- By CNI
- Category: နိုင်ငံရေး
- Hits: 418
CNI International News
ပေကျင်း၊ ဒီဇင်ဘာ ၂၃
အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားကမ်းလွန်ရေပြင်တွင် တရုတ်နိုင်ငံသို့ ဦးတည်မောင်းနှင်နေသော ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ်ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်၏ ထိုလုပ်ဆောင်ချက်သည် နိုင်ငံတကာဥပဒေကို ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ခွင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်အစိုးရသည် တစ်ဖက်သတ်ဆန်ပြီး တရားမဝင်သော ပိတ်ဆို့အရေးယူမှုအားလုံးကို ကန့်ကွက် ကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့်သင်္ဘောများနှင့် ဗင်နီဇွဲလားမှ ပြန်လည်ထွက်ခွာလာသည့် ပိတ်ဆို့မှု ခံထားရသော ရေနံတင်သင်္ဘောအားလုံးကို တားဆီးသွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာ ၂၀ ရက်တွင် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ဗင်နီဇွဲလား ကမ်းလွန် နိုင်ငံတကာ ရေပိုင်နက်အတွင်း ဒုတိယမြောက် ရေနံတင်သင်္ဘောတစ်စီးကို ကြားဖြတ်ဖမ်းဆီးခဲ့သည်။

ဗင်နီဇွဲလားရေနံတင်သင်္ဘောကိုတွေ့ရစဉ်
Centuries အမည်ရှိ အဆိုပါသင်္ဘောသည် ဗင်နီဇွဲလားတွင် Crag ဟူသော အမည်အတုဖြင့် ကုန်တင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ဗင်နီဇွဲလား၏ ရေနံစိမ်း စည်ပေါင်း ၁.၈ သန်းခန့် တင်ဆောင်ထားကြောင်း စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။
ထိုရေနံစိမ်းများကို Satau Tijana Oil Trading ကုမ္ပဏီက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ ထိုကုမ္ပဏီသည် ဗင်နီဇွဲလား အစိုးရပိုင် ရေနံကုမ္ပဏီ (PDVSA) က တရုတ်နိုင်ငံရှိ ပုဂ္ဂလိက ရေနံချက်စက်ရုံများသို့ ရေနံရောင်းချရာတွင် ပါဝင်ပတ်သက်နေသည့် ကြားခံကုမ္ပဏီအများအပြားထဲမှ တစ်ခုဖြစ်ကြောင်း စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ထိုသင်္ဘောသည် အလံအတုလွှင့်ထူထားသော သင်္ဘော ဖြစ်ပြီး ပိတ်ဆို့အရေးယူခံထားရသည့် ရေနံများကို တင်ဆောင်ထားသည့် ဗင်နီဇွဲလား၏ လျှို့ဝှက်သင်္ဘောအုပ်စု (Shadow fleet) များထဲမှ တစ်စီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗင်နီဇွဲလားအစိုးရက ရေနံတင်သင်္ဘောကို ကြားဖြတ်ဖမ်းဆီးသည့် လုပ်ရပ်ကို ဆိုးရွားသည့် နိုင်ငံတကာပင်လယ်ဓားပြမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဗင်နီဇွဲလား၏ ရေနံစိမ်းများကို အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်ပြီး ဗင်နီဇွဲလားရေနံများသည် တရုတ်နိုင်ငံ၏ စုစုပေါင်း ရေနံတင်သွင်းမှု ပမာဏ၏ ၄ ရာခိုင်နှုန်းခန့် ရှိသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 388
CNI International News
မော်စကို၊ ဒီဇင်ဘာ ၂၃
ရုရှားနိုင်ငံ မော်စကို (Moscow) မြို့ တောင်ပိုင်းတွင် ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှု တစ်ခုကြောင့် ရုရှားဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခဲ့ပြီး ၎င်းသည် တစ်နှစ်အတွင်း ရုရှား၏အဆင့်မြင့် စစ်ဘက်အရာရှိကြီးတစ်ဦး သတ်ဖြတ်ခံရသည့် တတိယမြောက်ဖြစ်စဉ် ဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
စုံစမ်းစစ်ဆေးသူများကမူ ထိုတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ယူကရိန်းနိုင်ငံ ရှိနေနိုင်ကြောင်း ပြောကြားခဲ့သည်။
ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်ရုံးမှ စစ်ဆင်ရေးလေ့ကျင့်ရေးညွှန်ကြားမှုဦးစီးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဖာနေးလ် ဆာဗာရော့ဗ် (Fanil Sarvarov) သည် ဗုံးပေါက်ကွဲမှုအတွင်း ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရုရှား၏ အဆင့်မြင့်ဆုံး ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အေဂျင်စီဖြစ်သည့် စုံစမ်းစစ်ဆေးရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ စဗက်တလာနာ ပီထရန်ကို (Svetlana Petrenko) က အတည်ပြုပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲသွားသည့်ကားကိုတွေ့ရစဉ်
“စုံစမ်းစစ်ဆေးသူတွေဟာ ဒီလူသတ်မှုနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာမှုတွေ အများအပြားကို လုပ်ဆောင် နေပါတယ်။ အဲဒီထဲက တစ်ခုကတော့ ဒီရာဇဝတ်မှုကို ယူကရိန်း ထောက်လှမ်းရေးဌာနတွေက စီစဉ်ခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ” ဟု ပီထရန်ကိုက ဆိုသည်။
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးကတည်းက ရုရှားအာဏာပိုင်များသည် ရုရှားနိုင်ငံအတွင်းရှိ စစ်ဘက်အရာရှိများနှင့် ထင်ရှားသည့် ပုဂ္ဂိုလ်များကို လုပ်ကြံသတ်ဖြတ်မှု အများအပြားအတွက် ယူကရိန်းကို အပြစ်တင်ခဲ့သည်။
ယူကရိန်းဘက်ကလည်း အချို့သော ဖြစ်စဉ်များအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ဝန်ခံခဲ့သော်လည်း ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

သေဆုံးသူရုရှားဗိုလ်ချုပ်ကြီးနှင့် ရုရှာသမ္မတတို့ကို တစ်နေရာတည်းတွေ့ရစဉ်
ဗိုလ်ချုပ်ကြီး ဆာဗာရော့ဗ် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ သမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ထံသို့ ချက်ချင်း အစီရင်ခံ တင်ပြထားပြီးဖြစ်ကြောင်း ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီးဆာဗာရော့ဗ်သည် ယခင်က ချေချင်းညာ (Chechnya) စစ်ပွဲတွင် တိုက်ခိုက်ခဲ့ဖူးသူဖြစ်ပြီး ဆီးရီးယားနိုင်ငံ၌ ရုရှား၏ စစ်ဆင်ရေးများတွင်လည်း ပါဝင်ခဲ့သူဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 518
CNI International News
တိုကျို၊ ဒီဇင်ဘာ ၂၃
ဂျပန်နိုင်ငံ နီအီဂါတာ (Niigata) ဒေသ၏ အာဏာပိုင်များက ၎င်းတို့ဒေသရှိ ကမ္ဘာ့အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကို ပြန်လည် ဖွင့်လှစ်ပြီး လုပ်ငန်းများလည်ပတ်ရန် ဒီဇင်ဘာ ၂၂ ရက်က မဲခွဲဆုံးဖြတ်ခဲ့သည် ဟု CNA မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သဖြင့် ဖူကူရှီးမား (Fukushima) နျူကလီးယားစက်ရုံတွင် ဓာတ်ပေါင်းဖိုများပေါက်ကွဲခဲ့သဖြင့် နျူကလီးယားဘေးအန္တရာယ်ဖြစ်ပွားခဲ့ပြီးနောက် ၁၅ နှစ်အကြာတွင်နျူကလီးယားစွမ်းအင်ကဏ္ဍအပေါ် ပြန်လည်ခြေဦးလှည့်လာသည့် ဂျပန်၏ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့သည်။
တိုကျိုမြို့၏ အနောက်မြောက်ဘက် ၂၂၀ ကီလိုမီတာအကွာတွင် တည်ရှိသော ခါရှီဝါဇာကီ-ခါရီဝါ (Kashiwazaki-Kariwa) စက်ရုံသည် ကမ္ဘာ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံဖြစ်သည်။
၂၀၀၁ ခုနှစ်က အင်အားပြင်းငလျင်နှင့် ဆူနာမီလှိုင်းများရိုက်ခတ်မှုကြောင့် ဖူကူရှီးမား နျူကလီးယား စက်ရုံပျက်စီးခဲ့ပြီးနောက် ဂျပန်တွင် ပိတ်သိမ်းခဲ့သည့် နျူကလီးယားဓာတ်ပေါင်းဖို ၅၄ ခုအနက် ခါရှီဝါဇာကီ-ခါရီဝါ နျုကလီးယား စက်ရုံလည်း ပါဝင်ခဲ့သည်။

အုပ်ချုပ်ရေးမှူး ဟီဒဲယို ဟာနာဇူမီ
ဖူကူရှီးမားနျူကလီးယားဘေးအန္တရာယ်ဖြစ်ပွားခဲ့ပြီးနောက် ဂျပန်သည် လောင်စာဆီလိုအပ်မှုအတွက် ပြည်ပမှ တင်သွင်းဝယ်ယူနေရသည့်အခြေအနေကို လျှော့ချရန် လက်ရှိ လည်ပတ်နိုင်စွမ်း ရှိသည့် နျူကလီးယား ဓာတ်ပေါင်းဖို ၃၃ ခု အနက် ၁၄ ခုကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ခါရှီဝါဇာကီ-ခါရီဝါ နျူကလီးယားဓာတ်အားပေးစက်ရုံသည် ငလျင်ကြောင့်ပျက်စီးခဲ့သည့် ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံကို ကြီးကြပ်ကွပ်ကဲနေသည့် တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီ (TEPCO) ၏ ပထမဆုံးအကြိမ် ပြန်လည် လည်ပတ်မည့် စက်ရုံဖြစ်လာမည်ဖြစ်သည်။
ဒီဇင်ဘာ ၂၂ ရက်တွင် နီအီဂါတာစီရင်စု လွှတ်တော်က ခါရှီဝါဇာကီ- ခါရီဝါ စက်ရုံကို ပြန်လည်ဖွင့်လှစ်ရန် ထောက်ခံခဲ့သည့် အုပ်ချုပ်ရေးမှူး ဟီဒဲယို ဟာနာဇူမီ (Hideyo Hanazumi) အပေါ် ယုံကြည်မှုရှိကြောင်း မဲခွဲအတည်ပြုခဲ့သဖြင့် ထိုစက်ရုံပြန်လည်လည်ပတ်နိုင်မည့် အခွင့်အလမ်းကို ပေါ်ပေါက်စေခဲ့သည်။
"ဒါဟာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပေမယ့် အဆုံးသတ်တော့ မဟုတ်သေးပါဘူး။ နီအီဂါတာဒေသခံတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ဖို့အတွက် အဆုံးသတ်ဆိုတာ မရှိပါဘူး" ဟု မဲခွဲမှုအပြီးတွင် နီအီဂါတာစီရင်စုနယ် အုပ်ချုပ်ရေးမှူး ဟာနာဇူမီက သတင်းထောက်များအား ပြောကြားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 417
CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၂၂
ထိုင်ဝမ်ကို အမေရိကန်က ဒေါ်လာ ၁၁.၁ ဘီလီယံတန်ဖိုးရှိ လက်နက်များ ရောင်းချမည့် အစီအစဉ်ကို တုန့်ပြန် သည့် အနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအား ကာကွယ်ရန် စစ်ရေးလေ့ကျင့်မှု များ တိုးမြှင့်သွားမည်ဖြစ်သလို ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အဆိုပါ လက်နက်ရောင်းချမှု အစီအစဉ်သည် အမေရိကန်မှ ထိုင်ဝမ်သို့ ရောင်းချဖူးသမျှထဲတွင် တန်ဖိုးအကြီးဆုံး လက်နက်ပမာဏ ဖြစ်သည်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်အခုအဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်အပေါ် စစ်ရေးနှင့်နိုင်ငံရေး ဖိအားများအား တိုးမြှင့်နေချိန်တွင် အမေရိကန်၏ လက်နက်ရောင်းချမည့် အစီအစဉ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် အမေရိကန်ပြည်ထောင်စုထံ ပြင်းထန်သည့် ကန့်ကွက်လွှာ တင်သွင်းထားကြောင်းနှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုများကို ချက်ချင်းရပ်တန့်ရန်၊ ထိုင်ဝမ်လွတ်လပ်ရေး အင်အားစုများအား အားမပေးရန် တိုက်တွန်းခဲ့သည်။

ထိုင်ဝမ်နဲ့အမေရိကန် ဆက်ဆံရေးကို တွေ့ရစဉ်
"ထိုင်ဝမ်ခွဲထွက်ရေး အင်အားစုတွေဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြောရေးကို ရင်းပြီး သာမန်ပြည်သူတွေရဲ့ ခက်ခက်ခဲခဲ ရှာဖွေထားတဲ့ ငွေကြေးတွေကို အမေရိကန် လက်နက်ကုန်သည်တွေ ချမ်းသာ ကြွယ်ဝဖို့အတွက် အသုံးချနေကြပါတယ်။ ဒါဟာ စစ်အင်အားကို အားကိုးပြီး လွတ်လပ်ရေး ရှာဖွေဖို့ ကြိုးပမ်းတာ ပဲ ဖြစ်ပါတယ်" ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်သည် ၎င်း၏ ကတိကဝတ်များကို ထပ်တလဲလဲ ချိုးဖောက်ခဲ့ပြီး ထိုင်ဝမ် လွတ်လပ်ရေးအား အားပေး နေခြင်းကြောင့် နောက်ဆုံးတွင် ဒုက္ခရောက်လိမ့်မည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
"တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ပွဲဝင် အသင့်အနေအထားကို ဆက် လက် မြှင့်တင်သွားမှာဖြစ်ပြီး၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ဖို့ ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ထိုင်ဝမ်ခွဲထွက်ရေး ကြိုးပမ်းမှုတွေနဲ့ ပြင်ပ စွက်ဖက်မှုတွေကို ပြတ်ပြတ်သားသား ဟန့်တားသွားမှာဖြစ်ပါတယ်" ဟု ဖော်ပြထားသည်။
သို့သော် မည်သည့် အရေးယူမှုများကို လုပ်ဆောင်မည်ဆိုခြင်းကိုမူ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
အမေရိကန်သည် တရုတ်နှင့် တရားဝင် သံတမန် ဆက်ဆံရေးရှိသော်လည်း ထိုင်ဝမ်နှင့် တရားဝင် မဟုတ်သည့် အလွတ်သဘော ဆက်ဆံရေးအား ဆက်လက် ထိန်းသိမ်းထားကာ ထိုင်ဝမ်ကို လက်နက်အများဆုံး ထောက်ပံ့ ပေးနေသည့် နိုင်ငံဖြစ်သည်။
ယခုနောက်ဆုံး လက်နက်ရောင်းချမှု အစီအစဉ်တွင် ယူကရိန်းက ရုရှားတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သည့် HIMARS ဒုံးကျည်စနစ်များလည်း ပါဝင်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 552
CNI International News
ပြုံယမ်း၊ ဒီဇင်ဘာ ၂၂
ဂျပန်နိုင်ငံ၏ နျူကလီးယားလက်နက် ပိုင်ဆိုင်လိုသည့် ရည်မှန်းချက်ကို ဟန့်တားသင့်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂျပန်အစိုးရသည် ၎င်းတို့၏ နျူကလီးယားကင်းစင်ရေး မူဝါဒသုံးရပ်ကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု ပြောဆိုခဲ့ခြင်းက နျူကလီးယားလက်နက် ပိုင်ဆိုင်လိုသည့် ဆန္ဒအား အတိအလင်း ပြသရာရောက်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးမူဝါဒဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ သုံးသပ်ချက်ကို ကိုးကားပြီး နိုင်ငံပိုင် KCNA သတင်းဌာနက ဒီဇင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်က တောင်ကိုရီးယားကို နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ခွင့်ကို အတည်ပြု ပေးခဲ့ချိန်တွင် ဂျပန်နိုင်ငံကလည်း နျူကလီးယားနှင့်ပတ်သက်သည့် မှတ်ချက်များအား တက်တက်ကြွကြွ ပြောဆို လာခြင်းဖြစ်ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)သည် အာရှမဟာ မိတ် နိုင်ငံဖြစ်သော တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ကာ သမ္မတ လီဂျေမြောင် (Lee Jae Myung) နှင့် ကုန်သွယ်ရေးဆိုင်ရာ ထိပ်သီး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် တောင်ကိုရီးယားအား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရန် ခွင့်ပြုချက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတ လီဂျေမြောင်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဂျပန်နိုင်ငံကမူ ၎င်းတို့သည် နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ရန် မည်သည့်အခါမျှ ကြိုးပမ်းမည် မဟုတ် ကြောင်း ပြောကြားခဲ့သည်။
ဂျပန်သည် ဖြစ်လာနိုင်ခြေရှိသည့် ရန်စကျူးကျော်မှုများကို ဟန့်တားရန်အတွက် နျူကလီးယား လက်နက်များ ပိုင်ဆိုင်သင့်ကြောင်း ဂျပန်ထိပ်သီး လုံခြုံရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု ဒေသခံမီဒီယာများမှ ဖော်ပြခဲ့ ပြီးနောက် ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရူ ကီဟာရာ (Minoru Kihara) က ထိုကဲ့သို့ ငြင်းဆိုခဲ့ခြင်းဖြစ် သည်။
ဂျပန်၏ နျူကလီးယား မူဝါဒသည် ပြောင်းလဲခြင်း မရှိဘူးဟု ကီဟာရာက တိုကျိုမြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သော်လည်း နျူကလီးယား လက်နက်များ ပိုင်ဆိုင်သင့်ကြောင်း ပြောကြားခဲ့ သော ဂျပန်အရာရှိ၏အကြောင်းကို အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 531
CNI International News
အစ္စလာမ်မာဘက်၊ ဒီဇင်ဘာ ၂၂
ပါကစ္စတန်နိုင်ငံရှိ တောင်သူလယ်သမားများအတွက် အလွန်အရေးပါသော မြစ်အတွင်းသို့ အိန္ဒိယက ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ မြစ်ရေများ လွှတ်ပေးခဲ့သဖြင့် မြစ်ရေစီးဆင်းမှု အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ကြောင်း ပါကစ္စတန်အစိုးရက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ထိုလုပ်ရပ်သည် ယခုနှစ်အတွင်း အိန္ဒိယအစိုးရဘက်က ရပ်ဆိုင်းထားခဲ့သည့် အဓိက မြစ်ရေစာချုပ် ပါ စည်းကမ်းချက်များကို ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း ပါကစ္စတန်က စွပ်စွဲထားသည်။
ယခုနှစ်အတွင်း အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အိန္ဒိယက ပါကစ္စတန်ကို စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် နျူကလီးယားလက်နက်များ ပိုင်ဆိုင်သည့် အိမ်နီးချင်း နှစ်နိုင်ငံကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကာ ဧပြီလတွင် အင်ဒူမြစ်ရေ သဘောတူညီချက် (Indus Water Treaty) ကို ရပ်ဆိုင်းကြောင်း အိန္ဒိယက ကြေညာခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနဲ့ပါကစ္စတန်ကြား အငြင်းပွားနေတဲ့ မြစ်ကြောင်းကိုတွေ့ရစဉ်
ပါကစ္စတန်ကမူ ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သော စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
ထို့ပြင် ပါကစ္စတန်နိုင်ငံအတွင်းသို့ စီးဝင်နေသော မြစ်ရေစီးဆင်းမှုကို ရပ်တန့်ရန် သို့မဟုတ် လမ်းကြောင်းလွှဲရန် ကြိုးပမ်းမှုမှန်သမျှအား စစ်ကြေညာသည့် လုပ်ရပ်အဖြစ် သတ်မှတ်မည်ဟု ပါကစ္စတန်အစိုးရက ပြောကြားထား သည်။
ဒီဇင်ဘာ ၇ ရက်မှ ၁၅ ရက်အတွင်း ချီနပ် (Chenab) မြစ်ရေ စီးဆင်းမှုတွင် ပုံမှန်မဟုတ်ဘဲ ရုတ်တရက် ပြောင်းလဲ မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုအခြေအနေသည် ပြီးခဲ့သည့် ဧပြီလနှင့် မေလတို့တွင် တွေ့ရှိခဲ့ရ သည့် အခြေအနေများနှင့် ဆင်တူနေကြောင်း ပါကစ္စတန် မြစ်ရေ သဘောတူညီချက်ဆိုင်ရာ မဟာမင်းကြီးမှ အိန္ဒိယဘက်မှ တာဝန်ရှိသူထံသို့ စာရေးသား ပေးပို့ထားသည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အီရှက် ဒါး (Mohammad Ishaq Dar)က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
"မြစ်ရေစီးဆင်းမှုအတွင်း အခုလို ပြောင်းလဲမှုတွေ ရှိနေတာဟာ ပါကစ္စတန်အတွက် အလွန်စိုးရိမ်စရာ ကောင်းပါ တယ်။ ဒါဟာ အိန္ဒိယဘက်က တစ်ဖက်သတ် ရေလွှတ်ပေးနေတယ်ဆိုတာကို ပြသရာ ရောက်နေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနဲ့ပါကစ္စတန်ကြား အငြင်းပွားနေတဲ့ မြစ်ကြောင်းကိုတွေ့ရစဉ်
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်တောင်းခံမှုကို ချက်ချင်း တုန့်ပြန်ခြင်း မရှိသေးပေ။
"အိန္ဒိယဟာ စာချုပ်အရ လိုအပ်တဲ့ ကြိုတင် အကြောင်းကြားမှုမျိုး လုံးဝ မလုပ်ဘဲ ဒီရေတွေကို လွှတ်ပေးခဲ့တာပါ။ ဒါဟာ ရေကို လက်နက်အဖြစ် အသုံးပြုနေတဲ့သဘော ဖြစ်ပါတယ်" ဟုဒါးက ဆက်လက် ပြောကြားခဲ့သည်။
"ကျနော်တို့ရဲ့ စိုက်ပျိုးရေးရာသီ အလွန်အရေးကြီးနေတဲ့ အချိန်မျိုးမှာ အိန္ဒိယရဲ့ အခုလို ရေကို ကြိုးကိုင် ခြယ်လှယ်မှုဟာ ကျနော်တို့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ လူနေမှုဘဝတွေအပြင် စားနပ်ရိက္ခာနဲ့ စီးပွားရေး လုံခြုံမှုကိုပါ တိုက်ရိုက် ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source: CNA
- By CNI
- Category: နိုင်ငံရေး
- Hits: 546
CNI International News
ကာရာကက်စ်၊ ဒီဇင်ဘာ ၂၂
ဗင်နီဇွဲလားနိုင်ငံ ကမ်းလွန်ရှိ နိုင်ငံတကာရေပိုင်နက်အတွင်း ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်မှ ကြားဖြတ်ဟန့်တားခဲ့ကြောင်း အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ်က ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဗင်နီဇွဲလားသို့ ဝင်ရောက်သည့် သို့မဟုတ် ဗင်နီဇွဲလားမှ ထွက်ခွာသော ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် ရေနံတင် သင်္ဘောများအားလုံးကို ပိတ်ဆို့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်သည် ကာရစ်ဘီယံဒေသတွင် စစ်အင်အားများ ဖြန့်ကြက်ချထားမှုနှင့်အတူ ဗင်နီဇွဲလား ကမ်းလွန်၌ မကြာသေးမီ သီတင်းပတ်များအတွင်း ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့၍ ယခုဖြစ်စဉ်သည် ဒုတိယမြောက် ဖြစ်စဉ်ဖြစ်သည်။
ကမ်းခြေစောင့်တပ်များက ဟန့်တားခဲ့သည့် ရေနံတင်သင်္ဘောသည် ဗင်နီဇွဲလားနိုင်ငံ၏ ဆိပ်ကမ်းတွင် နောက်ဆုံး ဆိုက်ကပ်ခဲ့ကြောင်း နိုအမ်က အတည်ပြုခဲ့သည်။

ရေနံတင်သင်္ဘောကို တွေ့ရစဉ်
"အမေရိကန်က ဒေသတွင်း မူးယစ် အကြမ်းဖက်မှုတွေကို တစ်ဖက်တစ်လမ်းက ဝင်ငွေ အထောက်အကူ ဖြစ်စေ တဲ့ ပိတ်ဆို့ခံထားရတဲ့ ရေနံတွေ တရားမဝင် ရောင်းဝယ်နေတာကို ဆက်လက်ပြီး ဟန့်တားသွားမှာပါ" ဟု နိုအမ် က ပြောကြားခဲ့သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာ ကယ်လီ (Anna Kelly) ကလည်း ကမ်းခြေစောင့်တပ်ဖွဲ့များ ဟန့်တား ခဲ့သည့် ထိုရေနံတင် သင်္ဘောပေါ်တွင် ပိတ်ဆို့မှု ချမှတ်ခံထားရသော ရေနံများ တင်ဆောင်လာကြောင်း ပြော ကြားခဲ့သည်။
ဗင်နီဇွဲလားအစိုးရကမူ ထိုရေနံတင်သင်္ဘောကို အမေရိကန်က ဖမ်းဆီးမှုအား ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်သည် ဆိုးရွားသည့် နိုင်ငံတကာ ပင်လယ်ဓားပြမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ရေနံတွေ တင်ပို့နေတဲ့ ပုဂ္ဂလိက သင်္ဘောတစ်စင်းကို ခိုးယူမှု၊ ပြန်ပေးဆွဲမှု၊ သင်္ဘောသားတွေကို အစအန ဖျောက်ထားမှုတွေကို ဗင်နီဇွဲလားက ရှုတ်ချပါတယ်။ ဒီလုပ်ရပ်တွေကို အမေရိကန် စစ်မှုထမ်းတွေ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်" ဟု ဗင်နီဇွဲလားအစိုးရက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 525
CNI International News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ထိုင်းနိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ရေနံများကို လာအိုနိုင်ငံအတွင်းမှာသာ အသုံးပြုရန် တင်းကျပ်ထားပြီး ကမ္ဘောဒီးယားသို့ တင်ပို့ရောင်းချခွင့် မပြုကြောင်း ထိုင်းဘက်က ပြောကြားခဲ့သည်။
ထို့ကြောင့် ကမ္ဘောဒီးယားသို့ တင်ပို့ရောင်းချမည် မဟုတ်ကြောင်း လာအိုနိုင်ငံ၏ စွမ်းအင်ဝန်ကြီး မလေသွန်း ကွမ်မာဆစ် (Malaithong Kommasith) က ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းမှ ဝယ်ယူသည့် ရေနံများကို ကမ္ဘောဒီးယားသို့ တင်ပို့ရောင်းချမှုများသည် နယ်စပ်ဖြတ်ကျော် ကုန်သွယ် မှုနှင့်ပတ်သက်သော လာအိုနိုင်ငံ၏ ဥပဒေကို ချိုးဖောက်ရာ ရောက်လိမ့်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထိုင်းစွမ်းအင်ဝန်ကြီး ပရာဆက် ဆင်ဆွတ်ပရာဆတ် (Prasert Sinsukprasert) နှင့်ပြုလုပ်သည့် အစည်းအဝေး တွင် လာအိုစွမ်းအင်ဝန်ကြီး မလေသွန်းက လုံခြုံရေးနှင့်ပတ်သက်သည့် ထိုင်း၏ စိုးရိမ်မှုများကို နားလည်ကြောင်း၊ ထိုင်းမှ ပို့လိုက်သည့် ရေနံများ ကမ္ဘောဒီးယားသို့ မရောက်ရှိစေရန် ဂရုတစိုက် လုပ်ဆောင်နေကြောင်း ပြောကြား ခဲ့သည်။

လာအိုနိုင်ငံ၏ စွမ်းအင်ဝန်ကြီး မလေသွန်း ကွမ်မာဆစ်ကိုတွေ့ရစဉ်
ထိုင်းမှ ဝယ်ယူသော ရေနံများကို ကမ္ဘောဒီးယားသို့ ပို့ဆောင်သည့် လုပ်ဆောင်ချက်များသည် လာအိုအစိုးရ၏ ကုန်စည်ပို့ဆောင်မှု စည်းကမ်းများအရ တရားမဝင်ကြောင်း၊ အချက်အလက် စိစစ်မှုများနှင့်ပတ်သက်ပြီး လာအို သည် ထိုင်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေသွန်းက ပြောကြားခဲ့သည်။
ထို့ပြင် ရေနံများ တင်သွင်းဝယ်ယူမှုများနှင့် ပတ်သက်ပြီး ထိုင်း၏ လုံခြုံရေးနှင့် လာအို၏ အခြေအနေကို ထိခိုက် စေခြင်း မရှိစေရန် လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင်နေပြီး သတင်းအချက်အလက်များကို မျှဝေသွား မည်ဟုလည်း ၎င်းက ကတိပြုခဲ့သည်။
ထိုင်းမှ လာအိုသို့ ပို့ဆောင်သည့် ရေနံပမာဏသည် ပုံမှန်အတိုင်း တည်ရှိနေပြီး သိသိသာသာ မြင့်တက်ခဲ့ခြင်း မရှိကြောင်း နှစ်နိုင်ငံစလုံးရှိ ရေနံကုန်သည်များနှင့် အကောက်ခွန်ဌာနတို့မှ အတည်ပြုခဲ့သည်။
မည်သို့ပင်ဆိုစေ နေ့စဉ် ရေနံတင်ပို့မှုပမာဏသည် ပြောင်းလဲမှုများရှိနိုင်ပြီး ချောင်မက် (Chong Mek) နယ်စပ် ဂိတ်မှ နေ့စဉ် ဖြတ်သန်းသည့် ရေနံတင် ထရပ်ကားများသည် ပျမ်းမျှအားဖြင့် ထရပ်ကားအစီး ၂၀ ခန့်ရှိသည်။

ထိုင်းစွမ်းအင်ဝန်ကြီး ပရာဆက် ဆင်ဆွတ်ပရာဆတ်ကို တွေ့ရစဉ်
သို့သော် အချို့နေ့များတွင်မူ ထိုနယ်စပ်ဂိတ်မှ ဖြတ်သန်းသည့် ရေနံတင် ထရပ်ကား ၅ စီးခန့်သာရှိကာ အချို့နေ့ များတွင် ထရပ်ကား အစီးရေ ၅၀ အထိရှိသည်။
လာအိုနိုင်ငံတွင် မိုးရာသီကုန်ဆုံးသည့် နိုဝင်ဘာလမှ ဧပြီလကြား ရေနံဝယ်လိုအားများ မြင့်တက်လေ့ရှိပြီး အထူးသဖြင့် လာအိုတောင်ပိုင်းရှိ သတ္တုတွင်းတူးဖော်သည့် လုပ်ငန်းများသည် ရေနံများကို ပိုမိုလိုအပ်လေ့ရှိသည်။
"စွမ်းအင်ဝန်ကြီးဌာန၊ ရေနံကုန်သည်တွေ၊ အကောက်ခွန်ဌာနနဲ့ သက်ဆိုင်ရာ အေဂျင်စီတွေဟာ ရေနံတင်ပို့ရောင်း ချမှုကို အနီးကပ် စောင့်ကြည့်နေတယ်ဆိုတာကို ကျနော် ထပ်မံပြောကြားလိုပါတယ်" ဟု မလေသွန်းက ပြောကြားခဲ့သည်။
လာအို စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံမှ တင်သွင်းဝယ်ယူသည့် ရေနံများကို လာအိုနိုင်ငံ အတွင်းမှာသာ အသုံးပြုမည်ဖြစ်ပြီး ကမ္ဘောဒီးယားကို ပို့ဆောင်မည် မဟုတ်ကြောင်း အတည်ပြုခဲ့သည်။
"စွမ်းအင်ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ အေဂျင်စီတွေကလည်း ထိုင်းပြည်သူတွေရဲ့ ချမ်းသာသုခနဲ့ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ပေးဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံဆီ ရေနံတွေ တင်ပို့မှု မရှိစေရအောင် လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်သွားမှာပါ" ဟု ပရာဆက်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 483
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၈
ပိတ်ဆို့မှု ချမှတ်ခံထားရသည့် ရေနံတင်သင်္ဘောများအားလုံးကို ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ ဝင်ခွင့်ပိတ်ပင်ရန် အမိန့်ပေးထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် ဗင်နီဇွဲလားနိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေပြီး ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolás Maduro) အပေါ် ဖိအားများ တိုးမြှင့်သည့် လှုပ်ရှားမှုဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ဗင်နီဇွဲလား ကမ်းလွန်ရေပြင်တွင် ရေနံတင်သင်္ဘော တစ်စင်းကို အမေရိကန်တပ်ဖွဲ့များ မှ ဖမ်းဆီးခဲ့ပြီးနောက် ထရမ့်၏ အမိန့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက လူမှုမီဒီယာတွင် တင်ထားသည့် ထရမ့်၏ ပို့စ်တစ်ခု၌ ဗင်နီဇွဲလားသည် ရေနံများကို အသုံးပြုပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများနှင့် အခြား ရာဇဝတ်မှုများကို ငွေကြေး ထောက်ပံ့ပေးနေကြောင်း စွပ်စွဲခဲ့သည်။
ထို့ပြင် ဗင်နီဇွဲလား အနေဖြင့် အမေရိကန်ကို ရေနံ၊ မြေနှင့် အခြားပိုင်ဆိုင်မှုပစ္စည်းများ မပေးမချင်း စစ်အင်အားကို ဆက်လက်ပြီး ဖြန့်ကြက်ချသွားမည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ သူ့ရဲ့ထောက်ခံသူတွေကို တွေ့ရစဉ်
"ဗင်နီဇွဲလားဟာ တောင်အမေရိကားသမိုင်းမှာ အင်အားအကြီးဆုံး စစ်သင်္ဘောအုပ်စုကြီးရဲ့ အလုံးစုံ ဝိုင်းရံမှုကို ခံထားရပါတယ်။ ဒီစစ်သင်္ဘောအုပ်စုက ပိုပြီးကြီးလာဖို့ပဲ ရှိပါတယ်။ သူတို့ တစ်ခါမှ မမြင်ဖူးတဲ့ စစ်အင်အားကို မြင်ရမှာ ဖြစ်တာကြောင့် သူတို့တွေ ထိတ်လန့်ကြပါလိမ့်မယ်။ ကျနော်တို့ဆီက အရင်တုန်းက ခိုးယူခဲ့တဲ့ ရေနံ၊ မြေနဲ့ အခြားပိုင်ဆိုင်မှုပစ္စည်းတွေ အမေရိကန်ကို ပြန်ပေးတဲ့ အချိန်အထိ စစ်အင်အားက တည်ရှိနေပါလိမ့်မယ်" ဟု ထရမ့်က ရေးသားခဲ့သည်။
ဗင်နီဇွဲလား အစိုးရကမူ ထရမ့်သည် နိုင်ငံတကာဥပဒေ၊ လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်တို့ကို ချိုးဖောက်နေပြီး ဆင်ခြင်မှုမရှိဘဲ ဆိုးရွာသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
"သူ (ထရမ့်) တင်တဲ့ လူမှုမီဒီယာမှာတော့ သူဟာ ဗင်နီဇွဲလားရဲ့ ရေနံ၊ မြေနဲ့ တွင်းထွက်ပစ္စည်းတွေကို သူပိုင်တဲ့ ပစ္စည်းတွေလို မှတ်ယူထားပါတယ်" ဟု ဗင်နီဇွဲလား အစိုးရက ထုတ်ပြန်ခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ကုလသမဂ္ဂတွင် အမေရိကန်၏ လုပ်ဆောင်မှုများကို ရှုတ်ချသွားရန် စီစဉ်ထားကြောင်း မာဒူရို အစိုးရအဖွဲ့က ကြေညာခဲ့သည်။
Source: အေပီ
