- By CNI
- Category: နိုင်ငံရေး
- Hits: 550
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၂၆
ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသတွင် စစ်အင်အားများကို လျှော့ချရန်နှင့် တင်းမာမှု များ လျော့ကျစေရေးအတွက် အတူပူးပေါင်းဆောင်ရွက်သင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကတ်ကော (Sihasak Phuangketkeow) က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂၄ ရက်က ဝန်ကြီးချုပ် အနူတင် ( Anutin Charnvirakul) နှင့်အတူ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် သီဟဆက်သည် ဇူလိုင်လအတွင်းက ထိုင်းနှင့် ကမ္ဘောဒီးယားကြား ၅ ရက်ကြာ ပစ်ခတ်မှုများကို အဆုံးသတ် စေခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စောင့်ထိန်းရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်ရေးသည် ၎င်း၏ ဦးစားပေးကိစ္စ ဖြစ်ကြောင်း လည်း သီဟဆက်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန် ထမ်းဆောင်သည့် စက်တင်ဘာ ၂၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
နှစ်နိုင်ငံစလုံး အနေဖြင့် နယ်စပ်ဒေသတွင် စစ်အင်အားများ လျှော့ချရေး၊ မြေမြှုပ်မိုင်းများ ရှင်းလင်းရေး၊ တရား မဝင် လှုပ်ရှားမှုများကို တိုက်ဖျက်ရေးတို့ အပါအဝင် ယခုလ အစောပိုင်းက ဆွေးနွေးညှိနှိုင်းမှုများအတွင်း သဘော တူညီခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၎င်းက ပြော သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကတ်ကောကို တွေ့ရစဉ်
“အကြမ်းဖက်မှု အန္တရာယ်ကို လျှော့ချဖို့အတွက် နယ်စပ်ဒေသက လက်နက်ကြီးတွေကို ပြန်လည်ရုပ်သိမ်းမှု အပါအဝင် ငြိမ်းချမ်းရေးအတွက် စစ်အင်အားကို လျှော့ချဖို့ လိုအပ်ပါတယ်”ဟု သီဟဆက်က ပြောသည်။
မိမိတို့အနေဖြင့် ထိုအချက်များကို မူအရ သဘောတူခဲ့သော်လည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားသည် ကီလိုမီတာ ၈၁၇ ကီလိုမီတာရှိသည့် နယ်စပ်ဒေသချင်း ထိစပ်နေပြီး ထိုနယ်စပ်စည်း ကို ပြင်သစ်က ကမ္ဘောဒီးယားအား ကိုလိုနီပြုခဲ့သည့် ၁၉၀၇ ခုနှစ်ကာလများက ရေးဆွဲခဲ့ခြင်းဖြစ်သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားကြား ဇူလိုင်လအတွင်းက နယ်စပ်ပဋိပက္ခသည် ပေါက်ကွဲထွက်လာခဲ့ပြီး နှစ်နိုင်ငံကြား လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ နှစ်ဘက်စလုံးတွင် သေဆုံးသူ ၄၈ ဦးရှိခဲ့ပြီး လူပေါင်းထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဇူလိုင် ၂၈ ရက်တွင်မူ မလေးရှားနိုင်ငံက ကြားဝင်စေ့စပ်မှုဖြင့် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သော်လည်း နယ်စပ်ဒေသတွင် တင်းမာမှုများ ဆက်ရှိနေဆဲဖြစ်သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 517
CNI International News
ဘေကျင်း၊ စက်တင်ဘာ ၂၆
တရုတ်၏ ဒရုန်းပညာရှင်များသည် ရုရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီနှင့်ပူးပေါင်းပြီး စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ရေးအတွက် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ဥရောပလုံခြုံရေးအရာရှိနှစ်ဦးနှင့် အချက် အလက်များကို ကိုးကားပြီး ရိုက်တာမှ ဖော်ပြခဲ့သည်။
တရုတ်ပညာရှင်များသည် ပြီးခဲ့သည့်နှစ် ဒုတိယ သုံးလပတ် ကာလမှစပြီး ရုရှား၏ လက်နက်ထုတ်လုပ်သည့် IEMZ Kupol ကုမ္ပဏီသို့ ၆ ကြိမ်ကျော် သွားရောက်ခဲ့သည်ဟု ဆိုသည်။
ထိုကာလအတွင်း IEMZ Kupol ကုမ္ပဏီသည် တရုတ်နိုင်ငံလုပ် တိုက်ခိုက်ရေး ဒရုန်းများနှင့် ကင်းထောက် ဒရုန်း များကို ရုရှား၏ ကြားခံကုမ္ပဏီတစ်ခုမှတဆင့် လက်ခံရရှိခဲ့သည်ဟု ဥရောပအရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက IEMZ Kupol ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ဒေသခံကျွမ်းကျင်သူများ၏ အကူအညီဖြင့် Garpiya-3 အမည်ရှိ ဒရုန်းအသစ်ကို ထုတ်လုပ်နိုင်ခဲ့သည်။
လက်ရှိတွင် ရိုက်တာသတင်းအေဂျင်စီသည် ရုရှားနိုင်ငံအတွင်း စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ရေးအတွက် စမ်းသပ်မှုများနှင့် နည်းပညာကဏ္ဍများ၌ တရုတ်ကျွမ်းကျင်သူများ ပါဝင်ခဲ့သည့် သတင်းကို ပထမဆုံးအကြိမ် အဖြစ် အသေးစိတ် အချက်အလက်များဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။

တရုတ်ဒရုန်းကိုတွေ့ရစဉ်
အမည်မဖော်လိုသည့် ဥရောပအရာရှိများကလည်း ဒရုန်းများ ထုတ်လုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ရုရှား၏ IEMZ Kupol ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများကြား ဆက်ဆံရေး မြင့်တက်နေမှုကို ပြသရာရောက်ခဲ့ ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုပူးပေါင်းဆောင်ရွက်မှုကို သတိပြုမိခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။
“တရုတ်ဟာ ယူကရိန်း ပဋိပက္ခနဲ့ပတ်သက်ပြီး ခိုင်မာပြီး မျှတတဲ့ သဘောထားကို အမြဲတမ်း ထိန်းသိမ်းခဲ့ပါတယ်။ ဒရုန်းတင်ပို့မှုတွေ အပါအဝင် စစ်ဘက်သုံးပစ္စည်းတွေ တင်ပို့မှုကို တင်းကျပ်ထားပြီး ပဋိပက္ခမှာ အသက်သေစေ နိုင်တဲ့ လက်နက်တွေကို ဘယ်တုန်းကမှ မထောက်ပံ့ခဲ့ပါဘူး”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ကရင်မလင်၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် IEMZ Kupol ကုမ္ပဏီတို့ကမူ ရိုက်တာသတင်းဌာန၏ မှတ်ချက် တောင်းခံမှုကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 566
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၂၅
ထိုင်းနိုင်ငံ အရှေ့မြောက်ဘက် ပြည်နယ်တွင် ထိုင်းစစ်တပ်က သံဆူးကြိုးများဖြင့် ထူထောင်ခဲ့သည့် နယ်စပ် စည်းရိုး တစ်လျှောက်၌ စက်တင်ဘာ ၂၃ ရက်က ကမ္ဘောဒီးယားစစ်သားများက သေနတ်များဖြင့် ပစ်ခတ်ခဲ့ ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်မှ ထုတ်ပြန်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သို့သော် ထိုင်းစစ်သားများက ကမ္ဘောဒီးယား၏ ရန်စမှုကို တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ၊ မိနစ် ၂၀ ခန့်က Kantharalak ခရိုင် Sao Thong Chai ရပ်ကွက်ရှိ နယ်စပ်စည်းရုံးကို ဦးတည်ပြီး ကမ္ဘောဒီးယားစစ်သားများမှ သေနတ်ဖြင့် ၃ ချက်မှ ၅ ချက်အထိ ပစ်ခတ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ကနဦး သတင်းထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယား စစ်သားများသည် ထိုင်းဘက်မှ တုံ့ပြန်မှုကို အကဲစမ်းသည့် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခဲ့ပုံရပြီး ထိုင်းစစ်သားများက ပြန်မပစ်ခဲ့သော်လည်း အခြေအနေအား အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယားစစ်သား ၄ ဦးသည် ထိုင်းနိုင်ငံ၏ Pa Man တပ်စခန်းအနီးရှိ နယ်စပ်စည်းရိုးနားသို့ ချဉ်းကပ်လာခဲ့ပြီး ရိုင်ဖယ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ကြောင်း ထိုင်း၏ အမှတ် ၂ စစ်ဒေသက နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

“ထိုင်းစစ်သားတွေက ထိန်းထိန်းသိမ်းသိမ်းပဲ လုပ်ဆောင်ခဲ့ပါတယ်။ ပြန်မပစ်ခဲ့ပါဘူး။ ဒီဖြစ်စဉ်ကြောင့် ထိခိုက် ဒဏ်ရာရမှု၊ ပျက်စီးမှုတွေ မရှိခဲ့ပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုပစ်ခတ်မှုသည် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ပြီး ကမ္ဘောဒီးယား စစ်တပ်သည် နှစ်နိုင်ငံ အထွေထွေ နယ်စပ်ရေးရာကော်မတီနှင့် ဒေသန္တရ နယ်စပ်ရေးရာကော်မတီ အစည်းအဝေး များတွင် လက်မှတ်ရေးထိုးခဲ့သည့် ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။
ထိုအစည်းအဝေးများအတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားတို့က နယ်စပ်ဒေသများတွင် ဖြန့်ကြက်ချထားသည့် လက်နက်များကို ပြန်လည်ရုပ်သိမ်းရန်နှင့် ရန်စမှုများကို ရှောင်ကြဉ်ရန် သဘောတူခဲ့ကြသည်။
ထို့ပြင် စက်တင်ဘာ ၂၃ ရက်ကလည်း ထိုင်း၏ Kantharalak ခရိုင် Sam Tae ဒေသတွင် ထိုင်းစစ်သားများက ဒရုန်းတစ်စင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 630
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၅
ဂါဇာတွင် စစ်ပွဲပြီးဆုံးပြီးနောက် အနာဂတ်၌ ငြိမ်းချမ်းရေး သဘောတူညီမှုကို ကာကွယ်ပေးရန်အတွက် အင်ဒိုနီးရှားစစ်သား ၂၀,၀၀၀ ခန့်ကို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များအဖြစ် ဂါဇာသို့ စေလွှတ်ပေး မည်ဟု အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝို (Prabowo Subianto)က ပြောကြားခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းမှ နိုင်ငံများက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြု ခဲ့မှုအပေါ် ပီတိဖြစ်မိကြောင်းလည်း ဘရာဘိုဝိုက စက်တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် မွတ်ဆလင် လူဦးရေ အများဆုံးဖြစ်သည့် အင်ဒိုနီးရှားသည် ငြိမ်းချမ်းရေးကို လိုလားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဂါဇာစစ်ပွဲ ရပ်တန့်ရန် တောင်းဆိုနေကြစဉ်
“ကျနော်တို့က ကုလသမဂ္ဂကို ယုံကြည်ပါတယ်။ ကျနော်တို့ဟာ ကာကွယ်စောင့်ရှောက်သူတွေကို လိုအပ်နေတဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ပြီး တာဝန်ထမ်းဆောင်သွားမှာပါ။ အပြောနဲ့မဟုတ်ဘဲ မြေပြင်မှာ အလုပ်နဲ့ လက်တွေ့ လုပ်ဆောင်သွားမှာပါ” ဘရာဘိုဝိုက ပြောကြားခဲ့သည်။
အကယ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာမည်ဆိုပါက အင်ဒိုနီးရှားသည် ဂါဇာတွင် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေရန် စစ်သားအင်အား ၂၀,၀၀၀ သို့မဟုတ် ထိုထက်ပိုသည့် စစ်သားများအား စေလွှတ်ရန် ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုက ပြောသည်။
ထို့ပြင် အင်ဒိုနီးရှားသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့အတွက် စစ်သားအများဆုံး စေလွှတ်ပေး ထားသည့် နိုင်ငံများထဲတွင် ပါဝင်နေကြောင်းလည်း ဘရာဘိုဝိုက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အထိ ရရှိထားသည့် စာရင်းများအရ အင်ဒိုနီးရှားသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ အတွက် စစ်သား ၂၇၁၅ ဦး စေလွှတ် ပို့ဆောင်ထားပြီး ကုလသမဂ္ဂအတွက် ဆဋ္ဌမမြောက် စစ်သားအများဆုံး စေလွှတ်ထားသည့် နိုင်ငံဖြစ်သည်။
ထို့ပြင် အင်ဒိုနီးရှားသည် ယူကရိန်း၊ ဆူဒန်နှင့် လစ်ဗျား အပါအဝင် အခြားနိုင်ငံများသို့လည်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ စေလွှတ်ရန် ဆန္ဒရှိကြောင်း ဘရာဘိုဝိုက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ်
ဘရာဘိုဝိုက အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အရေးအကြီးဆုံး အချက်မှာ ငြိမ်းချမ်းရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျနော်တို့ဟာ ပါလက်စတိုင်းကို လွတ်မြောက်စေဖို့ လုပ်ဆောင်ရပါမယ်။ ပြီးတော့ ပါလက်စတိုင်းကို အသိအမှတ်ပြုပြီး အစ္စရေးရဲ့ ဘေးကင်းလုံခြုံရေးအတွက်လည်း အာမခံချက် ပေးရပါမယ်”ဟု ဘရာဘိုဝိုက ပြောကြားခဲ့သည်။
အစ္စရေးအနေဖြင့် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုမည်ဆိုပါက အင်ဒိုနီးရှားကလည်း အစ္စရေးကို အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ဘရာဘိုဝိုက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် ၁၉၈၈ ခုနှစ်ကတည်းက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုထားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 637
CNI International News
ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၅
အရှေ့တီမောနိုင်ငံသည် အောက်တိုဘာလတွင် ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာလိမ့်မည်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ (Anwar Ibrahim) က စက်တင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် ပြုလုပ်မည့် ကမ္ဘာ့ခေါင်းဆောင်များ၏ အစည်း အဝေးအတွင်း အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် တရားဝင် အတည်ပြုမည်ဖြစ်ကြောင်း လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ် အန်ဝါက ပြောကြားခဲ့သည်။
အရှေ့တောင်အာရှတွင် အရှေ့တီမောနိုင်ငံသည် သက်တမ်း အငယ်ဆုံးနိုင်ငံဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် အင်ဒိုနီးရှား လက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။
“အရှေ့တီမောကို အာဆီယံထဲ ဝင်ခွင့်ပြုတာဟာ ကျနော်တို့ အားလုံးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကို ရရှိပါလိမ့်မယ်” ဟု အန်ဝါက အရှေ့တီမောနိုင်ငံ၊ ဒီလီ (Dili) မြို့တော်သို့ ရောက်ရှိလာသည့် ခရီးစဉ်တွင် ပြောကြားခဲ့သည်။
အန်ဝါသည် အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ (Jose Ramos-Horta) နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားကဏ္ဍ၊ ပညာရေးနှင့် ကာကွယ်ရေး ကဏ္ဍများအကြောင်းကို ဆွေးနွေးခဲ့ သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါနဲ့ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟော်တာကို တွေ့ရစဉ်
အရှေ့တီမောသမ္မတသည် အာဆီယံအဖွဲ့ကို ဝင်ရောက်ရန် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ကြိုးပမ်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အာဆီယံဝင်ခွင့် လျှောက်ထားခဲ့သည်။
“ကျနော်တို့ရဲ့ ဆွေးနွေးမှုတွေက နွေးထွေးခဲ့ပါတယ်။ လာမယ့် အောက်တိုဘာလမှာ ကွာလာလမ်ပူမှာ အာဆီယံ ထဲ ဝင်ခွင့်ရမယ့် ကျနော်တို့ရဲ့ သမိုင်းဝင် အခိုက်အတန့်အတွက် ပြင်ဆင်ထားသလို အနာဂတ် အတွက်လည်း အပြုသဘောဆောင်စွာနဲ့ အာရုံစိုက်ခဲ့ကြပါတယ်” ဟု ဟော်တာက ပြောကြားခဲ့သည်။
မိမိတို့သည် အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် သမိုင်းမှတ်တိုင်များကို ဆက်လက် စိုက်ထူရန် မလေးရှား နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြင့် ပူးပေါင်းဆောင်ရွက်ရေး သန္နိဋ္ဌာန်ချထားသည်ဟုလည်း ၎င်းက ပြောကြား ခဲ့သည်။
အရှေ့တီမောနိုင်ငံတွင် လူတန်းစား မညီမျှမှု၊ အာဟာရချို့တဲ့မှု အပါအဝင် အလုပ်လက်မဲ့ ပြဿနာများနှင့် ရင်ဆိုင် နေရပြီး နိုင်ငံစီးပွားရေးသည် ရေနံထုတ်လုပ်မှုအပေါ် မှီခိုထားရသည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 592
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၅
မြောက်ကိုရီးယားနှင့် မလိုလားအပ်သည့် စစ်ရေးတင်းမာမှုများကို အဆုံးသတ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မည်ဟု တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung)က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြား ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
လီသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပထမဆုံးအကြိမ် ပြောကြားခဲ့သော မိန့်ခွန်းအတွင်း မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး ၎င်း၏ သဘော ထားကို အလေးထား ပြောဆိုခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်း ဖျက်သိမ်းရေးကို အချိန်တိုအတွင်း အောင်မြင်စွာ လုပ်ဆောင် နိုင် လိမ့်မည် မဟုတ်ဘဲ ခေါင်းအေးအေးထားပြီး ဖြေရှင်းရမည်ဟု လီက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)ကမူ ၎င်း၏ နျူကလီးယား စီမံကိန်း ဖျက်သိမ်းရေး အစီအစဉ်များအား စက်တင်ဘာ ၂၁ ရက်က ငြင်းပယ်ခဲ့ပြီး အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားကို အင်အားနည်းစေရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ကို တွေ့ရစဉ်
အမေရိကန်အနေဖြင့် မြောက်ကိုရီးယားအား နျူကလီးယား လက်နက်များ စွန့်လွှတ်ရန် ပြောကြားချက်များကို ရပ်နားခဲ့မည်ဆိုပါက မြောက်ကိုရီးယားက အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ခေါင်းရှောင်နေမည် မဟုတ် ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
သို့သော် အမေရိကန်၏ ပိတ်ဆို့မှုများကို အဆုံးသတ်ရန်အတွက် နျူကလီးယား လက်နက်များနှင့် အပေးအယူ လုပ်သွားမည် မဟုတ်ကြောင်းလည်း ကင်မ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသမ္မတ လီကမူ ကိုရီးယားနှစ်နိုင်ငံကြား ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပြီး စစ်ရေး တင်းမာမှုများကို လျှော့ချရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
“ကိုရီးယားနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကို တဆင့်ချင်းစီ တိုးချဲ့ခြင်းအားဖြင့် ကျနော်တို့ဟာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာသွားမှာ ဖြစ်ပါတယ်”ဟု လီက ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ယခုနှစ်အတွင်း ကင်မ်နှင့် တွေ့ဆုံလိုကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။
သို့သော်လည်း စက်တင်ဘာ ၂၃ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် ၅၅ မိနစ်ကြာ မိန့်ခွန်းအတွင်း မြောက်ကိုရီးယားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 492
CNI International News
မနီလာ၊ စက်တင်ဘာ ၂၄
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ကို လူသတ်မှုစွဲချက် ၃ ခုဖြင့် စွဲချက်တင်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဒူတာတေးသည် ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေး အတွင်း သံသယရှိသူများကို သတ်ဖြတ်မှုကြောင့် စွဲချက်တင် ခံခဲ့ရခြင်းဖြစ်သည်။
ထိုစွဲချက်များအနက် ဒါဗောင်း (Davao) မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က လူသတ်မှုစွဲချက် တစ်ခု လည်း ပါဝင်ခဲ့သည်။
အသက် ၈၀ အရွယ်ရှိ ဒူတာတေးသည် မူးယစ်တိုက်ဖျက်ရေး စစ်ပွဲအတွင်း ဒါဇင်နှင့်ချီသည့် လူသတ်မှုများအတွက် တာဝန်ရှိကြောင်း စွပ်စွဲခံခဲ့ရသည်။
ICC ၏ စွဲချက် စာရွက်စာတမ်းများတွင် ဇူလိုင်လအတွင်းက ရက်စွဲများကို တပ်ထားခဲ့သော်လည်း စက်တင်ဘာ ၂၃ ရက်၌ လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကိုတွေ့ရစဉ်
ဒူတာတေးသည် သတ်ဖြတ်မှုများနှင့် သွယ်ဝိုက်ပြီး ပတ်သက်သူဖြစ်ကြောင်း ICC ၏ လက်ထောက်ရှေ့နေ မင်းမ် မန်ဒီယန် နီအန် (Mame Mandiaye Niang) က ပြောကြားခဲ့ပြီး ထိုသတ်ဖြတ်မှုများကို ရဲတပ်ဖွဲ့ အပါအဝင် အခြား သူများက လုပ်ဆောင်ခြင်းဖြစ်သည်ဟု တရားရုံး၏ စွဲချက်များတွင် ဖော်ပြထားသည်။
လူသတ်မှုစွဲချက် ၃ ခုအနက် ပထမစွဲချက်သည် ဒူတာတေး ဒါဗောင်းမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကြားကာလတွင် လူ ၁၉ ဦး သေဆုံးခဲ့သည့် အမှုများနှင့် ပတ်သက်ကြောင်း စွပ်စွဲခံထား ရသည်။
ကျန်စွဲချက် ၂ ခုမှာ ဒူတာတေး သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်ကြား ကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲနှင့် ပတ်သက်သည့် စွဲချက်များဖြစ်သည်။
ဒူတာတေးသည် ၎င်း၏ ကြမ်းကြုတ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲနှင့်ပတ်သက်ပြီး တောင်းပန်ခဲ့ခြင်း မရှိပေ။
ထိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲအတွင်း လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ကြောင်း တရားဝင် မှတ်တမ်း များတွင် ဖော်ပြထားသော်လည်း အမှန်တကယ် သေဆုံးသူ အရေအတွက်သည် သောင်းနှင့်ချီ ရှိနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 491
CNI International News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄
ယခုနှစ်အတွင်း အက်စတိုးနီးယား၏ လေပိုင်နက်အတွင်းသို့ ရုရှားတိုက်လေယာဉ်များ ဝင်ရောက်ပျံသန်းခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး အရေးယူ လုပ်ဆောင်ပေးရန် အက်စတိုးနီးယားနိုင်ငံက နေတိုးအဖွဲ့ကို တိုက်တွန်းခဲ့ ကြောင်း DW သတင်းတွင် ဖော်ပြခဲ့သည်။
အက်စတိုးနီးယား လွှတ်တော်အမတ် မာကို မီခယ်လ်ဆင် (Marko Mihkelson) ကလည်း ရုရှားတိုက်လေယာဉ် များ၏ လေပိုင်နက်ချိုးဖောက်မှုသည် ဘောင်ကျော်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“နောက်တစ်ခါဆိုရင် ကျနော်တို့ တစ်ခုခု လုပ်သွားမှာပါ။ ကျနော် ပြောချင်တာကို သိမယ်ထင်ပါတယ်” ဟု အက်စတိုးနီးယား လွှတ်တော်၏ ပြည်ပရေးရာကော်မတီအကြီးအကဲ မီခယ်လ်ဆင်က ပြောကြားခဲ့သည်။
မီခယ်လ်ဆင်သည် ၂၀၁၅ ခုနှစ်က တူရကီ လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ရုရှားဗုံးကြဲ လေယာဉ် တစ်စင်းကို တူရကီစစ်တပ်က ပစ်ချခဲ့သည့် ဖြစ်စဉ်ကို ရည်ညွှန်းပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်က ရုရှားဗုံးကြဲ လေယာဉ်သည် တူရကီလေပိုင်နက်အတွင်း ဝင်ရောက်ပြီးနောက် ၁၇ စက္ကန့်အတွင်းမှာ ပင် ပစ်ချခံခဲ့ရသည်။

အက်စတိုးနီးယား ဥပဒေပြုအမတ်ကိုတွေ့ရစဉ်
စက်တင်ဘာ ၁၉ ရက်တွင်မူ ရုရှားတိုက်လေယာဉ်များသည် အက်စတိုးနီးယား လေပိုင်နက်အတွင်း ၁၂ မိနစ်ကြာ ပျံသန်းခဲ့ပြီး နေတိုး၏ အရှေ့ပိုင်း လုံခြုံရေးဌာနအောက်ရှိ ဖင်လန်၊ အီတလီနှင့် ဆွီဒင် တိုက်လေယာဉ်များက ထိုရုရှား တိုက်လေယာဉ်များကို မောင်းထုတ်ခဲ့ရသည်။
ထိုဖြစ်စဉ်သည် ၂၀၀၃ ခုနှစ်နောက်ပိုင်း ရုရှားက အက်စတိုးနီးယား လေပိုင်နက်ကို အဆိုးရွားဆုံး ချိုးဖောက်မှု ဖြစ်ကြောင်း မီခယ်လ်ဆင်က ပြောကြားခဲ့သည်။
အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီး ဟန်နို ပက်ဗ်ကာ (Hanno Pevkur) ကမူ အက်စတိုးနီးယား ပြည်သူများ အတွက် အန္တရာယ်ရှိလာမည်ဆိုပါက လေပိုင်နက်ကို ကျူးကျော် ဝင်ရောက်လာသည့် ရုရှားလေယာဉ်များအား ပစ်ချရန် နေတိုးပိုင်းလော့များတွင် လုပ်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။
ပိုလန်နိုင်ငံကလည်း မိမိတို့ လေပိုင်နက်ကို ချိုးဖောက်ပြီး မိမိတို့ နိုင်ငံအပေါ်တွင် ပျံသန်းသည့် အရာဝတ္ထုများကို ပစ်ချရန်အတွက် ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တာ့စ်ခ် ( Donald Tusk ) က ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 607
CNI International News
နယူးဒေလီ၊ စက်တင်ဘာ ၂၄
အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန(MHA)က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ/ကပ္ပလန်(NSCN-K) အဖွဲ့နှင့် ၎င်း၏ မဟာမိတ် အဖွဲ့အစည်းများကို တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ၅ နှစ်ပိတ်ပင်ကြောင်း စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်ဟု The New Indian Express မှ ဖော်ပြခဲ့သည်။
တရားမဝင် လှုပ်ရှားမှုများ တားဆီးရေး အက်ဥပဒေအောက်တွင် ပြဋ္ဌာန်းချက်အရ ထိုပိတ်ပင်မှုသည် စက်တင်ဘာ ၂၈ ရက်မှစတင်ပြီး အသက်ဝင်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
NSCN-K သည် ကသည်း သူပုန်များဖြစ်သည့် ULFA(I) ၊ PREPAK နှင့် PLA ကဲ့သို့ တရားမဝင် အဖွဲ့များနှင့် မိတ်ဖက် ဆက်ဆံရေးရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုအဖွဲ့သည် စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရအရာရှိများနှင့် အရပ်သားများကို ပြန်ပေးဆွဲပြီး ငွေကြေးများ တောင်းခံခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် စွပ်စွဲထားသည်။
“NSCN-K အဖွဲ့ရဲ့ တရားမဝင် လှုပ်ရှားမှုတွေထဲမှာ တရားမဝင် လက်နက်တွေနဲ့ ခဲယမ်းတွေကို ပိုင်ဆိုင်မှု၊ လက်နက်တွေနဲ့ အခြားအကူအညီတွေ ရယူဖို့ အခြားနိုင်ငံတွေမှာရှိတဲ့ အိန္ဒိယဆန့်ကျင်ရေးအဖွဲ့တွေဆီက အကူအညီတွေ ရယူမှုတွေ ပါဝင်ခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
NSCN-K သည် အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ဒေသရှိ နာဂလူမျိုးများ နေထိုင်သည့် နေရာများ ပါဝင်သော ဒေသများကို စုဖွဲ့ပြီး နာဂနိုင်ငံထူထောင်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၈ ရက်မှ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်ကြား NSCN-K ၏ ကေဒါများကို တိုင်ကြားသည့် အမှုပေါင်း ၇၁ မှုရှိခဲ့ပြီး ၎င်းတို့အနက် ၅၆ မှုကို စွဲချက်တင်ခဲ့ကာ ၃၅ မှုကို တရားစီရင်နိုင်ခဲ့ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် NSCN-K ၏ ကေဒါ ၈၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၆၉ ဦးသည် လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း ၎င်းတို့ နှင့်အတူ လက်နက် ၆၉ လက်၊ ကျည်ကဒ် ၅၂ ခု၊ ကျည်ဆန် ၉၃၁ တောင့်၊ လက်ပစ်ဗုံး ၁၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း ၁၅၀ ခုနှင့် အခြား လက်လုပ်မိုင်းများကို သိမ်းဆည်း ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုကာလအတွင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့များ၏ စစ်ဆင်ရေးကြောင့် NSCN-K ၏ မြေအောက်ကေဒါ ၁၃ ဦး သေဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: The New Indian Express
