- By CNI
- Category: နိုင်ငံရေး
- Hits: 768
CNI International News
ဘီလမ်၊ နိုဝင်ဘာ ၁၇
ဘရာဇီးလ်နိုင်ငံ၊ ဘီလမ် (Belem) မြို့တွင် ကုလသမဂ္ဂ၏ COP30 ရာသီဥတုညီလာခံ ကျင်းပနေချိန်တွင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများက ထိုမြို့တွင် လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြကြောင်း DW သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထိုဆန္ဒပြမှုကို "ကြီးမားသည့် လူထုချီတက်ပွဲ" (Great People's March) ဟု ဆန္ဒပြပွဲ စီစဉ်သူများက အမည် ပေးထားသည်။
ယခုသီတင်းပတ် အစောပိုင်းက COP30 ညီလာခံကို အနှောင့်အယှက် ဖြစ်စေခဲ့သည့် တိုင်းရင်းသားများ ဦးဆောင်သော ဆန္ဒပြမှု ၂ ခု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ လူအများအပြား ပါဝင်သည့် ချီတက်ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၅ ရက်က ဆန္ဒပြသူများသည် မြို့အတွင်း ၄ ဒသမ ၅ ကီလိုမီတာ (၂ ဒသမ ၈) မိုင်ကို ချီတက်ဆန္ဒပြခဲ့ ကြသည်။
သဘာာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများနှင့်အတူ တိုင်းရင်းသားများကလည်း ပူးပေါင်းပါဝင်ကာ လက်ကိုင် ပိုစတာများကို ကိုင်မြှောက်ပြီး ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ဘရာဇီးလ်မှာ ဆန္ဒပြနေကြစဉ်
ကုလသမဂ္ဂ၏ နှစ်စဉ် ကျင်းပနေကျ ရာသီဥတုညီလာခံတွင် ယခုကဲ့သို့ လူအများအပြား ပါဝင်သည့် ဆန္ဒပြမှုသည် လွန်ခဲ့သည့် ၄ နှစ်က ဂလက်စ်ဂေါ (Glasgow) မြို့တွင် ပြုလုပ်ခဲ့သော COP26 ညီလာခံ၌ နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းသဖြင့် ယခုအကြိမ် ဆန္ဒပြမှုသည် ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလရာသီဥတု ညီလာခံ တွင် လူအများအပြား ပါဝင်သည့် ဆန္ဒပြမှုဖြစ်သည်။
ယခုနှစ် မတိုင်မီ နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ရာသီဥတုညီလာခံ ၃ ခုကို အီဂျစ်၊ ဒူဘိုင်းနှင့် အဇာဘိုင်ဂျန်နိုင်ငံ များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနိုင်ငံများ၌ ညီလာခံ ကာလအတွင်း ဆန္ဒပြမှုများကို တင်းကျပ်စွာ တားမြစ်ထား ခဲ့သည်။
COP30 ညီလာခံကို ဘီလင်မြို့တွင် နိုဝင်ဘာ ၂၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများကမူ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရာ၌ တိုးတက်မှုအချို့ ရှိလာလိမ့်မည်ဟု မျှော်လင့်နေကြသည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 335
CNI International News
ဂိုမာ၊ နိုဝင်ဘာ ၁၇
ရဝမ်ဒါနိုင်ငံ၏ ကျောထောက်နောက်ခံ ရရှိထားသည့် M23 သူပုန်အဖွဲ့နှင့် ကွန်ဂိုအစိုးရကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရေးအတွက် မူဘောင်သဘောတူညီချက် တစ်ရပ်ကို နိုဝင်ဘာ ၁၅ ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေသည့် ပဋိပက္ခကို အဆုံးသတ်ရန် အားထုတ်ကြိုးပမ်း မှုများသည် အောင်မြင်ခဲ့ခြင်း မရှိခဲ့ဘဲ ယခု သဘောတူညီချက်သည် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းတစ်ရပ် ဖြစ်စေခဲ့သည်။
ယခုနှစ် အစောပိုင်းက M23 သူပုန်အဖွဲ့သည် ကွန်ဂိုအရှေ့ပိုင်းရှိ အဓိကမြို့ကြီး ၂ မြို့ဖြစ်သည့် ဂိုမာ (Goma) နှင့် ဘူကာဗူ (Bukavu) တို့ကို သိမ်းပိုက်ခဲ့ပြီး ပဋိပက္ခကို အရှိန်မြင့်တက်စေခဲ့သည်။

M23 သူပုန်နဲ့ ကွန်ဂို ငြိမ်းချမ်းရေးမူဘောင် သဘောတူညီကြစဉ်
အိမ်နီးချင်း ရဝမ်ဒါနိုင်ငံ၏ ထောက်ခံမှုနှင့်အတူ M23 သူပုန်အဖွဲ့သည် တွင်းထွက်ပစ္စည်းများ ပေါကြွယ်ဝသည့် ကွန်ဂို၏ အရှေ့ပိုင်းဒေသကို ထိန်းချုပ်ခွင့်ရရေးအတွက် တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့ပေါင်း ၁၀၀ ကျော် ထဲတွင် နာမည်အကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ကွန်ဂိုတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူပေါင်း ၇ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ ကမ္ဘာပေးတွင် အဆိုးရွား ဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများထဲတွင် တစ်ခု အပါအဝင် ဖြစ်နေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ကာတာ၊ အမေရိကန်တို့၏ ကြားဝင်စေ့စပ်မှုများအပြီးတွင် ဒိုဟာ (Doha) မြို့တော်၌ လက်မှတ်ရေးထိုးခဲ့သည့် မူဘောင် သဘောတူညီချက်သည် ငြိမ်းချမ်းရေး သဘောတူညီချက်၏ နောက်ဆုံးအဆင့် မဟုတ်သေးသော်လည်း ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် လိုအပ်သည့် အစီအစဉ်များကို ထည့်သွင်းရေးဆွဲထားကြောင်း M23 ကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲ ဘင်ဂျမင် အမ်ဘိုနင်ပါ (Benjamin Mbonimpa) က X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

M23 သူပုန်နဲ့ ကွန်ဂို ငြိမ်းချမ်းရေးမူဘောင် သဘောတူညီကြစဉ်
"မူဘောင် သဘောတူညီချက်ထဲမှာပါတဲ့ အစီအစဉ်တွေကို အချေအတင် ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေနဲ့ ငြိမ်းချမ်း ရေး စာချုပ်အတွက် လိုအပ်ချက်တွေကို တစ်ဆင့်ပြီး တစ်ဆင့် မပြုလုပ်ခင် အထိတော့ မြေပြင်က အခြေအနေ တွေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့သည့် မူဘောင် သဘောတူညီချက်ထဲတွင် ငြိမ်းချမ်းရေးစာချုပ်အတွက် လိုအပ်သည့် အစီအစဉ် ၈ ခု ပါဝင်ပြီး ၎င်းတို့အနက် ၂ ခုဖြစ်သည့် အကျဉ်းသားများ ပြန်လွှတ်ပေးရေးနှင့် အပစ် အခတ်ရပ်စဲရေးကို ကြီးကြပ်သည့်အဖွဲ့ ဖွဲ့စည်းရေး အစီအစဉ်များကို စက်တင်ဘာနှင့် အောက်တိုဘာလများက လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း ကွန်ဂိုအစိုးရက ထုတ်ပြန်ခဲ့သည်။
အခြားအစီအစဉ် ၆ ခုအနက် သူပုန်များ ထိန်းချုပ်ထားသည့် နေရာဒေသများကို အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ထားရှိရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ဒုက္ခသည်များကို နေရာ ချထားရေးတို့ ပါဝင်ပြီး ထိုအချက်များကို လာမည့် သီတင်းနှစ်ပတ်အတွင်း ဆွေးနွေးသွားမည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 418
CNI International News
တိုင်ပေ၊ နိုဝင်ဘာ ၁၇
တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်အစိုးရက စစ်မှုထမ်းကာလကို သက်တမ်းတိုးသည့် အစီအစဉ်ကြောင့် လူငယ်များကြား စစ်မှုထမ်းခြင်းကို ရှောင်လွှဲနေမှုနှင့်ပတ်သက်ပြီး ငြင်းခုံမှုများ ပိုမိုမြင့်တက် လာကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်အစိုးရက စစ်မှုထမ်းကာလကို ၁ နှစ်အထိ တိုးမြှင့် သတ်မှတ်ခဲ့သော်လည်း တရုတ်၏ မြင့်တက်နေသည့် ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် လူငယ်များက စစ်မှုထမ်းရန် တွန့်ဆုတ်နေခြင်းကြောင်း ထိုင်ဝမ်၏ တပ်သား သစ် စုဆောင်းရေးစနစ်၏ အားနည်းချက်များကို ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့သည်။
မကြာသေးမီက ဒေသခံ မီဒီယာဖြစ်သည့် My Formosa မှ ပြုလုပ်ခဲ့သော လူထုစစ်တမ်း ကောက်ယူမှုတွင် ပါဝင် ဖြေဆိုသူ စုစုပေါင်း၏ ၅၂ ဒသမ ၂ ရာခိုင်နှုန်းက စစ်ပွဲဖြစ်ပွားလာလျှင် ထိုင်ဝမ်ကို အသက်စွန့် ကာကွယ်ရန် ဆန္ဒမရှိကြောင်း ဖြေဆိုခဲ့ကြသည်။
ထိုရာခိုင်နှုန်းအရ လွန်ခဲ့သည့် ၂ နှစ်ခန့်က ပြုလုပ်ခဲ့သည့် စစ်တမ်းတွင် ထွက်ရှိခဲ့သည့် ရလဒ်ထက် ၈ ဒသမ ၄ မှတ် ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။
စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၄၀ ဒသမ ၈ ရာခိုင်နှုန်းက ၎င်းတို့သည် ထိုင်ဝမ်ကို အသက်စွန့် ကာကွယ်လိုကြောင်း ဖြေကြားခဲ့ပြီး အလွန်ငယ်ရွယ်သည့် လူငယ်များသည် စစ်မှုထမ်းရန် တွန့်ဆုတ်နေကြသည်ဟု ဆိုသည်။

ထိုင်ဝမ်စစ်သားတွေကို တွေ့ရစဉ်
ထိုရလဒ်အရ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားရေးနှင့် ပတ်သက်ပြီး အစိုးရ၏ ထုတ်ပြန်ချက်များနှင့် စစ်ပွဲဖြစ်နိုင်ခြေ မရှိကြောင်း ယူဆနေသည့် လူထု၏ ထင်မြင်ယူဆချက်ကြား ကွာဟချက် ကြီးမားနေကြောင်း ပြသရာ ရောက်ခဲ့သည်။
လူထုကြား စစ်ပွဲ ဖြစ်နိုင်ခြေ မရှိသည့် အယူအဆ အားကောင်းလာခြင်းကြောင့် စစ်မှု မထမ်းချင်သည့် လူငယ်များ များပြား လာခဲ့ခြင်းလည်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မကြာသေးမီက ထိုင်ဝမ်တွင် ထင်ရှားကျော်ကြားသည့် အမျိုးသား ၁၉ ဦးသည် ဆေးလက်မှတ် အတုများပြုလုပ်ပြီး စစ်မှုထမ်းခြင်းကို ရှောင်လွှဲခဲ့သည်ဆိုသည့် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လူထုကြား၌ ငြင်းခုံ မှုများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ဆေးလက်မှတ်အတုများကို ချန်း (Chen) အမည်ရှိ အမျိုးသားတစ်ဦးက ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းက ပြုလုပ် ပေးနေခြင်းဖြစ်ပြီး တစ်ယောက်ကို ထိုင်ဝမ်ဒေါ်လာ ၅၀,၀၀၀ မှ ၅၀၀,၀၀၀ ကြား အခကြေးငွေယူကာ ဆေး လက်မှတ် အတုများ ပြုလုပ်ပေးနေသည်ဟု အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
လက်ရှိတွင် ချန်း အပါအဝင် လူ ၂၈ ဦးကို တရားစွဲဆိုထားပြီး ၎င်းတို့အနက် တရုတ်ပြည်မကြီးတွင်လည်း လူသိ များသည့် ထိုင်ဝမ် သရုပ်ဆောင် ဒါရန် ဝမ် (Darren Wang) သည်လည်း ဆေးလက်မှတ်အတုဖြင့် စစ်မှုထမ်း ရှောင်လွှဲကြောင်း စွပ်စွဲခံထားရသည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 844
CNI International News
ကိယက်ဗ်၊ နိုဝင်ဘာ ၁၅
ရုရှားက ယူကရိန်း၏ စွမ်းအင်အခြေခံ အဆောက်အအုံများကို တိုက်ခိုက်မှုများ အရှိန်မြှင့်နေချိန်တွင် ယူကရိန်း၌ အဂတိလိုက်စားမှု စွပ်စွဲချက်များဖြင့် ထိပ်သီးဝန်ကြီးများ ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ယခုဖြစ်စဉ်သည် ရုရှား၏ ကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းအစိုးရအတွက် အဆိုးရွားဆုံး အကျပ် အတည်း တစ်ခုဖြစ်လာပြီး ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) နှင့် နီးစပ်သူများလည်း အဂတိအရှုပ်တော်ပုံတွင် ပါဝင်နေကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
အဂတိလိုက်စားမှုများနှင့် ပတ်သက်ပြီး ပြည်သူများ၏ ဒေါသကို ပြေပျောက်စေရန်အတွက် ဇာလန်းစကီးက တရားရေးနှင့် စွမ်းအင်ဝန်ကြီးများကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် ထိုဝန်ကြီးနှစ်ဦးက နုတ်ထွက်စာများကို တင်ခဲ့ကြကြောင်း ယူကရိန်းဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
ယူကရိန်း၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များ၏ ထုတ်ဖော်ချက်အရ နာရီပေါင်း ၁၀၀၀ ကြာ ဖုန်းပြောဆို မှုများကို ကြားဖြတ်နားထောင်မှု အပါအဝင် ၁၅ လကြာ စုံစမ်းစစ်ဆေးမှုများအရ ယူကရိန်း၏ စွမ်းအင်ကဏ္ဍတွင် အဂတိ လိုက်စားမှုများနှင့်ပတ်သက်ပြီး လူ ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး သံသယရှိသူ ၇ ဦးကို ဖော်ထုတ်နိုင်ခဲ့ သည်ဟု ဆိုသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
ဆောင်းရာသီ ရောက်ရှိလာတော့မည့် အချိန်တွင် ရုရှားက ယူကရိန်း၏ စွမ်းအင် အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နေချိန်၌ ယူကရိန်းအရာရှိများသည် စွမ်းအင်ပြတ်လပ်မှုအား ဖြေရှင်းရန်အတွက် ဥရောပမှ ရန်ပုံငွေများကို ရရှိရန် ကြိုးပမ်းနေသည်။
ယူကရိန်းသည် လွတ်လပ်ရေး ရပြီးကတည်းက အဂတိလိုက်စားမှု အရှုပ်တော်ပုံများဖြင့် ရင်ဆိုင်နေရပြီး ဇာလန်းစကီးသည် အဂတိလိုက်စားမှုကို တိုက်ဖျက်ပေးမည်ဆိုသည့် ကတိကဝတ်ဖြင့် သမ္မတအဖြစ် ရွေးကောက်ခံ ခဲ့ရခြင်းဖြစ်သည်။
ယူကရိန်း၏ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) သည် အဂတိလိုက်စားမှု သံသယရှိသူ များ၏ အမည်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသော်လည်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၊ စွမ်းအင်ဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်ဟောင်း တစ်ဦးနှင့် နိုင်ငံပိုင် Energoatem စွမ်းအင်ကုမ္ပဏီကို ကြီးကြပ်သည့် အလုပ်အမှုဆောင် တစ်ဦးတို့ ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် NABU သည် လူ ၈ ဦးကိုလည်း လာဘ်ပေးမှု၊ အာဏာအလွဲသုံးမှု၊ တရားမဝင် ပစ္စည်းဥစ္စာများကို လက်ဝယ် ပိုင်ဆိုင်မှုများဖြင့် စွပ်စွဲထားသည်။
NABU သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး သံသယ ဖြစ်ဖွယ် နေရာများကို စီးနင်းရှာဖွေမှု အကြိမ် ၇၀ ကျော် ပြုလုပ်ခဲ့ပြီး ဇာလန်းစကီးကလည်း ထိုစုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ကြရန် သက်ဆိုင်ရာ အရာရှိများကို ညွှန်ကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 543
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၅
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) သည် တောင်အမေရိကတွင် မူးယစ် အကြမ်းဖက်သမားများကို ပစ်မှတ်ထားရန်အတွက် Southern Spear အမည်ရှိ စစ်ဆင်ရေးကို စတင်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရသည် လက်တင်အမေရိကတွင် စစ်သားများ၊ စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို ဖြန့်ကြက်ချထားပြီး စစ်အင်အားကို ဆက်လက် တိုးမြှင့်နေချိန်၌ ဟက်ဆက်၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
“SOUTHERN SPEAR စစ်ဆင်ရေးကို ဒီနေ့မှာပဲ ကျနော် ကြေညာလိုက်ပါတယ်။ Joint Task Force Southern Spear နဲ့ SOUTHCOM တို့က ဦးဆောင်သွားမှာပါ။ ဒီမစ်ရှင်ကတော့ ကျနော်တို့ရဲ့ အမိမြေကို ကာကွယ်ဖို့၊ ကျနော် တို့ရဲ့ ကမ္ဘာခြမ်းမှာ မူးယစ်-အကြမ်းဖက်သမားတွေကို ဖယ်ရှားဖို့၊ ကျနော်တို့ ပြည်သူတွေကို သေဆုံးစေတဲ့ မူးယစ် ဆေးဝါးတွေ ရန်ကနေ ကျနော်တို့ အမိမြေကို ဘေးကင်းလုံခြုံစေဖို့အတွက် ဖြစ်ပါတယ်။ ကမ္ဘာ့အနောက်ခြမ်းဟာ အမေရိကရဲ့ အိမ်နီးချင်းဖြစ်ပြီး ကျနော်တို့ ကာကွယ်ပေးသွားမှာပါ” ဟု ဟက်ဆက်က X လူမှုမီဒီယာတွင် ရေးသား ခဲ့သည်။
SOUTHCOM သည် အမေရိကန်၏ တောင်ပိုင်းစစ်ဌာနချုပ်ဖြစ်ပြီး တောင်အမေရိက၊ ဗဟိုအမေရိကနှင့် ကာရစ်ဘီယံဒေသ တစ်လျှောက်ရှိ နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် တာဝန်ယူထားသည့် စစ်ဌာနချုပ်ဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကို တွေ့ရစဉ်
SOUTHCOM ကလည်း အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များသည် ကာရစ်ဘီယံဒေသတွင် အမေရိကန်၏ ကုန်း၊ ရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောဖြစ်သည့် USS Iwo Jima သင်္ဘောပေါ်၌ အမြောက်ပစ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း လူမှုမီဒီယာမှာ ရေးသားခဲ့သည်။
အမေရိကန်စစ်တပ်သည် ကာရစ်ဘီယံနှင့် ပစိဖိတ်ဒေသတွင် အကြိမ် ၂၀ မြောက် တိုက်ခိုက်မှုအဖြစ် ယခု သီတင်း ပတ် အစောပိုင်းက သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့ပြီးနောက် ဟက်ဆက်၏ ကြေညာ ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုသင်္ဘောသည် မူးယစ်ဆေးဝါးများ မှောင်ခိုတင်ဆောင်လာသည့် သင်္ဘောဟု သံသယရှိရပြီး တိုက်ခိုက်မှုတွင် အသက်ရှင် ကျန်ရစ်သူမရှိကြောင်း ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုများသည် ကာရစ်ဘီယံနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်း သင်္ဘောများဖြင့် ခရီးသွားနေသူများကို ပစ်မှတ် ထားနေခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
အမေရိကန်ကမူ ၎င်းတို့သည် မူးယစ်ဆေးဝါး မှောင်ခိုကူးသည့် သင်္ဘောများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ခိုင်လုံသည် သက်သေ အထောက်အထားများ ထုတ်ပြန် ခဲ့ခြင်းမရှိပေ။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 361
CNI International News
ဘေဂျင်း၊ နိုဝင်ဘာ ၁၅
ဂျပန်အနေဖြင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အင်အားသုံးပြီး ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမည်ဆိုပါ အကြီးအကျယ် ထိခိုက်ပျက်စီးလိမ့်မည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်တွင် သတိပေးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ၏ မှတ်ချက် စကားများ ထွက်ပေါ်လာခဲ့ပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးခဲ့ခြင်းဖြစ်သည်။
တရုတ်အနေဖြင့် ထိုင်ဝမ်ကို တိုက်ခိုက်မည်ဆိုပါက ဂျပန်ကို ခြိမ်းခြောက်မှုအဖြစ် ယူဆမည်ဖြစ်ပြီး ဂျပန်က စစ်ရေးအရ တုန့်ပြန်သွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂျပန်ဝန်ကြီးချုပ် တာကာအီချီက လွှတ်တော် တွင် ပြောကြားခဲ့သည်။
ထိုမှတ်ချက်စကားကို ဂျပန်နိုင်ငံ အိုဆာကာ (Osaka) မြို့ရှိ တရုတ်သံတမန်တစ်ဦးက X လူမှုမီဒီယာတွင် ဝေဖန် ရှုတ်ချခဲ့သလို တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး စွန်းဝေတုံး (Sun Weidong) ကလည်း ဘေဂျင်း (Beijing) မြို့တော်ရှိ ဂျပန်သံရုံးမှ ဂျပန်သံအမတ် ကန်ဂျီ ကာနာဆူဂီ (Kenji Kanasugi) ကို ဆင့်ခေါ်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး စွန်းဝေတုံးကို တွေ့ရစဉ်
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းပင်း (Jiang Bin) ကလည်း တာကာအီချီ၏ စကားလုံးများသည် အလွန်တာဝန်မဲ့ပြီး အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။
“ဂျပန်အနေနဲ့ သမိုင်းကို သင်ခန်းစာ မယူဘဲ အရဲစွန့်တာ ဒါမှမဟုတ် ထိုင်ဝမ် အရေးနဲ့ပတ်သက်ပြီး အင်အားသုံးဖို့ လုပ်ဆောင်မယ်ဆိုရင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ နှိမ်နင်းမှုကြောင့် အကြီးအကျယ် ထိခိုက် ပျက်စီးစေမှာဖြစ်ပြီး ကြီးမားစွာ ပြန်လည်ပေးဆပ်ရပါလိမ့်မယ်” ဟု ကျန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး စွန်းကလည်း တာကာအီချီ၏ မှတ်ချက်စကားများကို ပြင်းထန်စွာ တုန့်ပြန်ကြောင်း ဂျပန်သံအမတ်ကို ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် ၂ နှစ်ကျော်အတွင်း တရုတ်က ဂျပန်သံအမတ်ကို ပထမဆုံးအကြိမ် ဆင့်ခေါ်ခြင်းဖြစ်သည်။
ယခုမတိုင်မီက တရုတ်က ဂျပန်သံအမတ်ကို နောက်ဆုံးအကြိမ် ဆင့်ခေါ်မှုသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက ဖြစ်သည်။
ထိုအချိန်က ဂျပန်၏ ဖူကူရှီးမား ဒိုင်အီချီ (Fukushima Daiichi) နျူကလီးယားစက်ရုံထဲမှ သန့်စင်ပြီး ရေဆိုး များကို ပင်လယ်အတွင်း စွန့်ထုတ်မည့် ဂျပန်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ တွင် ဆွန်းက ဂျပန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဟီဒီယို တာရူမီ (Hideo Tarumi) ကို ဆင့်ခေါ်ခဲ့ ခြင်း ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 435
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၅
ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်တွင် မြေမြှုပ်မိုင်းအသစ်များ မြှုပ်နှံထားကြောင်း ထိုနှစ်နိုင်ငံတွင် အခြေစိုက် ထားသည့် အာဆီယံလေ့လာသူများက အတည်ပြုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံက ထိုင်းနှင့်ကမ္ဘောဒီးယားကြား တင်းမာမှုများ လျှော့ချရန် ဆွေးနွေးပွဲများကို လက်ခံ ကျင်းပပေး မည်ဟု ကမ်းလှမ်းခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံရှိ အာဆီယံ၏ လေ့လာသူများသည် နယ်စပ်ဒေသတွင် တွေ့ရှိရသည့် မြေမြှုပ်မိုင်း များသည် အသစ်မြှုပ်နှံထားသော မိုင်းများဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့ကြောင်း မလေးရှား နိင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန် (Mohamad Hasan) က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
သို့သော်လည်း ထိုမိုင်းများကို မည်သည့်ဘက်က မြှုပ်နှံခဲ့သည် ဆိုခြင်းကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပေ။
နိုဝင်ဘာ ၁၀ ရက်က ထိုင်းနိုင်ငံ၊ ဆီဆာကတ် (Si Sa Ket) ပြည်နယ် ကန်သာယာလက် (Kantharalak) ခရိုင်တွင် ကင်းလှည့်နေသည့် ထိုင်းစစ်သားများသည် မြေမြှုပ်မိုင်းနင်းမိသဖြင့် ထိုင်းစစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုင်းကမူ ထိုမြေမြှုပ်မိုင်းကို ကမ္ဘောဒီးယားနိုင်ငံက မြှုပ်နှံထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးစာချုပ်တွင် ပါဝင်သည့် အချက်များကို အကောင်အထည်ဖော်မှုအား ဆိုင်းငံ့ခဲ့သည်။

ထိုင်းစစ်တပ်ကို တွေ့ရစဉ်
“မြေမြှုပ်မိုင်းအသစ်တွေ တွေ့ရှိတဲ့အကြောင်းကို ထိုင်းနဲ့ ကမ္ဘောဒီးယားမှာရှိတဲ့ အာဆီယံ လေ့လာသူများအဖွဲ့ ဆီက သတင်းရခဲ့ပါတယ်။ ကျနော်က ထိုင်းဝန်ကြီးချုပ် သီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow) နဲ့လည်း ဖုန်းပြောခဲ့ပြီးပါပြီ။ ကျနော်ကတော့ နှစ်နိုင်ငံစလုံးကို စိတ်လျှော့ဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လုပ်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု မလေရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ထိုဖြစ်စဉ်သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် မြေမြှုပ်မိုင်းအသစ်များ မြှုပ်နှံထားကြောင်း အာဆီယံလေ့လာ သူများက ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြန်မှုလည်း ဖြစ်ခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်းစစ်သားများ ဒဏ်ရာရခဲ့သည့် မြေမြုပ်မိုင်း ပေါက်ကွဲသော နယ်စပ်ဒေသ နှင့် နိုဝင်ဘာ ၁၂ ရက်က ထိုင်းနှင့်ကမ္ဘောဒီးယား စစ်သားများ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဆာကေအို (Sa Kaeo) ပြည်နယ်၏ နယ်စပ်ဒေသများသို့ အာဆီယံလေ့လာသူများကို လိုက်ပါပြသသွားမည်ဖြစ်သည်။
“ကမ္ဘောဒီးယားရဲ့ လုပ်ဆောင်ချက်တွေက တာဝန်ခံမှု အားနည်းနေတာကို ပြသနေပြီး အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်”ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားကမူ ၎င်းတို့တပ်ဖွဲ့များသည် နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းအသစ်များ မြှုပ်နှံထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 806
CNI International News
ဘီလမ်၊ နိုဝင်ဘာ ၁၃
ဘရာဇီးလ်နိုင်ငံတွင် ပြုလုပ်နေသည့် ကုလသမဂ္ဂ၏ ရာသီဥတုညီလာခံ COP30 ကျင်းပသော အဆောက်အအုံ အနီး၌ နိုဝင်ဘာ ၁၁ ရက်က ဌာနေတိုင်းရင်းသားများနှင့် ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူများက စုရုံးဆန္ဒပြခဲ့ ကြရာ ရဲတပ်ဖွဲ့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ယခုနှစ် ဘရာဇီးလ်နိုင်ငံ၏ အမေဇုန် သစ်တောမြို့ဖြစ်သည့် ဘီလမ် (Belem) မြို့တွင် ပြုလုပ်ခဲ့သော COP30 ညီလာခံသို့ ကမ္ဘာတစ်ဝန်းမှ ထောင်နှင့်ချီသည့် ကိုယ်စားလှယ်များ ရောက်ရှိနေချိန်၌ ဆန္ဒပြသူများနှင့် လုံခြုံရေး အရာရှိများကြား ထိပ်တိုက် တွေ့ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူ အချို့က အလံများကို ဝှေ့ယမ်းပြီး ဆောင်ပုဒ်များကို ဟစ်ကြွေးခဲ့ကြကာ အချို့ကလည်း မြေနှင့် ပတ်သက်သည့် အခွင့်အရေးကို တောင်းဆိုသော ကြွေးကြော်သံများကို အော်ဟစ်ခဲ့သည်။
ထို့နောက် “ငါတို့မြေသည် ရောင်းရန်မဟုတ်” ဆိုသည့် စာသားများ ရေးသားထားသော ပိုစတာများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့ ခိုက်ရန်ဖြစ်နေကြစဉ်
“ငွေစက္ကူကို စားလို့မရပါဘူး။ ကျနော်တို့ မြေတွေပေါ်မှာ အမြတ်ကြီးစား လယ်ယာလုပ်ငန်းတွေ၊ ရေနံတူးဖော်မှု တွေ၊ တရားမဝင် သတ္တုတွင်း တူးဖော်မှုတွေနဲ့ သစ်ပင်တွေ ခုတ်ပြီး မှောင်ခိုရောင်းတဲ့ သူမျိုးတွေ မရှိစေချင်ပါဘူး” ဟု ဘရာဇီးလ်၏ တာပါဂျို့စ် မြစ် (Tapajos River)၏ မြစ်အောက်ဘက်ပိုင်းရှိ Tupinamba လူမျိုးစု၏ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဂီလ်မာ (Gilmar) က ပြောကြားခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂ၏ ရာသီဥတု ညီလာခံကို တိုင်းရင်းသား ခေါင်းဆောင်များ မပါဝင်ဘဲ ပြုလုပ်မှုကိုလည်း ဆန္ဒ ပြသူများက ဆန့်ကျင်ခဲ့ကြသည်။
“ကျနော်တို့ မပါဘဲနဲ့ ကျနော်တို့ရဲ့ အနာဂတ်ကို သူတို့ ဆုံးဖြတ်လို့ မရနိုင်ပါဘူး” ဟု လူငယ်ဆန္ဒပြ အဖွဲ့ဖြစ်သည့် Global Youth Coalition မှ အော်ဂတ်စတင်း အိုကာနာ (Agustin Ocana) က ပြောကြားခဲ့သည်။
ခိုက်ရန် ဖြစ်ပွားမှုများကြောင့် ဆန္ဒပြသူ အချို့နှင့် လုံခြုံရေး အရာရှိအချို့ ဒဏ်ရာများ ရရှိခဲ့သည်ဟုလည်း ဒေသခံ မီဒီယာများတွင် ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၁၁ ရက် အစောပိုင်းကလည်း ဘရာဇီးလ်၏ ထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ရာအိုနီ မက်တွတ်တိုင်ရာ (Raoni Metuktire) က အမေဇုန် သစ်တောအတွင်း အခြေခံ အဆောက်အအုံများ တည်ဆောက်မည့် စီမံကိန်းများကို တိုင်းရင်းသား အဖွဲ့အစည်းများက စိတ်ပျက်နေကြောင်း ပြောကြားခဲ့သည်။
အမေဇုန် သစ်တောအတွင်း အဝေးပြေးလမ်းများ၊ ရထားလမ်း စီမံကိန်းများ၊ ရေနံတွင်းများ တူးမည့် အစီအစဉ် များသည် ကမ္ဘာတစ်ဝန်းရှိ လူများကို ထိခိုက်စေလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။
“အဲဒီ စီမံကိန်းတွေက မြစ်တွေနဲ့ မြေတွေကို ပျက်စီးစေပါလိမ့်မယ်။ သူတို့ ဆက်လုပ်မယ်ဆိုရင် ကျနော်တို့ အတွက်ရော ခင်ဗျားတို့ အတွက်ပါ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရပါလိမ့်မယ်” ဟု ရာအိုနီက ပြောကြား ခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 452
CNI International News
ဘိုဂိုတာ၊ နိုဝင်ဘာ ၁၃
ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရို (Gustavo Petro) က အမေရိကန်နှင့် ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှုကို ရပ်တန့်ရန် လုံခြုံရေးတပ်ဖွဲ့များအား နိုဝင်ဘာ ၁၁ ရက်တွင် အမိန့်ပေးခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ကာရစ်ဘီယံဒေသတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများဟု သံသယရှိသူများကို တိုက်ခိုက်နေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရ၏ တိုက်ခိုက်မှုများ မရပ်နားမချင်း ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှုများအား ဆိုင်းငံ့ထားရန် ပက်ထရိုက အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တိုက်ဖျက်ရာတွင် တစ်ချိန်က နီးစပ်သည့် မိတ်ဖက်များဖြစ်ခဲ့သော ကိုလံဘီယာနှင့် အမေရိကန်ကြား ဆက်ဆံရေးများ ယိုယွင်းလာသည့် အခြေအနေကို ပေါ်လွင်စေခဲ့သည်။
X လူမှုမီဒီယာတွင် တင်ထားသည့် ပို့စ်တစ်ခု၌ ပက်ထရိုက မူးယစ်းဆေးဝါးများ သယ်ဆောင်သည်ဟု သံသယရှိ သည့် သင်္ဘောများကို အမေရိကန်က မရပ်တန့်မချင်း အမေရိကန်လုံခြုံရေး အေဂျင်စီများနှင့် ရယူထားသော သဘော တူညီချက်များနှင့် ဆက်ဆံရေးများအား ချက်ချင်း အဆုံးသတ်ရန် စစ်တပ်ကို မှာကြားခဲ့သည်။

ကိုလံဘီယာ နိုင်ငံသားတွေကို တွေ့ရစဉ်
မူးယစ်ဆေးဝါး နှိမ်နင်းရေးသည် ကာရစ်ဘီယံ ဒေသခံ ပြည်သူများ၏ လူ့အခွင့်အရေးများကို လေးစားရမည် ဖြစ်ကြောင်း ပက်ထရိုက ရေးသားခဲ့သည်။
ကိုလံဘီယာ အနေဖြင့် အမေရိကန်နှင့် မည်သည့် ထောက်လှမ်းရေး သတင်းများ မျှဝေမှုကို ရပ်တန့်မည်ဆိုခြင်း ကိုမူ ရှင်းလင်းစွာ မသိရဘဲ အိမ်ဖြူတော်ကလည်း ပက်ထရို၏ ကြေညာချက်ကို ချက်ချင်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
ဩဂုတ်လ ကစပြီး အမေရိကန် စစ်တပ်သည် နိုင်ငံတကာ ရေပိုင်နက်များတွင် မူးယစ်ဆေးဝါး သံသယရှိသည့် သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လူ ၇၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။
အမေရိကန်သည် ထိုတိုက်ခိုက်မှုများကို ဗင်နီဇွဲလား ကမ်းလွန်အနီး ကာရစ်ဘီယံ တောင်ပိုင်းတွင် စတင်ပြုလုပ် ခဲ့ပြီးနောက်ပိုင်း၌ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းကို ပြောင်းလဲပြီး ပစ်မှတ်ထားခဲ့သည်။
ပက်ထရိုကမူ ဗင်နီဇွဲလား၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံမှ ပြည်သူများကို ထိခိုက်နစ်နာ စေခဲ့သည့် ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ၊မရှိ စုံစမ်းစစ်ဆေးပေးရန် အမေရိကန်သမ္မတ ထရမ့်ကို တိုက်တွန်းခဲ့သည်။
Source: အေပီ
