် အမေရိကန်၏ အကူအညီမပါဘဲ ၎င်းတို့၏ စစ်သားများကို စေလွှတ်ရန် တွန့်ဆုတ်နေကြသည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 424
CNI International News
ဝါရှင်တန်၊ ဧပြီ ၁၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကုန်သွယ်ခွန် တိုးမြှင့်ကောာက်ခံမှုများကို ယာယီ ဆိုင်းငံ့ခဲ့သည့် ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များနှင့် ဥရောပခေါင်းဆောင်များ၏ စိုးရိမ် ပူပန်မှုများ အနည်းငယ် ပြေလျော့သွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်၏ ကုန်သွယ်ဖက်နိုင်ငံ ၆၀ ခန့်ကို ကုန်သွယ်ခွန်များ ကောက်ခံသည့် အစီအစဉ် စတင် အသက်ဝင် လာပြီးနောက် နာရီပိုင်းအကြာမှာပင် ထရမ့်က ကုန်သွယ်ခွန် အမြင့်ဆုံး ကောက်ခံခြင်း ခံရသည့်နိုင်ငံများအတွက် ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း တရုတ်နှင့် ကုန်သွယ်ရေး စစ်ပွဲမှာမူ အရှိန် မြင့်လာခဲ့သည်။
ကုန်သွယ်ခွန် ဆိုင်းငံ့ကြောင်း ကြေညာချက် ထွက်ပေါ်အပြီးတွင် အမေရိကန်၏ စတော့ရှယ်ယာဈေးကွက် ပြန်လည် မြင့်တက်လာခဲ့ပြီး အာရှနှင့် ဥရောပ၏ ကုန်သွယ်ရေး ကဏ္ဍအတွက် စိုးရိမ်စိတ်များ လျော့ကျသွားစေခဲ့ သည်။
ဥရောပကော်မရှင်အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်ကို တွေ့ရစဉ်
ဥရောပကော်မရှင်အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်(Ursula von der Leyen)နှင့် အခြားဥရောပ ခေါင်းဆောင် များကလည်း ထရမ့်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
သို့သော် ထရမ့်သည် တရုတ်ကိုမူ ကုန်သွယ်ခွန်များ ထပ်မံတိုးမြှင့်ခဲ့ပြီး ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်အပေါ် ဖိအားများ တိုးမြှင့်ခဲ့သည်။
ထရမ့်သည် ဧပြီ ၉ ရက်က စတင်အသက်ဝင်ခဲ့သည့် ကုန်သွယ်ခွန် ကောက်ခံမှု အစီအစဉ်တွင် အမေရိကန်သို့ တင်ပို့သည့် တရုတ်၏ ကုန်စည်များအပေါ် အခွန် ၁၀၄ ရာခိုင်နှုန်းမှ ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့ သည်။
ကုန်သွယ်ရေးကိုတွေ့ရစဉ်
အမေရိကန်သို့ ပို့ကုန်တင်ပို့သည့် ဒုတိယအများဆုံး နိုင်ငံဖြစ်သည့် တရုတ်ကမူ အမေရိကန်၏ ပို့ကုန်များကိုလည်း အခွန်များ ပြန်လည်တိုးမြှင့် ကောက်ခံကြောင်း ကြေညာခဲ့သည်။
ဧပြီ ၉ ရက်က တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၁ မိနစ်မှစပြီး တရုတ်သို့ တင်ပို့လာသည့် အမေရိကန်ကုန်စည်များအပေါ် ယခင်အခွန်နှုန်း ၃၄ ရာခိုင်နှုန်းမှ ယခုအခွန်နှုန်း ၈၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ကြောင်း ဖော်ပြခဲ့သည်။
တရုတ်အပေါ် အခွန်များ တိုးမြှင့်ကောက်ခံသည့် အမေရိကန်သည် အမှားပေါ် အမှားဆင့်သည့် လုပ်ဆောင်ချက် ဖြစ်ပြီး တရုတ်၏ တရားဝင်မှုရှိသော အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ဆိုးရွားစွာ ထိခိုက်စေကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 496
CNI International News
ဘေဂျင်း၊ ဧပြီ ၁၀
အမေရိကန်သို့ တင်ပို့သည့် တရုတ်၏ သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၁၀၄ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံခဲ့သည့် အမေရိကန်၏ လုပ်ဆောင်ချက်ကို တရုတ်က ကြီးမားသည့် အစီအစဉ်များဖြင့် တုန့်ပြန်ရန် စဉ်းစားနေဖွယ်ရှိကြောင်း တရုတ်၏ ဩဇာကြီးမားသော ကျွမ်းကျင်သူအချို့က ပြောကြားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုအစီအစဉ်များထဲတွင် အမေရိကန်နှင့် တရုတ်အကြား သိသိသာသာ လိုငွေပြနေသည့် ကုန်သွယ်ရေးကဏ္ဍကိုပါ ထည့်သွင်းပြီး ကုန်သွယ်ရေး အငြင်းပွားမှုကို ပိုမိုကြီးမား စေလိမ်မည်ဖြစ်ကြောင်း အွန်လိုင်းပေါ်တွင် Chairman Rabbit ဟု လူသိများသည့် ဘလော့ဂါတစ်ဦးဖြစ်သူ ရန်ယိ (Ren Yi) က အမည်မဖော်လိုသော သတင်းရင်းမြစ် များကို ကိုးကားပြီး ပြောဆိုခဲ့သည်။
“ကုန်သွယ်ရေးစစ်ပွဲကို ကုန်စည်ကုန်သွယ်မှုကဏ္ဍ အပေါ်မှာပဲ အာရုံစိုက်ခဲ့တာဟာ ကျိုးကြောင်းသင့်လျှော်မှု မရှိပါဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်က ကျနော်တို့ ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး ကျနော်တို့ကို ဝန်ဆောင်မှု တွေ ပြန်လည်ရောင်းချနေလို့ပါ” ဟု ရန်က South China Morning Post ကို ပြောကြားခဲ့သည်။
စတော့ဈေးကွက်ကို တွေ့ရစဉ်
တရုတ်၏ မိုက်ခရိုဘလော့ဂ် ပလက်ဖောင်းဖြစ်သည့် Weibo တွင် ဖော်လိုဝါ ၁ သန်းကျော်ရှိသည့် ရန်သည် ဧပြီ ၈ ရက်က ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်အတွင်း တရုတ်သည် အမေရိကန်၏ ကုန်သွယ်ရေးဖိအားကို တန်ပြန်ရန်အတွက် ကြီးမားသည့် အစီအစဉ်များ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုအစီအစဉ်များထဲတွင် အမေရိကန်ကုမ္ပဏီများ၏ ဝန်ဆောင်မှုများကို ဝယ်ယူခြင်းအပေါ် တားမြစ်ကန့်သတ်မှု များ ပြုလုပ်ခြင်း၊ အမေရိကန်၏ ပဲပိစပ်များအပေါ် အခွန်များ သိသိသာသာ တိုးမြှင့်ကောက်ခံခြင်း၊ အမေရိကန်၏ မွေးမြူရေး ကြက်နှင့်ဘဲများ တင်သွင်းဝယ်ယူမှုကို တားမြစ်ပိတ်ပင်ခြင်၊ တရားမဝင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး တွင် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ခြင်း၊ တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများအား အသိဉာဏ်ပစ္စည်းနှင့် ဆက်နွှယ်သည့် အရေးကိစ္စများကို စုံစမ်းစစ်ဆေးခြင်းတို့ ပါဝင်သည်ဟု ရန်က ဆိုသည်။
Weibo လူမှုမီဒီယာတွင် ဖော်လိုဝါ ၄ သန်းကျော်ရှိပြီး Niutanqin ဟု လူသိများသည် အခြားနိုင်ငံရေး ဘလော့ဂါ တစ်ဦးကလည်း အမေရိကန်အား တုန့်ပြန်ဖွယ်ရှိသည့် တရုတ်၏ အစီအစဉ်များကို ရေးသားဖော်ပြခဲ့သည်။
ထိုအကောင့်ကို တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီ၏ ဝါရင့် ဂျာနယ်လစ်တစ်ဦးက စီမံခန့်ခွဲလျက်ရှိသည်။
တရုတ်သည် အမေရိကန်၏ ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍကို နည်းမျိုးစုံဖြင့် ပစ်မှတ်ထားနိုင်ပြီး တရုတ်အစိုးရ၏ ကုန်စည်ဝယ်ယူမှုများတွင် အမေရိကန်ကုမ္ပဏီများ ပါဝင်ပတ်သက်မှုကို ကန့်သန့်ခြင်း သို့မဟုတ် တရုတ်ကုမ္ပဏီ များနှင့် အမေရိကန် တရားရေးကုမ္ပဏီများ၊ အတိုင်ပင်ခံကုမ္ပဏီများကြား ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်ခြင်း အစရှိသည့် အစီအစဉ်များ လုပ်ဆောင်နိုင်သည်ဟု ရန်က ပြောကြားခဲ့သည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 476
CNI International News
တိုကျို၊ ဧပြီ ၁၀
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ အရှိန်ပြင်းထန်လာသဖြင့် ဂျပန်၏ ယန်းငွေတန်ဖိုး၊ ရွှေစျေးနှင့် အစိုးရ ငွေတိုက်စာချုပ် စျေးနှုန်းများ မြင့်တက်လာကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အမေရိကန်၏ ကုန်သွယ်ခွန်များ ကောက်ခံမှုမှ စတင်ဖြစ်ပွားလာခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲကြောင့် စျေးကွက် မတည်မငြိမ် ဖြစ်လာချိန်တွင် ရင်းနှီးမြှုပ်နှံသူများသည် ရွှေနှင့် ငွေတိုက်စာချုပ်ကဲ့သို့ အာမခံချက်ရှိသည့် အရာ များကို ဝယ်ယူစုဆောင်းရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။
တရုတ်ကုန်စည်များအပေါ် အခွန် ၁၀၄ ရာခိုင်နှုန်း ကောက်ခံမှု အပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အပြန်အလှန် ကုန်သွယ်ခွန် ကောက်ခံမှုများကြောင့် ဧပြီ ၉ ရက်တွင် ဂျပန်၏ Nikkei စတော့ရှယ်ယာစျေးကွက်သည် ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
လက်ရှိတွင် ဂျပန်နိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများသည် ဒေါ်လာများကို ထုတ်ရောင်းပြီး ယန်းငွေများကို ဝယ်ယူနေ သဖြင့် ယန်းငွေတန်ဖိုး မြင့်တက်နေသည်။
ဂျပန်နိုင်ငံသည် ခိုင်မာသည့် ကုန်သွယ်ရေးပိုငွေပြမှု၊ ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးခြင်း၊ နိုင်ငံရေးတည်ငြိမ်ခြင်း တို့ကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ဆုံးရှုံးနစ်နာမှုများကို သက်သာစေရန် ယန်းငွေများကို ဝယ်ယူနေကြခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
အမေရိကန်နဲ့တရုတ် အလံကို တွေ့ရစဉ်
ဥပမာပြရမည်ဆိုပါက အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များ အတွင်း ငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁၁၄ ယန်းမှ ၁၀၅ ယန်းအထိ လျော့ကျသွားခဲ့ကာ ယန်းငွေတန်ဖိုး မြင့်တက်ခဲ့သည်။
ထို့ပြင် ဂျပန်၊ စင်္ကာပူနှင့် တောင်ကိုရီးယား အပါအဝင် စီးပွားရေး တည်ငြိမ်မှုရှိသည့် အာရှနိုင်ငံများတွင် ငွေတိုက် စာချုပ်များသည် ဆုံးရှုံးနစ်နာမည့် အန္တရာယ်များ နည်းပါးသဖြင့် ငွေတိုက်စာချုပ်များ ဝယ်ယူရန် ရင်းနှီးမြှုပ်နှံ သူများက စိတ်ဝင်စားလာကြသည်။
ငွေကြေးဖောင်းပွမှု၊ ကုန်သွယ်ရေးစစ်ပွဲနှင့် စတော့ရှယ်ယာစျေးကွက်များ ပြိုလဲမည့် အခြေအနေကို စိုးရိမ်သည့် ရင်းနှီးမြှုပ်နှံသူများအတွက် ရွှေများဝယ်ယူ စုဆောင်းခြင်းသည်လည်း အကောင်းဆုံး ရွေးချယ်မှုများထဲတွင် ပါဝင်နေသည်။
ဥပမာပြရမည်ဆိုပါက ၂၀၁၈ ခုနှစ်က ရွှေစျေးသည် တစ်အောင်စလျှင် ဒေါ်လာ ၁၂၀၀ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၅၀၀ အထိ မြင့်တက်ခဲ့သည်။
Source: Nikkei Asia

- By CNI
- Category: နိုင်ငံရေး
- Hits: 491
CNI International News
ဘေဂျင်း၊ ဧပြီ ၁၀
အိမ်နီးချင်းနိုင်ငံများနှင့် မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ ထောက်ပံ့ရေး ကွင်းဆက်များအား တိုးမြှင့်ခြင်းဖြင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ခိုင်မြဲအောင် လုပ်ဆောင်မည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)က ကတိပြုခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ရှီသည် ဧပြီ ၈ ရက်နှင့် ၉ ရက်တွင် ပြုလုပ်ခဲ့သည့် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန် ဆက်ဆံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌ ထိုမှတ်ချက်စကားများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုပြောကြားချက်များသည် အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်ပြင်းထန်လာပြီးနောက် ရှီ၏ ပထမဆုံး လူသိရှင်ကြား ထုတ်ပြန်သည့် မိန့်ခွန်းဖြစ်ခဲ့သည်။
အစည်းအဝေးအတွင်း ရှီက အပြန်အလှန် ဖလှယ်မှုရှိသည့် အနာဂတ် အသိုင်းအဝိုင်းကို တည်ဆောက်ခြင်းသည် အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးကို ထိပ်တန်းနေရာသို့ ရောက်စေလိမ့်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
တရုတ်နိုင်ငံနှင့် အိမ်နီးချင်းများ၏ ဆက်ဆံရေးသည် ခေတ်သစ်သမိုင်းတွင် အကောင်းဆုံး အခြေအနေအထိ ရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီက ဧပြီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် မိမိတို့သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းများ ပြောင်းလဲနေသည့် အရေး ကြီးသော အချိန်အခါအတွင်းသို့ ဝင်ရောက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တရုတ်ထိပ်သီး ခေါင်းဆောင်များသည် အိမ်နီးချင်းနိုင်ငံများဖြင့် သံတမန် ဆက်ဆံရေးနှင့်ပတ်သက်ပြီး ၂၀၁၃ ခုနှစ်ကတည်းက ယခုကဲ့သို့ ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တရုတ်ခေါင်းဆောင်များသည် အမေရိကန်နှင့် ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် ၂၀၂၃ ခုနှစ်က ဦးစားပေး အစီအစဉ်အဖြစ် လုပ်ဆောင်ခဲ့သည့် အာရှနိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်မည့် လုပ်ငန်းစဉ် ကို ပိုမိုအာရုံစိုက်လာသော အခြေအနေအား ယခုနှစ် ဆွေးနွေးပွဲက မီးမောင်းထိုး ပြသရာရောက်ခဲ့သည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 599
CNI International News
ဝါရှင်တန်၊ ဧပြီ ၉
အမေရိကန်သည် အီရန်နှင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဧပြီ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
“ကျနော်တို့ ဧပြီ ၁၂ ရက်မှာ အရမ်းကြီးမားတဲ့ အစည်းအဝေးတစ်ခု ပြုလုပ်မှာဖြစ်ပြီး သူတို့နဲ့ တိုက်ရိုက် ဆက်သွယ်နေပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲသည် အမြင့်ဆုံးအဆင့် အစည်းအဝေး ဖြစ်နိုင်သည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araghchi ) ကလည်း အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အတည်ပြုခဲ့သည်။
အဆိုပါ ဆွေးနွေးမှုများသည် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ပြီး ပြုလုပ်သည့် အဆင့်မြင့် ဆွေးနွေးပွဲများဖြစ်ကာ အိုမန်နိုင်ငံတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ အခွင့်အလမ်းတစ်ခုလို့ ပြောလို့ရသလို စမ်းသပ်မှု တစ်ခုလို့လည်း ပြောလို့ရပါတယ်။ အမေရိကန်အပေါ်မှာ ပဲ မူတည်ပါတယ်” ဟု အာရက်ချီက X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
အီရန်ခေါင်းဆောင်ကိုတွေ့ရစဉ်
ယခုလ အစောပိုင်းကမူ အီရန်၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ရန် ထရမ့်၏ ကမ်းလှမ်းမှုကို အီရန်က ငြင်းဆိုခဲ့သည်။
သို့သော် လက်ရှိတွင် အီရန်က သွယ်ဝိုက်ပြုလုပ်သည့် အဆင့်မြင့် ဆွေးနွေးပွဲများကို လက်ခံခဲ့ဖွယ်ရှိသည်။
ထရမ့်ကမူ ဆွေးနွေးပွဲများ အောင်မြင်ခြင်းမရှိပါက အီရန်သည် ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
“အီရန် အနေနဲ့ နျူကလီးယား လက်နက်တွေ ပိုင်လို့မရပါဘူး။ ဆွေးနွေးပွဲတွေသာ မအောင်မြင်ဘူးဆိုရင် အီရန် အတွက် အရမ်းဆိုးတဲ့နေ့ရက် ဖြစ်သွားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်တွင် အမေရိကန်နှင့် အီရန်အကြား သွယ်ဝိုက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း တိုးတက်မှုအနည်းငယ်သာ ရရှိခဲ့သည်။
Source: DW

- By CNI
- Category: နိုင်ငံရေး
- Hits: 587
CNI International News
ဘေဂျင်း၊ ဧပြီ ၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က တရုတ်၏ သွင်းကုန်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ထပ်မံ ကောက်ခံသွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ကုန်သွယ်ရေးစစ်ပွဲကို အဆုံးထိ တိုက်ခိုက်သွားမည်ဟု တရုတ်အစိုးရက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
တရုတ်သည် မိမိအကျိုးစီးပွားများ ကာကွယ်ရန် အမေရိကန်အား ဆန့်ကျင်သည့် တန်ပြန်အစီအစဉ်များကို လုပ်ဆောင်မည်ဖြစ်ပြီး အဆုံးထိ တိုက်ခိုက်သွားမည်ဟု ဧပြီ ၈ ရက်က ပြောကြားခဲ့သည်။
တရုတ်အပေါ် အမေရိကန်၏ အပြန်အလှန် အကောက်ခွန် ကြေညာချက်သည် အလုံးစုံ အခြေအမြစ်မရှိဘဲ တစ်ဖက်သတ် အနိုင်ကျင့် ဗိုလ်ကျသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တရုတ်မြို့ပြနဲ့အလုပ်သမားတွေကိုတွေ့ရစဉ်
ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံကလည်း အမေရိကန်အပေါ် တန်ပြန် ကုန်သွယ်ခွန် ကောက်ခံမှုများကို ကြေညာခဲ့ပြီး နောက်ထပ် တုန့်ပြန်မည့် အစီအစဉ်များ ထပ်မံပြုလုပ်မည်ဟုလည်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“တရုတ်နိုင်ငံက လုပ်ဆောင်ခဲ့တဲ့ တန်ပြန်အစီအစဉ်တွေဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မိမိတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ရည်ရွယ်ပြီး နိုင်ငံတကာ ကုန်သွယ်မှု စည်းမျဥ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့တာကြောင့် အဲဒီလုပ်ဆောင်မှုတွေက အလုံးစုံတရားဝင်ပါတယ်”ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တရုတ်အပေါ် ကုန်သွယ်ခွန်များ တိုးမြှင့်မည့် အမေရိကန်၏ ခြိမ်းခြောက်မှုသည် အမှားပေါ်တွင် အမှားဆင့်သည့် လုပ်ဆောင်မှုဖြစ်ပြီး တရုတ်နိုင်ငံက လုံးဝ လက်မခံနိုင်မည့် အမေရိကန်၏ ခြိမ်းခြောက် ငွေညှစ်သည့် သဘော သဘာဝကို နောက်တစ်ကြိမ် ပေါ်လွင်ထင်ရှားစေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
တရုတ်မှာ အခြေစိုက်တဲ့ Apple ကုမ္ပဏီကိုတွေ့ရစဉ်
အကယ်၍ အမေရိကန်အနေဖြင့် ထိုသို့ လုပ်ဆောင်မည်ဆိုပါက တရုတ်သည် အဆုံးအထိ တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်းလည်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တရုတ်အပေါ် နောက်ထပ် ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံမည့် ထရမ့်၏ ဧပြီ ၇ ရက်က ခြိမ်းခြောက်မှုကြောင့် ဘဏ္ဍာရေးအရ ဆုံးရှုံးနစ်နာမှုများသည့် ကုန်သွယ်ရေးစစ်ပွဲ အရှိန်ပြင်းထန်လာမည့် အခြေအနေအတွက် စိုးရိမ်မှု များ မြင့်တက်စေခဲ့သည်။
ကုန်သွယ်ခွန်စစ်ပွဲ ပိုမိုဆိုးရွားလာသဖြင့် တိုကျို (Tokyo) မှ နယူးယောက် (New York) အထိ ကမ္ဘာတစ်ဝန်းက စတော့ရှယ်ယာ စျေးကွက်များလည်း ကမောက်ကမ ဖြစ်ခဲ့ရသည်။
ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ်က တရုတ်အပေါ် ကုန်သွယ်ခွန် တိုးမြှင့်ကြောင်း ကြေညာခဲ့ပြီး တရုတ်က အမေရိကန်ကို တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် ယခုသီတင်းပတ်တွင်လည်း ထရမ့်က တရုတ်အပေါ် နောက်ထပ်ကုန်သွယ်ခွန်များ ထပ်မံတိုးမြှင့်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 402
CNI International News
ဆိုးလ်၊ ဧပြီ ၉
တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲကို ဇွန်လ ၃ ရက်တွင် ကျင်းပမည်ဟု ယာယီသမ္မတ ဟန်ဒွတ်ဆူး (Han Duck-Soo) က ကြေညာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဧပြီ ၄ ရက်က ယခင်သမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) ကို အခြေခံဥပဒေဆိုင်ရာတရားရုံးက ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် သမ္မတသစ် ရွေးချယ်ရန် ရွေးကောက်ပွဲ ပြုလုပ်မည့်နေ့ကို ကြေညာခဲ့ခြင်းဖြစ်သည်။
ယွန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သဖြင့် လွှတ်တော်က ထိုအမိန့်ကို မဲခွဲပြီးပယ်ချခဲ့သည်။
ထို့နောက် ယွန်းသည် နာရီပိုင်းအတွင်း စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းခဲ့သော်လည်း လွှတ်တော်က ၎င်းအား စွပ်စွဲပြစ်တင်ခဲ့ကာ သမ္မတတာဝန်မှ ဆိုင်းငံ့ခဲ့သည်။
ထို့နောက် အခြေခံဥပဒေဆိုင်ရာခုံးရုံးက လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့ပြီး ယွန်းအား ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ယွန်း၏ ပြည်သူ့အင်အားပါတီနှင့် အင်အားကြီး ပြိုင်ဘက်ပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီတို့ အကြား အားပြိုင်မှုများက ရွေးကောက်ပွဲကို လွှမ်းမိုးသွားမည်ဖြစ်သည်။
ပြည်သူ့အင်အားပါတီကို တွေ့ရစဉ်
ပြည်သူ့အင်အားပါတီသည် အာဏာရပါတီ ဖြစ်ခဲ့သော်လည်း လွှတ်တော်ကို အတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ် ပါတီက ထိန်းချုပ်ခဲ့သည်။
လာမည့် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီဘက်မှ ဩဇာကြီးမားသည့် လီဂျေမြောင် (Lee Jae-myung) သည် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ပြည်သူ့အင်အားပါတီတွင်မူ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရရန် ကြိုးပမ်းမည့် နိုင်ငံရေးသမား ၁၀ ဦးခန့် ရှိလာလိမ့်မည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။
တောင်ကိုရီးယား၏ အခြားနိုင်ငံရေး ပါတီများသည်လည်း ၎င်းတို့ပါတီ ကိုယ်စားပြုပြီး ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို လာမည့် သီတင်းပတ်များအတွင်း ရွေးချယ်သွားမည်ဖြစ်သည်။
Source: အေပီ